05/06/2026
ကမ္ဘာ့ပထမဆုံး ဘက်ထရီကို ဖန်တီးခဲ့သူ (သို့) Volt ၏ အမည်ပိုင်ရှင် ဗို့လ်တာ
ဒီကနေ့ခေတ်မှာ လျှပ်စစ်မီးသာ မရှိရင် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ ရပ်တန့်သွားပါလိမ့်မယ်။ လျှပ်စစ်အားကို တိုင်းတာတဲ့အခါ ဒီဓာတ်ခဲက ၁.၅ ဗို့(Volt) ရှိတယ်၊ အိမ်သုံးမီးက ၂၂၀ ဗို့ ရှိတယ် စသဖြင့် ကျွန်တော်တို့ ပြောလေ့ရှိပါတယ်။
ဒီ "ဗို့" ဆိုတဲ့ စကားလုံးဟာ လျှပ်စစ်ပညာရပ်မှာ ဧရာမ တော်လှန်ရေးကြီး တစ်ခုကို ဖန်တီးပေးခဲ့တဲ့ သိပ္ပံပညာရှင်ကြီး အလက်ဇန်းဒရို ဗို့လ်တာ(Alessandro Volta) ရဲ့ မျိုးရိုးနာမည်ကို ဂုဏ်ပြု မှည့်ခေါ်ထားတာပဲ ဖြစ်ပါတယ်။
ဗို့လ်တာကို ၁၇၄၅ ခုနှစ်မှာ အီတလီနိုင်ငံ၊ ကိုမို မြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်က သူဟာ အသက် ၄ နှစ်အရွယ်အထိ စကား တစ်ခွန်းမှ မပြောတတ်ခဲ့ပါဘူး။ ဒါကြောင့် မိသားစုက သူ့ကို ဉာဏ်ရည်မမီတဲ့ ကလေးလို့ ထင်ခဲ့ကြပါတယ်။
ဒါပေမဲ့ အသက် ၇ နှစ် အရွယ် ရောက်တဲ့အခါမှာတော့ သူ့ရဲ့ ထက်မြက်တဲ့ ဉာဏ်ရည်တွေ ရုတ်တရက် ပွင့်ထွက်လာပါတယ်။ သူဟာ အလွန် တော်တဲ့ ကျောင်းသား တစ်ယောက် ဖြစ်လာပြီး၊ အထူးသဖြင့် လျှပ်စစ် နဲ့ ရူပဗေဒ ပညာရပ်တွေကို ရူးရူးမူးမူး ဝါသနာပါခဲ့ပါတယ်။
သူ့ရဲ့ ပထမဆုံး ကြီးမားတဲ့ တွေ့ရှိချက်ကတော့ လျှပ်စစ် မဟုတ်သေးပါဘူး။ ၁၇၇၆ ခုနှစ်မှာ ရွှံ့ညွန်တောတွေထဲက ထွက်လာတဲ့ ဂက်စ် (ဓာတ်ငွေ့) တွေကို လေ့လာရင်း မီးလောင်လွယ်တဲ့ ဓာတ်ငွေ့တစ်မျိုးကို သူ သတိထားမိခဲ့ပါတယ်။ အဲဒါဟာ ဒီကနေ့ခေတ် ကျွန်တော်တို့ ချက်ပြုတ်ရာမှာ သုံးနေတဲ့ မီသိန်း (Methane) ဓာတ်ငွေ့ပဲ ဖြစ်ပါတယ်။ မီသိန်းကို ကမ္ဘာပေါ်မှာ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သူဟာ ဗို့လ်တာ ပါ။
၁၇၈၀ ပြည့်လွန်နှစ်တွေမှာ သမိုင်းကို ပြောင်းလဲစေမယ့် အငြင်းပွားမှုကြီး တစ်ခု သိပ္ပံလောကမှာ ဖြစ်ပေါ်လာပါတယ်။ ဗို့လ်တာ ရဲ့ မိတ်ဆွေဖြစ်သူ ခန္ဓာဗေဒ ပညာရှင် Luigi Galvani ဟာ ဓာတ်ခွဲခန်းထဲမှာ ဖားသေ တစ်ကောင်ကို ခွဲစိတ်နေပါတယ်။ အဲဒီအချိန်မှာ သံမဏိနဲ့ ပြုလုပ်ထားတဲ့ ခွဲစိတ်ဓားက ဖားရဲ့ အကြောကို သွားထိမိတဲ့အခါ သေနေတဲ့ ဖားခြေထောက်ဟာ လျှပ်စစ်လိုက်သလို ရုတ်တရက် တွန့်လိမ်သွားပါတယ်။
ဒါကို ဂယ်လ်ဗာနီ က သက်ရှိသတ္တဝါတွေရဲ့ ခန္ဓာကိုယ်ထဲမှာ လျှပ်စစ်ဓာတ် ရှိတယ်ဆိုပြီး တိရစ္ဆာန် လျှပ်စစ်ဓာတ် (Animal Electricity) လို့ နာမည်ပေး ကြေညာခဲ့ပါတယ်။ လူတွေအားလုံးကလည်း အဲဒီ သီအိုရီကို အံ့ဩတကြီး လက်ခံယုံကြည်ခဲ့ကြပါတယ်။
အစပိုင်းမှာ ဗို့လ်တာ ဟာလည်း သူ့သူငယ်ချင်းရဲ့ တွေ့ရှိချက်ကို အံ့ဩခဲ့ပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင် သေချာ ထပ်ခါတလဲလဲ စမ်းသပ်ကြည့်တဲ့အခါ အမှန်တရားကို သူ သိသွားပါတယ်။
လျှပ်စစ်ဓာတ်ဟာ ဖားရဲ့ ခန္ဓာကိုယ်ထဲက ထွက်လာတာ မဟုတ်ပါဘူး။ စမ်းသပ်ရာမှာ အသုံးပြုခဲ့တဲ့ သံမဏိဓားနဲ့ ကြေးဝါပြား (သတ္တု နှစ်မျိုး) ဟာ ဖားရဲ့ သွေး (စိုစွတ်နေတဲ့ အရည်) နဲ့ ထိတွေ့သွားတဲ့အတွက် ဓာတုဗေဒ ဓာတ်ပြုမှု ဖြစ်ပြီး လျှပ်စစ်ထွက်လာတာ ဖြစ်တယ်ဆိုတာကို သူ ရှာဖွေတွေ့ရှိသွားပါတယ်။ ဖားခြေထောက် ဆိုတာ ထွက်လာတဲ့ လျှပ်စစ်ဓာတ်ကို ဖြတ်သန်းစီးဆင်းခွင့်ပြုတဲ့ လျှပ်ကူးပစ္စည်း သက်သက်သာ ဖြစ်ပါတယ်။
ဒီတွေ့ရှိချက်ကို ဗို့လ်တာက ချပြလိုက်တဲ့အခါ သိပ္ပံလောကကြီးဟာ ဂယ်လ်ဗာနီ ဘက်တော်သားတွေ နဲ့ ဗို့လ်တာ ဘက်တော်သားတွေ ဆိုပြီး ကြီးကျယ်တဲ့ အငြင်းပွားမှုကြီး ဖြစ်ကာ နှစ်ခြမ်းကွဲသွားခဲ့ပါတယ်။
ဗို့လ်တာဟာ သူမှန်ကြောင်း သက်သေပြဖို့အတွက် ဖားတွေအစား သူ့ရဲ့ ကိုယ်ပိုင် လျှာ ကိုတောင် အသုံးပြုပြီး စမ်းသပ်ပြခဲ့ပါတယ်။ မတူညီတဲ့ သတ္တုပြား နှစ်ပြားကို လျှာပေါ်တင်ပြီး ထိလိုက်တဲ့အခါ သူ့လျှာမှာ ချဉ်စူးစူး လျှပ်စစ်ဓာတ် အရသာကို ခံစားခဲ့ရပါတယ်။
ဖားခြေထောက် မပါဘဲ လျှပ်စစ်ထုတ်ပြဖို့ ဗို့လ်တာ က ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ ၁၈၀၀ ပြည့်နှစ်မှာ သူဟာ သမိုင်းဝင် တီထွင်မှုကြီး တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ သူဟာ Zinc (သွပ်) ပြား တစ်ပြားနဲ့ ကြေးနီ ပြား တစ်ပြားကို ယူပါတယ်။ အဲဒီ သတ္တုနှစ်ပြား ကြားထဲမှာ ဆားရည် စိမ်ထားတဲ့ စက္ကူ (သို့) အဝတ်စ ကို ညှပ်ထည့်လိုက်ပါတယ်။ ပြီးတော့ အဲဒီ အထပ်တွေကို အကြွေစေ့တွေလို တစ်ထပ်ပြီးတစ်ထပ် အမြင့်ကြီး ထပ်တင်လိုက်ပါတယ်။ အဲဒီ ဒေါက်တိုင်ကြီးရဲ့ ထိပ်တစွန်းနဲ့ အောက်ခြေတစွန်းကို ဝါယာကြိုးနဲ့ ဆက်လိုက်တဲ့အခါ... အံ့ဩစရာ ကောင်းလောက်အောင် လျှပ်စစ်ဓာတ်တွေ စီးဆင်းလာပါတော့တယ်။
ဒါကို သမိုင်းမှာ Voltaic Pile (ဗိုလတ်တေးရစ် ဒေါက်တိုင်) လို့ ခေါ်ပြီး ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံး အောင်မြင်စွာ တီထွင်နိုင်ခဲ့တဲ့ ဘက်ထရီ ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ လက်တွေ့သက်သေပြမှုကြောင့် အငြင်းပွားမှုကြီးဟာလည်း ဗို့လ်တာရဲ့ အနိုင်နဲ့ အဆုံးသတ်သွားပါတော့တယ်။
ဒီတီထွင်မှုဟာ ဘာကြောင့် ဒီလောက် အရေးပါရတာလဲ ဆိုတော့ ဗို့လ်တာ မတိုင်ခင်က လူတွေဟာ လျှပ်စစ်ဆိုတာ ပွတ်တိုက်လို့ ထွက်လာတဲ့ မီးပွင့်လေးတွေ၊ ဒါမှမဟုတ် မိုးကြိုးပစ်တာလောက်ပဲ သိထားကြတာပါ။ အဲဒီ လျှပ်စစ်တွေက ချက်ချင်း ပျောက်သွားပါတယ်။
ဒါပေမဲ့ ဗို့လ်တာ ရဲ့ ဘက်ထရီကတော့ လျှပ်စစ်စီးကြောင်းကို အချိန် အကြာကြီး အဆက်မပြတ် စီးဆင်းနေအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ လျှပ်စစ်ကို လိုသလို ထိန်းချုပ် သုံးစွဲလို့ ရသွားပါပြီ။ ဒီ ဘက်ထရီကြောင့်ပဲ နောက်ပိုင်းမှာ လျှပ်စစ်မီးသီးတွေ၊ မော်တာတွေ၊ ကြေးနန်းဆက်သွယ်ရေးတွေကို အဆင့်ဆင့် တီထွင်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဗို့လ်တာ ရဲ့ ဘက်ထရီ တီထွင်မှု သတင်းဟာ ဥရောပ တခွင်ကို အချိန်တိုအတွင်းမှာ လျှင်မြန်စွာ ပြန့်နှံ့သွားပါတယ်။ ပြင်သစ် ဧကရာဇ် နပိုလီယံ ကိုယ်တိုင်က ဗို့လ်တာ ကို ပါရီမြို့အထိ ဖိတ်ခေါ်ပြီး သူရဲ့ စမ်းသပ်ပြသမှုကို ကြည့်ရှုခဲ့ပါတယ်။ နပိုလီယံ ဟာ သူ့ကို အလွန် သဘောကျလွန်းလို့ ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့တဲ့အပြင် မြို့စား ဘွဲ့ကိုပါ ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။
ဗို့လ်တာ ဟာ အသက် ၈၂ နှစ် အရွယ်၊ ၁၈၂၇ ခုနှစ်မှာ သူ့ရဲ့ ဇာတိမြို့လေးမှာပဲ ဂုဏ်သိက္ခာရှိစွာ ကွယ်လွန်သွားခဲ့ပါတယ်။ သူ ကွယ်လွန်ပြီးနောက် ၁၈၈၁ ခုနှစ်မှာ နိုင်ငံတကာ လျှပ်စစ်ပညာရှင်များ ညီလာခံကနေ သူရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကျေးဇူးကို ဂုဏ်ပြုသောအားဖြင့် လျှပ်စစ်အား ကို တိုင်းတာတဲ့ ယူနစ်ကို Volt (ဗို့) လို့ တရားဝင် အမည်ပေး သတ်မှတ်ခဲ့ကြပါတယ်။
အလက်ဇန်းဒရို ဗို့လ်တာ ဟာ ဖားခြေထောက် တွန့်တာလေးကို အမှတ်တမဲ့ မထားဘဲ အမှန်တရားကို ရဲရဲဝံ့ဝံ့ ရှာဖွေခဲ့သူ ဖြစ်ပါတယ်။ သူ စတင် တီထွင်ခဲ့တဲ့ သတ္တုပြားလေးတွေကနေတဆင့် ဒီကနေ့ ကျွန်တော်တို့ ကမ္ဘာကြီးဟာ လျှပ်စစ်အလင်းရောင်တွေ၊ နည်းပညာတွေနဲ့ ခေတ်မီစွာ ရှင်သန်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ဖုန်းကို အားသွင်းတိုင်း ဒါမှမဟုတ် တီဗွီ အဝေးထိန်းခလုတ် ထဲကို ဓာတ်ခဲ ထည့်တိုင်း လျှပ်စစ်ခေတ်သစ်ကို စတင်ဖွင့်လှစ်ပေးခဲ့တဲ့ ဗို့လ်တာ ကို ကျေးဇူးတင်သင့်ပါကြောင်း ဗဟုသုတအဖြစ် ဝေမျှလိုက်ရပါတယ်။
04/06/2026
ဘာကြောင့် ဂျိမ်းစ်ဝပ် က စက်မှုတော်လှန်ရေးရဲ့ ဖခင်ကြီး ဖြစ်ခဲ့တာလဲ
လျှပ်စစ်မီးတွေ၊ မော်တော်ကားတွေ၊ စက်ရုံကြီးတွေ မရှိတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော်က အလုပ်လုပ်ဖို့ဆိုရင် လူတွေရဲ့ လုပ်အား၊ တိရစ္ဆာန်တွေရဲ့ ခွန်အား၊ လေအား နဲ့ ရေအား တွေကိုပဲ အသုံးပြုခဲ့ရပါတယ်။
ဒါပေမဲ့ အဲဒီလို နှေးကွေးတဲ့ ကမ္ဘာကြီးကို အရှိန်အဟုန်နဲ့ ပြောင်းလဲပေးလိုက်တဲ့ အရာတစ်ခု ပေါ်လာပါတယ်။
အဲဒါကတော့ ရေနွေးငွေ့ အင်ဂျင် (Steam Engine) ပဲ ဖြစ်ပါတယ်။ ရေနွေးငွေ့ အင်ဂျင်အကြောင်း ပြောရင် လူအများစု တန်းပြောမှာက ဂျိမ်းစ်ဝပ် (James Watt) ဆိုတဲ့ အမည် ဖြစ်ပါလိမ့်မယ်။
တကယ်တော့ ဂျိမ်းစ်ဝပ် ဟာ ရေနွေးငွေ့ အင်ဂျင်ကို ပထမဆုံး စတင် တီထွင်ခဲ့သူ မဟုတ်ပါဘူး။ ဒါဆို သူက ဘာတွေများ လုပ်ခဲ့လို့ ကမ္ဘာ့စက်မှုသမိုင်းရဲ့ အရေးပါဆုံးပုဂ္ဂိုလ်အဖြစ် ဂုဏ်ပြုခံရတာလဲ...။
ဂျိမ်းစ်ဝပ် မတိုင်ခင်က Thomas Newcomen ဆိုသူ တီထွင်ထားတဲ့ ရေနွေးငွေ့ အင်ဂျင်ဟောင်းကြီးတွေ ရှိပါတယ်။ အဲဒီအင်ဂျင်တွေကို ကျောက်မီးသွေး မိုင်းတွင်းတွေထဲက ရေတွေကို စုပ်ထုတ်တဲ့ နေရာမှာပဲ သုံးပါတယ်။ (မှတ်ချက်။ ။ ရေနွေးငွေ့အင်ဂျင်ကို ၁၆၀၆ မှာ စပိန်တီထွင်သူ Jerónimo de Ayanz y Beaumont က စထွင်ခဲ့တာဖြစ်ပါတယ်။ သူ့နောက်မှာတော့ Thomas Savery နဲ့ Thomas Newcomen တို့ မွမ်းမံအဆင့်မြှင့်တင်မှုတွေ လုပ်ခဲ့ကြတာပါ)
ပြဿနာက အဲဒီ အင်ဂျင်ဟောင်းကြီးတွေဟာ အလွန် ဆီစား (ကျောက်မီးသွေးစား) တာပါပဲ။ အလုပ်လုပ်ပုံက ပြွန်လုံးရှည်ကြီး တစ်ခုထဲကို ပူလောင်တဲ့ ရေနွေးငွေ့တွေ ထည့်လိုက် ပြီးရင် အဲဒီပြွန်လုံးကြီးကို ရေအေးနဲ့ ပြန်အအေးခံလိုက်၊ ပြီးရင် ရေနွေးငွေ့ ပြန်ထည့်လိုက်နဲ့ လုပ်ရတာပါ။ ပူလိုက် အေးလိုက် လုပ်နေရတဲ့အတွက် အပူစွမ်းအင်တွေ များစွာ ဆုံးရှုံးပြီး ကျောက်မီးသွေးတွေ အလွန် ကုန်ရခြင်းဖြစ်ပါတယ်။
၁၇၆၄ ခုနှစ်မှာ ဂလက်စဂို တက္ကသိုလ် က စက်ပစ္စည်း ပြင်ဆင်ရေးဆရာလေး ဂျိမ်းစ်ဝပ် ဟာ အဲဒီ နယူးကိုမန် အင်ဂျင် ပုံစံငယ်လေးကို ပြင်ဆင်ဖို့ တာဝန်ကျပါတယ်။ အဲဒီမှာ အင်ဂျင်ရဲ့ အားနည်းချက်ကို သူ သတိထားမိသွားပါတယ်။
တနေ့ အားလပ်ရက် တနင်္ဂနွေနေ့မှာ သူ လမ်းလျှောက်ထွက်ရင်း ခေါင်းထဲမှာ မီးပွင့်သွားပါတယ်။ အပူပေးတဲ့ ပြွန်လုံးကြီးကို အမြဲတမ်း ပူနေအောင်ထားပြီး ရေနွေးငွေ့ကို အအေးခံဖို့အတွက် နောက်ထပ် အအေးခံခန်း သီးသန့် တစ်ခု (Separate Condenser) လုပ်ပေးလိုက်ရင် ကောင်းမှာပဲ လို့ တွေးမိသွားပါတယ်။
အဲဒီလို ခွဲထုတ်လိုက်တဲ့အတွက် ပြွန်လုံးကြီးကို ပူလိုက် အေးလိုက် လုပ်စရာ မလိုတော့ဘဲ စွမ်းအင် ဆုံးရှုံးမှု ၇၅ ရာခိုင်နှုန်းလောက် သက်သာသွားပါတယ်။ ကျောက်မီးသွေး အနည်းငယ်နဲ့ အင်အား အများကြီး ထွက်လာပါတယ်။ ဒါဟာ စက်မှုသမိုင်းကို အကြီးအကျယ် ပြောင်းလဲသွားစေမယ့် သော့ချက် ဖြစ်လာပါတော့တယ်။
ဂျိမ်းစ်ဝပ် ရဲ့ စွမ်းဆောင်ရည်က ဒီလောက်နဲ့ မပြီးသေးပါဘူး။ အရင် ရေနွေးငွေ့ အင်ဂျင်တွေက အထက်အောက် လှုပ်ရှားပြီး ရေစုပ်ရုံ သက်သက်ပဲ လုပ်နိုင်တာပါ။ ဒါပေမဲ့ ဂျိမ်းစ်ဝပ် က အဲဒီ အထက်အောက် လှုပ်ရှားမှုကို ဘီးလှည့်တဲ့ အင်အား (Rotary motion) ဖြစ်သွားအောင် နောက်ထပ် ဂီယာစနစ်တွေကို တီထွင် ပေါင်းစပ်လိုက်ပါတယ်။ ဒါဟာ ကမ္ဘာကြီးအတွက် ဧရာမ တော်လှန်ရေးကြီး တရပ်ပဲ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဘီးကို လှည့်နိုင်သွားတဲ့အတွက် ဒီရေနွေးငွေ့ အင်ဂျင်တွေကို ရေစုပ်ဖို့ သက်သက် မဟုတ်တော့ဘဲ ချည်မျှင်စက်ရုံတွေ၊ ဂျုံကြိတ်စက်တွေ၊ သံရည်ကျို စက်ရုံတွေမှာပါ တပ်ဆင် အသုံးပြုလာနိုင်လို့ ဖြစ်ပါတယ်။
အရင်က စက်ရုံတည်မယ်ဆိုရင် ရေအားလိုတဲ့အတွက် မြစ်ကမ်းဘေးတွေမှာပဲ တည်ဆောက်ရပါတယ်။ ဂျိမ်းစ်ဝပ် ရဲ့ အင်ဂျင် ပေါ်လာတဲ့အခါမှာတော့ စက်ရုံတွေကို ကြိုက်တဲ့နေရာမှာ တည်ဆောက်လို့ ရသွားပါပြီ။ ဒါကြောင့် စက်ရုံ အလုပ်ရုံတွေ မှိုလိုပေါက်လာပြီး စက်မှုတော်လှန်ရေးကြီး အရှိန်အဟုန်နဲ့ စတင်ပါတော့တယ်။
ဂျိမ်းစ်ဝပ် ဟာ သူတီထွင်ထားတဲ့ အင်ဂျင်တွေကို မိုင်းတွင်းပိုင်ရှင်တွေ၊ စက်ရုံပိုင်ရှင်တွေဆီ ရောင်းချင်ပါတယ်။ ဒါပေမဲ့ လူတွေက ရေနွေးငွေ့ အင်ဂျင်က ဘယ်လောက် စွမ်းသလဲ ဆိုတာကို နားမလည်ကြပါဘူး။
ဒါကြောင့် သူက ပါးနပ်တဲ့ ဈေးကွက် ရှာဖွေရေး နည်းလမ်းတစ်ခုကို သုံးခဲ့ပါတယ်။ အဲဒီခေတ်က လူတွေဟာ အလုပ်လုပ်ဖို့ မြင်းတွေကို သုံးကြပါတယ်။ ဂျိမ်းစ်ဝပ် က "ကျွန်တော့်ရဲ့ အင်ဂျင် တစ်လုံးဟာ မြင်း ဘယ်နှကောင်စာ အလုပ်လုပ်ပေးနိုင်တယ်" လို့ တွက်ချက်ပြခဲ့ပါတယ်။ အဲဒီကနေတဆင့် မြင်းကောင်ရေအား (Horsepower) ဆိုတဲ့ စကားလုံး စတင် ပေါ်ပေါက်လာပါတယ်။ ဒီကနေ့ခေတ် ကျွန်တော်တို့ မော်တော်ကားတွေရဲ့ အင်ဂျင်စွမ်းအားကို တိုင်းတာတဲ့ HP (Horsepower) ဆိုတာဟာ ဂျိမ်းစ်ဝပ် စတင် သုံးစွဲခဲ့တဲ့ စကားလုံးပဲ ဖြစ်ပါတယ်။
သူ့ရဲ့ အင်ဂျင်တွေကြောင့် ကမ္ဘာကြီးဟာ လုံးဝ ပြောင်းလဲသွားပါတယ်။ စက်ရုံတွေမှာ ကုန်ပစ္စည်းတွေကို အမြောက်အမြား ထုတ်လုပ်လာနိုင်ပါတယ်။ နောက်ပိုင်းမှာ သူ့ရဲ့ ရေနွေးငွေ့ အင်ဂျင် သဘောတရားကိုပဲ အခြေခံပြီး မီးရထား တွေနဲ့ မီးသင်္ဘော တွေကို တီထွင်လာနိုင်တဲ့အတွက် ကမ္ဘာ့ ကုန်သွယ်ရေးဟာ အံ့မခန်း တိုးတက်လာခဲ့ပါတယ်။
ပိုပြီး အံ့ဩစရာကောင်းတဲ့ အချက်တစ်ခု ရှိပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ကမ္ဘာကျော် သိပ္ပံပညာရှင် နိုဘယ်ဆုရှင်ကြီး Paul Crutzen က ကမ္ဘာမြေရဲ့ သမိုင်းမှာ လူသားတွေရဲ့ ဩဇာလွှမ်းမိုးမှု အကြီးမားဆုံးဖြစ်တဲ့ Anthropocene ဆိုတဲ့ ဘူမိဗေဒ ခေတ်သစ် တစ်ခုကို အဆိုပြုခဲ့ပါတယ်။
အဲဒီခေတ်သစ်ကို ဘယ်အချိန်က စသတ်မှတ်သလဲ ဆိုရင် ဂျိမ်းစ်ဝပ် ဟာ ရေနွေးငွေ့အင်ဂျင်ကို အဆင့်မြှင့်တင် အောင်မြင်ခဲ့တဲ့ ၁၇၈၄ ခုနှစ် ကနေ စတင်သတ်မှတ်ခဲ့ကြပါတယ်။ ဆိုလိုတာက ဂျိမ်းစ်ဝပ်ရဲ့ တီထွင်မှုဟာ လူ့သမိုင်းကိုသာမက ကမ္ဘာမြေရဲ့ သမိုင်းကိုပါ ခေတ်တစ်ခေတ် ပြောင်းလဲသွားစေခဲ့တာ ဖြစ်ပါတယ်။
ဂျိမ်းစ်ဝပ် ဟာ ရေနွေးငွေ့ အင်ဂျင်ကို စတင်တီထွင်ခဲ့သူ မဟုတ်ပေမဲ့ အဲဒီ အင်ဂျင်ကို နယ်ပယ်ပေါင်းစုံမှာ အမှန်တကယ် အသုံးဝင်တဲ့ အဆင့် ရောက်အောင် ပြောင်းလဲပေးခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ စူးစမ်းလေ့လာမှုနဲ့ ဉာဏ်ရည်ဉာဏ်သွေးကြောင့်သာ လူသားတွေဟာ ပင်ပန်းတဲ့ လက်မှုခေတ်ကနေ အချိန်တိုအတွင်းမှာ မြန်ဆန်တဲ့ စက်မှုခေတ်ဆီကို ကူးပြောင်းနိုင်ခဲ့တာပါ။
ဒါကြောင့်လည်း သူ့ရဲ့ ကျေးဇူးကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီကနေ့ခေတ် လျှပ်စစ်စွမ်းအင်ကို တိုင်းတာတဲ့ ယူနစ် (ဥပမာ - မီးသီး တစ်လုံးမှာ ပါတဲ့ 60W, 100W) တွေကို သူ့နာမည်ကို အစွဲပြုပြီး ဝပ် (Watt) လို့ ခေါ်ဝေါ် သတ်မှတ်ထားကြတာပဲ ဖြစ်ပါတယ်။
03/06/2026
အမေရိကန်သမ္မတတွေရဲ့ အထက်မှာ ဂုဏ်ပြုခံထားရသူ
အမေရိကန် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူကို တော်တော်များများ မြင်ဖူးကြမှာပါ။ အဲဒီငွေစက္ကူပေါ်က ပုံပိုင်ရှင်ဟာ အမေရိကန် သမ္မတ မဟုတ်ပါဘူး။ ဒါပေမဲ့ အမေရိကန်နိုင်ငံရဲ့ သမိုင်းမှာရော၊ ကမ္ဘာ့သိပ္ပံ သမိုင်းမှာပါ အရေးအပါဆုံး ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်ပါတယ်။
သူကတော့ အမေရိကန်ကို တည်ထောင်ခဲ့တဲ့ ဖခင်ကြီးတွေ ထဲက တစ်ဦးဖြစ်တဲ့ ဘင်ဂျမင် ဖရန့်ကလင်း (Benjamin Franklin) ပဲ ဖြစ်ပါတယ်။ သူဟာ တဖက်မှာ နိုင်ငံရေးသမား တစ်ယောက်ဖြစ်သလို တဖက်မှာတော့ ကမ္ဘာကျော် သိပ္ပံပညာရှင်၊ စာရေးဆရာ၊ သံတမန်နဲ့ တီထွင်သူ ပါရမီရှင်ကြီး တစ်ဦးလည်း ဖြစ်နေပြန်ပါတယ်။
ဘင်ဂျမင် ဖရန့်ကလင်းကို ၁၇၀၆ ခုနှစ်မှာ ဘော့စတွန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဖယောင်းတိုင်လုပ်တဲ့ မိသားစုကနေ ပေါက်ဖွားလာပြီး မောင်နှမ ၁၇ ယောက်တောင် ရှိတဲ့အထဲက ၁၅ ယောက်မြောက် ကလေးပါ။ မိသားစုက ဆင်းရဲတာကြောင့် ကျောင်းပညာရေးကို အသက် ၈ နှစ်ကနေ ၁၀ နှစ်အထိ ၂ နှစ်လောက်ပဲ သင်ခဲ့ရပါတယ်။
ဒါပေမဲ့ သူဟာ စာဖတ်တာကို အရမ်း ဝါသနာပါပါတယ်။ အစ်ကိုဖြစ်သူရဲ့ ပုံနှိပ်တိုက်မှာ အလုပ်သင် ဝင်လုပ်နေတုန်း သတင်းစာထဲမှာ သူ စာရေးချင်ခဲ့ပါတယ်။ အစ်ကိုက သူ့စာတွေကို ခွင့်မပြုတဲ့အတွက် လူငယ်လေး ဖရန့်ကလင်းဟာ ဉာဏ်ဆင်ပြီး ဆိုင်းလန့်စ် ဒူးဂွတ် (Silence Dogood) အမည်ရတဲ့ သက်လတ်ပိုင်း မုဆိုးမတယောက်လို ဟန်ဆောင်ကာ ပုံနှိပ်တိုက် တံခါးအောက်ကနေ စာတွေ ခိုးထိုးထည့်ခဲ့ပါတယ်။ အဲဒီ မုဆိုးမကြီးရဲ့ စာတွေဟာ တမြို့လုံးက လူတွေ စောင့်ဖတ်ရလောက်အောင် အောင်မြင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူဟာ ကိုယ်ပိုင် ပုံနှိပ်တိုက် တည်ထောင်နိုင်တဲ့အထိ ကြိုးစားခဲ့ပြီး အလွန်အောင်မြင်တဲ့ သတင်းစာ ထုတ်ဝေသူ တစ်ဦး ဖြစ်လာခဲ့ပါတယ်။
ဖရန့်ကလင်းရဲ့ နာမည်အကြီးဆုံး သိပ္ပံစမ်းသပ်မှုကတော့ ၁၇၅၂ ခုနှစ်မှာ လုပ်ခဲ့တဲ့ စွန်လွှတ် စမ်းသပ်မှု ပဲ ဖြစ်ပါတယ်။ အဲဒီခေတ်က မိုးကြိုးပစ်တာကို နတ်ဘုရားတွေ အမျက်ထွက်တယ်လို့ပဲ ထင်ခဲ့ကြပါတယ်။
ဖရန့်ကလင်းက မိုးသက်မုန်တိုင်း ကျနေတဲ့ အချိန်မှာ သော့ချိတ်ဆွဲထားတဲ့ စွန်တစ်ကောင်ကို လွှတ်တင်ခဲ့ပါတယ်။ ဒီနေရာမှာ လူတော်တော်များများ အထင်မှားနေတာက စွန်ကို မိုးကြိုး တိုက်ရိုက်ပစ်ချလိုက်တယ်လို့ ထင်နေကြတာပါ။
တကယ်လို့သာ မိုးကြိုး တိုက်ရိုက်ပစ်ခဲ့ရင် ဖရန့်ကလင်း တစ်ယောက် ပွဲချင်းပြီး သေဆုံးသွားမှာပါ။ တကယ်တမ်း ဖြစ်ခဲ့တာက စွန်ကြိုးဟာ မုန်တိုင်းထဲက လျှပ်စစ်ဓာတ်မှုန်တွေကို စုပ်ယူဖမ်းငင်လိုက်ပြီး အဲဒီ လျှပ်စစ်ဓာတ်တွေက ကြိုးကတဆင့် သော့ဆီကို ရောက်လာကာ မီးပွင့်ထွက်လာတာကို လက်တွေ့ သက်သေပြနိုင်ခဲ့တာပါ။
မိုးကြိုးဆိုတာ အခြားအရာ မဟုတ်ဘဲ ဧရာမ လျှပ်စစ်ဓာတ် ကြီး ဖြစ်တယ်ဆိုတာကို သူက ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒီတွေ့ရှိချက်ကနေတဆင့် အဆောက်အအုံတွေကို မိုးကြိုးအန္တရာယ်ကနေ ကာကွယ်ပေးနိုင်မယ့် မိုးကြိုးလွှဲ (Lightning Rod) ကို သူကိုယ်တိုင် တီထွင်နိုင်ခဲ့ပါတယ်။
သူဟာ သိပ္ပံပညာကို စာအုပ်ထဲမှာတင် မထားဘဲ လက်တွေ့ဘဝမှာ လူတွေ အသုံးချနိုင်ဖို့ အမြဲ တီထွင်လေ့ရှိပါတယ်။ အဝေးကြည့်မှန် တစ်လှည့် စာဖတ်မှန် တစ်လှည့် တပ်ရတာ စိတ်ရှုပ်လို့ မှန်ဘီလူး နှစ်မျိုးကို မျက်မှန်တစ်လက်တည်းမှာ အပေါ်အောက် ပိုင်းခြားထားတဲ့ (Bifocals) မျက်မှန်ကို တီထွင်ခဲ့ပါတယ်။
အိမ်သုံး သစ်သားမီးဖိုတွေ အန္တရာယ်များလို့ ထင်းအကုန်သက်သာပြီး အပူပိုထွက်တဲ့ ဖရန့်ကလင်း သံမီးဖို ကို တီထွင်ပေးခဲ့ပါတယ်။ ဒါ့အပြင် ရေထည့်ထားတဲ့ ဖန်ခွက်လေးတွေကို အရွယ်အစား စီတန်းထားပြီး လက်နဲ့ပွတ်ကာ တီးခတ်ရတဲ့ (Glass Armonica) ဖန်ခွက်တူရိယာ ကိုလည်း တီထွင်ခဲ့ပါသေးတယ်။ ဒီတူရိယာရဲ့ အသံကို သဘောကျလွန်းလို့ ကမ္ဘာကျော် ဂီတပညာရှင်ကြီးတွေဖြစ်တဲ့ မိုးဇက် နဲ့ ဘီသိုဗင် တို့တောင် သီချင်းတွေ ရေးစပ်ပေးခဲ့ကြပါတယ်။
ဒီလောက် တီထွင်မှုတွေ အများကြီး လုပ်ခဲ့ပေမဲ့ အထူးခြားဆုံးကတော့ သူဟာ သူ့ရဲ့ တီထွင်မှု တစ်ခုကိုမှ မူပိုင်ခွင့် လုံးဝ မလုပ်ခဲ့ပါဘူး။ သူများတွေရဲ့ တီထွင်မှုတွေကို ကိုယ်တွေ အခမဲ့ သုံးခွင့်ရသလို ကိုယ့်တီထွင်မှုကိုလည်း လူသားတွေ အားလုံး အခမဲ့ သုံးစွဲနိုင်ဖို့ စေတနာသက်သက်နဲ့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ အမေရိကန်ရဲ့ စာတိုက်စနစ်ကို တာဝန်ယူခဲ့စဉ်က အင်္ဂလန်ကနေ အမေရိကန်ကို လာတဲ့ စာပို့သင်္ဘောတွေက ၂ ပတ်လောက် ပိုကြာနေပြီး ပြန်သွားရင်တော့ ပိုမြန်နေတာကို သတိထားမိခဲ့ပါတယ်။ အဲဒါနဲ့ သူဟာ ပင်လယ်ရေစီးကြောင်းတွေကို တိုင်းတာလေ့လာပြီး Gulf Stream လို့ခေါ်တဲ့ ဧရာမ သမုဒ္ဒရာ ရေစီးကြောင်းကြီး ရှိနေကြောင်း ကမ္ဘာပေါ်မှာ ပထမဆုံး မြေပုံဆွဲ ဖော်ထုတ်ပေးခဲ့သူပါ။
ဒါတင်မကသေးပါဘူး၊ သူဟာ အမေရိကန်ရဲ့ ပထမဆုံးသော ငှားရမ်းဖတ်ရှု့နိုင်တဲ့ ပြည်သူ့စာကြည့်တိုက်ကို တည်ထောင်ခဲ့တယ်။ မီးဘေးအန္တရာယ် ကာကွယ်ဖို့ ပထမဆုံး စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့တယ်။ ဖီလာဒဲလ်ဖီးယား ဆေးရုံနဲ့ ယနေ့ခေတ် ကမ္ဘာကျော် ယူပန် တက္ကသိုလ် (University of Pennsylvania) ကို ဦးဆောင် တည်ထောင်ပေးခဲ့ပါတယ်။
ဘင်ဂျမင် ဖရန့်ကလင်းဟာ အမေရိကန်နိုင်ငံ လွတ်လပ်ရေး ရဖို့အတွက် အရေးအကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ အမေရိကန် သမိုင်းမှာ အရေးအပါဆုံး စာချုပ်ကြီး ၄ ရပ်လုံးကို လက်မှတ်ရေးထိုးခဲ့တဲ့ တဦးတည်းသောပုဂ္ဂိုလ် ဟာ သူပဲ ဖြစ်ပါတယ်။
အဲဒီစာချုပ်တွေကတော့ (၁) လွတ်လပ်ရေး ကြေညာစာတမ်း (၂) ပြင်သစ်-အမေရိကန် မဟာမိတ် စာချုပ် (၃) ဗြိတိန်နဲ့ စစ်ပွဲပြီးဆုံးကြောင်း ပါရီငြိမ်းချမ်းရေး စာချုပ် နဲ့ (၄) အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေ တို့ပဲ ဖြစ်ပါတယ်။
အထူးသဖြင့် သူဟာ ပြင်သစ်နိုင်ငံမှာ သံအမတ်အဖြစ် သွားရောက် တာဝန်ထမ်းဆောင်ချိန်မှာ သူလုပ်သွားပုံက အလွန် ပါးနပ်ပါတယ်။ သူဟာ ပြင်သစ်နန်းတော်ထဲမှာ တမင်သက်သက် ရိုးရိုးခပ်နွမ်းနွမ်း အဝတ်အစားတွေ ဝတ်ပြီး အမေရိကန် တောသားကြီး ပုံစံဖမ်းကာ ပြင်သစ်လူမျိုးတွေရဲ့ သနားချစ်ခင်မှုကို ရအောင် ယူခဲ့ပါတယ်။ အဲဒီသံတမန်ရေး ဉာဏ်အမြော်အမြင်ကြောင့် ပြင်သစ်ဘုရင်ဆီကနေ ငွေကြေးနဲ့ စစ်ရေး အကူအညီတွေ အများကြီး ရအောင် စွမ်းဆောင်နိုင်ခဲ့လို့သာ အမေရိကန်တွေ လွတ်လပ်ရေးစစ်ပွဲ နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘင်ဂျမင် ဖရန့်ကလင်း ဟာ အမြဲတမ်း စူးစမ်းလေ့လာချင်စိတ် အပြည့်ရှိသူပါ။ ဆင်းရဲတဲ့ ဘဝ၊ ကျောင်းပညာရေး ၂ နှစ်သာ ရှိတဲ့ ဘဝကနေ စတင်ခဲ့ပေမဲ့ ဇွဲလုံ့လနဲ့ စူးစမ်းလိုစိတ်သာရှိရင် ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ် ဆိုတာကို ကိုယ်တိုင် သက်သေပြသွားခဲ့ပါတယ်။
သူရဲ့ တီထွင်မှုတွေနဲ့ နိုင်ငံရေး စွမ်းဆောင်ချက်တွေဟာ ဒီကနေ့တိုင်အောင် လူသားတွေအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ပေးစွမ်းနေဆဲ ဖြစ်ပါတယ်။
ဒါကြောင့် သူဟာ သမ္မတ တစ်ယောက် မဖြစ်ခဲ့ပေမဲ့ သူ့ကို အမေရိကန် ဖခင်ကြီးတွေ အနက် ဉာဏ်အကြီးဆုံးနဲ့ အထူးချွန်ဆုံး ပုဂ္ဂိုလ်ကြီးအဖြစ် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူပေါ်ကနေ ဂုဏ်ပြုရင်း အမြဲတမ်းအမှတ်ရနေကြမှာပဲ ဖြစ်ပါတော့တယ်။
02/06/2026
ဂယ်လီလီယို နဲ့ နယူတန် ကြားက မေ့လျော့ခံ ဉာဏ်ကြီးရှင် (သို့) အချိန်နှင့် အာကာသကို စိုးမိုးခဲ့သူ
သိပ္ပံပညာရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ဂယ်လီလီယို နဲ့ နယူတန် တို့လို နာမည်ကျော် သိပ္ပံပညာရှင်ကြီးတွေအကြောင်းကို လူတိုင်း ကြားဖူးကြမှာပါ။
ဒါပေမဲ့ အဲဒီ ဉာဏ်ကြီးရှင် နှစ်ယောက်ကြားမှာ ပေါင်းကူးတံတား တစ်ခုလို အလွန်အရေးပါခဲ့တဲ့ အလွန်ထူးချွန်ထက်မြက်တဲ့ နောက်ထပ် သိပ္ပံသူရဲကောင်း တစ်ယောက် ရှိပါသေးတယ်။
သူကတော့ ၁၇ ရာစုရဲ့ ဒတ်ချ် လူမျိုး သင်္ချာနဲ့ ရူပဗေဒပညာရှင် ခရစ်စတီယန် ဟိုင်းဂန်းစ် (Christiaan Huygens) ပဲ ဖြစ်ပါတယ်။
ဒီကနေ့ခေတ်မှာ ကျွန်တော်တို့ဟာ အချိန်ကို စက္ကန့်နဲ့အမျှ တိတိကျကျ သိနေကြပါပြီ။ ဒါပေမဲ့ ၁၇ ရာစု မတိုင်ခင်က နာရီတွေကတော့ ဒီလိုမဟုတ်ပါဘူး။ တစ်နေ့ကို ၁၅ မိနစ်လောက် အမြဲတမ်း နောက်ကျနေတတ်ပါတယ်။ တိကျတဲ့ နာရီ မရှိတာဟာ သာမန်လူတွေအတွက် ပြဿနာ မဟုတ်ပေမဲ့ ပင်လယ်ပြင်မှာ ရွက်လွှင့်နေတဲ့ သင်္ဘောသားတွေနဲ့ သိပ္ပံပညာရှင်တွေ အတွက်တော့ ကြီးမားတဲ့ အခက်အခဲကြီးပဲ ဖြစ်ပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့ ၁၆၅၆ ခုနှစ်မှာ ဟိုင်းဂန်းစ် က ကြီးမားတဲ့ တီထွင်မှုကြီး တစ်ခုကို လုပ်ခဲ့ပါတယ်။ အဲဒါကတော့ ကမ္ဘာ့ပထမဆုံး ချိန်သီးနာရီ (Pendulum Clock) ကို တီထွင်ခဲ့တာပါ။ သူဟာ ဂယ်လီလီယို တွေ့ရှိခဲ့တဲ့ ချိန်သီးရဲ့ လွှဲခွင် သဘောတရားကို လက်တွေ့ အသုံးချပြီး ဒီနာရီကို ဖန်တီးခဲ့တာပါ။ တစ်နေ့ကို ၁၅ မိနစ်လောက် မှားနေတဲ့ နာရီတွေဟာ ချိန်သီးကို တပ်ဆင်လိုက်တဲ့အခါ တစ်နေ့လုံးမှ ၁၀ စက္ကန့်လောက်ပဲ အမှားအယွင်း ရှိတော့တဲ့အထိ အံ့မခန်း တိကျသွားပါတယ်။
ဟိုင်းဂန်းစ် ဟာ အင်ဂျင်နီယာ တစ်ယောက်သာမက အလွန် ထူးချွန်တဲ့ နက္ခတ္တဗေဒ ပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အဲဒီခေတ်က အကောင်းဆုံး ဆိုတဲ့ မှန်ဘီလူးတွေကို ကိုယ်တိုင် သွေးပြီး၊ အဝေးကြည့် မှန်ပြောင်း တွေကို ကိုယ်တိုင် ဖန်တီးခဲ့ပါတယ်။
အဲဒီခေတ်က စနေဂြိုဟ် ကို မှန်ပြောင်းနဲ့ ကြည့်ရင် ဘေးဘက်မှာ အဖုအထစ်ကြီး နှစ်ခု ထွက်နေတာကို မြင်ကြရပါတယ်။ ဂယ်လီလီယို ကိုယ်တိုင်က အဲဒါကို စနေဂြိုဟ်မှာ နားရွက်တွေ ပါတယ် လို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ဟိုင်းဂန်းစ် ဟာ သူကိုယ်တိုင် ပြုလုပ်ထားတဲ့ အားကောင်းတဲ့ မှန်ပြောင်းနဲ့ စနေဂြိုဟ်ကို ကြည့်လိုက်တဲ့အခါ အဲဒီ အဖုအထစ်တွေဟာ နားရွက်တွေ မဟုတ်ဘဲ ဂြိုဟ်ကို ထိမနေဘဲ လှည့်ပတ်နေတဲ့ ကွင်းကြီးတွေ (Saturn's Rings) ဖြစ်တယ်ဆိုတာကို ကမ္ဘာပေါ်မှာ ပထမဆုံး အတိအကျ ရှင်းပြနိုင်ခဲ့ပါတယ်။
ဒါတင်မကသေးပါဘူး၊ ၁၆၅၅ ခုနှစ်မှာ စနေဂြိုဟ်ကို လှည့်ပတ်နေတဲ့ အကြီးဆုံး လမင်းကြီး ဖြစ်တဲ့ Titan ကိုလည်း သူကပဲ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့ပါတယ်။ (ဒီကနေ့ခေတ် စနေဂြိုဟ်ဆီ သွားတဲ့ နာဆာရဲ့ အာကာသယာဉ်ကို သူ့ကို ဂုဏ်ပြုသောအားဖြင့် Cassini-Huygens လို့ နာမည်ပေးထားပါတယ်)။
လူသိနည်းတဲ့ သူ့ရဲ့ အံ့ဩစရာအကောင်းဆုံး အချက်ကတော့ သူဟာ အဲဒီခေတ်ကတည်းက ဂြိုဟ်သား တွေ ရှိတယ် ဆိုတဲ့အယူအဆကို ယုံကြည်ခဲ့တာပဲ ဖြစ်ပါတယ်။ ၁၆၉၈ ခုနှစ်မှာ သူထုတ်ဝေခဲ့တဲ့ Cosmotheoros ဆိုတဲ့ စာအုပ်ထဲမှာ တခြားဂြိုဟ်တွေပေါ်မှာလည်း ကမ္ဘာမြေမှာလိုပဲ သက်ရှိတွေ၊ ရေတွေ၊ အပင်တွေ ရှိနိုင်တယ်လို့ အခိုင်အမာ ရေးသားခဲ့ပါတယ်။ ဘာသာရေး အလွန်ရှိုင်းတဲ့ အဲဒီခေတ်ကာလမှာ ဒီလို အယူအဆမျိုး ရေးသားဖို့ဆိုတာ အသက်အန္တရာယ် ပေးခံရနိုင်လောက်တဲ့အထိ ရဲရင့်လွန်းတဲ့ လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက သိပ္ပံလောကမှာ သြဇာအကြီးဆုံး က အိုင်းဆက် နယူတန် ပါ။ နယူတန်က အလင်းဆိုတာ အလွန်သေးငယ်တဲ့ အမှုန်လေးတွေ (Particles) နဲ့ ဖွဲ့စည်းထားတာ လို့ အခိုင်အမာ ပြောဆိုထားပြီး လူတိုင်းကလည်း ဒါကို လက်ခံထားကြပါတယ်။
ဒါပေမဲ့ ဟိုင်းဂန်းစ် က နယူတန်ကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်ခဲ့ပါတယ်။ အလင်းဆိုတာ အမှုန်တွေ မဟုတ်ဘူး၊ ရေကန်ထဲ ခဲလုံးပစ်ချလိုက်ရင် ထွက်လာတဲ့ ရေလှိုင်းလေးတွေလိုပဲ လှိုင်း (Waves) တွေအဖြစ် ပြန့်နှံ့သွားတာ လို့ ဆိုပြီး အလင်းလှိုင်း သီအိုရီ (Wave theory of light) ကို တိကျတဲ့ သင်္ချာနည်းတွေနဲ့ သက်သေပြခဲ့ပါတယ်။
အစပိုင်းမှာ လူတွေက နယူတန်ကိုပဲ ယုံခဲ့ကြပေမဲ့ နောက်ပိုင်း ရာစုနှစ်တွေ ရောက်လာတဲ့အခါ ဟိုင်းဂန်းစ် ရဲ့ အလင်းလှိုင်း သီအိုရီဟာလည်း မှန်ကန်ကြောင်း သိပ္ပံပညာရှင်တွေက အခိုင်အမာ လက်ခံလာရပါတယ်။ (ဒီကနေ့ခေတ် ကွမ်တမ်ရူပဗေဒမှာတော့ အလင်းဟာ လှိုင်းရော၊ အမှုန်ပါ နှစ်မျိုးစလုံးရဲ့ သတ္တိ ရှိတယ်လို့ သတ်မှတ်ထားပါတယ်)။
ဟိုင်းဂန်းစ် ဟာ နာရီတွေ၊ မှန်ပြောင်းတွေ တီထွင်ရုံတင် မကပါဘူး။ ဝိုင်းစက်နေတဲ့ လမ်းကြောင်းအတိုင်း လည်ပတ်နေတဲ့ အရာဝတ္ထုတွေမှာ ဖြစ်ပေါ်လာတဲ့ ဗဟိုခွာအား (Centrifugal force) ရဲ့ ပုံသေနည်းကို သူ ပထမဆုံး ရှာဖွေပေးခဲ့ပါတယ်။
ဂိမ်းကစားတာတွေ၊ အန်စာတုံး လှိမ့်တာတွေမှာ အနိုင်ရဖို့ အခွင့်အရေး ဘယ်လောက်ရှိသလဲ ဆိုတာကို တွက်ချက်တဲ့ ဖြစ်တန်စွမ်း သင်္ချာ (Probability Theory) ရဲ့ အခြေခံကိုလည်း သူကပဲ စတင်ပေးခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ ရူပဗေဒ တွက်ချက်မှုတွေဟာ အလွန် တိကျသေချာလွန်းလို့ နောင်တချိန်မှာ အိုင်းဆက် နယူတန် ကိုယ်တိုင်က ကမ္ဘာကျော် ရွေ့လျားမှု နိယာမများ (Laws of Motion) ကို ရေးဆွဲရာမှာ ဟိုင်းဂန်းစ် ရဲ့ တွက်ချက်မှုတွေကို အများကြီး အခြေခံ အသုံးပြုခဲ့ရပါတယ်။
ခရစ်စတီယန် ဟိုင်းဂန်းစ် ဟာ တစ်ခုတည်းသော နယ်ပယ်မှာ ထူးချွန်သူ မဟုတ်ဘဲ နက္ခတ္တဗေဒ၊ ရူပဗေဒ၊ သင်္ချာ နဲ့ အင်ဂျင်နီယာ စတဲ့ နယ်ပယ်များစွာမှာ ကမ္ဘာကြီးကို အံ့မခန်း ပြောင်းလဲပေးနိုင်ခဲ့တဲ့ ရှားရှားပါးပါး စွယ်စုံရပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်ပါတယ်။
ဂယ်လီလီယို နဲ့ နယူတန် တို့လောက် လူသိမများခဲ့ပေမဲ့ သူ့ရဲ့ရှာဖွေတီထွင်မှုတွေသာ မရှိခဲ့ရင် ဒီကနေ့ ကျွန်တော်တို့ရဲ့ ခေတ်သစ် သိပ္ပံပညာဆိုတာ အများကြီးနောက်ကျနေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ သိပ္ပံတော်လှန်ရေး သမိုင်းမှာ ချန်ထားလို့မရတဲ့ သူရဲကောင်းကြီး တစ်ဦးအဖြစ် မှတ်တမ်းတင်ထိုက်သူ ဖြစ်ပါတယ်။
01/06/2026
နှလုံးသားရဲ့ စကားသံများကို လူသားတွေအတွက် ဖမ်းယူပေးခဲ့သူ
ဆေးရုံတွေမှာ လူနာရဲ့ ရင်ဘတ်မှာ ကြိုးတွေတပ်ပြီး တီ... တီ... တီ... ဆိုတဲ့ အသံနဲ့အတူ ဖန်သားပြင်ပေါ်မှာ တက်လိုက် ကျလိုက် ဇစ်ဇက် မျဉ်းတွေ ပြနေတဲ့ စက်ကို သင် မြင်ဖူးမှာပါ။ အဲဒါကို ဆေးပညာအရ ECG သို့မဟုတ် EKG လို့ ခေါ်ပါတယ်။ နှလုံးရောဂါ ရှိ၊ မရှိ စစ်ဆေးရာမှာ အသက်တမျှ အရေးကြီးတဲ့ စက် ဖြစ်ပါတယ်။
နှလုံးသား ဆိုတာ သွေးတွေကို ညှစ်ထုတ်ပေးနေတဲ့ သာမန် ကြွက်သားတုံးကြီး သက်သက် မဟုတ်ပါဘူး။ နှလုံးတစ်ခါ ခုန်ဖို့အတွက် သူ့အလိုလို လျှပ်စစ်စီးကြောင်း (Electrical signals) သေးသေးလေးတွေ အရင် ထုတ်လွှတ်ပေးရပါတယ်။
အဲဒီ လျှပ်စစ်စီးကြောင်းလေးတွေကို အပြင်ကနေ ဖမ်းယူ တိုင်းတာနိုင်ရင် နှလုံးရောဂါတွေကို ကြိုတင် သိနိုင်မယ် ဆိုတာကို လွန်ခဲ့တဲ့ ရာစုနှစ် တစ်ခုကျော်ကတည်းက ဆရာဝန်တွေ သိခဲ့ကြပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီ လျှပ်စစ်လှိုင်းလေးတွေဟာ အလွန် သေးငယ် အားပျော့လွန်းလို့ ဖမ်းယူဖို့ အလွန် ခက်ခဲနေတာပဲ ဖြစ်ပါတယ်။
ဒီပြဿနာကို ဖြေရှင်းပေးခဲ့သူကတော့ ဒတ်ချ်လူမျိုး ဆရာဝန်ကြီး ဝီလီယံ အိုင်းသိုဗင် (Willem Einthoven) ပဲ ဖြစ်ပါတယ်။
၁၉၀၁ ခုနှစ်မှာ လိုက်ဒန် တက္ကသိုလ် က ပါမောက္ခ အိုင်းသိုဗင် ဟာ အလွန် ပါးလွှာတဲ့ ကြိုးလေး တစ်ချောင်းကို အသုံးပြုပြီး စမ်းသပ်မှု တစ်ခုကို လုပ်ခဲ့ပါတယ်။ အဲဒီကြိုးလေးဟာ ငွေရောင် သုတ်ထားတဲ့ Quartz ဖန်ကြိုးမျှင်လေး ဖြစ်ပြီး၊ လူ့ဆံပင်ထက်တောင် အများကြီး ပိုပါးလွှာပါတယ်။
အဲဒီ ကြိုးမျှင်လေးကို အလွန် အားကောင်းတဲ့ သံလိုက်တုံးကြီး နှစ်ခုကြားမှာ ဆန့်တန်းပြီး တပ်ဆင်ထားလိုက်ပါတယ်။ လူနာရဲ့ နှလုံးကနေ ထွက်လာတဲ့ လျှပ်စစ်စီးကြောင်းလေးတွေဟာ အဲဒီကြိုးမျှင်လေးဆီ ရောက်သွားတဲ့အခါ၊ သံလိုက်စက်ကွင်းရဲ့ သဘောတရားအရ ကြိုးမျှင်လေးဟာ လျှပ်စစ်အား အနည်းအများပေါ် မူတည်ပြီး ဘေးဘက်တွေကို တဆတ်ဆတ် တုန်ခါ သွားပါတယ်။
အဲဒီ တုန်ခါသွားတဲ့ ကြိုးမျှင်လေးရဲ့ အရိပ်ကို အလင်းရောင် ထိုးချလိုက်ပြီး ရွေ့လျားနေတဲ့ ဓာတ်ပုံမှန်ပြားပေါ်မှာ မှတ်တမ်းတင်လိုက်ပါတယ်။ ဒါဟာ ကမ္ဘာ့ပထမဆုံး တိကျတဲ့ နှလုံးခုန်နှုန်း မှတ်တမ်း (ECG) ကို အောင်မြင်စွာ ဖမ်းယူနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ဒီကနေ့ခေတ် ECG စက်လေးတွေဟာ လက်ဆွဲအိတ် တစ်လုံးစာလောက်ပဲ ရှိပြီး အလွန် ပေါ့ပါးပါတယ်။ ဒါပေမဲ့ အိုင်းသိုဗင် တီထွင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ECG စက်ကြီးကတော့ ပေါင် ၆၀၀ အလေးချိန် ရှိပါတယ်။ စက်ကြီး တစ်ခုလုံးက အခန်း နှစ်ခန်းစာလောက် နေရာယူထားပြီး စက်ကို လည်ပတ်ဖို့အတွက် ကျွမ်းကျင်သူ လူ ၅ ယောက် လိုအပ်ပါတယ်။
ပိုပြီး ရယ်စရာကောင်းသလို၊ အံ့ဩစရာ ကောင်းတာက လူနာတွေကို စစ်ဆေးတဲ့ ပုံစံပါပဲ။ လျှပ်စစ်ဓာတ် ကောင်းကောင်း စီးဝင်နိုင်ဖို့အတွက် လူနာဟာ ကုလားထိုင်ပေါ်မှာ ထိုင်ပြီး သူ့ရဲ့ လက်နှစ်ဖက် နဲ့ ခြေထောက်တစ်ဖက် ကို ဆားရည်တွေ အပြည့်ထည့်ထားတဲ့ ရေပုံး ၃ ပုံး ထဲမှာ စိမ်ထားပေးရပါတယ်။ အဲဒီ ဆားရည်ပုံးတွေကနေ တဆင့်မှ နှလုံးက လျှပ်စစ်လှိုင်းတွေကို ကြိုးတွေနဲ့ ချိတ်ဆက်ပြီး ဧရာမ စက်ကြီးဆီကို ပို့ဆောင်ပေးရတာပါ။
(လူ့အရေပြားက လျှပ်စစ်စီးကူးမှု ညံ့ဖျင်းတာကြောင့် နှလုံးကထွက်တဲ့ အားပျော့လွန်းတဲ့ လျှပ်စစ်လှိုင်းတွေကို ကြားခံဆားရည်ရဲ့ အကူအညီနဲ့ စက်ထဲစီးကူးအောင် လုပ်ရတာဖြစ်ပါတယ်)
အိုင်းသိုဗင်ရဲ့ စက်ကြီးဟာ အလွန်လေးလံလွန်းလို့ သူ့ရဲ့ ဓာတ်ခွဲခန်းထဲကနေ ဆေးရုံကို သယ်သွားဖို့ အဆင်မပြေပါဘူး။ ဆရာဝန်တွေကလည်း နှလုံးရောဂါသည်တွေကို ဓာတ်ခွဲခန်းဆီ လာမပို့ရဲပါဘူး။
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ၁၉၀၆ ခုနှစ်မှာ သူဟာ လုံးဝ မထင်မှတ်ထားတဲ့ နည်းလမ်းကို သုံးခဲ့ပါတယ်။ အဲဒါကတော့ ဆေးရုံနဲ့ ၁မိုင်ခန့် ကွာဝေးတဲ့ သူ့ရဲ့ ဓာတ်ခွဲခန်းကို တယ်လီဖုန်းကြိုးတွေ သွယ်တန်း ဆက်သွယ်လိုက်တာပဲ ဖြစ်ပါတယ်။
လူနာက ဆေးရုံက ဆားရည်ပုံးထဲမှာ ထိုင်နေပြီး အိုင်းသိုဗင် က တမိုင်အကွာက သူ့ဓာတ်ခွဲခန်းထဲကနေ တယ်လီဖုန်းကြိုးကတဆင့် ရောက်လာတဲ့ လူနာရဲ့ နှလုံးလျှပ်စစ်လှိုင်းတွေကို အောင်မြင်စွာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒါဟာ ဒီကနေ့ခေတ် ကမ္ဘာတဝန်းမှာ ခေတ်စားနေတဲ့ အဝေးရောက် ဆေးကုသမှု စနစ် (Telemedicine) ရဲ့ အစလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
အိုင်းသိုဗင် ဟာ ECG စက္ကူပေါ်က လှိုင်းလေးတွေကို နာမည်ပေးခဲ့ပါသေးတယ်။ သူဟာ မှတ်တမ်းပေါ်မှာ တက်လိုက်၊ ကျလိုက် ဖြစ်နေတဲ့ လှိုင်း ၅ ခုကို တွေ့ရတဲ့အတွက် နောက်ပိုင်း တွေ့လာနိုင်တဲ့ လှိုင်းတွေအတွက်ပါ နေရာချန်ထားပြီး ပြင်သစ်သင်္ချာပညာရှင် Descartes ရဲ့ သင်္ချာနည်းလမ်းအတိုင်း အလယ်ဗဟို အက္ခရာတွေဖြစ်တဲ့ P, Q, R, S, T ဆိုပြီး အမည်ပေးခဲ့ပါတယ်။
P လှိုင်း က နှလုံးရဲ့ အပေါ်ခန်းတွေ ညှစ်လိုက်တဲ့ အချိန်ပါ။
Q, R, S လှိုင်းပေါင်းစု က နှလုံးရဲ့ အောက်ခန်းတွေ အားပြင်းပြင်းနဲ့ ညှစ်ထုတ်လိုက်တဲ့ အချိန် (သွေးတွေ တစ်ကိုယ်လုံးကို ပန်းထွက်သွားတဲ့ အချိန်) ပါ။
T လှိုင်း ကတော့ နှလုံးကြွက်သားတွေ ပြန်လည် အနားယူတဲ့ အချိန်ပါ။
အိုင်းသိုဗင် ပေးခဲ့တဲ့ အဲဒီ P-Q-R-S-T ဆိုတဲ့ နာမည်တွေဟာ အလွန် စနစ်ကျလွန်းတဲ့အတွက် ယနေ့ခေတ် ကမ္ဘာတဝန်းက ဆေးရုံတိုင်းမှာ ဒီနာမည်တွေကိုပဲ မပြောင်းမလဲ ဆက်လက် အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။
အိုင်းသိုဗင် ရဲ့ ဒီတီထွင်မှုကြောင့် ဆရာဝန်တွေဟာ နှလုံးရောဂါ ဖြစ်နေတာ၊ နှလုံးခုန် မမှန်တာ တွေကို ရင်ဘတ်ကို ခွဲစရာမလိုဘဲ အပြင်ကနေ ကြိုတင် သိရှိလာနိုင်ခဲ့ပါတယ်။
ဒီလို နှလုံးရောဂါ ရှာဖွေရေး သမိုင်းမှာ အကြီးမားဆုံး တော်လှန်ရေး တစ်ရပ်ကို ဖန်တီးပေးနိုင်ခဲ့တဲ့အတွက် ၁၉၂၄ ခုနှစ်မှာ သူ့ကို ဆေးပညာနှင့် ဇီဝကမ္မဗေဒဆိုင်ရာ နိုဘယ်ဆုကြီး ချီးမြှင့်ခဲ့ပါတယ်။
ဝီလီယံ အိုင်းသိုဗင် ဟာ ဆားရည်ပုံးတွေ၊ တယ်လီဖုန်းကြိုးတွေ၊ ဧရာမ သံလိုက်တုံးကြီးတွေနဲ့ သေးငယ်တဲ့ ဖန်ကြိုးမျှင်လေး တစ်ချောင်းကို အသုံးပြုပြီး ကျွန်တော်တို့ နှလုံးသားက တီးတိုးပြောနေတဲ့ လျှပ်စစ် စကားသံတွေကို ကမ္ဘာကြီး ကြားအောင် ဖမ်းယူပေးခဲ့သူ ဖြစ်ပါတယ်။
ခေတ်တွေ ပြောင်းလာလို့ စက်တွေ သေးငယ်သွားပေမဲ့ သူချမှတ်ပေးခဲ့တဲ့ P-Q-R-S-T ဆိုတဲ့ အခြေခံ သီအိုရီကြီးကတော့ မပြောင်းလဲဘဲ ယနေ့တိုင် လူသားသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ပေးနေဆဲ ဖြစ်ပါတော့တယ်။
31/05/2026
ကြွက်သားတွေ ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခဲ့သူ
ကျွန်တော်တို့ အပြေးပြိုင်ပွဲ တစ်ခုမှာ အစွမ်းကုန် ပြေးပြီးသွားတဲ့အခါ ဒါမှမဟုတ် အလေးအပင်တွေ အများကြီး မလိုက်တဲ့အခါ ကြွက်သားတွေ အရမ်းညောင်းညာပြီး ပူစပ်ပူလောင် ဖြစ်သွားတာကို ကြုံဖူးကြမှာပါ။
အဲဒီလို ဖြစ်တာဟာ ကြွက်သားတွေထဲမှာ လက်တစ် အက်ဆစ် လို့ခေါ်တဲ့ ဓာတ်တစ်မျိုး စုပုံလာလို့ ဖြစ်တယ်ဆိုတာကို လူတော်တော်များများ သိကြပါတယ်။
ဒါပေမဲ့ အဲဒီ လက်တစ် အက်ဆစ် က ဘယ်ကနေ ရောက်လာသလဲ ပြီးတော့ ပြေးပြီးလို့ နားနေတဲ့အချိန်မှာ အဲဒီ အက်ဆစ်တွေ ဘယ်လို ပျောက်ကွယ်သွားပါသလဲ...
ဒီလို ခန္ဓာကိုယ် အတွင်းပိုင်း လျှို့ဝှက်ချက်ကို အတိအကျ ဖော်ထုတ်နိုင်ခဲ့တဲ့သူကတော့ ဂျာမန်လူမျိုး ဇီဝဓာတုဗေဒ ပညာရှင်ကြီး အော့တို ဖရစ်ဇ် မေယာဟော့ဖ် (Otto Fritz Meyerhof) ပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ကြွက်သားတွေဟာ အလုပ်လုပ်ဖို့အတွက် စွမ်းအင် လိုအပ်ပါတယ်။ သာမန် လမ်းလျှောက်နေတဲ့ အချိန်မျိုးမှာတော့ ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်ကို အသုံးပြုပြီး စွမ်းအင် ထုတ်ပါတယ်။ ဒါပေမဲ့ ရုတ်တရက် အစွမ်းကုန် ပြေးရတဲ့အခါမျိုးမှာ ခန္ဓာကိုယ်က အောက်ဆီဂျင်ကို လုံလောက်အောင် အမြန် မပို့ပေးနိုင်တော့ပါဘူး။
အဲဒီအချိန်မှာ ကြွက်သားတွေဟာ အရေးပေါ် စွမ်းအင် အဖြစ် သိုလှောင်ထားတဲ့ Glycogen လို့ခေါ်တဲ့ သကြားဓာတ် တစ်မျိုးကို အသုံးပြုရပါတယ်။ မေယာဟော့ဖ် ဟာ ဖားတွေရဲ့ ကြွက်သားကို ဓာတ်ခွဲခန်းမှာ အသေးစိတ် လေ့လာခဲ့ပါတယ်။
အဲဒီအခါ ကြွက်သားတွေဟာ အောက်ဆီဂျင် မရှိဘဲ အလုပ်လုပ်ရတဲ့အခါ အဲဒီ ဂလိုင်ကိုဂျင် တွေဟာ ကွဲထွက်သွားပြီး အရေးပေါ် စွမ်းအင်တွေ ထွက်လာသလို၊ ဘေးထွက် ဆိုးကျိုးအနေနဲ့ လက်တစ် အက်ဆစ် တွေ ထွက်ပေါ်လာတယ် ဆိုတာကို သူက အတိအကျ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
(မှတ်ချက် - ယနေ့ခေတ် ဆေးပညာအရ လက်တစ်အက်ဆစ်ဟာ ပြေးနေစဉ် ခဏတာ ပူစပ်ပူလောင် ဖြစ်စေတာသာ ဖြစ်ပြီး နောက်ရက်တွေမှာ ကြွက်သားနာကျင်ကိုက်ခဲတာဟာ အက်ဆစ်ကြောင့် မဟုတ်ဘဲ ကြွက်သားမျှင်လေးတွေ စုတ်ပြဲသွားတဲ့ Micro-tears တွေကြောင့် ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။)
ဒီနေရာမှာ အလွန် စိတ်ဝင်စားဖို့ ကောင်းတဲ့ မေးခွန်းတစ်ခု ပေါ်လာပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီးလို့ ကျွန်တော်တို့ နားနေတဲ့ အချိန်၊ အသက်ကို ပြင်းပြင်းရှူပြီး အောက်ဆီဂျင်တွေ ပြန်သွင်းယူလိုက်တဲ့အခါ... စုပုံနေတဲ့ အဲဒီ လက်တစ် အက်ဆစ် အညစ်အကြေးတွေ ဘာဖြစ်သွားသလဲ။
အရင်က သိပ္ပံပညာရှင်တွေ ထင်ထားတာက ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်က အဲဒီ လက်တစ် အက်ဆစ်တွေ အားလုံးကို လောင်ကျွမ်း ပစ်လိုက်တယ်လို့ ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ မေယာဟော့ဖ် က အဲဒီအယူအဆ မှားယွင်းကြောင်းကို အံ့မခန်း တိကျတဲ့ တိုင်းတာမှုတွေနဲ့ သက်သေပြခဲ့ပါတယ်။
နားနေချိန်မှာ ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်ဟာ စုစုပေါင်း လက်တစ် အက်ဆစ်ရဲ့ ၂၀ ရာခိုင်နှုန်း ကိုပဲ လောင်ကျွမ်းစေပြီး စွမ်းအင် ထုတ်ယူလိုက်ပါတယ်။ အဲဒီကနေ ရလာတဲ့ စွမ်းအင်ကို အသုံးပြုပြီး ကျန်နေသေးတဲ့ လက်တစ် အက်ဆစ် ၈၀ ရာခိုင်နှုန်း ကို မူလ စွမ်းအင် အရင်းအမြစ် ဖြစ်တဲ့ Glycogen အဖြစ်သို့ အံ့ဩဖွယ်ရာ ပြန်လည် ပြောင်းလဲပစ်လိုက်ပါတယ်။
ခန္ဓာကိုယ်ကြီးဟာ အညစ်အကြေး ဖြစ်တဲ့ အက်ဆစ်ကို အလဟဿ လွှင့်မပစ်ဘဲ စွမ်းအင် အဖြစ် ပြန်လည် အသုံးပြုနိုင်အောင် အလွန် ပါးနပ်စွာ အလုပ်လုပ်နေတယ် ဆိုတာကို မေယာဟော့ဖ် က ဖော်ထုတ်ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီရှာဖွေတွေ့ရှိမှုကြောင့် ၁၉၂၂ ခုနှစ်မှာ မေယာဟော့ဖ် ကို ဆေးပညာဆိုင်ရာ နိုဘယ်ဆုကြီး ချီးမြှင့်ခဲ့ပါတယ်။ ထူးခြားတာက သူဟာ ဒီဆုကြီးကို ပြီးခဲ့တဲ့အခေါက်မှာပြောခဲ့တဲ့ ဗြိတိန် သိပ္ပံပညာရှင်ကြီး A.V. Hill နဲ့ ပူးတွဲ ရရှိခဲ့တာပါ။
A.V. Hill က ကြွက်သားကနေ ထွက်လာတဲ့ အပူချိန် (ရူပဗေဒပိုင်း) ကို တိုင်းတာခဲ့ပြီး မေယာဟော့ဖ် ကတော့ ကြွက်သားထဲမှာ ဖြစ်ပျက်နေတဲ့ အက်ဆစ် နဲ့ သကြားဓာတ် အပြောင်းအလဲ (ဓာတုဗေဒပိုင်း) ကို ဖော်ထုတ်ခဲ့တာပါ။ သူတို့ နှစ်ဦးရဲ့ တွေ့ရှိချက်ကို ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ ကြွက်သားတွေ ဘယ်လို အလုပ်လုပ်သလဲ ဆိုတဲ့ ပြီးပြည့်စုံတဲ့ ရုပ်လုံးကြီး ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။
မေယာဟော့ဖ် ဟာ ဂျာမနီနိုင်ငံမှာ နိုဘယ်ဆုရှင် ပါမောက္ခကြီး တစ်ဦး အဖြစ် အလွန် အောင်မြင်ခဲ့ပေမဲ့ သူဟာ ဂျူးသွေးပါနေခဲ့ပါတယ်။
၁၉၃၈ ခုနှစ်မှာ နာဇီ အာဏာရှင် ဟစ်တလာ ရဲ့ အစိုးရက ဂျူးလူမျိုးတွေကို အကြီးအကျယ် ဖမ်းဆီး သ_တျ_ ဖြတ်လာတဲ့အခါ မေယာဟော့ဖ် ဟာ သူ့ရဲ့ ရာထူး၊ စည်းစိမ် အားလုံးကို စွန့်လွှတ်ပြီး ပြင်သစ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။
ဒါပေမဲ့ ၁၉၄၀ ပြည့်နှစ်မှာ ပြင်သစ်ကိုပါ နာဇီတွေ ဝင်သိမ်းလိုက်ပါတယ်။ ဒီအချိန်မှာ ကြွက်သားတွေရဲ့ မောပန်းမှုအကြောင်း သုတေသနလုပ်ခဲ့တဲ့ အသက် ၅၆ နှစ်အရွယ် သိပ္ပံပညာရှင်ကြီးဟာ သေဘေးကနေ လွတ်မြောက်ဖို့အတွက် ပြင်သစ်နဲ့ စပိန် နယ်စပ်က Pyrenees တောင်တန်းကြီးတွေကို ကိုယ်တိုင် ခြေလျင် ဖြတ်လျှောက်ပြီး အဲဒီကနေ တဆင့် အမေရိကန်နိုင်ငံဆီကို အသက်လု ထွက်ပြေးခဲ့ရရှာပါတယ်။
အမေရိကန်ကို ရောက်တဲ့အခါ ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ်မှာ ပါမောက္ခအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရင်း ၁၉၅၁ ခုနှစ် (အသက် ၆၇နှစ်) မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
အော့တို ဖရစ်ဇ် မေယာဟော့ဖ် ဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေ ဘယ်လို လည်ပတ်နေသလဲ ဆိုတဲ့ ဇီဝကမ္မဖြစ်စဉ် ကြီးရဲ့ သော့ချက်ကို ရှာဖွေပေးခဲ့သူပါ။
ဒီကနေ့ခေတ် ဇီဝဗေဒ ကျောင်းသားတိုင်း သင်နေရတဲ့ ဆဲလ်တွေရဲ့ စွမ်းအင်ထုတ်လုပ်မှု လမ်းကြောင်း (Glycolysis) ကို Embden-Meyerhof Pathway လို့ သူ့နာမည်ကို ဂုဏ်ပြု မှည့်ခေါ်ထားဆဲ ဖြစ်ပါတယ်။
ဒါကြောင့် သူဟာ ခေတ်သစ် ဇီဝဓာတုဗေဒ နဲ့ အားကစား ဆေးပညာ တို့ရဲ့ ကျေးဇူးရှင်ပုဂ္ဂိုလ်ကြီး တစ်ဦးအဖြစ် သမိုင်းတွင် ကျန်ရစ်နေမည် ဖြစ်ပါကြောင်း ဗဟုသုတအဖြစ် ဝေမျှလိုက်ရပါတယ်။