07/09/2026
သင်္ဘောသား ထောင်သောင်းချီကို ကယ်တင်ခဲ့တဲ့ နာရီပြင်ဆရာ
လွန်ခဲ့တဲ့ ရာစုနှစ် ၃ ခုလောက်က ပင်လယ်ပြင်ကို ရွက်လွှင့်ရတာဟာ သေမင်းနဲ့ စကားပြောရသလိုပါပဲ။ မုန်တိုင်းတွေ၊ ပင်လယ်ဓားပြတွေထက် ပိုကြောက်စရာကောင်းတာက လမ်းပျောက်ခြင်း ပဲ ဖြစ်ပါတယ်။
အဲဒီခေတ်က သင်္ဘောတွေဟာ နေရာအတိအကျကို မသိလို့ ကျောက်ဆောင်တွေနဲ့ တိုက်မိပြီး သင်္ဘောသားပေါင်း ထောင်သောင်းချီ အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဒီလို ဆိုးရွားတဲ့ ပြဿနာကြီးကို နာမည်ကြီး ပညာရှင်များစွာကို ကျော်ဖြတ်ပြီး သာမန် လက်သမားနဲ့ နာရီပြင်ဆရာလေး တစ်ယောက် ဖြေရှင်းပေးခဲ့ပုံက စိတ်ဝင်စားဖို့ကောင်းလှပါတယ်။
သေမင်းတမန် လောင်ဂျီကျု ပြဿနာ
အဲဒီခေတ်က သင်္ဘောကပ္ပတိန်တွေဟာ မြောက်နဲ့ တောင် (လတ္တီကျု Latitude) ဘယ်လောက်ရောက်နေပြီလဲ ဆိုတာကို နေနဲ့ ကြယ်တွေကို ကြည့်ပြီး အလွယ်တကူ တွက်ချက်နိုင်ကြပါတယ်။ ဒါပေမဲ့ အရှေ့နဲ့ အနောက် (လောင်ဂျီကျု Longitude) ဘယ်နေရာ ရောက်နေသလဲ ဆိုတာကိုတော့ ဘယ်လိုမှ တွက်လို့ မရခဲ့ပါဘူး။
လောင်ဂျီကျုကို သိဖို့အတွက် ပင်လယ် အလယ်ခေါင်မှာ ရောက်နေတဲ့ အချိန်နဲ့၊ ကိုယ့်နိုင်ငံ (ဥပမာ လန်ဒန်မြို့) ရဲ့ အချိန် နှစ်ခုကို တိတိကျကျ နှိုင်းယှဉ် တွက်ချက်ဖို့ လိုအပ်ပါတယ်။ ပြဿနာက အဲဒီခေတ်က နာရီတွေဟာ ချိန်သီးနာရီ တွေ ဖြစ်လို့၊ လှိုင်းမူးနေတဲ့ သင်္ဘောပေါ်မှာ လုံးဝ အလုပ်မလုပ်ပါဘူး။ ရာသီဥတု ပူရင်၊ အေးရင်လည်း အချိန်တွေက အကြီးအကျယ် လွဲချော်ကုန်ပါတယ်။
၁၇၀၇ ခုနှစ်မှာ ဗြိတိသျှ ရေတပ်က သင်္ဘော ၄ စီး လမ်းမှားပြီး ကျောက်ဆောင်နဲ့ တိုက်မိလို့ ရေတပ်သား ၂၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဒီကိစ္စကြောင့် ဗြိတိသျှ အစိုးရဟာ ဒီပြဿနာကို ဖြေရှင်းနိုင်သူကို အဲဒီခေတ်က ပေါင် ၂ သောင်း (ယနေ့ခေတ် ဒေါ်လာ သန်းချီ တန်ကြေးရှိ) ဆုချမယ်လို့ ကြေညာခဲ့ပါတယ်။
ပညာရှင်များကို အန်တုသော လက်သမား
အိုက်ဆက် နယူတန် လို ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးတွေ ကတော့ ဒီအဖြေဟာ ကောင်းကင်က ကြယ်တွေထဲမှာပဲ ရှိတယ် (Astronomy) လို့ ယုံကြည်ခဲ့ကြပါတယ်။
ဒါပေမဲ့ အင်္ဂလန်နိုင်ငံက ဂျွန် ဟယ်ရစ်ဆင် (John Harrison) ဆိုတဲ့ လက်သမားနဲ့ နာရီပြင်ဆရာလေး ကတော့ တခြားနည်းလမ်းကို စဉ်းစားမိပါတယ်။
သူက ရာသီဥတု ပြောင်းလဲမှုနဲ့ သင်္ဘောရဲ့ လှုပ်ခါမှုဒဏ်ကို ခံနိုင်ရည်ရှိမယ့် စက်မှုနာရီ တစ်လုံးကို တီထွင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပညာတတ် အသိုင်းအဝိုင်းက သာမန် လက်သမားတစ်ယောက်ရဲ့ စိတ်ကူးဆိုပြီး သူ့ကို လှောင်ပြောင်ခဲ့ကြပေမယ့် သူကတော့ လက်မလျှော့ခဲ့ပါဘူး။
ဘဝတသက်တာ ကြိုးပမ်းမှု (H1 မှ H4 သို့)
ဟယ်ရစ်ဆင်ဟာ သူ့ရဲ့ ဘဝ တသက်တာလုံးကို ဒီနာရီ တီထွင်တဲ့ နေရာမှာပဲ မြှုပ်နှံခဲ့ပါတယ်။
သူဟာ နှစ်ပေါင်းများစွာ အချိန်ယူပြီး H1, H2, H3 ဆိုတဲ့ နာရီကြီး ၃ လုံးကို အဆင့်ဆင့် တီထွင်ခဲ့ပါတယ်။ အဲဒီနာရီကြီးတွေဟာ အလေးချိန် ပေါင် ၇၀ ကျော်လောက် လေးလံပြီး အရမ်းကို ကြီးမားပါတယ်။ အလုပ်လုပ်ပေမယ့် အကောင်းဆုံး အခြေအနေတော့ မရောက်သေးပါဘူး။
နောက်ဆုံးမှာတော့ သူဟာ ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေမယ့် H4 ဆိုတဲ့ နာရီကို ၁၇၅၉ခုနှစ်မှာ အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။ အဲဒီနာရီလေးဟာ အချင်း ၅ လက်မပဲ ရှိတဲ့ အိတ်ဆောင်နာရီ အရွယ်အစားလေးပါ။
ဒီနာရီရဲ့ လျှို့ဝှက်ချက်က သတ္တုနှစ်မျိုးကို ပေါင်းစပ်ထားတဲ့ Bimetallic strip နည်းပညာကို သုံးထားလို့ ပင်လယ်ပြင်မှာ အပူအအေး ဘယ်လိုပြောင်းပြောင်း သတ္တုကျုံ့ခြင်း၊ ပွခြင်းကို ထိန်းညှိပေးနိုင်ခဲ့တာပါ။
H4 နာရီလေးကို ဂျမေကာနိုင်ငံ အထိ လပေါင်းများစွာ ကြာတဲ့ ပင်လယ်ခရီးစဉ်မှာ စမ်းသပ်ကြည့်တဲ့အခါ အချိန် ၂ မိနစ်တောင် မလွဲဘူး ဆိုတာကို အံ့သြဖွယ် တွေ့ရှိခဲ့ရပါတယ်။
ပညာရှင်တွေရဲ့ နှိပ်ကွပ်မှု နဲ့ ဘုရင်ကြီးရဲ့ အဆုံးအဖြတ်
ဒီလိုကြီးမားတဲ့ တီထွင်မှုကြီးကိုေ အာင်မြင်ခဲ့ပေမယ့် သူ ရရမယ့် ဆုငွေကို ချက်ချင်း မရခဲ့ပါဘူး။ ဆုငွေပေးမယ့် ကော်မတီမှာ အင်္ဂလန်ရဲ့ နက္ခတ္တဗေဒ အကြီးအကဲ Nevil Maskelyne လို ပညာရှင်တွေ ပါဝင်နေပါတယ်။
မက်စကလင်းဟာ ပြဿနာရဲ့ အဖြေက ကောင်းကင်မှာပဲ ရှိရမယ်လို့ ယုံကြည်ထားသူမို့၊ သာမန် လက်သမားတစ်ယောက်က သူ့ထက်အရင် အဖြေရှာတွေ့သွားတာကို လက်မခံချင်ပါဘူး။
ဒါကြောင့် နာရီကို သိမ်းဆည်းလိုက်ပြီး ထပ်ခါထပ်ခါ စမ်းသပ်ဖို့ ဆင်ခြေတွေပေးကာ ဟယ်ရစ်ဆင်ကို အကြီးအကျယ် နှိပ်ကွပ်ခဲ့ပါတယ်။
ဟယ်ရစ်ဆင် အသက် ၇၉ နှစ် အရွယ် ရောက်တဲ့အထိ ဆုငွေ အပြည့်အဝ မရခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ဟယ်ရစ်ဆင်ဟာ သူနောက်ဆုံး တီထွင်ထားတဲ့ H5 နာရီကို ယူပြီး တတိယ ဂျော့ချ်ဘုရင် ဆီ တိုက်ရိုက် သွားရောက် တိုင်ကြားခဲ့ပါတယ်။
ဘုရင်ကြီးကိုယ်တိုင် သူ့ရဲ့ ကိုယ်ပိုင် နက္ခတ်ကြည့်စင်မှာ အဲဒီ H5 နာရီကို စမ်းသပ်ကြည့်တဲ့အခါ အံ့မခန်း တိကျနေတာကို တွေ့သွားပါတယ်။ အဲဒီတော့မှ ဘုရင်ကြီးက မင်းကို တရားမျှတအောင် ငါကိုယ်တိုင် လုပ်ပေးမယ် လို့ ကတိပေးပြီး လွှတ်တော်ကို ဖိအားပေးခဲ့လို့သာ ဟယ်ရစ်ဆင်ဟာ သူရထိုက်တဲ့ ဆုငွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။
သူ တီထွင်ခဲ့တဲ့ ဒီနာရီလေးကို Marine Chronometer လို့ ခေါ်ဆိုပြီး နောက်ပိုင်းမှာ သင်္ဘောတိုင်း မပါမဖြစ် သုံးစွဲလာကြတာကြောင့် ရေကြောင်းခရီးစဉ်တွေဟာ အလွန် လုံခြုံသွားခဲ့ပါတယ်။
သူ့ရဲ့ ဇွဲလုံ့လနဲ့ တီထွင်မှုဟာ သမိုင်းတလျှောက်မှာ အသက်ပေါင်း ထောင်သောင်းချီကို ကယ်တင်ပေးခဲ့သလို ကမ္ဘာ့ရေကြောင်း ကုန်သွယ်ရေး ကြီးမားစွာ တိုးတက်လာခဲ့ပြီး ယနေ့ခေတ် ကမ္ဘာကြီးကို ပုံဖော်ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
Ref:
Royal Museums Greenwich - John Harrison and the Longitude Problem
Britannica - John Harrison | British horologist
BBC History - John Harrison - The Longitude Pioneer