07/08/2026
FoSTA Myanmar ရဲ့
Webinar Series များစတင်ပါပြီ
စားသောက်ကုန်ထုတ်လုပ်သူများအတွက်
တန်ဖိုးရှိသော အခွင့်အရေးတစ်ခုပါ
Food Science and Technology Association (FoSTA Myanmar) မှ ကြီးမှူးကျင်းပသော အခမဲ့ (Free) Online Webinar သို့ နွေးထွေးစွာ ဖိတ်ကြားအပ်ပါသည်။
Webinar ခေါင်းစဉ်
Food Processing Techniques and their impact on Food Safety (အစားအသောက် ထုတ်လုပ်မှု နည်းစဉ်များမှတစ်ဆင့် အစားအသောက် ဘေးကင်းရေးကို မြှင့်တင်ခြင်း)
အစားအသောက် ထုတ်လုပ်ရာတွင် အသုံးပြုသည့် နည်းစဉ် အသီးသီးသည် အစားအသောက်များ၏ ဘေးကင်းလုံခြုံမှုနှင့် အရည်အသွေးအပေါ် မည်သို့ သက်ရောက်မှုရှိသည်ကို အသေးစိတ် ဆွေးနွေးမျှဝေပေးသွားမည့် စိတ်ဝင်စားဖွယ် Webinar ဖြစ်ပါသည်။
ဆွေးနွေးပြောကြားမည့် ခေါင်းစဉ်များ (Outline)
1. Food Safety (အခြေခံ အစားအသောက် ဘေးကင်းရေး)
2. Food Processing Methods (အစားအသောက် ထုတ်လုပ်မှု နည်းလမ်းများ)
📍Ambient Temperature Processing (မလိုလားအပ်သော အပူချိန်မသုံးဘဲ သာမန်အပူချိန်တွင် စမတ်ကျကျ ထုတ်လုပ်ခြင်း)
📍Processing by Application of Heat (အပူပေး စနစ်များဖြင့် ရောဂါပိုးမွှားများကို သတ်မှတ်ထိန်းချုပ်ခြင်း)
📍Processing by the Removal of Heat (အေးခဲစနစ်များအသုံးပြု၍ ပုပ်သိုးဆွေးမြေ့မှုကို ဟန့်တားခြင်း)
📍Post-Processing Operations (ထုတ်လုပ်ပြီးချိန် ထုပ်ပိုးခြင်းနှင့် သိမ်းဆည်းခြင်း လုပ်ငန်းစဉ်များ)
3. Food Processing & Food Safety Interaction (ထုတ်လုပ်မှု နည်းစဉ်များနှင့် ဘေးကင်းရေးတို့၏ ချိတ်ဆက်ပုံ)
Speaker
Daw Shwe Zin Moe (Master in Food Technology, FoSTA Food Processing and Food Safety Consultant)
ပွဲစဉ်အသေးစိတ်နှင့် တက်ရောက်ရန် အချက်အလက်များ
• ကျင်းပမည့်နေ့ရက် - 9-August-2026
• အချိန် - 7:30 PM to 9:00 PM
• Platform - Zoom Online Meeting
မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါသည်။
အစားအသောက် ထုတ်လုပ်သူများ၊ MSME စီးပွားရေးလုပ်ငန်းရှင်များ၊ Food Technology / Science ကျောင်းသား/သူများနှင့် အစားအသောက် ဘေးကင်းရေးကို စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။
စာရင်းပေးသွင်းရန် - https://forms.gle/1c9uxd7tMV1y8wm39
(နေရာ အကန့်အသတ်ရှိပါသဖြင့် အမြန်ဆုံး စာရင်းပေးသွင်းထားနိုင်ပါသည်။)
05/08/2026
ဆန်ပိုးတက်တာကို ဆန်ဆိုင်တွေ ဘယ်လိုဖြေရှင်းကြသလဲ? ဖော့စဖင်းဓာတ်ငွေ့က အန္တရာယ်ရှိသလား?
ဆန်ပိုးတက်တာကို ဘယ်လိုဖြေရှင်းရတယ်ဆိုတဲ့ ဖြေနည်းလမ်းအကြောင်း ရှင်းပြထားတဲ့ ဆန်ဆိုင်တစ်ခုက ဗီဒီယို post တစ်ခုတွေ့လိုက်ရပါတယ်။ အဲဒီထဲမှာ ဖော့စဖင်း (Phosphine) ကို အသုံးပြုကြောင်း ဖော်ပြထားတာကြောင့် လူအများ စိုးရိမ်နေကြတဲ့ မေးခွန်းတစ်ခုကတော့ "ဖော့စဖင်းက အန္တရာယ်ရှိသလား၊ ဆန်ထဲမှာ ကျန်နေသလား" ဆိုတာပါ။
တကယ်တော့ ဖော့စဖင်း (Phosphine, PH₃) ဟာ ကမ္ဘာတစ်ဝန်းမှာ အလွန်တင်းကျပ်စွာ ထိန်းချုပ်ထားတဲ့ fumigant (ဓာတ်ငွေ့ပိုးသတ်ဆေး) တစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် regulation အားကောင်းတဲ့ နိုင်ငံတွေမှာ သာမန်ပြည်သူတွေ ဝယ်ယူအသုံးပြုခွင့် မရှိဘဲ၊ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုဖို့ အထူးလေ့ကျင့်သင်ကြားပြီး လိုင်စင်ရရှိထားတဲ့ ကျွမ်းကျင်သူတွေသာ ဥပဒေအရ အသုံးပြုခွင့်ရှိပါတယ်။
"ဖော့စဖင်းတက်ဘလက်" ပုံစံနဲ့လာတတ်တယ်လို့ လေ့လာသိရပေမယ့် တက်ဘလက်ထဲမှာ ပါဝင်တာက Aluminum Phosphide (AlP) သို့မဟုတ် Magnesium Phosphide (Mg₃P₂) ဖြစ်ပါတယ်။
ဒီတက်ဘလက်တွေက လေထုထဲက စိုထိုင်းဆ သို့မဟုတ် ရေနဲ့ ထိတွေ့တဲ့အခါ ဖော့စဖင်း (PH₃) ဓာတ်ငွေ့ ကို ထုတ်လွှတ်ပါတယ်။ ပိုးမွှားတွေကို သတ်ပေးတာက တက်ဘလက်ကိုယ်တိုင် မဟုတ်ဘဲ ထွက်လာတဲ့ ဖော့စဖင်းဓာတ်ငွေ့ ဖြစ်ပါတယ်။
ဒီနည်းလမ်းကို ဆန်၊ စပါးနဲ့ အခြားသိုလှောင်ထားတဲ့ သီးနှံတွေမှာ ပိုးမွှားနှိမ်နင်းဖို့ (fumigation) အသုံးပြုကြပါတယ်။ ဒါပေမယ့် ဖော့စဖင်းဟာ အရည် သို့မဟုတ် အမှုန့်မဟုတ်ဘဲ ဓာတ်ငွေ့ (gas) ဖြစ်တဲ့အတွက် ဆန်ထဲမှာ အမြဲတမ်းကျန်နေတဲ့ ဓာတုပစ္စည်း မဟုတ်ပါဘူး။ Fumigation ပြီးသွားတဲ့အခါ လုံလောက်တဲ့ လေဝင်လေထွက် (aeration) ပြုလုပ်ပေးရင် ဖော့စဖင်းဓာတ်ငွေ့က လေထဲကို ပြန့်ထွက်သွားပါတယ်။
ပုံမှန်အားဖြင့် fumigation ကို ၃ ရက်မှ ၇ ရက်ခန့် ပြုလုပ်ပြီး၊ ထို့နောက် လေဝင်လေထွက်ကောင်းကောင်း ပြုလုပ်ကာ ဖော့စဖင်းဓာတ်ငွေ့ပမာဏဟာ လုံခြုံရေးစံနှုန်းအောက် ရောက်မှသာ ဆန်ကို ကိုင်တွယ်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် ပြုပြင်ထုတ်လုပ်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ ဓာတ်ငွေ့ ဘယ်လောက်ကြာကြာ ရှိနေနိုင်တယ်ဆိုတာက အသုံးပြုတဲ့ပမာဏ၊ အပူချိန်၊ စိုထိုင်းဆနဲ့ သိုလှောင်တဲ့နေရာရဲ့ လေဝင်လေထွက်အခြေအနေတွေပေါ် မူတည်ပါတယ်။
လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး စံနှုန်းတွေအရ ဖော့စဖင်းရဲ့ ၈ နာရီ ပျမ်းမျှထိတွေ့နိုင်တဲ့ ပမာဏ (TWA) က 0.3 ppm သာဖြစ်ပြီး၊ ၁၅ မိနစ် ကာလတိုထိတွေ့နိုင်တဲ့ ပမာဏ (STEL) က 1 ppm ဖြစ်ပါတယ်။ 50 ppm ကိုတော့ Immediately Dangerous to Life or Health (IDLH) အဖြစ် သတ်မှတ်ထားပါတယ်။ ထို့ကြောင့် ဖော့စဖင်းရဲ့ အန္တရာယ်ဟာ ဓာတ်ငွေ့ရဲ့ ပမာဏ (concentration) နဲ့ ထိတွေ့နေတဲ့ အချိန် (exposure duration) ပေါ် မူတည်ပါတယ်။
ဒီနေရာမှာ လူအများ နားလည်ထားသင့်တဲ့ အရေးကြီးဆုံးအချက်ကတော့ ဖော့စဖင်းရဲ့ အဓိကအန္တရာယ်ဟာ ဆန်ကိုစားခြင်းမဟုတ်ဘဲ ဖော့စဖင်းဓာတ်ငွေ့ကို ရှူမိခြင်း ဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်းအတိုင်း fumigation လုပ်ပြီး လုံလောက်စွာ aeration ပြုလုပ်ထားတဲ့ ဆန်ကိုတော့ ယေဘုယျအားဖြင့် စားသုံးရန် လုံခြုံတယ်လို့ သတ်မှတ်ထားပါတယ်။
သို့သော် fumigation လုပ်နေချိန် သို့မဟုတ် aeration မပြီးသေးခင်မှာ ဖော့စဖင်းဓာတ်ငွေ့ကို ရှူမိရင် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အန်ချင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ချောင်းဆိုးခြင်းနဲ့ အားနည်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဓာတ်ငွေ့ပမာဏများခြင်း သို့မဟုတ် အချိန်ကြာကြာ ထိတွေ့မိရင်တော့ အသက်ရှူလမ်းကြောင်း၊ နှလုံး၊ အသည်း၊ ကျောက်ကပ် စတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပြီး အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်။
နောက်ထပ် စဉ်းစားသင့်တဲ့အချက်တစ်ခုကတော့ စားသုံးသူအတွက် ဆန်ထဲမှာ ဖော့စဖင်းမကျန်တော့ရင်တောင်၊ fumigation လုပ်တဲ့နေရာပတ်ဝန်းကျင်မှာ ဖော့စဖင်းဓာတ်ငွေ့ ထွက်ရှိမှုက အလုပ်သမားတွေနဲ့ ပတ်ဝန်းကျင် (environment) အပေါ် ဘယ်လောက်သက်ရောက်နိုင်သလဲ ဆိုတာပါ။ ဒီအပိုင်းကတော့ အသုံးပြုပုံ၊ လေဝင်လေထွက်စနစ်နဲ့ လုံခြုံရေးစီမံခန့်ခွဲမှုအပေါ် မူတည်တာကြောင့် ဆက်လက်လေ့လာဖို့ လိုအပ်ပါတယ်။
ဖော့စဖင်းဟာ ထိရောက်တဲ့ ပိုးမွှားနှိမ်နင်းရေးနည်းလမ်းတစ်ခု ဖြစ်ပေမယ့် အန္တရာယ်လည်း မြင့်မားပါတယ်။ ဒါကြောင့် စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာပြီး အထူးလေ့ကျင့်သင်ကြားထားတဲ့ လိုင်စင်ရ ကျွမ်းကျင်သူတွေကသာ ကိုင်တွယ်အသုံးပြုသင့်ပါတယ်။ နည်းလမ်းမှန်ကန်ရင် အကျိုးရှိပေမယ့် မမှန်ကန်တဲ့ အသုံးပြုမှုကတော့ လူတွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပါတယ်။
#ခင်ငြိမ်းချမ်းဇော်
(ကိုယ်တိုင် လက်တွေ့လေ့လာတွေ့ရှိချက်မဟုတ်ပါ၊ အချက်အလက်များကို PubChem (U.S. National Library of Medicine) နဲ့ NIOSH (U.S. National Institute for Occupational Safety and Health) က ကိုးကားရရှိပါတယ်)
26/07/2026
အသက်(၁၄)နှစ် ကနေ (၁၇)နှစ်ကြား ကလေးရှိတဲ့ မိဘတွေဖတ်ဖို့ပါ
“အစားအသောက်ဟာ စွဲလမ်းစေနိုင်သလား?”
Ultra-Processed Food နဲ့ Consumer Psychology
“ချောကလက်တွေ့ရင် မစားပဲမနေနိုင်ဘူး…”
“အာလူးကြော်တစ်ထုပ်ဖွင့်လိုက်ရင် တစ်ထုပ်လုံးကုန်မှရပ်ချင်တယ်…”
“Stress ဖြစ်ရင် အချို၊ အငန်၊ အဆီများတဲ့ သွားရေစာတွေ ပိုစားချင်လာတယ်…”
American Psychological Association ရဲ့ Speaking of Psychology podcast မှာ University of Michigan မှ Psychology Professor Ashley Gearhardt, PhD က highly processed / ultra-processed food တွေဟာ လူ့ဦးနှောက်ရဲ့ reward system ကို အရက်၊ ဆေးလိပ် စတဲ့ addictive substances တွေနဲ့ ဆင်တူတဲ့ပုံစံနဲ့ လှုံ့ဆော်နိုင်ကြောင်း ပြောထားပါတယ်။ သူမဟာ addictive eating behavior ကို တိုင်းတာဖို့ Yale Food Addiction Scale ကို ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။
Ultra-Processed Food ဆိုတာဘာလဲ?
Ultra-processed food ဆိုတာ သာမန်အိမ်ချက်အစားအစာလို မဟုတ်တော့ဘဲ ingredient list ကြည့်လိုက်ရင် “အစားအစာ” ထက် “chemical science experiment” လိုဖြစ်နေတဲ့ industrial food products တွေကို ဆိုလိုပါတယ်။ Dr. Gearhardt ရဲ့ရှင်းပြချက်အရ စားသောက်ကုန်စျေးကွက်ဟာ လူတွေ “ထပ်စားချင်၊ ထပ်ဝယ်ချင်၊ ထပ်လိုချင်” အောင် bliss point တွေကို trigger လုပ်နိုင်တဲ့ product design တွေမှာ အလွန်ကျွမ်းကျင်လာတယ်လို့ ဆိုထားပါတယ်။
အထူးသဖြင့်—
refined carbohydrates + added fats + salt + flavor cues
တွေ ပေါင်းစပ်လိုက်တဲ့အခါမှာ ဦးနှောက်က “ဒါက reward ပေးတဲ့အရာ” လို့ ခံစားပြီး ထပ်ခါထပ်ခါစားချင်လာနိုင်ပါတယ်။
ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပဲအမျိုးမျိုး၊ အသီးအနှံ၊ အရွက်စိမ်းတွေထက် packaged snack, frozen pizza, sweet bakery, chips, sugary drink, fast food တွေကို ရပ်ရခက်တာဟာ “အရသာကြိုက်လို့” တစ်ခုတည်းမဟုတ်ဘဲ brain reward mechanism နဲ့လည်း ဆက်စပ်နိုင်ပါတယ်။
Food Addiction နဲ့ အစားကြိုက်တာ ဘာကွာလဲ?
အစားအစာတစ်ခုကို ကြိုက်တာနဲ့ “food addiction” ဖြစ်တာ မတူပါဘူး။
Dr. Gearhardt က addiction ကို DSM diagnostic criteria နဲ့ချိတ်ဆက်ပြီး highly processed foods တွေမှာ အောက်ပါလက္ခဏာတွေရှိနိုင်ကြောင်းရှင်းပြပါတယ်—
- စားသုံးတဲ့ပမာဏကို ထိန်းချုပ်မရခြင်း
- စိတ်ရောလူရောထိခိုက်နေတာကိုသိပေမယ့် ဆက်စားနေခြင်း
- အစာစားလိုစိတ်အမြဲဖြစ်နေခြင်း
- အလုပ်၊ ကျန်းမာရေး၊ social life, focus စတာတွေကို ထိခိုက်လာခြင်း
အဓိကက “စားချင်တာ” မဟုတ်ပါဘူး။ မစားသင့်မှန်းသိပေမယ့် ထိန်းချုပ်ရခက်လာတာ ဖြစ်ပါတယ်။
Research Data တွေအရ ဘယ်လောက်များလဲ?
Yale Food Addiction Scale ကို 2009 ခုနှစ်မှာ ဖန်တီးခဲ့ပြီး highly processed foods စားသုံးမှုအပေါ် addictive profile ရှိ/မရှိ တိုင်းတာနိုင်အောင် အသုံးပြုခဲ့ပါတယ်။ Meta-analysis တစ်ခုအရ food addiction profile ရှိနိုင်သူများမှာ—
အရွယ်ရောက်ပြီးလူကြီးတွေထဲမှာ ခန့်မှန်းအားဖြင့် 14%
၁၄-၁၇ နှစ်ကြားကလေးလူငယ်တွေထဲမှာ ခန့်မှန်းအားဖြင့် 12%
ရှိနိုင်ကြောင်း ဖော်ပြထားပါတယ်။
ဒီအချက်က အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေဟ အရက်၊ ဆေးလိပ်၊ ဆေးခြောက် စတာတွေကို အများအားဖြင့် လူပျိုဘော်ဝင်တဲ့အသက်ရောက်မှ ထိတွေ့ကြပေမယ့် highly processed foods တွေကိုတော့ ငယ်ငယ်ကတည်းက နေ့စဉ်ထိတွေ့နေကြလို့ပါ။
ကလေးတွေမှာ ဘာကြောင့် ပိုစိုးရိမ်စရာလဲ?
Dr. Gearhardt က ဦးနှောက်ဟာ ငယ်ရွယ်စဉ်မှာ ပိုနုနယ်ကြောင်း၊ addictive substance တွေနဲ့ ငယ်စဉ်ကတည်းက ထိတွေ့လေလေ နောက်ပိုင်းပြဿနာဖြစ်နိုင်ခြေ ပိုများနိုင်ကြောင်း ရှင်းပြထားပါတယ်။ ကလေးတွေကို food industry က aggressive marketing လုပ်နေခြင်း၊ အစားအစာကို reward, pleasure, emotion regulation အဖြစ် ငယ်ရွယ်စဉ်ကတည်းက ချိတ်ဆက်ပေးနေခြင်းတွေက စိုးရိမ်စရာဖြစ်ပါတယ်။
အစားအစာဟာ calories ပဲမဟုတ်တော့ပါဘူး။
ကလေးတစ်ယောက်အတွက်—
- စိတ်ညစ်ရင် စိတ်ထွက်ပေါက်
- ဆုအဖြစ်ချီးမြှင့်ခံရတဲ့အရာ
- ပျော်ရွှင်မှုကိုပေးနိုင်တဲ့အရာ
screen time / advertising / cartoon character နဲ့ချိတ်ထားတဲ့အရာ
ဖြစ်လာနိုင်ပါတယ်။
ဒါက Consumer Behavior နဲ့ Food Marketing အတွက် အလွန်အရေးကြီးတဲ့အချက်ပါ။
Highly Processed Food ဖြတ်တဲ့အခါ အရက်ဖြတ်သလို/ မူးယစ်ဆေးဖြတ်သလို ခံစားရခက်နိုင်လား?
Dr. Gearhardt ရဲ့ lab research အရ highly processed foods ကို လျှော့စားတဲ့သူတွေထဲမှာ preliminary evidence အနေဖြင့် withdrawal-like symptoms တွေ တွေ့ရှိထားပါတယ်။ ဥပမာ— စိတ်ဆတ်ခြင်း၊ ပိုဆာလောင်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ အိပ်မပျော်ခြင်းစတာတွေ ဖြစ်နိုင်ကြောင်း ဖော်ပြထားပါတယ်။ အချို့လေ့လာမှုတွေမှာ လျှော့စားပြီး 3–5 ရက်အတွင်း အခက်ခဲဆုံးဖြစ်နိုင်ပြီး အချိန်ကြာလာတာနဲ့ သက်သာလာနိုင်ကြောင်း ဆွေးနွေးထားပါတယ်။
ဒီအချက်က လူတွေ diet change လုပ်ရာမှာ ဘာကြောင့် မအောင်မြင်ကြတာလဲဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။
Consumer Behavior အမြင်နဲ့ကြည့်ရင်
Highly processed food တွေဟာ စားသုံးသူတွေကို အောက်ပါ psychological mechanisms တွေနဲ့ ဆွဲဆောင်နိုင်ပါတယ်။
1. Reward System Activation
အချို၊ အငန်၊ အဆီ၊ texture, aroma, crunchiness စတာတွေက ဦးနှောက်ကို reward signal ပေးနိုင်ပါတယ်။
2. Cue-Triggered Craving
TV ad, TikTok video, package color, smell, time of day, friend recommendation စတာတွေက craving ကို trigger လုပ်နိုင်ပါတယ်။
3. Present Bias
ယခုချက်ချင်းရတဲ့ pleasure ကို အနာဂတ်ကျန်းမာရေးထက် ပိုအရေးကြီးသလိုခံစားနိုင်ပါတယ်။
4. Habit Loop
Cue → craving → consumption → reward → repetition
ဆိုတဲ့ habit loop ထဲဝင်သွားနိုင်ပါတယ်။
5. Emotional Regulation
Stress, boredom, sadness, tiredness တွေကို food နဲ့ regulate လုပ်လာတဲ့အခါ “စားချင်တာ” ထက် “စိတ်ခံစားမှုကို ဖြေရှင်းနည်း” ဖြစ်သွားနိုင်ပါတယ်။
Advertising နဲ့ Food Marketing အတွက် သင်ခန်းစာ
ဒီ topic က Food Marketer တွေ၊ SME Food Producers တွေ၊ Influencer တွေ၊ Product Managers တွေအတွက် အလွန်အရေးကြီးပါတယ်။
Food advertising ဟာ “အရသာရှိတယ်၊ စားချင်စရာကောင်းတယ်” လို့ပဲ မကြော်ငြာသင့်တော့ပါဘူး။ အထူးသဖြင့် ကလေး၊ လူငယ်၊ health-conscious consumer တွေကို target လုပ်တဲ့အခါမှာ—
- misleading health claims မလုပ်သင့်ပါ
- ကလေးသူငယ်စျေးကွက်ကိုရည်ရွယ်ပြီး aggressive marketing မလုပ်သင့်ပါ
- “စားလို့မရပ်နိုင်ဘူး၊ မရပ်ချင်တော့ဘူး” ဆိုတဲ့ message ကို အထိန်းအကွပ်မဲ့ မကြေငြာသင့်ပါ
- portion size, sugar, salt, fat, ingredient transparency ကို တာဝန်ယူသင့်ပါတယ်
- consumer food literacy တိုးအောင် ကူညီသင့်ပါတယ်
Dr. Gearhardt ကလည်း highly processed food environment ကို individual willpower တစ်ခုတည်းနဲ့ ဖြေရှင်းလို့မရဘဲ broader food environment, advertising regulation, public policy တို့လိုအပ်ကြောင်း ဆွေးနွေးထားပါတယ်။
မိဘတွေအတွက်လက်တွေ့ကျတဲ့အမြင်
မိဘများအတွက်လည်း အရေးကြီးတဲ့အမြင်တစ်ခုပါပါတယ်။ အစွန်းရောက် “လုံးဝမစားရ” ဆိုတာလည်း မကောင်းနိုင်သလို “အချိန်မရွေး၊ အတိုင်းအတာမရှိစား” ဆိုတာလည်း မကောင်းနိုင်ပါဘူး။ Dr. Gearhardt က မိသားစုတိုင်းအတွက် တူညီတဲ့အဖြေတစ်ခုတည်း မရှိနိုင်ကြောင်း၊ majority of diet ကို real food / actual food ဖြစ်အောင်လုပ်ပြီး highly processed foods ကို status quo မဖြစ်အောင် ထိန်းသင့်ကြောင်း ပြောထားပါတယ်။
မြန်မာမိဘတွေအတွက်လည်း အရေးကြီးတာက—
ကလေးကို “မစားနဲ့” လို့တားတာထက် “ဘာကြောင့် စားချင်လာတာလဲ၊ ဘာအစားအစာက ခန္ဓာကိုယ်ကို တကယ်အကျိုးပြုလဲ၊ package နောက်က label ကို ဘယ်လိုဖတ်ရမလဲ” ဆိုတာကို သင်ပေးဖို့ပါ။
အနှစ်ချုပ်ရရင်
Food addiction ဆိုတာ “အစားကြီးတာ” လို့ လွယ်လွယ်မမြင်သင့်ပါဘူး။အချို့ highly processed foods တွေဟာ ဦးနှောက်ရဲ့ reward system, craving, habit, emotion regulation နဲ့ ဆက်စပ်ပြီး လူတချို့အတွက် ထိန်းချုပ်ရခက်တဲ့စားသုံးမှုပုံစံ ဖြစ်လာနိုင်ပါတယ်။
စားသုံးသူဘက်ကလည်း—
- food label ဖတ်တတ်ဖို့
- ultra-processed food ကို နားလည်ဖို့
- craving နဲ့ hunger ကို ခွဲသိဖို့
- kids’ food advertising ကို သတိထားဖို့
- Real food ကို daily default ဖြစ်အောင်လုပ်ဖို့
လိုပါတယ်။
Food business တွေဘက်ကလည်း—
- အရသာကောင်းအောင်လုပ်တာနဲ့ မပြီးပါ
- consumer brain ကို exploit မလုပ်သင့်ပါ
- ethical food marketing လိုပါတယ်
- food safety, nutrition transparency, responsible advertising က
- brand trust ရဲ့အခြေခံဖြစ်လာပါလိမ့်မယ်
စားသုံးသူတွေ စားချင်လာအောင် ကြော်ငြာတတ်တာဟာ marketing skill ဖြစ်နိုင်ပေမယ့်၊ စားသုံးသူတွေ ပိုမိုသိရှိပြီး ပိုမိုကျန်းမာတဲ့ဆုံးဖြတ်ချက်ချနိုင်အောင် ကူညီတာက responsible food marketing ဖြစ်ပါတယ်။
University of Michigan မှ Psychology Professor Dr. Ashley Gearhardt ကိုကျေးဇူးတင်ပါတယ်
Wunna Kyaw
Student Member- American Psychological Association
25/07/2026
မနေ့က FMFC International Program 2026 ရဲ့ Course Administrator တစ်ဦးဖြစ်တဲ့ Mae Fah Luang University မှ ဆရာမ Prof. Dr. Chutamat Niwat နဲ့ အလွတ်သဘောတွေ့ဆုံပြီး Future Food အလားအလာများကို အမြင်ဖလှယ်ဆွေးနွေးခဲ့ကြပါတယ်..
ထိုင်းနိုင်ငံက Functional Foods၊ Medical Foods၊ Organic Foods, Alternative Proteins တို့ကို အာရုံစိုက်နေပြီး ၂၀၂၃ ခုနှစ်ပို့ကုန်ဝင်ငွေ ဘတ်ငွေ ၁၄၃ ဘီလီယံအထိ ရခဲ့ပြီး Future Food ပို့ကုန်အားလုံးရဲ့ ၈၉.၇ % အထိ ပါဝင်ခဲ့ပါတယ်.. အဓိကဈေးကွက်တွေထဲမှာ အမေရိကန်၊ ဗီယက်နမ်၊ တရုတ်၊ မြန်မာ နှင့် ကမ္ဘောဒီးယား တို့ပါပါတယ်..
၂၀၂၆ ပထမလေးလအတွင်းမှာတင် ဤကဏ္ဍရှိ ပို့ကုန်စုစုပေါင်းက ဘတ်ငွေ ၅၁.၆ ဘီလီယံရှိခဲ့ပြီး၊ Functional Food က ၉၀.၈ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးက ဆက်လက် ဦးဆောင်လျက်ရှိပါတယ်... ထိုင်းထုတ်ကုန်စံချိန်စံညွှန်းအဖွဲ့ (TPSO) နှင့် ထိုင်းစားသောက်ကုန်အသင်း (TFA) တို့က ဒီကဏ္ဍကို ပံ့ပိုးကူညီဖို့ Trade Intelligence System ဝဘ်ဆိုက်မှာ(future food dashboard) တစ်ခုကို တီထွင်ဖန်တီးလျက်ရှိပါတယ်.. ထိုကိရိယာက လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေကို ပြည့်စုံတဲ့ Trade Information တွေကို ပေးစွမ်းမှာဖြစ်ပြီး ဆုံးဖြတ်ချက်ချမှတ်ခြင်းနဲ့ မဟာဗျူဟာရေးဆွဲခြင်းတို့မှာ အထောက်အကူဖြစ်လာပါမယ်...
မြန်မာနိုင်ငံအနေနဲ့လည်း သဘာဝစိုက်ပျိုးရေးထွက်ကုန်များ၊ ဒေသခံအစားအစာယဉ်ကျေးမှု၊ တိုင်းရင်းဆေးနှင့် ရိုးရာစားသောက်ကုန်အသိပညာ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဒေသထွက်ကုန်ကြမ်းများအပေါ် အခြေခံပြီး Future Food ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်စေနိုင်တဲ့ အလားအလာများစွာ ရှိပါတယ်..
FoSTA Myanmar က အစားအစာသိပ္ပံနှင့် နည်းပညာဆိုင်ရာ အသိပညာဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရှင်များ၊ သုတေသနရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများအကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေးကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး Global Food Safety Consultancy က Food Safety၊ Quality Management Systems၊ Product Development၊ Professional Training နှင့် Certification Readiness ဆိုင်ရာ လုပ်ငန်းစဉ်များတွင် အစားအသောက်လုပ်ငန်းများရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးကို အထောက်အကူပြုလျက်ရှိပါတယ်..
Future Food Asia က Future Food ဆိုင်ရာ အသိပညာမျှဝေရေး၊ ပညာရှင်နှင့် လုပ်ငန်းရှင်ကွန်ရက်များ တည်ဆောက်ရေး၊ Food Innovation ဖွံ့ဖြိုးရေးနှင့် Functional Ingredient Trade လုပ်ငန်းတွေကို အဓိကထား ဆောင်ရွက်လျက်ရှိပါတယ်...
ဆွေးနွေးမှုကနေတစ်ဆင့်
- Future Food ပညာရေးနှင့် Professional Training
- Functional Food နှင့် ဒေသထွက်ကုန်ကြမ်းအခြေပြု ထုတ်ကုန်ဖွံ့ဖြိုးရေး
- Food Safety နှင့် Quality Management Capacity Building
- သုတေသနပညာရှင်များနဲ့ လုပ်ငန်းရှင်များအကြား Knowledge Exchange
- Food SMEs နှင့် Startups များအတွက် နည်းပညာနှင့် စျေးကွက်အထောက်အပံ့
- Regional Workshops၊ Short Courses နှင့် Innovation Programs
- Sustainable Food Production နှင့် Responsible Market Development
တို့ကို ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ရလာဒ်ကောင်းတွေရခဲ့ပါတယ်..
21/07/2026
စံချိန်စံညွှန်းမီတဲ့ ဆေးဖက်ဝင် ထုတ်ကုန်ကောင်းတွေ ဖန်တီးနိုင်ဖို့ Mae Fah Luang University (MFU) ရဲ့ နောက်ထပ်သင်တန်းတစ်ခုဖြစ်တဲ့ Herbal Bioactive Analysis and Applied Product Innovation Program ကို တက်ရောက်လေ့လာနေပါတယ်။
ဒီသင်တန်းမှာတော့ အပင်တွေမှာပါတဲ့ ဆေးဖက်ဝင်ဓာတ် ( ) တွေကို Lab ထဲမှာ သေချာခွဲခြမ်းစိတ်ဖြာတာ၊ ခန္ဓာကိုယ်အတွက် ထိရောက်မှုကို သိပ္ပံနည်းကျ စစ်ဆေးတာနဲ့ တကယ့် ဈေးကွက်ဝင် (Market-ready) ထုတ်ကုန်တွေအဖြစ် လက်တွေ့ ပြောင်းလဲဖန်တီးတာတွေကို အဓိက လေ့လာတာပါ။
ဥပမာ - #ဆနွင်းနဲ့ #ဂျင်း ဆိုရင်လည်း ဘယ်ဓာတ်က ဘယ်ရောဂါအတွက် သက်သာစေတာလဲဆိုတဲ့ သိပ္ပံနည်းကျ အချက်အလက် (Scientific Data) တိတိကျကျ ရှိမှသာ ထိရောက်ပြီး စံချိန်မီတဲ့ ထုတ်ကုန်တွေ ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါတွေကိုလေ့လာနေကြတာပါ။
#ခင်ငြိမ်းချမ်းဇော်
14/07/2026
“လက်ရှိမြန်မာ့စားသောက်ကုန်စျေးကွက်ထဲက ခါးသီးတဲ့အမှန်တရားတစ်ခု”
မနေ့ညက FoSTA (Myanmar) – Food Science & Technology Association (Myanmar) နဲ့ အစည်းအဝေးတက်ရောက်ဆွေးနွေးခွင့်ရခဲ့ပါတယ်။
FoSTA (Myanmar) Food Science and Technology Association (Myanmar) ဟာ နှစ်ပေါင်း (၃၀) ကျော် မြန်မာ့စားသောက်ကုန်သိပ္ပံ၊ နည်းပညာ၊ အရည်အသွေးထိန်းချုပ်မှုနဲ့ Food Safety ဆိုင်ရာ ပညာပေး၊ အသိပညာဖြန့်ဝေမှု၊ စွမ်းဆောင်ရည်မြှင့်တင်မှုတွေကို တက်ကြွစွာဆောင်ရွက်လာတဲ့ ပညာရှင်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ Food Science, Agriculture, Aquaculture နဲ့ ဆက်စပ်နယ်ပယ်အသီးသီးက ဆရာ/ဆရာမကြီးများ၊ ပညာရှင်များနဲ့ လက်ရှိ မြန်မာ့စားသောက်ကုန်စျေးကွက်အခြေအနေတွေကို အမြင်ဖလှယ်ဆွေးနွေးခဲ့ပါတယ်။
လက်ရှိစျေးကွက်ထဲမှာ မြင်တွေ့နေရတဲ့ ခါးသီးတဲ့အမှန်တရားတစ်ခုကတော့ စားသုံးသူအများစုဟာ စျေးနှုန်းသင့်တင့်မှုကြောင့် ပြည်တွင်း တစ်ပိုင်တစ်နိုင်ထုတ်ကုန်တွေ၊ Home-Based စားသောက်ကုန်လုပ်ငန်းလေးတွေ၊ Social Media ပေါ်ကနေ တိုက်ရိုက်ရောင်းချနေတဲ့ စားသောက်ကုန်တွေကို ပိုမိုအားထားစားသုံးလာကြတဲ့ အခြေအနေပါ။
ပြည်ပသွင်းကုန် ကုန်ကြမ်းအချို့ ပြတ်လပ်မှု၊ ကုန်ကြမ်းစျေးနှုန်းမြင့်တက်မှု၊ စနစ်တကျထုတ်လုပ်ထားတဲ့ စားသောက်ကုန်တွေကို သာမန်စားသုံးသူအချို့အတွက် လက်လှမ်းမမီနိုင်တော့တဲ့အခြေအနေတွေကြောင့် ပြည်တွင်းအနယ်နယ်အရပ်ရပ်က ရရှိနိုင်တဲ့ ကုန်ကြမ်းတွေကို အသုံးပြုပြီး ထုတ်လုပ်ရောင်းချနေကြတဲ့ လုပ်ငန်းငယ်တွေ များလာပါတယ်။
ဒီအခြေအနေဟာ စားသုံးသူအတွက် တစ်ဖက်မှာ စျေးသက်သာမှု၊ အလွယ်တကူဝယ်ယူနိုင်မှု၊ အိမ်ချက်ဆိုတဲ့ယုံကြည်မှု စတဲ့ အားသာချက်တွေရှိပေမယ့် တစ်ဖက်မှာတော့ Food Safety, Hygiene Standard, Ethical Labeling, Ingredient Transparency စတဲ့အချက်တွေမှာ စနစ်တကျထိန်းကျောင်းမှု အားနည်းနိုင်တဲ့ စိန်ခေါ်မှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
စားသောက်ကုန်တစ်ခုဟာ စားသုံးသူရဲ့ ပါးစပ်ထဲရောက်တဲ့အချိန်မှာ flavour, aroma, taste profile တွေ ကောင်းမွန်တယ်လို့ခံစားရနိုင်ပေမယ့် အစာခြေစနစ်ထဲရောက်သွားတဲ့အခါမှာတော့ ပါဝင်ပစ္စည်းအရည်အသွေး၊ ဆီ၊ ဆား၊ သကြား၊ အရောင်ဆိုးဆေး၊ အနံ့အရသာမြှင့်တင်ပစ္စည်း၊ သန့်ရှင်းမှု၊ သိုလှောင်မှုနည်းစနစ် စတဲ့အချက်တွေကြောင့် ရေရှည်ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
ဒီလို အိမ်ချက်ထုတ်လုပ်၊ Social Media ပေါ်တင်ရောင်း၊ Online မှာမှာစား တဲ့ စျေးကွက်ပုံစံကို Food Systems အမြင်နဲ့ကြည့်မယ်ဆိုရင်—
“Affordability-Driven Informal Digital Food System”
လို့ ခေါ်နိုင်ပါတယ်။
အဓိပ္ပါယ်ကတော့ စားသုံးသူတွေဟာ စနစ်တကျထိန်းချုပ်ထားတဲ့ Formal Food Market ထဲက ထုတ်ကုန်တွေထက် စျေးသက်သာပြီး လက်လှမ်းမီလွယ်တဲ့ Informal Online Food Market ထဲက ထုတ်ကုန်တွေကို ပိုမိုရွေးချယ်လာကြတဲ့ အခြေအနေပါ။
ဒီစျေးကွက်ပုံစံ ဖြစ်လာရတဲ့အကြောင်းရင်းတွေထဲမှာ—
* Affordability Pressure – သုံးစွဲနိုင်စွမ်းဖိအား
* Convenience – အလွယ်တကူဝယ်ယူရရှိနိုင်မှု
* Trust in Familiar Sellers – ရင်းနှီးကျွမ်းဝင်သူတွေအပေါ် ယုံကြည်မှု
* Peer Recommendation – မိတ်ဆွေ၊ မိသားစု၊ ပတ်ဝန်းကျင်ရဲ့ အကြံပြုမှု
* Emotional Appeal – အိမ်ချက်၊ မိခင်လက်ရာ၊ ရိုးရာအစားအစာဆိုတဲ့ စိတ်ခံစားမှုဆိုင်ရာ ဆွဲဆောင်မှု
* Social Media Visibility – Facebook, TikTok စတဲ့ လူမှုကွန်ရက်တွေမှာ ထင်သာမြင်သာမှု
* Lack of Affordable Regulated Alternatives – စနစ်တကျထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကို စျေးနှုန်းအရ လက်လှမ်းမမီနိုင်မှု
စတာတွေ ပါဝင်ပါတယ်။
Home-Based စားသောက်ကုန်ရောင်းချသူတွေရဲ့ အားသာချက်တွေက—
* Cheaper Price – စျေးသက်သာအောင် ရောင်းချနိုင်ခြင်း
* Bigger Portion – ပိုများများထည့်ပေးနိုင်ခြင်း
* Homemade Image – “အိမ်ချက်” ဆိုတဲ့ ယုံကြည်မှုဆိုင်ရာ ပုံရိပ်
* Direct Seller Relationship – စားသုံးသူနဲ့ တိုက်ရိုက်ဆက်ဆံနိုင်မှု
* Fast Social Media Reach – Social Media မှတစ်ဆင့် မြန်မြန်ရောင်းချနိုင်မှု
စတာတွေ ဖြစ်ပါတယ်။
ဒါပေမယ့် အားနည်းနိုင်တဲ့အချက်တွေက—
* Safety Proof – ဘေးကင်းကြောင်း သက်သေပြနိုင်မှု
* Nutrition Information – အာဟာရဆိုင်ရာ တိုင်းတာထားသော အချက်အလက်များ
* Ingredient Transparency – ပါဝင်ပစ္စည်းများကို ရိုးသားစွာ ထုတ်ဖော်ပြသနိုင်မှု
* Expiry Date – သိပ္ပံနည်းကျ စစ်ဆေးသတ်မှတ်ထားသော သက်တမ်း
* Hygiene Standard – သန့်ရှင်းမှုနှင့် ထုတ်လုပ်မှုစံနှုန်း
* Storage Condition – သိုလှောင်မှုနည်းစနစ်
* Production Accountability – ထုတ်လုပ်သူ၏ တာဝန်ယူမှု၊ တာဝန်ခံမှု
စတာတွေ ဖြစ်ပါတယ်။
Consumer Behavior အမြင်နဲ့ကြည့်ရင်လည်း စားသုံးသူအများစုဟာ အမြဲတမ်း သိပ္ပံနည်းကျစဉ်းစားပြီး မဝယ်ကြပါဘူး။ သူတို့ဟာ—
* စျေးသက်သာလား
* အရသာရှိမလား
* များများရမလား
* အိမ်ချက်ဆိုတော့ ယုံလို့ရမလား
* သူများတွေဝယ်နေလား
* Social Media မှာ လူကြိုက်များနေလား
* မိတ်ဆွေက အကြံပြုထားလား
ဆိုတဲ့ heuristics တွေ၊ social proof တွေ၊ trust cues တွေကို အားကိုးပြီး ဆုံးဖြတ်ကြပါတယ်။
ဒီနေရာမှာ အရေးကြီးတဲ့အချက်က—
"Popularity does not always mean safety" လူကြိုက်များခြင်းဟာ အမြဲတမ်း ဘေးကင်းမှုကို မဆိုလိုပါဘူး။
ဒါကြောင့် စားသုံးသူတွေအတွက်လည်း Consumer Food Safety and Standards Literacy လိုအပ်လာပါတယ်။
ဒီအခြေအနေကို တစ်ဆင့်ချင်း ထိန်းကျောင်းဖို့အတွက် Voluntary Capacity-Building Approach တစ်ခုအနေနဲ့ အောက်ပါ Level ၄ ခုနဲ့ စတင်နိုင်ပါတယ်—
Level 1: Food Safety Awareness
စားသောက်ကုန်ဘေးကင်းရေး အခြေခံအသိပညာ
Level 2: Basic Hygiene Checklist
သန့်ရှင်းမှု၊ ထုတ်လုပ်မှုနေရာ၊ သိုလှောင်မှု၊ ထုပ်ပိုးမှုဆိုင်ရာ အခြေခံစစ်ဆေးချက်များ
Level 3: Ethical Labeling & Ingredient Disclosure Practices
ပါဝင်ပစ္စည်းများ၊ သက်တမ်း၊ ထုတ်လုပ်သူအချက်အလက်၊ သတိပေးချက်များကို ရိုးသားစွာဖော်ပြနိုင်မှု
Level 4: Laboratory Test / FDA Registration Support
လိုအပ်ပါက Laboratory Test, FDA Registration, Product Standardization ဆိုင်ရာ အထောက်အပံ့
FoSTA (Myanmar) အနေနဲ့ Official Regulatory Authority အဖြစ်မဟုတ်ဘဲ—
* Food-Safety Education Provider
* SME Training Organization
* Technical Advisory Body
* Voluntary Standard Development Partner
* Industry Capacity-Building Partner
* Pre-Audit / Self-Assessment Guide
* Consumer Education Partner
* Bridge Between SMEs, Universities, FDA and Laboratories
စတဲ့ အရေးကြီးတဲ့ ပညာရပ်ပိုင်းဆိုင်ရာ အခန်းကဏ္ဍတွေမှာ ပါဝင်ကူညီနိုင်ပါတယ်။
ကျွန်တော်အနေနဲ့တော့ ကိုယ့်နယ်ပယ်ဖြစ်တဲ့—
* Ethical Sales & Marketing
* Consumer Behavior
* Advertising and Consumer Decision Science
စတဲ့အပိုင်းတွေမှာ တတ်နိုင်သလောက် ပညာပေးမျှဝေကူညီသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။
မကြာခင်မှာလည်း FoSTA (Myanmar) မှ မစိမ့်ရည်ထက် ဦးဆောင်သော Agri-Food Expert များနဲ့အတူ SME များ၊ Street Food Sellers များ၊ Home-Based Food Producers များအတွက် Food Safety Training များ စတင်ဆောင်ရွက်သွားမယ့် အစီအစဉ်တွေ ရှိလာမယ်လို့ သိရပါတယ်။
ဒီလိုအစီအစဉ်တွေဟာ မြန်မာ့စားသောက်ကုန်စျေးကွက်ကို ချက်ချင်း ပြောင်းလဲနိုင်မှာ မဟုတ်ပေမယ့် စားသုံးသူယုံကြည်မှု၊ ထုတ်လုပ်သူတာဝန်ယူမှု၊ Food Safety Culture, Ethical Marketing တွေကို တစ်ဆင့်ချင်း တည်ဆောက်သွားနိုင်မယ့် အရေးကြီးတဲ့အစပြုမှု ဖြစ်ပါတယ်။
Wunna Kyaw
Co-Founder and Business Communications
Future Food Asia (Thailand, Myanmar)
10/07/2026
ဒီနေ့ Medicinal Plant Innovation Center Fah Luang University မှာ ဆေးဖက်ဝင်အပင်တွေကနေ အကျိုးပြုဓာတ်ပစ္စည်းများကို ထုတ်ယူရာမှာ အသုံးပြုတဲ့ Supercritical Fluid Extraction (SFE) နဲ့ Microwave-Assisted Extraction (MAE) နည်းပညာတွေကို လက်တွေ့ အသုံးပြုတာကို လေ့လာရပါတယ်။
Center မှာ နနွင်း (Curcumin)၊ ချင်း (Ginger) အပါအဝင် ဆေးဖက်ဝင်အပင်အမျိုးမျိုးကနေ တန်ဖိုးမြင့် bioactive compounds များကို ထုတ်ယူကာ သုတေသနနှင့် ထုတ်ကုန်ဖွံ့ဖြိုးရေးလုပ်ငန်းများကို စီးပွါးဖြစ်အထိဆောင်ရွက်နေပါတယ်။
ဒီလိုနည်းပညာတွေမှာ အားသာချက်၊ အားနည်းချက်နဲ့ ကုန်ကျစရိတ်များပြားခြင်းစတဲ့ ထည့်သွင်းစဉ်းစားရမယ့် အချက်အလက်များစွာ ရှိပေမယ့်၊ သိပ္ပံနည်းကျ သုတေသနနဲ့ နည်းပညာတိုးတက်မှုတွေက ကုန်ကြမ်းက စတင်ပြီး ထုတ်ကုန်အထိ value chain တစ်လျှောက်လုံးကို ပိုမိုတန်ဖိုးရှိလာစေပြီး အဆင့်တိုင်း မှာ တန်ဖိုးဖန်တီးပေးနိုင်ပါတယ်။
Khin Nyein Chan Zaw
10/07/2026
"အရင်က ပြည်တွင်းဖြစ် ခရမ်းချဉ်သီးဆော့စ်တွေ စားရတာ Texture ကျဲတဲတဲဖြစ်ပြီး Mouthfeel မပြည့်ဝဘူးလို့ ခံစားရဖူးပါတယ်။"
စိုက်ပျိုးထွက်ရှိတဲ့ ခရမ်းချဉ်သီးတွေကို လေလွင့်ဆုံးရှုံးမှုမရှိဘဲ Value-added ထုတ်ကုန်အဖြစ် ပြောင်းလဲဖို့နေရာမှာ ဖြေရှင်းရမယ့် Bottlenecks (အဟန့်အတား) တွေ အများကြီး ရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီပိုစ့်ကတော့ Food Formulation စနစ်တစ်ခုကို အခြေခံပြီး နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်ကိုပဲ အဓိက ဖော်ပြပေးချင်တာ ဖြစ်ပါတယ်။
အိမ်မှာကျိုတုန်းက ပျစ်ပေမဲ့ ပုလင်းထဲထည့်သိမ်းလိုက်မှ ဘာလို့ ရေကြည်တွေ အပေါ်တက်လာပြီး အချိန်ကြာရင် ပြန်ကျဲသွားတာလဲဆိုတဲ့ မေးခွန်းက တနိုင်တပိုင်ထုတ်ချင်သူတွေအတွက် ? ပါ။
တကယ်တော့ ဒါဟာ Chemistry သဘောအရ ရိုးရှင်းပါတယ်။ ဆော့စ်ထဲက Vinegar နဲ့ ခရမ်းချဉ်သီးရဲ့သဘာဝအက်ဆစ်တွေက သာမန်ကစီဓာတ် (Native Starch) ရဲ့ မော်လီကျူးအမျှင်တန်းတွေကို ဖြတ်တောက်ဖျက်ဆီးပစ်တဲ့ Acid Hydrolysis ဖြစ်စဉ်ကြောင့် ဆော့စ်က ပြန်ကျဲသွားရတာပါ။
ပြီးတော့ သာမန်ကစီဓာတ်က ရေမော်လီကျူးတွေကို တင်းတင်းကျပ်ကျပ် မဖမ်းထားနိုင်လို့ သိုလှောင်ထားတဲ့အခါ Syneresis (Phase Separation) ဖြစ်ပြီး အဖတ်နဲ့ အရည် သွေးကွဲသွားတတ်ပါတယ်။
နိုင်ငံတကာ စျေးကွက်ထဲက High-quality Ketchup တွေကတော့ သဘာဝကစီဓာတ်ကိုပဲ Structure ပိုင်း ပြုပြင်မွမ်းမံထားတဲ့ Modified Starch ကို သုံးပြီး ဒီပြဿနာကို စနစ်တကျ ဖြေရှင်းကြပါတယ်။
ဒါပေမဲ့ ပြဿနာက ခရမ်းချဉ်သီးဆော့စ် ကောင်းကောင်းထုတ်ဖို့ အရေးအကြီးဆုံးဖြစ်တဲ့ ဒီ Modified Starch က လက်ရှိ ပြည်တွင်း Agro-industry ရဲ့ အဓိက Missing Link ဖြစ်နေတာပါ။
ရန်ကုန်မှာ လက်ရှိစားသောက်ကုန်လုပ်ငန်း လုပ်ကိုင်နေတဲ့ Food Science ညီမလေးတစ်ယောက်နဲ့ လွန်ခဲ့တဲ့ (၆) လလောက်တုန်းက စကားပြောဖြစ်တော့ "Modified Starch ကုန်ကြမ်းတွေ သွင်းရခက်ခဲနေလို့" ဆိုတဲ့ လက်တွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲကို မျှဝေပေးပါတယ်။ မြန်မာနိုင်ငံ (ဧရာဝတီ၊ ကရင်၊ ရှမ်း) မှာ (Cassava) အကြီးအကျယ်စိုက်ပြီး သာမန်ကစီဓာတ် (Native Starch) ထုတ်တဲ့ စက်ရုံတွေ ရှိတယ်လို့သိရပေမယ့် အဆင့်မြင့် Modification လုပ်ဖို့ Technology နှင့် Investment Gap ကြောင့် နိုင်ငံခြားကို ကုန်ကြမ်းအဆင့်ပဲ တင်ပို့နေရပြီး ပြည်တွင်းလုပ်ငန်းရှင်တွေကတော့ သွင်းကုန်ကိုပဲ ရာနှုန်းပြည့် အားကိုးနေရပါတယ်။
ကျွန်မတို့ဆီမှာ High Quality Value-added Product တွေ ထုတ်လုပ်နိုင်ဖို့ဆိုရင် Food-Grade E-number Quality ရှိတဲ့ စက်မှုကုန်ကြမ်းတွေ ပြည်တွင်းမှာ အလွယ်တကူ ရရှိနိုင်ဖို့ လိုအပ်ပါတယ်။
ပုံတွေက ပြင်သစ်က ISIPCA နဲ့ ထိုင်းက Food Innopolis (Flavor Academy) ရဲ့ Joint Training - Flavour Creation လက်တွေ့သင်တန်းမှာ Base Ketchup ကျိုနေပုံတွေပါ။ ဒီမှာတော့ Ketchup လုပ်တာက not a miracle ပါ။ စိန်ခေါ်မှုက စျေးကွက်နဲ့ စားသုံးသူ လိုအပ်ချက်အရ တွဲဖက်စားသုံးမယ့် အစားအစာ (Pairing Menu) ပေါ်မူတည်ပြီး အရသာမျိုးစုံ (Flavor Profiles) ဖန်တီးကြတဲဲ့အဆင့်ကို သွားနေကြပါပြီ)
Khin Nyein Chan Zaw
Co-Founder & Business Development
09/07/2026
" စားသုံးသူက သူလိုအပ်တဲ့အချိန်ပစ္စည်းတစ်ခုကိုဝယ်တော့မယ်ဆိုရင် ကြော်ငြာတဲ့ ဇာတ်လမ်းနဲ့ဆယ်လီကိုပဲမှတ်မိပြီး ကုန်ပစ္စည်းနာမည်ကိုဘာလို့မေ့သွားကြတာလဲ? "
မြန်မာပြည်တစ်ဝှမ်းက တစ်ပိုင်တစ်နိုင် စားသောက်ကုန်ထုတ်လုပ်သူများအတွက် Free Webinar
ကုန်ပစ္စည်းကြော်ငြာတွေအတွက် ဆိုရှယ်မီဒီယာဗီဒီယိုခေတ်မှာ ကိုယ့်အမှတ်တံဆိပ်ကို အများပြည်သူမှတ်မိအောင် Social Influencer တွေနဲ့ပုံစံအမျိုးမျိုးကြော်ငြာကြတယ်..
ကြော်ငြာခငွေကြေးတွေ သူတို့ရဲ့ Follower အင်အားအပေါ်မူတည်ပြီး ကုန်ကျစရိတ်အမျိုးမျိုးရှိကြမယ်..
အချို့ဗီဒီယိုတွေ Million View ရကြတယ်.. ဒါပေမယ့် အရောင်းအင်အားကသိသိသာသာတက်မလာဘူး..
ဒီပညာရပ်တွေရဲ့ နောက်ကွယ်မှာ…
စားသုံးသူအမူအကျင့် ( Consumer Behavior)..
အာရုံစိုက်မှုဆိုင်ရာ စိတ္တဗေဒ (Attention Psychology)
ဗီဒီယိုဖြင့်စျေးကွက်ရှာခြင်းဗျူဟာ (Video Marketing Strategy)
ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုင်သိပ္ပံ (Decision Science)
အမှတ်တံဆိပ်ကိုတန်ပြန်မှတ်မိခြင်းနည်းစနစ်များ (Brand Retention Strategies)
စီးပွားရေးဆိုင်ရာ အနုပညာဖန်တီးမှုသီအိုရီများ (Creative Commercial Theories)
ဆိုတာတွေ ပါဝင်ပတ်သက်နေပါတယ်..
ကုန်ပစ္စည်းကြော်ငြာဖို့အပ်နှံတဲ့အခါ လုပ်ငန်းရှင်ဘက်မှာ ဘာလိုအပ်ချက်တွေရှိသွားသလဲ?
ရိုက်ကူးဖန်တီးပေးတဲ့ ကြော်ငြာအေဂျင်စီနဲ့ ဒါရိုက်တာတွေကို ဘာတွေတောင်းဆိုကြရမလဲ?
လုပ်ငန်းရှင်- ဆယ်လီ- အေဂျင်စီ (၃) ဦး (၃)ဖလှယ် အကျိုးရှိအောင် ဘယ်လိုဆွေးနွေးညှိနှိုင်းအကောင်အထည်ဖော်ကြမလဲ?
မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ တစ်ပိုင်တစ်နိုင်စားသောက်ကုန်လုပ်ငန်းရှင်များ၊ ကြော်ငြာအေဂျင်စီမှာအလုပ်လုပ်ကိုင်ကြမယ့်၊ စီးပွားရေးကြော်ငြာဗီဒီိယိုများရိုက်ကူးထုတ်လုပ်ကြမယ့်လူငယ်များအတွက် ကြော်ငြာဗီဒီယိုများ ဖန်တီးဖို့စီမံကိန်းရေးဆွဲတဲ့အခါမှာ ထည့်သွင်းစဉ်းစားချင့်ချိန်ရမယ့်အချက်အလက်တွေအကြောင်းဖြစ်ပါတယ်..
အောက်ဖော်ပြပါ Google Form ကိုဖြည့်သွင်း Register လုပ်ကာ မည်သူမဆိုအခမဲ့ တက်ရောက်နိုင်ပါတယ်..
လူဦးရေအကန့်အသတ်ရှိပါတယ်
Registration Link
https://forms.gle/3LzUSjEdHB5b175A6
အခု အွန်လိုင်းဟောပြောပွဲကို ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်ကုန်များနှင့် သဘာ၀ကုန်ကြမ်းပစ္စည်းများဆိုင်ရာ အနံ့အရသာသုတေသနနဲ့ ထုတ်လုပ်ဖြန့်ဖြူးကုန်သွယ်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Future Food Asia က ကူညီပံ့ပိုးပေးထားပါတယ်...
----------------------------------------
ဟောပြောမည့်သူ၏ ကိုယ်ရေးအကျဉ်း
ကိုဝဏ္ဏကျော်သည် (၂၀၀၁)ခုနှစ်မှစတင်ပြီး ယနေ့ထိတိုင် အောင်မြင်ကျော်ကြားသော ရုပ်သံကြော်ငြာများနှင့် Corporate Video များ ရေးသားရိုက်ကူးနေသော ကြော်ငြာဒါရိုက်တာနှင့် မီဒီယာနည်းပညာဆိုင်ရာဘာသာရပ်များ စာသင်ကြားပို့ချပေးနေသူတစ်ဦးဖြစ်ပါသည်။
(၂၀၁၇) ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ (Executive MBA) ကို “ Competitive Analysis on Myanmar Cinema Business” သုတေသနကျမ်းဖြင့်ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၊ Asian Institute of Technology (AIT) တွင် Food Innovation, Nutrition and Health ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ကို ဆည်းပူးလျက်ရှိပါသည်။ မြန်မာနိုင်ငံရှိ လူငယ်များ၏ စားသုံးသူအမူအကျင့် (Consumer Behavior)၊ အစားအသောက်ရွေးချယ်ခြင်းစိတ်ပညာ (The Psychology of Purchasing Decision) ၊ ကျင့်ဝတ်ညီသော တံဆိပ်ကပ်ခြင်း (Ethical Labeling)၊ သက်ငယ်ကင်ဆာဖြစ်ပွားမှု (Early-Onset Cencer) နှင့် ဆိုရှယ်မီဒီယာသိနားလည်မှုနှင့် ယုံကြည်မှု (Media Literacy & Para-Social Trust) တို့နှင့်ဆက်နွယ်သော ပါရဂူဘွဲ့ယူသုတေသနကျမ်းကိုပြုစုရေးသားလျှက်ရှိပါသည်။
(၂၀၁၄)ခုနှစ်မှ စတင်ကာ Sony Asia Pacific ၏ မြန်မာနိုင်ငံဆိုင်ရာ Sony Alpha Brand Ambassador (Video Category) အဖြစ် ခန့်အပ်ခဲ့ပြီး (၂၀၁၅)ခုနှစ်တွင် “ လူစွဲမူစွဲနည်းပညာစွဲနှင့် ဖန်တီးမှုအနုပညာ” ၊ (၂၀၂၅)ခုနှစ်တွင် “ရုပ်သံအနုပညာနှင့် ရုပ်သံစီးပွားရေး” စာအုပ်(၂)အုပ်ကိုရေးသားထုတ်ဝေခဲ့သည်။ ထိုင်းနိုင်ငံအခြေစိုက် Future Food Asia ၏ Co-Founder နှင့် Business Communication Officer တစ်ဦးလည်းဖြစ်ပါသည်။