06/04/2020
"သူတို့ကို စာနာပါ"
ကိုရိုနာဗိုင်းရပ်စ်ကူးဆက်ပြန့်ပွားမှုကို ရပ်တန့်နိုင်ဘို့အရေး ကမ္ဘာကြီးတစ်ခုလုံး အကျယ်ချုပ်မိနေတဲ့ အချိန်မှာ ကျန်းမာရေးလုပ်သားများခင်ဗျာ အသက်ရှူချိန်တောင်မရရှာပဲ ပျားပန်းခပ်အလုပ်ရှုပ်နေကြတယ်။ သူတို့ဘဝမှာ ဤမျှလောက် တစ်ခါမှ အလုပ်မရှုပ်ခဲ့ဖူးပါ။ မှန်ပါတယ်။ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ်ကို ရှေ့တန်းစစ်မြေပြင်မှ တိုက်ခိုက်တွန်းလှန်နေတာလည်း သူတို့တစ်တွေပါပဲ။ အသက်ပေါင်းများစွာကို ကယ်တင်ဘို့ မိမိတို့ရဲ့ အသက်တွေကိုပဓါနမထားပဲ စတေးနေကြတဲ့သူတွေဟာလည်း အခြားသူတွေမဟုတ်။ သူတို့တွေပါပဲ။
သည်လိုအခြေအနေမျိုးတွေကြောင့် စီစဉ်ထားခဲ့သမျှအစီအစဉ်တွေ ကမောက်ကမဖြစ်ကုန်ပြီး ဘဝပေး အခြေအနေတွေပါ ပြောင်းပြန်ဇောက်ထိုးဖြစ်ကုန်တဲ့ ကျန်းမာရေးလုပ်သားတွေ အမြောက်အများရှိခဲ့ပါတယ်။ ယင်းတို့တွေထဲမှာ ရိုဘာတို တိုနဲလီ ဆိုသူနဲ့ သူ့ရဲ့ချစ်ဇနီးသည် အီဗာနာ ကက်စတာနီယာ ဆိုသူတို့လည်း ကံကြမ္မာရဲ့ အလှည့်အပြောင်းကို ခါးစည်းခံခဲ့ကြရရှာပါတယ်။ အီတလီနိုင်ငံ မိုဒါးနား ဆိုတဲ့ သူတို့နေထိုင်ရာ မြို့ကလေးမှာ ပျော်ရွှင်ဖွယ် မိသားစုကမ္ဘာလေးကို တည်ဆောက်နေခဲ့ကြတာ ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ဝင်မွှေသွားတဲ့ အချိန်ထိပါပဲ။
အခုတော့ သူတို့ ချစ်သူနှစ်ဦးခင်ဗျာ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကြီးကို ရှေ့တန်းစစ်မြေပြင်မှ တိုက်ခိုက်တွန်းလှန်နေလို့ပေါ့။
ရိုဘာတို နဲ့ အီဗာနာ တို့ဟာ ပါလ်မိုနိုလိုဂျစ် ခေါ် အဆုတ်ရောဂါဆိုင်ရာ အထူးကုဆရာဝန်များ ဖြစ်ကြပါတယ်။ သူတို့နှစ်ဦးဟာ ဆေးရုံတစ်ရုံထဲမှာ အတူတူအလုပ်လုပ်ခဲ့ကြတာပါ။ တကယ်လည်း သူတို့ နှစ်ဦးဟာ အလုပ်ခွင်ထဲမှာ ဖူးစာဆုံဖြစ်ခဲ့ကြတာပါ။
“စစတွေ့တုန်းက သူ့ကို သဘောမကျခဲ့ပါဘူးရှင်၊ သူ့ကိုသူ ဆရာကြီးဂိုက်နဲ့” ဆိုပြီး အီဗာနာ က စတွေ့ တုန်းက သူမရဲ့ ခံစားချက်ကို ဟာသနှောပြီး ပြောလိုက်ပါတယ်။
“သူမကို ဒီဆေးရုံမှာပဲ စတွေ့ခဲ့တာပါ။ အဲ့ကတည်းက သူမဟာ ကျွန်တော့်ရဲ့ ဘော့စ်ပါ” ဆိုပြီး ရိုဘာတို ကလည်း စတွေ့တုန်းက ခံစားချက်ကလေးကို ပြန်ပြောပြခဲ့ပါတယ်။
အခုတော့ အခြေအနေတွေအားလုံးဟာ သူတို့တွေ့စတုန်းကလို မဟုတ်တော့ပဲ အရာအရာဟာ မျက်လှည့်သဖွယ် ပြောင်းလဲကုန်ပြီ။
“ဒီလို ကပ်ရောဂါဆိုးမျိုး ငါတို့ဘဝမှာ တစ်ခါမှ အမြင်ဖူးဘူး” ဆိုပြီး ပထမဆုံးနေ့မှာတင် ကောက်ချက်ချခဲ့ကြတယ်။ ခုတော့ ဆေးရုံကြီးကလည်း သူတို့ကို အရင်ကထက်ပိုလို့တောင်မှ လိုအပ်လို့လာချေပြီ။ လင်မယား နှစ်ဦးစလုံး မနားမနေ အလုပ်လုပ်နေကြရတယ်။ တစ်ပတ်မှာ ခြောက်ရက်။ တစ်ရက်မှာ ဆယ့်လေးနာရီကြာ အလုပ်လုပ်နေကြရတယ်။
အသက်ပေါင်းများစွာကို ကယ်တင်နိုင်ဘို့ ပျော်ရွှင်ဖွယ် မိသားစုကမ္ဘာလေးခင်ဗျာ ချောင်ထိုးခံရရှာလေတော့တယ်။
အသက်ကို ခပ်ပြင်းပြင်းရှူရင် ရောဂါကူးဆက်တာမြန်မှာဆိုးလို့ “အသက်ကို ညင်းညင်းကလေးပဲ ရှူရဲတယ်” လို့ အီဗာနာ က ဝန်ခံခဲ့တယ်။
ကိုယ်ချစ်ရတဲ့သူတွေနဲ့ အတူတူအလုပ်လုပ်နေရတာက တစ်မျိုးဆိုပေမယ့်။ ကိုယ်ချစ်ရတဲ့သူတွေနဲ့ ရောဂါ အတူတူကူးဆက်ခံရပြီး ဆေးရုံအတူတူတက်ရတာက တစ်ခြားပါ။ အမှန်ပါ။ ကိုယ့်မှာ ရောဂါကူး ဆက်ခံရပြီဆိုရင် အရင်ဆုံးထပ်ဆင့် ကူးဆက်သွားမှာ ကိုယ်ချစ်ရတဲ့ ကိုယ့်ဆွေမျိုးသားချင်း၊ ကိုယ့်မိသားစုဝင် တစ်ယောက်ယောက်ပါပဲ။
“ကျွန်မတို့ရဲ့ ပထမဆုံး ကူးဆက်ခံလူနာက ညီအစ်ကို နှစ်ယောက်ပါ” လို့ အီဗာနာ ကပြောပြတယ်။ မကြာသေးခင်ကလည်း ၁၃ နှစ် အရွယ် ကလေးမလေးကို ဆေးရုံတင်လိုက်ကြတယ်။ ရက်အနည်းငယ်အကြာမှာပဲ သူမရဲ့အဖေကို တွန်းလှည်းပေါ်တင်ပြီး အထူးကြပ်မတ်ဆောင်ထဲကို ခေါ်သွားခဲ့ကြတယ်။ လူနာတိုင်းဟာ တသီးတသန့် နေကြရတယ်။ တသီးတခြား ခွဲထုတ်ခံကြရတယ်။ ကိုယ်ချစ်ရတဲ့သူတွေနဲ့ တွေ့ခွင့်ရနိုင်ကြပါဦးမလား၊ မရနိုင်တော့ဘူးလား ဆိုတာ မသေချာမှုတွေနဲ့ပေါ့။
“ငါ သေရတော့မှာလားဟင်” လို့ လူနာတွေက ကျွန်တော့်ကို မေးတတ်ကြတယ်။ ကျွန်တော် သူတို့ကို မုသားနဲ့ မနှစ်သိမ့်ချင်ပါဘူး။ “အတူတူ ရင်ဆိုင်တွန်းလှန်ကြတာပေါ့” လို့ ပဲ ကျွန်တော်ပြောနိုင်ခဲ့တယ်။
ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကြောင့် အီတလီ ဟာ သေကောင်ပေါင်းလဲ ခံခဲ့ရရှာတယ်။ အခုချိန်ထိ ရောဂါ ကူးဆက်ခံရသူ တစ်သိန်းကျော် ရှိခဲ့ပြီ။ တစ်သောင်းခွဲကျော်ကျော် ဟာ သေဆုံးခဲ့ကြရရှာပါပြီ။ သည် အခြေအနေဆိုးများကြောင့် ကျန်းမာရေးလုပ်သားတွေဟာ လူပင်ပန်း၊ စိတ်ပင်ပန်း ဖြစ်ကြရရှာပါတယ်။ စိတ်ဖိစီးမှုပေါင်းများစွာလည်း အလူးအလဲ ခံစားကြရရှာပါတယ်။ ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ကို ထမ်းဆောင်ရင်း ဆရာဝန် နဲ့ သူနာပြုဆရာဆရာမပေါင်း လေးထောင်ကျော်ဟာ ရောဂါကူးဆက် ခံခဲ့ကြ ရရှာပါတယ်။ ယနေ့အချိန်ထိ အီတလီ နိုင်ငံသား ဆရာဝန်ပေါင်း ၃၇ ဦးဟာ ရောဂါကူးဆက်ပြီး အသက် ပေးခဲ့ကြရရှာပါပြီ။
ရိုဘာတို နဲ့ အီဗာနာ တို့ဟာ တခြားဆရာဝန်တွေလိုပဲ အသက်ဘေးအန္ဒာရာယ်နဲ့ နေ့တိုင်း ရင်ဆိုင်ကြရ ပါတယ်။ တခြားဆရာဝန်တွေလိုပဲ ချစ်ရတဲ့ မိသားစုဝင်တွေနဲ့လည်း ဝေးနေခဲ့ကြရရှာပါတယ်။ သူတို့မှာ ချစ်စရာကောင်းလှတဲ့ နှစ်နှစ်အရွယ် သမီးလေးတစ်ယောက်ရှိပါတယ်။ ရင်ခွင်ထဲ ပွေ့ဖက်ထားချင်ပေမဲ့ လည်း မဖြစ်နိုင်တဲ့အတွက် အဘိုးအဘွားဆီမှာပဲ ထားရစ်ခဲ့ကြရပါတယ်။ သူတို့သမီးလေးကို မတွေ့ဖြစ် တာဆိုရင် တစ်လကျော်တောင်ရှိနေပါပြီ။ သူတို့အနေနဲ့ သမီးလေးကို သိစေချင်တာ တစ်ခုပဲရှိပါတယ်။ သမီးလေးကြီးလာရင် ဖေဖေ နဲ့ မေမေ့ ကို သူမရဲ့ သူရဲကောင်းတွေအဖြစ် မှတ်ယူပေးဖို့ တစ်ခုပါပဲ။ သမီးလေး နားလည်နိုင်ပါစေလို့ ဆုတောင်းပါတယ်။
ကျွန်တော်တို့တစ်တွေ ဘယ်နေရာမှာပဲ ရှိနေရှိနေ ကျွန်တော်တို့ရဲ့ သူရဲကောင်း ကျန်းမာရေးလုပ်သား တွေကို အသိအမှတ်ပြုပေးဖို့၊ ဂုဏ်ပြုပေးဖို့ အချိန်ခဏလေးပေးလိုက်ကြရအောင်။
သူတို့ရဲ့ဝန်တွေကို အနည်းငယ်မျှသက်သာသွားအောင်၊ အနည်းငယ်မျှပေါ့ပါးသွားအောင် အကောင်း ဆုံးကူညီပေးနိုင်တဲ့ နည်းလမ်းက ရောဂါပိုးကူးဆက်ပြန့်ပွားမှုကို အတတ်နိုင်ဆုံးလျှော့ချပေးခြင်းပါပဲ။ လူတစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာလေးနေကြမယ်၊ ကိုယ့်အိမ်မှာပဲ ကိုယ်နေကြမယ် ဆိုရင် ရောဂါပိုးကူးဆက် ပြန့်ပွားမှုကို အကောင်းဆုံး လျှော့ချပေးသွားနိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ သူရဲကောင်းကြီးတွေကို စာနာစိတ်နဲ့ တစ်ဖက်တစ်လမ်းက ကူညီကြရအောင်လား။
အားလုံးကို လေးစားတဲ့ ...
မင်းခ
၆၊ ၄၊ ၂၀၂၀ (တနင်္လာ)
Goalcast ထဲကဆောင်းပါးတစ်ပုဒ်ကို ဆီလျှော်အောင်ဘာသာပြန်ဆိုတာပါ။
Translated from an article on Goalcast.