Alin young

Alin young

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Alin young, Education, Woodlands.

Photos 10/11/2016

ခေါင်းဆောင်ကောင်းဖြစ်ချင်သူများအတွက်
---------------------------------------------------------

လူတွေရဲ့ စိတ်ခံစားမှုကို သိနားလည်တာဟာ ခေါင်းဆောင်တွေအတွက် မရှိမဖြစ် အရည်အချင်းတစ်ခုပါ။ ပါတ်ဝန်းကျင်နဲ့ ကိုယ့်ဘာသာ လိုက်လျောညီထွေနေတတ်ဖို့ဟာ ခေါင်းဆောင်ဖို့အတွက် လိုအပ်ပါတယ်။ စိတ်ခံစားမှု၊ စိတ်ဖိစီးမှုတွေကို သိရှိနားလည်ပြီး ကိုယ်ပြောလိုက်တဲ့စကားဟာ တခြားသူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲဆိုတာ သိရှိတာကို စိတ်ခံစားမှုနားလည်ခြင်းလို့ ခေါ်ပါတယ်။ စိတ်ခံစားမှုတွေဟာ အသင်းတစ်သင်းကို ခေါင်းဆောင်နိုင်မှုအပေါ်မှာ အများကြီး အကျိုးသက်ရောက်စေပါတယ်။ လူတော်တော်များများက စိတ်ခံစားချက်တွေကို လျှို့ဝှက်ထားတတ်နိုင်ကြပေမယ့် အမြစ်ပြတ်တော့ မရှင်းနိုင်ပါဘူး။

စိတ်ခံစားမှုကို နားလည်အောင် ကိုယ့်ဘာသာ လေ့ကျင့်ယူနိုင်ပါတယ်။ စိတ်ခံစားမှုကို နားမလည်တဲ့ ခေါင်းဆောင်ဟာ သူ့လူတွေ ဘာတွေလိုအပ်လဲဆိုတာ မသိပါဘူး။ မစဉ်းစားပဲ စိတ်ခံစားချက်အတိုင်းလိုက်လုပ်နေရင် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။ အောင်မြင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာချင်ရင် သင့်မှာ အောက်ပါအချက်တွေထဲက ဘယ်နှချက်ရှိလဲဆိုတာ ဆန်းစစ်ကြည့်ပါ။

၁. ကိုယ့်ကိုယ်ကိုယ် အကဲဖြတ်တတ်ခြင်း

အကဲဖြတ်တတ်တယ်ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေ၊ အားနည်းချက် အားသာချက်တွေကို နားလည်ပြီးတော့ အဲဒါတွေက အလုပ်အပေါ်မှာ ဘာအကျိုးသက်ရောက်လဲဆိုတာ သိတဲ့ စွမ်းရည်ပါ။ ကိုယ့်ကိုယ့်ကိုယ် အကဲမဖြတ်နိုင်ပဲနဲ့ သင် ဘာကောင်လဲ၊ ဘာတွေ စွမ်းဆောင်နိုင်လဲဆိုတာ သိမလာနိုင်ပါဘူး။ သင့်စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် အကဲဖြတ်နိုင်ရပါမယ်။ အဲလိုဆိုရင် သင့်အလုပ်စွမ်းရည်ဟာ တစ်နေ့ထက်တစ်နေ့ တိုးတိုးလာမှာပါ။

၂. ကိုယ့်ဘာသာ ထိန်းကျောင်းခြင်း

ဟုတ်ကဲ့။ စည်းကမ်းကိုပဲ ပြောတာပါ။ ကိုယ်တွေရဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေကို ကောင်းတဲ့ဘက် ပြောင်းသွားအောင်၊ အပြင်ထွက်မလာအောင် ကိုယ့်ဘာသာ စည်းကမ်းရှိရှိ ထိန်းကျောင်းထားနိုင်မှ သင့်လူတွေကို ခေါင်းဆောင်နိုင်မှာပါ။ ခေါင်းဆောင်ဆိုတာ အချိန်တိုင်း အေးဆေးငြိမ်သက် နေရပါမယ်။ စိတ်ညစ်နေဖို့ အချိန်မရှိပါဘူး။ အဲဒါမှ သင့်လူတွေနဲ့ ကောင်းကောင်းပြောဆို ဆွေးနွေးနိုင်မှာပါ။

၃. ကိုယ်ချင်းစာနာတတ်ပါ

တခြားသူတစ်ယောက်ရဲ့ နေရာကနေ ဝင်ကြည့်ပါ။ သူတို့ ဘယ်လိုခံစားနေရမလဲဆိုတာ တွေးကြည့်ပါ။ တခြားသူတစ်ယောက်ရဲ့ နေရာက ဝင်ကြည့်နိုင်ရင် အဲ့ဒိလူကို ကိုယ်ချင်းစာတတ်လာပါမယ်။ သူတို့ကို အကူအညီ ပေးနိုင်လာပါမယ်။ လူတစ်ယောက်အကြောင်းများများသိလေ ကိုယ်ချင်းစာနိုင်လေပါပဲ။

၎. ဘဝနဲ့ အလုပ်ကို စီမံခန့်ခွဲတတ်ပါ

သင် စိတ်ညစ်နေရင် တခြားသူတွေကို နားလည်မပေးနိုင်ပါဘူး။ ကျွန်တော်တို့အားလုံးမှာ မိသားစုတွေ ရှိကြတယ်။ ရှုပ်ရှက်ခတ်နေတဲ့ အလုပ်တွေလဲ ရှိကြတယ်။ အဲလိုအခြေအနေကြားထဲကိုမှ ဘဝနဲ့ အလုပ်ကို နှစ်ဘက်လုံးကျေနပ်ရအောင် စီမံခန့်ခွဲနိုင်တာဟာ ခေါင်းဆောင်ကောင်းရဲ့ အကျင့်ပါပဲ။ အဲဒိအရည်အချင်းရှိမှ အသင်းတစ်သင်းကို အောင်အောင်မြင်မြင် ခေါင်းဆောင်နိုင်မှာပါ။

၅. အကျိုးရှိအောင် ဆက်သွယ်ပါ

တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်နိုင်ခြင်းဟာ Team Work တွေရဲ့ အဓိကအချက်ပါပဲ။ နားလည်မှုလွဲတာတွေနဲ့ အဆက်အသွယ်ပြတ်တာတွေက လူတွေကြားထဲ ပြသနာတွေကို စပေးလိုက်တာပါပဲ။ အလုပ်တစ်ခုမှာ ဘာလုပ်ရမှန်းမသိတာဟာ ဝန်ထမ်းတွေကြားမှာ စိတ်ပျက်ခြင်း၊ စိတ်ညစ်ခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဆက်သွယ်မှုကောင်းရင်တော့ အခက်အခဲမရှိပဲ အလုပ်မြန်မြန် ပြီးဆုံးစေမှာပါ။ ဝန်ထမ်းတွေဟာ သူတို့ဟာ ကုမ္ပဏီအတွက် ဘယ်လောက်အရေးပါလဲဆိုတာ သိကြရင် ကိုယ့်ဘာသာ တန်ဖိုးထား၊ တာဝန်ယူလာတတ်ကြပါတယ်။ ဆက်သွယ်မှုကောင်းတာဟာ ဝန်ထမ်းတွေကို မြန်မြန်ဆန်ဆန်ညီညီမျှမျှ တန်ဖိုးထားတတ်လာစေပါတယ်။

လူတွေရဲ့ စိတ်သဘောထားတွေကို သိနားလည်ခြင်းဟာ ရည်မှန်းချက်တွေကို ရောက်ဖို့၊ အလုပ်ထဲမှာ ဆက်ဆံရေးကောင်းမွန်ဖို့၊ ပျော်ရွှင်စရာကောင်းပြီး အလုပ်ဖြစ်တဲ့ စုပေါင်းညီညာတဲ့ လုပ်ငန်းတစ်ခုဖြစ်ထွန်းဖို့ အကောင်းဆုံးနဲ့ မရှိမဖြစ် လက်နက်ပါပဲ။

Gentleman Magazine 🄶🄼

Photos 10/11/2016

မပြောခင်မှာ စဉ်းစားပါ။

သူတို့ပြောတဲ့စကားရဲ့ အကျိုးဆက်ကိုမသိပဲ ပြောချင်ရာပြောတတ်သူတွေကို သင်တွေ့ဖူးပါသလား။ တစ်ယောက်ယောက်ရဲ့ အပြော ဒါမှမဟုတ် လုပ်ရပ်ကို ချက်ချင်းတုံ့ပြန်ပြီး စွပ်စွဲချက်တွေနဲ့ တိုက်ခိုက်တတ်သူတွေကိုရော ကြုံဖူးပါသလား။ ဒီလိုအပြောမတတ်တာတွေက လူမှုဆက်ဆံရေးကို ထိခိုက်စေနိုင်သလို စီးပွားရေးကိစ္စတွေမှာဆိုရင်လည်း အလုပ်အကိုင်အပေါ်မှာ မကောင်းတဲ့အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

ဒီလိုအပြောမတတ်တာမျိုးကို အခြားသူတွေဆီမှာ သင်တွေ့ဖူးသလို သင်ကိုယ်တိုင်လည်း ဖြစ်နေနိုင်ပါတယ်။ အလုပ်မှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေကြားပဲဖြစ်ဖြစ် လူအများစုဟာ သူတို့စိတ်ထဲရှိတာတွေကို မစဉ်းစားမဆင်ခြင်ပဲ ပြောလေ့ရှိကြပါတယ်။ ဒီလို မျက်နှာလွှဲခဲပစ် ပြောချင်ရာပြောတတ်သူတွေ အများကြီးရှိပါတယ်။ စကားကို မဆင်မခြင်ပြောတဲ့အတွက် တဖက်သားကို ထိခိုက်စေပြီးမှ သူတို့ပြောမိလိုက်တာတွေအတွက် ပြန်နောင်တရ ၀မ်းနည်းသွားတတ်ကြပါတယ်။ ဒါပေမယ့် ကြမ်းကျွံရင်နှုတ်လို့ရ စကားကျွံ့ရင်နှုတ်လိုမရဆိုတဲ့အတိုင်း ကျွံ့ပြီးသားစကားအတွက် အဖတ်ဆယ်ဖို့ ခက်ခဲပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေအတွက် စကားအပြောအဆိုက ဘယ်လောက်အထိ အရေးကြီးပါသလဲ ? စီးပွားရေး ခေါင်းဆောင်တွေအတွက် သူတို့ပြောတဲ့စကားတွေက အောင်မြင်မှု၊ ရှုံးနိမ့်မှုကို ကွာခြားသွားစေနိုင်တာကြောင့် သေချာစဉ်းစားပြောဆိုသင့်ပါတယ်။ ဟုတ်ပါတယ်။ စကားလုံးကို ဂရုတစိုက်မရွေးချယ်တတ်တဲ့ ခေါင်းဆောင် တစ်ချို့လည်း အောင်မြင်ကောင်း အောင်မြင်ပါလိမ့်မယ်။ ဒါပေမယ့် စစ်မှန်တဲ့ခေါင်းဆောင်ကောင်းတွေတိုင်းက စကားပြောကောင်းသူတွေပဲ ဖြစ်ပါတယ်။

(စကားပြောကောင်းသူဖြစ်ဖို့
http://mmgentleman.com/2015/11/06/4-2/ )

၁၉၆၀ ခုနှစ် ဇန်န၀ါရီလ (၂၀)ရက်နေ့မှာ အမေရိကန်သမ္မတ John F.Kennedy ပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်။ “အမေရိကန်နိုင်ငံသားအပေါင်းတို့၊ သင်တို့အတွက် နိုင်ငံက ဘာလုပ်ပေးနိုင်လဲဆိုတာကို မမေးပါနဲ့၊ သင့်နိုင်ငံအတွက် သင်ဘာလုပ်ပေးနိုင်မလဲဆိုတာကိုသာ မေးပါ”ဆိုတဲ့ သူ့ရဲ့စကားက နာမည်ကျော်လူကြိုက်များခဲ့ပါတယ်။

ကျွန်တော်တို့ပြောတဲ့စကားလုံးတိုင်းမှာ စိတ်ခံစားမှုတွေပါဝင်နေတတ်သလို ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ မန်နေဂျာတစ်ယောက် ဒါမှမဟုတ် အလုပ်ရှင်တစ်ယောက်ရဲ့ စကားတစ်ခွန်းက အစပထမမှာ ဘယ်လို အကျိုးအကြောင်း ဆီလျော်မှုမရှိသလို ထင်ရပါတယ်။ ဒါပေမယ့် ဒီလို ဘယ်တော့မှမထင်လိုက်ပါနဲ့။ စကားလုံးတိုင်းမှာ စွမ်းအားရှိပါတယ်။ စကားလုံးတွေက စိတ်အားတက်ကြွမှုကိုပေးစွမ်းနိုင်သလို စိတ်ဓာတ်ကျဆင်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။

စကားလုံးတွေက အခြားသူတွေကို လွှမ်းမိုးနိုင်ပြီး လုပ်ငန်းခွင်နဲ့ အပြင်လောကမှာ ဆက်ဆံရေးတွေ တည်ဆောက်ပေးနိုင်သလို ဖျက်စီးပစ်နိုင်ပါတယ်။ စကားအပြောအဆိုကြောင့် အကောင်းအဆိုး နှစ်ဖက်စလုံးကို အကြီးအကျယ်ပြောင်းလဲသွားစေနိုင်ပါတယ်။

အေဒီ ၁၆၁ ကနေ ၁၈၀ အထိ စိုးစံခဲ့တဲ့ ရိုမန်အင်ပါရာအရှင်၊ အတွေးအခေါ်ပညာရှင် Marcul Aurelius က ဘ၀မှာ ဘယ်ကိစ္စကိုမဆို နောက်ဆုံးလုပ်ရသလို လုပ်ဆောင်ပါ လို့ ပြောခဲ့ဖူးပါတယ်။ ဒီလိုပါပဲ။ သင့်စကားပြောမယ်ဆိုရင်လည်း နောက်ဆုံးစကားတွေကို ပြောသလို စကားလုံးတိုင်းကို သေချာပြောဖို့ လိုပါတယ်။ တစ်ခါတစ်လေကျတော့လည်း ဘာမှမပြောတာက ပိုကောင်းပါတယ်။ ဒါ့ကြောင့် ကောင်းတာတစ်ခုခု မပြောနိုင်ဘူးဆိုရင် ဘာမှမပြောတာ အကောင်းဆုံးဖြစ်ပါတယ်။

(အသက်သုံးဆယ်မတိုင်ခင် ကျူးလွန်ထားသင့်သည့်အမှားများ
http://mmgentleman.com/2015/11/02/m-3/ )

အမေရိကန်တိုင်းပြုပြည်ပြုပုဂ္ဂိုဟ်ကြီး Benjamin Franklin ကလည်း မှန်ကန်တဲ့နေရာမှာ မှန်ကန်တဲ့စကားပြောတတ်ဖို့ထက် မလိုလားအပ်တဲ့စကားတွေကို မပြောတတ်ဖို့က ပိုခက်ခဲတယ်လို့ ပြောခဲ့ဖူးပါတယ်။ သင်ပြောတဲ့စကားလုံးတိုင်းက အရာအားလုံးကို ပြီးမြောက်အောင်မြင်စေနိုင်သလို၊ အရာအားလုံး ဆုံးရှုံးသွားစေနိုင်တဲ့အတွက် ဂရုတစိုက်ရွေးချယ်တတ်ဖို့ လိုပါတယ်။ မကောင်းတဲ့ စကားတစ်ခွန်းက လူတစ်ယောက်ရဲ့ တစ်နေ့တာကို ဖျက်စီးပျက်နိုင်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အပြုသဘောဆောင်တဲ့ အားပေးစကားတစ်ခွန်းက လူတွေကို ကျေနပ်ပျော်ရွှင်စေနိုင်ပါတယ်။

အသံနေအသံထား၊ အမူအယာ စတဲ့ သင့်စကားပြောတဲ့ပုံစံက သင်ဘယ်လိုလူမျိုးလဲဆိုတာကို ထင်ဟပ်နေပြီး သင်ပတ်ဝန်းကျင်က အရာအားလုံးအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ စကားအပြောအဆိုက သင့်ရဲ့အလုပ်မှာရော၊ လူမှုရေးဘ၀မှာပါ သင်ရဲ့အောင်မြင်မှုကို ဆောင်ကျဉ်းပေးနိုင်သလို ရှုံးနိမ့်မှုတွေကို ပေးဖို့လည်း အဆင်သင့်ပါပဲ။ ဒါ့ကြောင့် ဘာစကားပဲဖြစ်ဖြစ် မပြောခင်မှာ စဉ်းစားပါ။ ကွဲပြားခြားနားမှုကို တွေ့ရပါလိမ့်မယ်။

Gentleman Magazine 🄶🄼

Photos 09/11/2016

" လူတစ်ယောက်၏ တန်ဖိုး "
+++++++++++++++++++

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည်
ချောင်ကျသော ရွာတစ်ရွာသို့ သွားရောက်လည်ပတ်ခဲ့သည်။
ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက်
လည်ပတ်ခဲ့သည်။
လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား…
" ခင်ဗျား သင်္ချာဗေဒတတ်သလား "
" ကျွန်တော် မတတ်ပါဘူး " " ရူပဗေဒ တတ်သလား "
" အဲဒါလဲ မတတ်ပါဘူး "
" ဒါဆိုရင် ခင်ဗျား ကွန်ပြူတာ သုံးတတ်လား "
" စိတ်မကောင်းပါဘူး… အဲဒါလဲ ကျွန်တော်မတတ်ပါဘူး " ဆရာမှာ ခေါင်းခါပြီး
" သင်္ချာမတတ်ရင် လူ့ဘဝရဲ့ ၆ပုံ ၂ပုံကိုခင်ဗျား ဆုံးရှုံးမယ် "
" ရူပဗေဒမတတ်ရင် လူ့ဘဝရဲ့ ၆ပုံ ၁ပုံကို ဆုံးရှုံးမယ် "
" ကွန်ပြူတာမတတ်ရင် လူ့ဘဝရဲ့ ၆ပုံ ၁ပုံ ဆုံးရှုံးမယ် "..
" ခင်ဗျားရဲ့ ဘဝ၆ပုံ ၄ပုံ ဆုံးရှုံးသွားပြီ "
ထိုခဏအတွင်း ရာသီဥတုပြောင်းပြီး ကောင်ကင်းတွင်
တိမ်ညိုများ တတ်လာသည်။
မကြာပြီ မိုးသက်လေပြင်း ကျရောက်တော့မည်။
ထိုအခါ လှေသမားက ဆရာအား
" ခင်ဗျား ရေကူးတတ်သလား " ဟုမေးလိုက်သည်။ ဆရာက ခဏမျှဆွံ့အပြီး
" ကျွန်တော် မကူးတတ်ဘူး တစ်ခါမှ မသင်ဖူးဘူး " ဟုဖြေလေသည်။
လှေသမားမှာ ခေါင်းကိုအသွင်သွင်ရမ်းပြီး....
" ဒါဆိုရင် ခင်ဗျားရဲ့ ဘဝ၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ် " ဟု ပြန်ဖြေခဲ့သည်။
လူတစ်ယောက်ဟာ ကိုယ့်ရဲ့အဆင့်အတန်း
ကိုယ့်ရဲ့စံချိန်နဲ့ အခြားလူတစ်ယောက်သွားတိုင်းတာလို့
မရပါဘူး။ ပုံပြင်ထဲက
ဆရာဟာ ပညာရှင်တစ်ဦးပါ။ သူ့ဘဝမှာ သင်္ချာ၊ ရူပ၊ ကွန်ပြူတာပညာတွေသာ အရေးကြီးတယ်လို့ ထင်နေသူပါ။
ဒီပညာတွေမတတ်ရင် လူ့ဘဝဟာအဓိပ္ပါယ်မဲ့ ပြီလို့ ထင်နေသူပါ။
ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။ လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာမတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက သူ့အတွက် " ရှင်သန် " ဖို့ အားအင်တွေရှိ နေဖို့ပါပဲ။ ဒါပေမယ့် အရေးကြုံလာတဲ့ အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှအသုံးမဝင်ခဲ့ဘူး။ လှေမှောက်သွားရင် ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။
တပါးသူကို အထင်မသေးပါနဲ့။ " ငါ " ဆိုတဲ့ ကိုယ့်စံနှုန်းနဲ့
အမှားအမှန်ကို မခွဲခြားပါနဲ့။
ဟိုလူမှာ တီထွင်ဥာဏ်မရှိဘူး… ဒါပေမယ့် သူဟာရိုးသားတယ်… မကောင်းတာကို မကြံစည် တတ်ဘူး။
ဒီလူဟာ အပြောအဆိုမတတ်ဘူး။ ဒါပေမယ့် သူဟာ အလုပ်ကိုကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။
ငါ့ရဲ့ " အရည်အချင်း " သူ့မှာမရှိသလို သူ့ရဲ့ " အရည်အချင်း " လဲ ငါ့မှာမရှိဘူး ဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့…
အဓိက ကတော့ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ
သင့်မြတ်အောင်နေထိုင်ဖို့ ကြိုးစားပါ။ ကိုယ့်စံနှုန်းနဲ့ သူများကို တိုင်းတာဖို့ မကြိုးစားပါနဲ့တဲ့…
ဘဝတစ်လျှောက်မှာ ကိုယ်နဲ့ သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ
တကယ်တမ်းတော့ တော်တော်မလွယ်လှပါဘူး။

( သီတဂူဆရာတော်ကြီး၏ တရားတော်မှ )

Photos 23/10/2016

အိုင်းစတိုင်းပြောတဲ့ လက်တွေ့ဘ၀သင်ခန်းစာ (၇) ခု

(၁) သိလိုစိတ်ပြင်းပြနေပါစေ

"ကျွန်တော့်မှာ ထူးထူးခြားခြားပင်ကိုစွမ်းရည်ပါရမီ ဘာမှမရှိပါဘူး
ပြင်းပြင်းထန်ထန်သိလိုစိတ်၊ စူးစမ်းလိုစိတ်ပဲ ရှိတာပါ။
(အိုင်းစတိုင်း)

ကျွန်တော်တို့ဟာ အမြဲသိလိုစိတ်၊ စူးစမ်းလိုစိတ်ပြင်းပြနေရမှာဖြစ်ပြီး
အတွေးတစ်ခုခု၊ သိလိုတာတစ်ခုခုရုတ်တရက်ပေါ်လာပြီဆိုရင်လည်း ထုတ်ဖော်ပြောဆိုရဲ၊ မေးခွန်းထုတ်ရဲရပါမယ်။သင့်ရဲ့သိလိုစိတ်ပြင်းပြမှုကို ဘယ်အရာကမှမတားဆီးနိုင်ပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ
သိလိုစိတ်၊ သင်ယူလိုစိတ် ပြင်းပြမှုရှိမရှိပေါ်မှာမူတည်ပြီး ကွာခြားသွားကြတာပါ။ သင့်ရဲ့ရည်မှန်းချက်တွေကိုဖော်ထုတ်ပါ၊ စိတ်ထဲကသိလိုတဲ့မေးခွန်းတွေအားလုံးရဲ့အဖြေကို ရအောင်ရှာဖွေပါ။


(၂) ဇွဲ၊ လုံ့လ၊ ၀ိရီယ ထက်သန်မှုဟာ အဖိုးမဖြတ်နိုင်ပါဘူး

ကျွန်တော်က ထူးချွန်တဲ့လူတော်တစ်ယောက်မဟုတ်ပါဘူး။ ကျွန်တော်က ဖြေရှင်းရမယ့်ပြသာနာတွေနဲ့ အကြာကြီးနေနိုင်တာပါ။
(အိုင်းစတိုင်း)

သင်သာ လုံ့လ၀ီရိယရှိတဲ့လူတစ်ယောက်ဆို သင်မဖြေရှင်းနိုင်တဲ့ပြသာနာ၊ သင်မလုပ်နိုင်တဲ့အရာဆိုတာ မရှိပါဘူး။ ဒါကြောင့်ဖြေရှင်းမရတဲ့ပြသာနာတွေကို ဘယ်တော့မှအရှုံးမပေးပါနဲ့။

(၃) အမှားတွေလုပ်ပါ

ဘယ်တော့မှအမှားမလုပ်ဖူးတဲ့လူတစ်ယောက်ဟာ ဘယ်တော့မှလည်းအသစ်တစ်ခုခုကို ဖန်တီးနိုင်မှာမဟုတ်ဘူး။
(အိုင်းစတိုင်း)

အိုင်စတိုင်းဆိုလိုတာဟာ တမင်ရည်ရွယ်ပြီးလုပ်တဲ့အမှားတွေကိုတော့ ဆိုလိုတာမဟုတ်ပါဘူး။ အမှားတစ်ခုခုလုပ်မိမှာ ကြောက်စရာလုံးဝမလိုဘူးလို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တစ်ခုခုကိုမှားယွင်းမှာကြောက်နေရင် အားနည်းချက်တွေကိုအနိုင်ယူနိုင်တဲ့နည်းလမ်းတွေကို ဘယ်တော့မှ သင်ယူနိုင်မှာမဟုတ်ပါဘူး

(၄) တန်ဖိုးရှိအောင်နေထိုင်ပါ

ကြိုးစားမှုဟာ အောင်မြင်မှုမဟုတ်ပါဘူး၊ တန်ဖိုးတစ်ခုပဲဖြစ်ပါတယ်။
(အိုင်းစတိုင်း)

လူတော်တော်များများက အောင်မြင်ကို ချဉ်းကပ်ပုံတွေလွဲချော်နေကြပါတယ်။ အောင်မြင်မှုဆိုတာငွေကြေးချမ်းသာကြွယ်ဝနေတာမျိုး မဟုတ်ပါဘူး။ အောင်မြင်မှုဆိုတာ နေ့ချင်းညချင်းဖန်တီးယူလို့မရပါဘူးတစ်ဆင့်ချင်းသွားမယ့်အရာဖြစ်ပါတယ်။ ဒါကြောင့် အောင်မြင်တဲ့လူမဖြစ်ခင် တန်ဖိုးရှိတဲ့လူအရင်ဖြစ်အောင်ကြိုးစားရမှာပါ။တန်ဖိုးရှိတဲ့လူတစ်ယောက်ဆိုတာ ကျင့်ဝတ်ရှိရမယ်၊ အကျင့်စာရိတ္တကောင်းမွန်ရမယ်၊ ဂုဏ်သိက္ခာရှိရမယ်၊ ရိုးသားရမယ် စတဲ့ အချက်တွေနဲ့ပြည့်စုံရမှာပါ။

(၅) ပညာဗဟုသုတဆိုတာ အတွေ့အကြုံကတစ်ဆင့်ဖြစ်လာတာပါ

အကြောင်းအရာအချက်အလက်တွေက ပညာဗဟုသုတမဟုတ်ပါဘူး။
ပညာဗဟုသုတရဲ့တစ်ခုတည်းသောအရင်းအမြစ်က အတွေ့အကြုံပါ။
(အိုင်းစတိုင်း)

လူတစ်ယောက်ဟာ သူ့ရဲ့သက်ဆိုင်ရာနယ်ပယ်မှာ အတွေ့အကြုံပြည့်ဝနေတယ်ဆိုတာသူ့အိမ်မှာ စာကြည့်တိုက်ကြီးအကြီးကြီးရှိနေလို့မဟုတ်ပါဘူး။ သူဟာ သူ့နယ်ပယ်မှာအမှားတွေအကြိမ်ကြိမ်ပြုလုပ်မိပြီး အမှားတွေကနေတစ်ဆင့်သင်ယူရင်းနဲ့မှ အတွေ့အကြုံရှိတဲ့လူတစ်ယောက်ဆိုတာဖြစ်လာတာပါ။
ဒါကြောင့် အထက်မှာဖော်ပြခဲ့သလို အမှားတွေလုပ်မိသွားမှာမကြောက်ပါနဲ့။ အမှားတွေကတစ်ဆင့် သင်ခန်းစာယူနိုင်ဖို့ပဲလိုတာပါ။
ပြသာနာတွေကို ဘယ်လိုမဖြေရှင်းသင့်ဘူးဆိုတဲ့အတွေ့အကြုံဟာ အမှားတွေကတစ်ဆင့်ရနိုင်ပါတယ်။

(၆) စည်းမျဉ်းတွေအရင်သင်ယူပါ။ ပြီးမှအကောင်းဆုံးကစားပါ။

ဂိမ်းတစ်ခုကိုကစားတော့မယ်ဆိုရင် စည်းမျဉ်တွေကိုအရင်နားလည်အောင်သင်ယူပါ။ ပြီးမှသူများထက်သာအောင်ကစားပါ။
(အိုင်းစတိုင်း)

ကျွန်တော်တို့မှာ ဘ၀မှာလည်း ဘ၀ရဲ့စည်းမျဉ်းတွေကိုအရင်နားလည်အောင်သင်ယူရမှာပါ။ပြီးမှ ဘ၀မှာအောင်မြင်အောင်ကြိုးစားရမှာပါ။ ကျွန်တော်တို့ဟာ အောင်မြင်တဲ့လူတွေလုပ်တဲ့အတိုင်းတစ်ထေရာတည်းလိုက်လုပ်ဆောင်စရာမလိုပါဘူး။ ကိုယ့်နည်းလမ်းနဲ့ကိုယ် မတူညီတဲ့အရာတွေဖန်တီးပြီး အောင်မြင်အောင်လုပ်ရမှာပါ။

(၇) စိတ်ကူးစိတ်သန်းတွေဟာ စွမ်းအားတစ်ခုဖြစ်ပါတယ်။

အရာအားလုံးကို စိတ်ကူးယဉ်ကြည့်နိုင်ပါတယ်။ အဲ့ဒါဟာ ဘ၀မှာဖြစ်ပေါ်လာမယ့်အရာတွေရဲ့နိဒါန်းပဲဖြစ်ပါတယ်။ စိတ်ကူးစိတ်သန်းဟာ ဗဟုသုတထက်တောင်မှအရေးကြီးပါသေးတယ်။
(အိုင်းစတိုင်း)

စိတ်ကူးစိတ်သန်းတွေဆိုတာ ဗဟုသုတ၊ အတွေ့အကြုံ စတဲ့တွေကတစ်ဆင့်လာဖြစ်ပေါ်လာတာပါ။စိတ်ကူးစိတ်သန်းတွေဟာ သင့်အနာဂတ်ကို ဘယ်လိုဖန်တီးမယ်ဆိုတဲ့ ဖော်မြူလာတွေတွက်ချက်ပေးနိုင်စွမ်းရှိပါတယ်။
______

Photos 10/10/2016

Steve Jobs လိုလူတစ်ယောက်ဖြစ်ချင်ခဲ့ရင်

ကျွန်တော် မှတ်မိနေပါသေးတယ်။ သူ ကျွန်တော်တို့ IDEO ရုံးကိုအတော်ကိုလက်ပေါက်ကပ်ပြီး လုပ်ရ ခက်တဲ့ နည်းပညာပြဿနာတွေ သယ်လာပြီး စကားပြောခဲ့ကြတာတွေ၊ အနီးအနားမှာ ရှိတဲ့ Whole Foods ဆိုင်တွေရဲ့ လျှောက်လှမ်းတွေမှာသူတ၀ှီးဝှီးစကိတ်စီးနေတာတွေ၊ မနေ့တစ်နေ့ကလိုပဲ ဖြစ်နေပေမယ့် တကယ်တော့ သူမရှိတော့တာ (၅) နှစ်တင်းတင်းပြည့်သွားပြီ။ 2011 ခုနှစ်၊ အောက်တိုဘာလ (၅) ရက်ရဲ့  တစ်ခုသော နေ့လည်ခင်းမှာ Steve Jobs ဆုံးပြီလို့ ကြားလိုက်ရတဲ့အခိုက် အရာအားလုံး ရပ်တန့်သွားသလို ကျွန်တော် ခံစားခဲ့ရတာကိုလည်း မှတ်မိနေပါရဲ့။ Steve Jobs ဆုံးသွားတယ်သာပြောတာပါ။ ကျွန်တော်တို့ Smart Phone တွေ အသုံး ပြုလိုက်တိုင်းမှာ သူ့စေတနာတွေ၊ သူ့အရိပ်တွေ ၊ သူ့အငွေ့သက်တွေက ကျွန်တော်တို့နဲ့ အတူတူ ရှိနေ တာမို့ Steve Jobs မဆုံးသေးသလိုပါပဲ။ ကျွန်တော်တို့ဟာ သူစိတ်ကူးယဉ်ခဲ့ပြီး စိတ်ကူးတဲ့အတိုင်း ဖြစ်လာခဲ့တဲ့ နည်းပညာ ကမ္ဘာထဲမှာ နေနေကြသူတွေ ဖြစ်နေပါပြီ။

Jobs ဆုံးပြီး ဆယ်စုနှစ် တစ်ဝက်စာ ကာလမှာ ဒီဇိုင်းပိုင်း ၊ အတွေးအခေါ်ပိုင်း ကိစ္စတွေဟာ စီးပွားရေး လုပ်ငန်းတွေနဲ့ကို မောင်းနှင်တဲ့ မောင်းတံတစ်ခုဖြစ်လာသလို သင့်ရဲ့နေ့စဉ် လူနေမှုဘ၀ကို မြင့်တင်နိုင်မယ့် နည်းလမ်း တစ်ခုတောင် ဖြစ်လာခဲ့ပါတယ်။ အခုပြီးခဲ့တဲ့ နွေရာသီမှာ ကျွန်တော်ဟာ ဒါဇင်နဲ့ ချီတဲ့ ဒီဇိုင်နာတွေ၊ ဒီဇိုင်းလူရည်ချွန်တွေ၊ စွန့်ဦးတီထွင်သမားတွေနဲ့ CEO တွေကို ဒီဇိုင်းစာအုပ် တစ်အုပ်အတွက် Silicon Valley မှာ အင်တာဗျူးဖြစ်ခဲ့ပါတယ်။ လက်ရှိဦးဆောင်လုပ်ကိုင်နေတဲ့ အကြီး ပိုင်း တွေရော၊ နည်းပညာ companyကြီးတွေက သူတွေရော ပါဝင်ပေမယ့် အများစု စကားပြော ဖြစ်ခဲ့တာကတော့ လူငယ်ဒီဇိုင်နာ တဖြစ်လဲ စွန့်ဦးတီထွင်သူတွေကိုပါ။ သူတို့နဲ့ စကားပြောရင်းနဲ့ တစ်နည်းမဟုတ် တစ်နည်းနဲ့ ရောက်ရောက်သွားတဲ့ နမူနာ ပေးစရာနာမည်ကတော့ “Steve Jobs” ပါပဲ။ ဒီနေ့အထိ ကျွန်တော့် အတွက် ကိုးကွယ်နေရဆဲ သူတစ်ယောက်ဆိုရင် ပိုမယ်မထင်ပါဘူး။

သူထားခဲ့တဲ့ ဥပမာတွေထဲကနေ ကျွန်တော်တို့ ဘာတွေ သင်ယူနိုင်ပါသလဲ? နောက်ထပ် Steve Jobs တစ်ယောက် ပေါ်ထွက်လာဖို့ ဘာတွေ လိုအပ်ပါသလဲ။ Jobs ဟာ ဒီဇိုင်းပိုင်း မှာရော၊ စီးပွားရေးပိုင်းမှာပါ နှစ်ခုလုံးကို သြချလောက်စရာ ကိုင်တွယ်ပြသွားနိုင်ခဲ့ပါတယ်။ ဒီဇိုင်းပိုင်းနဲ့ ပတ်သက်လာရင် အသေးအမွှားကိစ္စလေး တစ်ခုကအစ အလွှဲအမှားမခံတဲ့၊ ဆတ်ဆတ်ထိမခံဘဲ အရမ်း လည်းခေါင်းမာတဲ့ Jobs ကို ဒီဇိုင်နာတွေကလဲ လေးစားပါတယ်။ သူပြောနေကြစကားတစ်ခုရှိတယ်။ “ဓားပြတစ်ယောက်ရဲ့ အလုပ်ကို လုပ်ဖို့ စီးပွားရေးသမားကို ဘယ်တော့မှ မလွှတ်နဲ့” တဲ့လေ။

ဒါပေမယ့် ဒီဇိုင်နာတွေအနေနဲ့ Jobs ဆီက ယူစရာ သင်ခန်းစာတွေ တပုံတပင် ပါပဲ။ Jobs ဟာအဖွဲ့အစည်း တွေနဲ့ပတ်သက်ရင် အင်မတန်တော်တဲ့သူ တစ်ဦးဖြစ်သလို ဓလေ့တစ်ခု ထွန်းကားလာဖို့ ဘယ်လိုတည်ဆောက်ရမယ်ဆိုတာ ကောင်းကောင်းကြီး နားလည်သူပါ။ ခင်ဗျားဟာ သူ့ကိုလေးစားအားကျပြီး သူ့လို ထွန်းပေါက်ချင်သူ တစ်ဦး ဆိုရင်တော့ ကျနော် Jobs နဲ့ပတ်သက်လို့ ကိုယ်တိုင် လေ့လာထားသမျှကို ဖတ်ကြည့်စေချင်ပါတယ်။

၁။ ရည်မှန်းချက်ကြီးမားပါစေ

အရင်ဆုံးခင်ဗျားရဲ့ ရည်မှန်းချက်ဟာ ဧရာမ ရည်မှန်းချက်ကြီးတစ်ခုဖြစ်နေဖို့လိုပါတယ်။တော်တော်ကို ကြီးမား ပြင်းပြ ရမှာပါ။အောင်မြင်စွာ လည်ပတ်နေပြီးသား company တွေအနေနဲ့ ကုန်ပစ္စည်း အမျိုးအစားသစ်တွေကို ဆက်တိုက် ထု နဲ့ထည်နဲ့ ထုတ်တယ်ဆိုတာ အင်မတန် ရှားပါးတဲ့ကိစ္စမျိုးပါ။ ဒါပေမယ့် Jobs တစ်ယောက် Apple ကို 1997 မှာ CEO အနေနဲ့ပြန်ရောက်လာတဲ့အချိန်မှာ (၅) ခါတောင် ထုတ်ချလိုက်ပါတော့တယ်။ Jobs ရဲ့အောင်မြင်မှုအတွက် ရှောင်လွှဲလို့မရတဲ့ ဥပမာပေးရမယ် ဆိုရင်တော့ပြီးခဲ့တဲ့ နွေရာသီမှာ Apple ဟာ သူရဲ့ ၁ ဘီလီယံ (၁၀၀၀၀၀၀၀၀)မြောက် ဖုန်းကို ရောင်းချနိုင်ခဲ့ခြင်းပါပဲ။ လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်က Jobs စတင်မိတ်ဆက်ပေးခဲ့တဲ့ iPhone ဟာလူ့သမိုင်း တစ်လျှောက်မှာ အအောင်မြင်ဆုံး ထုတ်ကုန်အဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ပြည်သူလူထုလိုအပ်နေတဲ့ ကွက်လပ် တစ်ခုကိုနည်းပညာအကူအညီ နဲ့ ချောချောမွေ့မွေ့ သာသာယာယာ ဖြည့်ဆည်းသွားခဲ့တာပါ။

iPhone ရဲ့ အံ့မခန်းအောင်မြင်မှုမျိုးကို လောလောဆယ်တော့ ဘယ်သူမှ မယှဉ်နိုင်သေးတာအမှန်ပါ။Steve Jobs လိုဖြစ်ချင်ရင်တော့ ခင်ဗျားမှာ သူ့လို တစ်ခေတ်တစ်ယောက်ဖြစ်စေမယ့်၊အလွန် ခမ်းနားကြီးကျယ်ပြီး ပြင်းပြတဲ့ရည်မှန်းချက် တစ်ခုကတော့ လိုအပ်မှာ အမှန်ပါပဲ။

၂။ ပုံပြောကောင်းသူ ဖြစ်ပါစေ

Steve Jobs ရဲ့ နောက်ထပ်ပါရမီ တစ်ခုကတော့ စကားပြောကောင်းလွန်းတာပါပဲ။Jobs ဟာ လူတွေရဲ့စိတ်ကို ဖတ်ရှူနိုင်တဲ့နေရာမှာ တော်သလို ဇာတ်လမ်းဇာတ်ကွက်တွေ ထွင်တဲ့နေရာမှာလဲ ဆရာတစ်ဆူပါပဲ။သူပြောပြတဲ့ ဇာတ်လမ်းတွေမှာ လူတွေဟာ မိန်းမောသွားရတာပါပဲ။မူလ Macintosh ရဲ့ Member တစ်ဦးဖြစ်တဲ့ Bud Tribble က Jobs ဟာ သူ့ရဲ့နှစ်လိုဖွယ်ကောင်းမှု၊ချိုသာစွာပြောဆိုနိုင်မှု၊စိတ်ပါဝင်စားလာအောင်စည်းရုံးနိုင်မှုတွေကိုအသုံးချပြီး လူတွေက မဖြစ်နိုင်ဘူးလို့ ထင်ထားတာတွေကို ကျိုးပျက်စေပြီး သူ့အပြောမှာ ကျစေ၊ယုံကြည်လာစေအောင် လုပ်တဲ့နေရာမှာ အလွန်တော်တယ်လို့ ချီးကျူးခဲ့ပါတယ်။

ကျွန်တော်အခုပြောနေတာက ခင်ဗျားတို့ကို အပြောကောင်းဖို့အတင်းကြီးလေ့ကျင့်ခိုင်းနေတာမျိုး မဟုတ်သလို Jobs လိုမျိုးဆွယ်တာ လည်ထောင်အနက်ကြီး လိုက်ဝတ်ဖို့ပြောနေတာလဲ မဟုတ်ပါဘူး။Jobs လိုလူ တစ်ယောက်ဖြစ်ချင်တဲ့သူ တစ်ယောက်အနေနဲ့ သူ့လောက်မဟုတ်ရင်တောင် သူ့လို နှံ့နှံ့စပ်စပ် သိကျွမ်းနားလည်ဖို့ ကြိုးစားသင့်ပါတယ်။လူအများနဲ့ ဆက်ဆံနိုင်တာတွေ၊ရင်းနှီးမြှုပ်နှံသူတွေနဲ့ အပေးအယူ လုပ်ပုံလုပ်နည်းတွေ၊သုံးစွဲသူရဲ့အကြိုက် လိုက်နိုင်တာတွေ၊လူမှန်နေရာမှန် ဝန်ထမ်းတွေ ရွေးချယ်တတ်တာတွေ ဟာ Jobs ရဲ့ အတုယူလောက်စရာ အရည်အချင်းတွေပါပဲ။အပြောကောင်းခြင်းက သင့်တွေးခေါ်ပုံ တွေကျယ်ပြန့်လာစေနိုင်မယ့် အစွမ်းထက်လက်နက် တစ်ခုပါပဲ။ခင်ဗျားပြောမယ့် ပုံပြင်က ဘယ်လိုများပါလိမ့်။

၃။ ကြီးကြီးရော သေးသေးပါ တွေးပါ။

Steven Jobs ကို Steve Jobs ရယ်လို့ဖြစ်စေတဲ့အချက်တွေထဲမှာ စေ့စပ်သေချာမှုနဲ ခေါင်းမာမှုကိုလည်းချန် ထားလို့ရမှာ မဟုတ်ဘူး။Steven Jobs နဲ့ပတ်သက်လို့ ကြားဖူးတွေက သူဟာအမြဲတမ်း တက်ကြွနေတတ်သူ တစ်ဦးဆိုတာကနေ သူ့ Apple စတိုးဆိုင်မှာ ထားချင်တဲ့ စားပွဲတွေရဲ့ သစ်သားအမျိုးအစားကအစ ဂရုစိုက်တတ်သူ ဆိုတာမျိုးတွေပေါ့ ။ ကျွန်တော်ကိုယ်တိုင် သူနဲ့ပတ်သက်ပြီးကြုံခဲ့ရတာလေးတစ်ခု ပြောပြချင် ပါတယ်။ Jobs နဲ့ Apple ရဲ့ ပထဦးဆုံးသော Mouse ကိုထွင်းပေးခဲ့တဲ့ Jim Yurchenco နဲ့ တနေ့မှာ အော်ကြ ငေါက်ကြနဲ့ အချင်းများကြတယ်။ အချင်းများရတဲ့ ကိစ္စက ဘယ်သူမှ မြင်ရမှာ မဟုတ်တဲ့ အတွင်းပိုင်း စက်ကိရိယာ တွေဟာ ဒ့ါထက်ပိုပြီးတောက်ပြောင်သစ်လွင် နေရမယ်လို့ Jobs က ပြဿနာရှာလို့ပါတဲ့။ Jobs ဟာအဲဒီလောက်အထိကို ဒီဇိုင်းပိုင်း နဲ့ ပတ်သက်လာရင် ဆတ်ဆတ်ထိမခံသူပါ။ ဒီလိုဇာတ်လမ်းတွေဟာ ယူတတ်ရင် သင်ခန်းစာတွေချည်းပါပဲ။

Jobs ဟာ Apple လိုအပ်နေတဲ့ သေးသေးမွှားမွှားကိစ္စတွေကစလို့ အကြီးမားဆုံးအရာတွေအားလုံးကို ထိုးထွင်းသိမြင်သူတစ်ယောက်ဖြစ်တယ်။ ဥပမာ ipod ဒီဇိုင်းကို ရိုးရိုးယဉ်ယဉ်လေးပဲထုတ်ဖို့စဉ်းစားနေတုန်း အချိန်မှာ ဒီ ipod အောင်မြင်ဖို့အတွက်က ဂီတလောကနဲ့ အပေးအယူတွေလုပ်ဖို့ လိုအပ်တယ်ဆိုတာကို သတိပြုမိတာမျိုးပေါ့။ ကျွန်တော်သဘောအကျဆုံးကတော့ သူဟာခေါင်းမာတဲ့ ဒီဇိုင်နာတစ်ဦးဖြစ်သလို ဦးနှောက် အတော်ကြီးတဲ့ CEO တစ်ယောက်ဖြစ်နေတာကိုပါ။ Jobs ဟာ Apple ကိုပြန်ရောက်လာချိန်မှာ ကုမ္ပဏီမှာရှိတဲ့ ဈေးကွက်ဌာန (၁၂) ခုကို ရုတ်သိမ်းပြီး ဌာန (၁) ခုထဲအဖြစ် ပြန်လည်ဖွဲ့စည်းပြီး သူလိုချင်တဲ့ အချက်အလက်တွေကို ရယူနိုင်ခဲ့ပါတယ်။ ထူးခြားတဲ့ အတွေးအခေါ်ပါပဲ။

သင်ဟာမြင့်မားတဲ့ နည်းပညာတွေနဲ့ ထိုးဖောက်မယ့် ဒီဇိုင်နာတစ်ဦး ဖြစ်ချင်ရင်တော့ jobs လိုမျိုး အပ်ကျတာက အစသိဖို့ လိုအပ်ပါလိမ့်မယ်။

၎။ တော်သူတွေကို ချီးမြှင့်ပါ။

Jobs တစ်ခါပြောဖူးတာရှိပါတယ်။ စီးပွားရေးလောကထဲက အောင်မြင်မှုတွေဆိုတာ ဘယ်တော့မှ တစ်ဦး တစ်ယောက်ထဲက လုပ်တယ်ရယ်လို့ မရှိပါဘူး။လူတစ်စုက လုပ်တာပါတဲ့။Jobs ကိုယ်တိုင်က အလွန်တော် တဲ့သူတစ်ယောက်ဖြစ်သလို သူလိုတော်တဲ့ သူတွေကိုလဲ လူမှန် ၊ နေရာမှန် ရွေးချယ်တတ်သူ တစ်ဦးပါ။ ရွေးချယ်ပြီးရင်လဲ တော်ရင်တော်သလို ချီးမြှင့်နေရာပေးတတ်သူတစ်ဦးပါ။ Jobs ဟာ သူတစ်ဦးထဲ ကြီးပွားဖို့ထက် သူနဲ့ သူ့ဝန်ထမ်းတွေ အားလုံးကြီးပွားဖို့ ကြိုးစားခဲ့ပါတယ်။ Apple ရယ်လို့ဖြစ်လာဖို့ Steve Wozniak ရဲ့ အံ့မခန်း အင်ဂျင်နီယာ ပညာတွေ၊ Jony Ive ရဲ့ ဒီဇိုင်းအမြင် စူးရှမှုတွေ Tim cook ရဲ့ အနှိုင်းမဲ့ ဖြန့်ချီရောင်းချမှု တွေရဲ့ အကူအညီတွေနဲ့ Jobs ဟာ အတူတူ ကြိုးစားခဲ့တာလဲ ဖြစ်ပါတယ်။

(Jobs ရဲ့ကောင်းကြောင်းတွေက ပြောရမယ်ဆိုရင်တော့ ကုန်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ပြောပြခဲ့တာတွေကတော့ Jobs လို လူတစ်ယောက် ဖြစ်လာဖို့ဆိုရင် သိထားသင့်တဲ့ အချက်အလက်လေးတွေ ပါ။ တစ်ခေတ်တစ်ယောာက်ဖြစ်ဖို့ သူဘာတွေလုပ်သွားခဲ့ပါသလဲ။ Steve Jobs ကွယ်လွန်ခြင်း (၅) နှစ်ပြည့် လွမ်းဆွတ်မှု အမှတ်တရအနေနဲ့ Steve Vassallo ရေးသားထားတဲ့ “Designing the next Steve Jobs Article လေးကို မှီးငြမ်းရေးသားထားတာပါ။ သူပြောသလိုပါပဲ။ Smart Phone တွေရှိနေသ၍ ကျွန်တော်တို့ သူ့ကို ဘယ်လိုမေ့လို့ ရကြမှာလဲလေ။)

သကောင့်သား

www.akhayar.com

Photo Credit – getty images

Photos 10/10/2016

(စာအုပ်စာပေဟာ လူတွေရဲ့မျက်ရည်ကို သုတ်ပေးပါတယ်)

သူငယ်ချင်းတစ်ယောက်က မေးဖူးတယ်။ ငါ့ဘ၀တစ်ခုလုံးကိုစာတစ်အုပ်ထဲနဲ့  ချက်ချင်းအပြောင်းအလဲဖြစ်စေနိုင်မယ့် စာအုပ်မျိုးကို
တွေ့ နိုင်သလားတဲ့။ စာဖတ်ပြီး ချက်ချင်းပြောင်းလဲစေနိုင်သလားတဲ့။ ချက်ခြင်းလည်းမပြောင်းလဲနိုင်ပါဘူး၊ အစအဆုံးဖတ် မနက်ဖန်
မှာလည်း အပြောင်းလဲကြီး မပြောင်းလဲနိုင်ပါဘူး။ သို့ သော် ပြောင်းလဲမှုတွေ စတင်လာမှာတော့ သေချာပါတယ်လို့ ဖြေလိုက်ပါတယ်။

စာဖတ်ပြီး နောက်တစ်နေ့ မှာ ဒီနေ့ နဲ့ မတူညီတဲ့ ပြောင်းလဲခြင်းတွေ အနည်းငယ်ဖြစ်လာမှာပါ။ ဒီနေ့ အစီအငေါ်မတည့်တဲ့ စကား
လုံးတွေ နောက်တစ်နေ့ မှာ အဆင်ပြေချော့မွေ့ လာလိမ့်မယ်။ ဒီနေ့ ဖြစ်သလိုကုန်ခဲ့တဲ့အချိန်တွေ နောက်တစ်နေ့ မှာ တန်ဖိုးရှိစွာ
ကုန်လာလိမ့်မယ်။ ဒီနေ့ မလုပ်ဖြစ်လိုက်တဲ့အလုပ်တွေ နောက်တစ်နေ့ မှာ စီမံကိန်းတစ်ခုဖြစ်သွားပါလိမ့်မယ်။

စာဖတ်ခြင်းက လူတွေကို ရဲရင့်မှုတွေပေးပါတယ်၊ ခွန်အားတွေပေးပါတယ်၊ မျှော်လင့်ချက်တွေ ပေးပါတယ်။ ဒါပေမယ့် မိမိနဲ့ အသင့်
တော်ဆုံးစာတစ်အုပ်ကိုတော့ ရှာဖွေဖတ်နေရဦးမယ်။ တစ်အုပ်ပြီးတစ်အုပ် ပြောင်းလဲပြီး ဖတ်နေရဦးမယ်။ ဘ၀အတွက် အကောင်း
ဆုံးစာတစ်အုပ်ရလာဖို့  စာအုပ်အများကြီးရှာဖွေဖတ်ရဦးမှာ ဖြစ်သလို ခိုင်မာတဲ့ရည်မှန်းချက်ကို ရောက်ရှိဖို့ အချိန်ပြောင်းလဲမှုတွေနဲ့ 
လိုက်ပါပြီး အသိဥာဏ်ပြောင်းလဲမှုတွေကို ရှာဖွေနေရဦးမှာပါ။

True Man

Photos 10/10/2016

သင့်ရဲ့တစ်နေ့တာ အချိန်ကို တန်ဖိုးရှိအောင်ဘယ်လိုသုံးမလဲ?
++++++++++++++++++++++++++++++++++++++++++
လူတိုင်းလူတိုင်းက တစ်နေ့ကို (၂၄)နာရီနဲ့ပဲကုန်ဆုံးသွားကြတာပါပဲ
အချိန်တွေကို အသုံးချတာချင်းကွဲပြားလို့သာ တစ်ယောက်နဲ့တစ်ယောက်အခြေနေတွေခြားနားသွားကြတာပါ
ဒါကလည်း အပြစ်တစ်ခုဖြစ်ဆိုလို့တော့မရနိုင်ပါဘူး
ဖြစ်သင့်ပါတယ်…”လူလူချင်းတူညီပေမယ့် အသက်ရှုတာချင်းတော့မတူနိုင်ဘူး”
ဒါပေမယ့် အကောင်းဆုံး ကိုယ့်ရဲ့တစ်နေ့တာဖြတ်သန်းရတဲ့အချိန်လေးတွေကို Plan လေးဆွဲနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့…
တစ်ချို့ကလည်း ကိုယ်တိုင် ကြံဆ နိုင်သလို ၊ တစ်ချို့ကလည်း Guide Line ပေးနိုင်တဲ့သူတွေရှိမှ ဆုံးဖြတ်လို့ရတာမျိုးလည်းရှိနိုင်ပါတယ်။
ဖြစ်နိုင်ရင်တော့ ကိုယ်တိုင်ပဲ Guideline လုပ်နိုင်သလို့၊ Plan တွေကို တစ်နေ့တာအတွက်ဆွဲနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပေါ့
“လူတစ်ယောက်အတွက် အချိန်ဆိုတာ အမတန်မှ တန်ဖိုးရှိသလို အစားပြန်ရနိုင်တဲ့အရာမျိုးလည်းမဟုတ်ပါဘူး”
ဒါ့ကြောင့်ကိုယ့်ရဲ့တစ်နေ့တာဖြတ်သန်းမှုလေးတွေကိုတော့ ကျနော့်အနေနဲ့ တန်ဖိုးရှိစေချင်ပါတယ်…
လူတစ်ယောက်အတွက် ပိုင်ဆိုင်ထားတဲ့အချိန်ဆိုတာ တကယ်တော့ အရမ်းကြီးများနေတာမျိုးမဟုတ်ပါဘူး…
ကျနော့်အနေနဲက ရှင်းလင်းချက်လေးနဲ့တော့ ပြချင်ပါတယ်…

လူတစ်ယောက်ရဲ့ တစ်နေ့တာ(၂၄)ပိုင်ဆိုင်ထားတယ်ဆိုပေမယ့် အကျိုးမဲ့ကုန်သွားတာတွေကို တော်တော်များများက သတိထားမိမယ်မထင်ပါဘူး။ လူတစ်ယောက်အတွက် မွေးခါစအချိန်မှ အသက်(၆၀) အရွယ်ချိန်အထိ လူတစ်ယောက်ရဲ့ အချိန်ဇယားခွဲတန်းမှာ အောက်ပါအတိုင်းပဲဖြစ်ပါတယ်….
(၁) အိပ်ချိန် = ၂၀ နှစ်
(၂) အစားစားချိန် = (၃) နှစ်
(၃) စားသောက်စားပွဲတွင်ထိုင်စောင့်ချိန် = (၉)လ
(၄) အလုပ်လုပ်ကိုင်ချိန် = (၁၇) နှစ်၊ (၆)လ
(၅)ပျော်ရွှင်မှုအတွက် အချိန် = (၇)နှစ်၊ (၆)လ
(၆)လမ်းလျှောက်ချိန် နှင့် အခြားလေ့ကျင့်ခန်းများ = (၆)နှစ်၊ (၃)လ
(၇) အိမ်သာတက်ချိန်၊ ရေချိုးချိန် = (၂)နှစ်၊ (၆)လ
(၈) ဘာမှမလုပ်ပဲကုန်ဆုံးသွားသောအချိန် = (၂)နှစ်၊(၆)လ
စသောအသီးသီတို့ပင်ဖြစ်ပါတယ်။ လူတစ်ယောက်အတွက် စက္ကန့်အမျှကုန်ဆုံးနေသောအချိန်က တကယ်တမ်းဘယ်တော့မှ ပြန်မရနိုင်ဘူးဆိုတာ ကို ကျနော့် အနေနဲ့ သတိထားမိစေချင်ပါတယ်။
လူဆိုတာ ဦးနှောက်အသိဥာဏ်အရှိဆုံးသော သတ္တ၀ါဖြစ်တဲ့အတွက် မိမိကိုယ် သုံသပ်နိုင်ဖို့လိုပါတယ်
ကျနော်အနေနဲ့ ဆိုလိုတာက လူတစ်ယောက်မှာ …
သူ့ရဲ့ တစ်နေ့တာ ဖြတ်သန်းမှုအတွက် တန်ဖိုးရှိစေချင်တာပါ
တစ်နေ့မှာ(၂၄)နာရီရှိတဲ့အချိန်ကို ဘယ်လိုအသုံးချသင့်လဲဆိုတော့
တန်ဖိုးရှိသော စာအုပ်ဘယ်လောက်ဖတ်လိုက်လဲ၊
တန်ဖိုးရှိတဲ့သင်ခန်းစာ ဘယ်လောက်လေ့လာလိုက်သလဲ
တန်ဖိုးရှိတဲ့စကား ဘယ်လောက်ပြောလိုက်လဲ
တန်ဖို့ရှိတဲ့လုပ်ရပ် ဘယ်လောက်လုပ်လိုက်လဲ
တန်ဖိုးရှိတဲ့ ဆုံးဖြတ်ချက် ဘယ်လောက်ချလိုက်လဲ
စသဖြင့်အသီးသီးသော ကောင်းချီးမင်္ဂလာရှိတဲ့ အရာတွေနဲ့ ကုန်ဆုံးစေတာက လူ့ဘ၀ကို အဓိပ္ပါယ်ပိုမိုပြည့်စုံသလို
အောင်မြင်မှုပန်းတိုင်ကို တက်လှမ်းဖို့လည်း မခက်ခဲလှပါဘူး
ကျနော့်အတွေးကတော့ရှင်းတယ် “ဆန်ကုန်မြေလေး” သူဌေးသားတစ်ယောက်ထက်
ဘာမှမရှိပေမယ့် အတွေးခေါ်ထက်မြက်တဲ့ သူဆင်းရဲ တစ်ယောက်ကို ပိုပြီးတန်ဖိုးထားတယ်
ဘာ့ကြောင့်လဲဆိုတော့ သူဆင်းရဲတစ်ယောက်ရဲ့ အနာဂတ် သူဌေးသား တစ်ယောက်ရဲ့ အနာဂတ်ထက် အာမခံချက်ပိုရှိလို့ပါ။

စာချစ်သူများအတွက် ကျနော့်အနေနဲ့ အပြောချင်ဆုံးအရာတစ်ခုက ကုန်ဆုံးသွားသော အချိန်ကို တန်ဖိုးရှိစွာကုန်ဆုံးစေချင်ပါတယ်။

တစ်နေ့တာအတွက်လေ့လာဆည်းပူစရာများကို စွမ်းစွမ်းတမံ တက်ကြွစွာဆောင်ရွက် မယ်ဆိုရင် တစ်နေ့မှာတန်ဖိုးရှိပြီး အောင်မြင်ကျော်ကြားတဲ့ လူတော်လူကောင်းတစ်ယောက်ဖြစ်လာနိုင်မှာပါလို့ ကျနော်အနေနဲ့ အကြံပေးချင်ပါတယ်။

မေတ္တာဖြင့်
ကိုရဲ(Barlarlar)

Photos 10/10/2016

"ဦးနှောက်တွင်ရင်းနှီးမြှုပ်နှံပါ"

၁။စာကိုနှစ်ရှည်လများ စနစ်တကျဖတ်ရှုလာသူသည်
တက္ကသိုလ် ကောလိပ်ကဲ့သို့ ဘွဲ့လက်မှတ် တစ်စုံ
တစ်ရာ မရရှိသော်လည်း တက္ကသိုလ် ကောလိပ် ဘွဲ့
ရလာသူထက်မက အသိဥာဏ်အမြင်နှင့်ဗဟုသုတ
တွေ ကြွယ်ဝကာ လူ့လောကနယ်စုံ၌ ဦးဆောင်လှုပ်
ရှားနိုင်သူတစ်ဦး ဖြစ်လာလိမ့်မည်။

၂။မည်သူမဆို ညအိပ်ရာဝင်ချိန်၌ မနက်အိပ်ယာထ
ချိန်ထက် နည်းနည်းဖြစ်စေ အသိဥာဏ်ပညာ ပိုရှိနေရ
မည်။အကယ်၍ ထိုသို့ရှိအောင် မလုပ်ဆောင်ပါက
လူတစ်ယောက်အနေနှင့် အကြီးအမာဆုံးသော ပြစ်မှု
ကို ကျူးလွန်ရာရောက်သည်။

၃။စာကို လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့်ဖတ်
ရှုခွင့်ရသော ကလေးများသည် လူမှုဘဝ ပြသနာပေါင်း
စုံကို ကိုယ်တွေ့ကြုံစရာမလိုဘဲ စာမှတစ်ဆင့် သိမြင်
ကာ သင်ခန်းစာ ရရှိနိုင်ပေရာ ကိုယ်တိုင် တွေ့ဖူး မှား
ဖူးမှ ငါမှားခဲ့တာကိုးဟု သင်ခန်းစာယူနိုင်သည့် စာမ
ဖတ်သူ ကလေးများထက် များစွာ တစ်ပန်းသာပေ
သည်။

၎။ဝါရင့် စာဖတ်သမားတစ်ယောက်၏ လက်ထဲ၌ခဲတံ
တစ်ချောင်းသည် စာအုပ်ထဲက အနှစ်သာရတွေကို
တူးဆွဖော်ယူပေးသည့် လက်နက်ကိရိယာတစ်ခုဖြစ်
လာသည်။

၅။လူတိုင်းမှာ ပညာရေးနှစ်ခုရှိသည်။တစ်ခုမှာ သူ
တပါးထံမှ ရသောပညာရေးဖြစ်၍ ပိုအရေးပါသော
ပညာရေးတစ်ခုမှာ ကိုယ်တိုင်ရှာပညာရေး ဖြစ်သည်။

၆။ခေတ်အဆက်ဆက် ကမ္ဘာ့လူမျိုး တစ်ရာတစ်ပါး
တို့၏ အသိဥာဏ်ပညာ မှန်သမျှသည် လည်ကောင်း/
လူသားအပေါင်းတို့အား နှစ်သက်မှုကို ပေးခဲ့သည့်
အထွေထွေ အပြားပြားသော ပုံဝတ္ထုများသည်လည်း
ကောင်း စာအုပ်များထဲမှ အက္ခရာစာလုံးများဖြင့်
သိုမှီးသိမ်းဆည်းပြီး ရှိပေသည်။
စာအုပ်ရှေးဖုံနောက်ဖုံးများကြာထဲက ရတနာများ။
မပြောပလောက်သော ငွေကြေးပေးကာမျှဖြင့် သည်
ရတာနာတွေကို ကျွန်တော်တို့ ယူငင်ရရှိနိုင်သည်။
တစ်ခုပဲရှိသည်။ဘယ်ရတနာ ဘယ်မှာရှိသည်ဆို
တာသိဖို့နှင့် ကျွန်တော်တို့အတွက် အကျိုးရှိဆုံး ဖြစ်
အောင် ထုတ်ယူအသုံးချတက်ဖို့ ဖြစ်သည်။

၇။Knowledge ဆိုတဲ့ အသိဥာဏ် များလာသောအခါ
Wisdom ဆိုတဲ့ ပညာဥာဏ် အမြော်မြင်ဖြစ်လာတယ်
စာဖတ်သမားအတွက် အဓိက ဆုလာဘ်ဟာ အဲဒီ
Wisdom ပဲ။

၈။အတ္ထုပ္ပတ္တိကောင်းများကို ဖတ်ရှုရခြင်းကာ လူ့
အသိုင်းအဝိုင်းအတွင် အထူးချွန် အထက်မြက်ဆုံး
ပုဂ္ဂိုလ်ကျော်များနှင့် ရင်းနှီးကျွမ်းဝင်ခွင့် ရခြင်းပင် ဖြစ်
၏။

၉။စာဖတ်ခြင်း (၂)မျိုးရှိသည်။လုပ်ငန်း လိုအပ်ချက်
အရ ဖတ်ရခြင်းနှင့် ဇိမ်ခံဖတ်ရှုရခြင်း။ယင်းအနက်
ဒုတိယအမျိုးအစားသည် ဖျော်ဖြေမှုသဘော ချမ်းသာ
သုခ ခံစားမှုသဘော သက်ဝင်၏။ဈေးသို့သွားခြင်းနှင့်
မတူ တောထဲ တောင်ထဲ လည်ပတ် လမ်းလျှောက်ခြင်း
နှင့်တူ၏။အိမ်ပြန်လာသည့် အခါစည်သွပ်ဘူးများ ပါ
မလာ/တောက်ပရွှင်လန်းသော မျက်နှာသာ ပါလာ၏။
အဆုတ်များထဲတွင်လည်း သန့်ရှင်လက်ဆက်သော
လေးအပြည်သာပါလာသည်။

၁၀။စာမဖတ်သူ၌ တစ်ကိုယ်ရေ အတွေ့အကြုံသာ ရှိ
သည်။ထိုအတွေ့အကြုံကိုပင် ကောင်းစွာ မဆင်ခြင်
မခံယူတတ်။စာဖတ်သူ၌မှု ခေတ်အဆက်ဆက် လူ
အမျိုးမျိုးတို့၏ ဘဝအဖုံဖုံ အတွေ့အကြုံစုံကို ရရှိနိုင်
သည်။ဥာဏ်အမြင်မျိုးစုံဖြင့် သုံးသပ်ဆင်ခြင်နိုင်သည်။

ဖေမြင့်-ဦးနှောက်တွင်ရင်းနှီးမြှုပ်နှံပါ

post-စာအုပ်ရွာ

Photos 09/10/2016

ကိုယ့်ရဲ့အတွေးတွေက ကိုယ်လုပ်မယ့်အလုပ်ကိုပြဌာန်းတယ်။ကိုယ့်လုပ်မယ့်ကိုယ့်အလုပ်က ကိုယ်ရမယ့်ကိုယ့်ရလဒ်ကိုပြဌာန်းတယ်။ကောင်းတာတွေတွေးမလား မကောင်းတာတွေတွေးမလား ဆိုတာကတော့ကိုယ့်ရဲ့ရွေးချယ်မှုပဲ။ကိုယ့်ရဲ့ရွေးချယ်မှုက ကိုယ့်ရဲ့အနာဂတ်ကိုပြဌာန်းပါလိမ့်မယ်။

Photos 09/10/2016
Photos 09/10/2016

လူ့ဘဝရည်မှန်းချက်က သတ်မှတ်ရလွယ်ကူပေမယ့် အကောင်အထည်ဖော်ဖို့ရာ ခက်တယ်။ တကယ်လို့ မလှုပ်ရှား၊ မဆောင်ရွက်ရင် အကောင်အထည်ပေါ်ဖို့ ဆိုတာလည်း ရှိမှာမဟုတ်ဘူး။

မိုင်ထောင်ပေါင်းခရီးက စလှမ်းတဲ့ခြေလမ်းတစ်လှမ်းရဲ့အောက်မှာရှိတယ်။ ခြေတစ်လမ်းစ,မလှမ်းရင် မိုင်ထောင်ပေါင်းခရီးကလည်း ရှိမှာမဟုတ်ဘူး။

ချောင်းမြောင်းတွေမပေါင်းစီးရင် ပင်လယ်ဆိုတာလည်း ရှိမှာမဟုတ်ဘူး။ ကြီးတာရချင်ရင် သေးတာကနေ စလုပ်ရတယ်။

တကယ်လို့ လူတစ်ယောက်ရဲ့ရင်ထဲမှာ ကြီးကျယ်မြင့်မြတ်တဲ့ စိတ်ကူးအိပ်မက်တွေရှိပြီး တစ်လှမ်းချင်း စ,မကြိုးစားခဲ့ရင် အကောင်အထည်ပေါ်ဖို့ဆိုတာလည်း လုံးဝရှိမှာမဟုတ်ဘူး။

ပုံပြင်တစ်ပုဒ်က ဒီလိုဆိုတယ်။ ဘုန်းကြီးနှစ်ပါးဟာ တောနက်တစ်နေရာမှာ သီတင်းသုံးနေကြတယ်။ တစ်နေ့မှာ ဘုန်းကြီးတစ်ပါးက တောင်ပင်လယ်ဘက်ဆီ သွားမယ်လို့ဆိုတယ်။ ဒုတိယဘုန်းကြီးက ဘာနဲ့သွားမလဲလို့မေးတော့ ရေတစ်ပုလင်း၊ ထမင်းတစ်ထုပ်နဲ့သွားမယ်လို့ ပထမဘုန်းကြီးက ဖြေတယ်။ တောင်ပင်လယ်ဆီ လှေနဲ့သွားဖို့ စဉ်းစားခဲ့တာတောင် အခုထိ အကောင်အထည်မပေါ်သေးဘူး။ ရေတစ်ဗူး၊ ထမင်းတစ်ထုပ်နဲ့ဆို ပိုဆိုးတယ်လို့ ဒုတိယဘုန်းကြီးက ဆိုပါတယ်။

(၂)နှစ်အကြာမှာ နေရပ်ကို ပထမဘုန်းကြီးပြန်ရောက်လာပြီး ဒုတိယဘုန်းကြီးကို တောင်ပင်လယ်ဘက်ကအကြောင်းတွေ ပြောပြခဲ့တယ်။ လူ့ဘဝရည်မှန်းချက်က သတ်မှတ်ရလွယ်ကူပေမယ့် အကောင်အထည်ဖော်ဖို့ရာ ခက်ပါတယ်။ တကယ်လို့ မလှုပ်ရှား၊ မဆောင်ရွက်ရင် အကောင်အထည်ပေါ်ဖို့ ဆိုတာလည်း ရှိမှာမဟုတ်ဘူး။ ပထမခြေလှမ်းကို စလှမ်းရဲတာနဲ့ အောင်မြင်ဖို့အခွင့်အရေးက ပိုနီးစပ်သွားခဲ့ပါတယ်။
@。နိုင်းနိုင်းစနေ

Want your school to be the top-listed School/college in Woodlands?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Woodlands
123