03/08/2026
🦋𝐑𝐨𝐥𝐞 𝐨𝐟 𝐃𝐍𝐀 𝐢𝐧 𝐂𝐥𝐚𝐬𝐬𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧- 𝐏𝐚𝐫𝐭 𝟏 🦋
ဒီပို့စ်ကရှည်တဲ့ အတွက် အပိုင်း ၂ပိုင်း ခွဲတင်မယ်ဆိုတာရယ်နဲ့ 𝗚𝗿𝗮𝗱𝗲 𝟭𝟭 သင်ကြားနေတဲ့ ဆရာတွေအတွက် ရည်စူးတယ် ဆိုတာကို ကြိုတင်ပြောထားပါမယ်။ 𝐑𝐨𝐥𝐞 𝐨𝐟 𝐃𝐍𝐀 𝐢𝐧 𝐂𝐥𝐚𝐬𝐬𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 အကြောင်းကို ရှင်းပြပေးဖို့ ဆရာမတစ်ဦးက တောင်းဆိုလာတဲ့အတွက် သိသလောက်လေး မျှဝေချင်ပါတယ်။ ဒီသင်ခန်းစာဟာ မသင်တတ်ရင် အလွန်ညီးငွေ့စရာပါ။ အဲ့ဒါကြောင့် ကျောင်းသားတွေ စိတ်ဝင်စားလာအောင် နှိုးဆွပေးဘို့ အတွက် 🚩activity တစ်ခုနဲ့ စတင်နိုင်တယ်။
🚩နိုင်ငံ ၂၀လောက်ရဲ့ အလံတွေကို ပြပြီး ခွဲခြား (classification) လုပ်ခိုင်းပါ။ ကြယ်ပါတာ၊ ကြယ်မပါတာ၊ အစင်းပါတာ၊ မပါတာ။ ပါရင်လဲ ကန့်လန့်စင်းလား၊ ဒေါင်လိုက်အစင်းလား၊ စသဖြင့် ခွဲခြားလို့ရတာကို လက်တွေ့လုပ်ခိုင်းကြည့်နိုင်တယ်။ ဒီလိုပဲ သက်ရှိတွေရဲ့ ခန္ဓာကိုယ်ပြင်ပ ပုံသဏ္ဌာန် (morphology) အပါအဝင် မျက်စိနဲ့ မြင်နိုင်တဲ့ လက္ခဏာရပ်များ (observable characteristics) ဖြစ်တဲ့ အရောင်၊ အဆင်၊ စတာ တွေအပြင် အတွင်းတည်ဆောက်ပုံ (anatomy) ကိုသုံးပြီးလဲ သက်ရှိတွေကို အမျိုးအစား ခွဲခြားနိုင်တယ် ဆိုတာကို မှတ်သားခိုင်းပါ။ Morphology နဲ့ anatomy ကို အခြေခံပြီး သက်ရှိတွေကို အမျိုးအစားခွဲခြားတဲ့ အယူအဆဟာ နှစ်ပေါင်း ၂,၀၀၀ ကျော် သမိုင်းရှိပြီး၊ အောက်ပါ ပညာရှင်တွေရဲ့ လုပ်ဆောင်ချက်တွေကို ပြောပြရင် ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။
⏳၄ ရာစုကာလ။ အရစ်စတိုတယ်က နေထိုင်ရာပတ်ဝန်းကျင်ကို အခြေခံပြီး ကုန်းနေသတ္တဝါ၊ ရေနေသတ္တဝါနဲ့ လေနေသတ္တဝါ ဆိုပြီး သတ္တ၀ါတွေကို ခွဲခြားတဲ့နည်းကို အသုံးပြုခဲ့တယ်။
⏳၁၈ ရာစုကာလ။ Linnaeus က morphology နဲ့ anatomy ကိုသုံးပြီး Hierarchical classification system (Kingdom မှ Species အထိ) နည်းနဲ့၊ နာမည်နှစ်လုံးပေး စနစ် (Binomial nomenclature) ကို မိတ်ဆက်ပေးခဲ့တယ်။ ယခုကာလအထိ Linnaeus ရဲ့ Hierarchical classification system ကို ကျယ်ကျယ် ပြန့်ပြန့် သုံးနေဆဲဖြစ်ပေမယ့် ဒီနည်းမှာ အကန့်အသတ်တွေ ရှိပါတယ်။ နေရာတိုင်းမှာ မမှန်ကန်ကြောင်းကို ကျောင်းသားကို ဒီလိုလက်တွေ့ပြပါ။
🚩အလံ နှစ်ခု သုံးခု မှာ ပါတဲ့ ပုံလေး တစ်ခု နှစ်ခုလောက် (ဥပမာ ကြယ်, အစင်း တစ်ခုခုကို) ကို ဖျက်ပြလိုက်ပါ။ classification ပြန်လုပ်ခိုင်းကြည့်ရင် အရင်တစ်ခုနဲ့ မတူတော့တာကို ကျောင်းသားတွေကို သတိပြုစေပါ။ အလံကို အနည်းငယ် ပြောင်းလိုက်တာနဲ့ နိုင်ငံပြောင်းသွားသလား ဆိုတာကိုလည်း မေးကြည့်နိုင်ပါတယ်။ အဖြေကတော့ “No” ပါ။
ဒီလိုပဲ... သက်ရှိတစ်ကောင်ရဲ့ ရှိရမယ့် အပြင်ပုံပန်းလက္ခဏာ တစ်ခုနှစ်ခု ပြောင်းသွားတာနဲ့ သူ့ရဲ့ classification group က ပြောင်းလဲသွားသလားလို့ မေးကြည့်ပါ။ ဥပမာ၊ မူလက ခြေချောင်းငါးချောင်းရှိတဲ့ သတ္တဝါတစ်ကောင်ကို မတော်တဆမှုကြောင့် ခြေချောင်းတစ်ချောင်း ပြတ်သွားပြီးမှ တွေ့ရှိခဲ့တယ်ဆိုပါစို့။ ပြင်ပပုံသဏ္ဌာန်ကိုပဲ ကြည့်မယ်ဆိုရင် ဒီသတ္တဝါကို ခြေချောင်းလေးချောင်းရှိတဲ့ အုပ်စုထဲကို မှားယွင်းစွာ ထည့်မိနိုင်ပါတယ်။ ဒါ့ကြောင့် Linnaeus ရဲ့ နည်းဟာ အမြဲမှန်ကန်စိတ်ချရတဲ့ နည်းမဟုတ်ကြောင်းနဲ့ သင်ခန်းစာ (၁) ကို အဆုံးသတ်နိုင်ပါတယ်။ သင်ခန်းစာ (၂) အတွက်ကတော့ မေးခွန်းတစ်ခုကို ကျောင်းသားတွေ ဆက်လက် စဥ်းစားဘို့ ဒီလိုချန်ခဲ့ပါ။
🤔“ဒါဆိုရင်... သက်ရှိတွေကို ပိုပြီး တိကျမှန်ကန်စွာ အမျိုးအစားခွဲခြားနိုင်မယ့် နည်းလမ်းက ဘာဖြစ်မလဲ။” 🤔
⏭️ အဖြေကို နောက်ပို့စ် (Part 2) မှာ ဆက်လက် မျှဝေပေးပါမယ်။ 🧬
31/07/2026
Mitosis နဲ့ Meiosis ကို မသင်ခင်မှာ "Chromosome ဆိုတာ X ပုံပဲ!" ဆိုတဲ့ ကျောင်းသားအများစုရဲ့ အစွဲ ကို အရင်ချိုးဖျက်ရပါတယ်။
အတန်းထဲမှာ Human karyogram နှစ်ပုံကို ချပြပြီး... "ဒီနှစ်ပုံမှာ ဘာကွာသလဲ?" လို့ မေးလိုက်ရုံနဲ့ သင်ခန်းစာက စိတ်ဝင်စားဖို့ကောင်းသွားပါလိမ့်မယ်။
ပထမပုံမှာ chromosome တွေက အချောင်းပုံ (thread-like) ဖြစ်နေပြီး၊ ဒုတိယပုံမှာတော့ X ပုံသဏ္ဌာန် ဖြစ်နေပါတယ်။ ဒီကနေပြီး ကျွန်မ သင်လေ့ရှိတဲ့ အဆင့်တွေကတော့—
✅ အဆင့် (၁)။ Karyogram ဆိုတာ ဆဲလ်တစ်ခုအတွင်းရှိ chromosome တွေကို ဓာတ်ပုံရိုက်ပြီး အရွယ်အစားမှာ၊ centromere တည်နေရာမှာနဲ့ ပုံသဏ္ဌာန်မှာပါတူတဲ့ chromosome နှစ်ခုစီကို တွဲစီထားတဲ့ ပုံဖြစ်ကြောင်း ရှင်းပြပါတယ်။
✅ အဆင့် (၂)။ Chromosome အတွဲတစ်တွဲကို homologous chromosomes လို့ ခေါ်ကြောင်း၊ တစ်ခုက မိခင်ထံမှ၊ တစ်ခုက ဖခင်ထံမှ အမွေဆက်ခံထားတာဖြစ်ကြောင်း ဆက်လက်ရှင်းပြပါတယ်။
✅ အဆင့် (၃)။ Homologous chromosomes နှစ်ခုမှာ တူညီတဲ့ genes တွေ ရှိပေမယ့် alleles တွေက တော့ တူနိုင်သလို မတူတာတွေလည်း ရှိကြောင်း နားလည်စေပါတယ်။
ဒီအခြေခံကို သေချာနားလည်ပြီးမှ Karyogram နှစ်ပုံ အကြောင်းကို ဆက်သွားပါတယ်။
📌 ပထမ Karyogram မှာ chromosome တစ်ခုစီဟာ DNA replication မလုပ်ရသေးတဲ့ chromosome ဖြစ်ပြီး DNA molecule တစ်ခုတည်း ပါဝင်တဲ့အတွက် အမျှင်ပုံ ဖြစ်နေတယ်။
📌 ဒုတိယ Karyogram မှာတော့ DNA replication ပြီးသွားတဲ့ chromosome တွေဖြစ်တဲ့အတွက် DNA molecule နှစ်ခုစီ ပါဝင်နေတဲ့အတွက် X shaped ဖြစ်နေတယ် ။ အဲဒီ DNA molecule နှစ်ခုကို sister chromatids လို့ ခေါ်ပြီး centromere မှာ ချိတ်ဆက်ထားပါတယ်။
ဒီလို သဘောတရားကို အစကတည်းက ရှင်းသွားရင်—
"Chromosome = X ပုံ" ဆိုတဲ့ အမှားအယူအဆ ပျောက်သွားပြီး Mitosis နဲ့ Meiosis ကို နောက်ပိုင်းသင်တဲ့အခါ ကျောင်းသားတွေ ပိုပြီး နားလည်လွယ်လာပါတယ်။
သင်ကြားရေးမှာ အခက်အခဲအများစုဟာ အသစ်ကို သင်ပေးရတာထက် အမှားအယူအဆ (misconceptions) ကို ပြင်ပေးရတာက ပိုခက်ခဲတတ်ပါတယ်။
22/07/2026
တိရစ္ဆာန်တွေက ကမ္ဘာ့ဖလား အနိုင်ရသူကို တကယ်ပဲ ကြိုသိနိုင်ကြသလား... ဒါမှမဟုတ် စွတ်ရွတ်ပြီး ကံကောင်းသွားကြတာလား?
ထိုင်းနိုင်ငံရဲ့ နာမည်ကျော် Moo Deng ရေမြင်းမလေးက အခုပြီးသွားတဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် သူ့ရဲ့ "ရွေးချယ်မှု" ကို ပြုလုပ်ခဲ့ပေမယ့် ဒီတစ်ခေါက်တော့ မှန်ကန်တဲ့ အဖြေကို မရခဲ့ပါဘူး။
ဒါပေမယ့် Moo Deng ဟာ ဒီလို "ဗေဒင်ဟော" ခဲ့တဲ့ ပထမဆုံးတိရစ္ဆာန်တော့ မဟုတ်ပါဘူး။
Paul ဆိုတဲ့ ရေဘဝဲဟာ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းရဲ့ ပွဲစဉ် ၇ ပွဲနဲ့ ဗိုလ်လုပွဲအပါအဝင် ၈ ပွဲဆက်တိုက် မှန်ကန်စွာ ရွေးချယ်နိုင်ခဲ့တာကြောင့် ကမ္ဘာကျော်သွားခဲ့ပါတယ်။ နောက်ဆုံးပွဲမှာ နယ်သာလန်ကို စပိန်နိုင်လိမ့် မယ်လို့ ရွေးချယ်သွားခဲ့တာမှာလဲ မှန်သွားခဲ့ပြန်တယ်။ တကမ္ဘာလုံးက ဖန်တွေဆီကနေ ချီးမွန်းစာ တွေ ထောင်ချီရခဲ့တဲ့အပြင် စပိန်နိုင်ငံက နောက်ပြောင်ပြီး စပိန်နိုင်ငံသားအဖြစ်ပါ ပေးခံခဲ့ရတယ်။ နိုင်ငံများစွာ က Paul ကို ဝယ်ယူဘို့ ကမ်းလှမ်းကြပေမယ့် Sea Life Aquarium (Germany) က မရောင်းချခဲ့ဘူး။ ဘယ် ရောင်းချင်ပါ့မလဲ! Paul ကို လာကြည့်တဲ့ ခရီးသွားဧည့်သည် တွေကြောင့် Aquarium ကလည်း ဝင်ငွေ ကောင်းကောင်း ရနေခဲ့တာကိုး။ ရေဘဝဲလေးကတော့ နှစ်နှစ်ခွဲ အသက်နဲ့ 26 October 2010, မှာ သေဆုံး သွားပြီဖြစ်ပါတယ်။
ဂျာမနီက ဆင်မလေး နယ်လီကတော့ ၂၀၀၆, ၂၀၁၀, နဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေနဲ့ ယူရို ၂၀၁၂ ပွဲတွေမှာ ဂျာမနီအသင်းရဲ့ ပွဲစဉ် ၃၃ ပွဲစဥ်တွေမှာ ပွဲ ၃၀ ကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့လို့ သူမလည်း ဘောလုံး ပရိသတ် တွေအကြား အတော်လေး နာမည်ကြီးသွားခဲ့ပါတယ်။ ဒီဆင်မလေးကို ဘောလုံးတစ်လုံး ချပေးပြီး ကန်ခိုင်းပြီး ခန့်မှန်းကြတာဖြစ်တယ်။ သူကတော့ အခုထက်ထိ Serengeti Park မှာ အသက်ရှင် နေထိုင်နေဆဲဖြစ်တယ်။
Paul နောက်ပိုင်းမှာတော့ စင်ကာပူက Mani ကြက်တော၊ UAE က Shaheen ကုလားအုတ်၊ အင်္ဂလန်က Marcus ဝက်၊ ဂျာမနီက Daisy ဖျံ၊ ကာတာက ပန်ဒါနှစ်ကောင်၊ ဂျပန်က Taiyo ဖျံလေးနဲ့ ဒီနှစ် ထိုင်းက Moo Deng တို့ဟာလည်း သူ့ခေတ်သူ့အခါနဲ့သူ "ဘောလုံးဗေဒင်ဆရာ" တွေအဖြစ် လူသိများခဲ့ကြပါတယ်။
တိရစ္ဆာန်တွေက တကယ်ပဲအနာဂတ်ကို မြင်နိုင်တာလား။
ဒါမှမဟုတ်... အဓိပ္ပာယ်မရှိတဲ့ တိုက်ဆိုင်မှုတွေထဲမှာ အဓိပ္ပာယ်ကို ရှာဖွေချင်တာက လူသားတွေပဲလား။
တိရစ္ဆာန်တွေဟာ အလံ၊ အရောင်၊ အစားအစာထားပုံ၊ အနံ့၊ ဒါမှမဟုတ် အနီးဆုံးနေရာကို သဘာဝအရ ရွေးချယ်လိုက်တာသာ ဖြစ်ပါတယ်။ သူတို့ရဲ့ ရွေးချယ်မှုက သိပ္ပံနည်းကျ ခန့်မှန်းချက်မဟုတ်ဘဲ အခွင့်အလမ်း (chance) နဲ့ တိုက်ဆိုင်သွားတာ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် လူတွေကတော့ ဒီလို ချစ်စရာတိရစ္ဆာန်လေးတွေရဲ့ "ခန့်မှန်းမှု" ကို အားကစားပွဲတွေရဲ့ ပျော်ရွှင်စရာ အစဉ်အလာတစ်ခုအဖြစ် သဘောကျနေကြဆဲပါ။ ဖိအားတွေ၊ တင်းမာမှုတွေ၊ ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ လူ့လောကကြီးထဲမှာ ဒီချစ်စရာတိရစ္ဆာန်လေးတွေကတော့ လူတွေကို ခဏတာပြုံးစေတဲ့ ပျော်ရွှင်စရာလေး တွေ ပေးခဲ့ကြတာပါ။
ဒါပေမယ့်... သူတို့ကို အားကိုးပြီး ဘောလုံးလောင်းမယ်ဆိုရင်တော့...
ဂွမ်း...... ဂွမ်း...... ဂွမ်း......
22/07/2026
🪸"ပန်းရောင်စုံတောကြီးလိုလှပေမယ့် အပင်မဟုတ်ဘူး။
ကျောက်ခဲ ကျောက်သားလိုမာပေမယ့် ကျောက်တုံးမဟုတ်ဘူး။” တဲ့.. ကဲ ဘာဖြစ်မလဲ လေ့လာကြည့်ရအောင်။
သန္တာကျောက်တန်းဆိုတာ အလွန်သေးငယ်တဲ့ coral polyps လို့ခေါ်တဲ့ ပင်လယ်ရေနေသတ္တဝါလေးတွေက ကယ်လ်စီယမ်ကာဗွန်နိတ် (calcium carbonate) ထုံးဓါတ်ကို အလွှာလိုက် တည်ဆောက်ရင်း နှစ်ပေါင်းထောင်ချီအတွင်း ဖန်တီးထားတဲ့ သဘာဝအံ့ဖွယ်တစ်ခုပါ။
ဇူလိုင်လရဲ့ တတိယပတ် ကို 𝐂𝐨𝐫𝐚𝐥 𝐑𝐞𝐞𝐟 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐖𝐞𝐞𝐤 အဖြစ် သတ်မှတ်ထားတာဟာ ဒီသန္တာကျောက်တန်းတွေ ဘယ်လောက်အရေးကြီးပြီး ဘယ်လောက်အန္တရာယ်ကြုံတွေ့နေရတယ်ဆိုတာ လူတိုင်းကို သတိထားစေချင်လို့ဖြစ်တယ်။
ကမ္ဘာ့သမုဒ္ဒရာမျက်နှာပြင်ရဲ့ ၁% ထက်တောင် နည်းတဲ့ ဧရိယာကိုသာ ဖုံးလွှမ်းထားပေမယ့် သန္တာကျောက်တန်းတွေက…
🐠 ငါးနဲ့ အခြားရေနေသတ္တဝါတွေ စတဲ့ ပင်လယ်သက်ရှိမျိုးစိတ်အားလုံးရဲ့ လေးပုံတစ်ပုံခန့် ရဲ့ နေအိမ် ဖြစ်တယ်။
🐠ကမ်းရိုးတန်းတွေကို လှိုင်းကြီးမုန်တိုင်းဒဏ်က ကာကွယ်ပေးတယ်။
🐠လူသန်းပေါင်းများစွာအတွက် အစားအစာနဲ့ အသက်မွေးဝမ်းကျောင်းကို ပံ့ပိုးပေးတယ်။
💊 အနာဂတ်ဆေးဝါးသစ်တွေ ရှာဖွေဖော်ထုတ်နိုင်ဖို့လည်း အရေးပါတဲ့ သဘာဝရတနာတစ်ခု ဖြစ်တယ်။
သို့သော်..... လူတွေဖန်တီးနေတဲ့
💥ကမ္ဘာ့နဲ့ပင်လယ်ရေအပူချိန် မြင့်တက်လာခြင်း (𝐠𝐥𝐨𝐛𝐚𝐥 𝐰𝐚𝐫𝐦𝐢𝐧𝐠)
💥ရာသီဥတုပြောင်းလဲမှု (𝐜𝐥𝐢𝐦𝐚𝐭𝐢𝐜 𝐜𝐡𝐚𝐧𝐠𝐞𝐬)
💥ညစ်ညမ်းမှု (𝐩𝐨𝐥𝐥𝐮𝐭𝐢𝐨𝐧)
💥အလွန်အကျွံ ငါးဖမ်းခြင်း (𝐨𝐯𝐞𝐫𝐟𝐢𝐬𝐡𝐢𝐧𝐠)
💥 ဖျက်ဆီးတတ်တဲ့ ငါးဖမ်းနည်းလမ်း (𝐝𝐞𝐬𝐭𝐫𝐮𝐜𝐭𝐢𝐯𝐞 𝐟𝐢𝐬𝐡𝐢𝐧𝐠 𝐩𝐫𝐚𝐜𝐭𝐢𝐜𝐞𝐬) တွေကြောင့် သန္တာကျောက်တန်းတွေဟာ အရှိန်အဟုန်နဲ့ ပျက်စီးနေပါတယ်။
သန္တာကျောက်တန်းတွေ ပျောက်ကွယ်သွားရင် ပင်လယ်ဇီဝမျိုးစုံမျိုးကွဲ (ocean biodiversity) တွေ လျော့နည်းလာမယ်၊ ငါးအရင်းအမြစ်တွေ ကျဆင်းမယ်၊ ကမ်းရိုးတန်းတွေ မုန်တိုင်းဒဏ်ကို ပိုခံရမယ်၊ လူတွေရဲ့ စားနပ်ရိက္ခာနဲ့ အသက်မွေးဝမ်းကျောင်းတွေလည်း ထိခိုက်လာပါလိမ့်မယ်။
🪸 သန္တာကျောက်တန်းတွေကို ကာကွယ်ကြပါ။ သူတို့ဟာ ပင်လယ်သက်ရှိတွေကိုသာ မက မိမိတို့လူသားတွေရဲ့ အနာဂတ်ကိုပါ ကာကွယ်တာ ဖြစ်ပါတယ်။ 🪸
ပထမ မန့်မှာ 👇🏿သိထားသင့်တဲ့ Coral Reef အကြောင်း စိတ်ဝင်စားဖွယ်အချက် (၅) ချက်ကိုဖော်ပြပေးထားပါမယ်။
08/07/2026
တိရစ္ဆာန်တွေ ဒဏ်ရာရရင် ဘာလို့ လျှာနဲ့ယက်ကြတာလဲ? 🤔
ငယ်ငယ်တုန်းက လူတိုင်းနီးပါး အပြေးသန်၊ အဆော့သန်ကြပါတယ်။ ဒူးပွန်း၊ လက်ပွန်း၊ ဒဏ်ရာလေးတွေက နေ့တိုင်းလိုလို ရှိခဲ့တယ်။ နာလာရင်တော့ တံတွေးလေးဆွတ်ပြီး “သက်သာသွားပြီ” လို့ ထင်ပြီး ပြန်ပြေး၊ ပြန်ဆော့ခဲ့ကြတာကို မှတ်မိကြဦးမယ်ထင်ပါတယ်။
တိရစ္ဆာန်တွေကိုလည်း ကြည့်ပါ။ ဒဏ်ရာရတာနဲ့ လျှာနဲ့ အမြဲလိုလို ယက်နေကြတာကို တွေ့ရတယ်။ ဒါက အလေ့အကျင့်သက်သက် မဟုတ်ဘဲ သဘာဝက ဖန်တီးပေးထားတဲ့ ဇီဝဗေဒဆိုင်ရာ ကာကွယ်ရေးစနစ်တစ်ခု ဖြစ်နိုင်ပါတယ်။
လူနဲ့ နို့တိုက်သတ္တဝါတချို့ရဲ့ တံတွေးထဲမှာ opiorphin လို့ခေါ်တဲ့ pentapeptide (Gln–Arg–Phe–Ser–Arg atmino acids ၅ ခုသာ ပါဝင်တဲ့ peptide) တစ်မျိုး ပါရှိပါတယ်။ ဒီ opiorphin က နာကျင်မှုကို တိုက်ရိုက် သက်သာစေတာတော့မဟုတ်ပေမယ့် သူ့တာဝန်က ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်လုပ်ပေးတဲ့ enkephalins လို့ခေါ်တဲ့ natural painkillers တွေကို မပျက်စီးအောင် ကာကွယ်ပေးတာပါ။ အဲ့ဒီအတွက် enkephalins တွေက ပိုကြာကြာ အလုပ်လုပ်နိုင်ပြီး နာကျင်မှုကို သဘာဝအတိုင်း သက်သာစေပါတယ်။ ဒါတင်မကသေး ........
တံတွေးထဲမှာ lysozyme, lactoferrin, peroxidases နဲ့ histatins လို ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေး တဲ့ antimicrobial proteins တွေလည်း ပါဝင်ပါတယ်။ ထို့အပြင် growth factors တွေကလည်း ပျက်စီးသွား တဲ့ တစ်ရှူးတွေကို ပြန်လည်ပြုပြင်ရာမှာ အထောက်အကူပြုပါတယ်။
ဒါကြောင့် တိရစ္ဆာန်တွေ ဒဏ်ရာကို လျှာနဲ့ယက်တာဟာ—
✔️ နာကျင်မှုကို သဘာဝအတိုင်း သက်သာစေဖို့၊
✔️ ရောဂါပိုးဝင်ရောက်မှုကို လျှော့ချဖို့၊
✔️ ဒဏ်ရာပြန်လည်သက်သာဖို့ အတွက် အကျိုးရှိတဲ့ အပြုအမူတစ်ခုလို့ ယူဆကြပါတယ်။
🌿 Science က စာအုပ်ထဲမှာပဲ ရှိတာမဟုတ်ပါဘူး။ နေ့စဉ်မြင်တွေ့နေတဲ့ သဘာဝဖြစ်စဉ်တိုင်းရဲ့ နောက်ကွယ် မှာ Science ရှိနေပါတယ်။ သဘာဝမှာ နေ့စဥ်တွေ့နေ မြင်နေကြ အကြောင်းအရာတွေကို Science concepts နဲ့ တွဲကြည့်လိုက်ရင် အသိပညာ အရမ်းတိုးပါတယ်။ ဆရာတွေ စာသင်ကြားရာမှာလည်း ဒီလိုအကြောင်း အရာတွေကို ညှပ်ထည့် သင်ရင် ကလေးတွေ အရမ်းစိတ်ဝင်စားပြီး ဘာသာရပ်ကို ပိုချစ်လာကြတယ်ဆိုတာ ကိုယ်တွေ့ပါ။
17/06/2026
Biology ကို သင်ကြားလာတဲ့ အနှစ် ၄၄ နှစ်အတွင်းမှာ Evolution topic က သင်ရတာ အပျင်းဆုံးဆိုပေမယ့် အခု Cambridge A2 အတွက် စာသင်ရင်း တဖြည်းဖြည်းစိတ်ဝင်စားသလိုလိုဖြစ်လာတယ်။
Population တစ်ခုအတွင်းမှာ allele frequencies ပြောင်းလဲခြင်း (တနည်း) evolution ကိုဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုက Natural selection ဆိုပေမယ့် အခြားအကြောင်းရင်းတွေလဲရှိသေးတယ်။ အဲ့ဒီအထဲက Genetic drift ဆိုတာကို စိတ်ဝင်စားမိတယ်။
အခု မြန်မာပြည်မှာဖြစ်နေတဲ့ အဖြစ်အပျက်တွေကို Bottleneck effect of Genetic drift လို့ ယူဆမိတယ်။ မျိုးပွားနိုင်တဲ့ အရွယ်ရောက်နေပြီဖြစ်တဲ့ လူငယ်တွေ ပြည်ပနိုင်ငံတွေကို ထွက်ခွာနေကြတာ၊ ပြည်တွင်းစစ်အတွင်း နှစ်ဘက်လုံးမှာ သေကြေနေကြတာတွေက original population ဖြစ်တဲ့ မြန်မာပြည်တွင်းမှာရှိတဲ့ genetic pool ကို အပြောင်းအလဲ အများကြီးဖြစ်စေနေတာဖြစ်တယ်။ နောင်နှစ်များစွာ ကြာလာရင် Myanmar genetic pool မှာ ဘယ် Alleles တွေကျန်ရစ်ခဲ့ပြီး ဘယ် allelel တွေ ထာဝရ ပျောက်ဆုံးသွားမလဲ ဆိုတာ လူကြီးမင်းများ စဥ်းစားမိမယ် မထင်။ သိလဲ ဂရုစိုက်ကြမယ်မထင်။