Teacher Thet Yi Win

Teacher Thet Yi Win

แชร์

Sharing English learning tips, online classes, and fun activities for English language learners to grow confidence in language learning.

19/12/2025
14/12/2025

ဆရာ၊ဆရာမတို့ရေ ၂၀၂၅မှာဘာတွေလေ့လာသင်ယူဖြစ်ခဲ့လဲ???
၂၀၂၆ မှာရော ဘယ်လို Skills တွေ Upgrade လုပ်ဖို့စဉ်းစားထားလဲ???
END OF 2025 မှာ ….
Teachers တွေအတွက်
AI for Teachers Free Sharing Session လေးစီစဉ်ထားပါတယ်။
သားသားမီးမီးတို့အတွက်တော့ Read and Discuss Class လေးစီစဉ်ထားပါတယ်။
စိတ်ဝင်စားရင် Yes လို့ရေးခဲ့ပေးနော်။

Tr.Thet

08/12/2025

"စာရွက်ပေါ်က A ထက် ဘဝထဲက A (Artistry) က ပိုတန်ဖိုးရှိတယ်။"

"Artistry" ဆိုတာ ဒီနေရာမှာ အနုပညာပညာရှင်တစ်ဦးရဲ့ လက်ရာကိုပဲ ဆိုလိုတာမဟုတ်ဘူးနော်။
ဒါကတော့...
ဘဝကို ဖန်တီးနိုင်တဲ့ ကျွမ်းကျင်မှု၊
ပြဿနာကို ဖြေရှင်းတဲ့အခါ ဖြစ်လာတဲ့ ဉာဏ်၊
ဆက်ဆံရေးကို နွေးထွေးအောင်လုပ်နိုင်တဲ့ ပညာ၊
သာမန်အရာကို အထူးအဆန်းဖြစ်အောင် မြင်နိုင်တဲ့ မျက်လုံး တွေပါပဲ။
ဒါတွေအားလုံးဟာ စာမေးပွဲကျောင်းစာနဲ့ အဆင့်သတ်မှတ်လို့ မရနိုင်တဲ့ "ဘဝအနုပညာ" (The Art of Living) ရဲ့ အစိတ်အပိုင်းတွေပါ။ 😊

Tr.Thet Yi Win

04/12/2025



https://www.facebook.com/share/p/17M54fxsbX/?mibextid=wwXIfr

CL လေးတက်တဲ့ ဓမ္မစကူးအတန်းလေး
Dec 21-27 Zoom Online Class လေးပါ အပေါ်ကLink လေးမှာForm ဖြည့်ပြီးတက်လို့ရပါတယ်။

"စက္ကန့် ၃၀ အာရုံစိုက်စေနည်း”

ကလေးတွေရဲ့ အာရုံစူးစိုက်မှုဟာ သူတို့အသက်အရွယ်အလိုက် မိနစ်ပိုင်းလောက်ပဲ ကြာတတ်ပါတယ်။ စာသင်ခန်းထဲမှာဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် သူတို့အာရုံထွေပြားပြီး မလှုပ်ချင်မကိုင်ချင် ဖြစ်နေချိန်ဆိုရင် ဒီလိုလုပ်ကြည့်ပါ။

🎯 "စက္ကန့် ၃၀ စိန်ခေါ်မှု"

ဘယ်လိုလုပ်မလဲ?

၁။ အသိပေးပါ
"အာရုံစိုက်မှု ဂိမ်းကစားကြမယ်! စက္ကန့် ၃၀ အတွင်းမှာ..."

၂။ ရိုးရှင်းတဲ့တာဝန် ၃ မျိုးထဲက တစ်ခုပေးပါ

ဂိမ်း (၁) - "အသံတွေကို ရေတွက်မယ်"
"မျက်စိမှိတ်ထားပြီး... အိမ်ထဲကအသံဘယ်နှစ်မျိုးကြားရလဲ? (ပန်ကာ၊ နာရီ၊ ကားအသံ၊ ငှက်သံ) စက္ကန့် ၃၀ ရေတွက်မယ်!"

ဂိမ်း (၂) - "အရောင်ရှာမယ်"
"ဒီစာသင်ခန်း/ဒီအခန်းထဲမှာ အနီရောင်အရာဝတ္ထု ဘယ်နှစ်ခုရှိလဲ? စက္ကန့် ၃၀အတွင်း သွားရှာပြီးပြပါ!"

ဂိမ်း (၃) - "ခဏတိတ်ဆိတ်မှု"
"စက္ကန့် ၃၀ အတွင်းမှာ တိတ်တိတ်လေးထိုင်ပြီး ကိုယ့်အသက်ရှူသံကိုပဲ အာရုံစိုက်ထားနိုင်ရင် အောင်မြင်ပြီ!"

၃။ ပြန်ဆွေးနွေးပါ

စက္ကန့် ၃၀ ပြီးသွားရင်...
"ဘာအသံတွေကြားရလဲ?"
"ဘယ်နှစ်ခုရှာတွေ့လဲ?"
"ဘယ်လိုခံစားရလဲ?"

ဒီနည်းလေးတွေသုံးကြည့်ပြီး အလုပ်ဖြစ်မဖြစ်ပြန်ပြောပေးကြပါအုံးနော်။
တီချယ်တို့/ဖေဖေမေမေတို့ရော ကလေးလေးတွေအာရုံစိုက်လာအောင်လုပ်တဲ့နည်းလမ်းလေးတွေရှိရင်လဲ Comment လေးမှာမျှဝေပေရသွားပါအုံးနော်

Tr.Thet Yi Win

ပုံကတော့ အိမ်ကအလုံးလေးကို အာရုံစူးစိုက်မှုအားကောင်းအောင် တရားထိုင်ခိုင်းထားတာပါ။

03/12/2025

"ကလေး စိတ်ဆိုးနေရင် မေးသင့်တဲ့စကား" (Feelings First နည်းလမ်း)

ကလေးတစ်ယောက် ဂျီကျ/ငိငိုနေတဲ့အချိန် ကျွန်မတို့ဘာတွေပြောလေ့ရှိကြလဲ?????

"မငိုနဲ့တော့... တိတ်တော့..."
"တော်တော့နော်..."

ကျမတို့ကတော့ ကလေးကို ချက်ချင်းတိတ်စေချင်လို့၊ သက်သာစေချင်လို့၊ ဒီအခက်အခဲကို ကျော်လွှားစေချင်လို့ပြောကြတာပါပဲ။

ဒါပေမယ့် ဒီစကားလုံးလေးတွေက ကလေးရဲ့ နားထဲကို ဘယ်လိုရောက်သွားသလဲဆိုတာ စဉ်းစားဖူးလား။

"ငါငိုလို့မရဘူး။"
"ငါ့ရဲ့ခံစားချက်က အရေးမပါဘူး။"
"ငါ့အပြစ်ပဲ။"

အဲ့လိုမျိုး သူ့ဘာသာသူ နားလည်သွားတတ်ကြတယ်။

တကယ်တော့ ကလေးတစ်ယောက် ငိုနေတယ်ဆိုတာ သူ့ဘာသာသူ ပြောပြနေတဲ့ ဘာသာစကားတစ်ခုပါပဲ။ သူစကားပြောတတ်တဲ့ ဘာသာစကားနဲ့ မဟုတ်ဘူး။ သူ့ခံစားချက်တွေကို ပြောပြနေတဲ့ ဘာသာစကားနဲ့။

ဒီတော့ ကျွန်မတို့ မိဘတွေ၊ ဆရာတွေရဲ့ တာဝန်က ဒီဘာသာစကားကို "ဘာသာပြန်"ပေးဖို့ပါ။

စိတ်ဆိုးနေတဲ့ကလေးတစ်ယောက်ကို အောက်ပါလမ်းကြောင်းလေးအတိုင်း လမ်းပြပေးလို့ရပါတယ်။ ဒါကို "Feelings First" လို့ခေါ်ပါတယ်။ စကားမစမီ ခံစားချက်ကို အရင်ဆုံး လက်ခံပေးတာပါ။

အဆင့် (၁) - မိမိကိုယ်တိုင်အရင်တည်ငြိမ်အောင်ကြိုးစားပါ။
ကလေးငိုတာ၊ ဂျီကျတာကိုမြင်ရင် လူကြီးတွေက ဒေါသအရင်ထွက်တတ်ကြပါတယ်။ ဒါကြောင့်ပထမဆုံး ကိုယ့်စိတ်ထဲက "အမြန်တိတ်အောင်လုပ်မယ်" ဆိုတဲ့အတွေးကို ခဏရပ်လိုက်ပါ။ အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပါ။

အဆင့် (၂) - ခံစားချက်ကို အမည်တပ်ပေးပါ
ကလေး ဒီလိုမေးကြည့်ပါ။
"သမီး စိတ်ဆိုးနေတယ်နော်?"
"သား စိတ်မကောင်းဖြစ်နေတယ်မလား?"

ဒီလိုမေးလိုက်တာနဲ့ ကလေးရဲ့ ဦးနှောက်မှာ ထူးခြားတဲ့ပြောင်းလဲမှုတစ်ခု ဖြစ်သွားပါတယ်။ "အို... သူက ငါဘာခံစားနေရတယ်ဆိုတာ နားလည်နေပြီ" ဆိုတဲ့ ခံစားချက်ပေါ့။

အဆင့် (၃) - အကြောင်းရင်းကို အတူရှာပါ
ခံစားချက်ကို အသိအမှတ်ပြုပြီးမှ "ဘာဖြစ်လို့လဲ? ပြောပြမလား?" လို့ ဆက်မေးပါ။ အပြစ်ရှာတဲ့သံမပါဘဲ စူးစမ်းချင်စိတ်နဲ့ မေးပါ။

သူ့ခံစားချက်ကို အရင်ဆုံး လက်ခံလိုက်တဲ့အခါ သူ့မှာ သူ့ပြဿနာကို ရှင်းပြဖို့ စိတ်အခြေအနေ ဖြစ်လာပါတယ်။

တကယ်တော့...
"မငိုနဲ့" ဆိုတဲ့စကားက ကလေးကို သူ့ခံစားချက်ကနေ ထွက်ခွာစေချင်တာ။
"မင်းစိတ်ဆိုးနေတယ်နော်" ဆိုတဲ့စကားက ကလေးရဲ့ခံစားချက်ထဲကို ကိုယ်တိုင်ဝင်ပြီး လမ်းပြပေးနေတာ။

ကလေးတွေကို ခံစားချက်တွေကို ဖုံးကွယ်ဖို့မသင်ပေးပါနဲ့။ ခံစားချက်တွေကို နားလည်ပြီး ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သင်ပေးပါ။

ဒီနေ့ကစပြီး ကလေးငိုတိုင်း "မငိုနဲ့" မပြောမိအောင် သတိထားကြည့်ပါ။ အဲ့လိုပြောမဲ့အစား ကလေးကဘယ်လိုခံစားချက်ကိုခံစားနေရတယ်ဆိုတာကို ပြောကြည့်ပါ။
ကလေးတွေ အသက်ကြီးလာတာနဲ့အမျှ ငိုတဲ့အကြိမ်ရေ နည်းလာကြတာကိုတွေ့ရမှာပါ။ အကြောင်းရင်းကတော့ သူတို့ရဲ့ ခံစားချက်တွေကို စကားလုံးတွေအဖြစ်ပြောင်းလဲလာတတ်ကြလို့ပါပဲ။

ဖေဖေ၊ မေမေ၊ ဆရာ၊ ဆရာမတို့အတွက်အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

#ကလေးစိတ်ပညာ #မိဘအတွေ့အကြုံ

01/12/2025
23/10/2025

More classes coming soon!

07/10/2025
17/09/2025

"အခြားကလေးတွေနဲ့ နှိုင်းယှဉ်ခြင်းရဲ့ ဒဏ်ရာ - သင့်ကလေး စိတ်ဒဏ်ရာ မရစေဖို့"

"ကြည့်စမ်း၊ သူငယ်ချင်းက စာဘယ်လိုတွေ ရေးတတ်/ ဖတ်နေတာ။ သားကရော..."
"မမလက်ရေးလေးတွေကလှလိုက်တာ .....သားလဲမမလိုလှအောင်ရေးနော်"

ဒီစကားလုံးတွေဟာ ကလေးအတော်များများအတွက် ကြားရင် နာကျင်စရာ၊ စိတ်မကောင်းစရာတွေပါပဲ။ မိဘဆိုတာ ကလေးကို အကောင်းဆုံးလုပ်ချင်လို့၊ အားပေးချင်လို့ ပြောမိတဲ့ စကားတွေပါ။ ဒါပေမယ့် မမျှော်လင့်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ကလေးရဲ့ စိတ်ထဲမှာ အနာတရဖြစ်စေနိုင်ပါတယ်။

"နှိုင်းယှဉ်မှု" ရဲ့ နောက်ကွယ်က "လောဘ"

မိဘတွေမှာ ကလေးအပေါ် မျှော်လင့်ချက်တွေ၊ အိပ်မက်တွေက အမြဲရှိတတ်ပါတယ်။ "ငါမရခဲ့တဲ့ အခွင့်အရေးတွေ ငါ့ကလေးရပါစေ" "ငါ့ကလေးက ဘာဖြစ်ရမယ်/ညာဖြစ်စေရမယ်" စတဲ့ ဆန္ဒတွေဟာ တဖြည်းဖြည်းနဲ့ "လောဘ" အသွင်သဏ္ဍာန် ဖြစ်လာတတ်ပါတယ်။

ဒီလောဘကြီးလာတဲ့အခါ ကိုယ့်ကလေးရဲ့ "လက်ရှိ အခြေအနေ"၊ "ပင်ကိုယ်စရိုက်" နဲ့ "စိတ်ဝင်စားမှု"တွေကို မေ့လျော့သွားစေပါတယ်။ ကိုယ့်ကလေး ဘယ်လောက် ကြိုးစားနေတယ်၊ ဘယ်နေရာမှာ တိုးတက်နေတယ်ဆိုတာထက် သူများကလေးရဲ့ "ရလဒ်"ကိုပဲ အာရုံစိုက်မိတော့တယ်။

ကျွန်မတို့ နားလည်သင့်တာက ကလေးတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက်မတူပဲကြီးပြင်းနေကြတာပါ။

ကလေးတစ်ယောက်နဲ့ တစ်ယောက် ဖွံ့ဖြိုးမှုနှုန်း မတူညီကြပါဘူး။

- တစ်ယောက်က စကားစ ြောတဲ့အရွယ် စောနိုင်ပေမယ့်၊ တစ်ယောက်က လမ်းလျှောက်တာစောနိုင်တယ်။
- တစ်ယောက်က သင်္ချာဘာသာရပ်မှာ ထက်မြက်ပေမယ့်၊ တစ်ယောက်က အနုပညာဘက်မှာ ဖန်တီးနိုင်စွမ်းရှိတယ်။
- တစ်ယောက်က စာဖတ်ဝါသနာပါပေမယ့်၊ တစ်ယောက်က အားကစားမှာ ဝါသနာပါနေနိုင်ပါတယ်။

ဒါဟာ ပုံမှန်ပါပဲ။ ကလေးတစ်ယောက်ရဲ့ အားသာချက်ကို မြင်ပြီး ကျန်တဲ့ကလေးကို နှိမ့်ချတာဟာ မတရားပါဘူး။ ကိုယ့်ကလေးရဲ့ "အခြေအနေကို လက်ခံပါ"။ သူ့ရဲ့ တိုးတက်မှုအနည်းအကျဉ်းကိုတောင် အသိအမှတ်ပြုပါ။ ချီးကျူးပါ။

နှိုင်းယှဉ်ခံရတဲ့ ကလေးရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်သွားလဲ

၁။ ယုံကြည်မှုတွေ ပျက်သုဉ်းသွားမယ် "ငါဟာ လုံးဝမလုံလောက်ဘူး" "ငါ့ကို မေမေအဖေတောင် သဘောမကျဘူး" ဆိုတဲ့ စိတ်ခံစားချက်တွေ ဝင်လာတယ်။
၂။ မနာလိုဝန်တိုစိတ်တွေ ဖြစ်လာမယ်။ အခြားကလေးတွေအပေါ် ရန်ငြူးစိတ်၊ ဝန်တိုစိတ်တွေ မွေးလာတယ်။ မောင်နှမချင်းတောင်မှ ပြိုင်ဆိုင်မှုတွေ ဖြစ်လာတတ်တယ်။
၃။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ များလာမယ်။ မိဘရဲ့ မျှော်လင့်ချက်ကို မှန်းဆရတာ ကြောက်ရွံ့စိတ်တွေ ဖြစ်ပေါ်လာပြီး စိတ်ဖိစီးမှုဒဏ်ကို ခံစားရတယ်။
၄။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု နည်းပါးလာမယ်။ သူတို့ရဲ့ ကိုယ်ပိုင်အရည်အသွေးတွေ၊ အောင်မြင်မှုအနည်းငယ်ကိုတောင် မြင်တော့မှမဟုတ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအလွန်နည်းပါးသွားတတ်တယ်။

အဲ့ဒီတော့ ကျမတို့ ဘာလုပ်ပေးသင့်လဲ?
၁။ ကိုယ့်ကလေးကိုပဲ အာရုံစိုက်ပါ။
သူများကလေးနဲ့ မနှိုင်းယှဉ်ပါနဲ့။ "မနေ့ကထက် ဒီနေ့ ဘယ်လိုတိုးတက်လာလဲ" ဆိုတဲ့ ရှုထောင့်ကနေ ကြည့်ပါ။
၂။ အားသာချက်ကို ရှာပေးပါ။
ကလေးရဲ့ ထူးခြားတဲ့ စွမ်းရည်ကို ရှာဖွေပြီး အားပေးပါ။ ဥပမာ- "မင်းရဲ့ ပန်းချီကားလေး စိတ်ကူးကောင်းတယ်"၊ "ကူညီတတ်တဲ့ စိတ်လေး အရမ်းချစ်စရာကောင်းတယ်"။
၃။ ချစ်ခြင်းမေတ္တာဟာ ရလဒ်ပေါ် မှုတည်တယ်လို့ မထင်မိစေပါနဲ့။
ကလေးကို သူ့ရဲ့ ရလဒ်၊ အောင်မြင်မှုတွေကြောင့် မဟုတ်ဘဲ သူ၏ဖြစ်တည်နေတယ်ဆိုတဲ့ အတွက်ကြောင့်သာ ချစ်ကြောင်း ပြသပါ။
၄။ စကားပြောဆိုနည်းကို ပြောင်းလဲပါ။
သူများထက်သာအောင် လုပ်ပါ" ဆိုတဲ့ စကားအစား "သား/သမီးဘယ်လိုတိုးတက်အောင် လုပ်ချင်လဲ? သား/သမီးအတွက် ဖေဖေ/ မေမေတို့ ဘာကူညီရမလဲ" ဆိုတဲ့ အားပေးတဲ့ စကားမျိုး ပြောဆိုပါ။

ကိုယ့်ကလေးရဲ့ အနာဂတ်ကို ကောင်းစေချင်တဲ့ စေတနာဟာ မိဘတိုင်းမှာ ရှိပါတယ်။ ဒါပေမယ့် ဒီစေတနာကို "နှိုင်းယှဉ်မှု" နဲ့ မမှားမိဖို့ အရေးကြီးပါတယ်။ ကလေးတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ဖွံ့ဖြိုးမှုစွမ်းရည်တွေရှိကြပါတယ်။

ကျွန်တော်တို့ မိဘတွေရဲ့ အဓိကတာဝန်ဟာ သူတို့ကို နှိုင်းယှဉ်ဖို့မဟုတ်ဘဲ၊ သူတို့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းပေါ် ယုံကြည်စွာ လျှောက်လှမ်းနိုင်အောင် အားပေးအားမြှောက်ပြုဖို့ပါပဲ။ ကိုယ့်ကလေးရဲ့ လက်ရှိအခြေအနေကို လက်ခံပြီး ချစ်ခြင်းမေတ္တာနဲ့ ပေါင်းစည်းပေးလိုက်ပါ။ ဒီလိုလုပ်ပေးလိုက်ရင် ကလေးတွေဟာ အနာဂတ်မှာ ယုံကြည်မှုအပြည့်နဲ့ စိတ်ချမ်းသာစွာ ကြီးပြင်းလာကြမှာပါ။

"ကလေးတိုင်းဟာ နှိုင်းယှဉ်ခံရမယ့် အရာဝတ္ထုတစ်ခုမဟုတ်ဘဲ၊ ချစ်ခြင်းမေတ္တာနဲ့ ပြုစုစောင့်ရှောက်စရာ လက်ဆောင်တစ်ခုပါပဲ။"
Tr. Thet
* ပုံကတော့ တစ်ယောက်တစ်မျိုးမတူကြသော သူတို့၃ယောက်*
Alvin CL Honey

11/09/2025

ကျွန်မတို့(မိဘ)ရဲ့ စိုးရိမ်စိတ်‌တွေက ကလေးတွေရဲ့ လူမှုဆက်ဆံရေးဖွံ့ဖြိုးကို ထိခိုက်နေသလား???
အရင်ကကျောင်းမှာ ကလေးချင်းကစားရင်း ထိမိခိုက်မိကြတဲ့အခါ ဆရာမကဖြေရှင်းပေးပြီး ခနနေ ကလေးအချင်းချင်းက အဆင်ပြေကြပြီး ကစားကြသည်။ ခုနောက်ပိုင်း မိဘများ၏ပါဝင်လာမှုကြောင့် ကလေးများသည် အချင်းချင်းထိခိုက်မှုဖြစ်ပါက သည်းမခံကြတော့ပဲ ပြန်တိုက်ခိုက်လာကြတာတွေ့လာရတယ်။ မိဘတွေက ကလေးများကို အိမ်ရောက်သောအခါ ကျောင်းမှာဒီနေ့ဘယ်သူကလုပ်သေးလဲ အနိုင်ကျင့်လဲ စသောမေးခွန်းများမေးကြသည့်အပြင် လုပ်လာရင်ပြန်လုပ်နော်စသည်ဖြင့်သင်ပေးကြသောကြောင့်လို့လဲထင်မိပါသည်။ ဒီလိုအြဖစ်ပျက်လေးတွေအပေါ် ဆရာမတစ်ယောက်အပြင် မိခင်တစ်ယောက်လဲဖြစ်တဲ့ကျမအြမင်ကိုရေးထားခြင်းဖြစ်ပါတယ်။

ကျွန်မဟာ ဆရာမတစ်ယောက်ဖြစ်သလို မိဘတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါကြောင့် မိဘတိုင်းရဲ့ စိတ်ထဲမှာ ရှိနေတဲ့ "ငါ့ကလေး ဘယ်သူ့ကိုမှ အရှုံးမပေးရဘူး" ဆိုတဲ့ ခံစားချက်ကို ကောင်းကောင်းနားလည်ပါတယ်။ ဒါပေမယ့် ဒီခံစားချက်က ကလေးတွေရဲ့ သဘာဝ လူမှုဆက်ဆံရေးဖွံ့ဖြိုးမှုအတွက်သွားထိခိုက်နေမလားလို့စဥ်းစားမိလာတယ်။

ကလေးတွေအချင်းချင်း ကစားရင်းဆော့ရင်း ထိခိုက်မှုတစ်ခုခုဖြစ်လာရင် ဆရာမတွေအနေနဲ့ သူတို့နှစ်ဦးနှစ်ဖက်ကို ခေါ်ပြီး ဘာဖြစ်ခဲ့တာလဲ၊ ဘယ်သူစခဲ့တာလဲဆိုတာထက် "နှစ်ယောက်လုံး ဘယ်လိုခံစားရလဲ" ဆိုတာကို အဓိကထားမေးမြန်းပါတယ်။ "ဒီလိုဖြစ်ရင် မင်းဘယ်လိုခံစားရမလဲ" ဆိုတဲ့ ကိုယ်ချင်းစာစိတ်ကို သင်ပေးဖို့ ကြိုးစားပါတယ်။ ဒီလိုနည်းနဲ့ ကလေးတွေဟာ ကိုယ့်အမှားကိုဝန်ခံတတ်လာ၊ သူများကိုခွင့်လွှတ်တတ်လာ၊ ပြီးတော့ မိနစ်ပိုင်းအတွင်း ပြန်ဆော့လို့ရသွားတတ်ကြပါတယ်။ ဒါဟာ ကလေးတွေရဲ့ သဘာဝ သင်ယူမှုဖြစ်စဉ်ပါပဲ။

ယနေ့ခေတ် မိဘအများစုက (ကျွန်မအပါအဝင်ပေါ့) ကလေးအိမ်ပြန်ရောက်တာနဲ့ "ဒီနေ့ ကျောင်းမှာ ဘယ်သူ့ကို အနိုင်ကျင့်ခံရလဲ" "ဘယ်သူက မင်းကိုလုပ်လိုက်သလဲ" ဆိုတဲ့ မေးခွန်းမျိုးနဲ့ ကြိုဆိုမိကြပါတယ်။ မိဘရဲ့ မေတ္တာနဲ့ ကာကွယ်လိုစိတ်ကြောင့် မေးမိတဲ့ မေးခွန်းပါ။ ဒါပေမယ့် မသိဘဲ ကလေးရဲ့ ဦးနှောက်ထဲမှာ "ငါ့ကို တစ်ယောက်ယောက်က အမြဲတမ်း ရန်ရှာနေတယ်" "ငါ အရှုံးမခံရဘူး" ဆိုတဲ့ စိတ်ကို စိုက်ထည့်ပေးလိုက်သလိုဖြစ်သွားစေပါတယ်။

"လုပ်လာရင် ပြန်လုပ်ပါ" ဆိုတဲ့ သင်ကြားမှုဟာလည်း ခဏတာ ကာကွယ်မှုပေးနိုင်ကောင်းပေမယ့် ရေရှည်မှာ ကလေးကိုကိုယ့်ကိုယ်ကိုကာကွယ်မှု (Defence Mode) ထဲ ရောက်သွားစေပါတယ်။ သူ့ဟာသူ ဖြေရှင်းခွင့်၊ သည်းခံတတ်ခွင့်၊ ခွင့်လွှတ်တတ်ခွင့်၊ ပြန်လည်သင့်မြတ်ခွင့်တွေ ဆုံးရှုံးသွားစေပါတယ်။

မိဘတစ်ယောက်အနေနဲ့ ဘာလုပ်သင့်သလဲ?

၁။မေးခွန်းကိုပြောင်းမေးပါ။ "ဘယ်သူကစလုပ်တာလဲ" အစား "ဒီနေ့ ကျောင်းမှာ ဘာတွေဆော့ခဲ့လဲ၊ ပျော်ခဲ့ရလား" "ဘာအခက်အခဲတွေ့ခဲ့လဲ" ဆိုတဲ့ ပွင့်ပွင့်လင်းလင်းမေးမြန်းပေးပါ။

၂။ ခံစားချက်ကို အသိအမှတ်ပြုပါ။ ကလေးကပြောလာရင် "ဟုတ်လား၊ ဒါဆို သား/သမီးစိတ်ဆိုးသွားမှာပေါ့" "ဒါဆို မင်းဝမ်းနည်းသွားတယ်မလား" "ဘယ်လိုခံစားရလဲ" ဆိုပြီး သူ့ခံစားချက်ကို နားလည်ပေးပါ။ ဒါဟာ ပြန်လည်တိုက်ခိုက်ခိုင်းဖို့ မဟုတ်ဘဲ သူ့ခံစားချက်ကို စကားလုံးနဲ့ထုတ်ဖော်တတ်အောင် သင်ပေးရာရောက်ပါတယ်။

၃။ ဆရာမနဲ့အရင်ဆွေးနွေးပါ။ ကလေးနဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုရှိရင် အရင်ဆုံး ဆရာမကို အသိပေးဆက်သွယ်ပါ။ ကလေးကိုတိုက်ရိုက် ရန်လိုခိုင်းစေမယ့်အစား ဆရာမကို ကြားခံပြီး ဖြေရှင်းတာက ပိုမိုကောင်းမွန်သောနည်းလမ်းလို့မြင်ပါတယ်။ (ဆရာ/ဆရာမကတော့ ဘက်မလိုက်သော ပေါင်ချိန်ဖြစ်ဖို့တော့လိုတာပေါ့နော်)

၄။ ကိုယ်ချင်းစာစိတ်ကို သင်ပေးပါ။ "သူငယ်ချင်းကိုထိုးမိတဲ့အခါ သူဘယ်လိုခံစားရမလဲ" ဆိုတာမျိုးကို ဇာတ်လမ်းတွေ၊ ကစားနည်းတွေကနေတဆင့် သင်ယူခွင့်ပေးပါ။

သတိပြုရမှာက....

ကလေးတွေရဲ့ ကစားကွင်းဟာ လူကြီးတွေရဲ့ စိတ်ကူးထဲက "စစ်မြေပြင်" မဟုတ်ပါဘူး။ သူတို့ရဲ့ **လူမှုဆက်ဆံရေး စမ်းသပ်ခန်းနဲ့ သင်ယူရာနေရာ** ဖြစ်ပါတယ်။ ငြင်းခုံမှုတွေ၊ ထိခိုက်မှုတွေဟာလည်း သင်ယူမှုရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။

ကျွန်မတို့ မိဘတွေရဲ့ တာဝန်ဟာ ကလေးကို ချောချောမွေ့ မွေ့ ဖြတ်သန်းနိုင်အောင် ကာကွယ်ပေးဖို့သာမက၊ သူ့ခြေထောက်ပေါ်သူရပ်တည်တတ်ပြီး အခြားသူတွေနဲ့ သဟဇာတဖြစ်ဖြစ် နေထိုင်တတ်အောင် လမ်းညွှန်ပေးဖို့ပါပဲ။

"လုပ်လာရင် ပြန်လုပ်" ဆိုတဲ့ သင်ခန်းစာထက် "ဘာကြောင့်ဖြစ်ရတာလဲ၊ နောက်တစ်ခါဒါမျိုးမဖြစ်အောင် ဘယ်လိုလုပ်မလဲ" ဆိုတဲ့ သင်ခန်းစာက ကလေးတွေအတွက် ပိုမိုတန်ဖိုးရှိပါလိမ့်မယ်။

ကလေးတွေရဲ့ ကစားကွင်းထဲကို စစ်မြေပြင်အဖြစ် မြင်ပြီး စိုးရိမ်စိတ်တွေနဲ့ မကြည့်လိုက်ကြပါနဲ့။ သူတို့ကို သူတို့ဘာသာ ဆက်ဆံရေးတွေကို တည်ဆောက်ခွင့်၊ စဥ်းစားခွင့်၊ ပြန်ပြင်ခွင့်တွေ ပေးလိုက်ပါ။ ကျွန်မတို့ လူကြီးတွေရဲ့ နည်းလမ်းတစ်ကျ လေ့ကျင့်ပျိုး‌ထောင်ပေးမှုအောက်မှာ ကလေးတွေ ပိုပျော်ရွှင်ပြီး ကျန်းမာစွာ ကြီးပြင်းလာကြမှာပါ။
Tr.Thet (CL's မေမေ)

27/08/2025

🌺Connection & Learning

“Learning starts with love and laughter 💕
This is a photo from Our Mommy & Me class. It’s all about bonding, playing and growing together.”

ကလေးတွေက ကစားခြင်းမှတဆင့် အကောင်းဆုံးလေ့လာသင်ယူတတ်ကြတယ်။ တစ်နေ့တာအတွက် အချိန်ခနလေးဖြစ်ဖြစ် ကလေးနဲ့အတူကစားပေးခြင်းဖြင့် ဖေဖေမေမေတို့နှင့််ကလေးလေးတို့ရဲ့ Quality time လေးဖန်တီးနိုင်တဲ့အပြင် ကလေးလေးအတွက်ယုံကြည့်မှု ချစ်ခင်ကြင်နာမှုနှင့် ဘာသာစကားကျွမ်းကျင်မှူကိုလဲတိုးတက်စေမှာဖြစ်ပါတယ်။

❣️ ပုံလေးကတော့အရင်က Mommy&Me class ကပုံလေးပါ။ Mommy&Me အတန်းလေးတွေလဲပြန်လည်ဖွင့်နိုင်ဖို့ကြိုးစားနေပါတယ်။

30/07/2025

♥️ကျောင်သွားတဲ့အခါကလေးတွေကို မိဘတွေဒါတွေသင်ပေးပါ ♥️

မိဘတိုင်းက မိမိကလေးကိုယ်စီကို ချစ်ခင်ဂရုစိုက်ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ "ကိုယ့်သားသမီးပဲ ထိခိုက်မှာစိုးရတယ်" ဆိုတဲ့စိတ်နဲ့ အခြားကလေးတွေရဲ့ဘေးကင်းမှုကို မေ့လျော့နေတတ်ကြပါတယ်။ အထူးသဖြင့် ကျောင်းသွားတဲ့ကလေးတွေအတွက် မိဘတွေရဲ့ပညာပေးမှုက အရေးကြီးပါတယ်။ ကျောင်းဆိုတာ ကလေးတွေအတွက် စာသင်ခန်းတစ်ခုတည်းမဟုတ်ဘဲ လူမှုဆက်ဆံရေး၊ စည်းကမ်းနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကိုပါ သင်ယူရာနေရာဖြစ်လို့ပါ။
ဒါကြောင့် ဒါလေးတွေသင်ပေးကြရအောင်

၁။ ကစားရင်း ဘေးကင်းအောင် သတိထားတတ်ဖို့ သင်ပေးပါ
ကလေးတိုင်းဟာ ပျော်ရွှင်စရာကောင်းတဲ့ကစားချိန်တွေမှာ ထိခိုက်ဒဏ်ရာရနိုင်ခြေရှိပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးကို အောက်ပါအချက်တွေ သင်ပေးသင့်ပါတယ်။
- ကျောင်းမှာ ပြေးလွှားကစားရင်း သူငယ်ချင်းတွေကို တိုက်မိ၊ တွန်းမိခြင်းမဖြစ်အောင် ဂရုစိုက်ပါ။
- အန္တရာယ်ရှိတဲ့ပစ္စည်းတွေ (ဥပမာ ဓား၊ ကတ်ကြေး၊ ချွန်�တဲ့အရာ) နဲ့ မကစားမိစေဖို့ သတိပေးပါ။
- မတော်တဆထိခိုက်မိရင် ဆရာမကိုချက်ချင်းပြောဖို့ ပြောပြထားပါ။

၂။ ဆရာ/မ နဲ့ အခြားသူတွေကို လေးစားတတ်ဖို့ သင်ကြားပေးပါ
ကျောင်းဆိုတာ စည်းကမ်းရှိရှိနေထိုင်တတ်ဖို့ သင်ယူရာနေရာဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ကလေးကို အောက်ပါအလေ့အကျင့်တွေ မွေးမြူပေးသင့်ပါတယ်။
- ဆရာ/မရဲ့စကားကို နားထောင်ပါ၊ မလိုက်နာချင်ရင်လည်း ယဉ်ကျေးစွာပြောဆိုပါ။
- သူငယ်ချင်းတွေကို အားနာတတ်ပါ၊ အနိုင်ကျင့်ခြင်း၊ ရန်စခြင်းမလုပ်ပါနဲ့။
- ကျောင်းပစ္စည်းတွေကို ဂရုစိုက်သုံးပါ၊ ဖျက်ဆီးခြင်းမလုပ်ပါနဲ့။

၃။ မိဘတွေကိုယ်တိုင်လည်း ပူးပေါင်းပါဝင်ပါ
ကလေးရဲ့ပညာရေးနဲ့ လူမှုရေးဖွံ့ဖြိုးမှုအတွက် မိဘတွေရဲ့ပါဝင်မှုက အရေးကြီးပါတယ်။
- ကျောင်းက ပေးပို့တဲ့စာတွေကို ဖတ်ပါ၊ လိုက်နာပါ။
- ကလေးနဲ့ကျောင်းကိစ္စတွေကို မကြာခဏစကားပြောပါ။
- ဆရာ/မတွေနဲ့ ပွင့်လင်းစွာဆက်ဆံပါ၊ ပြဿနာရှိရင် တာဝန်လွှဲအပြစ်တင်မယ့်အစား အတူတူဖြေရှင်းပါ။

၄။ "ဆရာမတွေပဲ တာဝန်ရှိတယ်" ဆိုတဲ့အတွေးကိုရှောင်ပါ
တချို့မိဘတွေက ကျောင်းပို့လိုက်တာနဲ့ ကလေးရဲ့အားလုံးတာဝန်က ဆရာမတွေအပေါ်ကျနေပြီလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ကလေးတစ်ယောက်ရဲ့ပညာရေး၊ စည်းကမ်း၊ လုံခြုံရေးအတွက် မိဘနဲ့ဆရာမတွေ အတူတကွ တာဝန်ယူရမှာဖြစ်ပါတယ်။

ဒါကြောင့်ကလေးတစ်ယောက်ကို ကောင်းမွန်စွာပြုစုပျိုးထောင်ဖို့ဆိုတာ မိဘတစ်ဦးတည်းရဲ့တာဝန်သာမက လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့တာဝန်ပါ။ ဒါကြောင့် မိဘတွေအနေနဲ့ မိမိကလေးကိုသာမက အခြားကလေးတွေရဲ့ဘေးကင်းရေးကိုပါ ဂရုစိုက်ပြီး သင်ကြားလမ်းညွှန်ပေးဖို့လိုအပ်ပါတယ်။ "မိမိသားသမီးသာမက၊ ကလေးတိုင်းလုံခြုံပျော်ရွှင်ဖို့" ဆိုတဲ့စိတ်နှင့်အသိပညာပေးကြပါစို့။

Teacher Thet Yi Win
SEM Premium Private School

#ပုံထဲကတော့ တီချယ်သက်မဟုတ်ပါဘူး မေမေသက်ပါရှင့် 😃

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Sukhumvit Road
Bangkok
10110