29/01/2025
ဒီနေ့ကတော့ ကျနော်တို့ရဲ့ ဦးတည်ချက်နဲ့ ရည်ရွယ်ထားတဲ့ လုပ်ဆောင်ချက်များကို အနည်းငယ် တင်ပြချင်ပါတယ်။
အရှုပ်အထွေးရယ်လို့တော့ မဟုတ်ပါဘူး။ အဝေးကိုလည်း တွေးမထားပါဘူး။ လက်ရှိမှာ အဆင်ပြေမယ့် လုပ်ဖို့ အလိုဆုံး ဖြစ်မယ့် အရာတွေကို စဉ်းစားပြီး လုပ်သွားမှာ ဖြစ်ပါတယ်။ လက်ရှိကတော့ ကျနော်တို့ဟာ အခြေခံပညာဘက်ကို ဦးမတည်ပါဘူး။ ပညာရပ် တစ်ခုခြင်းစီကို ဦးမတည်ပါဘူး။ ကျနော်တို့အနေနဲ့ အဓိကအားဖြင့် အဆင့်မြင့်ပညာ သင်ကြားသူတွေကို ထောက်ကူပေးမယ့် အစီအစဉ်တွေကို ဦးတည် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ Postgraduate ကျောင်းသားများအနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ အခြေခံကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများနဲ့ စကော်လာရှစ်အတွက် အထောက်အကူအပြု သတင်းအချက်အလက်နဲ့ ဝန်ဆောင်မှုများပေးအပ်ဖို့ပဲဖြစ်ပါတယ်။
၁။ Graduate Course တွေ တက်မယ့် သူတွေအတွက် သုတေသနဆိုင်ရာအထောက်အကူပြုသင်တန်း တွေ ဖွင့်လှစ်သွားပါမယ်။ သူတို့တွေဟာ တစ်ချိန်မှာ မြန်မာပြည်ရဲ့ ပညာရေးကဏ္ဍမှာ အင်မတန် အရေးကြီးမယ့် သူတွေ ဖြစ်လာနိုင်ပါတယ်။ တက်ရောက်မယ့် သူတွေကို အထောက်အကူပေးခြင်းအားဖြင့် သူတို့ဟာ ပိုပို ထိထိရောက်ရောက် လေ့လာနိုင်ပြီး နောက်တချိန်မှာ အရည်အသွေး ကောင်းမွန်တဲ့ သုတေသီတွေ ဖြစ်လာနိုင်ပြီး နိုင်ငံဖွံ့ဖြိုးရေး တာဝန်တွေကို ဆက်လက် ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
၂။ အင်္ဂလိပ်ဘာသာနဲ့ မိမိတို့သုတေသနများကိုတင်ပြခြင်း (Presentation) အခြေခံသင်တန်းပေးတာ ပါပါလိမ့်မယ်။ ဘွဲ့လွန်တန်းရောက်လာတာနဲ့အမျှ တင်ပြခြင်း (Presentation) ဆိုတာက ရှောင်လွှဲလို့ မရတော့ပါဘူး။ အဓိက ရည်ရွယ်တာကတော့ Presentation Skills ကို လေ့ကျင့်တာမျိုး ဖြစ်ပါတယ်။ ဘွဲ့လွန်သင်တန်းသားတွေမှာ သုတေသနဆိုင်ရာ ကျွမ်းကျင်မှုအပြင် တင်ပြတတ်ခြင်းဟာလဲ အရေးကြီးဆုံးအခန်းကဏ္ဍက ပါဝင်ပါတယ်။
၃။ ဒါကတော့ အများအားဖြင့် Research နဲ့ ပတ်သက်ပြီး Mentorship လုပ်ပေးမယ့် အစီအစဉ်တစ်ရပ် ဖြစ်ပါတယ်။ ကိုယ့်မှာ အဓိက Advisor ရှိပေမယ့် ကိုယ် Research လုပ်တဲ့ အခါ ဘေးမှာ အကူအညီပေးမယ့် သူတစ်ယောက် လမ်းကြောင်းပြ ပေးမယ့် သူတစ်ယောက် ပိုထိရောက်အောင် အကြံပေးမယ့် သူတစ်ယောက် လိုအပ်ပါတယ်။ အဲ့လို ဘေးကကူညီပေးသူရှိရင် ကိုယ်လုပ်နေတဲ့ ရေးနေတဲ့ သုတေသနက အချိန်တိုတွင်း အရည်သွေးပိုမိုကောင်းမွန်တိုးတက်လာနိုင်ပါတယ်။
၄။ စကော်လာ သတင်းအချက်အလက် မျှဝေတာဖြစ်ပါတယ်။ အဲ့ဒါကတော့ အဖွဲ့အစည်းတွေ၊ ကျောင်းတွေ၊ အစိုးရတွေကနေ ပေးတဲ့ စကော်လာဆိုင်ရာ အချက်အလက်တွေကို မျှဝေပေးတာ ဖြစ်ပါတယ်။
၅။ စကော်လာရရှိသူတွေကနေ အတွေ့အကြုံမျှဝေတာ ဖြစ်ပါတယ်။ အတွေ့အကြုံက အင်မတန် အရေးကြီးပါတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေကနေ ကိုယ်ဘယ်လို စကော်လာ ရအောင် လုပ်နိုင်မလဲ၊ ရလာတဲ့ စကော်လာကို ဘယ်လို အကျိုးရှိအောင် လုပ်မလဲ စတာတွေကို လေ့လာသင်ယူနိုင်ပါတယ်။
၆။ နောက်တစ်ခုကတော့ စကော်လာလျှောက်သူတွေအတွက် Mentorship လုပ်ပေးမဲ့ အစီအစဉ် တစ်ရပ် ဖြစ်ပါတယ်။ အဲ့ဒါကတော့စကော်လာ လျှောက်ချင်သူတွေကို လမ်းညွှန်ပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။
လက်ရှိကတော့ ဒါတွေကို လုပ်ဖို့ ဦးတည်ထားပါတယ်။ တစ်ခုချင်းစီကို တတ်နိုင်သလောက် အားထုတ်သွားပါမယ်။ ဒါတွေကို ဘယ်လို လုပ်မလဲဆိုတဲ့ လုပ်ပုံလုပ်နည်းကို နောက်ထပ် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီ လုပ်ဆောင်မယ့် လုပ်ငန်းတွေအတွက် ဖြည့်စွက်အကြံပြုစာများ၊ ဘွဲ့လွန်ကျောင်းသားများအနေနဲ့ မိမိတို့ဖွင့်စေချင်တဲ့ သင်တန်းများကိုလဲ ရေးပေးခဲ့ကြပါဦး။
23/01/2025
ဖြစ်ပေါ်လာပုံကို နည်းနည်း ပြောပြချင်ပါတယ်။
တကယ်တော့ အရမ်းအထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ ကိုယ်တွေရဲ့ မြန်မာ ပြည်မှာ အခုဆိုရင် ပညာရေးဟာ အဆိုးဆုံး အခြေအနေကို ရောက်ရှိနေခဲ့ပါပြီ။ ပညာရေး ဘက်က ပညာရှင်ပေါင်းစုံဟာလည်း လက်ရှိမှာ တတ်နိုင်သမျှ နည်းလမ်းတွေနဲ့ ကြိုးစား အားထုတ်နေကြပါတယ်။
အခုလက်ရှိမှာ သိပ်မကြာခင်က ထွက်ခဲ့တဲ့ အစီရင်ခံစာတစ်ခုမှာ မြန်မာပြည်က အခြေခံပညာ သင်ကြားခွင့်နှုန်းထားဟာ ၅၄.၈ ရာနှုန်း အထိ ဖြစ်သွားခဲ့ပါပြီ။ ဒါဟာ နောက် နှစ်ပေါင်း ၂၀ ဝန်းကျင်မှာ ပြဿနာ အကြီးအကျယ် တက်လာမယ့် လက္ခဏာလည်း ဖြစ်ပါတယ်။ အဆင့်မြင့်ပညာကို တက်ခွင့်နှုန်းထားကို တွက်မယ်ဆိုရင် ဒီထက်ပို နည်းမယ်ဆိုတာ လူတိုင်းသိပြီး ဖြစ်ပါတယ်။
ဒါကြောင့် ဒီပြဿနာဟာ တစ်ဦးတစ်ယောက်ထဲ ရှင်းလို့ ပြီးသွားမယ့် ပြဿနာ မဟုတ်ပါဘူး။ ကျနော်တို့ ပြည်ပမှာ ပညာသင်ကြားလို့ ပြီးစီးသွားတဲ့ သူတွေအနေနဲ့လည်း မြန်မာ့ပညာရေးကို ဖြစ်နိုင်တဲ့ လမ်းက သယ်ဆောင်သွားဖို့ တာဝန်ရှိနေခဲ့ပါတယ်။ အဲ့ဒါကြောင့် လက်ရှိမှာ ဘာတွေ လုပ်နိုင်မလဲဆိုတာ စဉ်းစားတဲ့ အချိန်မှာ ကျောင်းထူထောင်ခြင်းဟာ ကျနော်တို့ အတတ်နိုင်ဆုံး လုပ်ဆောင်နိုင်တာပဲ ဆိုတာ သဘောပေါက်တဲ့ အချိန်မှာ ကျနော်တို့တစ်တွေ စတင်ပြင်ဆင်ခဲ့ကြတယ်။
ဒီလိုနဲ့ ဒီကျောင်းစတင်ပေါ်ထွက်လာခဲ့တယ်။ ဘာတွေ လုပ်သင့်တယ်။ ဘယ်လိုတွေ လုပ်သင့်တယ်ဆိုတာလည်း စိတ်ဝင်စားကြရင် အကြံပြုပေးကြပါ။
22/01/2025
အားလုံးပဲ မင်္ဂလာ
ဒီစာမျက်နှာလေးက ဖွင့်လာတာတော့ တစ်နှစ်ကျော်လာခဲ့ပါပြီ။ သို့ပေမယ့် ဘာရည်ရွယ်ချက် ဘာကြောင့်လဲဆိုတာကတော့ တစ်ခါမှ မကြေညာခဲ့ရသေးပါဘူး။
နောက်ရက်တွေက စပြီး ကျနော်တို့ရဲ့ ဖြစ်ပေါ်လာပုံ၊ ရည်ရွယ်ချက်၊ ပေးမယ့် ဝန်ဆောင်မှုတွေအကြောင်းကို ဆက်ပြီး တင်ပြပါမယ်။
ဒီစာမျက်နှာကရော ဘာတွေများ မျှော်လင့်သလဲဆိုတာလည်း ကြားမိချင်ပါတယ်။
23/10/2024
ဒီတစ်ခါတော့ NGO အလုပ်တွေကိုလည်း စိတ်ဝင်စားတယ်။ ကျန်းမာရေး နယ်ပယ်ကိုလည်း စိတ်ဝင်စားတယ်ဆိုရင် အခမဲ့ လူတိုင်း လေ့လာနိုင်တဲ့ Website တစ်ခုကို ပြောပြပါမယ်။ နိုင်ငံတကာ အကူအညီနဲ့မို့သာ အခမဲ့ ရတာ ဖြစ်ပါတယ်။ မြန်မာလိုလည်း ရပါတယ်။
https://clipcourses.org/
ဝင်ရောက်လေ့လာရတာလည်း လွယ်ပါတယ်။ Signup ကို နှိပ်၊ လိုအပ်တာ ဖြည့်ပြီး အကောင့်ရပြီဆိုရင် ဝင်ရောက်လေ့လာနိုင်ပါပြီ။
19/10/2024
ဒီတစ်ခါတော့ အလွယ်တကူလည်း ဝင်လေ့လာလို့ ရမယ် စီးပွားရေး၊ ခေါင်းဆောင်မှုပညာ၊ Marketing နဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အမိုက်စား သင်တန်းကို ပေးနေတဲ့ အွန်လိုင်း ဝဘ်ဆိုက်လေး မိတ်ဆက်ပေးပါမယ်။
ပေးတာကတော့ Arizona State University ဖြစ်ပါတယ်။ ဝင်လေ့လာရတာက လွယ်ပါတယ်။
(၁) သူ့ ဝဘ်ဆိုက်ထဲကို ဝင်ပါ။
https://thunderbird.asu.edu/lifelong-learning/100-million-learners
(၂) ကြိုက်တဲ့ Course ကို ရွေးပြီးနှိပ်ပါ။
(၃) အောက်ကို ဆင်းပြီး Signup ကို နှိပ်ပါ။ လိုအပ်တာ ဖြည့်ပါ။ Submit လုပ်ပါ။
(၄) Email ကို သွား Account Confirmation လုပ်ပြီးရင် စတင် ဝင်ရောက်လေ့လာလို့ ရပါပြီ။
18/10/2024
အင်္ဂလိပ်စာက ဒီအတိုင်း လေ့လာရတာ ပျင်းစရာ၊ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်နဲ့ တွဲ လေ့လာရင်တော့ နည်းနည်း ပျော်စရာ ကောင်းလာတယ်။ အမေရိကန် အင်္ဂလိပ်ကို ဒီအတိုင်း ဝင်လေ့လာနိုင်မယ့် ဝဘ်ဆိုက်တစ်ခုကို ပြောပြပါတယ်။
https://openenglishcommunity.org/page/massive-open-online-courses-moocs
ဒါကတော့ သူ့ရဲ့ ဝဘ်ဆိုက်ပါ။ ဝင်လေ့လာတာက လွယ်ပါတယ်။ အဲ့အထဲကို ရောက်ရင်
(၁) Enroll Now လို့ ဖြစ်နေတာတွေကို လေ့လာလို့ ရပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ ခေါင်းစဉ်မှာ အဲ့ Enroll Now ကို နှိပ်လိုက်ပါ။
(၂) အီးမေးထည့်ပြီး အောက်ဆုံး ဆင်း သဘောတူရမယ့် နှစ်ခုကို Click ပြီး Sign Up နှိပ်လိုက်ပါ။
(၃) နောက်တစ်မျက်နှာမှာ လိုအပ်တာ တောင်းတာတွေကို ဖြည့်ပြီး Submit နှိပ်လိုက်ပါ။
(၄) နောက်ဆုံး ပေါ်လာတဲ့ Link လေးကို နှိပ်ပြီး စလေ့လာလို့ရပါပြီ။
ပြီးဆုံးသွားရင်တော့ Certificate လိုမျိုး Digital Badge တစ်ခု ရပါမယ်။
18/10/2024
ဒီတစ်ခါတော့ ဒီမိုကရေစီ၊ ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ သင်တန်းတွေကို အခမဲ့ စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်မယ့် စာမျက်နှာကို မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ လုပ်တာကတော့ Constitution Academy က ဖြစ်ပါတယ်။ မြန်မာ အင်္ဂလိပ်နှစ်ဘာသာနဲ့ ဖြစ်ပါတယ်။ လင့်ကို ပေးထားပါတယ်။ နှိပ်ပြီး ဝင်လေ့လာလို့ ရပါတယ်။
https://apmyanmar.lms.idea.int/index
သင်တန်းအကြောင်းအကျဉ်း (သင်တန်းစာမျက်နှာမှ ကူးယူထားသည်)
ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်းဆိုတာဘာလဲ။
ဤဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်းသည် အွန်လိုင်းအထူးသင်တန်းပုံစံဖြစ်ပြီး သင်ယူသူများအား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပုံစံဒီဇိုင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးလုပ်ငန်းစဉ်နှစ်ရပ်လုံး၏ အရေးပါသော အခြေခံသဘောတရားများ နှင့် နှိုင်းယှဉ်လေ့လာသည့် နည်းစနစ်တို့ကို မိတ်ဆက်သင်ကြားမည် ဖြစ်ပါသည်။
ဤသင်တန်းသည် ဖင်လန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဇင်ဘတ် ထောက်ပံ့ကူညီရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ဆွီဒင်နိုင်ငံတို့၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၁၈ မှ ၂၀၂၂ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော International IDEA ၏ MyConstitution မှစီစဉ်ပို့ချသည့်အထင်ကရ လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ယခုဤသင်တန်းကို ဖင်လန်နိုင်ငံ၊ လူဇင်ဘတ်နှင့် နော်ဝေးနိုင်ငံတို့မှထောက်ပံ့သည့် Building Federal Democracy in Myanmar အစီအစဉ်သစ် (၂၀၂၃-၂၀၂၄) မှတဆင့် ဆက်လက်အကောင်အထည်ဖော်လျှက်ရှိပါသည်။
လူငယ်ဒီမိုကရေစီအကယ်ဒမီဆိုတာဘာလဲ။
International IDEA မှ စီစဥ်ဆောင်ရွက်သော မြန်မာလူငယ်ဒီမိုကရေစီအကယ်ဒမီသည် ဒီမိုကရေစီနှင့်စပ်လျဥ်းသည့် အခြေခံဗဟုသုတများကို ကိုယ်တိုင်လေ့လာသင်ယူနိုင်သည့် အခမဲ့အွန်လိုင်းသင်တန်းဖြစ်ပါသည်။ ဤသင်တန်းသည် မြန်မာနိုင်ငံမှ ပြည်သူများ အထူးသဖြင့် လူငယ်များအနေဖြင့် မိမိတို့နိုင်ငံအတွင်း ဒီမိုကရေစီခိုင်မာအားကောင်းစေရန် ထိရောက်စွာ ပံ့ပိုးကူညီမှုနှင့် ပါဝင်ဆောင်ရွက်မှုတွင် လိုအပ်သော ပြည်သူ့ရေးရာဗဟုသုတနှင့် ကျွမ်းကျင်မှုများကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ပါသည်။
17/08/2024
Hello Everyone !!!
ကျနော့် သူငယ်ချင်းတစ်ယောက် လုပ်နေတဲ့ သုတေသနပါ။
သိတဲ့ အတိုင်းပါပဲ။ Online scamming က သိပ်ကို ဆိုးလွန်းနေပါတယ်။ အဲ့ဒါနဲ့ ပတ်သက်တဲ့ သုတေသနတွေက အများကြီးကို လိုပါတယ်။ အဆင်ပြေသူတွေ ဖြေပေးကြပါဦး။
ဖြေပေးတဲ့သူတွေကိုလည်း မြန်မာဖုန်းဘေလ် ၃၀၀၀ ထည့်ပေးပါမယ်တဲ့။
https://forms.gle/tHKVzvuUCczWkiFL7
02/04/2024
Fulbright ဆိုရင်တော့ အမေရိကန် အိပ်မက် မက်တဲ့ ပညာရှာသူတွေ အကြားမှာ သေချာပေါက် သိကြမှာပါ။ အမေရိကန်မှာ မဟာဘွဲ့ (Master) တက်ချင်တဲ့မြန်မာကျောင်းသားတွေအတွက် 2025 Fulbright Foreign Student Scholarship Program ဖွင့်လှစ်ပါပြီ။ စတင်လျှောက်ထားနိုင်ပါပြီ။
လုံးဝ အပြည့်အဝ ထောက်ပံ့ပါတယ်။ ဘာသာရပ် အကုန် လျှောက်လို့ ရပါတယ်။ လုံးဝ မြန်မာနိုင်ငံသားအတွက် သီးသန့် ဖြစ်ပါတယ်။
လိုအပ်ချက်တွေကတော့
- Bachelor ဘွဲ့ ရှိရပါမယ်။
- TOEFL score of 575 (paper based) or 90 (internet-based) ရှိရပါမယ်။ ဖြေထားစရာ မလိုပါဘူး။ အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲ ဖြေရပါမယ်။ စစ်ပြီးလို့ ရွေးချယ်ခံရရင်တော့ စာမေးပွဲ အစစ်ကို ဖြေရမှာ ဖြစ်ပါတယ်။
- အမေရိကန်ကို မရောက်ဖူးရင် ပိုကောင်းပါတယ်။
- အမေရိကန်ကနေ ဘွဲ့ရပြီးသူ မဖြစ်ရပါဘူး။
လျှောက်ထားလိုရင်တော့ [email protected] ကို စာရွက်စာတမ်း အပြည့်အစုံနဲ့ လျှောက်ထားနိုင်ပါတယ်။ ဖြည့်ရမည့်၊ လိုအပ်တဲ့ စာရွက်စာတမ်းကိုတော့ အောက်က လင့်မှာ ဝင်ရောက် ရယူနိုင်ပါတယ်။
https://mm.usembassy.gov/education-culture/scholarship-programs/
22/03/2024
Mahidol University ရဲ့ Faculty of Engineering မှာ Bachelor တက်ဖို့ Norway Scholar တွေခေါ်နေပြီနော်။ ရင်ခုန်စရာ ကောင်းတာ တစ်ခုက မြန်မာ အထက်တန်း အောင်လက်မှတ်နဲ့လည်း လျှောက်လို့ ရပါတယ်တဲ့။
မြန်မာနိုင်ငံသား သီးသန့်လည်း ဖြစ်ပါတယ်။ အခုဆို လေးကြိမ်မြောက်ကိုတောင် ရောက်လာပါပြီ။
Program က သုံးခု။ လူ ၆ ယောက်ခေါ်မှာ ဖြစ်ပါတယ်။
Biomedical Engineering (2 person)
Industrial Engineering (2 person)
Chemical Engineering (2 person)
ထုံးစံအတိုင်း တစ်ခြား ကျောင်းဝင်ခွင့်လိုအပ်ချက်တွေနဲ့ လျှောက်ထားရမည့် အသေးစိတ်နည်းလမ်းတွေကိုတော့ အောက်က လင့်မှာ ဝင်ကြည့်လို့ ရပါတယ်။
https://www.eg.mahidol.ac.th/egmu_eng/apply-online/103-academics/tcas/926-tcas-67-direct-admission-round-4-norway-scholarships