01/07/2024
ဖြေးဖြေးပဲသွားနေလည်းကိစ္စမရှိဘူး
ရပ်နေမှာကိုပဲ ကြောက်ပါ
ရလဒ်ကိုမကြည့်နဲ့
လုပ်စရာရှိတာကိုလုပ်ပါ။
ဒီဇာတ်ကားလေးကိုကြည့်ဖူးရင်သိမှာပါ
3R ဆိုပြီး နာမည်ကြီးကားလေးပါ။
မင်းသားဟာ အစာရေစာငတ် အကျဥ်းကျနေတာတောင်
လေ့ကျင့်ခန်းလုပ်နေပါတယ်။
ဒါကို အာဏာပိုင်တွေက မြင်တော့
နောက်တစ်ပတ်လောက်နေရင် သေရတော့မှာကို
ဘာလို့ အပင်ပန်းခံနေတာလဲလို့ ဟားတိုက်ပါတယ်။
မင်းသားဟာ နောက်တစ်ပတ်လောက်ဆိုသေဒဏ်
ကျခံရတော့မှာပါ။ သံတိုင်တွေကြားမှာ အစောင့်
အထပ်ထပ်ချထားပြီး လွတ်လမ်းမမြင်ပါဘူး။
ဒါပေမယ့် ငါသေရတော့မယ်ဆိုပြီး စိတ်ဓာတ်ကျ
မနေပါဘူး။ သေကာမှသေ။ မသေခင်တော့ အကောင်း
ဆုံးဖြစ်အောင်နေမယ်ဆိုပြီး ရလဒ်ကိုမကြည့်ပဲ
ထောင်ထဲမှာ အမြဲလေ့ကျင့်ခန်းလုပ်နေပါတယ်။
လာကယ်မယ့်သူမရှိလည်း သေကာမှသေဆိုပြီး
မသေမချင်း အားမလျော့ပါဘူး။
ပြောချင်တာက တစ်ခါတစ်လေ တစ်ခုခုလုပ်တဲ့အခါ
ရလဒ်ကိုမကြည့်ပါနဲ့။လုပ်စရာရှိတာကို ပုံမှန်လေးပဲ
လုပ်သွားပါ။
ဥပမာ ဝိတ်ချတယ်ဆိုပါစို့။
တစ်သက်လုံး နေချင်သလိုနေ စားချင်သလိုစားလာတဲ့
ဒီခန္ဓာကိုယ်က လေးငါးခြောက်လလောက် ကြိုးစားယုံ
နဲ့ တအားမသိသာလာသေးဘူးဆိုရင် ငါအပင်ပန်းခံ
နေလည်း ဘာမှ မသိသာလာဘူးဆိုပြီး စိတ်ပျက်သွား
တတ်ပါတယ်။ တစ်နေ့ တစ်နာရီလောက် လေ့ကျင့်ခန်း
လုပ်လည်း ဘာမှထူးမလာဘူး ဆိုပြီး နောက်ဆို မလုပ်ဖြစ်ပဲ ဒုံရင်းပဲ ပြန်ဖြစ်သွားတတ်ပါတယ်။
အဲ့ဒီအစား ရလဒ်ကိုမကြည့်ပဲ လေ့ကျင့်ခန်းလုပ်တာ
အစားသောက်ဆင်ခြင်တာကို ငါရေရှည်လုပ်ရမယ့် ပုံမှန်
အလုပ်ပဲလို့ နှလုံးသွင်းပြီး တစ်နေ့တစ်နာရီမလုပ်နိုင်ရင်
တောင် နာရီဝက်လောက်ကိုပဲ ရေရှည်ပုံမှန်လုပ်သွားပါ။
ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် လုပ်တယ်ဆိုရင်လည်း
ကိစ္စမရှိပါဘူး။ မလုပ်ပဲ နေတာထက်စာရင် အများကြီး ပိုသိသာပါတယ်။
စာလုပ်တာ ၊ ဘာသာရပ်တစ်ခုခုကိုလေ့လာတာဆိုလဲ
တူတူပါပဲ။ စိတ်ပါတုန်း တစ်နာရီနှစ်နာရီ မထတမ်း
လုပ် ။ စိတ်မပါတော့ရင် မလုပ်တော့ပြန်ဘူး။ စိတ်ပါမှ ပြန်လုပ် ဆိုတာထက် ပုံမှန် ဆယ့်ငါးမိနစ် ၊ နာရီဝက် လောက်ကို နေ့တိုင်းလုပ်သွားပါ။ တစ်နှစ် နှစ်နှစ်လောက်
ကြာတဲ့အခါ သိသာလာတာကို တွေ့ရပါလိမ့်မယ်။
တောင်ထိပ်ကို ရောက်ချင်ရင် တောင်ပေါ်ကို မော့မကြည့်နဲ့တဲ့။ ငါ့သွားရမယ့် ခရီးကလည်း အဝေးကြီးကျန်သေးတယ် ဆိုပြီး ရင်မောသွားပြီး အားလျော့သွားတတ်ပါတယ်။
ဒါကြောင့် ရေရှည်လုပ်ရမယ့် အရာတစ်ခုခုကိုလုပ်တဲ့
အခါ ရလဒ်ကို မကြည့်ပါနဲ့။ ပုံမှန်လေးလုပ်ပေးဖို့ကိုပဲ
အာရုံစိုက်ပါ။
တဖြေးဖြေးလေးသွားနေရမှာ မကြောက်ပါနဲ့။
ရပ်နေမှာကိုပဲ ကြောက်ပါ။
ရလဒ်ကိုမကြည့်ပါနဲ့။
လုပ်စရာရှိတာ ဆက်လုပ်ပါ။
အချိန်တန်ရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်လိမ့်မယ်။
ပန်းတိုင်မရောက်လို့ရှုံးသွားရင်လည်း
ကြိုးစားရင်းသေသွားရတာမို့ နောက်ဆုံးထွက်သက်မှာ
ကိုယ့်ကိုကိုယ်ဂုဏ်ယူပြီးမှ သေရမှာ။
08/06/2024
တစ်နေ့တာ ကျန်းမာရေးအတွက် သင်ဘယ်လိုနေထိုင်သင့်သလဲ “
-------------------------------
သင်အသက်မည်မျှရှည်ရှည်နေရမည်နည်း။
သင်၏အပြုအမူအပေါ်မူတည်ပါသည်။
အသက်ရှည်ကျန်းမာလိုသူများအတွက်။တစ်နည်းအားဖြင့် လူ့သက်တမ်းစေ့နေနိုင်ရေးအတွက် နေ့စဉ် လိုက်နာရမည့် အချက်များရှိပါသည်။
ထိုအချက်များမှာကို သိရှိထားခြင်းဖြင့် ရောဂါဝေဒနာ ကျရောက်လာမှ ကုသခြင်းထက်မဖြစ်မီ ကြိုတင်ကာကွယ်ခြင်းပြုရာရောက်ပါလိမ့်မည်။ အစားအသောက် အနေအထိုင် အပြုအမူအမှားများကြောင့် လူတို့သက်တမ်းတိုရခြင်းဖြစ်သည်။
“အသက်ဥာဏ်စောင့်၊ ဥစ္စာ ကံစောင့်” ဟူ သောစကားနှင့်အညီ အသိဥာဏ်ဖြင့် ဆင်ခြင်နေထိုင်သူများ လူသက်တမ်းနေနိုင်မည်။ မိသားစုအကျိုး သယ်ပိုးနိုင်မည်ဟု ယုံကြည်သည်။
လူ့သက်တမ်းစေ့ သက်ရှည်ကျန်းမာစွာ နေနိုင်ဖို့အတွက် မိမိသိသမျှတိုင်း တိုင်းရင်းဆေး ပညာရှု့ ထောင့်မှ တင်ပြလိုပါသည်။ထိုအချက်များကို သင်ယုံကြည်စွာလိုက်နာကြည့်ပါ။
အချိန်အပိုင်းအခြားဖြင့်တင်ပြပေးပါမည်။
၁။ နံနက်အိပ်ယာထချိန်
“စောစောအိပ်ထပြုကျင့်က တွင်းပကိုယ်ခန္ဓာ ၊ ရောဂါခပ်သိမ်းရှောင်ခွာတိမ်း အေးငြိမ်းလွန်ချမ်း သာ…” ဟူသော စကားရပ်ကို မမေ့ပါနှင့်။ လိုက်နာကျင့်သုံးပါ။ နံနက်စောစောအိပ်ယာထသူသည် ဦးနှောက်နှင့်အာရုဏ်ကြောများ အသစ်ကဲ့သို့ ဖြစ်နေသော ခံစားမှုကို ရရှိနိုင်သည်။ ညက ကောင်းစွာအိပ် စက်ထားလျှင်နံနက်ခင်းတွင် စိတ်ကြည်လင်နေနိုင်သည်။
အိပ်ယာထချိန်ကို အရုဏ်တက်ချိန်(နံနက် ၅ နာရီ) ဝန်းကျင် အကောင်းဆုံးဟု ဆေးကျမ်းများက ဆိုသည်။ အိပ်ယာမနိုးလျှင် နာရီနှိုးစက်ပေးထားပြီး ထလျှင်လည်း ဖြစ်သည်။ သို့သော် လေဖြတ်ဝေဒနာကို အထူးလေ့လာသည့် သုတေသီများ၏ အဆိုအရ အိပ်ယာမှထလျှင် ရုတ်တရက်ဗြုန်းခနဲ မထဘဲ (၃)မိနစ်ခန့် အချိန်ယူပြီးမှ ထရမည်။ အထူးသဖြင့် အသက် (၅၀)ကျော် လူကြီးများနှင့် သွေးတိုး၊ နှလုံးရောဂါရှိသူများ အိပ်ယာထတွင် မူးလဲတက်သည်ကို သတိပြုပါ။
နံနက်စောစောလမ်းလျှောက်ခြင်း
နံနက်စောစောလမ်းလျှောက်ခြင်းကြောင့် ခန္ဓာကိုယ်ရှိ သွေးကြောများ သွေးလှည့်ပတ်မှု ကောင်းစေ သည်။ ညကအိပ်စက်ထားသဖြင့် တောင့်တင်းနေသော ကြွက်သားနှင့် အကြောများ ပြေလျော့စေနိုင်သည်။ လေကောင်းလေသန့်ရသော ပတ်ဝန်းကျင်တွင် လမ်းလျှောက်ရင်း အသက်ရှူလေ့ကျင့်ခန်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းများ ပြုလုပ်ပေးပါ။ သန့်ရှင်းသောလေကြောင့် အဆုတ်အားကောင်းလာသည့်အပြင် နှလုံးအား ပါကောင်းလာစေနိုင်သည်။
နံနက်စောစော နေရောင်ခြည်သည် တေဇောဓာတ်ကိုပေးသဖြင့် အရိုးအဆစ် များကို သန်မာစေနိုင်သည်။ ကြွက်သားအားကောင်းစေရန် လမ်းများများလျှောက်ပေးပါ။ ခြေသလုံးကြွက် သား အားကောင်းလျှင် နှလုံးအားကောင်းသည်ဟုဆိုသည်။ ရှေးစာပေများတွင် သလုံးမြင်းခေါင်း ဟုခေါ် သည်။ ရဟန်းတော်များ သလုံးမြင်းခေါင်းကောင်းနေသ၍ ဆွမ်းခံစားရမည်ဟု ဆိုသည်။ ခြေသလုံးကို ဒုတိယနှလုံးဟုလည်း တင်စားပြောဆိုကြသည်။ ခြေသလုံးအားကောင်းခြင်းသည် နှလုံးအားကောင်းခြင်းနှင့် အတူတူပင်ဖြစ်သည်။ နံနက်စောစော (၂)မိုင်ခန့် လမ်းလျှောက်ပေးလျှင် ကျန်းမာစေနိုင်သည်။ ကျန်းမာရေး အထူး လိုက်စားသူများက ခြေလှမ်းတစ်သောင်း လမ်းလျှောက်ပါဟု ဆိုသည်။
နံနက်စာကို ကောင်းစွာစားပါ
နံနက်စောစော အစာစားခြင်းသည် တစ်နေ့တာ လှုပ်ရှားသွားလာရမည့် ခန္ဓာကိုယ်အတွက် ရိက္ခာ ထောက်ပံ့ပေးခြင်းဖြစ်သည်။
ဆွမ်းခံစားသည့် ရဟန်းတော်များသည် နံနက်စောစော အရုဏ်တက်တွင် ရာဂုဆွမ်း (သို့မဟုတ်) ဆန်ပြုပ်အရည်ကြဲကို ဘုန်းပေးပြီးမှ သပိတ်ကို ပိုက်ပြီး ဆွမ်းခံထွက်သည်။ ကျောင်းတိုက်ကြီးများတွင် ဆွမ်းခံမှပြန်လာသောအခါ စုဝေးကြပြီး နံနက်ဆွမ်းကို ဘုန်းပေးကြသည်။ ထိုအ ချိန်တွင် နံနက် (၇)နာရီခန့် ရှိနေပြီဖြစ်သည်။ ထို့နောက်တွင်မှ စာချခြင်း၊ စာဝါလိုက်ခြင်း၊ စာကျက်ခြင်း အမှုကိုပြုကြသည်။ နံနက်စောစော ရာဂုဆွမ်းနှင့် ဆွမ်းခံပြန်လာပြီးနောက် နံနက်ဆွမ်း (၂)ကြိမ် အာဟာရ ဖြည့် ဘုန်းပေးထားသောကြောင့် အင်အားပြည့်ဖြိုးစွာဖြင့် သာသနာ့တာဝန် ထမ်းဆောင်နိုင်သည်။ ရဟန်းတော်များသည် ညစာမဘုန်းပေးသော်လည်း နံနက်စာ ဆွမ်းကို ဘုန်းပေးသဖြင့် ကျန်းမာရေးကောင်း မွန်ကြသည်။
လူတို့တွင်လည်း နံနက်စာ အာဟာရကို ဂရုတစ်စိုက် စားသုံးခြင်းဖြင့် ကျန်းမာစေနိုင်သည်။ ထမင်းမစားဘဲ ကော်ဖီ၊ လက်ဖက်ရည်၊ မုန့် စားသုံးရုံဖြင့် အာဟာရမပြည့်နိုင်ပါ။ အနည်းဆုံး ကြက်ဥ (၂) လုံးခန့် စားသုံးသင့်သည်။ ကျေးလက်တောရွာများတွင် နေထိုင်ကြသူများသည် နံနက်စာကို အဝစားပြီးမှ လယ်ယာ အလုပ်ခွင်ဆင်းကြသည်။ အသက်ရှည်ကျန်းမာကြသည်ကို တွေ့ရသည်။ မြန်မာလူမျိုးများသည် ထမင်းစားမှသာ အာဟာရဖြစ်သည်ဟု ယူဆကြသည်။ နံနက်စာကို အသားရောအသီးအနှံပါ စုံလင်စွာ စား သောက်သင့်သည်။ အာဟာရမပြည့်သူများသည် ကိုယ်ခံအားမကောင်းသဖြင့် ရောဂါပိုးများ ကပ်ငြိလွယ် သည်ကို သတိပြုပါ။
#နေ့လယ်ချိန်မှာ သတိပြုစရာ
နေ့လယ်ချိန်သည် လူအများအတွက် အလုပ်ချိန်ဖြစ်သည်။ နေ့လယ်ချိန်ကို (၂)ပိုင်း ပိုင်းခြားရလျှင် နံနက်(၁၀)နာရီမှ နေ့လယ် (၁)နာရီအထိကို တစ်ချိန်၊ နေ့လယ်(၁)နာရီမှ ညနေ(၄)နာရီအထိကို တစ်ချိန် ပိုင်းခြားနိုင်သည်။ ပထမတစ်ပိုင်းသည် တက်ချိန်ဖြစ်သဖြင့် အလုပ်လုပ်၍ အားကောင်းသည်။ စိတ်တက်ကြွ မှုရှိသည်။ ဒုတိယတစ်ပိုင်းသည် ကျချိန်ဖြစ်သဖြင့် အလုပ်ပင်ပန်းတက်သည်။ စိတ်တက်ကြွမှု အား နည်းသည်။
နေ့လယ်စားသည့်အချိန်မှာ မွန်းတည့် (၁၂)နာရီမှ မွန်းလွဲ(၁)နာရီအတွင်းဖြစ်သင့်သည်။ ထို့ထက် နောက်ကျလျှင် ကျချိန်ရောက်သဖြင့် စားမကောင်း အစာမကြေ ဖြစ်တက်သည်။ နံနက်က ချိုင့်ဖြင့်ထည့် ယူလာသော ထမင်းဟင်းကို စားရသူများသည် အစာမကြေရောဂါဖြစ်လေ့ရှိသည်။ ရောဂါဟူသမျှ အစာ မကြေခြင်းမှ စသည်ဟု ဆိုသဖြင့်… ဇက်ကြောတက်ခြင်း၊ ခေါင်းကိုက်ခြင်းစသော ဝေဒနာငယ်လေး များ ဝင်လာလေ့ရှိသည်။ အထူးသဖြင့် ရုံးဝန်ထမ်းများတွင် အစာမကြေနောက်ကြောတက်ရောဂါနှင့် နာတာ ရှည်အစာအိမ်ရောဂါများ ဖြစ်လေ့ရှိသည်ကို တွေ့ရသည်။ ထမင်းဟင်းကို ပူပူနွေးနွေး စားနိုင်လျှင် အစာ အိမ်အတွက် အကောင်းဆုံးဖြစ်သည်။
အစာအိမ်မကောင်းရသည့် တခြားအကြောင်းတစ်ခုမှာ နေ့လည်စာစားပြီးနောက် အချိုရည်အအေး သောက်ခြင်း၊ ရေခဲရေသောက်ခြင်း၊ water cooler မှ ရေကို သောက်ခြင်းတို့ကြောင့် အစာအိမ်မှ အပူ ဓာတ်(ဝမ်းမီး) ပျက်ပြီး အာဟာရကို ကောင်းစွာ မစုပ်ယူနိုင်တော့ပေ။ အစာမကြေခြင်းကြောင့် အစာ ဟောင်းအိမ်တွင် စမြင်းဖြစ်ပြီး ဝမ်းချုပ်ခြင်း နောက်ဆက်တွဲအဖြစ် လိပ်ခေါင်းရောဂါဖြစ်ခြင်းတို့သည် တစ်ခု နှင့်တစ်ခု ဆက်နွှယ်ဆင့်ပွားဖြစ်လာသော ရောဂါများ ဖြစ်သည်။ ထို့ကြောင့် နေ့လယ်စာစားပြီးလျှင် မြန်မာ့ ရိုးရာ ရေနွေးကြမ်း သောက်သုံးခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။
#ညနေချိန်နှင့်လေရောဂါ
ရှေးက အာယုဗေဒဆေးကျမ်းများ၏ အဆိုအရ အချိန်ပိုင်းအလိုက် ကြီးစိုးသော ဓာတ်များမှာ (၁) နံနက်မှာ သလိပ် (၂) နေ့လယ်မှာ သည်းခြေ (၃) ညနေမှာလေ (၄) ညမှာအပုပ်.. ဓာတ်များ ကြီးစိုးသည်ဟုဆိုသည်။ ညနေချိန်သည် (၄) နာရီမှနောက်ပိုင်း နေဝင်ချိန်အထိဖြစ်သည်။ ထိုအချိန်တွင် လေဓာတ် ကြီးစိုးသည်။ လေစာများ တစ်နည်းအားဖြင့်လေပွစာများကို ရှောင်ကျဉ်စားသောက်သင့်သည်။ လေစာများမှာ လက်ဖက်၊ မုန်ညှင်း၊ မုန်လာ၊ ကြက်ဟင်းခါး၊ ခွေးတောက်၊ တမာ၊ ကြောင်လျှာ၊ မျှစ်၊ မျှစ်ချဉ်၊ ဝက်သား၊ ဘဲသား…စသည် များစွာရှိသည်။ အခါးအရသာမှန်သမျှ လေစာဖြစ်သည်။ အစပ် အရသာသည်လည်း လေကို ပွားစေ၊ ပျက်စေသည်။
လေနိုင်သော အရသာများမှာ အချို၊ အချဉ်၊ အငန် အရသာ (၃)မျိုးဖြစ်သည်။ ဘုန်းကြီးရဟန်း များသည် ညနေစာ၊ ညစာမစား (မဘုဉ်း) သဖြင့် လေရောဂါ မဖြစ်စေရန် ချိုချဉ်ငန် အရသာရှိသော ဖျော်ရည်တစ်မျိုးမျိုးကို ကပ်ကြသည်။ မကျည်းမှည့်ကို ထန်းလျက်ဖြင့် စိမ်ပြီး ဆားလှော်အနည်းငယ် ထည့်သည့် ဖျော်ရည်သည် ဝမ်းတွင်းအပူငြိမ်းစေသည်။ လေပူနှင့် အပုပ်ကိုလည်းနိုင်သည်။ ရှောက်သီး ဖျော်ရည်၊ သံပရာဖျော်ရည်၊ ကမ္ဗလာဖျော်ရည်များသည်လည်း လေရောဂါနှင့် သင့်သည်။ ညနေစာစားသုံး သူများသည် ချဉ်ရည်ဟင်းတစ်မျိုးမျိုးနှင့် တွဲဖက်စားသုံး သင့်သည်။
လေရောဂါသည် ကုရခက်သောရောဂါအမျိုးအစားတွင် ပါဝင်သည်။ ညနေစာကို လွန်ကဲစွာစားသုံး လျှင် လေပွပြီး အစာမကြေရောဂါဖြစ်တက်သည်။ ညနေစာကြောင့် လေရောဂါဖြစ်လျှင် ညအိပ်မပျော် ရောဂါ နောက်ဆက်တွဲဖြစ်လာတက်သည်။ ကြေလွယ် ကျက်လွယ်သောအစာကိုသာ စားသုံးသင့်သည်။ ပူပူနွေးနွေးစားရမည်။ အဝမစားဘဲ နေ့လယ်စာ၏ တစ်ဝက်သာစားသုံးသင့်သည်။ ညနေစာ၊ ညစာမစား သုံးခြင်းကြောင့် ဘုန်းကြီးနှင့်ရဟန်းသံဃာများ အသက်ရှည်ပြီး ရောဂါကပ်ငြိမှုနည်းသည်ဟု ယူဆကြ သည်။ ကျန်းမာလိုလျှင် ညနေစာ (လေစာ) ကို ရှောင်ကျဉ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။
ညစာနှင့် ညဉ့်နက်စာစားသုံးခြင်းဆိုးကျိုး
ဂိလာနဟုခေါ်သော အစားမစားလျှင်မဖြစ်သည့် ရောဂါစွဲကပ်နေသူများမှ လွဲ၍ မစားသင့်သော အစာမှာ ညစာဖြစ်သည်။ အာယုဗေဒကျမ်းများအလိုအရ ညစာမှရသော အကျိုးမှာ.. အပုပ်ဓာတ်ဖြစ်သည်။ အပုပ်ဓာတ်သည် အသားအရေကို ညစ်နွမ်းစေသည်။ စိတ်ကြည်လင်မှုကိုလည်း ဖျက်ဆီးသည်။ အာရုံကို ငုတ်လျှိုးစေသည်ဟု ကျမ်းများက ဆိုသည်။ အပုပ်ဓာတ်လွှမ်းမိုးသူတို့၏ ရုပ်အဆင်းမှာ ပြုံးရယ်မှုကင်းပြီး မှုန်ကုပ်ခြင်း၊ မျက်ကွင်းညိုခြင်း၊ ပါးများတွင် အမဲကွက်နှင့် တင်းတိပ်များထွက်ခြင်း၊ ခံတွင်းအနံ့ဆိုးခြင်း၊ စိတ်နှလုံးမသာယာခြင်းတို့ကို ဖြစ်စေသည်ဟု ဆိုသည်။
အပုပ်ဓာတ်သည် ရုပ်ဆင်းအင်္ဂါကို ညစ်နွမ်းစေသဖြင့် အလှအပကြိုက်သူများသည် ညစာ (အပုပ်စာ)ကို ရှောင်ကျဉ်သင့်သည်။ ထို့ထက်ဆိုးသည်မှာ ညဉ့်နက်စာ ( ည ၉ နာရီ နောက်ပိုင်းစားသော အစာ) ကို ပို၍ ရှောင်ကျဉ်သင့်သည်။
ညစာစားပွဲ၊ ညဧည့်ခံပွဲများသည် ည(၁၀)နာရီ၊ (၁၁)နာရီအထိ စားကြသောက်ကြသည်ကို တွေ့ရ သည်။ အထူးသဖြင့် ညဧည့်ခံပွဲများတွင် အသားစားသုံးမှု များပြီး အရက်သေစာနှင့် တွဲဖက်ဧည့်ခံသည်ကို တွေ့ရသည်။ သုတေသန ပညာရှင်များ၏ အဆိုအရ နှလုံးတိုက်ခိုက်မှု (Heart attack) ရသူများ လေဖြတ် ပြီး ဦးနှောက်သွေးကြောပြတ်သူများသည် ညစာစားပွဲများမှ အပြန်တွင် ဖြစ်လေ့ရှိသည်ဟုဆိုသည်။
ညအိပ်ချိန်
ညအိပ်ယာဝင်ချိန်သည် အစောဆုံး (၈)နာရီနှင့် နောက်အကျဆုံး (၁၁)နာရီဖြစ်သင့်သည်။ ထို့ထက်နောက်ကျလျှင် ကျန်းမာရေးအတွက်မကောင်း.. အသက်တိုတက်သည်ဟုဆိုသည်။ အိပ်ယာမဝင် မီ တစ်နေ့တာကြုံတွေ့ခဲ့ရသော အလုပ်သောက စိတ်သောကများကို တက်နိုင်သမျှလျှော့ချပြီး ဘာသာ တရား နှင့်ဆိုင်သော ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်း၊ တရားစာရွတ်ဆိုခြင်း၊ နားထောင်ခြင်းပြုပြီး အိပ်ပျော် သွားလျှင် အကောင်းဆုံးဖြစ်သည်။
နှလုံးသည် လူတို့အသက်ရှင်နေသမျှ ခုန်နေရသည်။ ကျုံ့ချိန်နှင့် ပွချိန် နှစ်ခုကြားတွင်သာ အနားရ သည်ဟု ဆိုသည်။ အိပ်ချိန်နောက်ကျလျှင် နှလုံးအတွက်မကောင်းဟုဆိုသည်။ အိပ်ယာမဝင်မီ အစား အသောက်များစွာစားလျှင်လည်း အစာအိမ်မှ အစာမချေနိုင် လေပွပြီး နှလုံးသို့ လေရိုက်သဖြင့် ကြာလျှင် နှလုံးကြီးသောရောဂါ၊ နှလုံးပွသောရောဂါ၊ ဖြစ်လာပြီးနောက်ဆုံးတွင် နှလုံးပျက်စီးသောရောဂါ အထိဖြစ် လာနိုင်သည်။
အသဲသည် အစာအိမ်မှ စားထားသမျှ ခြေပြီးသမျှ အာဟာရများအထဲမှ မလိုအပ်သော အဆိပ် အတောက်များကို စုပ်ယူထားပြီးမှ ဖျက်ဆီးပစ်သည်ဟုဆိုသည်။ ထိုသို့ အသဲအလုပ်လုပ်ချိန်မှာ ည (၁၁) နာရီနောက်ပိုင်းမှ ဖြစ်သည်ဟု အနောက်တိုင်းသုတေသီများက သုတေသနပြုလုပ်တွေ့ရှိသည်ကို ကျန်းမာ ရေးမဂ္ဂဇင်းများတွင် ဖတ်ရှုရသည်။ အသဲ၏ တာဝန်သည် အစာအိမ်မှ စားသမျှ ခြေဖျက်သမျှ နောက်ဆုံး အဆိပ်အတောက်မပါအောင် တာဝန်ခံရသူဖြစ်နေသည်။ ညအိပ်ချိန်နောက်ကျလျှင် အသဲ၏ အလုပ်ချိန် နောက်ကျသဖြင့် အဆိပ်အတောက်များစုပုံပြီး ခန္ဓာကိုယ်တွင် ရောဂါရလာနိုင်သည်။ ထို့ကြောင့် ညအိပ် ယာဝင်ချိန်ကို များစွာနောက်မကျအောင် သတိပြုကြစေလိုသည်။
နိဂုံးချုပ်အားဖြင့် အထက်တွင်ဖော်ပြခဲ့သော တစ်နေ့တာလုပ်ဆောင်သင့်သည့် အနေအထိုင်၊ အပြု အမူ၊ အစားအသောက် စသည်များကို ဘက်စုံဒေါင့်စုံ ဆင်ခြင်နေထိုင်သူမှသာ ကျန်းမာခြင်းနှင့် အသက် ရှည်ခြင်း ဆုလာဘ်ကို ရရှိနိုင်မည်ဖြစ်သည်။ မိမိထင်သလိုနေထိုင်စားသောက်ပြီး ရောဂါဝင်လာသောအခါမှ ကျန်းမာရေးကို ပြန်လည်တောင့်တ၍ မရနိုင်ပေ။ ခန္ဓာကိုယ်အတွက် အရေးကြီးသော ကိုယ်တွင်းအင်္ဂါများ… နှလုံး၊ အဆုတ်၊ အသဲ၊ အစာအိမ်၊ ကျောက်ကပ် စသည်များ မိမိအိပ်ချိန်၊ စားချိန်မမှန်ခြင်းကြောင့် မှားယွင်းသော အပြုအမူအနေအထိုင်ကြောင့် ပျက်စီးမသွားစေရန် ကြိုတင် သတိရှိစောင့်ရှောက်နိုင်စေရန် သတိပေးရေးသားတင်ပြလိုက်ရပါသည်။
ကြည်လွင်မြင့်(မုဒြာ)
ပြန်လည်မျှဝေပါသည်။
28/05/2024
ကာမစိတ်ဆန္ဒကို ထိန်းချုပ်နိုင်သူသည် ကမ္ဘာပေါ်တွင် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်နိုင်သော သူဖြစ်သည်။ ယောကျာ်းတော်တော်များများက တစ်ချို့သော ကျရှုံးမူတွေဟာ ရည်းစားများများထားခြင်းကြောင့်ဆိုတာ နားမလည်ကြဘူး။
တစ်ချို့မိန်းကလေးများသည် ကောင်းတဲ့
စိတ်ဓာတ် မရှိဘူးဆိုတာ အမျိုးသားတွေက မသိကြဘူး။တချို့မှာ နတ်ဆိုးများဖြစ်ပြီး တချို့မှာ သူတို့၏ခြေထောက်ကြားတွင် အဆိပ်ရှိသည်။
အချို့သော အမျိုးသမီးများသည် ကံကြမ္မာရဲ့ အဖျက်သမားများဖြစ်သည်၊ သတိထားပါ။
ဂရုပြုပါ။ ''မိန်းကလေးတိုင်း မဆိုလိုပါ''
1. တကယ့်စစ်မှန်သောယောက်ျားဆိုတာ
သူ့ဘဝမှာ မိန်းမတစ်ယောက်ပဲရှိတယ်။
2. သင်၏ Er****on ကို အချိန်တိုင်း မလိုက်နာ
ပါနှင့်။ သင့်စိတ်ကို မထိန်းချုပ်နိုင်ရင် သင့်ဘဝကိုလဲ ထိန်းချုပ်နိုင်မှာမဟုတ်ဘူး။
ဆင်းရဲမွဲတေမှုများစွာဖြင့် ကမ္ဘာမြေကြီးပေါ်တွင် ရက်အနည်းငယ်မနေလိုပါက သင်၏ စိတ်ကို
ထိန်းချုပ်နိုင်ရမည်။
3. မိန်းကလေး တစ်ယောက် အလွန်ကြည့်ကောင်းပြီး၊ ဆွဲဆောင်မှုရှိသောကြောင့် ချိန်းတွေ့ခြင်း မပြုပါနှင့်။ ဤအရာများသည် ရိုးရိုးရှင်းရှင်း လှည့်ဖြားခြင်းသာဖြစ်ပြီး ဆိုရှယ်မီဒီယာမှာ မြင်သလို လိုက်မတုနဲ့။
4. စကတ်အောက်မှာမြင်ရတဲ့ အရာတိုင်းဟာ စားဖို့မဟုတ်ဘူး၊ အချို့စကတ်တွေမှာ မြွေကိုက်ခံရပြီး သင့်ဘဝကို ဖျက်ဆီးနိုင်တဲ့ အဆိတ်တွေ ပါဝင်ပါတယ်။ သင့် စိတ်ဆန္ဒကို ထိန်းချုပ်ရန် Self control and abstinence ရှိဖို့လိုတယ်။
5. မိန်းမတစ်ယောက်နဲ့ လက်ထပ်တာဟာ မင်းကို ပိုင်ဆိုင်တယ်လို့ မဆိုလိုပါဘူး။ သူမကို လေးလေးစားစားဆက်ဆံပါ၊ သူမကို မင်းရဲ့မိဖုရားဖြစ်အောင်၊ ချစ်ပါ၊ ချီးမြှောက်ပါ။သူမင်းကို ဒီလိုပဲ ဆက်ဆံဖို့ အကြောင်းပြချက်ပေးပါ။
6. ရည်းစားတွေ အများကြီးရှိခြင်းက မင်းကို ယောက်ျားကောင်းဖြစ်စေတာမဟုတ်ဘူး။ ဒါက မင်းကို မိန်းမလိုက်စားခြင်းနှင့် လူလိမ်တစ်ယောက်
သာ ဖြစ်စေသည်။
7. မင်းအိပ်ရာထဲမှာ အရမ်းကောင်းလို့ မင်းကို ယောကျာ်းကောင်းမဖြစ်စေပါဘူး။
စစ်မှန်သောယောက်ျားသည် မိမိတာဝန်မှ ရှောင်မပြေးဘဲ လေးလေးနက်နက် ရင်ဆိုင်တတ်သူဖြစ်သည်။
8. သင့်ကိုချစ်တဲ့မိန်းမတိုင်းကို လေးစားပါ ဟုတ်တယ်၊ မိန်းမတစ်ယောက်ဟာ မင်းကိုချစ်တဲ့စိတ်နဲ့ မင်းရဲ့အနာဂတ်ကို ထောက်ပံ့ပေးဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ အတူတူကြိုးစားရုန်းကန်စိတ်ရှိပါ။
9. ကမ္ဘာမှာ အောင်မြင်တဲ့ အမျိုးသားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရည်းစားအများကြီးရတဲ့အတွက် မင်းကို ဘယ်သူကမှ ဂုဏ်ပြုမှာ မဟုတ်ပါဘူး။
ဒါဆို ဘာဖြစ်တာလဲ၊ စွမ်းအင်၊ ငွေနှင့် သုတ်ပိုးများကို ဖြုန်းတီးခြင်း ပဲအဖတ်တင်တာပေါ့။
ရိုးသားခြင်း၊ သစ္စာရှိပြီး သစ္စာစောင့်ခြင်း ရှိမှသာ
တကယ့်ယောကျာ်းကောင်းတစ်ယောက်ရဲ့ အမှတ်တံဆိပ်ဖြစ်သည်ကို သတိရပါ။
25/05/2024
ရေစက် နှင့် ဝဋ်ကြွေး
-------------------------------
ဘဝမှာ ....ကိုယ်နဲ့ ပတ်သက်ရတဲ့ လူတိုင်းဟာ
သံသရာအဆက်ဆက်က ပါလာတဲ့
ရှေးရေစက်ကြောင့်ပါ ....။
တချို့က ....
ကိုယ်က ပေးဆပ်ရမယ့် ဝဋ်ကြွေးကို
ပြန်ယူဖို့အကြောင်းနဲ့ ဆုံလာကြတာ ...။
တချို့ကတော့ ....
ကိုယ့်ဆီကနေ ကြွေးသစ်ယူသွားကြတဲ့
သူတွေလဲ ရှိမှာပေါ့လေ ...။
ပြုသူအသစ်_ဖြစ်သူအဟောင်း_တဲ့
ဘာပဲဖြစ်ဖြစ်ပေါ့
အကြောင်းမကင်းလို့ ပေါင်းသင်းကြရတာ
အကြောင်းရှိလို့ ပေါင်းမိ ကြရတာပါပဲ ...။
ကိုယ်က ကောင်းပါရဲ့နဲ့ ....
ကိုယ့်ကို အနိုင်ကျင့်တာ ခံရတဲ့အခါ၊
စော်ကားတာကို ခံရတဲ့အခါ၊
ငြိုငြင်တာကို ခံရတဲ့အခါ၊
အထင်လွဲတာကို ခံရတဲ့အခါ၊
သစ္စာဖောက်တာကို ခံရတဲ့အခါ
ဒီလိုလေး နှလုံးသွင်းလိုက်ပါ ....။
ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေ ....
တစ်ခုပြီး တစ်ခု ကျေသွားတယ် လို့ပဲ
သဘောထားလိုက်ပါ ....။
ခံရတဲ့သူက_အဟောင်း_ခံရတာပါ
လုပ်တဲ့သူကသာ_အသစ်_လုပ်နေတာပါ
များများပေးဆပ်ရရင်
မြန်မြန်ကျေတာပေါ့ လို့
သဘောထားပြီး
အခြေအနေ တချို့ကို
ကျေနပ် လက်ခံလိုက်ပါ ....။
ကိုယ့်ရဲ့ အတ္တကို
ဖြေးဖြေးလေး ဖြေလျှော့လိုက်ပြီး....
ဘယ်သူ့ကိုမှ
တင်းတင်းကြပ်ကြပ် မနှောင်ဖွဲ့တော့ဘဲ
ဖြစ်လွယ် ပျက်လွယ်တဲ့ သဘောတရားကို
နားလည် လက်ခံနိုင်ခဲ့ရင်....
အနည်းနဲ့ အများတော့
စိတ်သက်သာရာ ရလိမ့်မယ်လို့
မျှော်လင့်မိပါတယ် .....။
ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး
🙏ဒေါက်တာအရှင်နန္ဒမာလာဘိဝံ🙏
11/03/2024
အသိနယ်ပယ်ကို ဘယ်လိုချဲ့ထွင်မလဲ
-----------------------------------
Knowledge is power ဆိုတာ လူတိုင်းကြားဖူးနေကျ စကားစုလေးဖြစ်မှာပါ။ အခုလိုAI ခေတ်မှာ အသိနယ်ကိုချဲ့ထွင်ဖို့ ပိုလိုအပ်လာပါတယ်။ အကယ်၍ ကိုယ်ကလိုအပ်တဲ့ဗဟုသုတအသိပညာ မဖြည့်ထားဘူးဆိုရင် မသိလိုက်မသိပါသာဘဲ ပတ်ဝန်းကျင်နဲ့ဝေးကွာလာတော့မှာပါ။ တချို့သူတွေအတွက်ဆို အလုပ်အကိုင်အခွင့်အလမ်းကိုပါ ခြိမ်းခြောက်လာနိုင်ပါတယ်။ တခါက ဆိုင်းဘုတ်ဆေးရေးတဲ့လုပ်ငန်းတွေဆိုရင် နည်းပညာမြင့်ဆိုင်းဘုတ်လုပ်ငန်းတွေပေါ်လာတဲ့အခါ ပျောက်ကွယ်သွားရတယ်။ ပန်းခြံတွေမှာလည်း ဓါတ်ပုံရိုက်ပေးတဲ့ ဓါတ်ပုံဆရာတွေလည်း မရှိသလောက်ရှားသွားပါပြီ။ ဒီလိုပဲ အခုအချိန်မှာတည်ရှိနေတဲ့ လုပ်ငန်းတွေဟာလည်း နောင်၁၀နှစ်လောက်ဆို ဘယ်လုပ်ငန်းတွေပျောက်ကွယ်သွားဦးမလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။
စာရေးသူတို့ငယ်ငယ်က မိဘတွေက ဘာဖြစ်ချင်လဲလို့မေးရင် အများစုက ဆရာဝန်ကြီးဖြစ်ချင်တယ်၊ အင်ဂျင်နီယာကြီးဖြစ်ချင်တယ်နဲ့ ဖြေကြတယ်။ အခုခေတ်ကလေးတွေကျတော့ Youtuber ကြီးဖြစ်ချင်တယ်၊ Game Streamer ကြီးဖြစ်ချင်တယ်တွေဖြစ်ကုန်ကြပြီ။ ခေတ်ကာလအရ ဖုန်းမသုံးတတ်ရင်၊ ကွန်ပြူတာမသုံးတတ်ရင် ခေတ်မမှီတော့ဘူး ဖြစ်နေပါပြီ။ မကြာသေးတဲ့နှစ်တွေမှာ လုပ်ငန်းတော်တော်များများမှာ ဖုန်းမသုံးရ စည်းကမ်းချမှတ်ထားကြပေမယ့် ဒီနှစ်ပိုင်းတွေမှာတော့ ဖုန်းတွေက လုပ်ငန်းတွေရဲ့ အဓိက ဆက်သွယ်ရေးလမ်းကြောင်းဖြစ်လာကြတယ်။ တချို့လုပ်ငန်းတွေမှာဆို Tik tokပါမဖြစ်မနေ ဆော့နေရတာလေးတွေပါ တွေ့လာရတယ်။
ခေတ်ကာလ အပြောင်းအလဲကအရမ်းမြန်ဆန်လွန်းတော့ မနည်းလိုက်ယူရမည့်ကာလကို ရောက်နေပါပြီ။ မသိတဲ့သူတွေအတွက် မသိခြင်းကြောင့်ရတဲ့ စိတ်ချမ်းသာမှုတွေ သက်သောက်သက်သာရှိနေဦးမှာပါ။ သိတဲ့သူတွေအတွက်တော့ စိတ်မောစရာတွေ၊ လေ့လာစရာတွေ၊ ပြင်ဆင်စရာတွေနဲ့ ပြည့်နှက်လို့နေပါလိမ့်မယ်။
ဒါဆိုကိုယ့်ရဲ့အသိနယ်ပယ်ကိုချဲ့ထွင်ဖို့ဆိုတာ ဘဝရပ်တည်မှုနဲ့ပါဆိုင်လာပြီဆိုတာကို နားလည်သဘောပေါက်ဖို့လိုလာပါလိမ့်မယ်။ တဆက်တည်မှာပဲ စာရေးသူတို့ဖြတ်သန်းနေတဲ့ ခေတ်ကာလမှာ ကျွမ်းကျင်မှုတစ်ခုတည်းနဲ့ မလုံလောက်တော့ဘူးဆိုတာလည်း သတိချပ်ထားဖို့လိုပါတယ်။ ကျွမ်းကျင်မှုတွေလည်းလိုအပ်မယ်၊ ပြင်ပဗဟုသုတလည်းလိုမယ်၊ ပတ်ဝန်းကျင်မှာ ကမ္ဘာကြီးမှာ ဘာတွေဖြစ်ပျက်နေတာတွေကိုပါသိဖို့လိုဦးမယ်ဆိုတော့ လုပ်စရာတွေအများကြီးစောင့်ကြိုနေမှာ မလွဲပါဘူး။
ပညာရှာမှီးတယ်၊ ပညာရှာလို့ရတဲ့ အရပ်မှာနေတယ်၊ ပညာရှာမှီးဖို့လက်တကမ်းမှာရှိနေတယ်၊ ပညာရှာလို့ရမယ့်ပတ်ဝန်းကျင်ရှိနေတယ်ဆိုတာ မင်္ဂလာတစ်ပါးပါပဲ။ ဒီလိုဆို အသိနယ်ပယ်ကို ဘယ်လိုချဲ့ထွင်မလဲ၊ ဘယ်လိုနည်းလမ်းတွေသုံးမလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။
(၁) ကျွမ်းကျင်တဲ့ သမားတွေဆီမှာ ဆည်းကပ်ခြင်း
အတွေ့အကြုံရှိပြီးသား ဆရာသမားတွေဆီကနေ ပညာဆည်းပူးတာဟာ လိုရာခရီးကိုရက်တိုတိုနဲ့အမြန်ရောက်နိုင်ပါတယ်။ ဆရာသမားတွေရဲ့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ၊ အခက်အခဲ အပြင် သူတို့ရဲ့အယူအဆ အတွေးအခေါ်တွေပါ လေ့လာလို့ရပါတယ်။
(၂) စာများများဖတ်ခြင်း
စာအုပ်တွေဆိုတာလည်း စာရေးဆရာတွေရဲ့ ဘဝအတွေ့အကြုံ၊ တတ်မြောက်တဲ့ပညာ၊ လေ့လာတွေ့ရှိချက်တွေကိုရေးထားတာဖြစ်လို့ ဖတ်မှတ်လေ့လာသင့်ပါတယ်။ စာအုပ်တွေတင်မကပါဘူး ဂျာနယ်၊ မဂ္ဂဇင်း၊ facebook၊ blog တွေကနေလည်း လေ့လာလို့ရပါတယ်။
(၃) လေ့လာတဲ့နယ်ပယ်ကို ချဲ့ထွင်ခြင်း
ဒီကိစ္စက အရမ်းအရေးကြီးပြီး လူတွေသိပ်အလေးမထားတဲ့ အရာပါ။ ဘာလဲဆိုတော့ လူတော်တော်များများဟာ သူတို့နဲ့သက်ဆိုင်တဲ့နယ်ပယ်ကျဉ်းကျဉ်းလေးကိုပဲ လေ့လာလေ့ရှိပါတယ်။ ဥပမာ၊ ဆရာဝန်တွေဟာ ဆေးစာကိုပဲလေ့လာပြီး လူမှုရေးပညာ၊ ပေါင်းသင်းဆက်ဆံရေးပညာတွေကို လျစ်လျူရှုထားတာမျိုးပေါ့။ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဘယ်လိုစီးပွားရှာရမလဲကိုလေ့လာပြီးတော့ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ မေ့နေတာမျိုးပေါ့။ ဒါကြောင့်အသိနယ်ကိုချဲ့ထွင်တဲ့အခါ နယ်ပယ်စုံကစာတွေကိုဖတ်ဖို့လိုပါတယ်။ စာရေးသူမှာ စာအုပ်ဆိုင်ကနေ စာအုပ်ဝယ်ပြီဆို စာအမျိုးအစား ၆မျိုး ၇မျိုးဝယ်လေ့ရှိပါတယ်။ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း၊ စီးပွားရေး၊ စီမံခန့်ခွဲရေး၊ စိတ်ပညာ၊ တက်ကျမ်း၊ အတ္ထုပ္ပတ္တိ၊ ကျမ်းမာရေး၊ ဘာသာရေး၊ အတွေးအမြင် စသဖြင့်ပေါ့။
(၄) ဘာသာစကားကျွမ်းကျင်ခြင်း
ဘာသာစကားလို့ပြောလို့ တခြားဘာသာစကားကိုဆိုလိုရင်းမဟုတ်ပါဘူး။ (စကားချပ် - တခြားဘာသာစကားတတ်ထားတော့ ပိုတောင်ကောင်းပါသေးတယ်)။ လူတော်တော်များများဟာ ကိုယ့်ဘာသာစကားကို အထင်သေးကြတယ်။ ကောင်းကောင်းမလေ့လာကြဘူး။ အကျိုးဆက်အနေနဲ့ ပြောဆိုဆက်ဆံရေး၊ အချင်းချင်းချိတ်ဆက်တဲ့နေရာတွေမှာ ကျွမ်းကျင်မှုအားနည်းပြီး ကိုယ့်စကားအထမမြောက်တာ၊ နားလည်မှုလွဲတာတွေ ကြုံတွေ့နိုင်ပါတယ်။ ဘာသာစကားကျွမ်းကျင်ခြင်းဟာလည်း လက်နက်တစ်ခုဖြစ်ပါတယ်။
(၅) ကျိုးကြောင်းဆက်စပ်နိုင်ခြင်း၊ ဆင်ခြင်သုံးသပ်နိုင်ခြင်း
ဒီပညာရပ်တွေကိုလည်းကျွမ်းကျင်တတ်မြောက်ထားဖို့လိုအပ်ပါတယ်။ ဘယ်အရာကဖြစ်နိုင်တယ်၊ ဘယ်အရာကမှန်တယ်၊ ဘယ်အရာကမှားတယ်ဆိုတဲ့ ကိုယ်ပိုင်တွေခေါ်နိုင်တဲ့စွမ်းရည်ဟာ ကိုယ်လေ့လာတဲ့အရာတွေအတွက် အကျိုးများပါတယ်။ အကယ်၍ဆင်ခြင်တုံတရားနဲရင် ယုံလွယ်ပြီး အစွန်းရောက်သွားတတ်ပါတယ်။ ဥပမာ၊ ယုံကြည်မှုသဒ္ဓါအားကောင်းပြီး ပညာနဲသလိုပေါ့။
(၆) လက်တလော အခင်းအကျင်းကို မျက်ခြေမပြတ်ခြင်း
ကမ္ဘာမှာရော၊ မြန်မာမှာပါဖြစ်ပျက်နေတာတွေကို နေ့စဉ်မျက်ခြေမပြတ်လေ့လာဖို့လိုအပ်ပါတယ်။ ဒီနေ့ခောတ်မှာ covid တို့၊ AI တို့ ကသက်သေပါပဲ။ နေ့စဉ်ဘာတွေဖြစ်ပျက်နေလည်း သိမှသာ ကိုယ်ကဘာတွေပြင်ဆင်မလဲ၊ ဘာတွေထပ်လေ့လာရမလဲ၊ ဘာလုပ်ရမလဲဆိုတာကို ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
(၇) ကိုယ့်ကိုယ်ကိုယ် အမြဲတိုးတက်အောင် ပြင်ဆင်ခြင်း
ကိုယ့်မှာလိုအပ်တဲ့အရာတွေဖြည့်ကျင့်ဖို့လိုပါတယ်။ ရည်မှန်းချက်ပန်းတိုင်ထားပြီး လိုအပ်တာတွေကို ဆည်းပူးလေ့လာရမယ်၊ ကျင့်ကြံအားထုတ်ရပါမယ်။ တတ်ပြီးသားအတတ်ပညာတွေကိုလည်း မမေ့ပျောက်အောင်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။
အသိနယ်ပယ်ချဲ့ထွင်ခြင်းဆိုတာ စာဖတ်ရုံနဲ့မပြီးဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ လေ့လာတယ် သင်ယူတယ် မှတ်သားတာတွေအပြင် ဆင်ခြင်သုံးသပ်ရပါမယ်၊ ဆွေးနွေးတိုင်ပင်ရမယ်၊ တချို့အရာတွေက လက်တွေ့လုပ်ဆောင်ဖို့လိုပါမယ်။ ကိုယ်သိတာ တတ်တာကို တပါးသူကိုပြန်လည်မျှဝေခြင်းကနေလည်း ကိုယ့်ရဲ့ ကျွမ်းကျင်မှုနယ်ပယ်ကိုချဲ့ထွင်လို့ရပါတယ်။
01/03/2024
အမေရိကန်နိုင်ငံဟာ ကမ္ဘာ ပေါ်မှာ...
ဘာလို့အရာရာ top ဖြစ်နေရလဲဆိုတာ
ဒီ..မူကြို ဆရာမလေးရဲ့အဖြေကိုဖတ်ကြည့်ပြီး
မအံ့ဩတော့ဘူး....... ...
... ... ... ...
အိပ်ခန်းထဲရှိ စလောင်းတီဗွီ၌
အင်တာဗျူ း တစ်ခုလာနေသည်။
၎င်း အင်တာဗျူးကို....
စိတ်ဝင်တစားနားထောင်မိခဲ့သည်။
သဘောကျ မိပါသည်။
ယင်းအင်တာဗျူ းတွင် မူကြိုကျောင်းမှ ဆရာမငယ်တစ်ဦးကို မေးမြန်းခြင်းဖြစ်သည်။
ပြထားသော နောက်ခံလှုပ်ရှားမှုတွင် ကလေးငယ်များက မြက်ခင်းပေါ်တွင် ဆော့ကစားနေကြသည်။
" ဆရာမ တာဝန်ထမ်းတာ ကြာပြီလား "
" ၃နှစ်လောက်ရှိပြီ"
" ဘာတာဝန်ယူရလဲ "
" ကလေးတွေရဲ့ စရိုက်သဘာဝကို သူတို့စရိုက် အမှန်အတိုင်း မိဘတွေသိဖို့ ၊ ကလေးတွေကိုယ်တိုင် သိဖို့ တာဝန်ကိုယူရတယ် "
" မူကြိုဆရာ အလုပ်ကိုဘာကြောင့်ရွေးချယ်ဖြစ်တာလဲ "
" နောင်တစ်ချိန်မှာ တန်ဖိုးအရှိဆုံး လူသားတွေ ဖြစ်လာမဲ့ ကလေးငယ်တွေကို အသေအချာ လေ့လာခွင့် ထိတွေ့ခွင့်ရတဲ့ အလုပ်ဆိုတာ မူကြိုဆရာ မအလုပ်ပဲ ရှိတာလေ ဒါကြောင့်မူကြိုဆရာမ. အလုပ်ကို ကျွန်မရွေးချယ်တာ "
" ဒီထက်ပိုရှင်းပြလို့ရမလား "
" ကလေးဆိုတာ ချစ်စရာကောင်းတယ် အားကိုးစရာကောင်းတယ် ကြောက်စရာကောင်းတယ်ရှင့် "
" ဘာကြောင့်လဲ "
ရိုးသားလို့. ချစ်စရာကောင်းတာလေ ။ အနာဂတ်အတွက် ပညာတတ်တွေ ပညာရှင်တွေ ဖြစ်လာမှာမို့ အားကိုးစရာလည်းကောင်းတယ် "
"ဒါဖြစ်ရင် ဘာလို့ ကြောက်စရာ ကောင်းတာလဲ "
" ဒီကလေးတွေ ယဉ်ကျေး လိမ္မာခြင်းမရှိပဲ ကြီးလာခဲ့ရင် အားလုံးအတွက်ရန်သူဖြစ်နိုင်လို့ ပဲ ...အရှေ့တိုင်းစာပေမှာ အမွေခံသားသမီးဆိုးကို ရန်သူထဲမှာ ထည့်ထားတာဖတ်ဖူးတယ်။ ဒီတော့ကလေးဆိုတာ ကျွန်မတို့ပညာရေး ပေါ်လစီမှားရင် ရန်သူဖြစ်လာနိုင်တယ် ...ဒါကြောင့် ကြောက်တာ "
" ဟုတ်တယ်နော် ..ဆက်ပြောပါဦး "
" ကျွန်မ ဒါကြောင့် ဆရာမ အလုပ်ကို နှစ်သက်တာ ရောက်စတုန်းကတော့ စိတ်ညစ်တာပေါ့ရှင် မျောက်တွေ ကျားတွေ ထိန်းနေရတဲ့အတိုင်းပဲ။တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ချစ်စရာအမူအကျင့်တွေကြောင့် ချစ်တတ်လာတယ်။ဒီလိုပဲ ကိုယ့်ရဲ့တာဝန်ကို ကိုယ်ကိုယ်တိုင် ကျေနပ်လာတဲ့အတွက် ပျော်လာတယ်။ "
"ပညာရေးရဲ့ အဓိကရည်မှန်းချက်ကဘာလဲဗျ
ခင်ဗျားနားလည်သလို ပြောပြစမ်းပါ "
"ကျွန်မ အယူအဆကိုပြောပြမယ်နော်ပညာရေးရဲ့. အဓိက ရည်မှန်းချက် ဆိုတာ ဧကရာဇ် ဘုရင်ကြီးတွေ မွေးဖွားပေးဖို့ လည်းမဟုတ်ဘူး ။ မဟာသူဌေးမင်းကြီးတွေ ပေါ်ပေါက်လာဖို့လည်းမဟုတ်ဘူး ။
မဟာပညာကျော်ကြီးတွေ ဖြစ်လာဖို့လည်း မဟုတ်ဘူး ။ ပညာရေးရဲ့. အဓိက. ရည်မှန်းချက် က တိုင်းပြည်အနေနဲ့ပြောရမယ်ဆိုရင် နိုင်ငံသူ နိုင်ငံသား ကောင်းတွေ မွေးထုတ်ပေးဖို့ပဲ။
လူတွေကိုချစ်တတ်လာအောင်သင်ပေးဖို့ပဲ။ အိမ်တစ်အိမ်အနေနဲ့ ပြောရမယ်ဆိုရင် သားကောင်းသမီးကောင်း ၊ မိသားစုကောင်း ဖြစ်အောင် သင်ပေးခြင်းက. အဃြေံပညာရေးရဲ့ ရည်မှန်းချက် ပဲ "
" ခင်ဗျားဖြေတာတော်တော်ကောင်းတာပဲ...
ဆက်ပြီးမေးခွင့်ပြုပါ။ "
" ရပါတယ် "
" လစာဘယ်လောက်ရလဲ "
" ဒီမေးခွန်းတော့ မမေးသင့်ဘူးထင်တယ် "
" ဒီလိုပါ ...ဝန်ထမ်းတစ်ယောက်ဟာ လစာလုံလောက်စွာမရရင် အကျင့်ပျက်နိုင်တယ်။ အကျင့်ပျက်ဝန်ထမ်းဆိုတာ သူ့အလိုလို ဖြစ်လာတာမဟုတ်ဘူး။ ခေတ်အခြေအနေ လစာညီမျှမှုမရှိခြင်းဟာ အကျင့်ပျက်ဝန်ထမ်းကိုမွေးဖွားပေးတတ်တယ်။ ဒါကြောင့်မေးတာပါ။ "
" လစာကလုံလောက်ပါတယ် ။ ခံစားခွင့်တွေလည်း အပြည့်အဝပေးထားတယ်လေ ။ ဒီတော့ ကျမတို့ဘက်က ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ စေတနာလည်းပါသင့်တယ် ။ ဝါသနာလည်းပါသင့်တယ်။ ကိုယ့်အလုပ်ကို
ကိုယ်တန်ဖိုးထားတတ်ဖို့ လည်းလိုတယ်။ ဒါမှ ဝန်ထမ်းကောင်းဖြစ်မှာရှင့် " ဆက်ပြီးမေးပါရစေ "
" ကောင်းပါပြီ ..မေးပါရှင် "
" ကလေးတွေဉာဏ်ရည်ဘယ်လိုနေသလဲ "
" ပြန်ပြီးမေးပါ ..မေးခွန်းကို နားမလည်လို့ပါ "
" ကလေးတွေက တော်သလား ညံ့သလား လို့ဆိုလိုတာပါ "
" ဒါဆိုရင် ရှင့်ကို မေးခွန်းတစ်ခု ပြန်မေးမယ် ...နှင်းဆီပန်းနဲ့ စပယ်ပန်း ဘယ်ပန်းကလှလဲ "
" ဘာဆိုင်လို့လဲ "
" ဖြေကြည့်ပါ "
" နှင်းဆီ ပန်းကလှတာပေါ့ "
" ကျွန်မမေးတာ နှင်းဆီ ပန်းနဲ့ စံပယ်ပန်း ဘယ်ပန်းပိုလှ သလဲလို့ မေးတာလေ "
" ဖြေပြီးပြီလေ နှင်းဆီပန်းက လှတယ်လို့ "
" ကျွန်မမေးတာ ဘယ်ပန်းကိုပိုကြိုက်သလဲ လို့ မေးတာမဟုတ်ဘူး ..ရှင်က ..ရှင်ကြိုက်တဲ့ နှင်းဆီ ပန်းကိုပဲ လှတယ်လို့ ပြောနေတယ်။ "
"ဟုတ်သားပဲ ကျုပ်ကနှင်းဆီပန်းကိုကြိုက်တာဗျ ဒါကြောင့် နှင်းဆီပန်းကို လှတယ် လို့ဖြေလိုက်မိတာပဲ "
" တကယ်တော့ နှင်းဆီပန်းလည်းလှသလို စပယ်ပန်းလည်း လှတာပါပဲရှင် ။ ကလေးတွေကို တော်သလားညံသလားဆိုတဲ့မေးခွန်းဟာ လူကြီးတွေ ဘယ်တော့မှ မမေးသင့်တဲ့ မေးခွန်းပဲ ။ သူ့အလှနဲ့သူ အားလုံး လှကြပါတယ်။ ကျမတို့လူကြီးတွေကသာ လူငယ်တွေကို တန်ဖိုးထားတတ်ကြဖို့ ပိုပြီးလိုအပ်တယ်။
ဘာပဲပြောပြော ကလေးတွေအားလုံး မညံ့ကြပါဘူး ။ သူတို့မှာ ကျွန်မတို့နဲ့ မတူတဲ့ စိတ်ကူးစိတ်သန်းတွေ ရှိတယ်။ လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းဟာ တိုင်းပြည်တစ်ပြည်ရဲ့ သယံဇာတ တစ်ခုပါပဲရှင့်။
အဲဒီစိတ်ကူး စတ်သန်းတွေကို ဖျက်ဆီးမပစ်ဖို့ဘဲလိုတယ်။လူငယ်တွေရဲ့အိမ်မက်တွေကို တည်ဆောက်ပေးခြင်းဟာ နိုင်ငံတစ်ခုရဲ့တာဝန်ပဲရှင့် "
" ခင် ဗျားက ဆရာမလုပ်သက် အနည်းငယ်သာရှိပေမယ့် မေး ခွန်းတွေရဲ့ အဖြေကို စနစ်တကျပြောတတ်တယ်နော် "
" စာဖတ်လို့ပါ "
"ဘာစာတွေဖတ်လဲ "
" အစုံ ဖတ်တယ် အားရင် ကျွန်မစာဖတ်တယ် "
" ဒါနဲ့.မေးရအုံးမယ် အိုဘားမားကို နှစ်သက်လား "
" နှစ်သက်ခဲ့ပါတယ် "
" နောက်တစ်ကြိမ်အတွက် ထပ်ပြီးနှစ်သက်နိုင်ပါ ဦးမလား "
" ဒါကတော့ မပြောနိုင်ဘူးရှင့် သူ့အပြောနဲ့ သူ့အလုပ်ကို စောင့်ကြည့်ရမှာပဲ အပြောနဲ့ အလုပ်ညီရင်တော့ တစ်မျိုးပေါ့ အပြောတခြား အလုပ်တခြားဆိုရင်တော့လည်းတစ်မျိုးပေါ့လေ "
" သမ္မတ ကြီးနဲ့ ခင်ဗျားနဲ့ ဘယ်သူက တိုင်းပြည်အတွက်ပိုအရေးကြီးသလဲ "
"တိုင်းပြည်အတွက်ဆိုရင်တော့ သူရော၊ ကျွန်မရော ၊ ရှင်ရော ဒီနိုင်ငံမှာရှိတဲ့လူတွေအားလုံး အတူတူပဲ အရေးကြီးတယ။် ရှင့်မေးခွန်းက တစ်ခုခုလိုနေသလိုပဲ ။
ဒီနိုင်ငံမှာနေ ဒီမြေ ၊ ဒီရေ ၊ ဒီလေ နဲ့အသက်ရှင်ကြသူအချင်းချင်း အားလုံးအတွက် ...အားလုံး အရေးကြီးတယ်...အားလုံးအရေးပါတယ်။ အားလုံးကောင်းမှ အားလုံးကောင်းမယ် ။ တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့ ကောင်းရုံနဲ့အားလုံးမကောင်းနိုင်ပါဘူး "
" all rightsကောင်းလိုက်တဲ့အဖြေဗျာ နောက်ဆုံးမေးခွန်းတစ်ခုမေးပါရစေ "
" သမ္မတ ကြီးနဲ့ ခင်ဗျား တိုင်းပြည်အတွက် ဘယ်သူက ပိုပြီးတာဝန်ရှိသလဲ "
" ဒါကလည်းရှင်းရှင်းလေးပါ ကျွန်မက ပိုပြီးတာဝန်ရှိတာပေါ့ "
" ဘာကြောင့်လဲဗျ ခင်ဗျားအဖြေက တစ်မျိုးကြီးပါလား "
" ဟုတ်တယ်ရှင့်...သမ္မတ တို့ ဝန်ကြီးချုပ်တို့အမတ်တို့ဆိုတာ ပါတီနောက်ခံတစ်ခုနဲ့ ရွေးချယ်ခံရပြီး တာဝန်အပ်နှင်းခံရတဲ့သူတွေလေ ..၄..နှစ်သက်တမ်းအတွင်းမှာကို တာဝန်ကရပ်စဲခြင်းခံရနိုင်တာပဲ ။ နောက်ထပ် ၄..နှစ်ဆိုတာ ဘာမှမသေချာဘူးလေ။ ကျွန်မတို့က နိုင်ငံဝန်ထမ်းတွေရှင့်။ပင်စင်မယူမချင်းအလုပ်လုပ်ကြရမှာ ..တိုင်းပြည်အတွက် ကျမတို့ ဝန်ထမ်းတွေက ပိုပြီးတာဝန်ရှိတာပေါ့ရှင်...ဝန်ထမ်းကောင်းမှ
တိုင်းပြည်ကောင်းမှာရှင့် "
" ကျေးဇူးတင်ပါတယ် ..ခင်ဗျားအဖြေကိုသဘောကျပါတယ် "
" ကျွန်မလည်း ဖြေဆိုခွင့်ရလို့ ကျေးဇူးတင်ပါတယ် "
.................အနှစ်ချုပ်ကြည့်ရင်ဖြင့် တစ်ခါတစ်ရံ တွင် လူတို့သည် ကိုယ့်တန်ဖိုးကိုကိုယ်မသိကြပေ။
ကိုယ့်နေရာကိုယ် တန်ဖိုးမထားကြ ၊ ကိုယ့်တာဝန်ကိုယ် မသိကြပါ။
Crd # Org Writer
#တာဇဲ
😁😁
မျှဝေသည်။
25/01/2024
ဘဝမှာ လူတိုင်းဟာအမှားနဲ့မကင်းကြပါဘူး မိမိမှားနေတာကိုထောက်ပြပြောဆိုခံရရင်စိတ်မဆိုးပါနဲ့ ကျေးဇူးတင်ပါ ဒါဟာမိတ်ဆွေအစစ်ပဲ
16/01/2024
"ကျွန်တော့်မိသားစုတစ်ခုလုံးက ၀က်စ်ဟမ်းပရိသတ်တွေပါပဲ။ ကျွန်တော်မှတ်မိနေသေးတယ်။ ၀က်စ်ဟမ်းနဲ့ချယ်လ်ဆီးပွဲမှာ ကျွန်တော်ဂိုးသွင်းလိုက်တော့ ကျွန်တော့် အဖေနဲ့ဦးလေးက ပရိသတ်ထဲကနေ လက်တွေထောင်ပြပြီး လှမ်းဆဲနေခဲ့ကြတာ"😂😂😂(ဂျွန်တယ်ရီ)
ဒီဥပမာလိုပါပဲ တစ်ခါတလေကျွန်တော်တို့ဘဝမှာလည်း မိမိရဲ့ဘဝတိုးတက်ရေး၊ဝါသနာ စသဖြင့်လမ်းကြောင်းတွေမှာ မိဘ၊ဆွေမျိုး၊သူငယ်ချင်း၊ချစ်သူရည်စား စသဖြင့် ပိတ်ပင်တားစီးတာ ခွင့်မပြုတာတွေဖြစ်လာနိုင်ပါတယ် ၊မိမိတိုးတက်ရာလမ်းကြောင်းအမှန်ပေါ် ရဲရဲဝင့်ဝင့်လျှောက်နိုင်ဖို့လိုပါတယ်၊အောင်မ်ြငအောင်ကြိုးစားဖို့လိုပါတယ် ၊အောင်မြင်ဖို့ကြိုးစားနေတဲ့သူတွေအတွက်လည်း အတိုက်အခိုက်အထစ်အငေါ့တွေရှိစမြဲဖြစ်ပါတယ်