27/12/2025
အင်္ဂလိပ်စာ မတိုးတက်တာဟာ ဉာဏ်မကောင်းလို့ မဟုတ်ဘူး၊ ပါရမီမပါလို့ မဟုတ်ဘူး။ တကယ်တမ်းကျတော့ ကိုယ့်ခေါင်းထဲမှာ စွဲနေတဲ့ "အယူအဆအမှား" (Beliefs) တွေကြောင့် ရှေ့မရောက်တာ။
ဒီအယူအဆတွေက ကိုယ့်ကို တိတ်တိတ်လေး ဖျက်ဆီးနေတာ။ အဲ့ဒါကြောင့် ဒီနေ့တော့ ကိုယ့်တိုးတက်မှုကို အနှောင့်အယှက်ပေးနေတဲ့ အယူအဆအမှား (၈) ခုကို ပြောပြပေးပါမယ်။
၁။ "နားထောင်တာ နားလည်ရင် ပြောတတ်လာလိမ့်မယ်" လို့ ထင်နေခြင်း
ဒါက အဆိုးဆုံး အမှားပဲ။ ဇာတ်ကားတွေကြည့်တယ်၊ နားလည်တယ်၊ ဒါပေမဲ့ ပါးစပ်ဟလိုက်ရင် အာစေးထည့်ထားသလို ဖြစ်သွားရော။ ဘာလို့လဲသိလား။
"နားလည်ခြင်း" (Understanding) နဲ့ "ပြောခြင်း" (Speaking) ဆိုတာ စွမ်းရည် (Skill) နှစ်ခု သပ်သပ်စီမို့လို့ပဲ။
နားထောင်တာက နားကို လေ့ကျင့်ပေးတာ။ စကားပြောချင်ရင် ပါးစပ်ကြွက်သားတွေ၊ လျှာတွေကို လေ့ကျင့်ပေးဖို့ လိုတယ်။ နားထောင်ရုံနဲ့တော့ ပါးစပ်က အလိုလိုပွင့်မလာဘူး။ မှားမှားမှန်မှန် ပါးစပ်က အသံထွက်ပြီး လေ့ကျင့်မှ ရမယ်။
၂။ "စကားလုံးတွေ အများကြီးသိမှ ပြောလို့ရမယ်" လို့ ထင်နေခြင်း
ကော်ဖီဆိုင်မှာ ကော်ဖီမှာဖို့ Vocabulary အလုံး ၁၀၀၀ လောက် သိစရာမလိုဘူး။ "Can I get a flat white?" ဆိုတဲ့ စကားစု (Chunk) တစ်ခုသိရင် ရပြီ။
Sugar ဆိုတာ သကြား၊ Coffee ဆိုတာ ကော်ဖီ... အဲ့လိုလုပ်နေရင် စကားပြောတဲ့အခါ ခေါင်းထဲမှာ ပြန်စီနေရလို့ ကြာနေရော။ အဲ့ဒီအစား "Do you have some sugar?" ဆိုပြီး တခါတည်း တွဲမှတ်လိုက်။ စကားလုံးတွေ အများကြီးသိဖို့ထက် သုံးလို့ရမယ့် စာကြောင်းတိုလေးတွေကို အလွတ်ကျက်ပြီး ထုတ်သုံးတာက ပိုထိရောက်တယ်။
၃။ "Grammar မှန်မှ ပြောမယ်" ဆိုပြီး ကြောက်နေခြင်း
ဒီအချက်က တော်တော်များများကို ဖျက်ဆီးနေတာ။ နိုင်ငံခြားသားနဲ့ စကားပြောတော့မယ်ဆိုရင် ခေါင်းထဲမှာ Present Tense လား၊ Past Perfect လားဆိုပြီး တွေဝေနေကြရော။
မှတ်ထားပါ... ဦးနှောက်က တပြိုင်နက်တည်း အလုပ်နှစ်ခု မလုပ်နိုင်ဘူး။ စကားပြောနေရင်း Grammar စစ်နေရင် စကားက ထစ်သွားပြီ။ အရင်ဆုံး "သူနားလည်ရင် ပြီးတာပဲ" ဆိုတဲ့ စိတ်နဲ့ ပြောချင်တာကို ပြောချလိုက်။ မှားပါစေ၊ ဂရုမစိုက်နဲ့။ Grammar ဆိုတာ နောက်မှ တဖြည်းဖြည်း ပြင်ယူလို့ရတယ်။
၄။ "ငါက ပါရမီမပါဘူး၊ ဉာဏ်မကောင်းဘူး" လို့ ကိုယ့်ကိုယ်ကိုယ် နှိမ်ခြင်း
ငယ်ငယ်က စာသင်ခန်းထဲမှာ အမှားလုပ်မိလို့ ဆရာဆူတာခံရဖူးလား၊ သူငယ်ချင်းတွေ ဝိုင်းရယ်တာ ခံရဖူးလား။ အဲ့ဒီ "ဒဏ်ရာ" (Trauma) တွေက အခုထိ ခြောက်လှန့်နေတာ။
ဘာသာစကားသင်ယူတယ်ဆိုတာ ၇၀% က စိတ်ပညာ (Psychology) နဲ့ဆိုင်ပြီး ၃၀% ပဲ စွမ်းရည်နဲ့ ဆိုင်တာ။ ကိုယ်မတော်တာ မဟုတ်ဘူး၊ ကိုယ့်စိတ်က ကြောက်နေတာ။ အဲ့ဒီကြောက်စိတ်ကို ဖျောက်လိုက်တာနဲ့ အင်္ဂလိပ်စာက တရှိန်ထိုး တက်လာလိမ့်မယ်။
၅။ "Motivation ရှိမှ စာလုပ်မယ်" လို့ စောင့်နေခြင်း
Motivation ဆိုတာ စိတ်ခံစားမှုပဲ။ မိုးလေဝသလိုပဲ ပြောင်းလဲလွယ်တယ်။ ဒီနေ့ စိတ်ပါပေမယ့် မနက်ဖြန် စိတ်ပါချင်မှ ပါမှာ။ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ နေ့တိုင်းလုပ်မယ့် "အစီအစဉ်" (System) တစ်ခု ရှိဖို့လိုတယ်။
သွားတိုက်သလိုပေါ့၊ စိတ်ပါမှ တိုက်တာမဟုတ်ဘူးလေ၊ နေ့တိုင်း လုပ်ရမယ့်အလုပ်မို့ လုပ်တာပဲမလား။ အင်္ဂလိပ်စာကိုလည်း အဲဒီလို သဘောထားလိုက်ပါ။
၆။ "အချိန်မရှိဘူး" လို့ ဆင်ခြေပေးခြင်း
လူကြီးဖြစ်လာရင် အလုပ်တွေရှုပ်တာ အမှန်ပဲ။ ဒါပေမဲ့ အချိန်မရှိတာ မဟုတ်ဘူး၊ ဦးစားပေး (Priority) မလုပ်တာ။ တကယ်တမ်းကျတော့ တစ်နေ့ကို ၁၀ မိနစ်လောက် သေချာအာရုံစိုက်ပြီး (Focused) လေ့ကျင့်တာက၊ ဟိုလုပ်ဒီလုပ်နဲ့ ၁ နာရီလောက် အချိန်ဖြုန်းတာထက် ပိုထိရောက်တယ်။ အချိန်မရှိဘူးလို့ ညည်းနေမယ့်အစား ရှိတဲ့ ၁၀ မိနစ်ကို အကောင်းဆုံး သုံးလိုက်ပါ။
၇။ "Native Speaker လို အသံမထွက်ရင် မပီသဘူး" လို့ ထင်နေခြင်း
အမေရိကန်သံ၊ ဗြိတိန်သံ ထွက်နိုင်ရင် ကောင်းတာပေါ့။ ဒါပေမဲ့ အဲဒါ အဓိက မဟုတ်ဘူး။ အဓိက က "ရှင်းလင်းပြတ်သားဖို့" (Clarity) ပဲ။ ကိုယ့်အသံက မြန်မာသံ ဝဲချင်ဝဲပါစေ၊ တဖက်လူ နားလည်ရင် အောင်မြင်ပြီ။ Accent ဆိုတာ ကိုယ့်ရဲ့ Identity ပဲ။ ကိုယ့်ဇာတ်ကြောင်းပဲ။ အဲဒါကို ရှက်စရာလို့ မမြင်ပါနဲ့။ ရှင်းရှင်းလင်းလင်း ပြောတတ်ဖို့ကိုသာ အဓိကထားပါ။
၈။ "အသက်ကြီးမှ စာလုပ်ရင် မတတ်တော့ဘူး" လို့ ထင်နေခြင်း
"ငါ့အသက် ၄၀ ကျော်ပြီ၊ ၅၀ ကျော်ပြီ... ခေါင်းမကောင်းတော့ဘူး" ဆိုတာ ဆင်ခြေသက်သက်ပါပဲ။
ကလေးတွေက ဘာလို့မြန်မြန်တတ်လဲသိလား။ သူတို့မှာ "ငါမှားရင် သူများဘာထင်မလဲ" ဆိုတဲ့ အရှက်မရှိလို့၊ ကိုယ့်ကိုယ်ကိုယ် ဝေဖန်တဲ့စိတ် (Self-judgment) မရှိလို့ မြန်မြန်တတ်တာ။
လူကြီးတွေက ကိုယ့်ကိုယ်ကိုယ် အရမ်းဝေဖန်လွန်းလို့ နှေးနေတာ။ အသက်အရွယ်က ပြဿနာမဟုတ်ပါဘူး။
ဒီ (၈) ချက်ထဲက ကိုယ်နဲ့ငြိနေတဲ့ အချက်တွေ ရှိလား။ ရှိရင် ဒီနေ့ကစပြီး အဲဒီအယူအဆတွေကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်တော့။ ၂၀၂၆ မှာ အင်္ဂလိပ်စာ ပိုင်ပိုင်နိုင်နိုင် ပြောတတ်ဖို့ အခုကစပြီး ပြင်ဆင်ကြစို့။