14/08/2026
အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ်မှာတော့ အခြားအပတ်တွေလို မဟုတ်ပဲ၊ ကမ္ဘာ့ပတ်၀န်းကျင်အကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်
What are nine planetary boundaries?
2009 မှာ Stockholm Resilliance Center မှာJohan Rockstorm နဲ့ အခြားသိပ္ပံပညာရှင်တို့က ပြောင်းလဲမှု မြန်ဆန်လာတဲ့ သဘ၀အခြေအနေကို လေ့လာပြီး လူတွေ နေထိုင်လို့ရ သေးတဲ့ အခြေအနေ ဒါမှမဟုတ် အကန့်အသတ် ကိုးခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီ အကန့်အသတ်ကိုးခုလုံးကိုကျော်သွားခဲ့ရင်တော့ ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်ပျက်စီးမှုကြီးတွေဖြစ်လာမှာပါ။
1. Climate Change (ရာသီဥတုဖောက်ပြန်ခြင်း)
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုဖောက်ပြန်မှုက နောက်ဆက်တွဲဖြစ်ပေါ်လာတာကိုတော့ လူတိုင်းသိပါတယ်။
ဒါပေမယ့် Rockstorm တို့က လေထုထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ ကိုစောင့်ကြည့်ကြပါတယ်။ကာဗွန်ပမာဏကို (parts per million) နဲ့တိုင်းတာပါတယ်။ စက်မှု မထွန်းကားခင်အချိန်မှာ ရှိတဲ့ပမာဏကတော့ 280ppm ဖြစ်ပါတယ်။
လုံခြုံတဲ့ ပမာဏကတော့ 350ppm ဖြစ်ပြီးတော့ 420ppm ကတော့ ယခုပမာဏဖြစ်ပါတယ်။
2. Biosphere Integrity(ဂေဟစနစ်ကြံ့ခိုင်မှု)
ဂေဟစနစ်မှာ သက်ရှိတွေဟာ လျင်မြန်စွာမျိုးသုဉ်းနေကြပါတယ်။ ဒီအရာကိုတော့ မျိုးသုဉ်းမှုပမာဏ (Extinction Rate) နဲ့တိုင်းတာပါတယ်။
ရှိသင့်တဲ့ပမာဏဟာ (10 extinction per million species) တစ်နှစ်တာ မျိုးစိတ်မျိုးသုဥ်းမှု၀န်းကျင်က တစ်သန်းပုံဆယ်ပုံထက်မပိုသင့်ပါဘူး။
ဒါပေမယ့်ယခု အခြေအနေမှာတော့ (100 extinction per million species) နှစ်စဉ် သက်ရှိပေါင်း တစ်သန်းမှာ တစ်ရာ၀န်းကျင်လောက်က မျိုးသုဉ်းနေကြပါပြီ။
ဒီလိုနှုန်းအတိုင်းပဲဆက်ဖြစ်ခဲ့ရင်တော့ ဂေဟစနစ်ကြီးလည်ပတ်ဖို့ခက်သွားပါလိမ့်မယ်။
3. Land system change(မြေယာပြောင်းလဲမှု)
ဒီအတိုင်းအတာကတော့ လူတွေရဲ့လိုအပ်ချက်အတွက် ပြောင်းလဲသွားတဲ့ကမ္ဘာ့မျက်နှာပြင်နဲ့သစ်တောပမာဏကိုစောင့်ကြည့်တာပါ။
လုံခြုံတဲ့အခြေအနေမှာ ကမ္ဘာ့မျက်နှာပြင်ရဲ့ 75%က သစ်တောတွေပဲရှိသင့်တာပါ။ ဒါပေမယ့် လက်ရှိမှာတော့ ကမ္ဘာ့မျက်နှာပြင်ရဲ့ 60%လောက်ကပဲ သစ်တောတွေရှိနေပါတယ်။
4. Fresh Water Change (ရေချိုပြောင်းလဲမှု)
ရေချို အမျိုးအစားနှစ်မျိုးရှိပါတယ်။
ရေချိုပြာ(blue water) ကတော့ကျွန်တော်တို့ထိတွေ့ကိုင်တွယ်နိုင်တဲ့ မြစ်ချောင်းအင်းအိုင်တွေထဲမှာရှိပြီးတော့ ရေချိုစိမ်း(green water)ကတော့ ထိတွေ့ကိုင်တွယ်လို့မရတဲ့ အပင်တွေနဲ့မြေဆီလွှာထဲမှာရှိနေတဲ့ ရေငွေ့တွေဖြစ်ပါတယ်။
ရေချိုပြာကိုတော့ ကမ္ဘာ့ကုန်းမြေပေါ်က မြစ်ရေစီးဆင်းမှုအနှောင့်အယှက်ပမာဏ 12.9%ထက်မပိုသင့်ပါဘူး။ ဒါပေမယ့်လက်ရှိအချိန်မှာတော့ ကမ္ဘာ့ကုန်းမြေပေါ်မှာ မြစ်ရေစီးဆင်းမှုအနှောင့်အယှက်ပမာဏဟာ 22.6% ရှိနေပါပြီ။
ရေချိုစိမ်း ပမာဏကလဲ သတ်မှတ်ထားတဲ့ ကမ္ဘာ့မျက်မှာပြင်ရဲ့ 12.4%ထက်ကျော်လွန်ပြီးတော့ မြေဆီလွှာ ရေငွေ့အနှောင့်အယှက်ဖြစ်မှုက 22.0%လောက်ရှိနေပါပြီ။
5. Biogeochemical flows(ဇီ၀ဘူမိဓာတုဖြစ်စဉ်စီးဆင်းမှု)
ဒီအတိုင်းအတာကတော့ ကျွန်တော်တို့လူသားတွေရဲ့ ကမ္ဘာ့ဇီ၀ဘူမိဓာတုဓာတ်ငွေ့ လည်ပတ်မှု အထူးသဖြင့် Nitrogen နဲ့ Phosphorus တို့ရဲ့ထုတ်လွှတ်လည်ပတ်မှုကိုလေ့လာတာဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေက အတိုင်းအတာအနေနဲ့
Teragram (Tg) ကို အသုံးပြုပါတယ်။
( 1 Tg= one million metric tons ).
ဒီဓာတ်ငွေ့နှစ်ခုက လူသားတွေအတွက်မဖြစ်မနေအရေးပါသော်လဲ စိုက်ပျိုးရေးကဏ္ဍတွေမှာ ဓာတ်မြေဩဇာတွေနဲ့ပိုးသတ်ဆေးကို လွန်ကြူးစွာသုံးစွဲမှုကြောင့် မိုးရွာသွန်းတဲ့အခါမှာတော့ လယ်ယာတွေထဲမှာရှိတဲ့ ဓာတ်နှစ်ခုကို မြစ်ချောင်းအင်းအိုင်ထဲ စီး၀င်စေပါတယ်။ စီး၀င်ပြီးတဲ့အခါမှာတော့ရေအောက်ထဲက သတ္တဝါတွေနဲ့ ရေအောက်ဂေဟစနစ်ကိုသေဆုံးပျက်စီးစေပါတယ်။
လုံခြုံတဲ့ Nitrogen နှစ်စဉ် ထုတ်လွှတ်လည်ပတ်မှုပမာဏ ဟာ 62Tg ထက်လုံး၀မကျော်သင့်ပါဘူး။
ဒါပေမယ့် အခုနှစ်စဉ် 165Tg ၀န်းကျင် ထုတ်လွှတ်နေပါတယ်။
Phosphorus နှစ်စဉ်ထုတ်လွှတ်မှုပမာဏ ဟာလဲ သတ်မှတ်ထားတဲ့ 6.2Tg ထက်ကျော်လွန်နေပြီးတော့ 18.2 Tg ထုတ်လွှတ်နေပါတယ်။
6. Ocean Acidification ( ပင်လယ်သမုဒ္ဒရာ အက်စစ်ဓာတ်များပြားလာမှု )
လေထုထဲကိုထုတ်လွှတ်လိုက်တဲ့ကာဗွန်ဒိုင်အောက်ဆိုဒ် တွေရဲ့သုံးပုံတစ်ပုံ ကို စုပ်ယူလိုက်ပါတယ်။
သို့ပေမယ့်လဲ နှစ်စဉ်အလိုက် စုပ်ယူတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ ဟာနှစ်စဉ်များပြားလာတာဖြစ်တဲ့အတွက် ပင်လယ်သမုဒ္ဒရာ တွေမှာပါ၀င်တဲ့အက်စစ်ပမာဏ ဟာလဲများပြားလာပါတယ်။
ဒီအရာကိုတော့ Aragonite Saturation State နဲ့တိုင်းတာပါတယ်။
စက်မှုတော်လှန်ရေးမတိုင်ခင်အခါက 3.44 ပမာဏပဲရှိပြီးတော့ လုံခြုံတဲ့ပမာဏကတော့ 2.75 ဖြစ်ပါတယ်။
ယခုလက်ရှိပမာဏကတော့ 2.80 ရှိနေတာဖြစ်တဲ့အတွက် 2.75 အောက်ကိုကျော်လွန်ပြီးတော့ ရောက်သွားခဲ့ရင်တော့ ကမ္ဘာ့ ပင်လယ်သမုဒ္ဒရာ ကိုမှီခိုနေရတဲ့သက်ရှိတွေနဲ့ ရေအောက်ဂေဟစနစ်ကြီးရဲ့ မဟာမျိုးသုဉ်းမှု ကြီးကတော့ တဖြည်းဖြည်းစတင်လာတော့မှာပါ။
7. Atmospheric Aerosol Loading
( လေထုအတွင်းအမှုန်အမွှားညစ်ညမ်းမှု )
ဒီအရာကတော့ လေထုထဲမှာ ရှိနေတဲ့ အလွန်သေးငယ်တဲ့ အမှုန်အမွှား (Aerosols) တွေရဲ့ပမာဏကိုတိုင်းတာတာဖြစ်ပါတယ်။ ဒီ Aerosols လေးတွေ မှာ မီးခိုး၊ဖုန်၊ လူသားသုံးစွဲမှုကြောင့် ထွက်လာတဲ့အမှုန်အမွှားတွေပါပါတယ်။
ဒီ Aerosols လေးတွေဟာ လေထုထဲကို၀င်လာတဲ့နေရောင်ခြည်တွေကိုစုပ်ယူပြီးတော့ ကမ္ဘာ့မုတ်သုံ နဲ့ မိုးရွာသွန်းမှုကိုသက်ရောက်စေပါတယ်။
ဒီအရာတွေကိုတော့ Aerosol Optical Depth (AOD) နဲ့တိုင်းတာပါတယ်။ Aerosols တွေရဲ့ နေရောင်ခြည်ကို တားဆီးစုပ်ယူမှုကိုတိုင်းတာတာဖြစ်ပါတယ်။
ကမ္ဘာ့Aerosols ပမာဏဟာ 0.10 AOD ထက်လုံး၀မကျော်သင့်ပါဘူး။ သို့သော်လဲ ကမ္ဘာ့နေရာတချို့ဟာ ဒီပမာဏကိုကျော်လွန်သွားပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ကျော်သွားပြီဆိုပါက ကမ္ဘာ့မုတ်သုံ နဲ့ မိူရွာသွန်းမှု တွေဟာ ကမောက်ကမ ဖြစ်သွားပါလိမ့်မယ်။
8. Stratospheric Ozone Depletion
( အိုဇုန်းလွှာ ပျက်စီးမှု )
ကမ္ဘာ့အိုဇုန်းလွှာဟာ နေရောင်ခြည်ကလာတဲ့ ခရမ်းလွန်ရောင်ခြည်တွေနဲ့ အခြားအန္တရာယ်ရှိတဲ့ရောင်ခြည်တွေကိုတားဆီးစေပါတယ်။ အိုဇုန်းလွှာပျက်စီးမှုကိုတော့ ကျွန်တော်တို့အရင်းနှီးဆုံးဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေက အိုဇုန်းလွှာရဲ့ အထူအပါးကို Dobson Unit (DU) နဲ့တိုင်းတာပါတယ်။
စက်မှုတော်လှန်ရေးမတိုင်ခင်အချိန်မှာ 292 DU ရှိပြီးတော့ လုံခြုံတဲ့ပမာဏဟာ 277 DU ဖြစ်ပါတယ်။
သတင်းကောင်းအနေနဲ့ကတော့ လူသားတွေရဲ့ ပူးပေါင်းပါ၀င်မှုကြောင့် 286 DU ၀န်းကျင်ရှိနေပါတယ်။ တစ်နည်းအားဖြင့်ဆိုရင်တော့ အိုဇုန်းလွှာကြီးက အလျင်အမြန် ကောင်းမွန်လာပါပြီ။
9. Novel Entities (အဆိပ်အတောက်နှင့် ဓာတုပစ္စည်းအသစ်များညစ်ညမ်းမှု)
ဒီအရာကတော့ သဘာ၀အမှိုက်တွေမဟုတ်တဲ့ plastic၊ ပိုးသတ်ဆေးနဲ့ဓာတ်မြေဩဇာတွေ၊အဏုမြူ အမှိုက်တွေ နဲ့ အခြားသော အမှိုက်နဲ့စွန့်ပစ်ပစ္စည်းမျိုးစုံ ပါ၀င်ပါတယ်။ သဘာ၀ပတ်၀န်းကျင်ကြီးက plastic နဲ့ အခြားအမှိုက်တွေကိုမချေဖျက်နိုင်တဲ့အတွက် ကမ္ဘာ့ပတ်၀န်းကျင်ကြီးကို အဆိပ်ဖြစ်စေပါတယ်။
ဒီအရာကိုတော့ ကမ္ဘာ့ထုတ်လုပ်မှုပမာဏ နဲ့တွက်ချက်ကြပါတယ်။ Novel Entities တွေဟာအင်မတန်များပြားတာဖြစ်တဲ့အလျောက် အပေါ်က စည်းဘောင်တွေလိုတိုက်ရိုက်သတ်မှတ်တာမျိုးမရှိပါဘူး။သို့သော်လဲကမ္ဘာ့ထုတ်လှုပ်မှုပမာဏက များသထက်များလာတာဖြစ်တဲ့အတွက် ဒီစည်းဘောင်ကိုတော့ကျော်သွားပြီဖြစ်ပါတယ်။
နိဂုံးချုပ်
ကျွန်တော်တို့လူသားတွေဟာ အပေါ်က စည်းမျဉ်း ကိုးခုထဲက ခုနှစ်ခုကို ဖောက်ဖျက်ကျော်လွန်သွားပါပြီ။ အကယ်၍ ကိုးခုလုံးသော သတ်မှတ်ချက်ကိုကျော်သွားပါက ကမ္ဘာလုံးဆိုင်ရာသဘာ၀ကပ်ဘေးတွေဟာ အနှေးနဲ့အမြန်ဆက်စပ်ပြီးဖြစ်လာမှာဖြစ်ပြီးတော့ ကျွန်တော်တို့လူသားတွေဘယ်လိုမှတားဆီးလို့ရမှာ မဟုတ်တော့ပါဘူး။