04/08/2026
လောဘ၊ဒေါသ၊မောဟတွေ ရှိနေတဲ့ လူပုဂ္ဂိုလ် တစ်ယောက်ဟာ
ကောင်းတာရွေးလုပ်ဖို့ သူ့မှာ အင်မတန်မှ ခက်ခဲတယ်။
ကောင်းတယ် မကောင်းဘူးဆိုတာ
ဘာနဲ့ဆုံးဖြတ်မလဲ။
ကောင်းတယ် မကောင်းဘူးဆိုတာကို
ကြိုက်မကြိုက်နဲ့ ဆုံးဖြတ်လို့ရမလား။
ကိုယ်ကြိုက်ရင် ကောင်းတယ်။
ကိုယ်မကြိုက် ရင် မကောင်းဘူး
ဒီလိုမဟုတ်ဘူး။
ဓမ္မပဒမှာ မြတ်စွာဘုရားက ဖွင့်ဆိုရှင်းပြထားတယ်။
မကောင်းမှုဆိုတာ န တံ ကမ္မံ ကတံ သာဓု၊
ယံ ကတွာ အနုတပ္ပတိ။
မကောင်းမှုဆိုတာ လုပ်ပြီးတဲ့နောက်မှာ
စိတ်နှလုံးကို ပူလောင်စေတတ်တဲ့ အရာမျိုး။
အေး-တုန့်ပြန်လာတဲ့အကျိုးကို ခံစားရတဲ့အခါမျိုးမှာ ငိုငိုယိုယိုနဲ့
ကြိတ်ပြီး ခံစားရတာမျိုးကို ဖြစ်ပေါ်စေတတ်တယ်။
အဲ့ဒါဟာ မကောင်းမှုပဲ။
ကောင်းမှုဆိုတာကတော့ ဘယ်လိုဟာမျိုးလဲဆိုရင်
တံ စ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ နာနုတပ္ပတိ -
လုပ်ပြီးတဲ့နောက်မှာ မှားလိုက်တာလို့
ဘာမှပူပန်စရာမရှိဘူးတဲ့။
ယဿ ပတိတော သုမနော၊ဝိပါကံ ပဋိသေဝတိ-
အကျိုးတရား ရလာတဲ့အခါ ဝမ်းမြောက်
ပျော်ရွှင်စွာခံစားရတဲ့အခါ အဲဒါ ကောင်းမှုပဲ။
ကောင်းမှု နဲ့ မကောင်းမှုကို မြတ်စွာဘုရားက
အဲဒီလို စံထားပြီး ဟောထားတာ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
#ပါချုပ်ဆရာတော် #တရားမှတ်စု
31/07/2026
မြတ်စွာဘုရားရဲ့အဆုံးအမ တရား တော်တွေဟာ လူရဲ့ စိတ်ကို ဗဟိုပြုပြီး ဆုံးမတာ ဖြစ်တယ်။
လောက လူတိုင်းလူတိုင်းဟာ ဘုရားရဲ့အဆုံးအမ နဲ့ အညီ စောင့်ကြည့်ပြီး ပြုပြင်ပေးရမှာက စိတ်ပဲ ဖြစ်တယ်။
ကိုယ့်စိတ်လေးကို ကိုယ်ပြုပြင်ပေးလေ ကောင်း လေ ပဲ။
လောကလူတွေက စိတ်ရဲ့အလိုလိုက်နေကြတာ
၊ကိုယ့်အလိုကို စိတ်ကမလိုက်ဘူး။
စိတ်ထဲမှာဖြစ်ပေါ်ရာကို လူတွေက လိုက်လုပ်နေ ကြ ရတာ။အဲဒါကို ပြောင်းပြန် ပြန်သွားအောင် လုပ်ရမယ်။
စိတ်အတိုင်း မလိုက်ရဘူး၊တစ်ချို့က စိတ်သွား တိုင်း ကိုယ်ပါ,ပါရစေနဲ့ ဆိုပြီးတော့ စိတ်ကို
မြှောက်ပင့်ပေးတတ်တယ်။
စိတ်ဆိုတာ ဘယ်မှာ ပျော်မွေ့တက်တုန်းဆို “ပါပသ္မိံ ရမတိ မနော”မကောင်းတဲ့ အာရုံတွေပေါ်
မှာပျော်တယ်။
မကောင်းတဲ့အလုပ်၊မကောင်းတဲ့ အတွေးတွေမှာ
ပဲပျော်တာ။ဒါကြောင့်မို့ စိတ်ကို ဟန့်တားဖို့ တား ဆီးဖို့၊ထိန်းသိမ်းဖို့ လိုအပ်တယ်ဆိုတဲ့ မြတ်စွာ ဘုရား ရဲ့ အဆုံးအမတွေဟာ အင်မတန်မှ များ တယ်။
“စိတ္တံ ဒန္တ သုခါဝဟံ၊စိတ္တံ ဂုတ္တံ သုခါဝဟံ” စိတ် ကလေးကို ထိန်းသိမ်းနိုင်ပြီ၊ထိန်းချုပ်နိုင်ပြီဆိုရင်
ချမ်းသာတွေ ရလာမယ်လို့ မြတ်စွာဘုရားက ဒီလို ဟောတာ။
စိတ်ကို လွှတ်ထားရမယ်လို့ ဘယ်တော့မှ မဟော ဘူး။
အဲဒီတော့အရေးကြီးဆုံးက ကိုယ့်စိတ်ကလေးကို ကောင်းတဲ့အာရုံတွေနဲ့ တွဲဖက်နေအောင် လေ့ကျင့် ရမယ်။
ဒီလိုလေ့ကျင့်တာကိုကမ္မဋ္ဌာန်းအား ထုတ်တယ်လို့ ခေါ်တာ။မကောင်းတဲ့ အာရုံဘက်ကို သူက အမြဲ သွားနေတော့ မသွားရအောင် ထိန်းချုပ်တာ။
သုတ္တန်တော်တော် များများက စိတ်ကိုထိန်းချုပ်ဖို့ ဟောတာတွေချည်းပဲ။
လူ့သဘာဝကို လေ့လာတဲ့အခါမှာ လူရဲ့ ရုပ်ပိုင်း ဆိုင်ရာကို ဒီလောက်အဓိကထားတာ မဟုတ်ဘူး။
စိတ်ပိုင်းဆိုင်ရာ လေ့လာဖို့က အင်မတန်မှ အရေး ကြီး တယ်ပေါ့။
အဲဒီ စိတ်ပိုင်းဆိုင်ရာ လေ့လာဖို့အတွက် ကိုယ့်ရဲ့ စိတ်ကလေးကို ကိုယ်နိုင်အောင် ဆုံးမသွားနိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ သူတော်ကောင်းဖြစ်သွား တာပဲ။
ဒီလိုဆိုလိုတယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
#ပါချုပ်ဆရာတော် #တရားမှတ်စု
21/07/2026
ဥပေက္ခာရဲ့ သဘောက အင်မတန် မှ မြင့်မြတ် တယ် နော်။
လူတစ်ယောက်ရဲ့ စော်ကားမှုကို အမှတ်မထားဘူး၊ချီးမွမ်းမှုကိုလည်း အမှတ်မထားဘူး။
လုပ်သင့်တာကိုပဲ လုပ်ပေးတယ်၊ကူညီပေးတယ်..
ဥပေက္ခာနဲ့ ခွင့်လွှတ်နိုင်ရမယ်။
လောကလူတွေဟာ ခွင့်မလွှတ်နိုင်ကြဘူးနော်။
ခွင့်မလွှတ်နိုင်တာဟာ မာန ကြောင့်ပဲ။
ဥပေက္ခာတရားဆိုတာ ခွင့်လွှတ်နိုင်စွမ်းတဲ့
စွမ်းအား သတ္တိ ရှိတယ်။
တစ်ဦးတစ်ယောက်က ဘာတွေပဲလုပ်လုပ် အဲဒီ အလုပ်ပေါ်မှာ မှတ်သားမထားဘူး၊
ကိုယ် လုပ်သင့်တာကိုပဲ လုပ်သွားတယ်။
ဒါကို ဥပေက္ခာလို့ ခေါ်တာနော်။
တချို့က အဓိပ္ပါယ် ပြောင်းပြန် လုပ်ပြီး ဥပေက္ခာ ကို ပြောကြတယ်။
မတည့်တဲ့လူတစ်ယောက်ကို ဥပေက္ခာ ရှူ ထား တယ်။
ခေါ်လဲ မခေါ်ဘူး ပြောလဲမပြောဘူး ..
ဒီလိုပစ်ထားတာကို ဥပေက္ခာလို့ ဒီလို ထင်ကြ တယ်။
ဥပေက္ခာရဲ့ သဘောက အင်မတန်မြင့်မြတ် တယ် နော်။
လူတစ်ယောက်က ကိုယ့်အပေါ်မှာ စော်ကား မော်ကား ပြောတဲ့စကား သူ့ရဲ့လုပ်ရပ်တွေကို အမှတ်မထားဘဲ ကိုယ်လုပ်သင့်တယ်လို့ ထင်ရင် လုပ်ပေးတယ် ကူညီပေးတယ်။
လူတစ်ယောက်ရဲ့ စော်ကားမှုကို အမှတ်မထား ဘူး၊ချီးမွမ်းမှုကိုလည်း အမှတ်မထားဘူး။
လုပ်သင့်တာကိုပဲ လုပ်ပေးတယ်။
လောကလူသားတွေဟာ ကိုယ့်ကို ချီးမွမ်းလို့ရှိရင် ပိုလုပ်ပေးတယ်။
ကိုယ့်ကို ကဲ့ရဲ့ရင် ပစ်ထားတယ်။
အဲဒါ ဥပေက္ခာမဟုတ်ဘူး။
ဥပေက္ခာရဲ့ သဘောက ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း ဒီနှစ်ခုစလုံးအပေါ်မှာ အမှတ်မထားဘဲ စိတ်ထဲမှာ သိမ်းမထားဘဲ လုပ်သင့်တဲ့ အလုပ်ကို လုပ်ပေး တာ။
စိတ်ပြောင်းလဲမှု မရှိဘူး။
မေတ္တာ ခန္တီတို့ရဲ့ လုပ်ငန်းတွေကို သူကဆက်လက် လုပ်ပေးတယ်။
အဲဒါကို ဥပေက္ခာလို့ ဒီလိုခေါ်တာနော်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
#ပါချုပ်ဆရာတော် #တရားမှတ်စု