Khwar Nyo Pittsburgh

Khwar Nyo Pittsburgh Knowledge and social engagement

The Place I Still Call HOME 🛖Aug နောက်ဆုံးအပါတ်မှာ 2026-2027 စာသင်နှစ်အတွက် ကျောင်းတွေပြန်ဖွင့်တော့ သမီးကို Greensburg အ...
09/02/2026

The Place I Still Call HOME 🛖

Aug နောက်ဆုံးအပါတ်မှာ 2026-2027 စာသင်နှစ်အတွက် ကျောင်းတွေပြန်ဖွင့်တော့ သမီးကို Greensburg အဆောင်ပြန်ပို့ဖြစ်ပါတယ်။

လမ်းမှာ ထူးအိမ်သင်ရဲ့ ‘ကြယ်တွေစုံတဲ့ည’ သီချင်းလေးထဲက
…နာကျင်စွာ တစ်ယောက်တည်း… တရေးနိုးတဲ့ ညတို့မှောင်နေဆဲ…
…အိမ်ပြန်ချင်ပေမယ့်… မပြီးဆုံးတဲ့ အိပ်မက်ရှည်တွေထဲ…… ဆိုတာလေးကြားရတော့ မိသားစုနဲ့ အဝေးမှာ ကျောင်းတက်ခဲ့ရတုန်းက အချိန်ကို သတိရမိသွားခဲ့ပါတယ်။

ထူးအိမ်သင်ရဲ့အတွေးတွေကတော့ ကိုယ့်ထက် ပို လေးနက်နေခဲ့မှာ မလွဲပါ။

ကျောင်းမှာ ကိုယ့်စားပွဲက အခန်းရဲ့ တံခါးဝ အနားမှာဆိုတော့ သောကြာနေ့ညနေ သူများတွေ အိမ်စောစော ပြန်တာ မြင်ရရင် ကိုယ်လည်းစောစောပြန်ချင်မိတယ်။ ဒါပေမယ့် ကိုယ့်မှာ ပြန်စရာဆိုလို့ ကုတင်တစ်လုံး၊ စားပွဲ တစ်လုံးနဲ့ ဘီဒိုတစ်လုံးရှိတဲ့ 10ပေပတ်လည် အခန်းပဲရှိတာလေ။ အဲဒါ ကျွန်မအိမ်မှ မဟုတ်ခဲ့တာ…

မိသားစုနဲ့အတူနေရပြန်တော့လည်း အမေ့အိမ်ကိုမကြာခဏ သတိရပြန်ပါတယ်။ ကိုယ်တွေက အလုပ်နဲ့ဆိုတော့ အမေတို့ဆီသွားရင် ကြာကြာမနေနိုင်တော့ အမေတို့က ကိုယ့်ဆီ တစ်နှစ်တစ်ခါ လာလည်ပါတယ်။ ကိုယ်ရဲ့စိတ်က တကယ်တော့ အမေ့အိမ်ကို သွားချင်နေတာ။

တစ်နိုင်ငံထဲ အတူတူနေပေမယ့် မိသားစုနဲ့ မဆုံနိုင်သူတွေ...
နိုင်ငံရပ်ခြားမှာ မိသားစုနဲ့ဝေးပြီး ကျောင်းလာတက်နေရသူတွေ...
နိုင်ငံရပ်ခြားမှာ ကိုယ့်မိသားစုတွေနဲ့ နေထိုင်နေရပေမယ့် မိဘအိမ်ကို လွမ်းနေသူတွေ...
အကြောင်းအမျိုးမျိုးကြောင့် အိမ်မပြန်နိုင်သူတွေ... ဒုနဲ့ဒေးပါပဲ။

‘ဒီနှစ်လည်း အိမ်မပြန်နိုင်ပြန်ဘူး’ ပြောသူတွေရှိသလို ‘မြန်မာပြည် ပြန်လိုက်အုန်းမယ်’ လို့ ပြောတဲ့သူတွေကိုလည်း အားကျမိပါတယ်။
‘မြန်မာပြည် ပြန်အုန်းမယ်’ လို့ပဲ သုံးကြပါတယ်။ ’မြန်မာပြည် သွားအုန်းမယ်’ လို့ မပြောကြပါဘူး။ ကိုယ်တွေအတွက် မွေးကတည်း သတ်မှတ်ထားတဲ့ အိမ်က မြန်မာပြည်မှာပဲရှိနေတာပါ။

ဒီမှာ citizen ခံယူထားသူတွေအနေနဲ့ ဘယ်လိုပဲ သူများနိုင်ငံမှာ နိုင်ငံသားဖြစ်ပါစေ ဒုတိယ နိုင်ငံသားဆိုတဲ့ စိတ်က အလိုလို ခံစားနေရပြီးသားပါ။ တရားဝင်နေရပေမယ့် ကိုယ့်နိုင်ငံမှာ နေရတဲ့ လွတ်လပ်တဲ့ အရသာက ကွဲပြားပါတယ်။

တခါတလေ ကိုယ့်ဘဝကိုယ် အိပ်မက်များလားလို့ ခံစားနေရဆဲ…

ဒါပေမယ့် ပြောရမှာ အားတော့နာတယ်။

Fb မှာ မြန်မာပြည်မှာ ဘယ်နေရာနေနေ လုံခြုံမှုမရှိတော့တဲ့အကြောင်း၊ အမြဲတမ်း သတိနဲ့ နေနေရကြောင်း၊ တစ်ယောက်ရေးထားသလို ပျောက်ဆုံးနေတဲ့ ရန်ကုန်ညတွေအကြောင်း၊ ည၇နာရီကျော်ရင်တောင် လိုင်းကားရဖို့ မသေချာတော့ကြောင်း၊ လိုင်းကားရဖို့ မသေချာသလို ကိုယ့်ဘဝ ကိုယ်ပြန်ရဖို့တောင် မသေချာတော့ဘူး ဆိုတဲ့အကြောင်းတွေ ခဏခဏ ဖတ်နေရတော့ ပြန်ရမှာ ကြောက်ပါတယ်။

လေဆိပ်မှာတင် CDM မို့ နာမည် နဲ့ passport ကြည့်ပြီး ဖမ်းမှာလားလို့ တွေးပြီး မပြန်ရဲတာတော့ ဝန်ခံပါရစေ။

….လူတိုင်း ပြန်ချင်တဲ့ ရင်ထဲက အိမ်ကို အရောက် ပြန်နိုင်ကြပါစေ...

ထမင်းစားနေရင်း အမေ့ရဲ့ ကြက်ဥ အချဉ်ရည်ဟင်းလေး လွမ်းနေသူတစ်ယောက်အတွက် ရေးပေးဖြစ်တဲ့ စာလေးတစ်စောင်ပါ…

ကျေးဇူးတင်ပါတယ်ရှင့်...

08/31/2026

Lake Arthur, Moraine State Park, Pennsylvania
# khwarnyopitbsburgh

Where to NEXT?Next- အရင်လက အီလွန်မတ်စ်ခ် (Elon Musk) က AI ကြောင့် အနာဂတ်မှာ ဘယ်သူမှ အလုပ်လုပ်စရာ လိုတော့မှာ မဟုတ်ဘူးလို့...
08/25/2026

Where to NEXT?

Next- အရင်လက အီလွန်မတ်စ်ခ် (Elon Musk) က AI ကြောင့် အနာဂတ်မှာ ဘယ်သူမှ အလုပ်လုပ်စရာ လိုတော့မှာ မဟုတ်ဘူးလို့ ခန့်မှန်းခဲ့တာ လူတော်တော်များများသိကြမှာပါ။
အရင်ကလည်း အနာဂတ်မှာ စက်ရုပ်တွေက အလုပ်အများစုကို အစားထိုးဝင်ရောက်လာနိုင်ပြီး လူတိုင်းက အိမ်ကနေ အလုပ်လုပ်ကြရလိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ အများကြီးရှိခဲ့ဖူးပါတယ်။ Covid ကာလမှာတော့ အဲဒီခန့်မှန်းချက်တွေထဲက တချို့က အမှန်တကယ် ဖြစ်လာခဲ့ပါတယ်။ လူတော်တော်များများ အိမ်ကနေ အလုပ်လုပ်ခဲ့ရပါတယ်။ ဒါကပဲ Covid ကာလမတိုင်ခင်ကထက် အခုကာလမှာ နည်းပညာကို ပိုမိုတိုးတက်လာစေတဲ့ အကြောင်းအရင်း ဖြစ်ခဲ့လေသလားမသိပါ။
ဒါဆို အနာဂတ်မှာ အလုပ်အကိုင်တွေက ဘယ်လိုပုံစံ ဖြစ်လာမှာလဲ။ စိတ်ဝင်စားစရာပါပဲ။

Current- ကျွန်မ ၂၀၂၂ခုနှစ်မှာ University of Pittsburgh မှာ အလုပ်စ’ဝင်ခဲ့ပါတယ်။ ကျွန်မအခန်းကိုရောက်ဖို့ ကော်ရေတာတလျှောက်က ဆရာတွေရဲ့ (Supervisor) အခန်းတွေ ဖြတ်လျှောက်လာရပါတယ်။ အဲဒီတုန်းက ဆရာတွေကို သူတို့ အခန်းတွေမှာ တွေ့ရပါသေးတယ်။ အခု ၂၀၂၅-၂၀၂၆မှာ တချို့ Supervisor တွေကို တစ်လနေလို့မှ တခါတောင် မတွေ့ရတော့ပါဘူး။ Online ကနေဘဲ စာသင်ကြပြီး Online ကနေပဲ research အကြောင်းတွေ ဆွေးနွေးကြတော့တယ်။ ကိုယ်နဲ့ခင်တဲ့ ကျောင်းသားရေးရာဌာနက ကာရန်းဆိုရင် တစ်ပါတ်ကို ၂ရက်ပဲ ရုံးလာရပါတယ်။ ကျန် ၃ရက်ကို အိမ်ကပဲ အလုပ်လုပ်ပါတယ်။ ကိုယ်ကတော့ ဓါတ်ခွဲခန်းမှာ လုပ်တာဆိုတော့ အိမ်က လုပ်လို့မရပါဘူး။ နေ့တိုင်း ကျောင်းသားတွေနဲ့ လူတွေနဲ့ တွေ့ခွင့်ရတာလည်း ပျော်စရာပါပဲ။

Past- 2006 ခုနှစ် ဌာနဆိုင်ရာမှာ အလုပ်လုပ်ခဲ့စဉ် Korea ဘူဆန်မြို့ကို Ubiquitous Technology အကြောင်းနှင့် ပါတ်သတ်ပြီး နည်းပညာပြပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ တက်ခဲ့ရဖူးပါတယ်။ (မှတ်ချက် အခုအချိန်မှ ပြန်ရေးပြတော့ တိုးတက်နေတဲ့ခေတ်မှာ ဒါဟာ အဆန်းတကြယ်တော့ မဟုတ်လောက်တော့ဘူး။) နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာတွေ ခေါ်ပြတာပါ။ မှတ်မိတာက အခန်းထဲဝင်လာရင် မီးက အလိုအလျှောက် လင်းပြီး အခန်းထဲက ထွက်သွားတာနဲ့ မီးက အလိုအလျှောက် ပိတ်တာတွေ။ စက်ရုပ် အသေးလေးတွေ လှုပ်ရှားမှု အမျိုးမျိုး လုပ်ပြကြပါတယ်။

Renault Samsung Motor’s Busan plant ကို ကားတွေထုတ်တဲ့အချိန်နဲ့ကြုံလို့ ဝင်လေ့လာခဲ့ရပါတယ်။ တခါတလေ စက်ရုံ maintenance လုပ်တဲ့အချိန်ဆို ၃လ ၄လလောက် ကားထုတ်လုပ်မှု ရပ်ထားတတ်ပါတယ်။ ကားထုတ်တဲ့ စက်ရုံတစ်ခုလုံး အစပိုင်း ကား Frame ကနေ နောက်ဆုံး ကားတစ်စီးလုံးထွက်လာတဲ့ အထိ Robetတွေ အလုပ်လုပ်နေကြတာ။ အသေးစိတ် အပိုင်းလေးတွေကိုတော့ လူတွေ ဝင်လုပ်ကြပါတယ်။ Koreaတွေက လေ့လာရေးအဖွဲ့ကို အလုပ်လုပ်ပုံ အားလုံကို လှမ်းမြင်နိုင်တဲ့ အပေါ်ဘက်လမ်းကနေ ခေါ်သွားပြီး လိုက်ပြတာပါ။ အစပိုင်း ၁၅ မိနစ်လောက်ပြတယ်။ ပြီးတော့ နောက်တလမ်းပြောင်းပြီ ကားတစီးလုံး ပြီးခါနီးအပိုင်း လိုက်ပြပါတယ်။

တနေရာမှာတော့...
ရွှေ့လျားနေတဲ့ လမ်းကနေ ကားတွေက ဖြေးဖြေးလေး ရွှေ့နေပါတယ်။ လူအရှေ့ ကို ကားရောက်လာတာနဲ့ လူက မော်တာနဲ့မူလီကြပ်တဲ့ကိရိယာနှင့် မူလီလေးတွေကိုင်ပြီး ကားပေါ်တက်၊ သူတပ်ရမယ့် မူလီ အရေအတွက် ပြည့်အောင် သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြီးအောင်တပ်ပါတယ်။ ပြီးရင် ကားထဲက ထွက်၊ နောက်ကားအတွက် မူလီထပ်ယူ ၁မိနစ်ခန့် စောင့်။ နောက်ထပ်ရောက်လာတဲ့ ကားတစ်စီးပေါ်တက်ပြန် မူလီကြပ်ပြန်။ ကားတစ်စီးနဲ့ တစ်စီးကြားမှာ ၁မိနစ် ၂မိနစ် အချိန်ရတယ်ထင်ပါတယ်။ ၄နာရီတောက်လျှောက် အလုပ်လုပ်ပြီး နေ့လယ်စာ စားချိန်ကြမှ နားရတော့တာတဲ့။

နောက်ဆုံးပြီးတဲ့အဆင့်မှာ လူတစ်ယောက်က တခြား စစ်ဆေးရမည့်နေရာဖြစ်တဲ့ အဝိုင်းပုံစံနေရာတွေကို မောင်းသွားကြပါတယ်။ ပြီးရင်တော့ ကားကို ၃၆၀ဒီဂရီ လှည့်ပြီး Scanဖတ်ပြီး လိုအပ်ချက်တွေကို စစ်ပါတယ်။ လိုအပ်ချက်ရှိရင် တနေရာထပ်မောင်းသွားပြီး အချောသပ်ပါတယ်။ ကားစက်ရုံကနေ 5မိနစ်မှာ ကားတစ်စီး ထုတ်နေတာပါ။

လေ့လာဖို့ ဖိတ်ထားတာကလဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေကဆိုတော့ တက်ရောက်သူတွေအားလုံးက ပါးစပ်အဟောင်းသားပါပဲ။ (မှတ်မိသလောက်က လာအို၊ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ အီရန် လား အီရတ်လားမသိ ၁၂နိုင်ငံလောက် ပါပါတယ်။) ဆွေးနွေးပွဲမှာ ကိုယ်မှတ်မိတာ တစ်ခုကတော့ လာအိုက ဆရာမ တစ်ဦးက ဒါတွေကို လုပ်နိုင်ဖို့က မီးရနေမှဖြစ်မှာပါ’ ဆိုတဲ့စကားလေး။ ဒီတခါတော့ ကိုးရီးယားတွေ ဆွံ့အ။ သူတို့ ခေါ်ကြွားတာ အားတော့ တော်တော်ရှိသွားမှာ😁 ။

ကိုယ်တွေနိုင်ငံအဆင့် ရည်မှန်းချက်က (ခုချိန်ထိ) တစ်နိုင်ငံလုံး မီး အချိန်ပြည့်ရနိုင်ဖို့ကကို မတက်နိုင်သေး...
အီလွန်ကို တစ်ရက်လောက် မြန်မာပြည်ပို့ချင်လိုက်တာ…

Takeaway- ပါချုပ်ဆရာတော်ဘုရား ပြောထားတာလေး သတိရမိတယ်။
လူတွေအတွက် ရုပ်ပိုင်းဆိုင်ရာတွေ အံ့မခန်း တိုးတက်လာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာဘက်မှာတော့ တဖြည်းဖြည်းဆုတ်ယုတ်လာကြတယ်လို့ ပြောပါတယ်။
လူတွေရဲ့ အတ္တတွေသာ မများခဲ့ဘူးဆိုရင်... ကမ္ဘာကြီးက နေပျော်မှာပါလေ...

ကျေးဇူးတင်ပါတယ်ရှင့်...

...Passport ပေါ်က US Visa... သူငယ်ချင်းနဲ့ စကားစမည်ပြောရင်း Passport မှာပါတဲ့ US Visa တုံးထုတဲ့ အကြောင်း ပြောဖြစ်ပါတယ်။ ...
08/12/2026

...Passport ပေါ်က US Visa...

သူငယ်ချင်းနဲ့ စကားစမည်ပြောရင်း Passport မှာပါတဲ့ US Visa တုံးထုတဲ့ အကြောင်း ပြောဖြစ်ပါတယ်။ ခေါင်းစဉ်ကိုက Visa ဖြစ်နေတော့ visa ဘယ်လောက်ရလဲမေးရင် အဲဒီ Visa တံဆိပ်မှာရှိတဲ့ရက်အပိုင်းအခြားကို ကြည့်ပြီး ၆လ၊ ၁နှစ်လို့ ဖြေတတ်ကြပါတယ်။ US နိုင်ငံမှာ နေထိုင်ခွင့်ပေးတဲ့ ကာလ မဟုတ်ပါဘူး။

လွယ်လွယ်ပြောရင် US နိုင်ငံထဲကို ဝင်ခွင့်/ထွက်ခွင့် ပြုတဲ့ Ticket သဘောသက်သက်ပါ။
အလည်အပါတ် သီးသန့် B2 Visaနဲ့ ကျောင်းသားတွေ အတွက် F1 Visa တို့ နဲ့ ဆိုင်တဲ့ ပတ်စ်ပို့ မှာပါတဲ့ Visa Stampအကြောင်း ပြောပြချင်ပါတယ်။

ဒီ Visa နှစ်ခုမှာ သတ်မှတ်ပေးလိုက်တဲ့ အချိန်ကာလတွေ ကွာပါတယ်။ Entries မှာ ‘1’ ဒါမှမဟုတ် ‘M’ လို့ တွေ့ရလိမ့်မယ်။ Entries- 1 ဆိုရင် သတ်မှတ်ထားတဲ့ ကာလအတွင်း US ကို တစ်ကြိမ်ပဲ ဝင်ခွင့်ပြုထားတာပါ။ Entries - M ဆိုရင် သတ်မှတ်ထားတဲ့ ကာလအတွင်း US ကို တစ်ကြိမ်ထက် မနည်း ဝင်ခွင့်ပေးထားတာပါ။

ဥပမာလေးနဲ့ နည်းနည်းပြောပြချင်ပါတယ်။

⛱️🍁အလည်အပါတ် သီးသန့် B2 Visa
၁. အမေရိကန်သံရုံး ဗီဇာအင်တာဗျူးမှာ ဘာကြောင့်သွားမှာလဲက အရင်ဆုံး မေးခွန်းပါ။
အလည်အပါတ်ဆိုရင် DS-160 မှာ ကိုယ်က မိဘ၊ ဆွေမျိုးတွေဆီ အလည်အပတ်/ မိသားစု ဒီဇင်ဘာ ကျောင်းပိတ်ရက်အလည်သဘော/ Tour နဲ့သွားမှာ စသည်ဖြင့် ဖြေထားပြီးသားပါ။ ဘယ်လောက်နေမယ်ဆိုတာ လည်း ပြောထားပြီသားပါ။
ဖြေထားတဲ့ အပေါ်မူတည်ပြီး အချိန်ကာလ နဲ့ အကြိမ်ရေကို သူတို့ စဥ်းစားတာပါ။
၂. ဝင်ခွင့်ပြုတဲ့ အချိန်ကာလ နဲ့ အကြိမ်ရေ
များသောအားဖြင့်တော့ ရက်တိုဆိုရင် Entries မှာ ‘1’ တစ်ကြိမ်ပဲ ဝင်ခွင့်ပေးတတ်ပြီး အချိန်ကာလကို ၃လအတွင်း သွားခွင့်ပြုတတ်ပါတယ်။
ဥပမာ- လူတစ်ယောက်က Tourနဲ့ဖြစ်စေ၊ ကိုယ့်ဘာသာကိုယ်ပဲဖြစ်စေ မတ်လ ပထမပတ်လောက်မှာ USသံရုံးမှာ interview ဖြေတယ်ဆိုပါစို့။ အောင်တယ်ဆိုရင် သံရုံးက passport မှာ visa တုံးထုပေးလိုက်တယ်။ ပေးထားတဲ့ အချိန်ကာလက March 15ကနေ June 15 ။ ၃လပေးထားပါတယ်။ Entry မှာ 1 လို့ ပြထားပါတယ်။ ဆိုလိုတာက ဒီ၃လ အတွင်း USကို ကြိုက်တဲ့အချိန် သွားလို့ရတယ်။ တစ်ကြိမ်ပဲဝင်ခွင့်ရှိပါတယ်။ June 15 ကျော်သွားရင် USကို ဝင်ခွင့် မရှိတော့ပါဘူး။
*** ဘယ်လောက်နေရမလဒ ဆိုတာကတော့ USသံရုံး အင်တာဗျူးမှာ ဖြေခဲ့တဲ့အတိုင်း တစ်လခွဲနေမယ်ဆိုရင် တစ်လခွဲနေပြီး ပြန်ရမှာပါ။ (တရားဝင်က ၆လထက်တော့ ပိုနေခွင့်မပြုပါ။)အဲဒီနေ့အတွက် မှန်းပြီး အသွားအပြန် လေယာဉ်လက်မှတ်ဝယ်တာ အကောင်းဆုံးပါ။ အရေးကြီးပါတယ်။
၃. US လေဆိပ် အဝင်
US အဝင် လေဆိပ် immigration - Immigration အဝင်မှာ တံဆိပ်တစ်ခုထပ်နှိပ်ပါတယ်။ USကို ဝင်တဲ့နေ့ရယ်။ မြို့နာမည်ရယ် ပါပါတယ်။ အခု 2026မှာ USမှာ နေထိုင်ခွင့်ရှိတဲ့ ရက်ကိုတောင် ရေးထည့်ထားတာ တွေ့ရပါတယ်။
တချို့တွေက လေဆိပ် immigrationက I-94ကို ပေးပါတယ်။ မပေးရင်လည်း တောင်းယူလို့ ရပါတယ်။ နာမည်၊ passport no.နဲ့ ကိုယ် US ဝင်တဲ့နေ့နဲ့ မြို့ကို မှတ်မိရင်လည်း I-94 ကို online ကနေ ကိုယ့်ဘာသာကိုယ် ပြန်ထုတ်ယူလို့ရပါတယ်။

နောက်တခုလဲ သတိထားရပါမယ်။ အရေးကြီးပါတယ်။ US လေဆိပ်ရောက်တာဟာ US အထဲကို ရောက်သေးတာ မဟုတ်ပါဘူး။ လေဆိပ်ကနေ အကြောင်းအမျိုးမျိုးကြာင့် လှည့်ပြန်ရသူတွေရှိပါတယ်။ လေဆိပ် Immigration ကောင်တာက passport တစ်ခုတည်းကို checkတာ မဟုတ်ပါ။ Immigration အတွက် USသံရုံးဝင်ရသလိုပါပဲ။
သံရုံးမှာဘာတွေပြောခဲ့သလဲ။ လေယဉ်လက်မှတ်ကို ဘယ်တော့ဝယ်ထားလဲဆိုတာက အစ အချက်အလက်တွေ အားလုံးသိပါတယ်။ လိမ်လို့မရပါဘူး။ United States of America ပါ။ ကိုယ်တွေ့ပါ။ မသင်္ကာရင် စစ်ဆေးတဲ့ အခန်းထဲခေါ်သွားပါတယ်။
ကျွန်မ Australia ကနေ US ကို Visit Visa နဲ့ လာခဲ့တာပါ။ Visa လျှောက်တော့ DS-160 Formမှာ မိဘဆီမှာ တလခွဲနေမယ် ဖြည့်ထားခဲ့ပါတယ်။ တကယ် Visa ရပြီး သွားးရမည့် အချိန်မှာ COVID ဒုတိယလှိုင်း ဖြစ်နေလို့ အပြန်လေယာဉ်လက်မှတ်အတွက် မြန်မာပြန်ဖို့ လေကြောင်းလိုင်းရှာမရပါ။ အပြန်လေယာဉ်လက်မှတ်ကို ၃လ ခွါပြီး ဝယ်လိုက်မိပါတယ်။ လေဆိပ် Immigrationလည်းဝင်ရော USမှာ တလခွဲနေမယ် ဖြည့်ထားပြီး အပြန်လေယာဉ်လက်မှတ်က ၃လဖြစ်နေလို့ လိမ်နေတာဆိုပြီး စစ်ဆေးတဲ့အခန်းထဲ ခေါ်သွားတာ ခံခဲ့ရပါတယ်။ သူတို့ကောင်းကောင်းပဲရှင်းပြပါတယ်။ တလခွဲနေပြီး ပြန်ရမယ်။ အကြောင်းကြောင်းကြောင့် နောက်ကျခဲ့ရင်တော့ ၆လထက် ကျော်ပြီး နေခွင့် မရှိဘူး။ ဒါမှမဟုတ်ရင်တော့ နောက်တခါ USကို ဝင်ခွင့်မပေးတော့ဘူးတဲ့။
နောက်တခါ ဝင်ခွင့်မပေးတော့မှာစိုးလို့ မထွက်တော့ဘူးလေနော်။
နောက်တာပါ။
ကျွန်မ USမှာ အလုပ်လျှောက်တားတာ ရလို့ Visit Visa-B2 ကနေ အလုပ် Visa H1-B ကို ပြောင်းပြီးဆက်နေခွင့် ရခဲ့ပါတယ်။

💻📚ကျောင်းသားတွေ အတွက် F1 Visa
ပညာသင်ကြားဖို့ဆိုရင် I-20 ရမှ အမေရိကန်သံရုံးမှာ ဗီဇာအင်တာဗျူးဖြေဖို့ ရက်ချိန်းယူနိုင်မှာပါ။

၁. ဗီဇာအင်တာဗျူးမှာ ဘာကြောင့်သွားမှာလဲက အရင်ဆုံး မေးခွန်းပါ။
ဗီဇာအင်တာဗျူးမှာ I-20 စာရွက် အဓိက လိုအပ်ပါတယ်။ I-20ကမှ အမေရိကမှာ တရားဝင် နေထိုင်ခွင့်ပြုတဲ့ အထောက်အထားဖြစ်ပါတယ်။ ပညာသင်ကြားနေစဉ် ကာလအတွင်း မိမိရဲ့ တရားဝင် ကျောင်းသားအဖြစ် ရပ်တည်မှုကို သက်သေပြတဲ့ စာရွက်စာတမ်း ဖြစ်ပါတယ်။
ဒီစာရွက်ကို ကြည့်ပြီး ကျောင်းအပ်ရမည့် အချိန်၊ လျှောက်ထားတဲ့ program- College, University, one year diploma, one year master, master, Ph.D စ’တာတွေနဲ့ အင်တာဗျူး ဝင်ရတဲ့အချိန်ပေါ်မူတည်ပြီး Passportပေါ်မှာ visa တံဆိပ်တုံးထုပေးရမည့် အချိန်ကာလကို ရွေးချယ်တာပါ။ ဝင်ခွင့်ရတဲ့ စာသင်နှစ်ကနေ နှစ်နှစ်လား၊ လေးနှစ်လား စသည်ဖြင့် ရကြတာပါ။

၂. ဝင်ခွင့်/ထွက်ခွင့်ပြုတဲ့ အချိန်ကာလ နဲ့ အကြိမ်ရေ
များသောအားဖြင့်တော့ Entries မှာ M လို့ ပြထားပါတယ်။ တစ်ကြိမ်ထက် မနည်း ဝင်ခွင့်ပေးထားတတ်ပြီး အချိန်ကာလအပိုင်းအခြားကို ကျောင်းတက်တဲ့ ကာလထက်အတွင်း သွားခွင့်ပြုထားတတ်ပါတယ်။ Travel Ban လို ထူးခြားဖြစ်စဥ်နဲ့ ပါတ်သတ်လို့တော့ သေသေချာချာ မသိပါ။

အခြား Driver's License လျှောက်ခြင်း၊ Social Security Number (SSN) လျှောက်ခြင်း၊ ကျောင်းတွင်း/ကျောင်းပြင် အလုပ်လုပ်ခွင့် (CPT/OPT) လျှောက်တဲ့အခါတွေမှာ အချိန်ကာလ သတ်မှတ်တဲ့နေရာမှာ I-20 ပေါ်မှာမူတည်ပြီး ပေးကြတာပါ။

ကျေးဇူးတင်ပါတယ်ရှင့်...

...ခရီးသွားများ...အမေရိက က ဝင်ခွင့်တွေ ပြန်ဖွင့်ပေးတော့မယ်လို့ ကြားတော့ ကျောင်းကိစ္စတွေ၊ အလည်အပါတ် ကိစ္စတွေ ပြန်ပြီး လှု...
08/05/2026

...ခရီးသွားများ...

အမေရိက က ဝင်ခွင့်တွေ ပြန်ဖွင့်ပေးတော့မယ်လို့ ကြားတော့ ကျောင်းကိစ္စတွေ၊ အလည်အပါတ် ကိစ္စတွေ ပြန်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာကြပြီ။ အာရှကနေ ဩဇီ၊US၊ UK၊ ကနေဒါ၊ ဥရောပဘက် ခြေဆန့်ချင်ကြသလို အနောက်ဘက်က မြန်မာတွေလည်း အသက်ရလာတော့ ပင်စင်ရရင် အာရှအ‌ငွေ့အသက်ကလေးရှိတဲ့ဘက် ပြန်ရွှေ့ချင်သူတွေကလည်း အများသား။

အခုမှ နားလည်လာရတာက (အူကြောင်ကြောင် ကန့်သန့်မှုတွေ ရှိမနေရင်) ငွေရှိရင် ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်းနိုင်တဲ့ ပညာတစ်ခုခု ရှိမယ်ဆိုရင် ကမ္ဘာပတ်လို့ ရပြီပဲ။ အခြေချခြင်း မချခြင်းကတော့ ကိုယ့်ရဲ့စိတ်နဲ့ နိုင်ငံသားဖြစ်ခွင့်ပေးတဲ့ နိုင်ငံရဲ့ အလိုအတိုင်းပေါ့။
မှတ်ချက်။ လူလိုအသိဉာဏ်ရှိတဲ့ ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ နိုင်ငံက လူတွေအတွက် ဆိုလိုတာပါ။

ဘယ်နိုင်ငံကကောင်းတယ်၊ ဘယ်နိုင်ငံကမကောင်းဘူး။ မြန်မာမှာနေတာကောင်းတယ်၊ မကောင်းဘူး ဆိုတာတွေကတော့ ကိုယ်ကိုယ်တိုင်ရဲ့ အမြင်နဲ့ ဆုံးဖြတ်ချက်အပေါ်ပဲ မူတည်ပါတယ်။

ကြားဖြတ်ပြောရရင် ဆရာဒေါက်တာမျိုးညွန့်၊ ရန်ကုန်နည်းပညာတက္ကသိုလ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားမှာ ပြောခဲ့တာကိုလည်း သတိရမိပါတယ်။
ကျောင်းသားတွေ မေဂျာလျှောက်ရင် ပထမဦးစားပေးက Civil ဘာသာရပ်ပဲ။ ကျောင်းသားတွေကတော့ သေသေချာချာ သိလား မသိလားတော့ မသိ။ မိဘတွေက Civil, EC, EP, Mechanical ဘာသာရပ်ကလွဲရင် ကျန်တဲ့ဘာသာရပ်တွေကို အင်ဂျင်နီယာလို့တောင် အသိအမှတ် မပြုချင်တဲ့သဘော။

အဲဒီအချိန်က ဝတ်မှုန်ရွှေရည်နဲ့ ယွန်းဝတီလွင်မိုး (ခေး)က နာမည်ကြီးတဲ့အချိန်။ ဆရာက ကျောင်းသားတွေကို ဝတ်မှုန်ရွှေရည်နဲ့ ခေးကိုသာ ရည်းစားဖြစ်ခွင့်ရှိမယ်ဆိုရင် ဘယ်သူ့ရွေးမလဲလို့မေးတာပါ။ ခေးကို ကြိုက်တာကတဖက်၊ ဝတ်မှုန်ရွှေရည်ကို ကြိုက်တာကတဖက်၊ လက်ထောင်ကြတယ်။ ဘယ်သူမှမကြိုက်ဘူးဆိုတဲ့ ကျောင်းသားလည်းရှိတယ်ပေါ့။

ဆရာက မင်းတို့ကြိုက်ကြပေမယ့်လည်း သူတို့ နှစ်ယောက်က မင်းတို့အားလုံးကို ပြန်ကြိုက်လို့မရနိုင်သလို သူတို့၂ယောက်ထက် လှတဲ့ ချောတဲ့ သူတွေ လောကမှာ အများကြီးပါလို့ နောက်ပြီးပြောပါတယ်။

ဆရာ ဆက်ပြောပြပါတာက အင်ဂျင်နီယာဘာသာရပ်မှာ Civil EC, EP , Mechanical ဘာသာရပ်ပဲ အသုံးဝင်နေတာမဟုတ် ကျန်တဲ့ဘာသာရပ်တွေလည်း သူ့နေရာနဲ့သူ အရေးကြီးကြောင်းပြောပြတာပါ။
ထိုနည်းလည်းကောင်းပါပဲ။

ယေဘုယျအားဖြစ်တော့ လူလတ်တန်းစားတွေအတွက် ကိုယ်လုပ်တဲ့ အလုပ်နဲ့ ထိုက်တန်တဲ့ဝင်ငွေ နှင့် မိသားစု စားဝတ်နေရေး အဆင်ပြေနေတယ်ဆိုရင် ဘယ်နိုင်ငံမှာနေရ နေရ ကျေနပ်ကြမှာပါပဲ။ ကိုယ်မွေးတဲ့ နိုင်ငံမှာပဲ သေတဲ့အထိ လူတိုင်းနေချင်ကြပါတယ်။ ကိုယ်ရဲ့ဝင်ငွေ နှင့် မိသားစု စားဝတ်နေရေး အဆင်ပြေစေတယ်ဆိုရင် အနည်းဆုံတော့ အဲဒါဟာ ငါးပါးသီလကို လုံစေတဲ့ အကြောင်းအရင်း တစ်ခုလို့မြင်ပါတယ်။ အူမတောင့်ရင် သီလစောင့်ဖို့ သေချာမှာပဲလေ။လောဘ၊ ဒေါသ နဲ့မောဟလည်း နည်းလာမှာပါပဲ။

နည်းနည်းတော့ ဖောက်လိုက်အုန်းမယ်။ အရွှန်း..
အင်း…ဒီမှာ အနည်းဆုံးတော့ ခြင်မကိုက်လို့ ပါဏာတိပါတာ 98% လောက်မြဲမှာသေချာတယ်။ ကျန်တဲ့ ၂%ကတော့ မြန်မာတွေအတွက် သီးသန့်။ ယင်ကောင် ဒါမှမဟုတ် ပိုးဟတ် နှိမ်နင်းဖို့ ချန်ထားထာ ရွှေမြန်မာတွေကလည်း အနှစ်တွေပဲ စားတာကိုး။ ငပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်က မပါမဖြစ်။
နွေရာသီဆို ငပိသတင်း လေညှင်းဆောင်လို့ ဧည့်သည်တွေက ဝင်လာမစဲတသဲသဲ။
ကျေးဇူးတင်ပါတယ်ရှင့်...

08/03/2026

park

...ဆရာပြောတဲ့ Asian... ညနေဘက် Carnegie library မှာ Literacy Pittsburghက ဖွင့်လှစ်ထားတဲ့ English class တစ်ပါတ်တစ်ရက်လောက်...
07/29/2026

...ဆရာပြောတဲ့ Asian...

ညနေဘက် Carnegie library မှာ Literacy Pittsburghက ဖွင့်လှစ်ထားတဲ့ English class တစ်ပါတ်တစ်ရက်လောက်တော့ သွားဖြစ်တယ်။ အတန်းမှာ ကျောင်းသားအနေနဲ့ ယူကရိန်းက လေးယောက်၊ Indian တစ်ယောက်၊ Mexican တစ်ယောက်၊ မြန်မာက နှစ်ယောက်၊ အာဖဂန်က တစ်ယောက် စုစုပေါင်း ၉ယောက်လောက် ပုံမှန် တက်လေ့ရှိပါတယ်။

ဆရာက သူ Chinese language လေ့လာနေတဲ့အကြောင်း ပြောပြရင်း သူသိတဲ့ Asian နဲ့ အဖြူတွေနဲ့မတူတဲ့ အချက်တွေကို ပြောပြပါတယ်။

1. အာရှသားတွေကို ချီးကျူးလို့ မရတဲ့အကြောင်း။ ‘You are great’ ဆိုတာနဲ့ No! No! I am not. ဆိုပြီး ပြောတော့တာတဲ့။ သူကတော့ Asian တွေက Humble ဖြစ်တယ်လို့ သုံးပါတယ်။
အမှန်ပဲလေ။ ကိုယ်တွေကို အကောင်းလာပြောရင် တကယ်လို့ကို မထင်ကြဘူး။ မြှောက်ပြောတယ်လို့ပဲ ထင်ကြတာ။ မြန်မာမိဘတွေက ကိုယ့်သားသမီးကို နောက်ကွယ်မှာသာ ကောင်းကြောင်းပြောချင်ပြောမယ်။ ရှေ့မှာထားပြီး ချီးကျူးတာမရှိကြဘူး။ ဒါကြောင့်မို့လို့ထင်တယ်။ ကျွန်မတို့က ချီးကျူးတာကို ဘယ်လို တုံ့ပြန်ရမလဲ မသိကြဘူး။

2. Asian အိမ်တွေရောက်ရင် တူညီတဲ့အချက်က အိမ်ထဲမှာ ဖိနပ်စီးလေ့မရှိကြောင်း နဲ့ ဖိနပ်ချွတ်ရတဲ့ အကြောင်း
တနေ့ သမီးငယ် သူငယ်ချင်းတစ်ယောက် အိမ်လာပါတယ်။ သူက ဖိနပ်တွေ အပြင်မှာ ချွတ်ထားတာတွေ့တော့ ငါရော ချွတ်ရမှာလားတဲ့။ သမီးငယ်က ချွတ်ရမှာပေါ့လို့ ပြောလိုက်တယ်။ သမီးကြီးတွေရဲ့ အဖြူ သူငယ်ချင်းတွေအိ မ်လာတိုင်း သူတို့ပြောတဲ့စကားက နင်တို့အိမ်က clean & cozy လို့ သုံးတတ်ကြတယ်။ သန့်ရှင်းပြီး နွေးထွေးတယ်လို့ ဆိုလိုတယ်ထင်တယ်။ ဒီက မြန်မာအိမ် တော်တော်များများက အဲဒီအတိုင်းပါပဲ။

3. Toilet paper ကို Toilet ထဲ မထည့်နဲ့ လို့ ပြောတတ်ကြောင်း
ဟုတ်ပါတယ်။ သိရသလောက် မြန်မာအိမ်တော်တော်များများက အဲလိုပဲပြောပါတယ်။ အိမ်သာ ကမုတ်ပိတ်သွားရင် ဒီမှာက ပြင်ဖို့ခေါ်ရင် အရမ်းစျေးကြီးလို့ပါ။

4. Takeawayဘူးတွေ၊ ပုလင်းတွေ၊ ဗူးတွေ ပြန်ဆေးပြီး သုံးတတ်တဲ့အကြောင်း
ဒါကတော့ ကောင်းတယ်ပြောရမှာပဲလေ။ ကိုယ်နေတဲ့ ကမ္ဘာကြီးမှာ အမှိုက်တွေကို လျော့ချနိုင်တာပေါ့ (Reuse, Reduce, Recycle) ဘာပဲပြောပြော ကိုယ်ကတော့ ခုချိန်ထိ Dollar tree တို့ Walmart တို့မှာ ပုလင်းအလွတ်တွေကို ဝယ်တဲ့လူတွေကိုတော့ နားမလည်နိုင်သေးဘူး။

5. သူ မကြိုက်တာ တစ်ခု။ တခြား Class က လူတစ်ယောက် အကြောင်း
သူကတော့ လူမျိုးပါ ပြောပြပါတယ်။ ကိုယ်ကတော့ မပြောတော့ပါဘူး။ သူတော်တော်ရွံတဲ့ပုံ။ ပြင်းပြင်းထန်ထန် Disgusting လို့ကို သုံးပါတယ်။ ခြေထောက်တစ်ဖက်ရဲ့ ဒူးခေါင်းပေါ်ကို နောက်ခြေထောက်တစ်ဖက် (ဖိနပ်မပါ၊ ခြေအိတ်မပါ၊ ခြေဗလာ)တင်ပြီး ခြေချောင်းတွေကို လက်နဲ့ ကိုင်နေတာကိုပါ။
ကျွန်မတို့အတွက်တော့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုလို့ မယူဆနိုင်ပေမယ့် သူတို့အတွက်က အဲလိုမဟုတ်ဘူး ဆိုတာ သတိပြုစရာပါ။

ကျွန်မကို ဆွံ့အသွားစေတဲ့ မေးခွန်းတွေလည်းမေးပါတယ်။ ဒါကိုပြောဖို့ နည်းနည်းတော့ ရှင်းပြပါရစေ။

Pittsburgh မှာက မြေပြန့်နေရာ တော်တော်နည်းပါတယ်။ နေရာတော်တော်များများက တောင်တွေကို ပတ်ပြီး လမ်းတွေ ဖောက်ထားတာပါ။ တောင်နေရာတွေက လူနေအိမ်မရှိရင် တောတွေလိုပဲဖြစ်နေပြီး အကောင်လေးတွေ နေကြပါတယ်။

မြို့တိုင်းလိုလိုမှာ မြို့တစ်မြို့နဲ့တစ်မြို့ကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးတွေရှိပါတယ်။ ဒီကနေရာတွေက ကျယ်တော့ ရပ်ကွက်တစ်ခုကနေ တခြားရပ်ကွက်တစ်ခု သွားရင်တောင် အဝေးပြေးလမ်းပေါ်ကသွားရင် ပိုမြန်လို့ အဲဒါကို သုံးကြတာများပါတယ်။ အဝေးပြေးလမ်းမကြီးတွေက ကျယ်သလို ဘေးဘက်မှာလည်း အိမ်တွေ သိပ်မရှိလို့ အကောင်လေးတွေက အဲ့နေရာတွေမှာလည်း နေကြပါတယ်။ Summer အစောပိုင်းမှာ သမင်တွေ သားပေါက်ချိန်ဖြစ်တာက တကြောင်း၊ Summer ဆိုတော့ လမ်းပေါ်မှာ ကားတွေ အသွားအလာများတကြောင်း၊ အကောင်ကြီးကြီး သမင်တွေကနေ အကောင်သေးသေး Raccoon တွေအထိ လမ်းပေါ်မှာ သေတာ တော်တော်များများတွေ့နေရပါတယ်။ Highway ဆိုတော့ ကားတွေအနေနဲ့ကလည်း အရှိန်လျော့ဖို့ ခဲယဥ်းကြပါတယ်။

??? ဆရာက ခုတလော ကားလမ်းမပေါ်မှာ အကောင်တွေ သေနေတာနဲ့ ပါတ်သတ်ပြီး လူတွေကို သူက စိတ်ပျက်လို့ ပြောနေတာပါ။ နင်တို့နိုင်ငံမှာရော ကားလမ်းမတွေမှာ အခုလို သေနေတာတွေ မြင်ဘူးလားတဲ့။ ကိုယ်လည်း ရုတ်တရက်မေးလိုက်တော့ ခေါင်းခါပြလိုက်တယ်။ တကယ်လည်း သိပ်မမြင်ဘူးဘူးလေ။
ဆရာက ဆက်ပြောနေပါတယ်။ လူတွေရဲ့ စိတ်တွေက ရက်စက်လာကြတယ်တဲ့။ နင်တို့နိုင်ငံက အကောင်လေးတွေ လုံခြုံတာပေါ့တဲ့...

ကျွန်မ ဘယ်လို ပြန်ပြောရမှန်းမသိလို့ ဆွံ့အသွားမိပါတယ်။

စိတ်ထဲမှာတော့ အင်း...တိလေးတွေအတွက် ဒီနိုင်ငံမှာ မလုံခြုံတာက တစ်မျိုး။ သိတော်မူကြတဲ့အတိုင်း... ကိုယ့်နိုင်ငံမှာ မလုံခြုံတာက တစ်မျိုး။ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံလို့တော့ မပြောတော့ပါဘူးနော် (ပြောပြီးနေပြီ )

ရုပ်တည်ကြီးနဲ့ စာကလေးတွေ ဘေးမဲ့လွတ်ပေးတာကိုများ ဆရာ့ကို ပြောလိုက်မိရင် သူက ‘ဟင်…သူတို့က နဂိုကတည်းက အပြင်မှာရှိနေတာမဟုတ်ဘူးလား…သူတို့ကို ဘယ်သူက ဖမ်းထားတာလဲ’ လို့ ပြန်မေးရင်တော့ ကိုယ် ပြန်ရှင်းမပြတတ်ဘူးလေ... (သူတို့ပဲဖမ်း...သူတို့ပဲပြန်လွှတ်ပြီးရောင်း..ဆိုတာကို.😢)
ကျေးဇူးတင်ပါတယ်ရှင့်...

Weekend Activity…ကျွန်မ ဘောလုံးပွဲ မကြည့်တတ်ပါဘူး။ emotion ကို ကြောက်တယ်။ ကိုယ့်စိတ်က ပြင်းပြင်းထန်ထန်တွေ မခံစားချင်တော့...
07/21/2026

Weekend Activity…

ကျွန်မ ဘောလုံးပွဲ မကြည့်တတ်ပါဘူး။ emotion ကို ကြောက်တယ်။ ကိုယ့်စိတ်က ပြင်းပြင်းထန်ထန်တွေ မခံစားချင်တော့လို့ပါ။ ကျွန်မ အားပေးတာက တစ်မျိုး။ မြန်မာကန်ရင်တော့ မြန်မာဘက်ပေါ့။ အဲလိုမှ မဟုတ် ရင်တော့ ဝင်ကြည့်တဲ့အချိန် ရှုံးနေတဲ့ဘက်ကို အားပေးလိုက်တာပါပဲ။ အူကြောင်ကြွက်ပါ။ ကျားလောက် မကြီးလို့ပါ😊

ဒီတပါတ် စနေ မနက်ပိုင်းမှာ မဟေသီအဖွဲ့ထဲက သူငယ်ချင်းရဲ့ သားလေး မွေးနေ့ သွားဖြစ်ပါတယ်။ Happy 13th birthday Dotsanae!
ညနေပိုင်း ဘုန်းကြီးကျောင်းဘက် နွေရာသီ ကလေးတွေအတွက် ယဉ်ကျေးလိမ္မာသင်တန်း သမီးကိုပို့ရင်း ကိုယ်လည်း ယောဂနဲ့ Meditation ဝင်လုပ်ဖြစ်ခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာတော့ ကမ္ဘာ့ဖလားဘော်လုံးပွဲကို မဟေသီအဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်အိမ်မှာ လူစုပြီး ကြည့်ဖြစ်ကြတယ်။ တကယ်တမ်း ကိုယ်အားပေးခဲ့တာက ပင်လယ်စာ။

စနေမနက်သွားဖြစ်ခဲ့တဲ့ သူငယ်ချင်းKရဲ့အိမ်က စိုက်ခင်းကတော့ စားပင်တွေ အစုံအလင်နဲ့ မြန်မာပြည်ရောက်သွားသလိုပဲ။ ပြောင်းဖူးတောင်မကျန်။ အကုန်စိုက်ထားတာ။ ဒီနှစ်တော့ အဖေတို့ ကောင်းမှုနဲ့ ဒန့်သလွန်ပင် တစ်မျိုးတိုးသွားပြီ။ အရွက်တော့ ကောင်းကောင်းစားရမှာ။ အသီးတော့ မဖြစ်နိုင်။

စာဖတ်သူတွေ ကျွန်မတင်တဲ့ postတွေ ဖတ်ပြီး ပိုတယ်များ ထင်ကြလေမလား။ မဟေသီတို့နဲ့တွေ့တိုင်း မပျော်ရတဲ့ အချိန်မရှိဘူးလား မေးခဲ့ရင်တော့…No ပါ။ အချင်းချင်းအပေါ်ထားရှိတဲ့ ဖြူစင်တဲ့ စိတ်ထားလေးတွေကြောင့် ပျော်ရပါတယ်။ အဝေးက လှမ်းမြင်နေရတယ်ဆိုရင်ပဲ ကိုယ်နဲ့ အရပ်မတိမ်းမယိမ်း နော်ကူးမလေးဆီက ခေါင်းလေးစောင်းပြီး အပြုံးချိုချိုနဲ့ ရယ်သံလွင်လွင် (လွင်တာထက် နည်းနည်း ပိုပါတယ် ) ကြားနေရပြီ။

လက်ရှိအခြေအနေ ဘာစားရမလဲပဲ စိတ်ဝင်စားကြတယ်။ မစားမချင်း ခေါ်နေမှာနော်။ စားပြီး ရယ်စရာတွေ ပြန်ပြောင်းပြောမယ်။ မွန်တွေ ဘာသာတရား ကိုင်းရှိုင်းကြတာလည်း မျက်ဝင်းထင်ထင်ပါပဲ။ အားနေ ဘယ်လို လှူရမလဲ ဘယ်လို ခေါင်းစဉ်နဲ့ ကျွေးရမလဲပဲ စဉ်းစားနေကြတယ် ထင်ပါတယ်။ တစ်အိမ်က အလှူရှိရင်လည်း မပြောရပါဘဲ အားတဲ့သူ အားတဲ့အချိန် ကူလိုက်ကြတာပဲ။ လမ်းကြုံလို့ အိမ်မဝင်လိုက်နဲ့ အပြန် အထုပ်ဆွဲပြန်ရပြီသာမှတ်။ ဒီအချိန် Summer ဆို ပိုဆိုး။ (တကယ်တော့ ပိုကောင်း ဖြစ်ရမှာ)အနည်းဆုံးတော့ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ချဉ်ပေါင် နဲ့ ဟင်းနုနွယ် တပွေ့တပိုက်နဲ့ ပြန်ရပြီပဲ။

စားရလို့ ပြောတာမဟုတ်ပါဘူး။ ကျွေးချက်၊ ပေးချက်က ရက်စက်။ ကိုယ်လည်း ဘာမှမပြောရဘဲ အသီးအရွက်တွေ ဝေပေးကြပါတယ်။ တစ်အိမ်က ဒီတခါ အမ အလှည့်ကျပြီ ဆိုပြီး ကြက်ဟင်းခါးအညွန့်၊ ဘူးညွန့်၊ ကင်းပုံအညွန့်၊ ရှောက်ရွက်။ နောက်တစ်အိမ်က မုန်လာသီး ၊ ကန်စွန်းရွက်၊ ကေးအရွက်၊ ဟင်းနုနွယ်၊ ဂွေးတောက်အရွက် စုံလို့ပါပဲ။ ဒါတောင် အိမ်မှာ ခရမ်းချဉ်နဲ့ ငရုပ်သီး စိုက်ထားတယ် မပေးနဲ့ ဆိုလို့။ ဒီတပါတ်လုံး အသီးအရွက်ကြော်၊ အရွက်ဟင်းချို၊ အရွက်ရေနွေးဖျော သုတ်စားပါမယ်။ ငပိရည်နဲ့ ထမင်းမိန်အုန်းမယ်။

အရွက်တွေသင်နေရင်း ပေးတဲ့သူတွေရဲ့စေတနာကို အသိအမှတ်မပြုဘဲ မနေနိုင်။ မအားတဲ့ကြားက ဒီလို အပင်ဖြစ်လာဖို့ ရေလောင်းရတဲ့ အချိန်တွေ။ လုပ်အားတွေ။ ရေဖိုး။ အညွန့်ကလေးတွေအများကြီးရအောင် ခူးပေးရတဲ့ အချိန်တွေကို တွေးကြည့်ယုံနဲ့တင် ကြည်နူး ပီတိနဲ့ ကျေးဇူးတင်မိ။

တကယ် ရယ်ရတဲ့ အချိန်ကတော့ ဓါတ်ပုံရိုက်ချိန်-
အလုပ်တွေရှုပ်နေကြ တယောက်တပေါက်နဲ့ စကားတွေပြောနေတုန်း ဓါတ်ပုံရိုက်မယ်ဆိုတာနဲ့ ငြိမ်သွားပြီး သွားဖြဲလေးတွေလုပ်၊ ခေါင်းချက်ချင်းစောင်းသွားပြီး လက်၂ချောင်းက အော်တိုထောင်ပြီးသား။ ရိုက်ပြီးပြီလဲဆိုရော ပြန်ပွက်လောရိုက် ဆူညံသွားပြန်။

ဘော်လုံးပွဲမှာ ကိုယ်အားပေးတဲ့အသင်း ရှုံးသွားလို့ ဝမ်းနည်းတာတောင် ကောင်းကောင်း ဝမ်းမနည်းရဘဲ ရယ်ရတာ အူတက်အောင် videoရိုက်တဲ့သူက ရှိသေး။ ပျော်တတ်ကြသူတွေ။

တစ်ယောက်မပြောတဲ့ အကြောင်းအရာကို တစ်ယောက်က စိတ်မဝင်စားသလို၊ အပြိုင်အဆိုင်မရှိခြင်းကလည်း ဒီအဖွဲ့ရဲ့ ထူးခြားချက်လေအလား။ အဲ…မှားလို့ ...ပြိုင်ကြတယ် အစား နဲ့ အပျော်။

Join ချင်ရင်တော့ Vibe ညီနေဖို့တော့ လိုတာပေါ့။

ကျွန်မရဲ့ စာဖတ်သူတွေကို ပေးနိုင်တာကလည်း ပျော်ရွှင်ရခြင်း ကြည်နူးရခြင်းတွေပါပဲ… ကျွန်မနဲ့ ထပ်တူရကြပါစေ။

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။

အရေးကြီးသော အမေရိကန် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အသိပေးကြေညာချက် - D/S အပြီးသတ် စည်းမျဉ်း University of Pittsburgh, Offic...
07/21/2026

အရေးကြီးသော အမေရိကန် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အသိပေးကြေညာချက် - D/S အပြီးသတ် စည်းမျဉ်း

University of Pittsburgh, Office of International Services (နိုင်ငံတကာ ဝန်ဆောင်မှုရုံး)မှ ဇူလိုင် ၁၇ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ F-1 နှင့် J-1 ဗီဇာကိုင်ဆောင်သူများအတွက် အမေရိကန် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အသိပေးကြေညာချက် အသေးစိတ်ပါ။

အမိမြေလုံခြုံရေးဌာန (Department of Homeland Security - DHS) သည် F နှင့် J ဗီဇာကိုင်ဆောင်သူများအတွက် 'နေထိုင်ခွင့် သက်တမ်း (Duration of Status - D/S)' ကို ပယ်ဖျက်သည့် စည်းမျဉ်းသစ်တစ်ရပ်ကို ထုတ်ပြန်လိုက်ပါသည်။ တရားရုံးဆိုင်ရာ အမှုအခင်းများ သို့မဟုတ် လွှတ်တော်၏ ပြန်လည်သုံးသပ်မှုများ မရှိပါက ဤစည်းမျဉ်းသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် စတင်အာဏာသက်ရောက်မည်ဖြစ်ပါသည်။

'နေထိုင်ခွင့် သက်တမ်း (Duration of Status)' ဆိုသည်မှာ အဘယ်နည်း။
နိုင်ငံတကာကျောင်းသား သို့မဟုတ် သုတေသနပညာရှင်တစ်ဦး အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိချိန်တွင် ၎င်းတို့အား ဝင်ရောက်ခွင့်ဆိပ်ကမ်းရှိ အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး (CBP) အရာရှိက တရားဝင် ဝင်ရောက်ခွင့်ပြုသည်။ အရာရှိသည် ကျောင်းသား သို့မဟုတ် သုတေသနပညာရှင် အမေရိကန်တွင် တရားဝင် မည်မျှကြာကြာ နေထိုင်နိုင်သည်ဆိုသည်ကို ဖော်ပြထားသည့် စာရွက်စာတမ်းကို ထုတ်ပေးသည်။ ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းမှစ၍ CBP သည် F-1 နှင့် J-1 ဗီဇာကိုင်ဆောင်သူများနှင့် ၎င်းတို့၏ မှီခိုသူများကို 'နေထိုင်ခွင့် သက်တမ်း (D/S)' ဟုခေါ်သော ကာလတစ်ခုအတွက် အမေရိကန်သို့ ဝင်ရောက်ခွင့်ပြုခဲ့သည်။ တရားဝင် လူဝင်မှုကြီးကြပ်ရေး အခြေအနေ သက်တမ်းကုန်ဆုံးမည့် အတိအကျ ရက်စွဲဖြင့် ဝင်ရောက်ခွင့်ရရှိသည့် အခြားသော ပြောင်းရွှေ့နေထိုင်သူ မဟုတ်သူအများစု (ဥပမာ- H-1B, O-1, TN, B-1/B-2 စသည်) နှင့်မတူဘဲ၊ D/S သည် ကျောင်းသားများနှင့် သုတေသနပညာရှင်များအား ၎င်းတို့၏ ပညာရေး သို့မဟုတ် သုတေသန ရည်မှန်းချက်များ ပြီးမြောက်ရန် ပုံမှန်တိုးတက်မှုရှိနေသရွေ့ နိုင်ငံအတွင်း ဆက်လက်နေထိုင်ခွင့် ပြုထားသည်။

ဤစည်းမျဉ်းသစ်သည် D/S ကို ပယ်ဖျက်မည်ဖြစ်ပြီး ၎င်းအစား F-1 နှင့် J-1 ဗီဇာကိုင်ဆောင်သူများနှင့် ၎င်းတို့၏ မှီခိုသူများကို Form I-20 သို့မဟုတ် DS-2019 တွင် ဖော်ပြထားသော အစီအစဉ်ပြီးဆုံးသည့် ရက်စွဲအထိ အတိအကျ ရက်စွဲတစ်ခုဖြင့်သာ ဝင်ရောက်ခွင့်ပြုမည့် စနစ်ဖြင့် အစားထိုးမည်ဖြစ်သည်။ ယင်းမှာ မူလစတင်ဝင်ရောက်သည့် ကာလအတွက် အများဆုံး ၄ နှစ် ထက်မပိုရပါ။ အခြားသော ပြောင်းရွှေ့နေထိုင်သူ မဟုတ်သူများကဲ့သို့ပင်၊ ၎င်းတို့ ဝင်ရောက်ခွင့်ရရှိသည့် သက်တမ်းကုန်ဆုံးရက်နှင့် သက်ညှာကာလ (grace period) တို့ကို CBP အရာရှိက ထုတ်ပေးသည့် I-94 အမေရိကန်သို့ ရောက်ရှိမှု မှတ်တမ်းတွင် ဖော်ပြထားမည်ဖြစ်သည်။

စက်တင်ဘာ ၁၅ ရက်တွင် F နှင့် J ဗီဇာ အသစ် ကိုင်ဆောင်သူများနှင့် မှီခိုသူများအတွက် မည်သည့်အရာများ ပြောင်းလဲမည်နည်း။
ဤရက်စွဲမှစ၍ စတင်ဝင်ရောက်ခွင့် လျှောက်ထားသည့် F-1 နှင့် J-1 ဗီဇာကိုင်ဆောင်သူများနှင့် မှီခိုသူများအားလုံးသည် ဝင်ရောက်ချိန်၌ I-20 သို့မဟုတ် DS-2019 တွင်ပါရှိသော ပြီးဆုံးရက်နှင့် ကိုက်ညီသည့် အတိအကျ ကာလတစ်ခုအတွက်သာ (အများဆုံး ၄ နှစ်ထက် မပိုစေဘဲ) အမေရိကန်သို့ ဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ ဥပမာအားဖြင့် -

တစ်နှစ်သက်တမ်းရှိ DS-2019 ရှိသော J-1 သုတေသနပညာရှင်တစ်ဦးသည် အမေရိကန်သို့ စတင်ဝင်ရောက်စဉ် ၁ နှစ်သာ ခွင့်ပြုချက်ရမည်ဖြစ်သည်။

I-20 တွင် ၂ နှစ်ကြာမြင့်မည်ဟု ဖော်ပြထားသော မဟာဘွဲ့သင်တန်းတက်ရောက်မည့် F-1 ကျောင်းသားတစ်ဦးသည် ၂ နှစ်သာ ခွင့်ပြုချက်ရမည်ဖြစ်သည်။

ဤမူလ ဝင်ရောက်ခွင့်ကာလပြီးနောက် သင်တန်း သို့မဟုတ် သုတေသနများကို ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် F-1 နှင့် J-1 ဗီဇာကိုင်ဆောင်သူများနှင့် မှီခိုသူများအားလုံးသည် ၎င်းတို့၏ I-20 သို့မဟုတ် DS-2019 သက်တမ်းမကုန်ဆုံးမီ ကြိုတင်၍ နေထိုင်ခွင့်သက်တမ်း တိုးမြှင့်ပေးရန် (Extension of Stay) လျှောက်ထားရမည်ဖြစ်သည်။ OIS ထံမှ သက်တမ်းတိုးထားသော I-20 သို့မဟုတ် DS-2019 ကို ရရှိပြီးနောက်၊ USCIS ထံသို့ Form I-539 ကို တင်သွင်းရမည်ဖြစ်ပြီး လျှောက်လွှာကြေး ပေးဆောင်ရမည်ဖြစ်သည်။

J-1 သုတေသနပညာရှင် အစီအစဉ်များအားလုံးသည် စုစုပေါင်း အများဆုံး ၅ နှစ်အထိ ရှိနေနိုင်သေးသော်လည်း၊ သုတေသနပညာရှင်တစ်ဦးအနေဖြင့် ၅ နှစ်တာ အစီအစဉ်ကို ပြီးမြောက်ရန်အတွက် နေထိုင်ခွင့်သက်တမ်းတိုး လျှောက်လွှာ(များ) ကို မဖြစ်မနေ တင်သွင်းရတော့မည်ဖြစ်သည်။ F-1 OPT နှင့် STEM OPT သက်တမ်းတိုးခြင်းများအတွက်လည်း နေထိုင်ခွင့်သက်တမ်းတိုး လျှောက်လွှာများ လိုအပ်မည်ဖြစ်သည်။

စက်တင်ဘာ ၁၅ ရက်တွင် လက်ရှိ F နှင့် J ဗီဇာ ကိုင်ဆောင်သူများနှင့် မှီခိုသူများအတွက် မည်သည့်အရာများ ပြောင်းလဲမည်နည်း။
အပြီးသတ် စည်းမျဉ်းထုတ်ပြန်ချိန်တွင် အမေရိကန်တွင် ရောက်ရှိနေပြီးသားဖြစ်သော F-1 နှင့် J-1 ဗီဇာကိုင်ဆောင်သူများနှင့် မှီခိုသူများအားလုံးသည် D/S အောက်တွင် ဝင်ရောက်ခွင့် ရရှိထားရာမှ သတ်မှတ်ထားသော သက်တမ်းကုန်ဆုံးရက် သို့ ကူးပြောင်းသွားမည်ဖြစ်သည်။ ယင်းမှာ -

လက်ရှိ Form I-20 သို့မဟုတ် Form DS-2019 တွင် ပါရှိသော အစီအစဉ်ပြီးဆုံးမည့်ရက် + သက်ညှာကာလ ရက် ၆၀ (F ဗီဇာအတွက်) သို့မဟုတ် ရက် ၃၀ (J ဗီဇာအတွက်) ဖြစ်သည်။ (အပြီးသတ် စည်းမျဉ်းထုတ်ပြန်သည့် ရက်မှစ၍ အများဆုံး ၄ နှစ်ထက် မပိုရပါ)။

ဤသတ်မှတ်ထားသော ဝင်ရောက်ခွင့်ကုန်ဆုံးရက်ကျော်လွန်၍ ပညာရေး သို့မဟုတ် သုတေသန အစီအစဉ်များကို ဆက်လက်လုပ်ဆောင်ရန်အတွက် F-1 နှင့် J-1 ဗီဇာကိုင်ဆောင်သူများနှင့် မှီခိုသူများအားလုံးသည် ၎င်းတို့၏ I-20 သို့မဟုတ် DS-2019 သက်တမ်းမကုန်မီ ကြိုတင်၍ နေထိုင်ခွင့်သက်တမ်းတိုးရန် လျှောက်ထားရမည်ဖြစ်သည်။ ဤအတွက် USCIS ထံသို့ Form I-539 တင်သွင်းရန်နှင့် လျှောက်လွှာကြေး ပေးဆောင်ရန် လိုအပ်မည်ဖြစ်သည်။

အခြားသော အလုပ်အကိုင်ဗီဇာ ကိုင်ဆောင်သူများကဲ့သို့ပင်၊ သက်တမ်းတိုးလျှောက်လွှာကို အချိန်မီတင်သွင်းထားပြီး USCIS တွင် စိစစ်ဆဲဖြစ်ပါက၊ J-1 ဗီဇာကိုင်ဆောင်သူအား ရက်ပေါင်း ၂၄၀ ကာလအထိ သို့မဟုတ် သက်တမ်းတိုးမှု အတည်ပြုချက်ရသည့်အထိ (မည်သည့်အရာက ပိုတိုသည်ဖြစ်စေ) ဆက်လက်အလုပ်လုပ်ကိုင်ခွင့် ပြုမည်ဖြစ်သည်။

စက်တင်ဘာ ၁၅ ရက်တွင် H-1B, H-1B1, E-3, O-1, နှင့် TN ဗီဇာ ကိုင်ဆောင်သူများအတွက် မည်သည့်အရာများ ပြောင်းလဲမည်နည်း။
မည်သည့်ပြောင်းလဲမှုမျှ မရှိပါ။ ဤစည်းမျဉ်းသည် F-1 သို့မဟုတ် J-1 ဗီဇာကိုင်ဆောင်သူများနှင့် ၎င်းတို့၏ မှီခိုသူများအတွက်သာ သက်ဆိုင်ပါသည်။ သင်သည် အထက်တွင် ဖော်ပြထားသော အမျိုးအစားများထဲမှ အလုပ်အကိုင်ဗီဇာကို ကိုင်ဆောင်ထားသူ သို့မဟုတ် လျှောက်ထားဆဲဖြစ်ပါက သင့်လူဝင်မှုကြီးကြပ်ရေး အခြေအနေပေါ် မည်သည့်သက်ရောက်မှုမျှ ရှိမည်မဟုတ်ပါ။

J-1 ဗီဇာကိုင်ဆောင်သူများကို ကူညီပံ့ပိုးပေးနေသည့် ဌာနများအတွက် ဤသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။
OIS နှင့် သက်တမ်းတိုးသည့် လုပ်ငန်းစဉ်သည် မပြောင်းလဲဘဲ တူညီနေဖွယ်ရှိပါသည် - မူလဝင်ရောက်ခွင့် ကာလထက် ကျော်လွန်၍ J-1 ဗီဇာကိုင်ဆောင်သူအား သက်တမ်းတိုးပေးရန်အတွက် ခန့်အပ်မှုအသစ် သို့မဟုတ် အဆင့်မြှင့်ထားသော ဖိတ်ခေါ်စာ လိုအပ်မည်ဖြစ်ပြီး၊ ထို့နောက် My OIS တွင် J-1 သက်တမ်းတိုး တောင်းဆိုမှုကို တင်သွင်းရမည်ဖြစ်သည်။

သို့သော်လည်း J-1 ဗီဇာကိုင်ဆောင်သူများသည် အမေရိကန်တွင် ဆက်လက်နေထိုင်နိုင်ရန် USCIS ထံသို့ လျှောက်လွှာတင်သွင်းရန် လိုအပ်လာမည်ဖြစ်သောကြောင့်၊ လူဝင်မှုကြီးကြပ်ရေး အခြေအနေ သို့မဟုတ် အလုပ်လုပ်ပိုင်ခွင့်များ ပြတ်တောက်မှုမရှိစေရန်အတွက် J-1 အစီအစဉ် သက်တမ်းမကုန်ဆုံးမီ OIS သို့ J-1 သက်တမ်းတိုး တောင်းဆိုမှုအားလုံးကို ကြိုတင်၍ အချိန်မီ ပေးပို့ရန် အလွန်ပင် အရေးကြီးပါသည်။

ကျေးဇူးတင်ပါတယ်ရှင့်

https://www.ois.pitt.edu/ds-final-rule

The final Duration of Status rule was published Friday, July 17, 2026, and will become effective September 15, 2026, unless litigation or a Congressional review occurs. OIS will update this page as soon as we have fully analyzed the entire rule, and will also send information via email to affected p...

ကနေဒါ တောမီး ကျွန်မနေထိုင်ရာ Pittsburgh မြို့မှာ အပူချိန် တလပြီးတလ မြင့်တက်လာနေပါတယ်။ ဒီတပါတ် ကနေဒါနိုင်ငံမှာ ရာသီဥတု ပူ...
07/17/2026

ကနေဒါ တောမီး
ကျွန်မနေထိုင်ရာ Pittsburgh မြို့မှာ အပူချိန် တလပြီးတလ မြင့်တက်လာနေပါတယ်။

ဒီတပါတ် ကနေဒါနိုင်ငံမှာ ရာသီဥတု ပူပြင်းခြောက်သွေ့ပြီး လေတိုက်နှုန်း ပြင်းထန်နေလို့ နိုင်ငံတစ်ဝှမ်းလုံးမှာ တောမီးပေါင်း ၈၅၀ ကျော် တိုက်ရိုက်လောင်ကျွမ်းနေပြီး အဲဒီအထဲက ဧက၇၀၀ ကျော်ကတော့ ထိန်းချုပ်ရခက်ခဲနေဆဲ (Out of Control) လို့ ဆိုပါတယ်။

အဆိုးရွားဆုံး ခံနေရတဲ့ နေရာကတော့ အွန်တေရီယိုပြည်နယ် အနောက် မြောက်ပိုင်း (Northwestern Ontario) ဖြစ်ပါတယ်။

2370 မိုင် အဝေးက တောမီးရဲ့သက်ရောက်မှုက ကျွန်မတို့ Pittsburghမြို့ တမြို့လုံးကို မီးခိုးတွေ ဖုံးလွှမ်းနေစေပါတယ်။

မဆန်းပါဘူးလေ လူသားတွေ ပေးတဲ့ဒုက္ခကို လူသားတွေ ပြန်ခံစားနေရတာပါပဲ။ သဘာဝတရားကြီးကတော့ တူသောအကျိုးကို ပြနေလေရော့သလား....

မီးခိုးတွေ ဖုံးနေတဲ့ ကောင်းကင်ကြီးကို ကြည့်ပြီး Pittsburgh မှာ ကြီးပြင်းလာကြတဲ့ အသက်၈၀ဝန်းကျင် လူကြီးတွေတော့ ၂၀ရာစု အစောပိုင်းကာလ သံမဏိစက်ရုံများ လည်ပတ်ခဲ့တဲ့ အချိန်တွေ ပြန်မြင်ယောင်လေမည်လား…

ကျေးဇူးတင်ပါတယ်ရှင့်...

Address

Pittsburgh, PA

Website

Alerts

Be the first to know and let us send you an email when Khwar Nyo Pittsburgh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Khwar Nyo Pittsburgh:

Shortcuts

Share