27/03/2026
“ကြောက်ရွံ့ခြင်းဝါဒ” မှသည် “အတူယှဉ်တွဲနေထိုင်ရေးမူဝါဒ” ဆီသို့....... ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများမှတစ်ဆင့် ထိုင်းအစိုးရနှင့် ထိုင်းလူမှုအဖွဲ့အစည်းများထံသို့ ပေးပို့သော သတင်းစကား
“ရွှေ့ပြောင်းအလုပ်သမား ညီအစ်ကို မောင်နှမများသည် ကြောက်ရွံ့မှုအခြေခံပေါ်တွင် နေထိုင်လာခဲ့ကြသည်မှာ ကြာမြင့်လှပြီဖြစ်ပြီး၊ ယနေ့တွင် ထိုကြောက်ရွံ့မှုများက ပိုမိုအတည်ပြုတိုးပွားလာနေပါသည်။ ထို့ကြောင့် ယနေ့တွင် လူ့အဖွဲ့အစည်းအနေဖြင့် ပြဿနာများကို အတူတကွကြားသိနားလည်ပြီး သတိပြုမိစေရန် ကိုယ်စားပြုအသံလွှင့်ထုတ်ခွင့် တောင်းခံအပ်ပါသည်။”
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များကို တင်ပြရာတွင် “အမှန်တရား” နှင့် “မူဝါဒပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု” ထက် “စိုးရိမ်ပူပန်မှု” နှင့် “လုံခြုံရေး” ဘောင်အတွင်းမှသာ တင်ပြလေ့ရှိကြပါသည်။
ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်အကိုင်များကို လုယူသည်၊ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေးများကို လုယူသည် သို့မဟုတ် ပညာရေးအခွင့်အလမ်းများကို လုယူသည်ဆိုသည့် ဝါဒဖြန့်မှုများသည် လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းအချို့တွင် အယူအဆမှားများ ဖြစ်ပေါ်လာသည်အထိ ထပ်တလဲလဲ ပြောဆိုခြင်း ခံနေရပါသည်။ အမှန်စင်စစ် လက်တွေ့အထောက်အထားများမှာ ထိုထက်မက ပိုမိုနက်ရှိုင်းရှုပ်ထွေးလှပါသည်။ ဤဆောင်းပါးသည် စိတ်ခံစားချက်ဖြင့် တုံ့ပြန်ငြင်းခုံရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ၊ ထိုင်းနိုင်ငံအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များကို တိကျခိုင်မာသည့် မူဝါဒဘောင်များမရှိဘဲ နိုင်ငံရေးဝါဒဖြန့်မှုများ၏ လွှမ်းမိုးမှုကို ဆက်လက်ခွင့်ပြုနေမည်ဆိုပါက ရေရှည်တွင် “စီးပွားရေးအခွင့်အလမ်းများ” နှင့် “လူမှုရေးတည်ငြိမ်မှုများ” ဆုံးရှုံးသွားလိမ့်မည်ဖြစ်ကြောင်း အကြံပြုလိုခြင်းသာ ဖြစ်ပါသည်။
၁။ ဖွဲ့စည်းပုံဆိုင်ရာ အမှန်တရား
ထိုင်းနိုင်ငံသည် ရွှေ့ပြောင်းအလုပ်သမားများအပေါ် “မှီခိုနေရပြီ” ဖြစ်သည်။ ထိုင်းနိုင်ငံသည် သက်ကြီးရွယ်အိုလူ့အဖွဲ့အစည်းသို့ လျင်မြန်စွာ ကူးပြောင်းနေပြီး ကလေးမွေးဖွားနှုန်းမှာလည်း ဆက်တိုက်လျော့နည်းနေပါသည်။ ထို့ကြောင့် ကဏ္ဍအသီးသီးတွင် လုပ်သားအင်အား လျော့နည်းလာနေပါသည်။
ထို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားများသည် “ရွေးချယ်စရာ” မျှသာမဟုတ်ဘဲ ထိုင်းစီးပွားရေးစနစ်၏ “ဖွဲ့စည်းပုံဆိုင်ရာ အစိတ်အပိုင်းတစ်ခု” ဖြစ်လာပါသည်။ အထူးသဖြင့် ကုန်ထုတ်လုပ်မှု၊ ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် ဖြစ်ပါသည်။ မူဝါဒဆိုင်ရာ မေးခွန်းမှာ “ရွှေ့ပြောင်းအလုပ်သမားများကို လက်ခံမည်လား၊ လက်မခံဘူးလား” ဆိုသည်မဟုတ်ဘဲ “ရွှေ့ပြောင်းအလုပ်သမားများကို အကျိုးအရှိဆုံးဖြစ်အောင်နှင့် ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်အောင် မည်သို့စီမံခန့်ခွဲမလဲ” ဆိုသည်သာ ဖြစ်သင့်ပါသည်။
၂။ မူဝါဒပိုင်းဆိုင်ရာ ဟာကွက်များ
“လိုအပ်ချက်” နှင့် “စီမံခန့်ခွဲမှု” မကိုက်ညီခြင်း။
ထိုင်းနိုင်ငံသည် ရွှေ့ပြောင်းအလုပ်သမားများအပေါ် မြင့်မားစွာမှီခိုနေရသော်လည်း မူဝါဒစနစ်မှာ ပြန့်ကျဲနေပြီး ဌာနဆိုင်ရာအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှု အားနည်းနေသကဲ့သို့ မရေရာမှုများလည်း များပြားနေပါသည်။ အဓိကပြဿနာများမှာ - ရှုပ်ထွေးပြီး ခဏခဏပြောင်းလဲနေသည့် အလုပ်သမားမှတ်ပုံတင်စနစ် - ပွဲစားများအပေါ် မှီခိုနေရခြင်းကြောင့် အမြတ်ထုတ်မှုများ ဖြစ်ပေါ်စေပါသည်။ အလုပ်သမားတစ်ဦးလျှင် အကြိမ်တိုင်း မှတ်ပုံတင်ခ ဘတ် ၂ သောင်းမှ ၃ သောင်းအထိ ကုန်ကျနေပါသည်။ အကြောင်းမှာ E-Work Permit စနစ်သည် တည်ငြိမ်မှုမရှိဘဲ ပွဲစားများနှင့် အကျင့်ပျက်ဝန်ထမ်းအချို့အတွက်သာအကျိုးအမြတ်များစွာ ရရှိစေသောကြောင့် ဖြစ်ပါသည်။ အခြေခံအခွင့်အရေးများ မညီမျှခြင်း - စနစ်အတွင်း ရောက်ရှိနေသော်လည်း အခွင့်အရေးမရရှိခြင်းနှင့် ရွှေ့ပြောင်းအလုပ်သမားကလေးငယ်များ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆင့်အတန်း (Status) ကိစ္စများ ကျန်ရစ်နေခြင်းတို့ ဖြစ်ပါသည်။ ဤဟာကွက်များသည် ရွှေ့ပြောင်းအလုပ်သမားများကိုသာမကဘဲ အလုပ်သမားစျေးကွက်၏ စွမ်းဆောင်ရည်နှင့် နိုင်ငံတကာစင်မြင့်ထက်ရှိ ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေပါသည်။
၃။ အမျိုးသားရေးဝါဒဖြန့်မှု၏ သက်ရောက်မှု
ရှေ့မဆက်နိုင်သော မူဝါဒများ။ မပြည့်စုံသော အချက်အလက်များကို အသုံးပြု၍ အမျိုးသားရေးဝါဒကို လှုံ့ဆော်ခြင်းသည် စနစ်တကျ ခွဲခြမ်းစိတ်ဖြာဆန်းစစ်မှုများ အားနည်းစေပါသည်။ ရလဒ်အနေဖြင့် - ရွှေ့ပြောင်းအလုပ်သမားနှင့် ပတ်သက်သည့် မူဝါဒများတွင် “နိုင်ငံရေးအရ ပေးဆပ်ရမှု” မြင့်မားလာပါသည်။
အစိုးရဌာနများသည် ဆုံးဖြတ်ချက်ချရန် တွန့်ဆုတ်လာကြပါသည်။ နိုင်ငံရေးပါတီများသည် စနစ်တကျ ဖြေရှင်းမည့်နည်းလမ်းများကို တင်ပြရန် ရှောင်လွှဲလာကြပါသည်။ အကျိုးဆက်မှာ ထိုင်းနိုင်ငံသည် “ရေရှည်စီမံခန့်ခွဲမှုစနစ်” ကို ဖော်ဆောင်မည့်အစား “လက်ငင်းပြဿနာကိုသာ လိုက်လံဖြေရှင်းနေရသည့် သံသရာ” ထဲတွင် ပိတ်မိနေခြင်း ဖြစ်ပါသည်။
၄။ မူဝါဒဆိုင်ရာ အဆိုပြုချက်များ
ထိန်းချုပ်ခြင်းမှသည် စနစ်တကျ စီမံခန့်ခွဲခြင်းဆီသို့။
ထိုင်းနိုင်ငံအနေဖြင့် ယခင်အတားအဆီးများကို ကျော်လွှားနိုင်ရန် အောက်ပါ အဓိကကဏ္ဍ (၄) ခုတွင် မူဝါဒများကို ပြုပြင်ပြောင်းလဲရန် လိုအပ်ပါသည်။
၄.၁ ရွှေ့ပြောင်းအလုပ်သမားစီမံခန့်ခွဲမှုစနစ်ကို ပြုပြင်ပြောင်းလဲခြင်း - မှတ်ပုံတင်စနစ်ကို ပွင့်လင်းမြင်သာစေပြီး အလွယ်တကူ လက်လှမ်းမီနိုင်အောင် ဆောင်ရွက်ခြင်း၊ တရားမဝင်ပွဲစားများ၏ အခန်းကဏ္ဍကို လျှော့ချပြီး ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြု၍ အချက်အလက်များကို စနစ်တကျ စီမံခန့်ခွဲခြင်း။
၄.၂ အလုပ်သမားအခွင့်အရေးများကို တန်းတူညီမျှ အကာအကွယ်ပေးခြင်း - အလုပ်သမားဥပဒေကို ခွဲခြားမှုမရှိဘဲ ထိရောက်စွာ ကျင့်သုံးခြင်း၊ လူမှုဖူလုံရေးနှင့် အခြေခံလူမှုစောင့်ရှောက်မှုများကို တိုးချဲ့ပေးခြင်းနှင့် ဘေးကင်းလုံခြုံသည့် တိုင်ကြားမှုယန္တရားများကို ဖော်ဆောင်ခြင်း။
၄.၃ ရွှေ့ပြောင်းကလေးငယ်များ၏ အဆင့်အတန်းနှင့် ပညာရေးကို စီမံခန့်ခွဲခြင်း - ခွဲခြားမှုမရှိဘဲ အရည်အသွေးရှိသော ပညာရေးအခွင့်အရေးကို အသိအမှတ်ပြုခြင်း၊ ထိုင်းနိုင်ငံတွင် မွေးဖွားသော ကလေးငယ်များအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆင့်အတန်း အသိအမှတ်ပြုရေး ယန္တရားကို ဖော်ဆောင်ခြင်း။
၄.၄ ပြည်သူ့ဆက်သွယ်ရေးနှင့် လူမှုရေးဆိုင်ရာ ခုခံအားတည်ဆောက်ခြင်း - အမှန်တရားနှင့် အထောက်အထားခိုင်လုံသည့် အချက်အလက်များကို ထုတ်ပြန်ပေးခြင်း၊ ပြည်သူများ၏ မီဒီယာဗဟုသုတကို မြှင့်တင်ပေးခြင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ နားလည်မှုတည်ဆောက်ခြင်းကို ပံ့ပိုးပေးခြင်း။
၅။ ထိုင်းလူ့အဖွဲ့အစည်း၏ ရွေးချယ်မှု
ကျွန်ုပ်တို့သည် “ကြောက်ရွံ့မှု” နှင့် နေထိုင်မလား သို့မဟုတ် “အမှန်တရား” နှင့် နေထိုင်မလား?
ရွှေ့ပြောင်းအလုပ်သမားများသည် ခေတ္တခဏဖြစ်ပေါ်လာသည့် ဖြစ်စဉ်တစ်ခုမဟုတ်ဘဲ ထိုင်းနိုင်ငံအနာဂတ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။
ဤအမှန်တရားကို ငြင်းပယ်ခြင်းသည် စီးပွားရေးအားနည်းမှုနှင့် လူမှုရေးပဋိပက္ခများဆီသို့သာ ဦးတည်သွားပါလိမ့်မည်။ အပြန်အလှန်အားဖြင့် လက်ခံနားလည်ပြီး စနစ်တကျစီမံခန့်ခွဲခြင်းသည် ခံနိုင်ရည်ရှိသည့်၊ တရားမျှတသည့်အပြင် ရေရှည်ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လူ့အဖွဲ့အစည်းကို ဖော်ဆောင်နိုင်ပါလိမ့်မည်။
နိဂုံးချုပ်အနေဖြင့်...
အဓိကကျသော မေးခွန်းမှာ “ရွှေ့ပြောင်းအလုပ်သမားများထံမှ နိုင်ငံကို မည်သို့ကာကွယ်မည်နည်း” ဆိုသည်မဟုတ်ဘဲ “မတူကွဲပြားမှုများကြားတွင် ဂုဏ်သိက္ခာရှိရှိနှင့် ရေရှည်တည်တံ့စွာ မည်သို့အတူယှဉ်တွဲနေထိုင်မလဲ” ဆိုသည်သာ ဖြစ်ပါသည်။ အကြောင်းမှာကောင်းမွန်သော မူဝါဒဆိုသည်မှာ အကျယ်လောင်ဆုံးအသံမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ လူ့အဖွဲ့အစည်း၏ အမှန်တရားကို အနက်ရှိုင်းဆုံး နားလည်မှုမှသာ ထွက်ပေါ်လာခြင်းကြောင့် ဖြစ်ပါသည်။ ယနေ့ထိုင်းနိုင်ငံသည် ပထမအချက်ထက် ဒုတိယအချက်ကို ပိုမိုလိုအပ်နေသည်မှာ ထင်ရှားလှပါသည်။
ကျေးဇူးတင်စွာဖြင့်၊
LungTun Lpn
Sompong Srakaew (ဆွန်ဖွန်း စရာကယောက်)
၂၇/၀၃/၂၀၂၆
စိုးမင်းအောင်(ထိုင်း/မြန်မာဘာသာပြန်)
27/03/2026
“ကျွန်တော်တို့ဟာ လုယူဖို့လာတာမဟုတ်ပါဘူး၊ ဖြည့်ဆည်းပေးဖို့ လာတာပါ”
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ တည်ရှိမှုအပေါ် အမျိုးသားရေးဝါဒဖြင့် မေးခွန်းထုတ်နေကြသူများထံသို့ ပေးပို့သော အသံလွှာ။ သင်တို့ပြောနေတာတွေကို ကျွန်တော်တို့ ကြားပါတယ်။ သင်တို့ စိုးရိမ်နေတာတွေကိုလည်း ကျွန်တော်တို့ မြင်ပါတယ်။ အချို့သူတွေရဲ့ အမြင်မှာ ကျွန်တော်တို့ဟာ “လူမှုပတ်ဝန်းကျင်ရဲ့ အစိတ်အပိုင်းတစ်ခု” မဟုတ်ဘဲ “ပြဿနာတစ်ခု” အဖြစ် ရှုမြင်ခံနေရတာကိုလည်း ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့ဟာ အလုပ်အကိုင်တွေကို လုယူတယ်၊ အခွင့်အရေးတွေကို လုယူတယ်၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်၊ တစ်ခါတလေမှာတော့ ကျွန်တော်တို့ဟာ ဒီမှာ မရှိသင့်တဲ့သူတွေလို့တောင် သင်တို့ ပြောကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အသံကိုလည်း နည်းနည်းလောက် နားထောင်ပေးစေလိုပါတယ်။ ကျွန်တော်တို့ဟာ တစ်ပါးသူရဲ့ အခွင့်အရေးကို လုယူချင်လို့ “နယ်စပ်ဖြတ်ကျော်” ဖို့ မနက်မိုးလင်းတာနဲ့ ဆုံးဖြတ်ခဲ့ကြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ မတတ်သာတဲ့ အခြေအနေတွေ၊ ဆင်းရဲမွဲတေမှုတွေ၊ မလုံခြုံမှုတွေနဲ့ မိခင်နိုင်ငံမှာ အခွင့်အရေး မရှိတာတွေကြောင့် ဒီလမ်းကို ရွေးချယ်ခဲ့ကြရတာပါ။ ထိုင်းနိုင်ငံဟာ ကျွန်တော်တို့အတွက် ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခုကို ပေးစွမ်းနိုင်တဲ့နေရာ ဖြစ်ပါတယ်၊ ပိုမိုလွယ်ကူတဲ့ဘဝကို ပေးတာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ လုပ်ကိုင်နေတဲ့ အလုပ်တွေဟာ ထိုင်းလူမျိုးအများစု “မရွေးချယ်ကြတဲ့အလုပ်” ဒါမှမဟုတ် “လုပ်သားအင်အား မလုံလောက်တဲ့အလုပ်” တွေ ဖြစ်ပါတယ်။ ငါးဖမ်းလှေတွေ၊ စက်ရုံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ စိုက်ပျိုးရေး၊ အိမ်အကူနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ စတာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပင်ပန်းတဲ့၊ စွန့်စားရတဲ့၊ အန္တရာယ်ရှိတဲ့၊ ညစ်ပတ်တဲ့အလုပ်တွေကို လုပ်ကိုင်နေကြရပြီး တစ်ခါတလေမှာတော့ ဘယ်သူ့ရဲ့ အသိအမှတ်ပြုမှုကိုမှ မရရှိကြပါဘူး။ တကယ်လို့ တစ်နေ့မှာ ကျွန်တော်တို့အားလုံး ပျောက်ကွယ်သွားမယ်ဆိုရင် စီးပွားရေးဟာ အရင်အတိုင်း ပုံမှန်လည်ပတ်နိုင်မယ်လို့ သင်တို့ သေချာပါသလား?
ကျွန်တော်တို့ဟာ ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အရေးတွေကို လုယူနေတယ်လို့ သင်တို့ ပြောကြပါတယ်။ ဒါပေမဲ့ အမှန်တရားကတော့ ကျွန်တော်တို့ထဲက အများအပြားဟာ ကျန်းမာရေးအာမခံစနစ်ထဲကို ကိုယ်ပိုင်ငွေတွေ ထည့်ဝင်နေကြရတာပါ။ အချို့က ငွေပေးထားပေမဲ့ အခွင့်အရေးမရကြသလို၊ အချို့ကတော့ ဖမ်းဆီးခံရမှာ ဒါမှမဟုတ် ခွဲခြားဆက်ဆံခံရမှာကို ကြောက်လို့ ဖျားနာနေရင်တောင် ဆေးရုံမသွားရဲကြပါဘူး။ ကျွန်တော်တို့ဟာ ပညာရေးအခွင့်အရေးတွေကို လုယူနေတယ်လို့ သင်တို့ ပြောကြပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကလေးတွေဟာလည်း ကလေးတွေပါပဲ။ စာတတ်ချင်ကြတယ်၊ သူတို့ရဲ့ မိဘတွေထက် ပိုကောင်းတဲ့ အနာဂတ်ကို ရချင်ကြတယ်၊ ဒါဟာ ထိုင်းကလေးငယ်တွေလိုပဲ လူသားဆန်တဲ့ အခြေခံလိုအပ်ချက်တွေပါ။ ကလေးတစ်ယောက် ကျောင်းတက်ခွင့်ရတာဟာ နောက်ထပ်ကလေးတစ်ယောက်ရဲ့ “အခွင့်အရေးကို ဆုံးရှုံးစေတာ” မဟုတ်ပါဘူး။
ကလေးတစ်ယောက်ကို ပညာရေးစနစ်ထဲကနေ ဖယ်ထုတ်ထားခြင်းကသာ ရေရှည်မှာ လူ့အဖွဲ့အစည်းအတွက် ပြဿနာဖြစ်စေတာပါ။ ကျွန်တော်တို့ အလုပ်အကိုင်တွေ လုယူတယ်လို့ သင်တို့ ပြောကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ကျွန်တော်တို့ဟာ ထိုင်းနိုင်ငံရဲ့ အလုပ်သမား ရှားပါးနေတဲ့ စီးပွားရေးကဏ္ဍတွေကို ဝိုင်းဝန်းပံ့ပိုးပေးနေကြတာပါ။ ထိုင်းလူ့အဖွဲ့အစည်းဟာ သက်ကြီးရွယ်အို ပိုမိုများပြားလာပြီး ကလေးမွေးဖွားနှုန်း လျော့နည်းလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့ဟာ အစားထိုးဖို့ လာတာမဟုတ်ပါဘူး။ ပိုမိုကျယ်ပြန့်လာတဲ့ ဟာကွက်တွေကို ဖြည့်ဆည်းပေးဖို့ လာတာပါ။ သင်တို့ ပန်းခြံထဲကို သွားတဲ့အခါ မရင်းနှီးတဲ့ ဘာသာစကားတွေကို ကြားရလို့ “မိမိတို့ရဲ့ နေရာ” ပြောင်းလဲသွားပြီလို့ ခံစားရတာကိုလည်း ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကိုလည်း နည်းနည်းလောက် နားလည်ပေးကြပါ။ အဲဒီနေရာဟာ ကျွန်တော်တို့ပိုင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ လူသားတစ်ယောက်အနေနဲ့ ဒီလူ့အဖွဲ့အစည်းမှာ “ရပ်တည်ခွင့်လေးတစ်ခု” တော့ ရချင်ပါတယ်။ ကျွန်တော်တို့ မေးခွန်းထုတ်ချင်တာက သင်တို့ရဲ့ မျိုးချစ်စိတ်ဓာတ်ကို မဟုတ်ပါဘူး။
ဒါပေမဲ့ ဘာကြောင့် မျိုးချစ်စိတ်ဓာတ်ဟာ တခြားသူတွေကို တွန်းထုတ်ပစ်တာနဲ့အတူ ယှဉ်တွဲနေရတာလဲ?
ဘာကြောင့် “ကာကွယ်စောင့်ရှောက်ခြင်း” ဆိုတဲ့ စကားလုံးကို သုံးတဲ့အခါ “အတူတကွ ရှင်သန်နေထိုင်ခြင်း” အကြောင်းကို ထည့်သွင်းမပြောကြတာလဲ?
ပြီးတော့ ကျွန်တော်တို့အကြောင်းကို အကျယ်လောင်ဆုံး ပြောနေတဲ့သူတွေဟာ ထိုင်းနိုင်ငံနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တရားမျှတစွာနဲ့ ရေရှည်ဘယ်လို အတူယှဉ်တွဲ နေထိုင်မလဲဆိုတဲ့ အဖြေကို ဘာကြောင့် မဖော်ထုတ်ပေးကြတာလဲ? ကျွန်တော်တို့ဟာ အထူးအခွင့်အရေးတွေကို မတောင်းဆိုပါဘူး။ အခြေခံအခွင့်အရေးတွေ၊ တရားမျှတမှုနဲ့ “လူသားတစ်ယောက်” အဖြစ် အသိအမှတ်ပြုခံရမှုကိုပဲ လိုလားပါတယ်။
ဘာကြောင့်လဲဆိုတော့ နောက်ဆုံးမှာတော့
ခိုင်မာတဲ့ လူ့အဖွဲ့အစည်းဆိုတာ နိုင်ငံခြားသား မရှိတဲ့အဖွဲ့အစည်း မဟုတ်ဘဲ၊ ကြောက်ရွံ့မှုတွေနဲ့ ရန်သူမဖန်တီးဘဲ မတူကွဲပြားမှုတွေကြားမှာ အတူတကွ ရှင်သန်နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းသာ ဖြစ်လို့ပါ။
တကယ်လို့ တစ်နေ့မှာ သင်တို့ ကျွန်တော်တို့ရဲ့ အသံကို စိတ်ရင်းနဲ့ နားထောင်ပေးခဲ့မယ်ဆိုရင်...
ကျွန်တော်တို့ဟာ “ခြိမ်းခြောက်မှု” မဟုတ်ဘဲ၊ တစ်မြေတည်းတစ်ရေတည်းမှာ ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေကြတဲ့ ဇာတ်လမ်းတစ်ခုတည်းရဲ့ အစိတ်အပိုင်းတွေဆိုတာကို သင်တို့ တွေ့ရှိလာပါလိမ့်မယ်။
ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားများ၏အသံ
(Voices from Migrant Workers in Thailand)
မေတ္တာနှင့် ငြိမ်းချမ်းရေးအတွက်။
LungTun Lpn
Sompong Srakaew (ဆွန်ဖွန်း စရာကယောက်)
၂၇/၀၃/၂၀၂၆
စိုးမင်းအောင်(ထိုင်း/မြန်မာဘာသာပြန်)
12/03/2026
ဟန်ပြအမျိုးသားရေးဝါဒနှင့် “ရွှေ့ပြောင်းလုပ်သားများအပေါ် ငွေညှစ်သည့် စီးပွားရေးလုပ်ငန်း”
“ထိုင်းလူမျိုးတို့၏ ဂုဏ်သိက္ခာကို ဆယ်တင်ခြင်း” ဟူသော စကားရပ်အား အာဏာပိုင်မဟုတ်သူများက အကျိုးစီးပွားအတွက် အသုံးချလာခြင်း
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ထိုင်းလူ့အဖွဲ့အစည်းတွင် စိုးရိမ်ဖွယ်ရာ ဖြစ်ရပ်တစ်ခု ပိုမိုထင်ရှားလာသည်။ ၎င်းမှာ အမျိုးသားရေးဝါဒကို အကြောင်းပြ၍ အကြမ်းဖက်မှုများကို တရားနည်းလမ်းကျသယောင် ဖန်တီးကာ ရွှေ့ပြောင်းလုပ်သားများထံမှ အကျိုးအမြတ် ထုတ်ယူနေခြင်း ဖြစ်သည်။ မတ်လအစောပိုင်းက ချွန်ဘူရီခရိုင်တွင် ကရင်တိုင်းရင်းသားတစ်ဦး အုပ်စုဖွဲ့ ထိုးနှက်တိုက်ခိုက်ခံရသည့် ဖြစ်ရပ်မှာ ယင်း၏ ထင်ရှားသော သာဓကတစ်ခုဖြစ်သည်။ အဆိုပါ ဖြစ်ရပ်တွင် လူတစ်စုသည် တရားမဝင် ရွှေ့ပြောင်းလုပ်သားဖြစ်သည်ဟု စွပ်စွဲကာ “ထိုင်းလူမျိုးတို့၏ ဂုဏ်သိက္ခာကို ဆယ်တင်သည်” ဟူသော အကြောင်းပြချက်ဖြင့် ထိုသူအား ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် အချက်အလက်များအရ ထိခိုက်ခံရသူမှာ ရွှေ့ပြောင်းလုပ်သားမဟုတ်ဘဲ ထိုင်းနိုင်ငံတွင် မွေးဖွားကြီးပြင်းပြီး မှတ်ပုံတင်စာရင်းသွင်းရန် လုပ်ဆောင်နေသည့် တိုင်းရင်းသားတစ်ဦးသာ ဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် ကျူးလွန်သူများသည် ထိုသူ့ထံမှ ငွေကြေးတောင်းခံရန် ကြိုးပမ်းခဲ့သည့် စွပ်စွဲချက်များလည်း ရှိနေသည်။ အဓိကမေးခွန်းမှာ “မည်သူက စတင်ရန်စသနည်း” ဆိုသည်ထက် ပိုမိုနက်ရှိုင်းသည့်အချက် ဖြစ်သည်။ ၎င်းမှာ “ထိုင်းလူမျိုးကို ကာကွယ်မည်” ဟူသော ကြွေးကြော်သံသည် နိုင်ငံ၏ဂုဏ်သိက္ခာကို အမှန်တကယ် ကာကွယ်နေခြင်းလော သို့မဟုတ် “ရွှေ့ပြောင်းလုပ်သားများထံမှ လာဘ်ငွေညှစ်သည့် စီးပွားရေးလုပ်ငန်း” အတွက် ကိရိယာတစ်ခုအဖြစ် အသုံးချခံနေရခြင်းလော ဆိုသည့် အချက်ပင်ဖြစ်သည်။ အမျိုးသားရေးဝါဒသည် အာဏာပြရာ ကိရိယာဖြစ်လာသောအခါ ထိုင်းနိုင်ငံ၏ နေရာအတော်များများတွင် အစိုးရက တရားမဝင်လုပ်သားပြဿနာကို ထိရောက်စွာ မဖြေရှင်းနိုင်ဟု အကြောင်းပြကာ မိမိဘာသာ စစ်ဆေးရေးအဖွဲ့ဟု အမည်တပ်ထားသည့် လူစုများ ပေါ်ပေါက်လာသည်။ ၎င်းတို့သည် ရွှေ့ပြောင်းလုပ်သားများရှိရာ ဈေးများ၊ လူနေရပ်ကွက်များနှင့် လုပ်ငန်းခွင်များသို့ သွားရောက်ကာ ခြိမ်းခြောက်စစ်ဆေးခြင်း၊ ဗီဒီယိုရိုက်ကူး၍ လူမှုကွန်ရက်ပေါ် တင်ခြင်းများ ပြုလုပ်လေ့ရှိသည်။ အပြင်ပန်းကြည့်လျှင် ထိုင်းလူမျိုးတို့၏ အကျိုးစီးပွားကို ကာကွယ်နေသယောင် ရှိသော်လည်း အခြားတစ်ဖက်တွင်မူ ၎င်းသည် စစ်ဆေးမည့်သူမရှိဘဲ အားနည်းသည့် လုပ်သားထုကို နှိပ်ကွပ်နိုင်သည့် “ဥပဒေပြင်ပ အာဏာစနစ်” တစ်ခုကို တည်ဆောက်နေခြင်း ဖြစ်သည်။ အချို့ဖြစ်ရပ်များတွင် ယင်းစစ်ဆေးမှုများသည် ငွေညှစ်ရန် လမ်းစများသာ ဖြစ်နေတတ်သည်။ အားနည်းချက်ကို ဝင်ငွေအရင်းအမြစ်အဖြစ် ပြောင်းလဲခြင်း ရွှေ့ပြောင်းလုပ်သား စီမံခန့်ခွဲမှုစနစ်၏ အားနည်းချက်များ၊ ရှုပ်ထွေးသည့် လုပ်ငန်းစဉ်များနှင့် ကုန်ကျစရိတ် မြင့်မားမှုတို့ကြောင့် လုပ်သားအများစုမှာ ဥပဒေကြောင်းအရ မရေရာသည့် အခြေအနေတွင် ရှိနေကြသည်။ ယင်းအချက်သည် နယ်စပ်ဖြတ်ကျော်ချိန်မှစ၍ လုပ်ငန်းခွင်အထိ ငွေညှစ်သူတို့အတွက် ပစ်မှတ်ကောင်းများ ဖြစ်လာစေသည်။ အချို့နေရာများတွင် အဖမ်းအဆီးမခံရစေရန် လစဉ်ကြေး ပေးဆောင်ရသည့် စနစ်များပင် ရှိနေသည်။ ဤသို့ဖြင့် ရွှေ့ပြောင်းလုပ်သားများသည် အုပ်စုအချို့အတွက် “တရားမဝင် ဝင်ငွေရလမ်း” ဖြစ်လာပြီးနောက်တွင်မူ ၎င်းသည် စနစ်တကျ လည်ပတ်နေသည့် ” (Labet-ngway) ခေါ် လာဘ်ငွေညှစ်သည့် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အသွင်ပြောင်းသွားတော့သည်။
အမျိုးသားရေးအမည်ခံ အဓမ္မတရားစီရင်မှု
“ထိုင်းလူမျိုးတို့၏ အလုပ်အကိုင်ကို လုယူသည်” သို့မဟုတ် “ထိုင်းတို့၏ ဂုဏ်သိက္ခာကို စော်ကားသည်” ဟူသော စကားလုံးများသည် ပြည်သူတို့၏ စိတ်ခံစားချက်ကို လှုံ့ဆော်ရန် အားကောင်းလှသည်။ သို့သော် ဥပဒေကြောင်းအရ အာဏာမရှိသူများက ဤစကားရပ်များကို အသုံးပြုလာသောအခါ ၎င်းသည် အကြမ်းဖက်မှုကို လူမှုရေးအရ ခွင့်ပြုချက်ပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး “အမျိုးသားရေးအမည်ခံ အဓမ္မတရားစီရင်မှု” (Vigilantism) များ ပိုမိုကျယ်ပြန့်လာစေသည်။
တရားမျှတမှုနှင့် ဝေးကွာနေရသော လုပ်သားများ
ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေအရ အကာအကွယ်ရပိုင်ခွင့်ရှိသော်လည်း လက်တွေ့တွင် ဘာသာစကား အခက်အခဲနှင့် အဖမ်းခံရမည်ကို စိုးရိမ်ခြင်းတို့ကြောင့် တရားမျှတမှုကို ရှာဖွေရန် ခက်ခဲနေကြသည်။ ထို့ကြောင့် အကြမ်းဖက်ခံရသည့်အခါ တရားစွဲဆိုမည့်အစား ထိုဒေသမှ တိမ်းရှောင်သွားခြင်းကိုသာ ရွေးချယ်ကြလေ့ရှိသည်။ အဖြေရှာခြင်း- လာဘ်ငွေညှစ်သည့်စနစ်ကို ဖျက်သိမ်းရုံနှင့် မလုံလောက် ဤပြဿနာကို ဖြေရှင်းရန်အတွက် ကျူးလွန်သူတစ်ဦးချင်းစီကို အရေးယူရုံဖြင့် မရဘဲ လာဘ်ပေးလာဘ်ယူ စနစ်ကို ထောက်ပံ့နေသည့် ဖွဲ့စည်းပုံယန္တရားတစ်ခုလုံးကို ပြင်ဆင်ရမည်ဖြစ်သည်။ ၎င်းတို့မှာ- အလုပ်သမား တင်သွင်းမှုစနစ်ကို ပွင့်လင်းမြင်သာစေခြင်း။ တာဝန်ရှိသူများ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို လျှော့ချ၍ ဥပဒေအတိုင်း တိကျစွာ ဆောင်ရွက်ခြင်း။ လာဘ်ငွေယူသူများနှင့် အဓမ္မတရားစီရင်သူများကို ပြင်းထန်စွာ အရေးယူခြင်း။ ရွှေ့ပြောင်းလုပ်သားများအပေါ် အမုန်းတရား ပွားများစေမည့် လှုံ့ဆော်မှုများကို လျှော့ချခြင်း။ ထိုင်းလူ့အဖွဲ့အစည်း၏ အနာဂတ်စိန်ခေါ်မှု ထိုင်းနိုင်ငံသည် လူဦးရေအိုမင်းလာပြီး လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရရာ ရေရှည်တွင် ရွှေ့ပြောင်းလုပ်သားမရှိဘဲ စီးပွားရေး လည်ပတ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အဓိကမေးခွန်းမှာ “ရွှေ့ပြောင်းလုပ်သားများ ရှိသင့်သလား” ဆိုသည်မဟုတ်ဘဲ “၎င်းတို့အား လူ့ဂုဏ်သိက္ခာနှင့်အညီ မည်သို့ အကာအကွယ်ပေးမည်နည်း” ဆိုသည်ပင် ဖြစ်သည်။ အမျိုးသားရေးဝါဒကို အကြမ်းဖက်မှုနှင့် ငွေညှစ်မှုအတွက် ဆက်လက်အသုံးချနေခွင့် ပေးထားမည်ဆိုပါက “ထိုင်းလူမျိုးတို့၏ ဂုဏ်သိက္ခာကို ဆယ်တင်ခြင်း” ဆိုသည်မှာ နိုင်ငံကို ကာကွယ်ခြင်းမဟုတ်ဘဲ အာဏာရှိ အုပ်စုအချို့၏ အကျိုးစီးပွားကိုသာ ကာကွယ်နေခြင်း ဖြစ်ပေလိမ့်မည်။ လူသားချင်းစာနာထောက်ထားမှုနှင့် မေတ္တာတရား ကင်းမဲ့နေသော ရှေးရိုးစွဲဝါဒီများ၊ အုပ်စုများနှင့် နိုင်ငံရေးပါတီများစွာ ရှိနေဆဲဖြစ်သော်လည်း လူသားဆန်မှုကိုသာ အထူးယုံကြည်လျက်…
Sompong Sarakaew
LungTun Lpn
၁၂/၀၃/၂၀၂၆
စိုးမင်းအောင်(ထိုင်း/မြန်မာဘာသာပြန်)
06/02/2026
အောက်တွင်မြန်မာစာပါသည်။
หากคุณเป็นคนไทยคนหนึ่ง ผมอยากขอร้องให้อ่านข้อความนี้ให้จบจากใจจริง
ในฐานะชาวเมียนมาคนหนึ่ง ผมอยากเปิดอกพูดคุยถึงความรู้สึกต่อประเด็นแรงงานต่างด้าวที่กำลังร้อนแรงในขณะนี้ มีคนบางกลุ่มโจมตีแรงงานอย่างรุนแรงว่ามาแย่งอาชีพ แย่งทรัพยากร และเป็นภาระต่อภาษีของคนไทย การกล่าวหาแบบเหมารวมเช่นนี้ทำให้พวกเราไม่กล้าพูดความจริงเพราะกลัวจะโดนโจมตีซ้ำ สำหรับผมรู้สึกว่ามันไม่เป็นธรรมต่อแรงงานที่ตั้งใจเข้ามาทำมาหากินทุกคน ผมจึงขอแสดงความคิดเห็นในมุมของคนที่ถูกเหมารวมและถูกดูถูกบ้างครับ
ประการแรก: ผมยอมรับว่าประเทศไทยคือทางออกของชาวเมียนมาในตอนนี้ ทั้งเพื่อหนีจากสงคราม ความอดอยาก และวิกฤตเศรษฐกิจ ประเทศไทยมีบุญคุณต่อพวกเรานับล้านคนมาก เราได้รับความปลอดภัยและงานเพื่อเลี้ยงดูครอบครัว ซึ่งเราสำนึกในจุดนี้เสมอ
ประการที่สอง: สำหรับกลุ่มที่บอกว่าเรามาแย่งทรัพยากร ผมขอชี้แจงว่า "ไม่ใช่ความจริงทั้งหมด" สิ่งที่ประเทศไทยได้รับจากพวกเราคืออะไร? เราคือแรงงานที่อดทนต่อความร้อน งานหนัก งานสกปรก และงานที่เสี่ยงอันตราย งานกรรมกรทุกประเภท งานก่อสร้าง หรืองานที่ต้องใช้พละกำลังที่คนส่วนใหญ่ไม่นิยมทำแล้ว แรงงานเมียนมาคือส่วนสำคัญที่เข้ามาเติมเต็มเพื่อให้เศรษฐกิจไทยขับเคลื่อนต่อไปได้โดยไม่หยุดชะงัก
ประการที่สาม: แรงงานทุกคนต้องจ่ายเงินเพื่อให้ถูกต้องตามกฎหมายตามที่รัฐกำหนดทุกปี หากไม่ทำจะถูกจับกุมและส่งกลับทันที ทุกคนต้องเสียค่าใช้จ่ายให้รัฐบาลไทย ได้แก่:
ค่าใบอนุญาตทำงาน: ไม่น้อยกว่า 900 บาท/คน
ค่าวีซ่า: ไม่น้อยกว่า 500 บาท/คน
ค่าตรวจสุขภาพ: ไม่น้อยกว่า 500 บาท/คน
ค่าประกันสุขภาพ: 990 บาท/คน
เงินสมทบประกันสังคม: หักจากค่าจ้าง 5% ทุกเดือน
เงินจากแรงงานหลายล้านคน คิดเป็นรายได้มหาศาลที่เข้ารัฐและภาคเอกชนไทยในทุกๆ ปี นี่คือความจริงที่เราจ่ายภาษีผ่านระบบเหล่านี้ เราไม่ได้เข้ามาอยู่ฟรีๆ โดยไม่เสียอะไรเลย
ประการที่สี่: ค่าเช่าที่พัก ค่าน้ำ ค่าไฟ อาหาร เสื้อผ้า และของใช้ทุกอย่าง เราต้องซื้อด้วยเงินตัวเองทั้งหมด แม้แต่ตอนเจ็บป่วย หากไม่มีเงินเราก็ไม่ได้รับการรักษาพยาบาลฟรี ความจริงคือเราไม่ได้เป็นภาระด้านสวัสดิการอย่างที่หลายคนเข้าใจ แต่เราคือผู้บริโภคที่ช่วยขับเคลื่อน GDP และสร้างรายได้ให้พ่อค้าแม่ค้าชาวไทยในทุกชุมชน
พวกเราเองก็อยากกลับบ้านเกิด แต่เพราะความกลัวต่อความปลอดภัยในชีวิตจึงต้องทนอยู่ที่นี่ การถูกไล่ด้วยคำพูดรุนแรงว่า "ออกไป ที่นี่ไม่ต้องการ" นั้นสร้างความเจ็บปวดและละอายใจให้เรามาก แต่เราต้องทนเพราะไม่มีทางเลือก อยากให้มองว่าเราคือเพื่อนมนุษย์ที่มาช่วยทำงาน ไม่ใช่ศัตรูที่มาทำลายชาติ
อยากให้เห็นใจกันบ้าง หากใครทำไม่ดีขอให้ลงโทษเป็นรายบุคคลตามกฎหมาย อย่าเหมารวมแรงงานทุกคน และโปรดอย่าใช้ชีวิตของพวกเราเป็นเครื่องมือทางการเมืองเลยครับ
ขอให้ประเทศไทยจงเจริญ 🙏
“ข้อความนี้เขียนเพื่อขอความเข้าใจจากหัวใจมนุษย์คนหนึ่ง”
นายโซ มิน อ่อง
သင်ဟာ ထိုင်းလူမျိုးတစ်ဦးဖြစ်မယ်ဆိုရင်၊ ဒီစာကို အဆုံးထိဖတ်ပေးဖို့ ကျွန်တော် တောင်းဆိုပါရစေ။
ကျွန်တော်ဟာ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ လက်ရှိမှာ အလွန်ပူနွေးနေတဲ့ ရွှေ့ပြောင်းအလုပ်သမားကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပါရစေ။ လူအချို့က ကျွန်တော်တို့ကို အလုပ်လုတယ်၊ သယံဇာတလုတယ်၊ ဝန်ထုပ်ဝန်ပိုးဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် စွပ်စွဲနေကြပါတယ်။ ဒီလို သိမ်းကျုံးစွပ်စွဲမှုတွေကြောင့် မြန်မာအလုပ်သမားတွေဟာ အမှန်တရားကို ထုတ်ပြောဖို့ ကြောက်နေကြရပါတယ်။ အားလုံးနဲ့ရောပြီး အနှိမ်ခံနေရသူတစ်ဦးအနေနဲ့ ကျွန်တော့်အမြင်ကို ပြောပါရစေ။
ပထမအချက် - ထိုင်းနိုင်ငံဟာ မြန်မာတွေအတွက် အသက်ဘေး၊ စစ်ဘေးနဲ့ စီးပွားရေးအကျပ်အတည်းကနေ လွတ်မြောက်ရာ နေရာဖြစ်တာကို ဝန်ခံပါတယ်။ ထိုင်းနိုင်ငံရဲ့ ကျေးဇူးတရားဟာ ကျွန်တော်တို့အတွက် အလွန်ကြီးမားပါတယ်။
ဒုတိယအချက် - သယံဇာတတွေ လာသုံးနေတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ "လုံးဝမမှန်ပါဘူး"။ ထိုင်းနိုင်ငံဟာ မြန်မာအလုပ်သမားတွေဆီက ဘာရသလဲ? ကျွန်တော်တို့ဟာ ပူအိုက်တာ၊ ပင်ပန်းတာ၊ ညစ်ပတ်တာနဲ့ အန္တရာယ်ရှိတဲ့ အလုပ်ကြမ်းမှန်သမျှကို အသက်ဆက်ဖို့အတွက် လဲလှယ်လုပ်ကိုင်ပေးနေကြတာပါ။ ထိုင်းလူမျိုးတွေ မလုပ်ချင်တော့တဲ့ အလုပ်ကွက်လပ်တွေကို ကျွန်တော်တို့က ဖြည့်ဆည်းပေးပြီး ထိုင်းစီးပွားရေး လည်ပတ်အောင် ဝိုင်းကူပေးနေတာ ဖြစ်ပါတယ်။
တတိယအချက် - မြန်မာတွေဟာ အထောက်အထားစာရွက်စာတမ်းတွေအတွက် နှစ်စဉ် ငွေကြေးများစွာ ပေးဆောင်နေရပါတယ်။ မပေးရင် အဖမ်းခံရမှာ ဖြစ်ပါတယ်။
အလုပ်လုပ်ကိုင်ခွင့် (Work Permit) - ၉၀၀ ဘတ်
ဗီဇာကြေး - ၅၀၀ ဘတ်
ကျန်းမာရေးစစ်ဆေးခ - ၅၀၀ ဘတ်
ကျန်းမာရေးအာမခံ - ၉၉၀ ဘတ်
လူမှုဖူလုံရေး - လစာရဲ့ ၅% ကို လစဉ်ဖြတ်တောက်ခံရပါတယ်။
အလုပ်သမား သန်းပေါင်းများစွာဆီက ဒီငွေတွေဟာ ထိုင်းအစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍထဲကို နှစ်စဉ် ဘတ်ငွေ ကုဋေပေါင်းများစွာ ရောက်ရှိနေတာပါ။ ဒါဟာ အခွန်ပေးနေတာ မဟုတ်ဘူးလား?
စတုတ္ထအချက် - နေထိုင်စရိတ်၊ ရေခ၊ မီးခ၊ စားဝတ်နေရေး အားလုံးကို ငွေပေးဝယ်ရတာပါ။ ပိုက်ဆံမရှိရင် နေမကောင်းဖြစ်လည်း သေရုံပါပဲ။ ကျွန်တော်တို့ဟာ ကျန်းမာရေးစောင့်ရှောက်မှုကို အလကားရနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ သုံးစွဲမှုတွေဟာ ထိုင်းနိုင်ငံရဲ့ GDP ကို လည်ပတ်စေပြီး ထိုင်းဈေးသည်တွေ၊ အိမ်ပိုင်ရှင်တွေကို ဝင်ငွေရစေတာပါ။
ကျွန်တော်တို့လည်း အိမ်ပြန်ချင်ပါတယ်။ ဒါပေမဲ့ ဘေးအန္တရာယ်တွေကို ကြောက်လို့ သည်းခံနေရတာပါ။ "ထွက်သွား၊ မလိုချင်ဘူး" ဆိုတဲ့ စကားလုံးတွေက ကျွန်တော်တို့ကို အလွန်နာကျင်စေပါတယ်။ ဒါကိုကြည့်ရင် ကျွန်တော်တို့ကို နှိမ်ချချင်တဲ့သူတွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေဆီက အကျိုးအမြတ်ရနေတဲ့ လုပ်ငန်းရှင်တွေ၊ အဆောင်ပိုင်ရှင်တွေနဲ့ ဈေးသည်တွေရဲ့ နေရာကနေ မကြည့်လို့ပဲ ဖြစ်ပါလိမ့်မယ်။
အချင်းချင်း စာနာပေးကြပါ။ မကောင်းတဲ့သူရှိရင် တစ်ဦးချင်းစီအလိုက် အပြစ်ပေးပါ။ အားလုံးကို သိမ်းကျုံးမပြောပါနဲ့။ ကျွန်တော်တို့ဘဝတွေကို နိမ့်ကျတဲ့ နိုင်ငံရေးကိရိယာအဖြစ် အသုံးမချပါနဲ့။
ထိုင်းနိုင်ငံကြီး ထာဝရ ဖွံ့ဖြိုးတိုးတက်ပါစေ။ 🙏
"ဒီစာကို အငြင်းပွားဖို့ ရေးတာမဟုတ်ဘဲ လူတစ်ယောက်ရဲ့ နှလုံးသားထဲက နားလည်မှုကို တောင်းခံဖို့ ရေးသားခြင်း ဖြစ်ပါတယ်။"
ကိုစိုးမင်းအောင်
02/02/2026
အစွဲတရားများဖြင့် တိုင်းပြည်ကို တည်ဆောက်၍မရပါ
ရွှေ့ပြောင်းလုပ်သားများသည် "သူရဲကောင်း" များလည်း မဟုတ်သလို၊ "ကျူးကျော်သူ" များလည်း မဟုတ်ပါ။ ဂုဏ်သိက္ခာချင်း တူညီကြသည့် လူသားများသာ ဖြစ်ကြသည်။
ထိုင်းလူ့အဖွဲ့အစည်းအတွင်း ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်၍ ပြင်းထန်စွာ ငြင်းခုံနေကြသည့် ယခုကာလတွင်၊ အန္တရာယ်ရှိသော အယူအဆ နှစ်ရပ်ကို ကျွန်ုပ်တို့ တွေ့နေရသည်။
တစ်ဖက်က "ရွှေ့ပြောင်းလုပ်သားတွေသာ မရှိရင် ထိုင်းနိုင်ငံ ရပ်တည်နိုင်မှာ မဟုတ်ဘူး" ဟု ဆိုကြသည်။
အခြားတစ်ဖက်ကလည်း "ထိုင်းလူမျိုးတွေကပဲ ဒီနိုင်ငံကို တည်ဆောက်ခဲ့တာ၊ ဘယ်သူ့ကိုမှ အားကိုးစရာ မလိုဘူး" ဟု တုံ့ပြန်ကြသည်။
အမှန်တရားမှာ ဤစကားရပ် နှစ်ခုလုံးသည် မပြည့်စုံသည့်အပြင် လူသားတစ်ဦး၏ တန်ဖိုးအပေါ် မတရားရာ ရောက်ပါသည်။ ရွှေ့ပြောင်းလုပ်သားများ မရှိ၍ ထိုင်းနိုင်ငံကြီး ပျက်စီးသွားမည် မဟုတ်သလို၊ ရွှေ့ပြောင်းလုပ်သားများ၏ တန်ဖိုးသည်လည်း "ထိုင်းလူမျိုးတွေကို ကူညီပေးနေလို့" ဆိုသည့် အချက်တစ်ခုတည်းအပေါ်တွင် မတည်ရှိပါ။
ရွှေ့ပြောင်းလုပ်သားများသည် မည်သည့်နိုင်ငံ၏ စက်ရုပ်မှ မဟုတ်ပါ။ သူတို့သည် ဈေးပေါသော စက်သွားအစိတ်အပိုင်းများ မဟုတ်သလို၊ တစ်သက်လုံး ရွေးချယ်စရာမရှိသည့် သားကောင်များလည်း မဟုတ်ကြပါ။ ထို့ပြင် အစိုးရ သို့မဟုတ် တစ်စုံတစ်ဦးက သူတို့၏ ကောင်းမြတ်ပုံကို ပုံဖော်ရန် အသုံးချရမည့် ကိရိယာများလည်း မဟုတ်ပါ။
သူတို့သည် ဘဝအခြေအနေ အမျိုးမျိုးပေါ်တွင် မူတည်၍ ကိုယ်တိုင် ဆုံးဖြတ်ချက်ချခဲ့ကြသူ "လူသားများ" သာ ဖြစ်ကြသည်။ အချို့က မဖြစ်မနေ လိုအပ်ချက်ကြောင့် လာကြသည်၊ အချို့က အခွင့်အလမ်းကို မြင်၍ ရွေးချယ်ခဲ့ကြသည်။ အချို့က ကျွမ်းကျင်မှု၊ အရင်းအနှီးနှင့် အတွေ့အကြုံများကို စုဆောင်းရန် လာကြသည်။
ပြီးတော့… အများစုက အဆင်သင့်ဖြစ်တဲ့အခါ အိမ်ပြန်ဖို့ ရည်ရွယ်ထားကြပါတယ်။
ဒါဟာ အပြစ်မဟုတ်ပါ၊ ကမ္ဘာတစ်ဝန်းက လူသားတိုင်း လုပ်ဆောင်နေကြသည့် အရာသာ ဖြစ်သည်။ ကြံ့ခိုင်သော တိုင်းပြည်ဆိုသည်မှာ အခြားနိုင်ငံမှ ဆင်းရဲသားများကို ကြောက်ရွံ့နေမည် မဟုတ်ပါ။ အမြော်အမြင်ရှိသော အစိုးရသည် ရွှေ့ပြောင်းလုပ်သားများကို နိုင်ငံရေးအရ အကြောင်းပြချက်အဖြစ် အသုံးချမည် မဟုတ်သလို၊ "သူတို့က ငါတို့ဆီကအရာတွေကို လာလုလိမ့်မယ်" ဆိုသည့် ကြောက်ရွံ့မှုအပေါ် အခြေခံကာ အမျိုးသားရေးဝါဒကို လှုံ့ဆော်မည် မဟုတ်ပါ။
ကောင်းမွန်သော မူဝါဒသည် အောက်ပါအချက် ၃ ချက်ကို တစ်ပြိုင်နက် လုပ်ဆောင်သင့်သည် -
၁။ မည်သည့်နိုင်ငံသားဖြစ်စေ လုပ်သားအားလုံးကို အကာအကွယ်ပေးပြီး ဘေးကင်းလုံခြုံစွာနှင့် တရားမျှတသော လုပ်ခလစာ ရရှိစေရမည်။
၂။ လူသားတိုင်းတွင် အလားအလာရှိစေရန် လုပ်သားများ၏ ကျွမ်းကျင်မှုကို မြှင့်တင်ပေးရမည်။ နိမ့်ကျသော အလုပ်များတွင်သာ တစ်သက်လုံး ပိတ်မိမနေစေရပါ။
၃။ သူတို့ တတ်မြောက်ထားသည့် အတတ်ပညာများဖြင့် မိမိတို့နေရပ်တွင် ဂုဏ်သိက္ခာရှိစွာ ပြန်လည်အခြေချနိုင်ရန် အိမ်ပြန်မည့် ဆုံးဖြတ်ချက်ကို လေးစားရမည်။
အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးခြင်းသည် လက်ဆောင်တစ်ခု မဟုတ်ဘဲ လူသားဂုဏ်သိက္ခာအတွက် ရင်းနှီးမြှုပ်နှံခြင်းသာ ဖြစ်သည်။ "သူတို့မရှိရင် ထိုင်းနိုင်ငံ ဘယ်လိုရပ်တည်မလဲ" ဟု မေးနေမည့်အစား...
"ဘယ်သူ့ကိုမှ နှိပ်ကွပ်မထားဘဲ ငါတို့ ဘယ်လိုအတူတကွ ရှင်သန်ကြမလဲ" ဆိုသည်ကို ပြောင်းလဲမေးမြန်းသင့်သည်။
ထိုင်းလူမျိုးတွေလည်း ပင်ပင်ပန်းပန်း အလုပ်လုပ်ကြသလို၊ ရွှေ့ပြောင်းလုပ်သားတွေလည်း ပင်ပင်ပန်းပန်း အလုပ်လုပ်ကြပါသည်။ ဤအမှန်တရား နှစ်ခုသည် တစ်ဦးကိုတစ်ဦး နှိမ့်ချစရာမလိုဘဲ၊ ကျေးဇူးရှင်အတုအယောင်များ လုပ်စရာမလိုဘဲ၊ စိတ်ကူးယဉ်ရန်သူများ ဖန်တီးစရာမလိုဘဲ အတူယှဉ်တွဲ တည်ရှိနိုင်ပါသည်။
ယဉ်ကျေးသော တိုင်းပြည်ဆိုသည်မှာ အလံ သို့မဟုတ် ဆောင်ပုဒ်များဖြင့် တိုင်းတာရခြင်း မဟုတ်ဘဲ၊ ကျွန်ုပ်တို့ထက် အင်အားနည်းသူများအပေါ် မည်သို့ ဆက်ဆံသနည်း ဆိုသည့်အချက်ဖြင့် တိုင်းတာရခြင်း ဖြစ်သည်။ အကယ်၍ မျိုးချစ်စိတ်ဆိုသည်မှာ ကလေးငယ်များကို လျစ်လျူရှုခြင်း၊ လူသားတန်ဖိုးကို မမြင်ခြင်းနှင့် လုပ်သားလောက၏ အမှန်တရားကို လက်မခံခြင်းတို့ဖြင့် လဲလှယ်ရမည်ဆိုလျှင်...
တစ်ခါတစ်ရံတွင်...
ကျွန်ုပ်တို့ မေးသင့်သည်မှာ "သူတို့က ဘယ်သူလဲ" ဆိုသည် မဟုတ်ဘဲ၊
"ငါတို့ဟာ ဘယ်လို လူ့အဖွဲ့အစည်းမျိုးလဲ" ဆိုသည်သာ ဖြစ်ပါသည်။
ယုံကြည်မှုနှင့် သဒ္ဓါတရားဖြင့်၊
ဆွန်ဖွန်း စရကဲရောက်ဝ် (Sompong Sakaew)
၂ ဖေဖော်ဝါရီ ၂၀၂၆
ထိုင်းဘာသာမူရင်း LungTun Lpn
https://www.facebook.com/share/p/1Acm2UaeEC/
02/02/2026
တရုတ်နှစ်သစ်ကူးမှာ သိထားသင့်တဲ့ ထိုင်း-တရုတ်ရိုးရာ အယူအဆများ 🧧🐎
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများနှင့် သူငယ်ချင်းများအားလုံးအတွက် မကြာမီကျရောက်တော့မည့် တရုတ်နှစ်သစ်ကူးအတွက် ပြင်ဆင်နိုင်အောင် အရေးကြီးတဲ့ အချက်အလက်လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
📅 ၂၀၂၆ တရုတ်နှစ်သစ်ကူး ရက်မြတ်များ
ယခုနှစ်၏ နှစ်သစ်ကူး အစဉ်အလာ (၃) ရက်မှာ ဖေဖော်ဝါရီလ ၁၅၊ ၁၆၊ ၁၇ ရက်တို့ ဖြစ်ပါတယ်။
၁။ ဖေဖော်ဝါရီ ၁၅ (Wan Jai - ဝမ်ကျိုင်း): ပစ္စည်းဝယ်ယူသည့်နေ့။ အလှူအတန်းနှင့် ကန်တော့ရန်အတွက် လိုအပ်သော အသား၊ ငါး၊ သစ်သီးနှင့် မုန့်များကို ကြိုတင်ဝယ်ယူရမည့်နေ့ ဖြစ်ပါတယ်။
၂။ ဖေဖော်ဝါရီ ၁၆ (Wan Wai - ဝမ်ဝိုင်း): ပူဇော်ကန်တော့သည့်နေ့။ နံနက်ပိုင်းတွင် နတ်မင်းများကို ပူဇော်ပြီး၊ မွန်းလွဲပိုင်းတွင် ကွယ်လွန်ပြီးသော ဘိုးဘွားမိဘများကို ကန်တော့ကြပါတယ်။
၃။ ဖေဖော်ဝါရီ ၁၇ (Wan Thiao - ဝမ်သျှို): အပန်းဖြေ/လည်ပတ်သည့်နေ့။ ဤနေ့ကို "နှစ်သစ်ကူးနေ့" အစစ်အမှန်ဟု သတ်မှတ်ပြီး အလုပ်နားကာ အနီရောင်ဝတ်ဆင်ခြင်း၊ ဘုရားကျောင်းသွားခြင်းနှင့် ကောင်းသောစကားများ ပြောဆိုခြင်းဖြင့် ဖြတ်သန်းကြပါတယ်။
🧧 အန်ပေါင်း (Ang Pao) နှင့် အလုပ်ပိတ်ရက်
အန်ပေါင်းပေးခြင်း: အလုပ်ရှင်များ သို့မဟုတ် လူကြီးများက "စုံကိန်း" (ဥပမာ - ၂၀၀၊ ၄၀၀၊ ၈၀၀ ဘတ်) ကို အိတ်အနီနှင့် ထည့်ပေးလေ့ရှိပါတယ်။ အိတ်အနီရောင်ဟာ ကံကောင်းခြင်းကို ဆောင်တယ်လို့ ယုံကြည်ကြပါတယ်။
အလုပ်နားရက်: လုပ်ငန်းရှင်အများစုဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ လုပ်ငန်းခွင်တွေကို ခေတ္တပိတ်လေ့ရှိလို့ မိမိတို့အလုပ်ရှင်ကို ကြိုတင်မေးမြန်းထားဖို့ အကြံပြုလိုပါတယ်။
✅ ဆောင်ရန်/ရှောင်ရန် အယူအဆများ
❌ မလုပ်သင့်တာ: အိမ်သန့်ရှင်းရေးလုပ်ခြင်း (ကံကောင်းခြင်းတွေ ထွက်သွားတတ်လို့)၊ ဓား/ကတ်ကြေးသုံးခြင်း၊ ဆံပင်လျှော်ခြင်း/ညှပ်ခြင်း (လာဘ်လာဘတွေ လျော့ပါးတတ်လို့)။
✅ လုပ်သင့်တာ: အနီရောင်ဝတ်ဆင်ပါ၊ လူကြီးသူမတွေကို ကန်တော့ရင် လိမ္မော်သီး (၄) လုံး ယူဆောင်သွားပါ (ရွှေပေးသကဲ့သို့ အဓိပ္ပာယ်ရပါတယ်)။
💡 အကြံပြုချက်: ထိုင်းနိုင်ငံတစ်ဝှမ်းရှိ အချို့သော
တရုတ်ဗိမာန် (San Chao) တွေမှာ အခမဲ့ စတုဒိသာကျွေးတာနဲ့ ကံစာတာမြှင့်တင်ခြင်း (แก้ปีชง - ကဲပီချုန်း) တွေ လုပ်လေ့ရှိလို့ အနီးနားက ဘုရားကျောင်းတွေကို သွားရောက်လေ့လာနိုင်ပါတယ်။
အားလုံးပဲ ၂၀၂၆ တရုတ်နှစ်သစ်ကူးမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လာဘ်လာဘများ ဒီရေအလား တိုးပွားကြပါစေ။ 🙏✨
#တရုတ်နှစ်သစ်ကူး
31/01/2026
သတင်းထုတ်ပြန်ချက်- အထောက်အထားမဲ့ သို့မဟုတ် ထိုင်းနိုင်ငံသားမဟုတ်သူ ကျောင်းသား/သူများ လက်ခံရေးဆိုင်ရာ ကြေညာချက် (၂၀၂၅)
၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံတော်ပြန်တမ်း (Royal Gazette) မှ "အိမ်ထောင်စုစာရင်း အထောက်အထားမရှိသူ သို့မဟုတ် ထိုင်းနိုင်ငံသားမဟုတ်သူ ကျောင်းသား/သူများကို ပညာသင်ကြားခွင့် လက်ခံရေးဆိုင်ရာ လမ်းညွှန်ချက်" ကို ထုတ်ပြန်ကြေညာခဲ့သည်။
ราชกิจจานุเษกษา เผยแพร่ประกาศ เรื่อง การรับนักเรียน นักศึกษาที่ไม่มีหลักฐานทะเบียนราษฎรหรือไม่มีสัญชาติไทย พ.ศ. 2568
อ่านข่าวต่อในคอมเมนต์
#ราชกิจจา #ประกาศ
30/01/2026
နိုင်ငံရေးလှည့်ကွက်များကြားက အိမ်ပြန်လမ်းပျောက်နေသူများ
ထိုင်းနိုင်ငံရဲ့ လမ်းမတွေနဲ့ စက်ရုံတွေထဲမှာ ကျွန်တော်တို့ မြန်မာတွေရဲ့ ချွေးစက်တွေ၊ အိမ်လွမ်းဝေဒနာတွေနဲ့ ရုန်းကန်မှုတွေ အများကြီး ရှိနေပါတယ်။
ဒီကို ရောက်လာကြသူ အများစုဟာ ပျော်လို့လာကြတာ မဟုတ်ပါဘူး။ မိသားစုအတွက်၊ စားဝတ်နေရေးအတွက် မိမိတို့ရဲ့ "နုပျိုမှုနဲ့ လွတ်လပ်မှု" ကို ငွေကြေးနဲ့ လဲလှယ်ရင်း တစ်ပါးပြည်မှာ ခက်ခဲစွာ ရုန်းကန်နေကြရတာပါ။
📌 ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အမှန်တရား (၃) ချက်
၁။ နိုင်ငံရေးမြေစာပင်ဘဝ
မိမိနိုင်ငံရဲ့ နိုင်ငံရေးမကောင်းမှုဒဏ်ကို ပြည်ပမှာပါ ခံနေရသလို၊ အိမ်ရှင်နိုင်ငံရဲ့ ပေါ်လစီအပြောင်းအလဲတွေနဲ့ မြန်မာလုပ်သားတွေအပေါ် အမြင်စောင်းအောင် လုပ်နေတဲ့ နိုင်ငံရေးလှည့်ကွက်တွေကြားမှာ ကျွန်တော်တို့ "လှေလှော်ရင်း ဆားညှပ်" ခံနေကြရပါတယ်။
၂။ ခဏတာ ခိုနားသူများသာဖြစ်ခြင်း
ကျွန်တော်တို့ဟာ သူတစ်ပါးနိုင်ငံသားဖြစ်ခွင့်ကို မမက်မောသလို၊ သူတစ်ပါးအခွင့်အရေးကိုလည်း လုယူဖို့ လာခဲ့ကြတာ မဟုတ်ပါဘူး။ "နေပူထဲက လာသူတစ်ယောက်အနေနဲ့ သစ်ပင်ရိပ်အောက်မှာ ခဏတာ ခိုနားခွင့် ရယူခြင်း" သာ ဖြစ်ပါတယ်။ အမိမြေသာ အေးချမ်းရင် ဘယ်သူမှ တစ်ပါးပြည်မှာ အနှိမ်ခံပြီး မနေချင်ကြပါဘူး။
၃။ အေးရိပ်လား ငရဲခန်းလား
ဒီမှာ ရုန်းကန်နေရတာဟာ အချို့အတွက် အဆင်ပြေပေမဲ့၊ အချို့အတွက်တော့ ဖမ်းဆီးစစ်ဆေးမှုတွေ၊ မတရားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ငရဲခန်းတစ်ခုလိုပါပဲ။ ဒါပေမဲ့လည်း အိမ်ပြန်လမ်းက ပိတ်နေဆဲမို့ အရာရာကို ကြိတ်မှိတ်သည်းခံနေကြရရှာပါတယ်။
နိဂုံးချုပ်
ကျွန်တော်တို့ လိုချင်တာက အခွင့်အရေးတွေ မဟုတ်ပါဘူး။ မိမိတို့ရဲ့ ကိုယ်ပိုင်အိမ် (မြန်မာနိုင်ငံ) အမြန်ဆုံး အေးချမ်းသာယာပြီး ဂုဏ်သိက္ခာရှိရှိ ပြန်လည်အခြေချနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အိမ်ပြန်ချင်စိတ်ကို ချိုးနှိမ်ထားရတဲ့ ပြည်ပရောက် မြန်မာအားလုံး ဘေးကင်းကြပါစေ။
#ထိုင်းရောက်မြန်မာများ #အလုပ်သမားဘဝ
30/01/2026
၂၀၂၆ ခုနှစ်၊ ထိုင်းရောက်မြန်မာလုပ်သားများအတွက် အရေးကြီးသတိပေးချက်နှင့် လက်ရှိအခြေအနေများ
မင်္ဂလာပါ ခင်ဗျာ... 🙏
လက်ရှိ ၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံရဲ့ ဥပဒေစိုးမိုးရေး အခြေအနေတွေနဲ့ ကျွန်တော်တို့ မြန်မာလုပ်သားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ခြုံငုံပြီး အားလုံးဘေးကင်းစေဖို့အတွက် ဒီသတိပေးချက်ကို အသေးစိတ် ရေးသားလိုက်ရပါတယ်။
⚠️ ၁။ အွန်လိုင်းနည်းပညာဖြင့် ငွေညှစ်/လိမ်လည်မှုများ (The Scams)
Call Center ဂိုဏ်းတွေဟာ အခုဆိုရင် အဆင့်မြင့် AI နည်းပညာတွေ သုံးပြီး ကျွန်တော်တို့ရဲ့ အသံ ဒါမှမဟုတ် ရုပ်ပုံတွေကိုပါ အတုအယောင်လုပ်ပြီး လိမ်လည်လာကြပါတယ်။
သတိပြုရန်: ဘယ်အစိုးရဌာန၊ ဘယ်ဘဏ်ကမှ သင့်ဆီ ဖုန်းဆက်ပြီး ငွေလွှဲခိုင်းတာ၊ လင့်ခ် (Link) နှိပ်ခိုင်းတာမျိုး မလုပ်ပါဘူး။ မသိတဲ့ App တွေ ဒေါင်းလုဒ်ဆွဲမိရင် သင့်ဖုန်းထဲက အချက်အလက်အားလုံး သူတို့လက်ထဲ ရောက်သွားနိုင်ပါတယ်။
⚠️ ၂။ ဘဏ်အကောင့်ငှားရမ်းခြင်းနှင့် ဥပဒေအသစ် (Mule Account Laws)
ထိုင်းအစိုးရဟာ တရားမဝင် ငွေလွှဲတာနဲ့ လောင်းကစားကိစ္စတွေကို နှိမ်နင်းဖို့အတွက် "ဘဏ်အကောင့်ငှားရမ်းသူ" တွေကို ပြင်းပြင်းထန်ထန် အရေးယူနေပါတယ်။
သတိပြုရန်: မိမိအကောင့်ကို သူတစ်ပါး သုံးခွင့်ပေးရုံနဲ့တင် ထောင်ဒဏ် (၂) နှစ်ကနေ (၅) နှစ်အထိ ကျခံရနိုင်သလို၊ နောင်တစ်ချိန်မှာ ထိုင်းနိုင်ငံအတွင်း ဘဏ်အကောင့် ပြန်ဖွင့်ဖို့ လုံးဝမဖြစ်နိုင်တော့တဲ့ အခြေအနေမျိုး ကြုံရပါလိမ့်မယ်။
⚠️ ၃။ အလုပ်ရှင်၊ အလုပ်သမားနှင့် စာရွက်စာတမ်း (Work Permit Check)
အခုတလော လုပ်ငန်းခွင်တွေကို ရှောင်တခင် စစ်ဆေးမှုတွေ ပိုများလာပါတယ်။
သတိပြုရန်: မိမိရဲ့ ပန်းရောင်ကတ် (သို့မဟုတ်) Passport ထဲက အလုပ်ရှင်အမည်နဲ့ လက်ရှိအလုပ်လုပ်နေတဲ့နေရာ တူညီပါစေ။ အကယ်၍ အလုပ်ရှင်ပြောင်းထားပြီး စာရွက်စာတမ်းမှာ မပြောင်းရသေးရင် အဖမ်းခံရနိုင်ချေ အရမ်းများပါတယ်။ အမည်ပြောင်းလဲခြင်းကို ဥပဒေနှင့်အညီ အမြန်ဆုံး ဆောင်ရွက်ထားပါ။
⚠️ ၄။ ယာဉ်စည်းကမ်းနှင့် လုံခြုံရေး (Road Safety)
ထိုင်းနိုင်ငံမှာ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းဖို့နဲ့ လိုင်စင်ရှိဖို့က အခုဆိုရင် အရင်ကထက် ပိုမိုတင်းကျပ်လာပါတယ်။
သတိပြုရန်: လိုင်စင်မရှိဘဲ မောင်းနှင်လို့ မတော်တဆဖြစ်ရင် တစ်ဖက်ကမှားရင်တောင် ကိုယ့်မှာ အာမခံမရတဲ့အပြင် ထောင်ဒဏ်ပါ ကျခံရနိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေကို သယ်ဆောင်တဲ့အခါ ဘေးကင်းလုံခြုံမှုကို အဓိကထားပါ။
⚠️ ၅။ လူမှုရေးနှင့် လူမျိုးရေးဆိုင်ရာ (Social Conduct)
မိမိတို့ နေထိုင်ရာ ရပ်ကွက်အတွင်းမှာ ထိုင်းလူမျိုးတွေနဲ့ သဟဇာတဖြစ်အောင် နေထိုင်ဖို့ လိုအပ်ပါတယ်။
သတိပြုရန်: ဆူညံသံပြုလုပ်ခြင်း၊ အရက်သေစာ သောက်စားပြီး ရန်ဖြစ်ခြင်းတွေက မိမိတင်မကဘဲ တစ်နိုင်ငံလုံးက မြန်မာလုပ်သားတွေရဲ့ ပုံရိပ်ကို ထိခိုက်စေပြီး အဖမ်းအဆီးတွေ ဖြစ်လာစေနိုင်ပါတယ်။
ကျွန်တော်တို့အားလုံးဟာ မိသားစုအတွက် ရုန်းကန်နေကြသူတွေ ဖြစ်တာကြောင့် အခုလို ခက်ခဲတဲ့ကာလမှာ ဥပဒေဗဟုသုတ ရှိရှိနဲ့ မိမိကိုယ်ကို ကာကွယ်ကြပါစို့။
အခက်အခဲရှိရင် တရားဝင် အလုပ်သမားကူညီရေးအဖွဲ့များ သို့မဟုတ် အလုပ်သမားသံအရာရှိရုံးတွေကို အမြန်ဆုံး ဆက်သွယ်ကြဖို့ တိုက်တွန်းလိုပါတယ်။
ဒီသတင်းစကားကို မိမိတို့ရဲ့ မိတ်ဆွေများ သိရှိစေဖို့ Share ပေးခြင်းဖြင့် ကူညီပေးကြပါဦးခင်ဗျာ။
#စိုးမင်းအောင်