19/10/2025
မဟာစည်ဆရာတော်အပေါ်_
ပိဋကတ်တတ်အကျော်
ဆရာတော်တို့၏အမြင်
⚡️
ဆဋ္ဌသင်္ဂါယနာမဟာဓမ္မသဘင်တွင် သဘာပတိဖြစ်တော်မူသော အဘိဓဇမဟာရဋ္ဌဂုရု မန္တလေးမစိုးရိမ်ဆရာတော်ဘုရားကြီး (ဘဒ္ဒန္တ သူရိယာဘိဝံသ)က မဟာစည်ဆရာတော်ဘုရားကြီးအား ချီးကျူးတော်မူကြောင်းကို မစိုးရိမ်ထေရုပ္ပတ္တိကထာ၌ အောက်ပါအတိုင်း ဖော်ပြ ထားသည်။
“မဟာစည်ဆရာတော်ဟာ တို့များထက် ဉာဏ်သာတယ်၊ တို့များမမြင်တဲ့ စာမှား ပေမှားများကို မြင်အောင် ကြည့်နိုင်တယ်၊ အရှင်အနုရုဒ္ဓါတို့, ဋီကာကျော်ဆရာတို့, အခြားကျမ်းပြုဆရာတို့မမြင်တဲ့ အမှား များကိုတောင် မြင်အောင်ကြည့်နိုင်တယ်၊"
" သင်္ဂြိုဟ်ကမ္မဋ္ဌာန်းပိုင်း ဒိဋ္ဌိဝိသုဒ္ဓိအခန်းမှာ နာမ်ရုပ် တို့ကို လက္ခဏ, ရသ,ပစ္စုပဋ္ဌာန်,ပဒဋ္ဌာန်ဖြင့် ပိုင်းခြား သိရမည်ဆိုရာ ပဒဋ္ဌာန်ကို ဒိဋ္ဌိဝိသုဒ္ဓိအခန်းမှာ မဆိုသင့်သေးဘဲ ကင်္ခါဝိတရဏဝိသုဒ္ဓိအခန်းမှာမှ ဆိုသင့်ကြောင်း ဆဋ္ဌသင်္ဂါယနာတင်စဉ်က မဟာစည်ဆရာတော်က ထောက်ပြနိုင်ခဲ့တယ်။"
"ဒီကရှေ့ မဟာစည်ဆရာတော်ထက် သာသူကို မပြောနဲ့၊ တန်းတူပုဂ္ဂိုလ်တောင် တွေ့ရဖို့ မလွယ်ဘူး၊ မဟာစည်ဆရာတော်ရဲ့ စွမ်းရည်သတ္တိကိုသိလို့လည်း ဒီ 'ဝိသုဒ္ဓိမဂ်မဟာဋီကာ'ကို နိဿယပြုစုဖို့ တို့များက တိုက်တွန်းရတယ်။" (ထေရုပ္ပတ္တိ။ ၁၃၃။)
ထို့ပြင်ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ အဘိဓဇဟာရဋ္ဌဂုရု ဝိသုဒ္ဓါရုံ ပိုက်ကျုံးဆရာတော်ဘုရားကြီးကလည်း မဟာစည်ဆရာတော်၏ ဉာဏ်ရည်ဉာဏ်စ အစွမ်းသတ္တိ များကို ငယ်ငယ်ကပင်သိတော်မူခဲ့သဖြင့် “မဟာစည်ဆရာတော်ဟာ ယခုခေတ် ကျော်ကြားထင်ရှား လူသိများနေတဲ့ ဆရာတော်များထက်ပင် သာလွန်တယ်” ဟူ၍ စာရေးသူအား မိန့်ကြားတော်မူခဲ့သည်။
စစ်ကိုင်းတောင်ရိုး၌ ဒေသစာရီလှည့်လည်ပြီး ပြန်ကြွလာသော ဘုန်းတော်ကြီးတစ်ပါးက စစ်ကိုင်းမှာ သတင်းတစ်ခုကြားခဲ့ကြောင်း၊ ယင်းသတင်းမှာ ဟုတ်မှန်ဖွယ်ရှိ၍ အားရကြည်ညိုဖွယ်လည်း ကောင်းကြောင်း စကားချီကာ-
"ဆဋ္ဌသင်္ဂါယနာခေတ်မှ ဤဘက်၌ မြန် မာပြည်မှာ စာအတတ်ဆုံး ဆရာတော်-(၃)ပါးရှိတယ်၊ ယင်း၃-ပါး တွင် မဟာစည်ဆရာတော်က ထိပ်ဆုံးမှပါဝင်နေတယ်” ဟူ၍ မိန့်ကြားသည်ကိုလည်း ကြားခဲ့ရဖူးပေသည်။
ဤမျှဖြင့် ကျေးဇူးတော်ရှင် သာသနာ့ရိပ်သာ မဟာစည် ဆရာတော်ဘုရားကြီး၏ “ထူးမြတ်ထင်ပေါ် ဘက်စုံတော် ဆရာတော်” အဖြစ် သိသာထင်ရှားလောက်ပေပြီ။
ဤသို့ ထူးလည်းထူး မြတ်လည်းမြတ်၍ မြန်မာ နိုင်ငံနှင့်တကွ ကမ္ဘာအရပ်ရပ်တို့၌ နှံ့စပ်ကျော်ကြား ထင်ရှားတော်မူသော သာသနာ့ရိပ်သာ မဟာစည်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိနှင့်တကွ မဟာစည်ပဋိ ပတ္တိသာသနာဝင်ကျမ်းကြီး ၁၃၃၆-ခုနှစ်က ထွက်ပေါ်လာရာ မိမိလက်သို့ကား မရောက်သေးပေ၊ ဝက်လက် မြို့၊ မစိုးရိမ်ဆရာတော် ဦးတိဿအရှင်မြတ် အဘယာရာမ ရွှေဂူကျောင်းတိုက်၊ သာသနောဒယကျောင်းသို့ ကြွရောက်လာပြီး မဟာစည်ဆရာတော် ဘုရားကြီး ထေရုပ္ပတ္တိရေးသားပေးရန် ဆရာတော်အရှင် သီလာနန္ဒာဘိဝံသအား မေတ္တာရပ်ခံသည်။
ထိုစဉ်အခါ အနီးအပါးတွင် မိမိလည်းရှိနေသည်။
သာသနာဝင်ကျမ်းကြီးထွက်ပေါ်လာပြီးနောက် ကာလ အတန်ကြာသည့် တစ်ခုသောနံနက်ခင်းတွင် သာသနောဒယကျောင်းသို့ရောက်၍ စာအုပ်စင်မှ စာအုပ်ကြီးကိုယူကာ မဟာစည်ထေရုပ္ပတ္တိကို ဖတ်နေမိသည်။
ထိုအခါအပြင်မှ ပြန်ကြွလာသော ဆရာတော် အရှင်သီလာနန္ဒာဘိဝံသက မိမိအား “ဦးပဉ္ဇင်း ဘာစာတွေဖတ်နေတာလဲ”ဟု မေးတော်မူရာ မိမိက “ကိုယ့် ဆရာသမားရေးတဲ့ မဟာစည်ထေရုပ္ပတ္တိကို ဖတ်နေ
တာပါဘုရား”ဟု လျှောက်သည်။
ဆရာတော်က “ဦးပဉ္ဇင်းတို့ကတော့ မဟာစည် ထေရုပ္ပတ္တိကို ဦးသီလာနန္ဒကရေးတယ်၊ ဒါလောက်ပဲ သိမှာပဲနော်”ဟု အမိန့်ရှိရာ မိမိက “ဒါလောက်ပဲ သိတာပေါ့ဘုရား၊ ဘာကိုသိရဦးမှာလဲ”ဟု လျှောက်သည်။
" ဆရာတော်ဘုရားကြီး ကြိုးပမ်း အားထုတ်နေတဲ့ ရဟန်းကိစ္စပြီးပါပြီလား" လို့ ထေရုပ္ပတ္တိ ကျမ်းကိုရေးပြီး ဦးသီလာနန္ဒက မေးလိုက်တာ” ဟု ဆရာတော်ကမိန့်သည်။
ဤတွင် “ဘုန်းကြီး ဘယ်လိုဖြေသလဲဘုရား”ဟု လျှောက်ရာ “ပြီးပြီလို့ ဝန်ခံတယ်”ဟု ဆရာတော် ဦးသီလာနန္ဒကမိန့်သည်။
ဆက်လက်၍ မိမိက “ဘာကိုထောက်ပြီးဒီလို ဝန်ခံတယ်လို့ ပြောနိုင်ပါလဲဘုရား”ဟု မေးကြည့်ရာ ထေရုပ္ပတ္တိထဲမှာ “အညာ ဗျာကရဏလော”ဆိုတဲ့ ခေါင်းစီးနဲ့ရေးထားတဲ့ အချို့ စကားပိုဒ်တွေကို ရဟန်းကိစ္စမပြီး သေးရင်ဖျက်ပစ်ရမှာ၊ ဆရာတော်ကြီးက ဖျက်မပစ်ဘူး၊ ဒါဟာ ဝန်ခံခြင်းပဲ” ဟု ထေရုပ္ပတ္တိရေး ဆရာတော်က အမိန့်ရှိသည်။
“ဒီလိုမဖျက်တာနဲ့ ဝန်ခံတယ်လို့ ပြောနိုင်ပါမည်လားဘုရား”ဟု မေးမြန်းရာ ဆရာတော်က “ဦးပဉ္စင်း မဟာစည်ဆရာတော်ဟာ အရာရာမှာအကင်းပါးတယ်” ဟု အမိန့်ရှိလေသည်။
⚡️
ကျမ်းညွှန်း။ ။
ဆဋ္ဌသင်္ဂါယနာနှင့်
ထူးမြတ်ထင်ပေါ်
ဘက်စုံတော်ဆရာတော်၊ စာမျက်နှာ~ ၈၉/၉၄၊
အရှင်အဂ္ဂဉာနာဘိဝံသ(စည်ရှင်ဆရာတော်)