အင်္ဂလိပ်စာတတ်လိုသော်

အင်္ဂလိပ်စာတတ်လိုသော်

Share

Self-study လုပ်ချင်သူများအတွက် ရည်ရွယ်ပါတ?

14/03/2024

ဒီပေ့ချ်လေးမှာ အခုမှဝင်ဖတ်ကြတဲ့ညီငယ်၊ ညီမငယ်တွေက ဒီပေ့ချ်ရဲ့ဆောင်းပါးတွေပုံစံကို အခုမှစလေ့လာကြတော့ သိပ်သဘောမပေါက်ကြပဲ လာလာမေးကြလို့ အရင်ကရေးခဲ့တာလေးကို ပြန်ဖြည့်ပြီး ကြားဖြတ်တင်ပေးလိုက်ပါတယ်။ ပိုပြီးနားလည်သဘောပေါက်သွားအောင်ပါ။ ဟိုးအရင်ကတည်းကဖတ်လာသူတွေကတော့ နားလည်ပြီးသားပါ။

ဒီပေ့ချ်လေးမှာ ဆောင်းပါးတွေကို အပိုင်းသုံးပိုင်းခွဲပြီးတင်ပါတယ်။
၁) အင်္ဂလိပ်စာတတ်လိုသော်
၂) သတင်းစာ၊ ဂျာနယ်များထဲက အင်္ဂလိပ်စာ နဲ့
၃) စာတတ်ချင်လျှင် စာဖတ်သင် ဆိုပြီးတော့ သုံးပိုင်းခွဲထားပါတယ်။
အသေးစိတ်ကတော့ အရင်တုန်းကတင်ခဲ့ဖူးတဲ့ အောက်ကစာစုလေးကို ဖတ်ပါ။

ဆောင်းပါးတွေကို ဘက်စုံဖြစ်အောင်ဆိုပြီး အလှည့်ကျသဘောနဲ့ ဆက်တိုက်ရေးတင်ပါတယ်။ အဲတော့ ဆောင်းပါးတွေကို ရှာတဲ့အခါ တချို့ကနားမလည်တော့ မသိရင်ကျော်ခွသလိုဖြစ်နေတယ်။ အင်္ဂလိပ်စာတတ်လိုသော်ဆောင်းပါးကို အမှတ် (၁) ကနေဆက်တိုက်ဖတ်လာပြီး အမှတ် (၅) လောက်ရောက်မှ ရုတ်တရက် “စာတတ်ချင်လျှင် စာဖတ်သင်“ တို့ “သတင်းစာ၊ ဂျာနယ်များထဲက အင်္ဂလိပ်စာ “ တို့စသဖြင့် ခေါင်းစဉ်ပြောင်းသွားတဲ့အခါ အခုမှစဖတ်တဲ့လူတွေက ရောထွေးကုန်ရော။ ပေ့ချ်က website လိုမဟုတ်တော့ ခေါင်းစဉ်တခုအောက်မှာပဲ သူနဲ့သက်ဆိုင်ရာဆောင်းပါးတွေကို ထားလို့မရဘူး။ အဲတော့ အကျော်ကျော်အခွခွတွေ ဖြစ်ကုန်ပါတယ်။ ဒါလေးတော့ သီးခံပြီး ရှာဖတ်ကြပါလို့ပဲပြောချင်ပါတယ်။ တချို့တွေက နည်းပညာနားလည်ပြီးလုပ်တတ်တော့ ခေါင်းစဉ်တခုအောက်မှာ ဆောင်းပါးအကုန်စုပေးပြီး comment မှာထည့်ပေးကြပါတယ်။ အများကြီး ကျေးဇူးတင်ပါတယ်။ ကိုယ်ကိုတိုင်က နည်းပညာပိုင်းသိပ်မရတာရယ်၊ အချိန်မရတာရယ်နဲ့ အဲလိုစုမပေးနိုင်ပါဘူး။ တကူးတက ဒုက္ခခံပြီးစုပေးကြသူတွေကို အထူးကျေးဇူးတင်ရပါတယ်။ နောက်ပြီး တကယ်ကိုလိုလိုချင်ချင်နဲ့ အချိန်ပေးလေ့လာကြသူတွေရှိတာတွေ့ရတော့လည်း အပင်ပန်းခံရေးရကျိုးနပ်တယ်လို့ ခံစားမိပါတယ်။ လေ့လာသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ တချို့တွေဆိုရင် မှတ်စုစာအုပ်တွေ စာအုပ်လိုက်ကုန်သည်အထိ ပြန်ရေးမှတ်ကြတယ်လို့သိရလို့ အံ့ဩရပါတယ်။ ကျေနပ်မိတာတော့ အမှန်ပါ။
အဲလိုလေ့လာသူတွေရှိတော့ တတ်နိုင်သမျှဆက်တိုက်ရေးတင်ပေးဖို့ အားဖြစ်ပါတယ်။ ကိုယ့်အတွက်တော့ ဘာကိုမျှမမျှော်ကိုးပါ။ အင်္ဂလိပ်စာအရူးအမူးတတ်ချင်တဲ့ ငွေကြေးချို့တဲ့တဲ့ကိုယ့်ကို ဘဘ ဘဝသစ်ဦးအောင်ကျော်က သူ့သင်တန်းကျောင်းမှာ ထမင်းလည်းကျွေး၊ အခမဲ့ပညာသင်ယူခွင့်လည်းပေးခဲ့တယ်။ ဒီနေ့ ဒီလိုအပင်ပန်းခံပြီး ကိုယ်သိသမျှလေးကို ပြန်ဖြန့်ပေးရတာ ဘဘဆရာသင်ပေးခဲ့တဲ့ပညာတွေနဲ့ ဘဘကို တဖက်တလမ်းက ပြန်ပြီးကျေးဇူးဆပ်နေတယ်လို့ပဲယူဆပါတယ်။ အဲဒီစိတ်ကလေးနဲ့ပဲ အားထုတ်ပြီးဆက်တိုက်ရေးဖြစ်နေတာပါ။ ကိုယ့်ကို ကျေးဇူးတင်စရာမလိုပါ... ဘဘဆရာကြီး ဘဝသစ်ဦးအောင်ကျော်ကိုသာ ကျေးဇူးတင်ကြပါလို့...
ကိုယ့်အတွက်တော့ ဘဘဆီမှာ ၇ နှစ်နီးပါးပညာသင်ခဲ့ရတာဟာ တကယ့်ကံကောင်းခြင်းပါပဲ...

အောက်က စာစုလေးကတော့ အရင်ကရေးခဲ့တာလေးပါ။

ဒီပေ့ချ်လေးမှာ စရေးကတည်းကပြောခဲ့တယ်။ တတ်နိုင်သမျှ ဘဘ ဘဝသစ်ဦးအောင်ကျော် သင်တဲ့ပုံစံအတိုင်း ရေးတင်ပေးမယ်လို့ ပြောခဲ့တယ်။ ဒစ်ရှင်နရီက စာကြောင်းတွေအပြင် သတင်းစာ၊ ဂျာနယ်၊ အက်ဆေးတွေ၊ မိန့်ခွန်းတွေ၊ Reader Digest’s Special Features ထဲကစာတွေ၊ အင်္ဂလိပ်ဝတ္တုတိုတွေကို တိုက်ရိုက်ဖတ်တာနဲ့ ဘဘရဲ့ Presenting Myanmar ထဲက ဆောင်းပါးတွေစသဖြင့် အတတ်နိုင်ဆုံး စာဖတ်နိုင်ဖို့ Comprehensive ဖြစ်အောင်ရေးတင်ပေးမယ် လို့ဆိုခဲ့တယ်။
ပြောခဲ့တဲ့အတိုင်းလည်း ကဏ္ဍလေးတွေခွဲပြီး တင်ပေးခဲ့တယ်။

(၁) အင်္ဂလိပ်စာတတ်လိုသော်
ဒီခေါင်းစဉ်လေးအောက်မှာ Dictionary ထဲကစာကြောင်းတွေနဲ့ သိသင့်တဲ့အကြောင်းအရာတွေကို ဆက်တိုက်ရေးပေးနေပါတယ်။ စာကြောင်းလေးတွေကို လေ့လာရင်းကနေ နောက်ဆုံးမှာ English to English Dictionary ကို ကိုယ်တိုင်နားလည်ပြီး အသုံးပြုသွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ နောက်ဒီစာကြောင်းလေးတွေထဲက သိသင့်သိထိုက်တဲ့ စကားလုံးတွေရဲ့ ရှေ့နောက်အဆက်အစပ်အတွဲတွေကို နမူနာတွေနဲ့ သုံးပြပေးတယ်။ တကယ်တော့ ဒါတွေဟာ လက်တွေ့မှာ သုံးနေကြတာတွေပဲ။ ဒါလေးတွေကို သိထားခြင်းအားဖြင့် လက်တွေ့စာဖတ်ရမှာ မြင်လာမယ်။ မြင်လာတော့ မှတ်မိလာမယ်။ နောက်တော့ ကိုယ်လည်း ပြန်သုံးနိုင်မယ်ပေါ့။ စု တု ပြုပေါ့လေ။

(၂) စာတတ်ချင်လျှင် စာဖတ်သင်
ဒီကဏ္ဍလေးမှာတော့ Presenting Myanmar ကို မူထားပြီး ဝတ္တုတိုလေးတွေ၊ Reader Digest’s Special Features ကစာတွေကို ရေးထည့်ပေးထားတယ်။ Vocabulary တွေသိမယ်။ စာကြောင်းတွေရဲ့ အချိတ်အဆက်တွေသိမယ်။ အင်္ဂလိပ်ဝတ္တုတိုလေးတွေ၊ Reader Digest’s Special Features ဒိုက်ဂျက်ထဲက မူလမူရင်းဝတ္တုကြီးတွေကို ခြုံ့ရေးထားတဲ့မူ (Condensed book) တွေထဲက ကောင်းနိုးရာရာတွေ တင်ပေးမယ်။ အင်္ဂလိပ်ဝတ္တုတွေကတဆင့် သူ့တို့မိခင်ဘာသာစကားသုံးသူတွေရဲ့ တကယ့်လက်တွေ့ကျတဲ့ နိစ္စဒူဝအသုံးတွေကို နမူနာစာကြောင်းတွေနဲ့လေ့လာမယ်။ ဒီဝတ္တုတွေကတဆင့် idioms တွေ၊ phrasal verbs တွေ၊ sayings တွေ၊ proverbs တွေ၊ colloquial expressions တွေ useful phrases တွေရမယ်။ သူတို့ကို သုံးပြထားတဲ့ နမူနာစာကြောင်းတွေနဲ့ပါ တခါထဲပူးတွဲလေ့လာတော့ ဘယ်လိုအသုံးပြုရတယ်ကအစ တခါထဲသိသွားတယ်။ အင်္ဂလိပ်စစ်စစ်တွေရဲ့ အသုံးအနှုံးတွေကို တခါထဲနားလည်သွားမယ်။ ဖတ်ရင်းနဲ့ ဖတ်ပါများလာတဲ့အခါ စာဖတ်ရမှာ မကြောက်တော့ပဲ ဖတ်ရဲလာမယ်။
နောက်ဘဘရဲ့ Presenting Myanmar ကို အသေးစိတ် ရေးမယ်။ မြန်မာမှု မြန်မာနဲ့ ပတ်သက်တဲ့ အရေးအသား အသုံးအနှုံးတွေကို ဒီဆောင်းပါးတွေကဖတ်ရင်း သိရမယ်။ မြန်မာမှုတွေကို အင်္ဂလိပ်မှာ ဘယ်လိုဖလှယ်သုံးရတယ်ဆိုတာ ဒီဆောင်းပါးတွေက သိရမယ်ပေါ့။

(၃) သတင်းစာ၊ ဂျာနယ်များထဲက အင်္ဂလိပ်စာ
ဒါကတော့ အခုထပ်တိုးမယ့် ကဏ္ဍလေးပါ။ အစကတော့ စာတတ်ချင်လျှင် စာဖတ်သင်အောက်မှာထားမလို့ပဲ။ စဉ်းစားကြည့်တော့ စာတတ်ချင်လျှင် စာဖတ်သင်ထဲမှာက ဝတ္တုတိုတွေ ဆောင်းပါးကြီးတွေက တော်တော်ရှည်တယ်။ အဲတော့ ဥပမာ အက်ဆေးလေးတွေ၊ အယ်ဒီတာအာဘော်လေးတွေ စတဲ့ တမျက်နှာအတိုလေးတွေ တင်ချင်တဲ့အခါ စာတတ်ချင်လျှင် စာဖတ်သင်မှာ ဖြတ်တင်ဖို့ကျတော့ အဆင်မပြေပြန်ဘူး။ အဲတော့ အဲဒီသတင်းစာဂျာနယ်တွေထဲက ဆောင်းပါးအတို၊ အရှည်တွေကို ဒီကဏ္ဍလေးမှာ ရေးတင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ သတင်းစာ၊ ဂျာနယ်များလို့ ပြောပေမယ့် ဒီမှာ အက်ဆေးတွေ၊ ကမ္ဘာကျော်မိန့်ခွန်းတွေကစလို့ Time/Newsweek နဲ့ Foreign Affairs ထဲက ဆောင်းပါးကြီးတွေကအစ အလျဉ်းသင့်သလို ရေးတင်ပေးမယ်။
ကိုယ်တို့အင်္ဂလိပ်စာစသင်တော့ သတင်းစာကစတယ်။ အင်္ဂလိပ်သတင်းစာ ဖတ်တယ်။ ဖတ်ရင်းသင်တယ်။ ပြောတော့သာ သတင်းစာဖတ်ပြောပေမယ့် Journalism ရဲ့ အရေးအသားနဲ့ သူမှာသုံးတဲ့ specific jargon တွေကို နားမလည်ရင် မဖတ်နိုင်ပြန်ဘူး။ ပြောတော့ အင်္ဂလိပ်စာလို့ဆိုပေမယ့် သူ့နယ်ပယ်နဲ့သူ သတ်မှတ်တဲ့အသုံးတွေရှိတာကိုး။ ဆေးပညာအသုံး၊ စီးပွါးရေးဆိုင်ရာ specific jargon ၊ နိုင်ငံရေးနဲ့ပတ်သက်တာဖတ်ရင် နိုင်ငံရေးဆိုင်ရာ အသုံးအနှုံး၊ အားကစားနဲ့ဆိုင်တဲ့ဆောင်းပါးဖတ်ရင် အားကစားအသုံးအနှုံးစသဖြင့်ရှိတယ်။ အဲတာတွေကို တီးမိခေါက်မိလောက်ရှိထားမှ စာဖတ်ရတာ အဆင်ပြေပါတယ်။ မဟုတ်ရင် ကောင်းကောင်းနားမလည်ဘူး။ အကုန်လုံးတော့ သိရမယ်လို့ မဆိုလိုပါဘူးလေ။ ဘယ်သူမှလည်း မသိနိုင်ဘူး။ ဥပမာ ကိုယ်ဆိုရင် အားကစားကို သိပ်မဖတ်တော့ သိပ်ပြီးကောင်းကောင်းခံစားလို့မရဘူး။ ဒါမျိုးဆိုတာကလည်း ဖတ်နေမှကိုး...။
အဲတော့ အပေါ်မှာပြောခဲ့တဲ့အတိုင်း သတင်းဆောင်းပါးတွေကို ဒီကဏ္ဍလေးမှာ တင်ပါမယ်။ ဒီကနေ လေ့လာကြပေါ့။ အနည်းဆုံးတော့ Journalism ရဲ့ စကားလုံးတွေ သိလာမယ်။ Vocabulary တိုးပွါးစေဖို့ ဒီကဏ္ဍလေးက တဖက်တလမ်းက အကျိုးပြုမယ်။ တဆင့်တဆင့်တက်ဖတ်ရင်းကနေ နောက်ဆို Time/Newsweek သတင်းစာကြီးတွေ ဖတ်နိုင်လာမယ်။
Listening skill အတွက် BBC/ CNN သတင်းတွေနားထောင်တဲ့အခါ အရင်တုန်းက နားမလည်ခဲ့တာတွေ နားလည်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဒီလောက်ဆိုရင် အပိုင်းသုံးပိုင်းကို ဘယ်လိုခွဲခြားလေ့လာရမယ်ဆိုတာ သဘောပေါက်လောက်ပြီထင်ပါတယ်။ စိတ်ရှည် သည်းခံပြီး ဇွဲရှိရှိနဲ့ လေ့လာကြည့်ပါ။ ခြောက်လ တနှစ်လောက်အတွင်းမှာ သိသိသာသာကြီး တိုးတက်လာတာတွေ့ရပါလိမ့်မယ်။
1. Passion
2. Persistence
3. Perseverance ဆိုတဲ့ P သုံးလုံးကို လက်ကိုင်ထားပြီး စွဲစွဲမြဲမြဲလေ့လာကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။

“The proof of the pudding is in the eating.” ဆိုတဲ့အတိုင်း တကယ်လုပ်ရင် တကယ်ဖြစ်ပါလိမ့်မယ်....

အင်္ဂလိပ်စာ တတ်မြောက်ကြပါစေ

Edmond Dante
30/10/2020 22:05 hrs
Singapore

08/02/2024

အဝေးကပဲ ကန်တော့လိုက်ပါတယ် ဘဘဆရာ... 🙏🙏🙏
ဘဘရယ်... အမေပုရယ်... ၂၁ လမ်းသင်တန်းကျောင်းကနေ့ရက်တွေကို အမြဲအမှတ်ရနေမှာပါ...
အဲဒီ ၇ နှစ်တာကာလဟာ ဘဝမှာပျော်စရာအကောင်းဆုံးပဲ ဘဘရယ်... 😢
တပည့်ကြီး အဝေးကနေပဲ နှုတ်ဆက်ကန်တော့ပါတယ်...
🙏🙏🙏

ဆရာကြီးဘဝသစ်ဦးအောင်ကျော် (၁၉၃၄ -၂၀၂၄)
(အသက် ၉၀ နှစ်)ဆုံးပါးခြင်းအတွက် မိသားစုနဲ့
ထပ်တူခံစားရပါတယ်။

________

ဆရာကြီးသည် ၁၈၊ ၂၊ ၁၉၃၄ တွင်မိတ္ထီလာခရိုင်၊
မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ရွာတွင်ဦးဘိုးကြည် ၊ ဒေါ်ဖွာမြဲတို့မှမွေးဖွားခဲ့သည်။ငယ်စဉ်က ကျေးရွာ
မူလတန်းကျောင်းတွင် ပညာ သင်ကြားခဲ့ပြီး ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဝါတွင်း၊ ဝါပ စုစုပေါင်း(၆)လ
ကိုရင်ဝတ်ခဲ့ပြီး အခြေခံ ဘာသာရေး စာပေများကို သင်ကြားခဲ့သည်။

ဆရာကြီးသည်အသက် ၁၃ နှစ် အရွယ်တွင် ရန်ကုန်
မြို့နေ ဦးလေးဖြစ်သူ (ထွန်းသတင်းစာ၊ အယ်ဒီတာ
ဦးထွန်းဖေ) ၏ အိမ်၌ နေ၍ ပညာ ဆက်လက် သင်
ကြားခဲ့သည်။

ဆရာကြီးသည်တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီးနောက် ၁၉၅၁ ခုနှစ်မှ ၁၉၅၃ ခုနှစ်အထိ မန္တလေး တက္ကသိုလ်တွင် တက်ရောက် သင်ကြားခဲ့သည်။

ဆရာကြီးသည် ပထမနှစ်တွင် သာသနာပြု ကျောင်းသူ၊ ကျောင်းသားဟောင်းများ အသင်းက ကျင်းပသော အင်္ဂလိပ်စာစီစာကုံး ပြိုင်ပွဲတွင် ပထမဆု ဆွတ်ခူးခဲ့သည်။ စာစီစာကုံး ခေါင်းစဉ်မှာ (Stray Thoughts) (တွေ့ရာစိတ်ကူး) ဖြစ်သည်။

ဆရာကြီးသည်ဒုတိယနှစ် တက်နေစဉ် တက္ကသိုလ်ဝင်တန်း ညကျောင်းတစ်ကျောင်း၌ အင်္ဂလိပ်စာပြဆရာ ဖြစ်လာသည်။ စေတနာရှင်ကြီး တစ်ဦးဖြစ်သည့် ဦးကျော်လှ ဦးစီး ဖွင့်လှစ်သော အခမဲ့ English Speaking Club တွင် ပါဝင် လှုပ်ရှားခဲ့သည်။

ဆရာကြီးသည် ထိုခေတ်က Intermediate of Art ခေါ် ဒုတိယနှစ် စာမေးပွဲတွင် တစ်ကျောင်းလုံး၌ အင်္ဂလိပ်စာ၊ မြန်မာစာနှင့် Logic (ယုတ္တိဗေဒ) ဘာသာများတွင် အမှတ်အများဆုံး ရရှိ၍ တက္ကသိုလ် မြန်မာစာအသင်းက ရွှေတံဆိပ်ဆု ချီးမြှင့်ခြင်းကို ခံယူရသည်။ တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်နှင့် နံရံကပ် စာစောင်များတွင် ပါဝင် ရေးသားခဲ့သည်။

ဆရာကြီးသည် ဒုတိယနှစ် စာမေးပွဲ အောင်မြင်ပြီးနောက် အင်္ဂလိပ်စာ ဂုဏ်ထူးတန်း တက်ရန် ရန်ကုန်သို့ ဆင်းလာခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ရိုးရိုးဘီအေဘွဲ့နှင့် ၁၉၅၆ ခုနှစ်တွင် အင်္ဂလိပ်စာဂုဏ်ထူးဘွဲ့ ရရှိခဲ့သည်။ ထို့အပြင် နှစ်အတော်ကြာတွင် B.L ဘွဲ့ကို ထပ်မံ ရရှိသည်။

ဆရာကြီးသည် ၁၉၅၄ ခုနှစ်တွင်ကျောင်းနေဖက် မိတ်ဆွေ ဦးဟုတ်လှိုင်နှင့် တွဲဖက်၍ ဘဝသစ် အထက်တန်းကျောင်းကို (တက္ကသိုလ် တက်နေရင်း) တည်ထောင်သည်။ ၁၉၅၅ ခုနှစ်မှ စ၍ ၁၉၅၇ ခုနှစ်အထိ ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာ ဌာနတွင် နည်းပြအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ကျောင်းကို ပြည်သူပိုင် အဖြစ် အသိမ်းခံရသော အခါ အင်္ဂလိပ်စာ ကျူရှင်ဆရာ ဖြစ်လာခဲ့သည်။

ဆရာကြီးသည် ၁၉၈၇ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဗွီအိုအေ အသံလွှင့်ဌာနသို့ သွားရောက် အမှုထမ်းခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် မိမိဆန္ဒ အလျောက် ဗွီအိုအေမှ နုတ်ထွက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ အမေရိကန်နိုင်ငံရှိစဉ် ဒစ္စနီကမ္ဘာ၊ ဟောလိဝုဒ် စသည့် ဒေသများနှင့် လန်ဒန်၊ ပါရီ၊ (ရှိတ်စပီးယား ဇာတိ) အေဗွန်မြစ်ပေါ်က စထရတ်ဖို့ဒ်မြို့များသို့ သွားရောက် လည်ပတ်ခဲ့သည်။ ထို့အပြင် ထိုင်း၊ စင်္ကာပူနှင့် အိန္ဒိယ နိုင်ငံများသို့လည်း ဝင်ရောက် လည်ပတ်ခဲ့သည်။

ဆရာကြီးသည် စာပေ ရေးသားခြင်းကို ၁၉၅ဝ ပြည်နှစ်များမှ စခဲ့သည်။ မိုးဝေ၊ ချယ်ရီ၊ စန္ဒာ၊ သင့်ဘဝ၊ စာမော်ကွန်း၊ နွယ်နီ၊ စံပယ်ဖြူ၊ လှပ၊ အပျိုစင်၊ သောင်းပြောင်းထွေလာ၊ ရတနာပန်းခင်း၊ The Best English၊ English for All၊ The Light of English၊ The International၊ Lifestyle၊ Today စာစောင်များတွင် နိုင်ငံတကာရေးရာ၊ အတွေးအမြင်၊ ခရီးသွား အတွေ့အကြုံ၊ မြန်မာမှုနှင့် အင်္ဂလိပ်စာ ပညာပေး ဆောင်းပါးများကိုရေးသားခဲ့သည်။

Edit - ဆရာကြီးသည် အသက်(၉၀) အရွယ် ၊
၈.၂.၂၀၂၄ ကြာသပတေးနေ့ နံနက် ၅နာရီ ၅၈မိနစ်အချိန် ၌ရန်ကုန်မြို့ ရွှေဂုံတိုင် SSC ဆေးရုံကြီးတွင်
အနိစ္စ ရောက်ရှိခဲ့ပါသည်။

ဆရာကြီး၏ ဇနီးသည်မှာ ကွယ်လွန်သူနိုင်ငံ့လက်ရွေးစင် အားကစားမယ်၊ အဆိုတော် ဒေါ်လီလီကြာညွန့် ဖြစ်ပြီး၊ဆရာကြီး ၏ကလောင်အမည်များမှာ မောင်ကြာညို၊ မောင်သေလာ၊ ကျော်ကျော် တို့ဖြစ်ကာ စာပေရေးသားခြင်းကို သက်ဆုံးတိုင် ဆောင်ရွက်သွားခဲ့ပါသည်။

#ကိုမျိုးမြန်မာစာ

(ကိုးကားဝီကီ)

Photos from အင်္ဂလိပ်စာတတ်လိုသော်'s post 29/06/2023

စာကြည့်တိုက်တွေကို သွားပါ။ စာဖတ်ကြပါ။

စာကြည့်တိုက်တွေမြင်တိုင်း ကိုယ်တို့ငယ်ငယ် အင်္ဂလိပ်စာတတ်ချင်၊ အင်္ဂလိပ်စာအုပ်တွေဖတ်ချင်တဲ့ကာလတွေကို ပြန်ပြောင်းသတိရမိတယ်။ ရန်ကုန်ကိုရောက်ခါစ ပိုက်ဆံကလည်းပေါပေါများများမရှိ။ ဦးလေးအိမ်မှာကပ်နေရင်း တောက်တိုမယ်ရလုပ်ပေး၊ အားတဲ့အချိန် ဘဘ ဘဝသစ်ဦးအောင်ကျော်သင်တန်းမှာ အင်္ဂလိပ်စာသင်တန်းတက်။ ပန်းဆိုးတန်းအဟောင်းတန်း၊ ဗိုလ်ချုပ်လမ်းရုပ်ရှင်ရုံတွေအောက်က အဟောင်းတန်းတွေမှာ ရီးဒါးဒိုက်ဂျက်အဟောင်းလေးတွေ၊ နောက် ဆူးလေဘုရားလမ်းမပေါ်က အင်းဝတိုက်ဆိုင်အဝမှာချထားတဲ့ ခြင်းကြားထဲက တိုင်းမ်၊ နယူးစ်ဝိခ်မဂဇင်းအဟောင်းတွေကို တအုပ် ၂၀၀၊ ၃၀၀ နဲ့ဝယ်ဖတ်ရတယ်။ ဗိုလ်ချုပ်စျေးပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာအုပ်ကောင်းတွေရောင်းတဲ့ လမ်းဘေးစာအုပ်ဆိုင်အနည်းအကျင်းရှိပေမယ့် ငွေကြေးကမပေါသီတော့ အနားမကပ်နိုင်ဘူး။ နောက်ဆုံးတော့ သံရုံးစာကြည့်တိုက်တွေပဲ အားကိုးရတော့တယ်။
သံရုံးစာကြည့်တိုက်ဆိုပြန်တော့လည်း အင်္ဂလိပ်စာအုပ်ပေါပေါများများရပြီး အများဆုံးသွားကြတာက ပဲခူးကလပ်က American Center (ကိုယ်တို့အခေါ် AC) နဲ့ ကမ်းနားလမ်းက British Council Library၊ ဒီနှစ်ခုပဲ အသွားများတယ်။
American Center Library
သိမ်ငယ်စိတ် (အင်္ဂလိပ်လိုဆိုရင်တော့ inferiority complex) က အတော်ဆိုးတယ်။ သူ့ကြောင့်ပဲ ကိုယ့်မှာစာကြည့်တိုက်ဝင်ခွင့်လုပ်ဖို့ကို သုံးလေးခေါက်ကြာလိုက်တယ်။ အမေရိကန်စင်တာစာကြည့်တိုက်မှာ စာကြည့်တိုက်အသင်းဝင်ကဒ်လုပ်မယ်ဆိုတော့ အဲဒီပဲခူးကလပ်က စာကြည့်တိုက်ကို မယောင်မလည်နဲ့သွားကြည့်တယ်။ အဲဒီအချိန်က ကိုယ်တွေကလည်း သူလိုလူရဲ့အရှိန်နဲ့ ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ပိုးဝင်နေတော့ လွယ်အိတ်တလုံးနဲ့ မှုန်ကုပ်ကုပ် ပေစုပ်စုပ်ပေါ့လေ။ စာကြည့်တိုက်အဝင်ဝက စစ်ဆေးရေးဂိတ်က မှန်တခါးမှာစာကပ်ထားတယ်။ စာကြည့်တိုက်မန်ဘာဝင်ချင်ရင် ဖောင်ဖြည့်၊ မှတ်ပုံတင်မိတ္တူ၊ တနှစ်စာမန်ဘာကြေး ပိုက်ဆံ ငါးရာ ဘာညာပေါ့လေ...။ အဲဒါကို အဲဒီငါးရာက FEC လား၊ ဘာလားဆိုပြီး အတွေးချော်တယ်။ တကယ်ဆို အဲဒီက လုံခြုံရေးဝန်းထမ်းအကိုကြီးတွေကလည်း မြန်မာတွေချည်းပဲ။ သံရုံးဆိုတော့ စမတ်ကျကျဝတ်စားထားတာပေါ့လေ။ အဲဒါကိုယ်ကိုပဲ ကိုယ့်မှာသူတို့ကိုသွားပြီး မမေးရဲဘူး။ ရှက်သလို ကြောက်သလိုပေါ့။ ဒီလိုနဲ့ ယောင်ပေယောင်ပေနှစ်ရက်လောက်သွားကြည့်လိုက်၊ ပြန်လာလိုက်။ နောက်ဆုံးကျတော့မှ မနေနိုင်တော့ဘူး။ လူရှင်းတဲ့အချိန်ကိုစောင့်ပြီး မယောင်မလည် မှန်ခန်းနားကပ်သွားပြီး အကိုကြီး ဒီမန်ဘာကြေးငါးရာဆိုတာ မြန်မာငွေလားခင်ဗျ...လို့မေးတော့ “အေး မြန်မာငွေပေါ့ဟ... ဘာလဲမင်းက မြန်မာငွေနဲ့ မပေးပဲ ယူအက်စ်ဒေါ်လာနဲ့ ပေးချင်လို့လား....ရတယ် ငါ့ကိုပေး...“ ဆိုပြီး သူကတောင် ကိုယ့်ကိုပြန်နောက်နေသေးတယ်။ အဲတော့မှ သက်ပြင်းချနိုင်တယ်။ ဒီလိုနဲ့ အန်ကယ်ဆမ်ရဲ့အရိပ်မှာ ခိုနားခွင့်ရပြီး စာအုပ်တွေအများကြီးဖတ်ခွင့်ရခဲ့တယ်။ စာကြည့်တိုက်နောက်က Auditorium မှာ တပတ်ကိုရုပ်ရှင်တကားပြတယ်။ ဇာတ်ကားမပြခင် CNN ရုပ်သံလိုင်းကို နာရီဝက်လောက်ဖွင့်ပေးထားတယ်။ CNN နာရီဝက်ကို ငါးရက်လုံးဝင်နားထောင်တယ်။ ရုပ်ရှင်ကတော့ဇာတ်ကားကြိုက်ရင် နှစ်ကြိမ်သုံးကြိမ်ပြန်ကြည့်တယ်။ ကျန်တဲ့အချိန်တွေမှာ စာကြည့်တိုက်ထဲမှာ စာထိုင်ဖတ်တယ်။ ညနေလေးနာရီထိုးလို့ ကိုတိုနီရဲ့ Library closed ဆိုတဲ့အော်သံကြားမှ ထပြန်ကြတယ်။ ဦးလေးအလုပ်ကိုကူလုပ်ပေးချိန်မှလွဲပြီး ၂၀၀၁ ခုနှစ်လောက်ကနေပြီး စင်ကာပူကိုထွက်တဲ့ ၂၀၀၆ ခုနှစ်လောက်အထိ နေ့တိုင်းနီးနီးစာကြည့်တိုက်မှာရှိတယ်။ ဘန်ကောက်ပို့စ်၊ စင်ကာပူစထရိတ်တိုင်းစ်၊ International Herald Tribune စတဲ့သတင်းစာတွေကစလို့ Times/ Newsweek/ Current History/ Foreign Affairs/ Book reviews စတဲ့မဂဇင်းတွေ၊ ဝတ္တုစာအုပ်ပေါင်းများစွာအလယ်၊ နောက်ဆုံး စစ်အစိုးရနဲ့ မြန်မာပြည်အကြောင်းရေးထားပြီး သံရုံးအပြင်သယ်သွားလို့မိရင်အဖမ်းခံရနိုင်တဲ့စာအုပ်တွေအဆုံး အများကြီးဖတ်ဖြစ်ခဲ့တယ်။ ဒါကြောင့် အန်ကယ်ဆမ်ဟာ ကိုယ်တို့အပေါ်ကျေးဇူးရှိတယ်လို့ ပြောရတာ။

British Council Library
သူ့ကျတော့ နည်းနည်းဆရာကျတယ်။ ဆရာမောင်သာနိုးစကားနဲ့ပြောရရင် အင်္ဂလိပ်တွေက ဟိုတုန်းက လက်နက်နဲ့ကမ္ဘာကိုသိမ်းပြီးအုပ်စိုးတယ်၊ အခုတော့ language နဲ့ ကမ္ဘာကိုအုပ်စိုးပြန်တယ်တဲ့။ ဆရာပြောလည်း ပြောချင်စရာပဲ။ တကယ်လည်း ဟုတ်တယ်။ သူ့ဆီမှာ စာကြည့်တိုက်အသင်းဝင်ချင်ရင် အဲဒီအချိန်က တနှစ်စာမန်ဘာကြေးကို FEC 20 ပေးရတယ်။ ကိုယ်တွေလို ငမွဲတွေအတွက်ဘယ်လွယ်မလဲ။ ဒါပေမယ့် အဲဒီလည်း ရောက်ဖြစ်အောင်ရောက်သွားသေးတယ်။ ပြောရဦးမယ်။ ကိုယ်က ဘဘ ဘဝသစ်ဦးအောင်ကျော်ရဲ့တပည့်ရင်းဖြစ်ခဲပေမယ့် ဆရာနိုးရဲ့တပည့်တော့မဖြစ်ခဲ့ဘူး။ ပိုက်ဆံမတတ်နိုင်တာလည်း ပါပါတယ်။ သူပြောတဲ့အတိုင်းလိုက်လုပ်ပြီး စာဖတ်နာတဲ့ကိုယ့်ကို ဘဘက သူ့သင်တန်းမှာအခမဲ့ ပညာဆည်းပူးခွင့်ပေးထားတယ်။ စနေ၊ တနင်္ဂနွေဆို ထမင်းပါပိုချက်လာပြီး ထမင်းပါကျွေးသေးတယ်။ အဲဒီအခွင့်ထူးကိုရတာ ကိုယ်ရယ်၊ ပဲခူးကနေ စနေ၊ တနင်္ဂနွေအပတ်တိုင်းလာတက်တဲ့ ကိုယ့်ဘော်ဒါဝင်းကိုရယ်(အဲဒီ အာဂပုဂိုလ်အကြောင်းလည်း ကြုံရင်ပြောရဦးမယ်။) ထားပါတော့။
ဖြစ်ချင်တော့ အတန်းထဲက ကိုယ်တွေနဲ့အတူ စာလေ့လာဖက် တရုတ်တန်းကအမကြီးတယောက်က ဘဘဆီမှာလည်းတက်သလို၊ ဆရာနိုးဆီမှာလည်းတက်တယ်။ ဒီလိုနဲ့မောင်နှမလိုရင်းနှီးနေတော့ သူတို့မှာ အင်္ဂလိပ်စကားပြောလေ့ကျင့်တဲ့ Get together လူစုလေးရှိတယ်၊ မောင်လေးလာခဲ့ပါလားဆိုတာနဲ့ သူတို့အဖွဲ့ထဲရောက်သွားတယ်။ မများပါဘူး။ ငါးယောက်ထဲရယ်။ အရင်ပြည်သူ့အစိုးရလက်ထက်မှာမှာ ဝါးခယ်မကနေမဲနိုင် အမတ်ဖြစ်ပြီး နောက်တော့နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူဖြစ်သွားတဲ့(အခု ယူအက်မှာရောက်နေတဲ့) အန်ကယ်ဇော်၊ ဧရာဝတီသတင်းဌာနမှာ အခုအလုပ်လုပ်နေတဲ့ ကိုကျော်ဖြိုးသာ၊ စာရေးဆရာ ကဗျာဆရာ နေနိုင်၊ ပြီးတော့ အဲဒီအမရယ်၊ ကိုယ်ရယ်... စုစုပေါင်း ငါးယောက်။ အဲဒီငါးယောက်ထဲမှာမှ ကျန်တဲ့လေးယောက်က ဆရာနိုးတပည့်၊ ကိုယ်တယောက်ပဲ ဘဝသစ်တပည့်။ တိတိကျကျပြောရရင်တော့ သုံးယောက်နဲ့ တခြမ်းက ဆရာနိုးတပည့်တွေ၊ တယောက်နဲ့ တခြမ်းက ဘဝသစ်ဆိုပါတော့ (ဟိုအမက နှစ်ခုစလုံးတက်တယ်ဆိုတော့)။ အပတ်စဉ် စနေနေ့တိုင်း အဲဒီတုန်းက ပန်းဆိုးတန်းကုလားဘုရားကျောင်းမျက်နှာချင်းဆိုင်မှာ ဘာဂါနဲ့ french fries ရောင်းတဲ့ဆိုင်လေးရှိတယ်။ အဲဒီမှာ french fries တဘူး၊ တခါတလေ ကော်ဖီတခွက်လောက်နဲ့ အားမနာတမ်းထိုင်ကြတယ်။ အဲဒီအချိန်က ပတ်စပို့ရုံးက အဲဒီကုလားဘုရားကျောင်းဘေးတင်ရှိသေးတယ်။ အလယ်ဘလောက်ကို မပြောင်းသေး။ အဲတော့ ပွဲစားတွေအများဆုံး အဲဒီဆိုင်လေးမှာ ကျက်စားတယ်ပေါ့။ ကိုယ်တွေက အဲဒီပွဲစားတွေကြားမှာ တခါတလေအင်္ဂလိပ်လိုပြောရင်ပြောနေကြသလို၊ တခါတလေလည်း British council က စာအုပ်လေးတွေယူပြီး လေ့ကျင့်ခန်းလုပ်ကြတယ်။ ပြီးရင် British council စာကြည့်တိုက်ကို ချီတက်ကြတယ်။ သူတို့ကျေးဇူးနဲ့ BC ကို မန်ဘာကဒ်လုပ်စရာမလိုပဲ မှတ်ပုံတင်တခုနဲ့ ဖရီးရိုက်ခွင့်ရခဲ့တယ်။ အဲဒီအချိန်တုန်းက BC မှာ ညနေလေးနာရီဝန်းကျင်ဆိုရင် သူ့ဆီက IELTS ဘာညာစသဖြင့် စာမေးပွဲတွေကိုဖြေဆိုမယ့်သူတွေအတွက် free get together classes တွေလုပ်ပေးတယ်။ ဆရာကျော်တို့၊ နောက်ဆရာနှစ်ယောက်သုံးယောက်လည်းရှိသေးတယ်။ သူတို့ကအလျှင်းသင့်သလိုဝင်လာပြီး activity လေးတွေလုပ်ပေးပြီး အင်္ဂလိပ်စကားပြောသွက်လက်အောင် ကျင့်ပေးတယ်။ ညနေလေးနာရီလောက်ကစလိုက်တာဟာ တခါတခါ ညရှစ်နာရီလောက်မှပြီးတာလည်းရှိတယ်။ အဲဒီအချိန်တွေက ဖရီးပဲ။ သိတဲ့လူဝင် join လို့ရတယ်။ အဲတော့ သူတို့က ကိုယ့်ကိုပြောတယ်။ ဆရာကျော်တို့ Get together class ကိုသွားမှာလို့ပြောဆိုပြီး သင်ပေးတယ်။ အဲတာနဲ့ သူတို့မှာတော့ စာကြည့်တိုက်ကဒ်ရှိတော့ ကဒ်ပြပြီးဝင်သွားတယ်။ ကိုယ်ကျတော့ security ကို မှတ်ပုံတင်လေးပြပြီး သူတို့သင်ပေးတဲ့အတိုင်းပြောလိုက်တော့ ဝင်ခွင့်ရတယ်ပေါ့။ ဒီလိုနဲ့ ဗြိတိသျှအရှင်ကြီးတွေအောက်လည်း ခိုလှုံခွင့်ရခဲ့တယ်ပေါ့။ ပိုက်ဆံတော့ မပေးခဲ့ရဘူး။ ကိုယ်စွမ်းသမျှနဲ့ သူတို့ကိုယ်တွေဆီကယူထားတာကို ကိုယ်ပြန်ယူတယ်ပေါ့...😁😁😁
အဲဒီအကိုတွေ၊ အမတွေနဲ့လည်း သုံးလေးနှစ်လောက်အတူတွဲပြီး British council စာကြည့်တိုက်မှာ ဝင်ထွက်ကျင်လည်ခွင့်ရခဲ့တယ်ပေါ့။
ပြောချင်တာကတော့ စာကြည့်တိုက်တွေဟာ တကယ်အကျိုးများပါတယ်။ စာကြည့်တိုက်တွေကိုသွားပါ။ စာအုပ်တွေငှားပါ။ ကိုယ့်လို inferiority complex ဖြစ်တဲ့ကောင်တောင် မှတ်ပုံတင်လေးတခုနဲ့ ဝင်တိုးသေးတာပဲ။ မရှက်ပါနဲ့၊ သွားပါ။ Level စုံစာအုပ်တွေနဲ့ စာအုပ်စုံအောင်ရနိုင်တဲ့နေရာဟာ စာကြည့်တိုက်ပဲရှိပါတယ်။ စာအုပ်တွေအပြင် တခြားရနိုင်တာတွေလည်း ရအောင်ယူပါ။ ဥပမာ ကိုယ်တို့ခေတ်ကဆို listening ကို ကျကျနနနားထောင်ဖို့ဆိုတာ စာကြည့်တိုက်ပဲအဆင်ပြေတယ်။ ဘီဘီစီ၊ ဗွီအိုအေကို အင်္ဂလိပ်လိုနားထောင်ရင် ဆွဲအစိခံရနိုင်တဲ့ ပညာနဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီး တည်ဆောက်တဲ့ခေတ်လေ...။ သတင်းတွေနားထောင်တယ်၊ ဖရီးကလပ်စ်တွေတက်တယ်၊ မိတ္တူတောင်ဆွဲလိုက်သေးသဗျား...။ အပြင်မှာမိတ္တူဆွဲရင် စျေးပိုကြီးတယ်။ ကဗျာစာအုပ်လေးတွေဆိုလိုချင်လို့ မိတ္တူဆွဲသိမ်းရတယ်။ စာကြည့်တိုက်မှာဆွဲရင် သုံးဆတဆလောက်သက်သာတယ်။ တခါတလေကို ကိုကြီးတိုနီက ယူကိုမယူဘူး။ အလကားဆွဲပေးသေးတာ။
အင်္ဂလိပ်စာအုပ်တွေဖတ်ကြပါလို့ပြောတော့ တချို့ကပြောသေးတယ်။ “ဆရာရယ် ကျွန်တော်တို့ ကျွန်မတို့က ဖတ်ချင်ပါတယ်။ မဖတ်နိုင်လို့၊ ဘယ်ဟာဖတ်ရမှန်းမသိလို့..... “ တို့ပြောပြန်တယ်။ အဲဒါကတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ပြောနေကြစကားလေးနဲ့ပဲ ပြောပါရစေ.... အင်္ဂလိပ်စာအုပ်ကောက်ကိုင်၊ ဖတ်ကြည့်လိုက်... နားမလည်ဘူးလား... ရတယ်၊ နောက်တအုပ် ကောက်ကိုင်၊ ထပ်ဖတ်။ နားမလည်သေး... ချထား၊ နောက်တအုပ်ကိုင်... ဒီလိုနဲ့ ဖတ်နိုင်တာတွေ့လာပါလိမ့်မယ်။ တခုတော့ ရဲရဲကြီး အာမခံရဲပါတယ်။ မဖတ်နိုင်လို့၊ မဖတ်တတ်လို့ ကောက်ကိုင်လိုက်၊ ဖတ်လိုက်၊ ပြန်ချလိုက်၊ နောက်တအုပ်ကိုင်ဖတ်လိုက်...အဲဒီလိုလူက ဖတ်တတ်လာပါလိမ့်မယ်။ မဖတ်နိုင်လို့ မဖတ်တတ်လို့ဆိုပြီး မဖတ်သရွှေ့တော့ ဘယ်တော့မှဖတ်တတ်လာမှာ၊ ဖတ်နိုင်လာမှာ မဟုတ်ပါကြောင်း....
စာကြည့်တိုက်များကို အကျိုးရှိစွာ အသုံးချနိုင်ကြပါစေ....

Edmond Dante
28-06-2023

Photos from အင်္ဂလိပ်စာတတ်လိုသော်'s post 11/01/2023

ကိုယ့် personal account မှာ ရေးတင်ထားတာလေးပါ... ဒီအထဲက လေ့လာသူတွေလည်း motivation ရအောင်ပါ...

"တချို့လေ့လာသူ ညီငယ်/ညီမငယ်တို့ရဲ့ အားထုတ်မှုဟာ ကိုယ့်ငယ်ဘဝကို အမှတ်ရသွားစေတယ်..."

ကိုယ်က အင်္ဂလိပ်စာအုပ်တွေလက်ကမချတမ်းဖတ်တယ်၊ အင်္ဂလိပ်စာတတ်လိုသော်ဆိုပြီး ဖေ့စ်ဘွတ်ပေ့ချ်လေးနဲ့ အင်္ဂလိပ်စာလေ့လာရေးဆောင်းပါးလေးတွေလည်း မတောက်တခေါက်ရေးတော့ အင်္ဂလိပ်စာတတ်ချင်သူ၊ အင်္ဂလိပ်စာအုပ်တွေဖတ်ချင်တဲ့ လေ့လာသူညီငယ်၊ ညီမငယ်တွေက ကိုယ့်ရဲ့မက်ဆင်ဂျာကနေ ဘယ်လိုလေ့လာရမလဲ၊ ဘာတွေလုပ်ရမလဲ လာပြီးမေးကြတယ်...
အဲဒီအထဲမှာမှ တချို့ညီငယ်/ညီမငယ်တွေဟာ တကယ်အလုပ်လုပ်ကြတယ်။ သူတို့ရဲ့ အားထုတ်မှုလေးတွေကို ကိုယ့်ဆီလာပြကြတဲ့အခါ ကိုယ်မှာ ကြည်နူးရတယ်ပေါ့။
အထူးသဖြင့် ကိုယ်တို့အင်္ဂလိပ်စာစပြီးလေ့လာစကာလတွေကို ပြန်ပြီးအမှတ်ရသွားစေတယ်။
ကိုယ်က ကိုယ်လေ့လာခဲ့ပုံတွေကို သူတို့ကိုပြောတယ်။ သူတို့ကလည်း ကိုယ်ပြောတဲ့အတိုင်း လိုက်လုပ်ကြတယ်။ သူတို့ကိုကြည့်ပြီး ကိုယ်ကိုယ်တိုင်စာလုပ်နေသလိုပဲ။
အခုလည်း ဒီမှာကြည့်ပါ။ ကိုယ့်အကောင့်ထဲက ညီငယ်လေးတယောက်...။ အင်္ဂလိပ်စာတိုးတက်ချင်လို့... အင်္ဂလိပ်လိုဖတ်ချင်လို့ဆိုလို့ ကိုယ်က ဘဘ ဘဝသစ်ဦးအောင်ကျော်ရဲ့ Longman/Oxford Dictionary ထဲက စံပြဝါကျများအပါအဝင် အင်္ဂလိပ်စာကြောင်းတွေကို နှုတ်တိုက်ရွတ်ကြည့်ပါလားလို့ သူ့ကိုတိုက်တွန်းတယ်။
ကိုယ်အရင်က အင်္ဂလိပ်စာတတ်လိုသော်ဆောင်းပါးတွေမှာလည်း ပြောခဲ့ဖူးပါတယ်။ ကိုယ်တို့ ဘဘ ဘဝသစ်ဦးအောင်ကျော်ဆီမှာ အင်္ဂလိပ်စာစပြီးလေ့လာတော့ ကိုယ်တို့ထက်အရင် နှစ်ရှည်လများ ဘဘဆီမှာ အင်္ဂလိပ်စာလေ့လာနေတဲ့ ကိုယ်တို့လေးစားရတဲ့ အကိုကြီး ကိုသိန်းဝင်းတို့၊ အခုအမေရိကားရောက်နေတဲ့ အကိုကြီး ကိုစိန်ပန်း၊ နောက်တရုတ်တန်းက အမည်မမှတ်မိတော့တဲ့ အကိုကြီး၊ မမနိုင်တို့စတဲ့ အကိုကြီး၊ အမကြီးတွေဟာ ဘဘသင်တဲ့တခြားစာတွေထက် စာဆယ်ကြောင်းကို ဦးစားပေးကူးယူတာ။ တခါတလေ သူတို့နောက်ကျရင် ကိုယ့်စာအုပ်လေးထဲက ပြန်ကူးယူ...ကိုယ်ရေးထားတာမှားနေတာရှိရင် ပြင်ပေးခဲ့တာတွေ။ အကိုကြီး ကိုယ်သိန်းဝင်းက ကိုယ့်ကို ဘဘသင်တဲ့စာတွေထဲမှာမှ ဒီ Dictionary တွေထဲက စာဆယ်ကြောင်းကို သူအကြိုက်ဆုံး... ဒါဟာ တကယ်အဆီအနှစ်။ အသေအချာမှတ်သားလေ့လာသင့်တယ်လို့ အကြံပြုလို့ ကိုယ့်မှာစာကူးမမှားရအောင် ဘဘရဲ့ ဆရာကိုင်စာရွက်ကလေးကနေ ပြန်တိုက်စစ်၊ ပြန်ကူးရတာတွေ.... နောက်တော့ ညစဉ်ညတိုင်း တညကို စာဆယ်မျက်နှာ၊ တမျက်နှာမှာ စာဆယ်ကြောင်း၊ စာတကြောင်းကို သုံးခေါက်နှုံးနဲ့ တညကို စာကြောင်း (၁၀၀)၊ အခေါက်သုံးရာနှုတ်တိုက် ကလေးလေးလို အသံထုတ်ရွတ်ပါတယ်။ အလွတ်မကျက်ပါ။ ကရွက်ကင်းလျှောက်သလို စာအုပ်အစကနေ စပြီး တညလျှင်ဆယ်မျက်နှာစီရွတ်သွား၊ တအုပ်ကုန်တဲ့အခါ နောက်တအုပ်၊ ပြီးနောက်တအုပ်... ပြီးတဲ့အခါ အစဆုံစာအုပ်ကနေ စပြီးပြန်ရွတ်။ ဘဘဆီမှာ နှစ်ချီတက်ခဲ့၊ Oxford ရော Longman ရော နှစ်အုပ်လုံး A to Z ကုန်တဲ့အထိလေ့လာခဲ့ရတော့ စာမျက်နှာလေးရာဝန်းကျင်ဗလာစာအုပ်အထူနဲ့ သုံးလေးအုပ်စာ စာကြောင်းတွေရတယ်။ အဲဒါတွေကို အပြန်ပြန်အလှန်လှန်ရွတ်တယ်။ ရလာဒ်ကဘာလဲဆိုတော့ ဖတ်သမျှ အင်္ဂလိပ်စာအုပ်စာပေ၊ သတင်းစာဆောင်းပါးတွေမှာ ကိုယ်ရွတ်ထားတဲ့ ဒီအသုံးတွေပဲပါလားဆိုတာ တွေ့လာရတယ်။ ရွတ်ထားသမျှတွေကို ဖတ်တဲ့စာအုပ်တွေထဲမှာသုံးထားတာတွေ စာဖတ်ရင်ပြန်တွေ့တဲ့အခါ ဦးနှောက်ရဲ့မန်မိုရီမှာ ဒိုင်းကနဲ့ တန်းသိသွားတယ်။ အဲလိုအသိမျိုးသည် ဘယ်တော့မှမမေ့ပျောက်တော့ဘူး။
နောက်ကောင်းကွက်တခုက English Dictionary ကြီးတွေကို အရသာခံဖတ်နိုင်၊ ဖတ်တတ်သွားတာပါပဲ။
စာအုပ်ထဲမှာ စာကူးတဲ့အခါမှာလည်း ဒီညီငယ်လေးကိုပြောရတယ်။ အင်္ဂလိပ်နဲ့ မြန်မာပြန်ကို အတူတွဲပြီး အထက်အောက် မကူးနဲ့။ ဗလာစာအုပ်တအုပ်ကို ဖွင့်ချလိုက်၊ စာအုပ်ရဲ့ ဗယ်ဘက်စာမျက်နှာမှာ မြန်မာလိုကိုရေးကူး၊ ပြီးတော့မှ ညာဘက်စာမျက်နှာမှာ သူ့ရဲ့ အင်္ဂလိပ်မူကိုကူးထည့်။ ဗလာစာအုပ် ဘယ်ညာတဖောင်မှာ စာဆယ်ကြောင်းပဲကူးဆိုပြီး ပြောပြတယ်(အောက်ကပုံမှာ ကိုယ်ပြင်သစ်စာကူးပြထားတဲ့ပုံလေးနဲ့ သူ့ကိုနမူနာပြ)။
ပြီးရင် စိတ်ရှည်ရှည် ဇွဲသန်သန်နဲ့ အဲဒါတွေကိုပြန်ဖတ်။ တညကို စာကြောင်းတရာဖြင့် တရာ... စသဖြင့်ဖတ်။ ဖတ်တဲ့အခါ အသံထုတ်ဖတ်။ ဖတ်ပါများလာတဲ့အခါ သူ့အလိုလိုပဲ ဘယ်နေရာမှာ နားရမယ်ဆိုတာ သိလာလိမ့်မယ်။ တတ်နိုင်သမျှ စာအုပ်ရဲ့ ဘယ်ဘက်အခြမ်းက မြန်မာလိုရေးထားတာကို မကြည့်မိစေနဲ့ (ခွဲကူးစေတာက ဒါ့ကြောင့်ပါ)။ လုံးဝ နားမလည်တဲ့စာကြောင်းကျမှ မြန်မာဘက်ကိုကြည့်။ ဖတ်နေရင်းနဲ့ အသားကျလာတဲ့အခါ စကားလုံးတွေထက် စကားစုတွေကိုမြင်လာလိမ့်မယ်။ တခေါက်လောက်အစအဆုံးဖတ်ပြီးတဲ့အခါ English Dictionary ကြီးတွေကိုကြည့်ကြည့်။ သိသာစွာတိုးတက်လာတာမြင်ရမယ်လို့။ ဒါတွေကို တကယ်တော့လည်း "အင်္ဂလိပ်စာတတ်လိုသော်..." ရဲ့ဆောင်းပါးတွေမှာ ပြောဖူးပြီးသားပါ။
ဒီညီငယ်လေးက ကိုယ်ပြောသလိုလုပ်တယ်။ သူကြိုးစားအားထုတ်ထားတာကိုလည်း လာပြတယ်။ ဗလာစာအုပ် လေးငါးခြောက်အုပ်ကုန်သည်အထိ၊ စာကြောင်းရေ သုံးထောင်နီးပါးလောက်ကူးထားတယ်။ (သူ့ရဲ့အားထုတ်မှုကို အောက်က screenshot ပုံတွေကို ကြည့်ကြည့်ပါ။)

"တော်လိုက်တာ..."လို့ ကိုယ့်မှာ ကျေကျေနပ်နပ်ကြီး ချီးကျူးရတယ်။ ဒီအတိုင်းသာ ဆက်လုပ်သွားရင် သိပ်မကြာဘူး သူဖတ်ချင်တဲ့စာတွေ ဖတ်နိုင်တော့မယ်။ English Dictionary ကြီးတွေကို ဆရာလွတ်လေ့လာနိုင်တော့မယ်။
နောက်ထပ် ကျွဲကူးရေပါဆိုသလို အမြတ်ရလိုက်တာလည်း ရှိသေးတယ်။
အဲဒါက ဘာလဲဆိုတော့ အင်္ဂလိပ်စကားလုံးတွေကို လက်ရေးနဲ့ကူးရေးဖြစ်သွားတာပဲ။ စာကြောင်းရေ (၃၀၀၀) နီးပါး သူကူးရေးထားတော့ စကားလုံးတော်တော်များများကို သူရေးချထားလိုက်ပြီးပြီ။
ကိုယ်ပြောခဲ့ဖူးပါတယ်။ ကိုယ်တို့ငယ်ငယ် အင်္ဂလိပ်စာစပြီးလေ့လာခါစတုန်းကလည်း ဒီနေ့ခေတ်လေ့လာသူတွေလိုပဲ စကားလုံးတွေအများကြီးသိချင်တယ်။ စကားလုံးတွေကို သုံးပြတဲ့စာကြောင်းတွေထက် စကားလုံးကိုပဲ ပိုသိချင်တယ်။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့စကားလေးယူသုံးရရင် "မီးနင်းအပူလောင်တယ်..."ပေါ့။ အဲတော့ လေ့လာစအစပိုင်းမှာ စကားလုံးတွေကို ကူးပြီးမှတ်တယ်။
ဘဘရဲ့ သင်တန်းအချိန်တချိန်မှာ စာအုပ်ငါးအုပ်သင်တယ်။ အဲဒီ ငါးအုပ်ထဲမှာမှ စကားပြောတအုပ်တလေကလွဲရင် ကျန်တာတွေသည် ကိုယ်မသိတဲ့ ခဲရာခဲဆစ်စာတွေချည်းပဲ။ နောက်ပြီးတော့ ဘဘကလည်း သူ့ရဲ့ Presenting Myanmar ကလွဲရင် ကျန်တာကို အင်္ဂလိပ်ဆောင်းပါး၊ အက်ဆေးကြီးတွေ၊ ဝတ္တုတို/ရှည်၊ သမိုင်း၊ အထုပ္ပတ္တိ စတာတွေပဲသင်တယ်။ စပြီးလေ့လာသူကိုယ်တွေအတွက် လုံးဝလက်လှမ်းမမှီတာတွေချည်းပဲ။
အပေါ်ကစကားပြန်ဆက်ရရင် စာသင်ချိန်တချိန် စာအုပ်ငါးအုပ်မှာ တအုပ်ပဲလွယ်တယ်။ အဲဒီတအုပ်ကလွဲရင် ကျန်တဲ့လေးအုပ်က ကိုယ်မသိတဲ့စကားလုံးတွေချည်းပဲ။
ကိုယ်က ဘဘရဲ့သင်တန်း ငါးတန်းစလုံး တပါတ်လုံးအပြည့်တက်တော့ စာအုပ်နှစ်ဆယ်လောက်က မသိတာတွေချည်းပဲ။ ချွင်းချက်အနေနဲ့ တချို့ဝတ္တုကြီးတွေကို နောက်တတန်းမှာထပ်သင်တော့ အစုစုဆို ဆယ့်ငါးအုပ်လောက်က ကိုယ်မသိတဲ့စာတွေ၊ မီးနင်းတွေ။
အဲဒီမှာ လောဘတကြီး မီးနင်းအပူလောင်တော့တာပဲ။
သင်တန်းကနေ ဒါမှမဟုတ်စာကြည့်တိုက်ကနေ အိမ်ပြန်ရောက်တာနဲ့ အဲဒီတနေ့စာသင်လိုက်တဲ့စကားလုံးတွေကို စာမျက်နှာ (၄၀၀) ဝန်းကျင်စာအုပ်အထူထဲ ကူးထည့်တာပဲ။ နေ့စဉ်ကူးတာ။ မှတ်မိသေးတယ်။ အဲဒီတုန်းက ဆရာကြီး ဦးတက်တိုးရဲ့ လက်တဝါးစာ၊ လက်လေးလုံးလောက်အထူ "တက်တိုး" mini-dictionary လေးက ထွက်ခါစ။ အဖုံးအနီလေးနဲ့။ အဲဒီ ဒစ်ရှင်နရီလေးမှာ စကားလုံးတွေကိုရှာပြီး အင်္ဂလိပ်-မြန်မာ လုံးကောက်တွေ ကူးယူတယ်။ အဲဒီစာအုပ်အနီလေးကို ဖွင့်ပြီး ဖင်တပြန်ခေါင်းတပြန်စကားလုံးတွေရှာပြီးကူးလွန်းလို့ စာအုပ်လေးထဲမှာ စာရွတ်တွေ ပြောင်းပြန်ချုပ်ထားတာ၊ စာရွက်တွေကျော်ခွနေတာ၊ စာမျက်နှာတွေ တပိုင်းဗလာဖြစ်တာတွေကအစ တွေ့တဲ့အထိပဲ။
အဲလို မီးနင်းအပူလောင်တာ ဘာထိရောက်လည်းဆိုတော့ ဘာမှထူးပြီးမထိရောက်ဖူး။ ဒါဟာ မှန်ကန်တဲ့နည်းလမ်းမဟုတ်ဘူးနော်။ ဒါကြောင့်မို့လို့ စကားလုံးတွေ လုံးကောက်အဓိပ္ပာယ်နောက်ကို မလိုက်ပါနဲ့လို့ အမြဲပြောတာပါ။ အဆိုးထဲကမှ အပေါ်ကပြောခဲ့သလို ကောင်းကျိုးတခုပဲရတယ်။ အဲဒါက ဘာလဲဆိုတော့ စကားလုံးတွေကို ကူးယူပါများတော့ စာရေးတဲ့အခါ လက်ကမမှားတော့ဘူး။ ဒါလေးတခုတော့ အမြတ်ရတယ်။
ဒါကြောင့် ပြောပါတယ်။ ဒီညီငယ်လေးက စာကြောင်းရေ ၃၀၀၀ နီးပါးလောက် ကူးထားပြီးတဲ့အတွက် စကားလုံးတော်တော်များများကို ထိတွေ့လက်ယဉ်သွားတယ်။
သူတင်မဟုတ်ပါဘူး။ သူလိုပဲ ကြိုးစားအားထုတ်ကြတဲ့ ကိုယ်ကလေးစားရတဲ့ နောက်ထပ်ညီငယ် ညီမငယ် သုံးလေးယောက်လည်း ရှိပါသေးတယ်။ "အင်္ဂလိပ်စာတတ်လိုသော်..." ဆောင်းပါးတွေကတဆင့် တဆင့်ချင်းလေ့လာပြီး တိုးတက်လာကြသူတွေ။ တကယ် အလုပ်လုပ်ကြသူတွေပေါ့...။
တချို့ဆို အင်္ဂလိပ်စာသင်ပြသူအနေနဲ့ ပေ့ချ်မှာကိုယ်ရေးသလို စာဖတ်တန်းပြန်ဖွင့်ပြီး သင်ပေးနိုင်နေကြပြီ....။
သူတို့ရဲ့ အားထုတ်မှု အောင်မြင်မှုလေးတွေကို ဆရာ့ကျေးဇူးကြောင့်ပါလို့ လာလာပြီးပြောကြ၊ ပြကြတဲ့အခါ ကိုယ့်မှာဝမ်းသာရပါတယ်။ ကိုယ့်ကိုကိုယ်တော့လည်း ဆရာအဖြစ်မခံယူပါဘူး။ သိသမျှ တတ်သမျှလေးကို မနေနိုင်လို့ မျှဝေတယ်ပေါ့။ လိုချင်တဲ့သူယူကြ၊ မလိုတော့လည်း ပယ်ပေါ့။
အကျိုးရှိလား မရှိလားကတော့ ကိုယ်အမြဲပြောနေတဲ့ “The proof of the pudding is in the eating ဆိုတဲ့ စကားပုံ(Proverb) လေးအတိုင်းပဲ...
လက်တွေ့လုပ်ကြည့်တဲ့အခါ သိပါလိမ့်မယ်...

ကိုယ့်အတွက်တော့ သူတို့တွေရဲ့ အားထုတ်မှုတွေဟာ ကိုယ့်ငယ်စဉ်ဘဝကို ပြန်အမှတ်ရလွမ်းသွားစေတာပါပဲ...

လေ့လာသူတွေ motivation ရအောင် ညီငယ်လေးဆီက ခွင့်ပြုချက်တောင်းပြီး ရေးပါတယ်...
အထောက်အပံ့ဖြစ်ကြပါစေ....🥳🥳🥳

Edmond Dante
11-01-2023 11:45 am
Singapore 🇸🇬

01/01/2023
22/12/2022

သဒ္ဒါဘယ်လောက်တတ်ရမလဲ (ဆရာ မောင်သာနိုး)

Post credit to Chan Myae Kyaw
Photo - ဆရာဇော့် home library (SG)

ကျနော်က English for All မှာ 'သဒ္ဒါညီလာခံ' ဆိုပြီး တစ်ခန်းဖွင့် ဖြေဆိုရေးသားနေသူပါ။ အခြေခံ သဒ္ဒါစာအုပ်တွေ ပြုစုဖူးသူပါ။ ( တချို့က မဂ္ဂဇင်းဆောင်းပါးတွေစုပြီး စာအုပ်ထုတ်တာ )။ ဒါပေမဲ့ တစ်ခါတော့ EFA အယ်ဒီတာက မဂ္ဂဇင်းအထူးထုတ်အတွက် မှတ်သားစရာ စာတစ်ကြောင်းလောက် ရေးပေးပါဆိုလို့ ရေးပေးလိုက်ရာမှာ၊ စာသားအတိအကျတော့ မမှတ်မိ၊ သဒ္ဒါတတ်ရုံနဲ့ အင်္ဂလိပ်စာ မတတ်ဘူး။ စာဖတ်မှတတ်တယ်လို့ ရေးပေးလိုက်ပါတယ်။ ဒါ ကျွန်တော့် သဘောထား၊ ကျွန်တော့်ကိုယ်တွေ့၊ ကျွန်တော် ခင်မင်တဲ့ အင်္ဂလိပ်စာကျွမ်းသူ မြန်မာ ပုဂ္ဂိုလ်ကြီးတို့ ကိုယ်တွေ့ပါပဲ။ ဥပမာ - သာသနာပြု ဆရာတော် ဦးသေဋ္ဌိလ၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ ဦးဝင်းဖေ ( မြဇင် )။
ဆရာတော် ဦးသေဋ္ဌိလ ပျံတော်မမူခင်က စာပေအနုပညာသမား အချို့နဲ့ သွားရောက်ဖူးမြာ်ကြရာ ကျွန်တော်ကတော့ နိုင်ငံခြားမှာ ဆရာတော့် အတွေ့အကြုံတွေကိုပဲ မေးပါတယ်။ အဲဒီတုန်းက Guardian အယ်ဒီတာလုပ်နေသူ တပည့်နဲ့ စာပေသမားအချို့ကတော့ အင်္ဂလိပ်စာလေ့လာပုံမေးကြတယ်။ ဆရာတော်က သူ မြန်မာပြည်၊ အိန္ဒိယပြည်မှာပဲ အင်္ဂလိပ်စာသင်သွားခဲ့ပေမယ့် အင်္ဂလန်မှာ သင်တန်းတွေ ဆက်တက်ရပုံ၊ တက်တော့ သဒ္ဒါသင်ပြတာက နည်းနည်း၊ စာပဲအဖတ်ခိုင်းပုံ ( ဆရာတော်က Somerset Maugham ဝတ္ထုတွေ ဖတ်ခဲ့ရပုံ ပြောပြတာ မှတ်မိနေတယ် ) အမိန့်ရှိပါတယ်။ ဒေါ်ခင်မျိုးချစ်က စာဖတ်ဖို့ လူတိုင်းကို တိုက်တွန်းပြီး၊သူ့ဆီလာတွေ့ပြီး အင်္ဂလိပ်စာမေးချင်တဲ့ တက္ကသိုလ် ကျောင်းသူကလေးတွေက စာပွဲပေါ်ချပေးထားတဲ့ မဂ္ဂဇင်းတွေထဲက မြန်မာမဂ္ဂဇင်းပဲ ကိုင်ကြည့်ပြီး အင်္ဂလိပ်မဂ္ဂဇင်းကို လက်ဖျားနဲ့တောင်မတို့လို့ ဆူရပုံ ပြောပြဖူးတယ်။ ဦးဝင်းဖေကလည်း မိမိတို့ အင်္ဂလိပ်စာ တတ်နေတာ ကျောင်းမှာသင်တာကနည်းနည်း၊ အပြင်မှာ ကိုယ့်ဖာသာစာဖတ်လို့ တတ်နေတာဖြစ်ကြောင်း အင်္ဂလိပ်စာလေ့လာမှုအကြောင်း စကားစပ်မိကြစဉ် ပြောဖူးတယ်။
ကျွန်တော့်ကို အင်္ဂလိပ်စာ လေ့လာပုံ၊ လေ့လာနည်း လာရောက်မေးမြန်းကြမယ်ဆိုရင်လည်း ဒါပဲ၊ စာဖတ်ဖို့ပဲ ကျွန်တော် ပြောမှာပါပဲ။ ကျွန်တော် စာသင်ရာမှာလည်း အခြေခံတန်းမှာပဲ သဒ္ဒါသင်ကာ ကျန်အတန်းတွေမှာ ဝတ္ထု၊ ကဗျာ၊ မဂ္ဂဇင်း၊ စာဖတ်လေ့ကျင့်ပေးပြီး ကိုယ့်ဖာသာကိုယ်လည်းဖတ်ကြဖို့ တိုက်တွန်းတာပဲဖြစ်ကြောင်း တပည့်တွေ သိကြတယ်။
ဒါဖြင့် သဒ္ဒါကို အခြေခံဘယ်လောက်တတ်ရမှာလဲ။ ဒီနေရာမှာလည်း Guardian အယ်ဒီတာကို ဆရာတော် ဦးသေဋ္ဌိလ မိန့်ကြားတာကိုပဲ ပြန်လည်ကိုးကားရရင် " အင်္ဂလိပ်စာ တတ်ချင်ရင် အရင်ဆုံး articles တတ်ပါစေ။ ဘုန်းကြီးမြန်မာပြည်ပြန်ရောက်တော့ ဘုန်းကြီးဆီ ဒကာကြီးတချို့ သူတို့ရေးတဲ့ အင်္ဂလိပ်စာတွေ လာပြကြတယ်ကွာ။ Articles ကို မသုံးတတ်ကြတာ တွေ့ရတယ်။ ခေါင်းစဉ်ကိုက The Buddhism တဲ့။ နောက်က modify လည်း လုပ်မထားဘဲနဲ့၊ ဘာ the ထည့်ရသလဲ။ အဲသလောက်ကို မသိတာ" တဲ့။
ဆရာတော်က ဒါပဲ အမိန့်ရှိပါတယ်။ ဒီနောက်မှာမှ ကျန်သဒ္ဒါပိုင်းများ ဆက်လေ့လာလို့ မိန့်လိုဟန်ပါပဲ။ ဆရာတော် ဆက်မမိန့်တာကို ကျွန်တော် ဆက်ကောက်ရရင်၊ နောက် မြန်မာအများ ဟုတ္တိပတ္တိ မတတ်တာ verbs ပါပဲ။ ဒါကို သူတို့ရေးတဲ့ စာကိုကြည့်ပြီး သိနိုင်တယ်။ ကျွန်တော့် သဒ္ဒါညီလာခံမှာ မေးကြတာတွေကြည့်လည်း သိနိုင်တယ်။ ဒါကြောင့် ကျွန်တော် အင်္ဂလိပ်သဒ္ဒါစာအုပ်ရေးရင် ( ဥပမာ - English the Easy Way ) ပထမအခန်းဟာ articles ပဲ။ နောက် verbs။ ကျွန်တော့် အခြေခံ သင်တန်းမှာလည်း စစချင်း articles တစ်လ သင်လိုက်တယ်။ ပြီးနောက်နှစ်လ tenses of verb ပါပဲ။ ဒါ အင်္ဂလိပ်စကားတတ်ဖို့ အခြေခံလိုအပ်ချက်နှစ်ခုပါပဲ။ တွဲရက် ဖတ်စာကလေးဖတ်ကာ Preposition တို့ Adjective တို့ Adverb တို့ပြသွားတယ်။ ဒါကိုတော့ အခြေခံတတ်ရမယ့် သဒ္ဒါလို့ ပြောလိုက်ရပေမယ့် ဒါကိုလည်း အတန်းထဲ ဟောပြောသင်ပြရုံနဲ့ မရသေးပါ။ သဒ္ဒါစာအုပ်ဖတ်ပြီး မှတ်ရုံနဲ့ မရသေးပါ။ လက်တွေ့ ပြောနေ၊ သုံးနေမှ ပိုသဘောပေါက်တာ၊ ကျွမ်းသွားတာ။ ကိုယ်က အင်္ဂလိပ်စကားပြောတဲ့ တိုင်းပြည်မှာ နေတာ မဟုတ်တော့ ရေဒီယိုနားထောင်၊ ရုပ်ရှင်ကြည့်၊ စာဖတ်၊ ဒါပဲတတ်နိုင်တာ။ ရေဒီယို၊ ရုပ်ရှင်က နည်းနည်းကရိကထများတယ်ဆိုနိုင်တော့၊ အလွယ်ဆုံးနဲ့ အကောင်းဆုံးက စာဖတ်တာပဲ ဖြစ်တော့တယ်။ ဒါကြောင့် အခြေခံသဒ္ဒါတတ်ဖို့လည်း စာဖတ်ရတယ်။
ဥပမာ articles ဆိုပါတော့။ Definite article (the) နဲ့ Indefinite article ( a, an, 0 ) ကွဲပြားပုံကို အတန်းထဲဆရာက ဘယ်လောက် အာပေါက်အောင် ရှင်းပြ ရှင်းပြ၊ သဒ္ဒါစာအုပ်က သရုပ်သကန်တွေနဲ့ ဘယ်လိုရှည်ရှည်ဝေးဝေး ရေးရေး ( ကျွန်တော် ရေးနေတာပဲ ) ၊ နားမလည်ပါဘူး။ လက်တွေ့ပြောနေမှ၊ စာဖတ်တဲ့ထဲ အကြိမ်ကြိမ်တွေ့မှ၊ နားယဉ်လာ၊ သဘောပေါက်လာတာ ဖြစ်တယ်။ အလားတူ verb tenses သင်လို့ သဒ္ဒါမှတ်လို့ အထိုက်အလျှောက်ရပေမယ့် ကိုယ်တိုင်ပြောနေတာ၊ ရုပ်ရှင်ထဲပြောနေတာ၊ ဝတ္ထုထဲပြောဆိုသုံးနှုန်းနေကြတာ ကြားရဖတ်ရတာ သဘောအပေါက်ဆုံးဖြစ်တယ်။
ကျွန်တော်တို့ ကျောင်းနေစဉ်က articles ကို ကိုးတန်း ဆယ်တန်း လောက်မှာမှ သင်ရတာပါ။ ဒါပေမဲ့ မူလတန်းမှာပဲ ဖတ်ရတဲ့ ပုံပြင်ထဲမှာ ဒါမျိုး ခဏ ခဏ တွေ့ရတယ်။
Once there lived a poor old woman. The poor old woman had a little rooster. One day the rooster walked out of the yard to look for (-) strange insects and (-) worms. All the insects and worms in the yard were his friends - he was hungry but he could not eat his friends! So he walked out ...
ဖတ်ရဖန်များလာတော့ ပထမ poor old woman ရှေ့က a သုံးပြီး၊ နောက် poor old woman ရှေ့က the သုံးတာ၊ ပထမ little rooster ရှေ့က a သုံးပြီး၊ နောက် little rooster ရှေ့က the သုံးတာ၊ သူတို့နေတဲ့ အိမ်ရဲ့ yard မှာလည်း the သုံးတာ၊ ပထမ strange insects and worms ရှေ့က သုည (0) သုံးပြီး ( ဘာမှ မထည့်တာ ) နောက် insects and worms မှာ the သုံးတာကို မသင်ရဘဲ နားယဉ် သဘောပေါက်လာတယ်။ အလားတူပဲ မူလတန်းမှာ -
Pussy-cat, pussy-cat, where have you been?
I've been to London to visit the Queen.
Pussy-cat, pussy-cat, what did you there?
I frightened a little mouse under her chair.
ဆိုတဲ့ ကဗျာလေးကို ကျက်ခဲ့ အော်ခဲ့ရတယ်။ နောင် အတန်းကြီးရောက်လာတော့ Present Perfect တို့ Simple Past Tense တို့ သင်ရတဲ့အခါ လွယ်သွားပြီး I have been to Thanlyin. I visited Kyaik Khauk Pagoda first လို့ Present Perfect နဲ့ Simple Past ကိုလည်း သူ့နေရာနဲ့သူ မှန်မှန်ကန်ကန် နေရာချသွားတတ်ပြန်တယ်။
ဒါတင်မကသေးပါဘူး။ အင်္ဂလိပ်စကားသင်တဲ့ ဆရာတစ်ယောက်အနေနဲ့ ပါးစပ်က ဘယ်လိုသင်သင် ကျောင်းသားတွေ I visited to Mandalay ဆိုတာမျိုး ခဏ ခဏ မှားကြတာ တွေ့တွေ့နေရတော့ သူ့ခမျာများ ကျွန်တော်တို့လို ကဗျာလေးမှ မအော်ခဲ့ရလေဘဲကိုးလို့ တွေးမိတယ်။ ကျွန်တော်တို့မှာတော့ ဒီကဗျာလို အခြားစာတွေမှာလည်း She visited York. The wizard visited China. You must visit the doctor. တွေ ဖတ်တဲ့စာတွေထဲ အကြိမ်ကြိမ်တွေ့နေရတော့ visit (verb) အသုံးကို မမှားတော့ဘူး။ visit ကို noun လိုသုံးရင်တော့ to ထည့်ရတယ်။ A visit to the zoo , A visit to the market.
သဒ္ဒါပဲကြည့်ပြီး စာအဖတ်နည်းသူ မှားတတ်တာမျိုးကို ကျွန်တော့်ရဲ့ သဒ္ဒါညီလာခံ အခန်းမှာ တစ်ခါက ကြုံဖူးတယ်။ တစ်ယောက်ကမေးလို့ as your wish မဟုတ်ဘူး။ as you wish ဖြစ်တယ်လို့ ဖြေလိုက်ပါတယ်။ ဒါကို မကျေနပ်သူတစ်ဦးက wish ဟာ verb လည်းရ၊ noun လည်းရသမို့ your wish သုံးတာ မှန်ပါတယ်လို့ အတွန့်တက်လာတယ်။ ဒီနေရာမှာ you/your နဲ့ wish စကားလုံး နှစ်လုံးတွဲရေး ပြဿနာမဟုတ်ဘူး။ as နောက်က အင်္ဂလိပ်စကားမှာ ဘယ်လိုလာရိုးရှိသလဲ သိရှိရတာ ဖြစ်တယ်။ အင်္ဂလိပ်မှာ as you know, as you like ( As you like it က Shakespeare ရဲ့ နာမည်ကျော်ပြဇာတ်), as you please, as we all know, as we desire, as God wills it စတာတွေက အများသုံးအတွဲအဖက်တွေ။ ဒါတွေကြည့်ပြီး as you wish သာမှန်တယ်။ as your wish မရှိဘူးလို့သိရတယ်။ဘာသာစကားမှာ မရှိရင် မသုံးနိုင်ဘူး။ ဒါမျိုးကို collocation လို့ခေါ်တယ်။ ဘာသာစကားမှာ တွဲရိုးတွဲစဉ်အတွဲတွေကို စာဖတ်ရင်းမှတ်သွားရတယ်။ ကိုယ်ထင်ရာ မတွဲနိုင်ဘူး။ အင်္ဂလိပ်တင်မဟုတ်၊ ဘာသာစကားတိုင်း အဲသလို ဖြစ်တယ်။ မြန်မာမှာ ' အထင်ကြီးတယ်'၊ ' အထင်သေးတယ်' ပြောရတယ်။ ' အထင်ငယ်တယ် ' မရှိဘူး။
ကျောင်းသားတင်မက အင်္ဂလိပ်စာ အထိုက်အလျှောက်သင်ဖူးတဲ့ မြန်မာလူကြီးတွေ သဘောမပေါက်တာကတော့ Adjective Phrase ပါပဲ။ တခြားမကြည့်နဲ့၊ ဒီမဂ္ဂဇင်းအမည် English for All ကိုပဲ မြန်မာလို ပြန်ခိုင်းကြည့်။ အများစုက ' အင်္ဂလိပ်စာသည် အားလုံးအတွက်ဖြစ်သည် ' လို့ပြန်ကြလိမ့်မည်။ ကာရန်နဘေ ဝါသနာပါသူ အနည်းငယ်က ' အင်္ဂလိပ်စာပေ လူ့မိတ်ဆွေ ' လို့ပြန်ကြလိမ့်မယ်။ 'အားလုံးအတွက်အင်္ဂလိပ်စာ'လို့ ပြန်သူတော့ ရှိချင်မှ ရှိလိမ့်မယ်။ ၁၉၇၆ က ယူနက်စကိုရဲ့ အပြည်ပြည်ဆိုင်ရာစာအုပ် နှစ် ( International Book Year ) ဆောင်ပုဒ် Book for all ကို ' စာအုပ်စာပေ လူ့မိတ်ဆွေ' လုပ်ပြီး ကြပြီလေ။ 'အားလုံးအတွက် စာအုပ်များ' လို့မသိ။ နိုင်ငံခြားလက်ဝဲဆရာကြီးတွေရဲ့ art for the people ကိုလည်း 'စာပေသည် ပြည်သူ့အတွက်ဖြစ်သည်' လုပ်ခဲ့ကြပြီ။ တစ်ဖက်အယူအဆက art for art's sake ကိုလည်း 'အနုပညာသည် အနုပညာအတွက် ဖြစ်သည်' တဲ့။ သူတို့ နှစ်ဦးစလုံးကိုဆန့်ကျင်ကာ နောက်ပေါက် သူ့ထက်ကဲ တစ်ယောက်ကတော့ 'အနုပညာဟာ ဘာအတွက်မှ မဟုတ်ဘူး'လို့ မြန်မာလိုဆိုကာ အင်္ဂလိပ်လို art for no sake လို့ ထအော်ပြန်တယ်။ မှန်မှန်ကန်ကန် art for nothing's sake လို့မအော်တတ်ပြန်ဘူး။
ဒီတော့ အခြေခံ သဒ္ဒါလောက် ပိုင်ဖို့ကိုက သဒ္ဒါသင်ရုံ၊ ကျက်မှတ်ရုံနဲ့ မရ။ စာများများ ဖတ်ဖို့လိုတယ်။ ဒီထက်အဆင့်တက်ပြီး အင်္ဂလိပ်စကားကို အင်္ဂလိပ်စကားပြောသူတွေသုံးသလို idiomatic English သုံးတတ်ဖို့ ဆိုပြန်တော့ အင်္ဂလိပ်စကားပြောသူတွေ ရေးတဲ့စာ များများဖတ်ဖို့ ပိုလို့သာ လိုလာတော့တယ်။ ကျွန်တော်တို့ငယ်စဉ် အထက်တန်းကျောင်းကပဲ ဆရာ၊ ဆရာမတွေက idiom တွေ အကျက်ခိုင်းပါတယ်။ ခေါင်းထဲတချို့ ကျန်ရစ်တယ်။ ဥပမာ - black sheep တို့ hard nut to crack တို့ turn out တို့ turn up တို့။ ဒါပေမဲ့ ခု မေ့ကုန်ပြီ။ အခုသုံးဖြစ်တာတွေက စာဖတ်ရင်းရထားတာတွေသာဖြစ်တယ်။ ဆရာတွေ သင်ပေးလိုက်တဲ့ထဲက ပြန်တွေ့ရတာလည်း ရှိပါရဲ့။ အလားတူ phrasal verb။
တကယ်က black sheep, turn out စတာတွေမှ မဟုတ်၊ I go to school, I have breakfast, I go to bed လို့သုံးတာလည်း idiomatic English ပဲဖြစ်ပါတယ်။ I attend the school, I eat rice, I sleep at nine ဆိုတာမျိုးက အင်္ဂလိပ်စကားပြောသူ မပြောတဲ့ ဘိုကြက်ချေး အင်္ဂလိပ်။
ကိုယ်တိုင်ဆရာဖြစ်လာတဲ့ အခါကျတော့ ကိုယ့်ဆရာ၊ ဆရာမတွေ လုပ်သလို မလုပ်တော့။ ကျောင်းသားတွေကို idiom တွေ phrasal verb တွေ သီးခြားသင်မနေတော့၊ စာထဲ တွေ့တဲ့အခါ မှတ်ထားဖို့ပဲ ပြောတော့တယ်။ သဒ္ဒါညီလာခံမှာမေးလာသူများကိုလည်း ဒီလိုပဲ တကူးတကမကျက်ဖို့၊ စာဖတ်ဖို့ပဲ အကြံပေးလိုက်တယ်။ တချို့ဆရာများကျတော့လည်း ဒါတွေပဲ အချိန်ကုန်ခံသင်နေကြသေးတာကလား။
ဘယ်တော့ idiom သုံးမလဲ၊ ဘယ်တော့ phrasal verb သုံးမလဲဆိုတာ သင်လို့ရတာ၊ ပုံသေအလွတ်ကျက်ရတာ မဟုတ်ဘူး။ တိုင်းရင်းစကားပြောသူ သုံးသလို သူ့နေရာနဲ့သူ အကြောင်းသင့်တဲ့အခါ အလိုလို သဘာဝကျကျ သုံးမိရတယ်။ နို့မို့ရင် John Okell ပြောသလို ကိုယ့်အဖွားဆုံးတာကိုပဲ ရိုးရိုးလေးနဲ့ My grandmother kicked the bucket ဖြစ်သွားတတ်တယ်။ မန္တလေးမှာ မြန်မာကျောင်းသားတစ်ယောက်နဲ့ ကဖေးဆိုင်မှာတွေ့ရာ ပြောသမျှ စကားခွန်းတိုင်းကို idiom နဲ့ချည်းပြောနေတာ တအံ့တသြ တွေ့ခဲ့ရကြောင်း အင်္ဂလိပ်သတင်းထောက်တစ်ဦး ခရီးသွားဆောင်းပါးထဲ ထည့်ရေးတာ ဖတ်ဖူးတယ်။
နောက်စကားလုံးဝေါဟာရ။ ဘယ်ဘာသာစကားရဲ့ စကားလုံးကိုမှ အခြားဘာသာစကားရဲ့ စကားလုံးနဲ့ အစားမထိုးနိုင်ဘူး။ ဒါကြောင့် အင်္ဂလိပ်စကားရဲ့ စကားလုံးတွေကို မြန်မာလိုမှတ်လို့ မရဘူး။ ခက်ခက်ခဲခဲ မဟုတ်။ parent, brother, sister, cousin, no လို လွယ်လွယ်စကားလုံးလေးတွေမှာကို မရှိတာ။ ခက်ခက်ခဲခဲထဲကဆိုရင်တော့ perceive, concept, take for granted စသည်ကို မြန်မာလို ပြောစရာ မရှိပါဘူး။ ( အပြန်အလှန်ပါပဲ။ မြန်မာ 'ယဉ်'၊ 'အားနာ'၊ 'မိုက်' တို့အတွက် အင်္ဂလိပ်စကား မရှိပါဘူး။) မြန်မာပြည်မှာနေတဲ့ အင်္ဂလိပ် အမေရိကန်၊ မြန်မာစာတတ်ပြီး မြန်မာဝတ္ထုများများဖတ်တဲ့ အင်္ဂလိပ် အမေရိကန် လူမျိုးမှ ' မလှပေမယ့် ယဉ်တယ်'၊ ' အားနာတော့ အားနာပါတယ်'၊ 'မိုက်တဲ့ကောင် ထွက်ခဲ့' စတဲ့ မြန်မာစကားတွေကို နားလည်နိုင်သလို We perceive with our eyes and ears. There is no such concept in the culture. Electricity supply cannot be taken for granted စတဲ့ အင်္ဂလိပ်အသုံးအနှုန်းတွေကိုလည်း သင်ပြလို့မလွယ်၊ သဒ္ဒါစာအုပ်အဘိဓာန်ကြည့်လို့မရှင်း၊ အင်္ဂလိပ်စာများများဖတ်မှသာ အလိုလို သဘောပေါက်နားလည်မှာ၊ ကိုယ်တိုင်သုံးတတ်မှာဖြစ်တယ်။
ပြန်ကောက်ရင်တော့ လူကြီး လူငယ် မြန်မာတော်တော်များများက အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား သင်တယ်ဆိုတာ သဒ္ဒါသင်တာပဲ။ သဒ္ဒါတတ်ရင် အင်္ဂလိပ်စာတတ်တာပဲလို့ ထင်တတ်ကြတယ်။ ' သဒ္ဒတ်မတာ စတ်မတာ ' လို့တောင် ရှေးအဆိုကို ကိုးကားလိုက်ကြသေးတယ်။ ဟုတ်ပါတယ်။ ပါဠိ ဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ် ဘယ်ဘာသာခြားဖြစ်ဖြစ် သင်ခါစမှာ သဒ္ဒါကို နည်းနည်းပါးပါး တတ်ရပါတယ်။ နည်းနည်းပါးပါးပါပဲ။ အင်္ဂလိပ်စကားမှာ articles နဲ့ verb tenses ပေါ့။ ပါဠိ မှာတော့ နာမ်၊ ဝိဘတ် သွယ်တာတွေနဲ့ အာချာတ်ရုပ်တွေ ဖြစ်မယ်။ ဒါပါပဲ။ အဲဒီနောက်မှာတော့ စာမျိုးစုံကို တောက်လျှောက်ဖတ်နေဖို့ လိုလိမ့်မယ်။ ဒါမှသာ သဒ္ဒါအခြေခံကိုလည်း နားယဉ်လာပြီး အလိုလို သဘာဝကျကျ သုံးတတ်လာမယ်။ စကားလုံးတွေကိုလည်း သူ့တိုင်းရင်းသားများ ကလေးဘဝက စသုံးလာလို့ တတ်သလို သုံးတတ်လာလိမ့်မယ်။ စာမဖတ်နိုင်ရင် အခြားနည်းတွေက -
၁။ ရေဒီယို နားထောင်ရမယ်။ ပထမ နားမလည်လည်း ဆက်သာနားထောင်၊ နားယဉ်လာလိမ့်မယ်။ တစ်လုံးစ နှစ်လုံးစ ရိပ်ဖမ်း သံဖမ်း ဆိုသလို ရှိရာက အကုန်နားလည်လာလိမ့်မယ်။
၂။ ရုပ်ရှင် တီဗီ ကြည့်ရမယ်။ အင်္ဂလိပ်စကားပြော ဖြစ်ရမယ်။ စာတမ်းထိုးမပါစေရ။ ရေဒီယိုနားထောင်သလိုပဲ ပထမ နားမလည်၊ တဖြည်းဖြည်း နားရည်ဝလာလိမ့်မယ်။
၃။ တေးဂီတဝါသနာပါရင် အင်္ဂလိပ်သီချင်း နားထောင်ပါ။ စာသားကျက်ပါ ( စာသားစာအုပ်တွေပါတဲ့ အခွေတွေ၊ သီးခြား သီချင်းစာအုပ်တွေ ဝယ်လို့ရတတ်ပါတယ်။) တစ်ခုတော့ သတိထား၊ သီချင်းဆိုတဲ့အခါ အသွားနဲ့လိုက်အောင်ဆိုရတော့ စကားလုံးပုံမှန်အသံထွက်ကို ဖျက်ဆိုရတာ ရှိတတ်တယ်။
ဒါမြန်မာပြည်မှာ မြန်မာတွေကြားနေသူအဖို့ အင်္ဂလိပ်စကားပြော အသံဝန်းကျင်ရှာဖန်တီးရတာ ဖြစ်ပါတယ်။ ကံကောင်းထောက်မလို့ အမေရိကန်၊ ဗြိတိန်၊တောင်အမေရိက စတဲ့ အင်္ဂလိပ်စကားပြောနိုင်ငံ တစ်ခုခု ရောက်သွားရင်တော့ အနားပတ်ပတ်လည်မှာ အင်္ဂလိပ်စကားပြောနေကြတော့ ဒါတွေ မလိုပေဘူးပေါ့။ ဒါပေမဲ့ စကားပဲ တတ်မယ်။ စာတော့မတတ်ဘူး။ စာတတ်ဖို့ကတော့ ဖတ်ရဦးမှာပဲ။
ရေဒီယိုနားထောင်၊ တီဗီကြည့်ဆိုတာတွေက သာမန်အင်္ဂလိပ်စကား ပြောဖို့ ရေးဖို့ ကိုသာ အထောက်အကူပြုနိုင်မယ့် နည်းလမ်းတွေဖြစ်တယ်။ အင်္ဂလိပ်စာကို လူရိုသေ ရှင်ရိုသေ အဆင့်ရှိအောင် ရေးတတ်ဖို့ဆိုရင်တော့ အင်္ဂလိပ်စာများများဖတ်တဲ့နည်း တစ်နည်းတည်းပဲ ရှိတယ်ဆိုတာ သိစေချင်တယ်။

Want your school to be the top-listed School/college in Singapore?

Click here to claim your Sponsored Listing.

Location

Website

Address


Singapore
140092