20/04/2026
အပိုင်း (၈) စစ်ပွဲ သစ္စာ
"ငါ့ညီတော်တို့ အရှေ့ရိုးမကို ကျော်ပြီးလျှင် ဗိုလ်ခြေရွာကိုရောက်ချေပြီ။ အသိနဲ့ သတိမြဲမြံစွာရှိချေ။"
"မှန်ပါ့ဗိုလ်မှူး"
အကိုတော်ရဲ့ သတိပေးသံနဲ့အတူ ကျမစိတ်ကို တင်းနေအောင် ပြင်ဆင်ထားသည်။
ရန်သူ့သတ်ကွင်းမမြင်ဖူးသူကိုပြပါဆို ကျမတဦးတည်းသာရှိသည်။
သူရသတ္တိပြည့်စုံအောင် မည်သို့ပင် သင်ကြားထားပါစေ၊ တကယ့်လက်တွေ့ဆိုတော့ ရင်ထိတ်မိသည်။
မိမိနှလုံးသားကိုလည်း ပြန်လည်လေ့လာရသေးသည်။
သေမည်ကိုကြောက်သည်လော၊ နာကျင်မည်ကိုကြောက်သည်လော။
သို့တည်းမဟုတ် သတ်ရမည်ကိုကြောက်သည်လော။
တခုတည်းသော အဖြေသည်ကတော့ သေရမည်ကိုမကြောက်ပေ။
သို့သော် မသေခင် ထားရစ်ခဲ့ရမည့် နှောင်ကြိုးများနှင့် ရစ်ဖွဲ့လာမည့် အမုန်းကျိန်စာများကိုတော့ ကြောက်မိသည်။
မတတ်နိုင်ချေဘူးလေ။ ဒီလူသား ဒီတာဝန်ရှိမှတော့ ထမ်းရမယ်ပါ့။
"ငါ့နှမ၊ အကိုတော်တို့ ဗျူဟာခိုင်မာပြီဆိုလျှင် တပ်သားများနေရာချဖို့ နောက်ဆုံးတခေါက် လာကြည့်ပါဦး။"
"အကိုတော်တို့ စီမံတာ အကောင်းဆုံးပဲလေဘုရား၊ နှမက ဘယ်လိုဘယ်ပုံ ပြစ်တင်ရှိမတုန်း။"
"အမတော်ကလည်း ဒီလိုဗျ၊ ဗျူဟာခင်းတယ်ဆိုတာထက် တပ်သားအားတက်ဖို့ ရဲရင့်စိတ်ကို ပြသတာဗျ။
လာဗျာ၊ ဟော့ဒီက ဒီမောင်တော်လေးက ပြောပြမယ်ပါ့၊ အသာအယာ ဘေးနေ ထိုင်ကြည့်ပေါ့ဗျာ။"
ဒီကောင်လေးနှယ်၊ ရွှတ်ပေါ့ပေါ့ဟန်က တဖက်လူအတွက် စိတ်ရှုပ်စေသလို စိတ်သက်သာရာလည်းရစေသည်။
ကျမအမြင်မှာသာ ရွှတ်ပေါ့ပေါ့ဖြစ်ပေမယ့် တပ်သားများအတွက်ကတော့ အားကိုးရာ၊ ဒေါသကြီးသူမို့ သူတခွန်းဆို တခွန်း။
မန္ဒိယ မီးပုံရှေ့ ဟန်ပါပါ မာန်ပါပါဖြင့် "ကက္တိရ" ကျားဖြူတော်ပေါ် ခြေတဖက်တင်လျက်
"ကဲ....ငါညီနောင်သားတို့ သိကြတဲ့အတိုင်းပဲ"
.......
အားလုံးတိတ်ဆိတ်နေသည်။
"သတ်မယ် ပြီးရင် ပျော်ပါးမယ်"
"ဟုတ်ပြီလား"
"ဟေး......" တပ်သားများက ညီညာစွာ ဓါးသံများ ပေးကြသည်။
"အေး....အနာတရဒဏ်ရာဖြစ်လာရင် ကိုယ့်လူနောက် ပြေးပုန်းကြ၊ အသက်က ၂ ခါမပါဘူးကွ"
"သေပြီမလား....သေလိုက်ကွာ၊ ကျန်ခဲ့တဲ့မိသားစုကိုစိတ်သာချ ငါတို့မင်းမြတ်ကြောင့် မုဆိုးမတောင် လူဖြစ်မရှူံးစေရဘူးကွာ"
"ဘာမှနှောင်ကြိုးမထားခဲ့နဲ့၊ ပျော်ပျော်ကြီး နောက်ဘဝကိုသွား။ ငါတို့လည်းမစောင့်နဲ့၊ ငါလည်းမစောင့်ဘူး၊ ဟား.....ဟား......"
"ဟေး........."
"ညီစေ........ညာစေ......."
"သေမှာမကြောက်ဘူးကွ......"
တပ်သားများ အော်သံ......
ကျားများ ဟိန်းသံ.....
ဆင်များ အော်သံ......
တတောလုံးဆူညံနေတော့သည်။ ရန်သူကြားလျှင် ကြောက်ဖျားတုန်နေလောက်ပြီ။
အင်း....မန္ဒိယ.....မန္ဒိယ......ခပ်ပေါ့ပေါ့လေး မြင်ရသော်လည်း လေးနက်လွန်းသည်။
ကျမ ထိုင်နေရာမှ ထလျက်
"ငါ့ညီနောင်သားတို့.....ငါ့ကို ယုံကြည်ပေးဖို့တော့ ငါမပြောလိုဘူး။
သို့သော်.....ငါသည် အသင်တို့အတွက် ဝန်ထုပ်တခုတော့ မဖြစ်စေဘူးဆိုတာ မှတ်ထားကြပါ"
"အသင်တို့ဒုက္ခတွေ့လျှင် "အရှင်မ" လို့သာ "တ" လိုက်ပါ"
"ငါလာကယ်မည်ဆိုတာ မြဲမြံအောင်မှတ်ပါ"
"ငါ့လူတယောက်၊ ငါ့တိရစ္ဆာန်တကောင်တောင် ငါ မဖြုန်းတီးလို"
"ငါ့ကို ယုံကြည်လျှင်တော့ ဒီတချက်လိုက်နာပေးပါ"
"ရန်သူကို သတ်သည့်အခါ ငါတို့စည်းမျဉ်းအတိုင်းမဟုတ်ဘဲ တချက်တည်းဖြင့် တခါတည်းဖြင့် ခေါင်းကိုသာရွယ် ခေါင်းဖြတ်သတ်ခဲ့ပါ"
ကျမစကားအဆုံး အားလုံးအံ့ဩမင်သက် တိတ်ဆိတ်သွားလေသည်။
အကိုတော် ကျမ မျက်နှာကို ကြင်နာစွာ သနားဟန်ဖြင့် ကြည့်လေသည်။ ထုံးစံအတိုင်း ကျမစိတ်ကို အကဲခတ်နေလေပြီပေါ့။
တပ်မှူးငယ်များလျှောက်တင်ကြသည်။
"အရှင်မ အမိန့်ပြန်သိမ်းတော်မူပါဘုရား။ မအပ်သောအရာ မသင့်ပါဘုရား။ အကျွန်တော်မျိုးတို့ တပ်စည်းကမ်းမှာမရှိပါဘုရား။"
"ငါသိသည်။ ယခုတပ်သည် ငါ့တပ်မဟုတ်ပါလော။ သို့သော် ငါစေရာလုပ်ဖို့လည်း ငါမတိုက်တွန်း၊ ယုံကြည်လျှင် လုပ်ဖို့သာ ငါပြောသည် အမောင်တပ်မှူး"
"ငါတို့ဒီစစ်ပွဲ ဘာလို့ရှည်ကြာလဲ သိကြလား။ ဘုရားတရားသံဃာ ဦးထိပ်ထားနေကြလို့ ဖြစ်ကြသည်ငါ့ညီနောင်တို့။"
"တဖက်ရန်သူ မည်သူဖြစ်ပါစေ ငါတို့ မနိုင်သော စစ်ပွဲရှိဖူးလေသလော။
ငါတို့ ညှာတာထောက်ထားသကဲ့သို့၊ ငါတို့ တိုင်းငယ်ပြည်ငယ်မင်းများကို နန်းမချကဲ့သို့ပြုခဲ့တိုင်း ပြန်လည်ပုန်ကန်ခြင်း ရှိသော်လည်း ယခုကဲ့သို့ ရိုင်းစိုင်းပြင်းထန် အပြုအမူများ ကြုံခဲ့ ရှိခဲ့ဖူးသလော။"
"အသင်တို့ ငါ့ထက်မြင်ဖူးကြသူများမဟုတ်လော။
အသက်ရှင်နေပါလျက် မီးမကင်၊ ရေမဆေးလျက် အရှင်စားခြင်းကြောင့် သေခဲ့ရသော ငါတို့၏ ရွာသားများ။
အမိအဖလင်ကြီးရှေ့ထား ယောက်ျားအုပ်ဖွဲ့ မတရားပြုခြင်းများကြောင့် နာကျင်မှုနှင့်ရှက်စိတ်ဖြင့် အခင်းဖြစ်နေရာတွင် ဒေါသကြီးစွာ သေဆုံးခဲ့ရတဲ့ ငါတို့၏အမိများ နှမများ။
မသေသောသူများ၊ အိုမင်းနေသောသူများကို သူတို့အရပ်သို့ပို့ တံတိုင်းကာရံခြင်းများအတွက် နေ့ညမအား အဆမတန် နှိပ်စက်စေခိုင်းခြင်းများကြောင့် ပိန်လှီချို့တဲ့စွာ ရုပ်ဆင်းပျက်လျက် သိက္ခာမဲ့ သေရသောသူများ။
အမိဗိုက်ထဲမှထွက်ကာစ နီတာရဲကလေးငယ်ကို အမိရှေ့တွင်ပင် အရှင်လတ်လတ်စားသုံးရက်ကြသူများကို မသေလျှင် သုံ့ပန်းအဖြစ် ညှာတာထောက်ထားနေသမျှ အသင်တို့ မပင်မပန်းတိုက်နေရဦးမည်။"
"သူတို့ထက် ယုတ်ညံ့မှသာလျှင် နိုင်မည့်ပွဲဖြစ်သည်။ ခေါင်းနှင့်ကိုယ် မမြဲလျှင် နောက်ဘဝမရှိနိုင်လို့တွေးကြသူများထဲ ငါမပါ"
"ထိုသူတို့ ဘာသာရေးအယူအရ ခေါင်းနှင့်ကိုယ်သည် သေသည်အထိ တသားထဲရှိနေရမည်။ ဒါသည်သာ အဖြေဖြစ်သည်။ ထိုသို့အပြုအမူကြောင့် ကျိန်စာခံရမည်လား ငါ့ညီနောင်တို့။"
"ငါတို့ခံလိုက်လျှင် နောင်ငါတို့ကလေးတွေ၊ မိန်းမသားတွေ ညဘက်အိပ်စက်အေးချမ်းမည်မဟုတ်လော။ အသင်တို့မလဲရဲလျှင်နေကြ၊ ငါ "အရှင်မ" ဆယ်ဘဝမက အကြိမ်ကြိမ် လဲရဲသည်။"
....
ကျမ တပ်သားများ၏ ယုံကြည်မှုကို မမျှော်မှန်းပါ။
ကျမ လုပ်ချင်သည်ကို ကျမထုတ်ပြောရုံသာ။
အဖ "မင်းမြတ်" ဖြစ်လို့ ကျမကို ယုံကြည်ပေးပါတောင်းဆိုဖို့ထိ ကျမ မလုပ်လို။
အဖ "မင်းမြတ်" ဖြစ်လို့ အဖ မကွယ်ခင် အခက်အခဲတခုတော့ဖြေရှင်းပေးလိုသည်။
ထိုအတွက် ဘာကျိန်စာရမလဲ။ ခံမည်ပေါ့။
တဖက်က မိဘကျေးဇူးသိတတ်ခြင်းဆိုလျှင် တဖက်က အမုန်းကျိန်စာ။
ထိုစဉ် နားစည်ကွဲမတတ်....
"ကျိန်စာရှိက လည်စည်းခံပါ့ဘုရား။"
"အရှင်မသည်သာ အမိ အဖပါဘုရား။"
"အရှင်မ လုပ်သမျှ သွားသမျှ နောက်ကနေ လိုက်မည်ပါ့။ အကျွန်တော်မျိုးတို့ ငရဲထိဆင်းဆိုလည်း ဆင်းမည်ဘုရား။"
တပ်သားများ မန္ဒိယပြောချိန်ကထက်ပင် သည်းခြေပေါက်မတတ် အော်ဟစ်ကြ၊ ဓါးများကို ဒိုင်းကာဖြင့်တီးကြ၊ ကျားများဟိန်း၊ ဆင်များအော်ဖြင့် ဆူညံနေလေသည်။
တပ်မှူးငယ်များလည်း သဘောမတူဟုဆိုပြီး ယခုတော့ ညီညာသံပေးကြသည်က ကြက်သည်းထမိသည်။
ကျမ မန္ဒိယကိုကြည့်မိသည်။ ကျမကို ပြုံးပြ ဒီလိုမှပေါ့ဆိုသည့်အကြည့်ဖြင့် ကြည့်လျက် တပ်သားများနှင့် စစ်ရေးဟန်ပြ ကဖို့ ထွက်သွားလေသည်။
တိမ္နက္ကတယောက်လည်း တီးဝိုင်းထဲ တီးမှုတ်လျက် ပျော်နေလေရဲ့။
အကိုတော်.....
ကျမ အကိုတော့်ကို အကြည့်ချင်းဆုံမိသည်နှင့် ထထွက်လာခဲ့သည်။ အကိုတော်အကြည့်များကို နားလည်နေသည် မဟုတ်လား။
အကိုတော် စကားတခွန်းမပြောဘဲ ကျမအနားထိုင်လျက် နေညိုချိန် နေလုံးကြီး ဝင်ကာစ လထွက်ပေါ်လာမည့်အချိန်ကို စောင့်စားလျက် မော့ကြည့်နေသည်။
ကျမက အကိုတော့်ကို ကြည့်နေလေတော့ အကိုတော်က ပြုံးလျက် ကောင်းကင်ကို ကြည့်ခိုင်းသည်။
"ငါ့နှမငယ်၊ စစ်ပွဲကို မနာကျည်းမိစေနဲ့၊ ကိုယ့်ဘက်က လက်ဖမိုးမြင်ရတာအမှန်ဖြစ်သလို သူ့ဘက်က လက်ဖဝါးမြင်ရတာကလည်း အမှန်ပင် မဟုတ်လော"
"သူ့ဘက် ကိုယ့်ဘက် အမြင်ကိုမကြည့်ဘဲ အခုလို ကောင်းကင်ကို မော့ကြည့်တော့လည်း နှမလေးမြင်သည့် ကောင်းကင်နှင့် အကိုတော် မြင်သည့်ကောင်းကင် နေဝင်ချိန်ခြင်းထပ်တူပဲ မဟုတ်လော။"
"အရာရာမှာ အကြောင်းတရားဆိုတာရှိသည် နှမငယ်၊ အဲ့အကြောင်းတရားတွေအပေါ် စိတ်လိုက်မာန်ပါ မနာကျည်းပါနှင့်"
"အိုး....အကိုနော် မဆူစဖူး ဆူနေပါပေါ့လား။ အခုတော့ အမြင်များမတူလေချေပေါ့"
"ငါ့နှမမွေးလာစဉ်ထဲက အကိုတော် နှမငယ်လေးစိတ်နှင့် ဆန့်ကျင်မည့် မည်သည့်အရာကိုမျှ ရှေ့ရောကွယ်ရာပါ မပြုခဲ့ပါနှမရယ်"
"အခုလည်း နှမငယ်စိတ်မောမည်ကို စိုးထိတ်လို့သာ ပြောခြင်းပါ၊ နှမစိတ်တိုင်းကျ မှန်မယ်ထင်ရာကို ရှေ့ဆက်ပါ၊ နှမသွားမည့်လမ်း အကိုတော်ရှေ့ကနေ ကြိုစောင့်ပေးနေမှာပါကွယ်"
ဟုတ်ပါသည်လေ။
အကိုတော်၊ မန္ဒိယနှင့် တိမ္နက္ကတို့ ကျမအပေါ်ထားသောမေတ္တာတို့သည် မတူညီကြပေ။
အကိုတော့်ချစ်ခြင်းက ပိုင်ဆိုင်ခြင်း မပိုင်ဆိုင်ခြင်းအတွက် ကျမကိုသာ ဆုံးဖြတ်စေပြီး ကျမရှေ့က ဒိုင်းကာသဖွယ်ရှိနေမည့်သူ။
မောင်တော့်ချစ်ခြင်းက ပိုင်ဆိုင်ရမှ ကျေနပ်ပြီး ဓါးချက်တို့ရောက်မလာအောင် ရှေ့ထွက်တိုက်ထုတ်ပေးမည့်သူ။
ငယ်ပေါင်းဖော်ရဲ့ချစ်ခြင်းကတော့ ရည်မှန်းချက်မတူတာမို့ ဆွဲမခေါ်ရက် နောက်ကွယ်မှ နာမည်အတပ်မခံရလည်း တိတ်တဆိတ်ကာကွယ်နေမည့်သူ။
ချစ်စရာကောင်းလောက်အောင် ထပ်တူကြသောအချက်သည်က ကျမ မှန်သည် မှားသည် မဆုံးဖြတ်ကြ၊ နတ်ပြည်ငရဲအတူလိုက်မည့်သူများပင်။
ကျမအနေဖြင့် ထိုသုံးဦးလုံးအပေါ် ပိုသည်မရှိ လျော့သည်မရှိ။ အန္တရာယ်များသည့် လောကထဲ ဒီအတိုင်း တယောက်ထဲဖြတ်သန်းချင်မိသည်။
ကျမ မတရားပြုမိလာမည့်တနေ့၊ ရက်စက်ကြမ်းကြုတ်သူဖြစ်လာမည့်တနေ့ ကျမအနား သူတို့မရှိလျှင် ပိုကောင်းမည်။
အခုတော့ ကျမသည် ကျမအနား သူတို့ရှိလို့သာ ယဉ်ပါးနေသော လက်သည်းဖွက်ထားသည့် ကြောင်မလေးမဟုတ်ပါလော.....
#သျှီသုရသန္ဒာ #အခန်းဆက်ဝတ္ထု
18/04/2026
အခန်း (၇) ကြောက်ရွံ့ခြင်းဆိုတာ ဂျိုနဲ့လား
ဘဘုန်းနှင့် ဘကြီးဦးအဂ္ဂတို့ ရောက်လာချေပြီ။
နှစ်ဦးစလုံး၏မျက်နှာတွင် သဘောကျသောစိတ်နှင့် ကာကွယ်ပေးရန်စိတ်တို့ အတိုင်းသားပေါ်လွင်နေသည်။
"သဲစုငယ်ကလေး......ဘဘုန်းပေးတဲ့ ရေမန်းကို ပွားဖို့မမေ့နဲ့ ကြားလား။ တခုခုဆို ကောင်းကင်က စင်ကြယ်ခုနှစ်လုံးကိုကြည့်ပြီး ဘဘုန်းကိုသာ တ လိုက်၊ ဘဘုန်း မနောတန်ခိုးပြတော်မူမယ်"
"သမီးတော်လေး.....ဓါးတော်မှာ အင်းကပ်ထားတာဖြစ်လို့ ယုံကြည်စွာနဲ့ လက်လွှဲပါ။ လိုရာကို အောင်မြင်ပါလိမ့်မယ်။
ဘကြီးအဂ္ဂရဲ့ အစောင့်အရှောက်များလည်း ထည့်ပေးထားတာဖြစ်လို့ အထီးကျန်မယ်လို့ ဘယ်သောအခါမျှ မတွေးပါနှင့်။
သမီးတော်လေးအနားမှာ မတူညီ အမျိုးကွဲပြားသော အစောင့် တစ်ရာ ထားရှိပေးထားတယ်ဆိုတာကို အမြဲသတိရပါ။
ဒီမယ် ဘကြီး အစီအရင်လုပ်တာလည်း ပြီးဆုံးခါနီးနေပါပြီ။
သမီးတော်လေး သိပ်မစောင့်ရပါဘူးကွယ်။
တို့တတွေ ပြန်ဆုံကြတော့မှာပါ။"
ထိုအချိန် နန်းဆောင်ရှေ့ အုန်းအုန်းကြွပ်ကြွပ်ညံ့လျက် ဓါးသံ လှံသံများနှင့် ဆူပူသံများကြားရလေသည်။
စိတ်ထဲ ထင့်လျက် နန်းဆောင်ပေါ်မှထွက်ကြည့်လေတော့ ထင်လေသည့်အတိုင်းပါပင်......
ကျမရဲ့ အမိအဖ အကိုတော် အမတော်တို့ပြီးလျှင် အချစ်ရဆုံးသော ၃ ဦးနှင့် ၁ကောင်ဖြစ်တဲ့
ကျမစိတ်ကို အမြဲသိပြီး ကြိုတင် ထိန်းချုပ်ပေးနိုင်သော၊ ကျမ၏ အတွင်းစိတ်ကို အထူးနားလည်သော၊ အမြဲချင့်ချိန်သုံးသပ်ပြီး ဆင်ခြင်ဉာဏ်အထူးကောင်းသော ဗျူဟာမှူး၊ ဝန်သိုမှိုင်းရွာကြီးရဲ့ ဗိုလ်မှူးအကိုတော် "ဓိရ"
ငယ်စဉ်ကတည်းက ကျမလုပ်သမျှ အမှန်ထင်လေသူ၊ သိပ်လည်းမစဉ်းစား မတွေးခေါ်ဘဲ ကျမသေဆိုလျှင် မေးခွန်းတချက်မထုတ် ခေါင်းထဲဘာမှမရှိ မိဘဆွေမျိုးမငဲ့ကွက်ဘဲ သေပေးမည့်သူ၊ စစ်ပွဲတိုင်း ကြောက်ရွံ့ကင်းသူ၊ အကိုတော် ညီတော်များကြား တမိပေါက် တယောက်ထွန်းသကဲ့သို့ အမျက်ဒေါသအလွန်ကြီးသူ မြောက်ပိုင်းနယ် စစ်မှူးတော်ကြီး၏မြေးတော် တပ်မှူးမောင်တော် "မန္ဒိယ"
ဗုဒ္ဓဘာသာနှင့်မတူ ကွဲပြားသော နတ်ကိုးကွယ်မှုများနှင့် လျှို့ဝှက်အမှောင်ဂမ္ဘီရပညာများ မျိုးရိုးဆက်ခံသူ၊ ကျမနှင့် တရက်ထဲမွေးလာသူ၊ ကျမအတွက် လိုအပ်တာကူနိုင်ဖို့ ဘကြီးဦးအဂ္ဂလက်အောင် ပညာသင်ယူနေသူ "တိမ္နက္က"
ငယ်စဉ်ထဲက ကျားဝါမျိုးထဲ တကောင်တည်း အဖြူအနက်ဖြစ်လျက် သင်းကွဲနေသော ကျားကလေးအတွက် ကျမပဲ အမိ၊ ကျမပဲအဖအဖြစ်နဲ့ ကျားများနှင့်၊ လူများနှင့် ပေါင်းသင်နိုင်အောင်မွေးလာတဲ့ ကလေး၊ အခုတော့ ကျားများအကြား ခေါင်းဆောင်ဖြစ်နေပြီဖြစ်တဲ့ မင်းမြတ်အာဏာရ တောင် ကိုးလုံးအပိုင်စား ကျားဖြူတော် "ကက္တိရ"
အခုတော့ မင်းမြတ်အမိန့်မရပါဘဲ မင်းအာဏာကို မကြောက်ရွံ့ဘဲ ကိုယ်ပိုင်တပ်မကြီးကို ခေါ်ချတော်မူလာသော အကိုတော်ဘုရားနဲ့ ကျားဖြူတော်.....
အမိအဖတို့ ခွင့်ပြုချက် ရရဲ့လား မသေချာ၊ ဒီအမတော်ကိုပဲ ကြည့်ပြီး ဇွတ်တရွတ်ရောက်လာတဲ့ မောင်တော်ဘုရား......
အမှောင်လောကီပညာအစွမ်းများဖြင့် မသုံးဖို့ အတန်တန် တားထားရဲ့ကြားက မမြင်ရသော အမှောင်လောကစစ်ကူများခေါ်ချလာသူ ငယ်ပေါင်းဖော်......
"ငါတော့ မလွယ်ချေဘူး၊ ရူးမိနိုင်ချေ" လို့သာ စိတ်ထဲတွေးမိသည်။
ခမည်းတော်မိန့်သည်ကတော့ဖြင့်
"ငါ့ကလေးငယ်မှာ ဒီလိုမိတ်ဆွေသဟာရှိတာမြင်ရရုံဖြင့် ငါကိုယ်တော်သာ ရန်သူဆိုလျှင် ထွက်ပြေးနေချေပြီပဲ။
ကဲ..... အရာအားလုံး ပြည်စုံစွာရလေအောင် ငါ့ကလေးငယ် ကိုယ့်အလံ မထူလေနှင့်။ ခမည်းတော်အလံကိုသာသုံးလျက် ရန်သူကို အမြစ်ဖြုတ်ခဲ့ပါ။
ငါ့ကလေးငယ်သည် ခမည်းတော်ပဲဟု ကိုယ်စားပြုစေပါ"
မှူးမတ်ကြီးနှင့် သက်တော်ရှည်ဘိုးဘိုးကတော့ မကြိုက်လှချေ။
အသက်အားဖြင့် ၁၀နှစ်ကျော်ရုံရှိသောကလေးငယ်အတွက် မင်းမြတ်အလံကို ထုတ်မသုံးစေချင်။
မတော်လို့ စစ်ပွဲကျလျှင် မင်းမြတ်ဂုဏ်တော်ညှိုးမည်ဖြစ်ပြီး၊ စစ်ပွဲ၌ မင်းမြတ်အလံတလူလူကြောင့် တော်ရုံမကပ်နိုင်တော့ သမီးတော်လေးအတွက် အကာအကွယ်တခုလည်းဖြစ်နေပေမည်။
အသက်ငယ်ရွယ်စွာ အောင်ပွဲဖြင့်ပြန်လာမည်ကိုလည်း မနှစ်သက်တော်မူကြပေ။
သူတို့စိတ်ထဲ ကျမသည် အကိုတော်နှင့် အမတော်ကို ကျော်၍ နန်းမွေနန်းလျာယူဖို့ ဒီလိုပြုမူတယ်လို့ ထင်နေကြသည်။
ငယ်ငယ်လေးဖြင့် တိရစ္ဆာန်များစေခိုင်းနိုင်ပြီး မိန်းမသားတန်မဲ့ စစ်ထွက်ရဲမှတော့ အတော့်ကို ရက်စက်မည့်လူသားလို့လည်း တွေးထင်ထားကြသည်။
အံ့ဩမိသည်။ မင်းမြတ်၏ သားသမီးများအပေါ် မကြောက်မရွံ့ ထင်ကြေးပေးတတ်ကြသည်။
လူတဦးအပေါ် အလွယ်တကူ စိတ်ထင်ရာစွဲ သတ်မှတ်ပြုမူ ဆက်ဆံကြသည်။
ထိုစဉ် မယ်တော်ကြီးနှင့် တောင်နန်းစံမယ်မယ်၊ မြောက်နန်းစံမယ်မယ်တို့နှင့်အတူ အကိုတော် အမတော်တို့ အတူတကွရောက်လာကြပြီး ကျမကို ဆူပူလေတော့သည်။
မြောက်နန်းစံမယ်မယ်ကတော့ဖြင့် သားသမီးမထွန်းကားလေတော့ အတော်လေး အပူမီးဝိုင်းနေတော့သည်။ ကျမကို အချစ်ဆုံးဖြစ်လေသည်ကိုး။
မယ်တော်ကြီး မိဘုရားခေါင်ကတော့ဖြင့် အပူတပူလျော့သွားဟန် စဉ်းစားမိပုံရသည်။ သိပ်တော့လည်း မအံ့ဩမိ။ မယ်တော့်ကို အမြင်မတူသူမဟုတ်ပေလော။
တောင်နန်းစံမယ်မယ်ကတော့ အကိုတော်ဘက်လှည့်ပြီး အားပေးခိုင်းသည်။
အကိုတော်က "လုပ်စရာကို နောက်မတွန့်နဲ့ အပြတ်လုပ်ပြီး လှည့်မကြည့်နဲ့ ပြန်လာခဲ့" တခွန်းသာမိန့်တော်မူသည်။
ကိုယ့်နှမအကြောင်း သိသကိုး.....
အမတော်ကတော့ဖြင့် အဟုတ်လား မသေချာ။ အငိုလွန်ပြီး မေ့လဲတော်မူလို့ ဆောင်တော်ကို ပြန်ပို့လိုက်ရသည်။
မလွယ်လှသော အမျိုးများပါတကား.....
မယ်တော်မှ ခေါင်းဆေးမင်္ဂလာ ပြုပေးမည်ဆိုသောကြောင့်သာ စောင့်နေမိသည်။
စိတ်ထဲတော့ စစ်ပွဲနဲ့သာ ကြုံချင်မိတော့သည်။
နန်းတွင်း၌ ကြည့်နေသော မျက်လုံးများအကြား မနေလိုတော့။
ခမည်းတော်မှ "ရှင်မရေ....ဒီကလေး ၃ ယောက်ကိုပါ ခေါင်းဆေးမင်္ဂလာ ပြုပေးလိုက်ချေကွာ။
ငါတို့ရင်မှဖြစ်မှ သားသမီးမဟုတ်ပေဘူးလေ။
ငါတို့ကလေးရဲ့ အပေါင်းအဖော်ဆိုတာ ငါတို့ကလေးပဲပေါ့။ မဟုတ်ချေဘူးလား"
"အရှင် ဘာမှမပြောချေလေနဲ့။ အများကမေးတော်မူလျှင် အရှင်နဲ့ ကျုပ်ရတဲ့ ကလေးလို့လည်း မပြောလေနဲ့။
တကယ်ပါတော်..... အရှင်နဲ့ အကြောင်းပါမိလေတာကိုပဲ နောင်တရတော်မူပါတယ်။
အရှင်နဲ့ အကြောင်းမပါလျှင် ကျုပ်ကလေး ဒီလိုဖြစ်ချေပါ့မလား။"
ဒါကတော့ အဖြေမရှိသလို မေးခွန်းထုတ်လျှင် အသတ်ခံရမည့်အနေအထားဖြစ်သည်မို့ မကြားဟန်လွှဲနေမှရမည်။
ပြောသာပြောသည်။ ဒေါသတို့က ခမည်းတော်ဆီမဟုတ်၊ ဆံနွယ်တွေပေါ်သာကျရောက်လာပြီး ဆံနွယ်များ ပြတ်ထွက်ကုန်ပြီအလား ထင်မိသည်။
ခမည်းတော်လည်း အခြေအနေကို သိနေသည်လေ။ သို့သော်လည်း မယ်တော့်စကားက စိတ်ထဲက ပါသည်မဟုတ်ကို သိနေသည့်အလား မကြားဟန်ဖြင့်သာနေလေတော်မူသည်။
အမှန်တကယ်လည်း စိတ်ကမပါပါလေ။ တကယ့် ဒေါသက ကျမဆီပုံနေသည်ကိုး။
ခမည်းတော်မှ စကားလွှဲ၍.....
"ကဲ.... ငါ့သား ၃ ယောက်၊ မင်းတို့ ယခုကဲ့သို့ မတောင်းဆိုသော အမှူထမ်းခြင်းအတွက် အောင်ပွဲနှင့်အတူ ပြန်လာလျှင် ဘယ်သို့သော် ဆုတော် ရယူချင်သလဲ လျှောက်တင်ကြစမ်းပါ့"
အသားရေ ကြည်လင်ဝင်းပမှုကြောင့် သွေးကြောစိမ်းများပေါ်လွင်နေပြီး ခန္ဓာကိုယ် တောင့်တင်းကျစ်လစ်စွာ ဆံထုံးတော်ကို ထိပ်စုသျှောင်ထုံးလျက် အရပ်သားဝတ်ဖြင့်ပင် တည်ကြည့်ခန့်ညားစွာရှိသောအကိုတော်၊ အသက်အငယ်ဆုံး ဗျူဟာထိုးစစ် ယှဉ်ပြိုင်နိုင်သူမရှိသော ဇေယျသင်္ခါဘွဲ့တော်ရ ဗိုလ်မှူး ဝန်သိုမှိုင်းရွာသား ဓိရ......
"အကျွန်တော်မျိုး ဇေယျသင်္ခါ ဓိရ လျှောက်တင်အပ်ပါသည်ဘုရား၊ ဘုရားအကျွန်တော်မျိုးအဖို့တော့ ဘာမှ မလိုအပ်တော်မူပါဘုရား။
ပိုင်ဆိုင်ထားမြဲ အရာများဖြင့် ပြည့်စုံပါသည်ဘုရား။
သို့သော် သမီးတော်လေးအတွက် ယခုစစ်ပွဲသည် ပထမဆုံးတိုက်ပွဲဖြစ်သလို အင်မတန် ရက်စက်ကြမ်းကြုတ်မည့် တိုက်ပွဲဖြစ်ပါသည်ဘုရား။
စစ်ပွဲများစွာကို စိတ်ဓာတ်စစ်ဆေးရေးများစွာဖြေဆိုပြီး အောင်နိုင်ခဲ့သူမို့ သမီးတော်လေးအတွက် အလွန်တရာ စိုးရိမ် စိတ်ပူပန်ရပါသည်ဘုရား။
အကြောင်းတစုံတရာက သမီးတော်လေး အသက်ဘေးကို ထိပါးလာခဲ့ပါလျှင် သမီးတော်လေး သဘော ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ အကျွန်တော်မျိုး၏ အထောက်တော်များဖြင့် နန်းတော်သို့ လိုအပ်ပါက အတင်းအကျပ် ပြန်ပို့လိုပါသည်ဘုရား။
စစ်ပွဲကိုတော့ဖြင့် အကျွန်တော်မျိုး အောင်မြင်အောင် ဆက်လက်လုပ်ဆောင်ပါမည်ဘုရား။
ထိုအမိန့်တော်ကိုသာ သုံးပိုင်ခွင့်ကို ပေးတော်မူပါဘုရား။"
"အကိုတော်..... ဒီလိုတော့ မလုပ်ချေလေနဲ့၊ ကျုပ်ကို ကလေးငယ်လို ဆက်ဆံနေတာ တော်သင့်လှပြီ၊ ကျုပ်....."
ကျမ ဆက်ပြောချိန်မရလိုက် မယ်တော်မှ ခေါင်းကိုဖိချပြီး ခမည်းတော်မှ လှမ်းတားလေသည်။
"ငါ့ကလေး.....ဒါမှန်သော လုပ်ရပ်ဖြစ်သည်။ နောက်ဆုတ်ရမည့်အချိန် နောက်ဆုတ်သင့်ချိန်ကို သိသောသူသာ အောင်နိုင်ပေမယ်ငါ့ကလေး....."
"ငါကိုယ်တော်အနေနဲ့ တားရန်စိတ် မရှိပါဘူး သားတော်ဓိရ၊ သင့်တော်သလို စီမံပါ၊ မောင်မင်းသည် ယခုတပ်ရဲ့ နှလုံးအူတိုင်ပါပဲ။"
"ကျေးဇူးကြီးမြတ်ပါသည် မင်းမြတ်ဘုရား၊ ဦးတင်ပါသည်ဘုရား။"
"ကဲ.... ဟိုကောင်.... မန္ဒိယ.... မောင်မင်းကတော့ ငရှုပ်ပဲ၊ မင့်အမိအဖကို အသိမပေးလေတော့ ခက်တာပေါ့ကွ"
"အဆင်ပြေပါတယ်ဘုရား၊ သားတော်အများကြီးမွေးထားသော အိမ်အတွက် တယောက်ပျောက်တာ သိမယ်မထင်ပါဘူးဘုရား။"
အသားရေ ခပ်ကြမ်းကြမ်း မျက်နှာနီမြန်းလျက် ဖွံ့ဖွံ့ထွားထွားကိုယ်လုံးဖြင့် ဘယ်သူပင် ကြည့်ကြည့် လူမထင်သော အကြည့်ဖြင့် ဒေါသမီးအမြဲတောက်လောင်နေသူ အကြောက်တရားကင်းသူ မြောက်ပိုင်းနယ်မှ ဝီရသင်္ခါဘွဲ့တော်ရ တပ်မှူးမောင်တော် "မန္ဒိယ".....
"မန္ဒိယ.... မောင်မင်း အဲ့လို အသိဉာဏ်ပေါ့လို့လည်း နာမည်နဲ့လိုက်တာ၊ ရင်မှဖြစ်သော သားပျောက်တာကို အမိအဖက မသိဘူးဆိုရိုး ရှိမလားဟယ်....မန္ဒိယရယ်" မယ်တော်ပြောစကားကြောင့် လေးလံသောစိတ်များမှ ရယ်မိလေသည်။
ဟုတ်သည် မန္ဒိယဆိုသည်မှာ လုပ်လိုက်ရင် ဒီလိုချည်းပါပဲ။
"အကျွန်တော်မျိုးကတော့ အကိုတော် ဓိရနဲ့ စိတ်ထားတူသော်လည်း အနည်းငယ် ကွဲပြားပါမည်ဘုရား၊ အမတော် ဘယ်သွားသွား အရှေ့ကနေ ဒိုင်းကာသဖွယ်နေပြီး အမတော် ဖြစ်ချင်တဲ့အရာ ရတဲ့ထိ လိုက်ကူပါ့မယ်ဘုရား။
အမတော် စိတ်နှင့် အခြေအနေထက် ဘဘုန်းနှင့် ဘကြီး အဂ္ဂတို့ လိုအပ်လို့ ပြန်လှည့်ခိုင်းမှသာ ပြန်ပို့တော်မူပါမည်ဘုရား။ အမိန့်တော် မရသရွေ့တော့ အမတော် သဘောပါဘုရား။
သို့သော် အောင်ပွဲနှင့်အတူ ပြန်လာလျှင် အကျွန်တော်မျိုးကို အမတော်အား ပေးတော်မူပါ့ဘုရား"
ခမည်းတော် မျက်နှာတော် နီမြန်းလျက် လက်သီးဆုတ်လေသည်။
"ဟဲ့ မန္ဒိယ.... အသင် ကျုပ်ကို လိုချင်သပါ့ဆို ကျုပ် အသက် ၂၃ ပြည့်ချိန် အသင့် အနားရှိနေမယ်ဆိုရင် ယူသွားလို့ရသည်။ ဒီထက်စောလို့မရသလို နောက်ကျလို့မရ၊ ခမည်းတော်လည်း စိတ်ချတော်မူပါ့ဘုရား။ ဒီအကောင်လောက်တော့ သမီးတော် မဖြုံဘူးဘုရား"
"အေးကွယ်.... ငါ့ကလေးငယ်လေးရဲ့ မင်္ဂလာရေးကိုတော့ ငါမဆုံးဖြတ်လို။"
တဖန် ခမည်းတော် သိပ်ဘဝင်မကျသော်လည်း မမေးလျှင် မသင့်တော်သော အသားရေ ညိုညက်ညက် အရပ်အမောင်း သိပ်မကြီးသော်လည်း မျက်နှာ ဥပဒိ တည်ကြည်ပြတ်သားဟန်အပြည့်ရှိသော တကိုယ်လုံးမှော်ဝင်စာများ ရေးထိုးထားသော "တိမ္နက္က" ကိုကြည့်လျက်.....
"အသင်အရပ်သား ဘာတောင်းဆိုမလဲ၊ မော်ဖူးစေ။"
"မင်းမြတ်ဘုရား၊ အခြားအရာများ တောင်းဆိုမဝံ့ပါဘုရား။ သမီးတော်လေးအနား အကျွန်တော်မျိုး တတ်ကျွမ်းသောအရာများဖြင့် လိုသောနေရာဖြည့်ကူနိုင်ရန် ခစားခွင့်ရရင် ကျေနပ်ပါပြီဘုရား။"
"အိမ်း.....ကောင်းပြီ။ မောင်မင်းတို့ သုံးဦး စိတ်တူကိုယ်တူ ညီစေညာစေ။ ရည်ရွယ်ချက်တူရာ လမ်းခရီးဖြစ်ကြစေ။"
"မှန်လှပါ့ အရှင်တော် မင်းမြတ်ဘုရား....."
======================
စစ်တိုက်ထွက်တော်မူချိန်....
လကွယ်ညမှာ အမှောင်ဖုံးလျက်
လေတိုက်သံပင်မကြားရ။
တောကောင်လေးများ ညည်းညူသံ ဒီနေ့မှ တိတ်ဆိတ်နေလှသည်။
နန်းတွင်းတခုလုံး ဆည်းလည်းများ ရပ်တန့်နေသကဲ့သို့ပင်
ဝမ်းနည်းဖွယ်ကောင်းလှသည်။
ထိုစဉ် မန္ဒိယမှ တိမ္နက္ကဆီ လှမ်းစလေသည်။
"ဟေ့လူ.....နောင်ကြီး......ကြောက်သွေးပါနေပြီလား။ စစ်ပွဲဆိုတာ မြင်ဖူးရဲ့လားဗျာ။ ကြောက်သွေးပါလျှင်တော့ ပြန်ချည်နော့်ဗျ။ ကျုပ်တို့အမတော်က ကြောက်သွေးပါသူဆို သတ်ပစ်မတဲ့ဗျ၊ ဟား....ဟား....."
"ဟေ့ကောင် မန္ဒိယ..... ကြောက်သွေးပါမှတော့ဖြင့် မိသုရနဲ့ တရက်ထဲမမွေးလာဘူးကွ.... ညီတော်လို မျှော်ကြည့်နေရတာမဟုတ်ဘူးကွ။ စစ်ပွဲသာ မကြုံဖူးတာကွ။ ဓါးရေး လှံရေးနဲ့ အဂ္ဂိရတ်တွေ အတူဝေမျှလာတဲ့ အိုးစားဖက်ကွ နားလည်လား။
အိမ်း..... ညီတော်နဲ့ နားလည်မယ့်ပုံမပေါက်ပါဘူးလေ။ ညီတော်က မိသုရပြောသလိုပဲ အသိဉာဏ်မှ မပါတာကိုးကွ။ ဟား..... ဟား..... ဟား......"
"ဟော့.... တော်လိုက်ကြတော့ အဲ့ဒီလိုတွေကြောင့် အသင်တို့ နှစ်ယောက်ကို တပ်တစုထဲမှာ မထားချင်တာသပါ့။ ကျုပ်ဖြင့် နားဒုက္ခဖြစ်ရတယ်။
ဟိုမှာ ကြည့်လိုက်စမ်းပါဦး။
အကိုတော်ဓိရ ဘယ်လောက်တောင် ဘုန်းကျက်သရေရှိလှလဲ။ ခန့်ညားနေလိုက်တာ။ ဒီလိုလေး ရင့်ကျက်တော်မူကြပါ့လား"
ကျမလည်း ဆူမိလေတော့သည်။
ဟုတ်သည်။ ထိုသူ နှစ်ဦး တည့်သောရက် တရက်မရှိခဲ့။
"နှမတော် မပြောပါလေနှင့်။ အကိုတော်က ညီတော်တို့ထက် အသက်အားဖြင့် ၁၀နှစ်ကျော်ကွာလေသည်ကိုး နှမတော်လေးရဲ့။ ကလေးသဘာ၀ နေကြပါစေလား။
စစ်ပွဲမစခင် ပျော်ရွှင်စရာ ညီတော်အကိုတော် စကားဝိုင်းလို့သာမှတ်ပေါ့လေကွယ်။" အကိုတော်ဓိရ ဝင်တားလေသည်။
ဟုတ်ပါသည်လေ။ ဒီလိုတိတ်ဆိတ်နေတဲ့ တောနက်ထဲ အခုလို မချေမငံစကားသံလေးတွေကပဲ တပ်မကြီးမှာ အပျော်ကူးစက်လေတာမဟုတ်လား.....
"အမတော်.....အမတော်ပြောတဲ့ သွေးမြေခနည်းစေဖို့ဆိုတာ ဘယ်လိုတုန်းဗျ။ အကျုပ်ကတော့ တွေ့ရာသတ်ပဲနော့်ဗျ။ အကျုပ်နားနေနော်၊ ဒါမှ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် အကျုပ်က အမတော်အစား ခံပေးနိုင်မယ်ပါ့"
"ဟဲ့.....အော်.... မန္ဒိယရယ်၊ အကျုပ်လည်း အသင့်ကိုပြောရ မောလှပါတယ်။ အကျုပ်က ကလေးလား။ စစ်ပွဲတိုက်ပါပြီဆိုမှဖြင့် ဗျူဟာအတိုင်း ထိုးစစ်တင်ရမပေါ့။ နှစ်ဦးသား တပူးပူး လုပ်နေလို့ ဘယ်ရမတုန်းအေ။ အသင်လည်း စစ်မထွက်ဘူးတာကြလို့တော်။"
"အကိုတော် ဓိရ..... ကိုယ်တော်ကြီး ဗျူဟာဆွဲတဲ့အခါ အမတော်နား ကိုယ်တော်ကြီးသာ နေစမ်းပါ့။ တခြားနေရာသွားမယ်မကြံနဲ့နော်ဗျ။
ညီတော် ရှေ့ကနေ အကုန်ကာထားပေးမယ်။"
"အေးပါ မန္ဒိယရယ်၊ ဒီလောက်ကတော့ ငါကိုယ်တော် သိပါတယ်။
ညီတော်နဲ့ တိမ္နက္က အပြင်စည်းကနေ ဝန်းရံပေးပါ။
နှမနား ငါကိုယ်တော်နေပါ့မယ်။"
"ဟေ့ ကိုယ်တော်ကြီး သွေးမြင်ပြီး မခြောက်ခြားနဲ့နော်။
အကျုပ်လည်း အပြင်စည်းနေပေးနေရပေမယ့် မိသုရအတွက်တော့ စိုးစိတ်ဖြစ်မိတယ်။"
"ဟ.... အမှောင်မှာနေတဲ့ အကိုတော်လည်း တယ်ဆိုသကိုးကွာ။ အကျုပ် တချက်ခုတ်လိုက်ရင် အသင်သေတော့မယ်။
ဒေါသက မိုးထိတိုက်နေပြီ။
ဒီမယ်.... အကျုပ်ဘွဲ့တော်ကို ကြည့်လိုက်စမ်းပါ့။
ဝီရသင်္ခါဘွဲ့တော်ရ တပ်မှူးဗျ။
ဘာတဲ့။
ကြောက်ရွံ့ခြင်း အလျင်းကင်းလို့ မင်းမြတ်ကိုယ်တိုင် ချီးမြှင့်ထားတာဗျ။
အကိုတော်နဲ့ အတူတွဲမယ့်သူက နယ်နယ်ရရလားဗျာ။
နောက်ပြီး ကိုယ်တော်ကြီးကို ဘယ်သူထင်သတုန်းဗျ။
ဇေယျသင်္ခါဘွဲ့တော်ရ ဗိုလ်မှူးဗျ။ နားလည်ရဲ့လား။
စစ်ပွဲတိုင်းကို အနိုင်ရသူမှ ရတဲ့ဘွဲ့တော်ဗျ။
အကိုတော်သာ ဘာဘွဲ့တော်မှမရှိသမို့ အမှောင်အစွမ်းသေချာပြကြည့်စမ်းပါဗျာ။
ဒီမယ် အကျုပ် ကြောက်စမ်းချင်လို့ပါ။
ဟား....ဟား.....ဟား......"
ခေါင်းထဲ၌ သူတို့ပြောသောစကားများ ရိုက်ခတ်သံကြောင့် စိတ်ထိတ်လန့်မိသည်။ ကျမ ကက္တိရကို ခေတ္တနားခိုင်းပြီး မြေပေါ်ဆင်း လျက် ခေတ္တ အနားယူရန် အချက်ပြလိုက်သည်။
............
"စစ်ပွဲဆိုတာ ဘယ်လိုမျိုးလဲ အကိုတော်" မီးလှုံရင်း မေးမိသည်။
"စစ်ပွဲဆိုတာ အစပျိုးချိန်မှာတော့ တဖက်နဲ့တဖက် အမုန်းမပါသော်လည်း ကြောက်စိတ် စိုးစိတ်တွေဖြင့် ဖြစ်ကြတာနှမငယ်။
အလယ်အလတ် ရောက်လာချိန်မှာတော့ ငိုကြွေးမှုများနဲ့ ရန်လိုစိတ်ပြင်းပြမှုတို့ ပေါင်းစပ်မှုကြောင့် ဒေါသပါဝင်လာကြတာပေါ့။
အဆုံးမှာတော့ နာကျည်းမှုများနဲ့ အမုန်းတရားတွေ ရောထွေးပြီး ကျိန်စာဆိုးတွေ သံသရာဆိုးတွေဖန်တီးကြတာပေါ့နှမလေးရယ်"
"နှမကတော့ဖြင့် ဒီလိုစစ်ပွဲတွေမရှိဘဲ ငြိမ်းစေချင်တယ် အကိုတော်ရယ်။
ဒီလောက် သုံးမကုန်နိုင်တဲ့ ရေ၊ ရှုမကုန်နိုင်တဲ့ လေ၊ စားမကုန်အောင် သီးတဲ့မြေနဲ့ ကျယ်ဝန်းတဲ့ လောကကြီးမှာ အဘယ်ကြောင့် အသက်ရှိသူအချင်းချင်း သတ်ဖြတ်နေကြလဲ နားမလည်နိုင်ဘူး"
"နှမငယ်လေးက နန်းပြင်ဆိုလို့ ဝန်သိုမှိုင်းပဲ ရောက်ဖူးသည်မဟုတ်လော။
အပြင်လောကကြီးက မင်းမြတ်ကြိုးစားထားတဲ့ မြေတမှုန်စာတောင် မပြည့်စုံလေဘူး နှမ။
အင်မတန်မှ ရက်စက်တယ်နှမငယ်။
နှမတော်လေး မြင်နေကျ သဘာဝရဲ့ အလှတရားက တဖက်မှာလည်း ကြောက်စရာမျက်နှာလည်း ရှိနေပြန်တယ်လေ။
အေးလွန်းလို့ သေရသူရှိသလို ပူလွန်းလို့ သေရသူရှိတယ်။
ရေမရှိလို့ သေရသူ၊ အစာမလောက်ငှလို့ သေရသူ၊ လေမကောင်းလို့ သေရသူနဲ့ အိုကွယ်..... အများကြီးပါပဲ ငါ့နှမ။"
"ဒါဆိုလည်း နှမလေးတို့မြေကို မျှပေးမှာပေါ့ အကိုတော်ရယ်၊ အတူယှဉ်တွဲနေထိုင်လို့ရတာပဲ"
အကိုတော် ဓိရရယ်လေသည်။
အကိုတော်က ရယ်လိုက်လျှင် ပိုနှစ်သက်ဖွယ်ကောင်းသည်။ သို့သော် အကိုတော် အမြဲတည်ငြိမ်စွာနေသည်ကပိုများသည်။
သူ့ကြည့်လိုက်လျှင် အမြဲတခုခုစဉ်းစားနေဟန် မျက်ဝန်းများက အချိန်ပြည့် လေးနက်နေသည်။
"မင်းမြတ်က အခုလို ယှဉ်တွဲနေစေချင်တာလေ နှမရဲ့၊ သို့ပေသည့် လူဆိုတဲ့ အမျိုးအနွယ်က လောဘတယ်ကြီးသကိုး၊ နည်းလမ်းပြတာကို မလိုချင်ဘူး၊ မြင်တာနဲ့ရှိတာကိုပဲ မကြိုးစားဘဲ လုယက်ချင်ကြပေသကိုး...."
"စစ်ပွဲဆိုတာ နှစ်ဖက် သတ်ဖြတ်ကြတာမဟုတ်ဘူး နှမငယ်။
အိမ်ပြန်လမ်း စောင့်နေကြတဲ့ မိသားစုများရဲ့ အသက်ပါဇီဝန်ချွေတာပဲ။
ဒါကြောင့် ဓါးတချက်ဝှေ့ခြင်းက လူတဦးကို သတ်တာမဟုတ်ဘူးငါ့နှမ။
ထိုသို့သော သူတို့ကိုမျှော်နေကြသူများကိုပါ တချိန်တခါထဲ သတ်တာပဲ ငါ့နှမလေး။"
"အကိုတော်တို့ ဘာတွေ ဆွေးနွေးနေကြတုန်းဗျ။
ညီတော်လည်း နားထောင်မယ်ဗျ။"
မန္ဒိယ.....
ဘယ်သောအခါမှ တည်ကြည်ခြင်းမရှိ ရွတ်ပေါ့ပေါ့နေတတ်သူ။
ခေါင်းထဲ အကြောင်းအရာ တခု ထည့်ပေးလိုက်ပြီဆိုလျှင် စွဲမြဲစွာ မှတ်ယူပြီး ဆုံးသည့်တိုင်လုပ်ကိုင်လေ့ရှိသူ။
အကိုတော်နှင့် ယှဉ်လျှင်တော့ ဒေါသကြီးပြီး မှန်းရခက်သော သူ့ကို စိတ်မချမိ။
"ညီတော်မန္ဒိယ၊ နှမတော်လေးကို စစ်ပွဲအကြောင်း အကိုတော်သိသမျှ ဖြေပေးနေတာပါကွယ်။"
"အော်.... စစ်ပွဲလား၊ ရိုးရှင်းပါတယ် အမတော်လေးရဲ့။
ဟင်း....ဟင်း…....
ကိုယ့်လူမဟုတ်ဘူးမလား။ သတ်ပစ်လိုက်။
အဲ.... ကိုယ့် လူ ဟုတ် မဟုတ်ကို အမှတ်အသားတော့ သေချာကြည့်ရတာပေါ့ဗျာ။
ဟဲ....ဟဲ"
"စစ်ပွဲဆိုတာ သူမသတ်ခင် ကိုယ်ကအရင်သတ်ရတာဗျ။
သိပ်ပြီး တွေးနေဖို့မလိုဘူး။
ဗျူဟာအတိုင်း နေ။ မကျွံ့မိစေနဲ့။
အကိုတော်ပြောနေသလို မိသားစုတွေ သိပ်တွေးမနဲ့။
အမတော် အသားအနာမခံချင်ဘူးမလား။ ဒါဆိုသတ်လိုက်။
အဲ့လိုဆို ကြောက်ရွံ့စိတ် ကင်းသွားမယ်။"
"မြန်မြန်သတ်လို့ မြန်မြန်ပြီးရင် သေရည်လေးနဲ့ အသားကင်လေးစောင့်နေတယ်တွေးလိုက်။"
မန္ဒိယအပြောမှာ ကျမနဲ့ အကိုတော် အကြည့်ချင်းဆုံလျက် ရယ်မိလေသည်။
မန္ဒိယ.... မန္ဒိယ
အမှန်ပင် ဒီဘွဲ့တော်နဲ့ ထိုက်တန်ပါပေတယ်။
အင်းပေါ့လေ.....
စစ်ပွဲမှာ မကြောက်တတ်တဲ့သူဆိုတာ ရှိပါ့မလား။
မကြောက်ဟန်ဆောင်ပြီး အိမ်ပြန်လမ်းအတွက် တောင့်ခံကြတဲ့သူတွေကြီးပါပဲ။
အမယ်အို မကွယ်ခင် ခြေအစုံကို ဦးချကန်တော့နိုင်ဖို့.....
ရင်ခွင်ပိုက်သားမျက်နှာလေး အဖအနေနဲ့ နောက်တခါမြင်နိုင်ဖို့.....
လက်ရေတပြင်တည်း နွေးထွေးတဲ့အပြုံးများနဲ့ ညစာစားနိုင်ဖို့.....
ကြောက်ရွံ့ခြင်းကင်း အိမ်မက်ဆိုးကင်း အိပ်စက်အနားယူနိုင်ဖို့.....
ဒီလိုအမှတ်သညာတွေပြည့်နေတဲ့ လူတွေကို ကျမ ဘယ်လိုသတ်ရပါ့မလဲ။
ကျမလူတွေ အသက်မသေဖို့ရော ဘယ်လိုကာကွယ်ရပါ့မလဲ။
ကျမလူတွေ ကြောက်လာလျှင် ကျမဘယ်လို အားပေးရမလဲ။
ကျမလူတွေ သေဇောကပ်လျှင် ကျမဘယ်လို အေးချမ်းအောင် လုပ်ဆောင်ပေးရမလဲ။
အဆိုးဆုံးကတော့ အိမ်ပြန်လမ်းမှာ ပြန်မပါတော့မယ့်သူတွေရဲ့ မိသားစုမျက်နှာကို ကျမ ဘယ်လိုကြည့်ရပါ့မလဲ။
ကျမကြောက်သည်။
ကျမ သေမှာကို စိုးရိမ်ခြင်း ကြောက်ရွံ့ခြင်းမဟုတ်။
လူတွေအတွက် ကြောက်မိသည်။
မွေးဖွားလာချိန်မှ ပထမဆုံးအနေဖြင့် အထီးကျန်မှုကို ခံစားမိသည်။
လူတွေအများကြီးရှိနေပါလျှက် မီးပုံဘေး ထိုင်နေပါလျှက် အထီးကျန် ကြောက်ရွံ့မှုနဲ့အတူ အေးစက်ခြင်းကို ခံစားမိသည်။
ဒါကို အကိုတော် သိဟန်တူပါသည်။ ကျမလက်ကို တင်းတင်းကျပ်ကျပ်ဆုတ်ကိုင်လျက် ဆွဲထူသည်။ ထို့နောက် အသာအယာ ကက္တိရပေါ်သို့ ပွေ့တင်ပြီး ပြောသည်။
"ကြောက်စိတ်နှင့် အထီးကျန်စိတ်ဝင်လာလျှင် အကိုတော့်ကိုပဲ ကြည့်တော်မူလိုက်ပါနှမငယ်။
နှမငယ် လှည့်ကြည့်သည့်နေရာတိုင်းမှာ အကိုတော်ရှိနေသည်ကို မမေ့လိုက်ပါနှင့်။
ဘယ်သံသရာမှာပဲဖြစ်ဖြစ်ပါနှမငယ်။
အကိုတော်ရဲ့ ဖြစ်တည်မှုအရာရာဟာ ဟော့ဒီက နှမငယ်လေးပါပဲ။
အကိုတော် အစစအရာရာကို အကုန်ဖြေရှင်းပေးမှာမို့ နှမတော်လေးက ဆက်ရမယ့်ခရီးတိုင်း ရဲရဲဝင့်ဝင့်ဆက်ပါ။"
"အောင်ပွဲခရီးဆက်ကြမယ်ဟေ့"
မန္ဒိယ မာန်ဖြင့်အမိန့်ပေးသံက တပ်သားများအဖို့တော့ အားတက်စရာပင်။
ကျမရော ကျမကို ယုံကြည်ကြသူတွေအပေါ် သူ့လို ဦးဆောင်နိုင်ပါ့မလား။
အရှင်ဘုရား တပည့်တော် လိုအပ်သော ခွန်အားများ ပေးသနားတော်မူပါဘုရား။
#သျှီသုရသန္ဒာ #အခန်းဆက်ဝတ္ထု
16/04/2026
📜 အခန်း (၆) — သမီးတော် သံသရာ
ခမည်းတော် တောင်ပေါ်၌ ရှိနေတော်မူသည် ကြာပြီထင်ပါရဲ့။
ခမည်းတော် နေဝင်တော်မူသည်ကိုတောင် သတိထားမိပါ့မလား။
ခမည်းတော် သက်ပြင်းရှည်များ ဘယ်နှစ်ကြိမ်ချတော်မူနေမည်နည်း။
ယခုအချိန်ဆိုလျှင် မယ်တော်လည်း သူ၏ မြင်ရလျှင်လည်း ပူရ၊ မမြင်ပြန်လျှင်လည်း ပူနေရသော သမီးတော်လေးကို မျှော်နေရှာတော်မူလိမ့်မည်။
တောင်ပေါ်သို့ တက်လာရင်း အတွေးများ အဆက်မပြတ် ထွက်ပေါ်လာလေတော့သည်။
တောင်ပေါ်သို့ ရောက်ရှိသည့်အခါ
အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
နားထဲ၌ ဘာသံမျှ မကြားရတော့။
အတွေးများလည်း ခဏတစ်ဖြုတ် တိတ်ဆိတ်သွားသည်။
မျက်လုံးထဲတွင် ခမည်းတော်၏ ကျောပြင်ကျယ်ကိုသာ မြင်မိတော့သည်။
ထိုကျောပြင်ကျယ်ကြီးနှင့် ကုန်းပိုးထိန်းခဲ့သောနေ့များ၊
ကုန်းပိုးထားလျက် စစ်ရေးလေ့ကျင့်တော်မူခဲ့သော အချိန်များ—
“သမီးတော်လေး ကုန်းပိုးမှ အိပ်တတ်သည်” ဟုဆိုသောကြောင့်
မင်းမြတ် အိန္ဒြေပင် မဆည်နိုင်ဘဲ
နန်းတော်၌ ရှိတော်မူသောနေ့ရက်တိုင်းတွင်
သမီးတော်ကို အိပ်ပျော်အောင် သိပ်တော်မူခဲ့သော ခမည်းတော်—
နိုင်ငံတော်အရေး အရေးမကြီးသရွေ့
နန်းတွင်း ညအစည်းအဝေးကိုလည်း
သမီးတော် အိပ်ပျော်ပြီးမှ စတင်တော်မူသော ခမည်းတော်—
ဒီခမည်းတော်ကို
ဘယ်သို့ လုပ်ပေးရပါ့မလဲ။
“ငါ့ကလေး ရောက်လာပြီလား။ အချိန်တောင် လင့်နေပြီပဲ” ဟု
ခမည်းတော် မိန့်တော်မူသည်။
“ခမည်းတော်… ဘယ်သို့ ထွက်တော်မူဦးမည်နည်းဘုရား။
မဖြစ်အပ်သော အရေးဖြစ်ပါတယ်ဘုရား။။
ထွက်တော်မမူပါနှင့်ဘုရား
ခမည်းတော် မရှိလျှင် ဤနေရာ မဖြစ်နိုင်သည်ကို သိတော်မူသည် မဟုတ်ပါလောဘုရား” ဟု
ကျမ လျှောက်တင်မိသည်။
“ငါ့ကလေးငယ်…
အချိန်ကျသည်ဖြစ်စေ မကျသည်ဖြစ်စေ ပြည်သူများရဲ့ မင်းမြတ်တပါး တာဝန်အရ သွားရမည်သာ ဖြစ်၏။
ကိုယ့်ဘက်သို့ ပြင်ဆင်ချိန်ပေးသည်ဆိုသော အချိန်အခါနှင့် မိသားစုကို အချိန်ပေးခြင်းကို
မင်းမြတ်တို့၌ ဘယ်သံသရာတွင် ရရှိနိုင်မည်နည်း ကလေးငယ်” ဟု
ခမည်းတော် မိန့်တော်မူသည်။
“မဟုတ်ပါ ခမည်းတော်…
တခြားနည်းလမ်း ရှိသည်ကို သိသည်မဟုတ်ပါလောဘုရား။
အဘယ်ကြောင့် အရာအားလုံးကို ဤပခုံးတော်ပေါ်၌သာ တင်ထားတော်မူရသနည်း။
ဖဘုရားသမီးတော်အရွယ်မှာ မျှဝေခွဲဝေတော်မူနိုင်သော အရွယ် မဟုတ်လော” ဟု
ကျမ ခမည်းတော်၏ ပခုံးတော်ကို လက်ညိုးထိုး၍ လျှောက်မိသည်။
ခမည်းတော် ခဏငိုင်သွားတော်မူပြီး
ကောင်းကင်သို့ ကြည့်တော်မူလျက် ပြုံးတော်မူသည်။
ထို့နောက်—
ဝမ်းနည်းသည့် ပုံရိပ်တစ်စ ခဏထင်ရှားလာပြီး
ချက်ချင်းပင် ကျမ မမြင်နိုင်အောင် ဖုံးကွယ်တော်မူလိုက်သည်။
ကျမ ဆက်၍ လျှောက်တင်မိသည်—
“ဘဘုန်းမိန့်ပါတယ်ဘုရား။ ဘုရားအဟော၌ လူတို့သည် အတိတ်ပြုသမျှကို လက်ရှိ၌ ခံစားရသည်ဟု ဆိုထားပါသည်။
သို့သော် ရှေ့ဖြစ်ကိစ္စများသည် လက်ရှိ ကိုယ်တိုင်၏ ဆုံးဖြတ်ချက်နှင့်သာ ဆိုင်သည်ဟု ပါရှိပါသည် ဘုရား။
သမီးတော် မွေးဖွားလာရသော တဘောင်ကို သိပါသည်၊ သို့သော် တဘောင်လိုမဖြစ်အောင် ပြုပြင်နိုင်ပါသည်၊ အခွင့်ပေးတော်မူပါဘုရား။
သမီးတော် ကိုယ့်တာဝန်ကို ကိုယ်သိပါသည် ဘုရား။
သမီးတော်၏ ခရီးကိုလည်း ကိုယ်တိုင် ရေးနိုင်နေပြီဖြစ်ပါသည် ဘုရား။
ယခု ခရီးရှည်သည် သမီးတော်နှင့် သမီးတော်၏ သားတော် သမီးတော်တို့၏ ကာလရှည် တိုက်ပွဲတော် ဖြစ်ပါသည် ဘုရား။
ကြောက်ရွံ့ခြင်းရှိသော်လည်း ပေးဆပ်ရဲသော စိတ် အပြည့်ရှိပါသည် ဘုရား။"
"ငါ့ကလေး..... အဖဆိုသည်မှာ ကိုယ့်သွေးသား ကလေးတွေ နှုတ်ကထုတ်မပြောသည့်တိုင် ဘာဖြစ်ချင်လဲ ဘယ်လိုအကျင့်သိက္ခာရှိလဲ ဘယ်သို့ဘယ်ပုံနေထိုင်ချင်လဲသိတာပေါ့ ငါ့ကလေးငယ်......"
"နန်းအာဏာမမက်မော စစ်မက်ဖြစ်ပွားခြင်း မနှစ်မြို့လှတဲ့ သားတော်ကြီး၊ ရှေးထုံးနန်းစဉ်ကို အင်မတန်မှ နှစ်သက်မြတ်နိုးပြီး မိဘဂုဏ်နဲ့ နန်းမွေကို ထိန်းသိမ်းချင်လှတဲ့ သမီးတော်ကြီး၊ နန်းတွင်းကိုမပျော် ပြည်သူတွေကိုစာနာတတ်ပြီး မိသားစုဝေးရာ အချိန်အပိုင်းငယ်လေးတောင် မနေလိုဘဲ အမိနဲ့အဖ မျက်နှာမညှိုးငယ်စေချင်တဲ့ ကလေးဆန်လွန်းတဲ့ ဟောဒီက ငါ့ကလေး...."
"ဒီအဖက ဘယ်လိုနှုတ်စကားနဲ့ စစ်တိုက်ထွက်တော်မူစေရမတုန်း ငါ့ကလေးရယ်....
စစ်ပွဲအကြောင်း အလွန်တရာ နှံ့စပ်သူ ခမည်းတော်အဖို့ ပြောမထွက်သလို စေလွှတ်တော်မူဖို့ မတွေးနိုင်ပါဘူး"
"ခမည်းတော်ဘုရား.... ဖဘုရားတို့ တန်ဖိုးထားတော်မူသော ဤမြေသည်
သမီးတော်၏ အောင်မြေ ဖြစ်ချင်ပါသည်ဘုရား။
အဘယ်ကြောင့်ဆိုသော် သမီးတော်၏ နှလုံးအူတိုင် ဖြစ်ပါသည် ဘုရား။
ထို့အတွက် သမီးတော် စိတ်ရင်း ဘယ်သို့ဘယ်ပုံ နေချင်ပါစေ..... ထိုသို့နေရဖို့ ကာကွယ်သင့်တာ လုပ်သင့်တာကို နားလည်ပါသည်ဘုရား"
"ဘယ်သို့ ခရီးကြမ်းပါစေ—
အောင်ပွဲနှင့်အတူ သမီးတော်ချစ်သော မြေကို
သွေးမြေခနည်းစွာ၊ ငြိမ်းချမ်းစွာ အောင်နိုင်ခြင်းနည်းများဖြင့်
ကျယ်ပြန့်အောင် ပြုလုပ်မည်ဖြစ်ပါသည်ဘုရား။
နောက်ဆုံးတွင်—
သမီးတော်၏ ဤမြေ၊ ဤတောင်ပေါ်တွင်သာ
သမီးတော်၏ အုတ်ဂူတည်ရှိမည်ဖြစ်ပါသည်။
သမီးတော် ခေါင်းချရမည့်မြေသည်
စစ်တလင်း မဟုတ်ပါဘုရား။
သမီးတော်ကို နိုင်အောင် တိုက်နိုင်သူ၊ သတ်နိုင်သူမှာ
ခမည်းတော်တဦးတည်းသာ ရှိတော်မူသည် ဖြစ်တော်မူသည်ကို
ခမည်းတော် အသိဆုံး မဟုတ်ပါလော…”
"သမီးတော် ခမည်းတော်ကဲ့သို့ မင်းလုပ်အုပ်ချုပ်ခြင်း စိတ်ဝင်စားတော်မမူပါ့ဘုရား၊ အကိုတော်လိုလည်း ခမည်းတော်အတွက် နန်းစဉ်ထိန်းသိမ်း ဗျူဟာကျကျ တိုင်းပြည်ငယ်များကိုစု၍ ပြန်လည်တည်ဆောက်ရေးနှင့် တိုးတက်ရေးအတွက် စာတမ်းပြုစု တည်ထောင်ရာနေရာမှာလည်း မတော်ပါဘုရား၊ အမတော်ကဲ့သို့ အိန္ဒြေဖြင့်လည်းမနေနိုင်သလို နန်းမွေပေးခြင်းလည်း စိတ်ဝင်စားတော်မမူပါဘုရား"
"သမီးတော် လုပ်ချင်သည်က ခမည်းတော် မယ်တော်တို့နှင့် သေတပန် သက်တဆုံး အတူတကွ နေချင်ပြီး စိတ်လွတ်လပ်စွာ စိတ်အေးချမ်းစွာ အပူအပင်သောကရှင်းရှင်းဖြင့် စားသောက်နေထိုင်ပြီး လူသူများတာဝန်ကို ထမ်းခြင်းမရှိဘဲ ဘဘုန်းနဲ့ ဘကြီးဦးအဂ္ဂနား လုပ်ကူပြုစုပေးတော်မူပြီး ဘဘုန်းပြောတဲ့ ဗုဒ္ဓကို မြင်ဖူးချင်တာပါဘုရား"
"ထိုသို့သောအရာများ လုပ်ချင်ပါသော်လည်း ယခုလုပ်သင့်သည်က သမီးတော်ချစ်ရသူများ နိုင်ရာတာဝန်နဲ့ မြတ်နိုးရာအလုပ်များကို စိတ်အေးလက်အေး ထမ်းဆောင်နိုင်ဖို့ ကာကွယ်ခြင်းသာဖြစ်ပါသည်ဘုရား။
သမီးတော် နိုင်ရာတာဝန်ကို ထမ်းခွင့်ပြုတော်မူပါ့ဘုရား"
ခမည်းတော် ကျမကို ကြည့်တော်မူ၍
အမိန့်တော် မချရက်သကဲ့သို့ ဖြစ်တော်မူသည်။
ကျမကိုယ်တိုင်
ခမည်းတော်၏ တိုက်ပွဲသုံး ဓားတော်ကို
ခမည်းတော်လက်မှ ဆွဲယူရင်း
ပြုံးပြမိသည်။
စိတ်အတွင်း၌လည်း—
“အဆင်ပြေပါသည် ခမည်းတော်…” ဟု
တိုးတိုးလေး ရေရွတ်မိသည်။
ဓားတော်ယူပြီးနောက်—
ကျမ ခမည်းတော်ကို မကြည့်တော့ဘဲ ကျောခိုင်း၍
နန်းတော်သို့ ပြန်လည် ထွက်ခွာလာခဲ့သည်။
ခမည်းတော်ထက် အရင် နန်းတော်သို့ ရောက်ရမည် မဟုတ်ပါလား။
သို့မှသာလျှင် မယ်တော် မသိမှီ စစ်ခရီး ထွက်ခွာနိုင်မည်ဟု တွေးမိသည်။
သို့သော်—
နန်းတော်သို့ ရောက်ရှိချိန်၌
မယ်တော် နန်းရင်ပြင်တွင် မျက်ထောင့်နီလျက် ကျမကို စောင့်နေတော်မူသည်။
ခမည်းတော်သည် မင်းမြတ်အဖြစ် နိုင်ငံကို အုပ်ချုပ်တော်မူသူဖြစ်တာမို့
ကျမ မည်မျှ ကြိုးစား၍ပင်
ခမည်းတော်ထက် အမြန် ရောက်နိုင်ခြင်း မရှိနိုင်။
“မိသုရသန္ဒာ…”
မယ်တော်၏ အသံ၌
ဝမ်းနည်းသံ၊ အားငယ်သံတို့နှင့်အတူ
ရာဇမာန် ပြည့်ဝလျက် ရှိနေသည်။
“ညည်း ဘာများ လျှောက်လုပ်ပြန်ပြီနည်း။
ညည်းကိုညည်း ဘာထင်နေသနည်း။
ဤ ‘တဘောင်’ ဆိုသည့်အရာကို မယုံကြည်ရဟု
မယ်မယ် ပြောပြီး မဟုတ်လော။
အဲ့ဒီတဘောင်က ညည်းကို ရည်ညွှန်းသည် မဟုတ်ဟု
ပြောခဲ့ပြီးသား မဟုတ်လော…”
“ဖြေပါ ငါ့ကလေးရယ်…
ဤအမယ်အို ရင်ကျိုးရမည် ဖြစ်ပါသည်။
မိန်းမသားတို့အတွက် အိန္ဒြေနှင့် သင့်တင့်စွာ နေထိုင်ပါ့ ငါ့ကလေးရယ်…”
“အမယ်အို ကွယ်တော်မူမည်ကို
စိုးစိတ် တစ်စက်မျှ မရှိသနည်း။
ဤအရာကို လုပ်ရက်တော်မူမည်လား ငါ့ကလေးငယ်…”
မယ်တော်၏ မျက်နှာတွင်
နည်းမျိုးစုံဖြင့် တားမြစ်လိုသည့် စိတ်ရင်း ပေါ်လွင်နေသည်။
မအိုသေးသော်လည်း
“အိုပြီ” ဟု ဆိုတော်မူသည်ကို ကြားရ၍—
စိတ်အတွင်း၌
“အိုဘယ့်.... ငါ့မယ်မယ် တတ်နိုင်လှချည်လား…” ဟု တွေးမိသည်။
“မယ်မယ်ဘုရား…
သမီးတော် သွားရမည် ဖြစ်ပါသည်။
တဘောင်ကြောင့် မဟုတ်ပါဘုရား—
သွေးမြေခနည်းစေမည့် အောင်နိုင်ခြင်းနည်းကို
သမီးတော် သိရှိပြီးဖြစ်သောကြောင့်
သွားရန် သံဓိဠာန် ချမှတ်လိုက်ခြင်း ဖြစ်ပါသည်ဘုရား။"
"မယ်မယ် မအိုသေးသကဲ့သို့
ကွယ်တော်မူရန်လည်း သမီးတော် ခွင့်ပြုတော်မမူပါ့ဘုရား။"
"သမီးတော် သွားမည့် နေ့ရက်များနှင့်
ပြန်လာမည့် နေ့ရက်များအတွက်—
မယ်မယ်တို့၏ မေတ္တာများ လိုအပ်တော်မူပါသည် ဘုရား။"
"မေတ္တာများ ပြည့်ဝနေမှသာ—
သမီးတော် ခေါင်းချရမည့် မြေသည်
ဤမြေကြီး ဖြစ်နိုင်မည် မဟုတ်ပါလား ဘုရား။"
"စိုးစိတ်တော် မမူပါနှင့်ဘုရား…
သမီးတော် ကိုယ့်တာဝန် ကိုယ်ထမ်းခွင့်
ပေးတော်မူပါဘုရား…”
“မယ်မယ်ဘုရား.... ဒီသမီးတော်လေး၏ ဆံကေသာကို
ထုံးပေးတော်မမူတော့ဘူးလားဘုရား… နောက်ဆုံး…”
“အို— ဘယ်နဲ့ နောက်ဆုံးနည်း ငါ့ကလေး…
ဒီမယ်မယ် စောင့်မည်။
ငါ့ကလေး ပြန်လာလျှင် ကလေးအကြိုက် ဆံထုံးတော်ကို ထုံးပေးမည်။"
"ယခုတော့......."
"ယခုကတော့..... ကျစ်ဆံမြီးလေး ကျစ်ပေးရမည်။"
"သို့သော်—
ယခုတော့ ဤမယ်မယ် ချက်ထားသော
ငါ့ကလေးအကြိုက် ညစာတော်လေးကို စားသွားပါ့
ငါ့ကလေးရယ်…"
"ဤမယ်မယ် တောင်းဆိုပါသည်…”
မယ်မယ်သည်
မျက်ရည်များဖြင့် ပြုံးတော်မူလျက် ပြောတော်မူသည်။
ကျမ၏ နှလုံးအတွင်းတွင်—
အေးချမ်းမှုနှင့် ဝမ်းနည်းမှု နှစ်မျိုးစလုံး ပေါ်ထွက်လာသည်။
"မယ်မယ်ဘုရား..... သမီးတော်အကြိုက် အရွက်စုံကိုသာ ဆားစိမ်ပြီး ရာဝင်အိုးနဲ့ ထည့်ပေးလိုက်တော်မူပါဘုရား၊ ငါးဆားသိပ်လေးပါ ထည့်ပေးတော်မူပါဘုရား။
ညစာတော်လေးကတော့ သမီးတော် အောင်ပွဲသတင်းနဲ့အတူ လက်ရေတပြင်တည်း စားရအောင်ပါ့ဘုရား"
………
မိဘအရိပ်အောက်တွင် နေလိုသူ၊
နန်းတွင်းရေး စိတ်မဝင်စားဘဲ ပျော်ရွှင်လိုသူ၊
လူသူအပူကင်းဝေးပြီး တောတောင်ရေမြေကို ချစ်မြတ်နိုးပြီး သဘာဝ၏ တိတ်ဆိတ်မှုအတွင်းသာ နေလိုသူ—
အထွေးဆုံးပီပီ
အားလုံး၏ ချစ်ခြင်းများနှင့်သာ မွေ့လျော်လိုသူ—
သျှီသုရသန္ဒာ…
တကယ်တော့—
ဤခရီးသည်
အိမ်ပြန်လမ်းကို မြင်သော်လည်း
ဘယ်တော့မှ ပြန်လည် မရောက်နိုင်တော့မည့် လမ်း၏ အစဖြစ်ကြောင်း
သိရှိခဲ့လျှင်—
သျှီသုရသန္ဒာ
ဤဆုံးဖြတ်ချက်ကို ချမှတ်ပါ့မည်လား…
………
ဖြစ်ချင်စိတ်ကို ခဏ မြိုသိပ်လိုက်သည်။
ဖြစ်သင့်သောအရာကို ဦးစားပေး၍
အမြန်ဆုံး ဖြေရှင်းရမည်။
အရာအားလုံး နေရာတကျ ဖြစ်သွားသည့်အခါ—
ကျမ
ခမည်းတော်နှင့် မယ်တော်တို့ကြား
ခေါင်းတိုး၍ တဝကြီး အိပ်ပစ်မည်။
မနက် နေထွက်လျှင်—
အကိုတော်ကို ခေါ်၍ မြို့ရွာလှည့်ကာ
ဈေးသယ်တို့ထံမှ မုန့်များ ဝယ်စားမည်။
နေ့လယ်ခင်းတွင်—
အမတော်၏ ကျက်သရေရှိသော တေးသွားများ နားထောင်ရင်း
အမတော်၏ ပေါင်ပေါ်တွင် အနားယူမည်။
ညအချိန်တွင်—
မယ်မယ်၏ ပုံပြင်များနှင့် အိပ်စက်မည်။
သွေးမြေခနည်းပြီး နာကျင်မှုမရှိစေမယ့် အောင်ပွဲများနှင့်အတူ အမြန် ပြန်လာမည်—
ချစ်မြတ်နိုးရသော မိသားစုများအတွက်… 🕊️
#အခန်းဆက်ဝတ္ထု #ဘဝဖြစ်ရပ်မှန် #သျှီသုရသန္ဒာ