27/03/2026
“ကြောက်ရွံ့ခြင်းဝါဒ” မှသည် “အတူယှဉ်တွဲနေထိုင်ရေးမူဝါဒ” ဆီသို့....... ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများမှတစ်ဆင့် ထိုင်းအစိုးရနှင့် ထိုင်းလူမှုအဖွဲ့အစည်းများထံသို့ ပေးပို့သော သတင်းစကား
“ရွှေ့ပြောင်းအလုပ်သမား ညီအစ်ကို မောင်နှမများသည် ကြောက်ရွံ့မှုအခြေခံပေါ်တွင် နေထိုင်လာခဲ့ကြသည်မှာ ကြာမြင့်လှပြီဖြစ်ပြီး၊ ယနေ့တွင် ထိုကြောက်ရွံ့မှုများက ပိုမိုအတည်ပြုတိုးပွားလာနေပါသည်။ ထို့ကြောင့် ယနေ့တွင် လူ့အဖွဲ့အစည်းအနေဖြင့် ပြဿနာများကို အတူတကွကြားသိနားလည်ပြီး သတိပြုမိစေရန် ကိုယ်စားပြုအသံလွှင့်ထုတ်ခွင့် တောင်းခံအပ်ပါသည်။”
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များကို တင်ပြရာတွင် “အမှန်တရား” နှင့် “မူဝါဒပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု” ထက် “စိုးရိမ်ပူပန်မှု” နှင့် “လုံခြုံရေး” ဘောင်အတွင်းမှသာ တင်ပြလေ့ရှိကြပါသည်။
ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်အကိုင်များကို လုယူသည်၊ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေးများကို လုယူသည် သို့မဟုတ် ပညာရေးအခွင့်အလမ်းများကို လုယူသည်ဆိုသည့် ဝါဒဖြန့်မှုများသည် လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းအချို့တွင် အယူအဆမှားများ ဖြစ်ပေါ်လာသည်အထိ ထပ်တလဲလဲ ပြောဆိုခြင်း ခံနေရပါသည်။ အမှန်စင်စစ် လက်တွေ့အထောက်အထားများမှာ ထိုထက်မက ပိုမိုနက်ရှိုင်းရှုပ်ထွေးလှပါသည်။ ဤဆောင်းပါးသည် စိတ်ခံစားချက်ဖြင့် တုံ့ပြန်ငြင်းခုံရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ၊ ထိုင်းနိုင်ငံအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များကို တိကျခိုင်မာသည့် မူဝါဒဘောင်များမရှိဘဲ နိုင်ငံရေးဝါဒဖြန့်မှုများ၏ လွှမ်းမိုးမှုကို ဆက်လက်ခွင့်ပြုနေမည်ဆိုပါက ရေရှည်တွင် “စီးပွားရေးအခွင့်အလမ်းများ” နှင့် “လူမှုရေးတည်ငြိမ်မှုများ” ဆုံးရှုံးသွားလိမ့်မည်ဖြစ်ကြောင်း အကြံပြုလိုခြင်းသာ ဖြစ်ပါသည်။
၁။ ဖွဲ့စည်းပုံဆိုင်ရာ အမှန်တရား
ထိုင်းနိုင်ငံသည် ရွှေ့ပြောင်းအလုပ်သမားများအပေါ် “မှီခိုနေရပြီ” ဖြစ်သည်။ ထိုင်းနိုင်ငံသည် သက်ကြီးရွယ်အိုလူ့အဖွဲ့အစည်းသို့ လျင်မြန်စွာ ကူးပြောင်းနေပြီး ကလေးမွေးဖွားနှုန်းမှာလည်း ဆက်တိုက်လျော့နည်းနေပါသည်။ ထို့ကြောင့် ကဏ္ဍအသီးသီးတွင် လုပ်သားအင်အား လျော့နည်းလာနေပါသည်။
ထို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားများသည် “ရွေးချယ်စရာ” မျှသာမဟုတ်ဘဲ ထိုင်းစီးပွားရေးစနစ်၏ “ဖွဲ့စည်းပုံဆိုင်ရာ အစိတ်အပိုင်းတစ်ခု” ဖြစ်လာပါသည်။ အထူးသဖြင့် ကုန်ထုတ်လုပ်မှု၊ ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် ဖြစ်ပါသည်။ မူဝါဒဆိုင်ရာ မေးခွန်းမှာ “ရွှေ့ပြောင်းအလုပ်သမားများကို လက်ခံမည်လား၊ လက်မခံဘူးလား” ဆိုသည်မဟုတ်ဘဲ “ရွှေ့ပြောင်းအလုပ်သမားများကို အကျိုးအရှိဆုံးဖြစ်အောင်နှင့် ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်အောင် မည်သို့စီမံခန့်ခွဲမလဲ” ဆိုသည်သာ ဖြစ်သင့်ပါသည်။
၂။ မူဝါဒပိုင်းဆိုင်ရာ ဟာကွက်များ
“လိုအပ်ချက်” နှင့် “စီမံခန့်ခွဲမှု” မကိုက်ညီခြင်း။
ထိုင်းနိုင်ငံသည် ရွှေ့ပြောင်းအလုပ်သမားများအပေါ် မြင့်မားစွာမှီခိုနေရသော်လည်း မူဝါဒစနစ်မှာ ပြန့်ကျဲနေပြီး ဌာနဆိုင်ရာအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှု အားနည်းနေသကဲ့သို့ မရေရာမှုများလည်း များပြားနေပါသည်။ အဓိကပြဿနာများမှာ - ရှုပ်ထွေးပြီး ခဏခဏပြောင်းလဲနေသည့် အလုပ်သမားမှတ်ပုံတင်စနစ် - ပွဲစားများအပေါ် မှီခိုနေရခြင်းကြောင့် အမြတ်ထုတ်မှုများ ဖြစ်ပေါ်စေပါသည်။ အလုပ်သမားတစ်ဦးလျှင် အကြိမ်တိုင်း မှတ်ပုံတင်ခ ဘတ် ၂ သောင်းမှ ၃ သောင်းအထိ ကုန်ကျနေပါသည်။ အကြောင်းမှာ E-Work Permit စနစ်သည် တည်ငြိမ်မှုမရှိဘဲ ပွဲစားများနှင့် အကျင့်ပျက်ဝန်ထမ်းအချို့အတွက်သာအကျိုးအမြတ်များစွာ ရရှိစေသောကြောင့် ဖြစ်ပါသည်။ အခြေခံအခွင့်အရေးများ မညီမျှခြင်း - စနစ်အတွင်း ရောက်ရှိနေသော်လည်း အခွင့်အရေးမရရှိခြင်းနှင့် ရွှေ့ပြောင်းအလုပ်သမားကလေးငယ်များ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆင့်အတန်း (Status) ကိစ္စများ ကျန်ရစ်နေခြင်းတို့ ဖြစ်ပါသည်။ ဤဟာကွက်များသည် ရွှေ့ပြောင်းအလုပ်သမားများကိုသာမကဘဲ အလုပ်သမားစျေးကွက်၏ စွမ်းဆောင်ရည်နှင့် နိုင်ငံတကာစင်မြင့်ထက်ရှိ ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေပါသည်။
၃။ အမျိုးသားရေးဝါဒဖြန့်မှု၏ သက်ရောက်မှု
ရှေ့မဆက်နိုင်သော မူဝါဒများ။ မပြည့်စုံသော အချက်အလက်များကို အသုံးပြု၍ အမျိုးသားရေးဝါဒကို လှုံ့ဆော်ခြင်းသည် စနစ်တကျ ခွဲခြမ်းစိတ်ဖြာဆန်းစစ်မှုများ အားနည်းစေပါသည်။ ရလဒ်အနေဖြင့် - ရွှေ့ပြောင်းအလုပ်သမားနှင့် ပတ်သက်သည့် မူဝါဒများတွင် “နိုင်ငံရေးအရ ပေးဆပ်ရမှု” မြင့်မားလာပါသည်။
အစိုးရဌာနများသည် ဆုံးဖြတ်ချက်ချရန် တွန့်ဆုတ်လာကြပါသည်။ နိုင်ငံရေးပါတီများသည် စနစ်တကျ ဖြေရှင်းမည့်နည်းလမ်းများကို တင်ပြရန် ရှောင်လွှဲလာကြပါသည်။ အကျိုးဆက်မှာ ထိုင်းနိုင်ငံသည် “ရေရှည်စီမံခန့်ခွဲမှုစနစ်” ကို ဖော်ဆောင်မည့်အစား “လက်ငင်းပြဿနာကိုသာ လိုက်လံဖြေရှင်းနေရသည့် သံသရာ” ထဲတွင် ပိတ်မိနေခြင်း ဖြစ်ပါသည်။
၄။ မူဝါဒဆိုင်ရာ အဆိုပြုချက်များ
ထိန်းချုပ်ခြင်းမှသည် စနစ်တကျ စီမံခန့်ခွဲခြင်းဆီသို့။
ထိုင်းနိုင်ငံအနေဖြင့် ယခင်အတားအဆီးများကို ကျော်လွှားနိုင်ရန် အောက်ပါ အဓိကကဏ္ဍ (၄) ခုတွင် မူဝါဒများကို ပြုပြင်ပြောင်းလဲရန် လိုအပ်ပါသည်။
၄.၁ ရွှေ့ပြောင်းအလုပ်သမားစီမံခန့်ခွဲမှုစနစ်ကို ပြုပြင်ပြောင်းလဲခြင်း - မှတ်ပုံတင်စနစ်ကို ပွင့်လင်းမြင်သာစေပြီး အလွယ်တကူ လက်လှမ်းမီနိုင်အောင် ဆောင်ရွက်ခြင်း၊ တရားမဝင်ပွဲစားများ၏ အခန်းကဏ္ဍကို လျှော့ချပြီး ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြု၍ အချက်အလက်များကို စနစ်တကျ စီမံခန့်ခွဲခြင်း။
၄.၂ အလုပ်သမားအခွင့်အရေးများကို တန်းတူညီမျှ အကာအကွယ်ပေးခြင်း - အလုပ်သမားဥပဒေကို ခွဲခြားမှုမရှိဘဲ ထိရောက်စွာ ကျင့်သုံးခြင်း၊ လူမှုဖူလုံရေးနှင့် အခြေခံလူမှုစောင့်ရှောက်မှုများကို တိုးချဲ့ပေးခြင်းနှင့် ဘေးကင်းလုံခြုံသည့် တိုင်ကြားမှုယန္တရားများကို ဖော်ဆောင်ခြင်း။
၄.၃ ရွှေ့ပြောင်းကလေးငယ်များ၏ အဆင့်အတန်းနှင့် ပညာရေးကို စီမံခန့်ခွဲခြင်း - ခွဲခြားမှုမရှိဘဲ အရည်အသွေးရှိသော ပညာရေးအခွင့်အရေးကို အသိအမှတ်ပြုခြင်း၊ ထိုင်းနိုင်ငံတွင် မွေးဖွားသော ကလေးငယ်များအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆင့်အတန်း အသိအမှတ်ပြုရေး ယန္တရားကို ဖော်ဆောင်ခြင်း။
၄.၄ ပြည်သူ့ဆက်သွယ်ရေးနှင့် လူမှုရေးဆိုင်ရာ ခုခံအားတည်ဆောက်ခြင်း - အမှန်တရားနှင့် အထောက်အထားခိုင်လုံသည့် အချက်အလက်များကို ထုတ်ပြန်ပေးခြင်း၊ ပြည်သူများ၏ မီဒီယာဗဟုသုတကို မြှင့်တင်ပေးခြင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ နားလည်မှုတည်ဆောက်ခြင်းကို ပံ့ပိုးပေးခြင်း။
၅။ ထိုင်းလူ့အဖွဲ့အစည်း၏ ရွေးချယ်မှု
ကျွန်ုပ်တို့သည် “ကြောက်ရွံ့မှု” နှင့် နေထိုင်မလား သို့မဟုတ် “အမှန်တရား” နှင့် နေထိုင်မလား?
ရွှေ့ပြောင်းအလုပ်သမားများသည် ခေတ္တခဏဖြစ်ပေါ်လာသည့် ဖြစ်စဉ်တစ်ခုမဟုတ်ဘဲ ထိုင်းနိုင်ငံအနာဂတ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။
ဤအမှန်တရားကို ငြင်းပယ်ခြင်းသည် စီးပွားရေးအားနည်းမှုနှင့် လူမှုရေးပဋိပက္ခများဆီသို့သာ ဦးတည်သွားပါလိမ့်မည်။ အပြန်အလှန်အားဖြင့် လက်ခံနားလည်ပြီး စနစ်တကျစီမံခန့်ခွဲခြင်းသည် ခံနိုင်ရည်ရှိသည့်၊ တရားမျှတသည့်အပြင် ရေရှည်ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လူ့အဖွဲ့အစည်းကို ဖော်ဆောင်နိုင်ပါလိမ့်မည်။
နိဂုံးချုပ်အနေဖြင့်...
အဓိကကျသော မေးခွန်းမှာ “ရွှေ့ပြောင်းအလုပ်သမားများထံမှ နိုင်ငံကို မည်သို့ကာကွယ်မည်နည်း” ဆိုသည်မဟုတ်ဘဲ “မတူကွဲပြားမှုများကြားတွင် ဂုဏ်သိက္ခာရှိရှိနှင့် ရေရှည်တည်တံ့စွာ မည်သို့အတူယှဉ်တွဲနေထိုင်မလဲ” ဆိုသည်သာ ဖြစ်ပါသည်။ အကြောင်းမှာကောင်းမွန်သော မူဝါဒဆိုသည်မှာ အကျယ်လောင်ဆုံးအသံမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ လူ့အဖွဲ့အစည်း၏ အမှန်တရားကို အနက်ရှိုင်းဆုံး နားလည်မှုမှသာ ထွက်ပေါ်လာခြင်းကြောင့် ဖြစ်ပါသည်။ ယနေ့ထိုင်းနိုင်ငံသည် ပထမအချက်ထက် ဒုတိယအချက်ကို ပိုမိုလိုအပ်နေသည်မှာ ထင်ရှားလှပါသည်။
ကျေးဇူးတင်စွာဖြင့်၊
LungTun Lpn
Sompong Srakaew (ဆွန်ဖွန်း စရာကယောက်)
၂၇/၀၃/၂၀၂၆
စိုးမင်းအောင်(ထိုင်း/မြန်မာဘာသာပြန်)