30/03/2026
သင်ဟာ အသက်အရွယ် တစ်ခုရောက်လာလို့ စကားပြော နှေးလာပြီလား (အပိုင်း -၃) (နိဂုံး)
(၂) စကား နှေးနှေး ပြောခြင်း၏ အလှတရား (The Power of Pause)
မိတ်ဆွေတို့ စကားပြောဆို တဲ့နေရာမှာ အဆက်မပြတ် မြန်မြန် ပြောခြင်းထက် စနစ်တကျ ရပ်တန့်ပြီး ပြောခြင်းက အခြားသူများနှင့် ယှဥ်လိုက်လျှင် ပိုမိုဆွဲဆောင်မှု ရှိစေပါတယ်။ လူတော်တော်များများဟာ သာမန်အခြေအနေမှာ စကားကို ပြော-ပြီးရော ဆိုပြီး မြန်မြန်နှင့် သာမန်စကားလုံးတွေ သုံးပြီး ဆိုတတ် ကြပါတယ်။ အကြောင်းအရာက အရမ်းကြီး အရေးမကြီး ရင်ဘဲဖြစ်ဖြစ်၊ ပေါ့ပေါ့ပါးပါး ပြောချင်လို့ ဖြစ်ဖြစ်၊ တဖက်က ကိုယ်ပြောနေတဲ့သူက ရင်းနှီးကျွမ်း၀င် ပြီးသား ဖြစ်နေတာ (သို့) လက်အောက်ငယ်သား နှင့် ၀န်ထမ်း (သို့) ညီငယ် နှင့် နှမငယ်မျိုး ဆိုရင်ပေါ့ဗျာ။ မမှားပါဘူး။
ဒါပေမယ့် ကိုယ့်စကားကို ပိုပြီး ထိရောက် စေချင်ရင်၊ စကားကို ဖြည်းဖြည်းချင်း နှင့် အလေးအနက် ထားပြီး ပြောခြင်းက လူတစ်ယောက်၏ ယုံကြည်မှု နှင့် သြဇာအာဏာ (Authority) ကို ပိုမိုပေါ်လွင် စေတယ်လို့ ဆိုပါတယ်။ ဒါကို တမျိုးအားဖြင့် လေးနက် တည်ကြည်မှု (Gravitas) လို့လည်း အဓိပ္ပာယ် သတ်မှတ်လို့ ရပါတယ်။ Burgoon, Guerrero, and Floyd တို့က သူတို့၏ နာမည်ကျော် စာအုပ်ဖြစ်တဲ့ Nonverbal Communication (2016) မှာ လူအများကြား ပြောဆိုခြင်း (Public Speaking) မှာ စကားပြောဆို နေရာမှ ခေတ္တရပ်ခြင်း (Pause)ဟာ စကားပြော ကောင်းခြင်း၏ ဝိသေသလက္ခဏာ တစ်ခုဖြစ်ကြောင်း အတိအလင်း ဆိုထားပါတယ်။
မိတ်ဆွေက စာသင်တဲ့ ဆရာ / ဆရာမ တစ်ယောက် ဆိုရင်တော့ စကားလုံးတွေ ကြားမှာ ခဏနား ပေးခြင်းဖြင့် ကျောင်းသား/ ကျောင်းသူ တွေ၏ ဦးနှောက်က အချက်အလက်တွေကို စီစစ်ဖို့ (Processing Time) အချိန်ရသွားစေပါတယ်။ ဒါနဲ့ပတ်သတ်လို့ Mary Budd Rowe (1972) ၏ သုတေသနများ အရ ဆရာ / ဆရာမ တစ်ဦးဟာ စကားပြောနေစဉ် အတွင်း (၃) စက္ကန့်ခန့် ရပ်တန့်ပေးခြင်း (Wait Time) ဟာ ကျောင်းသား / ကျောင်းသူတွေ၏ သင်ယူနိုင်စွမ်းကို သိသိသာသာ တိုးတက်စေကြောင်း သက်သေပြ ခဲ့ပါတယ်။ ဒါဟာ ဆရာ / ဆရာမတွေ အတွက်လည်း တရစပ် ပြောနေစရာ မလိုတော့ဘဲ ခဏတာ အနားယူဖို့ အချိန်အနည်းငယ် ရစေပြီး ကျောင်းသားဗဟိုပြု သင်ယူခြင်း (Student-centered learning) ၏ အစိတ်အပိုင်း တစ်ခု ဖြစ်စေကာ (၂)ဖက်စလုံးကို အကျိုးဖြစ်ထွန်း စေပါတယ်။
ကျွန်တော်ဟာ လွန်ခဲ့တဲ့ အနှစ် (၂၀)နီးပါးက စကားပြောနှေးတဲ့ လူတစ်ယောက်နဲ့ ဆုံခဲ့ ဖူးတယ်။ ကြားခါစကတော့ ဘယ်လိုကြီးလဲလို့ ထင်ခဲ့တာ။ သူက သာမန်ထက် နှေးတဲ့သူ နှင့် စကားကို ခြားပြီး ပြောတဲ့သူထဲ ပါမယ်။ နောက်ပိုင်း ကျတော့ သူပြောနေတဲ့ပုံက ဆွဲဆောင်မှု ရှိတဲ့ သဘော ဖြစ်လာပြီး၊ ဒါကဘဲ နားထောင်လို့ ပိုပြီး ကောင်းလာခဲ့ စေပါတယ်။ “စကားပြော ကောင်းတဲ့သူ” ဆိုတာ “နားထောင်ကောင်းတဲ့သူ”လို့လည်း ဆိုကြတယ် မဟုတ်လား။ ဆိုတော့ စကားကို အမျှင်မပြတ် တရဆက် ပြောတာထက်၊ နားနားပြီး ပြောတာမျိုး နှင့် ကိုယ်ချည်းဘဲ မဟုတ်ဘဲ တဖက်သားကို စဥ်းစားဖို့ အချိန်ပေးခြင်း နှင့် ၀င်ပြောစေခြင်း ကလည်း မိမိနှင့် နားထောင်နေသူကို အပေးအယူ မျှစေပါတယ်။ စကား၀ိုင်းကို ပိုပြီး အသက်၀င်စေပြီး ဆွဲဆောင်မှု ရှိစေ ပါတယ်။
လူလတ်ပိုင်းကို ချဥ်းနင်း ၀င်ရောက် လာတဲ့ အရွယ်မှာ (စကားသံထွက် အဂ်ါများ ချို့ယွင်းလို့ မဟုတ်ဘဲ၊ လည်ချောင်းမှာ ပြသာနာ ရှိလို့ မဟုတ်ဘဲ၊ ဦးနှောက်၏ လုပ်ငန်းများ ပုံမှန် ဆောင်ရွက်နေရင်း၊ အလွန်ပင်ပမ်း နွမ်းနယ်လို့ မဟုတ်ဘဲ) စကားပြော နှေးလာတာဟာ မိမိတို့ ပြောဆိုနေတဲ့ အကြောင်းအရာများနှင့် ပတ်သတ်ပြီး စကားလုံးများ၊ စာကြောင်းများဟာ "မြန်ဆန်မှု” (Speed) ကနေ "တိကျမှု” (Precision) ဆီကို အသွင် ကူးပြောင်း သွားခြင်းသာ ဖြစ်ပါတယ်။ အပိုင်း (၁) မှ အပိုင်း (၃) အထိကို သက်လတ်ပိုင်းကို ချည်းနှင်း ၀င်ရောက် လာတဲ့သူများ၏ စကားပြောဆိုမှု ဆိုင်ရာမှာ အများအားဖြင့် ဖြစ်တတ်သော အကြောင်းအရာများ ဖြစ်ပြီး၊ မိတ်ဆွေ အခုဆို သင်ဟာ ပိုမိုလေးနက်ပြီး ဆွဲဆောင်မှုရှိတဲ့ ပြောဆိုသူ တစ်ယောက် ဖြစ်လာလို့ နေပါပြီ။ ဆိုတော့ ဂုဏ်ယူချင်လျှင်လည်း ဂုဏ်ယူလို့ ရနိုင်ပါကြောင်း အသိပေး လိုက်ပါတယ်။
References
Burgoon, J. K., Guerrero, L. K., & Floyd, K. (2010). Nonverbal Communication. Routledge.
Ramscar, M., Hendrix, P., Shaoul, C., Milin, P., & Baayen, H. (2014). The Myth of Cognitive Decline: Non-Linear Dynamics of Lifelong Learning. Topics in Cognitive Science, 6(1), 5–42. https://doi.org/10.1111/tops.12078
Rowe, M. B. (1972). Wait-Time and Rewards as Instructional Variables: Their Influence on Language, Logic, and Fate Control. Ed.gov. https://eric.ed.gov/?id=ED061103
Schwartz, B. L. (2002). Tip-of-the-tongue states phenomenology, mechanism, and lexical retrieval. L. Erlbaum.
Photo Credit to the Chief Storyteller, LLC