InfoMix Hub

InfoMix Hub

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from InfoMix Hub, Singapore, Kamayut.

26/01/2026

အိုးရွဲ့စလောင်းရွဲ့
----------------------
ကျွန်တော်တာဝန်ကျသည့်ရွာတွင် ဦးစိတ်ဖြူဆိုသည့် အသက် ၈၀ ကျော် အဘိုးကြီးတစ်ယောက်ကို ဆုံဖူး သည်။ သူ့အမည်က ဦးစိတ်ဖြူဆိုသော်လည်း အမှန်တကယ် သူ့ကို တစ်ရွာလုံးက နောက်ကွယ်တွင် ခေါ်ကြသည့် အမည်မှာ “ဦးစိတ်တို” ဖြစ်သည်။ အလွန်စိတ်တိုတတ်သူဖြစ်သောကြောင့်ပင်။

စိတ်တို စိတ်ဆတ်သူတွေကို ပေါင်းရသင်းရခက်သည်ဟူ၍ဆိုကြသည်။ ဦးစိတ်ဖြူသည် တစ်ရွာလုံးနှင့် တစ်ယောက်ဖြစ်နေသော်လည်း ကျွန်တော်နှင့်မူ အလွန်အကြောင်းအပေါင်းသင့်သည်။ လူတွေကလည်း

“ဆရာ့ကိုတော့ အံ့တယ်ဗျာ … ဦးစိတ်တိုနဲ့တည့်အောင်ပေါင်းနိုင်တာ” ဟူ၍ ချီးမွမ်းသလို ပြောဆိုကြသည်။

ကျွန်တော်ကလည်း သူနှင့်တည့်အောင် ပေါင်းရသည်မှာ အကြောင်းရှိသည်။ ရွာတွင်ချမ်းသာသည့် စာရင်းဝင်သူ တစ်ယောက်ဖြစ်သည့်အပြင် ကျောင်းအတွက် လိုအပ်သမျှကိုလည်း ငွေကြေးအရ အထောက်အပံ့ ပေးနိုင်သူ ဖြစ်နေသောကြောင့်ပင်။

ကျွန်တော်သူ့ဆီသို့ ပထမဆုံး အလှူခံရောက်ခဲ့ပုံကို ပြောချင်ပါသေးသည်။ သူ့အိမ်ကို ရောက်သည့်အခါတွင် သူက ကျွန်တော့်ကို ဘုကြည့်ကြည့်ရင်း

“ဘာကိစ္စလဲ” ဟူ၍ မေးသည်။

ကျွန်တော်က

“ကျောင်းမှာ အိမ်သာဆောက်ချင်လို့ အလှူခံချင်လို့ပါခင်ဗျာ”

“ကျောင်းမှာ အိမ်သာမရှိလို့လား”

“ရှိပါတယ် … ဒါပေမဲ့ ကျောင်းသားအရေအတွက်နဲ့ မလုံလောက်ပါဘူး။ လက်ရှိ အိမ်သာကလည်း မကောင်းတော့ဘူး။ အိမ်သာနှစ်လုံး ခွဲဆောက်ချင်လို့ပါ။ မိန်းကလေးအတွက်၊ ယောက်ျားလေးအတွက် ဆိုပြီး တော့ပေါ့”

“အလှူငွေဘယ်လောက်ထည့်ရမှာလဲ”

“စေတနာရှိသလောက်ပေါ့ခင်ဗျာ”

“စေတနာက တစ်စက်မှမရှိဘူး”

“ဒါဆိုလည်း မထည့်ပါနဲ့ခင်ဗျာ”

ကျွန်တော်က သူ့ရှေ့မှချက်ချင်းထကာ ပြန်ခဲ့သည်။ သူနှင့်ကျွန်တော် ပထမဆုံး ဆုံဆည်းခဲ့ပုံဖြစ်သည်။ ကျွန်တော့်မှာလည်း စိတ်နှင့် မာနနှင့်ဖြစ်ရာ ထိုလူကြီးထံက အလှူမခံတော့ဟူ၍ ဆုံးဖြတ်လိုက်ပါသည်။

သို့သော် နောက်တစ်နေ့တွင် ကျွန်တော့်ကျောင်းကို သူရောက်လာသည်။

“ငါ့ဆရာလည်း စိတ်နဲ့ကိုး” ဟူ၍ သူကတွေ့တွေ့ချင်းပြောသည်။

“ဘာကိုဆိုလိုတာလဲဦးရယ်”

“ကျုပ်ကပြောတာနဲ့ ချက်ချင်းထပြန်တော့တာပဲ။ အဲဒါကိုပြောတာ”

“ဪ ဦးက စေတနာမရှိဘူးဆိုမှတော့ ကျွန်တော်ကလည်း ဇွတ်အတင်းအလှူခံနေလို့ ဘာထူးမှာလဲခင်ဗျာ”

“ကြိုက်တယ် … ကျုပ်က အဲဒီလိုစိတ်ဓာတ်ကို ကြိုက်တာ … ပတ်ချွဲနပ်ချွဲမကြိုက်ဘူး။ ဒါနဲ့ အိမ်သာတစ်လုံး ဘယ်လောက်ကုန်မလဲ”

“အုတ်နဲ့ဆိုရင် တစ်သိန်းလောက်တော့ကုန်မယ်ခင်ဗျ”

“ကျုပ်တစ်လုံး တာဝန်ယူတယ်”

ဦးစိတ်ဖြူနှင့် ကျွန်တော် ပထမဆုံး စတင်တွေ့ခဲ့ရပုံဖြစ်သည်။ ကျွန်တော်လည်း ရွာထဲကအလှူခံရငွေတွေနှင့် အိမ်သာတစ်လုံးကို ချက်ချင်းဆောက်သည်။ ဦးစိတ်ဖြူသည် နေ့စဉ်ကျောင်းကိုလာကာ အိမ်သာဆောက်ပုံကို လာကြည့်သည်။ ယခင်က ပန်းရန်ဆရာလည်း လုပ်ဖူးသူဖြစ်သောကြောင့် လက်ရှိအလုပ်လာဆင်းနေသည့် ပန်းရန်ဆရာကို ကောင်းကောင်း ခိုင်းတတ်သည်။ သူက ဆရာကို ဆရာပြန်လုပ်ရသည်ကို ကျေနပ်နေသည်။

အိမ်သာတစ်လုံး ပြီးသွားသည့်အခါတွင် စာရင်းဇယားတွေကို သူကိုယ်တိုင်စစ်ဆေးပြီး နောက်တစ်လုံးကိုလည်း သူ့ကုန်ကျငွေဖြင့်ဆောက်ပေးသည်။ ထိုနေ့ကစပြီး သူနှင့်ကျွန်တော် တကယ့်သားအဘတွေလိုဖြစ်သွားသည်။ သူ့ကိုလည်း ကျွန်တော်က “အဘ” ဟူ၍ ရွာထုံးစံအတိုင်းခေါ်ရာ သားသမီးမရှိသော ဦးစိတ်ဖြူမှာ ကျွန်တော်နှင့် အကြောင်းအပေါင်း သင့်သွားတော့သည်။

ဦးစိတ်ဖြူအိမ်ကို ဝင်ထွက် စားသောက်ရင်းက ကျွန်တော် သတိထားမိသည့် အချက်မှာ ဦးစိတ်ဖြူနှင့် သူ့ဇနီး ဒေါ်ကြေးမုံကိုဖြစ်သည်။ သူတို့လင်မယား၏ အိမ်ထောင်သက်ကို မေးသည့်အခါတွင်

“အင်း သူနဲ့ ငါက အသက် ၂၀ လောက်ကတည်းက ခိုးပြေးကြတာဆိုတော့ အိမ်ထောင်သက် ၆၀ လောက် ရှိပြီ”

“ကျွန်တော်မြင်သလောက်တော့ အဘတို့လင်မယား တစ်ခါမှ စကားများတာ မတွေ့ဖူးဘူး”

“ဟုတ်တယ် အိမ်ထောင်သက် ၆၀ အတွင်း တစ်ခါမှ သူနဲ့စကားမများဘူး”

“ဒါဆိုရင် အဘတို့အိမ်ထောင်ရေး ဘာကြောင့် ဒီလောက်တောင်မြဲသလဲဆိုတာ ပြောပြလို့ ရမလားခင်ဗျာ”

“အေး … ပြောသာပြောရတာ … ကြေးမုံနဲ့ ငါနဲ့က ဘုနဲ့ဘောက်ကွယ့်။ ငါ သူမှန်တယ်ဆိုရင် မှားတယ်လို့ ပြောတာ။ သူလုပ်မယ် ဆိုရင် ငါကမလုပ်ဘူးပြောတာ။ သူစားမယ်ဆိုရင် ငါကမစားဘူးဆိုပြီး အရွဲ့ကို တိုက်ပစ်တာ”

“အဲဒါ အဘွားဒေါ်ကြေးမုံက ဘာမှ မပြောဘူးလား”

“ဘာရမလဲ စိတ်ဖြူတဲ့ကွ … သူ့ကို ငါကငယ်နိုင်လေ။ ငါ့ကို ဆန့်ကျင်ရဲလို့လား”

“ဒါဆိုရင် အဘွားကြေးမုံက အဘကို ကြောက်လို့ အလျော့ပေးနေတာပေါ့”

“ငါ့တစ်သက် သူ့ကို ဘယ်လောက်ကန့်လန့်တိုက်တိုက် သူက ဘယ်တော့မှ ဆန့်ကျင်တာတော့ မရှိဖူးဘူး။ မယုံရင်မေးကြည့်လေ”

အိမ်ဦးခန်းတွင် ကွမ်းသီးနှင့် ကွမ်းတွေကို ကွမ်းညှပ်နှင့် ဖိညှပ်နေသည့် အဘွားကြေးမုံက ပြုံးပြီး ကြည့်နေသည်။ ထို့နောက်

“ကိုစိတ်ဖြူ”

“ဟေလကွာ”

“နွားကို ဒီအတိုင်းထားလိုက်ကြားလား … ဖိုးဆောင်းပြန်လာမှ သိမ်းလိမ့်မယ်”

“ဟာ ဘယ်ဖြစ်ပါ့မလဲ မိုးချုပ်တော့မယ် … ငါပဲသွားသိမ်းလိုက်မယ်” ဆိုကာ ထွက်သွားသည်။

ဖိုးဆောင်းဆိုသည်မှာ သူတို့စာရင်းငှားဖြစ်ပြီး လယ်ထဲကပြန်လာမှ လွှတ်ထားသည့် နွားတွေကို သိမ်းမည်ဟု ပြောခြင်းဖြစ်သည်။ ဦးစိတ်ဖြူထွက်သွားမှ ကျွန်တော်က အဘွားကို

“အဘွားရေ … အဘွားက အဘကို သိပ်ကြောက်ရသလားဟင်” ဟုမေးလိုက်မိသည်။

“ဆရာလေးနှယ် ကြောက်လို့တော့ ဘယ်ဟုတ်မလဲ၊ ဒါပေမဲ့ ကျွန်မလည်း တစ်သက်လုံး ဆန့်ကျင်ပြီးတော့ သူ့ကိုရင်ဆိုင်လာရင်း အဆင်ကိုပြေလို့”

“ဆန့်ကျင်ပြီးတော့ဆိုတာ ဘာကို ပြောတာလဲအဘွားရယ်”

“စောစောက တွေ့တယ် မဟုတ်လား … နွားကို မိုးချုပ်လို့ သွားသိမ်းစေချင်တော့ ဒီအတိုင်းထားလိုက်လို့ ပြောလိုက်တာ”

“ကြားတယ်လေ”

“အဲဒီတော့ သင်းက ချက်ချင်းထပြီး သွားသိမ်းတော့တာပဲ။ ကျွန်မလည်း သူနဲ့အိမ်ထောင်တစ်သက် သူ့အကြောင်း ကောင်းကောင်းသိပေါ့။ လူ့ကန့်လန့် … လူ့ခွစာလေ။ သူ့ကို တည့်ပြောလို့မရဘူး။ ကျွန်မက တစ်ခုခုစားချင်ရင် … ပမာပေါ့နော် ငါးသလောက်များ စားချင်ရင် သူ့ကို ငါးသလောက် စားချင်လိုက်တာလို့ ပြောလို့ မရဘူး။ သူက ကျွန်မ စားချင်တယ်ဆိုရင် မစားဘူးကွဆိုပြီး လုပ်ချပစ်လိုက်ရော။ အဲဒီတော့ ကျွန်မ ဘာလုပ်သလဲသိလား”

“ပြောပါဦးအဘွား”

“ကိုစိတ်ဖြူရေ … ငါးသလောက်များ မချက်နဲ့တော်ရေ … အကြောတွေ တက်လွန်းလို့ … ကျွန်မ စားချင်ဘူး တော်လို့ ပြောလိုက်ရင် သူက ငါးသလောက် သွားဝယ်လာတော့တာ”

“တကယ်လားအဘွား”

“လူ့ကန့်လန့်ပါဆိုနေ … ပြီးတော့ ပြောရဦးမယ် … အိမ်ရောက်လို့ အဲဒီ ငါးသလောက်ကို ကျွန်မလည်း မချက်ချင်ဘူးဆိုရင် သူ့ကို ဘယ်လိုပြောသလဲ သိလား”

“အဘွားရယ် စိတ်ဝင်စားလာပြီ”

“ကိုစိတ်ဖြူ … ငါးသလောက်တွေ ဝယ်လာသလား … ကျွန်မချက်မယ် … ကျွန်မက ရှင့်ထက်ဟင်းချက် ကောင်းလေတော့ ကျွန်မလက်ရာမြည်းဖို့သာပြင်လို့သာပြောလိုက်”

“ဟင် အဲဒီတော့”

“အဲဒီလူကြီး မီးဖိုးထဲဝင်ပြီး သူကိုယ်တိုင် ချွေးတစ်လုံးလုံးနဲ့ ချက်တော့တာ ပဲရှင်”

“ဟာ အဘွားရယ် ကောင်းလိုက်တဲ့တိုက်ကွက်”

“ကျွန်မ အိမ်ထောင်သက် ၆၀ လုံးလုံး သူ့ကို အဲဒီလိုကိုင်တွယ်ခဲ့တာ ဆရာရေ … အိုးရွဲ့ကို စလောင်းရွဲ့နဲ့ လိုက်ဖုံးမှ တန်ကာကျတာဆရာ”

“အဘွားရယ် ကောင်းလိုက်တဲ့ စိတ်ကူးလေးပါဗျာ … မှတ်သားရပါတယ်”

ထိုစဉ် ဦးစိတ်ဖြူရောက်လာသည်။ အဘွားဒေါ်ကြေးမုံက

“ကိုစိတ်ဖြူရေ”

“ဘာလဲကွာ”

“ထမင်းစားတော့မလား … ကျွန်မခူးပေးမယ်လေ”

“ငါ့မှာလက်ပါတယ် … ငါ့ဘာသာ ခူးစားမယ် … ဆရာ ထမင်းစားသွားပါဦးလား”

“စားပါဗျာ … ကျွန်တော် စားခဲ့ပြီးပါပြီ”

ဦးစိတ်ဖြူ အိမ်နောက်ဖေးဝင်သွားသည်။ အဘွားဒေါ်ကြေးမုံက ကျွန်တော့်ကို ဘယ့်နှယ်ရှိစ သဘောဖြင့် မေးလေးထိုးကာ ပြုံးပြသည်။

တင်ညွန့်

၂၆.၁.၂၀၂၆

25/01/2026

အိမ်အလည်လာပြီး like လေးပေးကြပါဦး

တရက်ပဲ ကျန်တော့ပါတယ်

25/01/2026

Swimming 🏊‍♀️


25/01/2026



25/01/2026

ဟွင်းနော် 😁


24/01/2026

လမ်းထိပ်ကဆိုင်မှာ



fans@top fans

24/01/2026

ရက်(စ်) မာမီ 😂


23/01/2026

နာရီမရှိသောမြို့
---------------------
ဤမြို့တွင် နေထိုင်သူများကား ထူးဆန်းလှပေသည်။ သင်သည် တစ်ဦးဦးကို

“ဘယ်နှနရီထိုးပြီလဲ” ဟူ၍မေးငြားအံ့ သူတို့က

“နေဝင်ချိန်”

“နေထွက်ချိန်”

“ကြက်တွန်ချိန်” ဟူ၍သာပြောလေ့ရှိသည်။

ထိုမြို့တွင် နေထိုင်သူများသည် နာရီပတ်ခြင်းမရှိ။ အိမ်တိုင်းတွင်လည်း နာရီတွေမရှိ။ နာရီအကြောင်းလည်း စကားလုပ်ပြီး ပြောလေ့မရှိ။ မြို့လယ်ခေါင် ပန်းခြံထဲတွင် နာရီစင်ကြီးတစ်ခုရှိသည်။ ဟောင်းလောင်း ပေါက်ဖြစ်နေသော နာရီစင်မြင့်သည် ခိုငှက်လေးတွေ၏ ခိုနားရာနေရာဖြစ်နေသည်။

နာရီစင်ကြီးပေါ်တွင် နာရီမျက်နှာပြင်သည် အရည်ပျော်ကျသလို ဖြစ်နေသည်။ ပန်းချီဆရာကြီး ဒါလီ၏ ပန်းချီ ကားထဲက အရည်ပျော်နေသည့် နာရီကဲ့သို့ပင်။ လေးဘက်လေးတန်မှ နာရီတွေအားလုံး အရည်ပျော်နေကြ သည်။

တစ်နေ့တွင် နာရီရောင်းသူတစ်ဦးသည် ထိုမြို့လေးကို ရောက်လာသည်။ သူက ဘုတ်ပြားနှစ်ခုကို ကိုယ်တွင် ရှေ့ဘက်နှင့်ကျောဘက်ကို ကြိုးသီပြီး ပခုံးတွင် ဆွဲထားသည်။ ဘုတ်ပြားပေါ်တွင် လက်ပတ်နာရီအမျိုးမျိုးကို ချိတ်ဆွဲကာ ပြသထားသည်။

“လက်ပတ်နာရီတွေ … အချိန်မှန်တယ် … တိကျတယ် … ဈေးချိုတယ်”

သူသည် တစ်လမ်းဝင်တစ်လမ်းထွက် နာရီလိုက်ရောင်းသည်။ မည်သူမျှ သူ့နာရီတွေကို စောင်းငဲ့၍ပင်မကြည့်။ နာရီသည် သူတို့နှင့် မဆိုင်သည့်အလား သွားမြဲသွား၊ စားမြဲစားနေကြကုန်သည်။

မြို့လေးကား တိတ်ဆိတ်လွန်းလှသည်။ နာရီရောင်းသူသည် သူ့ဘုတ်ပြားတွင် ချိတ်ထားသည့် နာရီသံတွေ ကိုသာ ကြားရလောက်အောင် တိတ်ဆိတ်နေသည်။

“ချက် … ချက် … ချက်”

ကြာလာသောအခါ နာရီသံတွေက ဗုံသံတွေလို ကျယ်လောင်လာသည်ဟု သူထင်နေသည်။

နာရီရောင်းသူသည် မောလာသဖြင့် ဈေးတွင်ခေတ္တနားသည်။ ပခုံးတွင် ချိတ်လာသည့် ဘုတ်ပြား တွေကိုဖြုတ်ကာ ဘေးတွင်ချသည်။ သူက သစ်ပင်အရိပ် ခုံတန်းလေးတွင်ထိုင်ရင်း အနီးနားမှ အဘိုးအိုကို မေးလိုက်သည်

“အဘိုးရေ … နာရီလေးများ ကြည့်ပါဦး”

အဘိုးအိုက သူ့ကို ပြုံးပြလိုက်ပြီး

“မောင်ရင် ဒီမြို့က ဟုတ်ဟန်မတူဘူး”

“မှန်ပါတယ်ခင်ဗျာ … ကျွန်တော် ဟိုတောင်တန်းကြီးရဲ့တစ်ဘက်မှာရှိတဲ့ မြို့ကပါ”

“ဒါဆိုရင် မောင်ရင် ဒီမှာ နာရီလာရောင်းတာ မှားနေပြီကွယ်”

“ဘာဖြစ်လို့လဲခင်ဗျာ”

“တို့မြို့ကလူတွေ နာရီကို စိတ်မဝင်စားဘူးကွယ့်”

“ဒါပေမဲ့ တစ်ခုလောက်မေးပါရစေ။ လူတိုင်းလက်မှာ နာရီမရှိဘူး။ အိမ်တိုင်းမှာလည်း နာရီတွေမရှိဘူး။ မြို့လယ်က နာရီစင်ကနာရီတွေကလည်း အရည်ပျော်လို့။ နာရီမရှိတဲ့နေရာမှာ နာရီ လာရောင်းတာ ကျွန်တော် မှားသလားခင်ဗျာ”

“မောင်ရင် မမှားဘူး။ ဒါပေမဲ့ ဒီမြို့ကလူတွေ နာရီကို စိတ်ဝင်စားလိမ့်မယ်လို့ မောင်ရင့်အထင်ကမှားနေတာ။ ဒီမြို့က လူတွေ ဘယ်သူမှ နာရီကို စိတ်မဝင်စားဘူး”

“နာရီမရှိဘဲ အဘိုးတို့မြို့က လူတွေ ဘယ်လိုနေထိုင်ကြသလဲခင်ဗျာ”

“ကမ္ဘာဦးကလူတွေမှာလည်း နာရီတွေမရှိကြပါဘူး။ ဒါပေမဲ့ သူတို့ ဒီလိုပဲ နေခဲ့ကြတာပဲ။ တို့မြို့ကလူတွေက အချိန်တွေ၊ နာရီတွေ၊ မိနစ်တွေ၊ စက္ကန့်တွေကို ဂရုမစိုက်ကြဘူး။ သူတို့မှာ တစ်ချိန်က နာရီတွေရှိခဲ့ဖူးပါရဲ့။ တိတိ ကျကျပြောရရင် လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဒီမြို့က လူတိုင်းလက်တွေမှာ နာရီတွေ ရှိခဲ့ဖူးတယ်။ အိမ်တိုင်းမှာ လည်း တိုင်ကပ်နာရီတွေ၊ နှိုးစက်နာရီတွေ ရှိခဲ့ဖူးတယ်။ မြို့လယ်က နာရီစင်ကြီးမှာလည်း အချိန်အတိကျဆုံး နာရီကြီးလေးလုံး ရှိခဲ့ဖူးတယ်”

“ခု ဘာဖြစ်လို့ လူတွေက နာရီတွေမရှိတော့တာလဲခင်ဗျာ”

“မင်း မေးသင့်ပါတယ်။ ငါတို့ တစ်မြို့လုံးက နာရီတွေကို လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ဟိုးမြင်နေရတဲ့ တောင်တန်းကြီးရဲ့ အောက်ခြေမှာ သွားမြှုပ်လိုက်ကြတယ်”

“ထူးဆန်းပါပေ့ အဘိုးရယ် … ဘာကြောင့်များလဲဗျာ ပြောပြပါလား”

“ငါတို့မြို့သားတွေအားလုံးရဲ့ ပျော်ရွှင်မှုတွေအားလုံးဟာ လွန်ခဲ့တဲ့ ၅ နှစ်မှာ ပျောက်ဆုံးခဲ့တယ်။ အဲဒီ ၅ နှစ် တုန်းက ငါတို့မှာ အချိန်တွေ ရှိခဲ့တယ်။ ခုတော့ ငါတို့မှာ အချိန်တွေ မရှိတော့ဘူး။ နာရီတွေပဲရှိတော့တယ်။ နာရီတွေရှိပေမယ့် အချိန်မရှိတဲ့ဘဝဟာ အဓိပ္ပာယ်မရှိဘူးလေ။ ငါတို့အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်ပြီးတော့ အဲဒီပျောက်ဆုံးသွားတဲ့ ပျော်ရွှင်ဖွယ်နေ့မှာပဲ နာရီတွေကို အားလုံး တောင်တန်းဆီ သွားပြီးတော့ မြေမြှုပ်လိုက်ကြတယ်”

“နောက်တစ်ခု ကျွန်တော် သတိထားမိတာရှိသေးတယ် … ဒီမြို့မှာ ကားမရှိဘူး”

“ဟုတ်တယ် တို့မြို့မှာ ကားမရှိဘူး။ ကားတွေ ဒီမြို့ထဲကို ဝင်ခွင့်မပြုဘူး”

“ဘာဖြစ်လို့လဲအဘိုးခင်ဗျာ”

“ကားတွေ မြို့ထဲဝင်လာရင် ဆူညံတော့မယ်လေ။ တို့မြို့က ဆူညံတာကို မကြိုက်ဘူး။ တိတ်ဆိတ်ငြိမ်းချမ်းခြင်း ကိုကြိုက်ကြတယ်။ ဒီကလူတွေ စကား ကျယ်ကျယ် မပြောကြဘူး။ အိမ်တွေက တံခါးတွေတောင် အသံမြည်မှာစိုးရိမ်လို့ ဆီထိုးထားကြတယ်”

“ကျွန်တော်ကတော့ နာရီရောင်းသူဖြစ်တာကြောင့် နာရီအကြောင်းပဲစိတ်ဝင်စားပါတယ်အဘိုးရယ်”

“တို့မြို့ကလူတွေဟာ အချိန်တစ်ခုကို ရပ်တန့်ပစ်လိုက်ကြတယ်။ သူတို့ပျော်ရွှင်ခဲ့တဲ့အချိန်တွေဟာ လွတ်လပ်တဲ့အရသာကို အကောင်းဆုံး ခံစားနိုင်တဲ့အချိန်လို့ သတ်မှတ်ကြတယ်။ နာရီတွေကို စွန့်ပစ် လိုက်ရခြင်းကလည်း အဲဒါထက်ပိုတယ်။ နောက်ပိုင်းမှာ နာရီရဲ့ ချုပ်နှောင်မှုတွေကို သူတို့မခံဘူးဆိုတဲ့ သဘောပဲ။ အချိန်ရဲ့တုတ်နှောင်မှုတွေကနေ လွတ်ကင်းချင်တာလည်း ပါတယ်”

“ဟိုးတစ်ချိန်ကရော အချိန်ရဲ့တုတ်နှောင်မှုမရှိဘူးလားခင်ဗျာ”

“ငါတို့ဟာပျော်လွန်းလို့ အချိန်ဆိုတာကိုတောင် သတိမထားမိကြပါဘူး။ ငါတို့သတိထားလိုက်မိချိန်မှာ အချိန်က ငါတို့ကို ဖိစီးသလိုဖြစ်နေတယ်။ ဒါကြောင့် ငါတို့ တညီတညွတ်တည်း အမှတ်တရအနေနဲ့ ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေကို မြေမြှုပ်လိုက်ကြတယ်”

ထိုစဉ် ငှက်ကလေးတွေ မြက်ခင်းပြင်ထဲကို ပျံဝဲကာဆင်းလာကြသည်။

အဘိုးအိုက သူ့လက်ထဲမှ ပေါင်မုန့်စလေးတွေကိုဖဲ့ကာ ငှက်ကလေးတွေကို ပစ်ကျွေးနေသည်။

“အဘိုးတို့မြို့က လူတွေသာမဟုတ်ဘူး ငှက်တွေလည်း ထူးဆန်းနေတယ်”

“ဘာဖြစ်လို့လဲ”

“ငှက်တွေလည်း တေးမသီဘူး။ ဘာသံမှလည်း မထွက်ဘူး။ အစာတွေကို တိတ်တဆိတ်စားပြီး ပျံသွားကြ တယ်”

“ဒီငှက်လေးတွေလည်း တစ်ချိန်က အသံသာသာနဲ့ အော်ဟစ်ခဲ့ဖူးကြပါတယ်။ ဒါပေမဲ့ လူတွေမပျော်ချိန်မှာ ငှက်တွေလည်း အပျော်တွေ ဘယ်ရောက်ကုန်ပြီ မသိဘူးပေါ့”

ငှက်ကလေးတွေ ပျံသွားကြသည်။

“ကဲ သွားဦးမယ်ကွယ် နေဝင်တော့မယ်”

“အဘိုးရေ မသိရင် အဘိုးတို့မြို့က သင်္ချိုင်းကြီးလိုပဲနော်”

“ဟုတ်တယ်လေ ငါတို့မြို့ကလူတွေ သေနေတာကြာမှပဲ”

တင်ညွန့်

၁၇.၁.၂၀၂၆





23/01/2026



22/01/2026



22/01/2026

အမေ့အမွေ
-----------------
(၁)

အိမ်တစ်အိမ်ကိုရောက်လျှင် ကျွန်တော်ကတော့ ထိုအိမ်တွင် စာအုပ်စင် ရှိ၊ မရှိ ဦးစွာကြည့်သည်။ စာအုပ်စင် သို့မဟုတ် စာအုပ်ပုံကိုတွေ့လျှင် ထိုသူကို ကျွန်တော်အလွန်လေးစားသည်။ ရောက်သည့် အိမ်တိုင်းတွင်လည်း စာအုပ်ပုံကို ခွင့်တောင်းပြီးလှန်လှောကြည့်တတ်သည်။ ထိုအိမ်ကဖတ်သည့် စာအုပ်များ သို့မဟုတ် ထိုအိမ်တွင် ရှိသော စာအုပ်များသည် ထိုအိမ်၏ အဆင့်အတန်းသာဖြစ်သည်။

ကျွန်တော် ကိုဆန်းလွင်အိမ်ကိုရောက်တော့ ထုံးစံအတိုင်း ခမ်းနားလှသော သူ့ဧည့်ခန်းထဲတွင်ရှိသည့် စာအုပ်ဗီရိုကြီးများကို လှည့်ပတ်ကြည့်နေမိသည်။ ကိုဆန်းလွင်က အိမ်နောက်ဖေးအလုပ်ရုံထဲရောက်နေသည် ဆိုသဖြင့် ကျွန်တော်က ဧည့်ခန်းထဲတွင်စောင့်နေစဉ် စာအုပ်ဗီရိုကိုလိုက်ကြည့်ပြီး စာအုပ်အနှောင့်တွေကို လိုက်ဖတ်နေမိသည်။

“ဆရာ … ဆောရီးဗျာ … ကျွန်တော်နည်းနည်းကြာသွားတယ်”

“ရပါတယ် ကိုဆန်းလွင် … ကျွန်တော်ရောက်နေတာ မကြာသေးပါဘူး။ ဒီစာအုပ်တွေကို ကိုဆန်းလွင် ဖတ်တာတွေလား”

“ဟုတ်တယ်ဆရာ … ကျွန်တော့်ဘဝကို မြှင့်တင်ပေးခဲ့တဲ့နေရာမှာ အထောက်အကူဖြစ်စေခဲ့တဲ့ ရတနာ တွေပေါ့”

သူက စာအုပ်တွေကို ရတနာတွေဟု ပြောလိုက်ကတည်းက သူ့အဆင့်အတန်းကို ကျွန်တော်ခန့်မှန်းနေမိပြီ။

“ကိုဆန်းလွင်”

“ခင်ဗျာ ဆရာ”

“ကျွန်တော် စိတ်ဝင်စားတာတစ်ခုရှိတယ်”

“ဘာများလဲဆရာ”

“နံရံပေါ်က မှန်ဘောင်နဲ့သေသေချာချာထည့်ပြီး ချိတ်ထားတဲ့ ထဘီလေးကိုပါ”

သူ့အိမ်နံရံတွင် သူ့မိခင်ဖြစ်ပုံရသည့် ဆံထုံးနှင့် ရှေးအမျိုးသမီးကြီးတစ်ဦး၏ ဓာတ်ပုံကို တွေ့ရသည်။ ထိုဓာတ်ပုံ ဘေးတွင် မှန်ဘောင်ထဲထည့်ထားသည့် ထဘီခပ်နွမ်းနွမ်းတစ်ထည်ကိုကျွန်တော်က စိတ်ဝင်စားသောကြောင့် သူ့ကို မေးလိုက်ခြင်းဖြစ်သည်။

“ဪ … အဲဒါ ကျွန်တော့အမေရဲ့ ထဘီပါဆရာ”

“သူများအိမ်တွေမှာ အမေ့ခြေရာ … အဖေ့ခြေရာတွေကိုတော့ တွေ့ဘူးတယ်ဗျာ။ ဒီလို အိမ်ဦးခန်းမှာ ထဘီကို မှန်ဘောင်ထဲထည့်ပြီး အမြတ်တနိုးထည့်ထားတာကိုတော့ ကျွန်တော်ခုမှ မြင်ဖူးတာ”

“အဲဒီ ထဘီလေးက ကျွန်တော့်ဘဝကို ဒီလိုအနေအထားရောက်လာစေတယ်လို့ပြောရင် ဆရာယုံမလား”

“မယုံဘူးလို့ မပြောနိုင်ပါဘူး ကိုဆန်းလွင် … သူ့အကြောင်းနဲ့သူပေါ့။ ပြောနိုင်မယ်ဆိုရင်တော့ သိချင်မိ တာပေါ့ဗျာ”

“အဲဒီအကြောင်းကို ပြောရမယ်ဆိုရင် ဘယ်နှညပြောပြော ပြောနိုင်တယ်ဆရာ”

“ဆိုပါဦီး”

“ဒီလိုဆရာ”

(၂)

ကျွန်တော် ငယ်ငယ်ကဆိုးတယ်ဆရာ။ ကျောင်းမနေချင်ဘူး။ အိမ်ကထွက်ပြေးတဲ့အထိဆိုးခဲ့တာ။

ကျွန်တော် ၈ တန်းရောက်တော့ ရန်ဖြစ်တယ်။ ကျောင်းသားအချင်းချင်း ကွန်ပါဆူးနဲ့ထိုးခဲ့တယ်။ သွေးတွေ အများကြီး ထွက်သွားတယ်။ သေမယ်ထင်ပြီး အိမ်ကထွက်ပြေးတယ်။

ဒုက္ခရောက်လိုက်တာဆရာရယ်။ ရန်ကုန်မှာ နေစရာမရှိ။ လမ်းဘေးအိပ်ရ၊ တံတားအောက်တွေအိပ်ရ။ သူများ အနိုင်ကျင့်တာတွေခံရ။ နောက်ဆုံး လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ တစ်လ ၆ ကျပ်နဲ့ ထမင်းစားကျွန်ခံ လုပ်ခဲ့ရတာ။

ဆိုင်ရှင်ကလည်း နှိပ်စက်လိုက်တာလေ။ လှိမ့်ခံရတာ။ သွားစရာမှ မရှိတာကိုး။ လက်ဖက်ရည်ဆိုင်ထဲက ခုံပေါ်မှာ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးမပါ အိပ်ခဲ့ရတာ။ ဒီလိုနဲ့ ၁၂ နှစ်သားလောက်က အိမ်ပြေးလေးဟာ ၁၉ နှစ်သားကျမှ မွေးရပ်မြေကို ပြန်ရောက်လာတယ်။

ကျွန်တော်အမေ့ကိုလည်း မဆက်သွယ်ဘူး။ ကျွန်တော်ထင်တာက ကျွန်တော်ကွန်ပါဆူးနဲ့ထိုးခဲ့တဲ့ကောင် သေမယ်ထင်တာ။ သေရင်ထောင်ကျမှာကြောက်ပြီး ဇာတိရွာကို မပြန်ရဲတာ။ နောက်မှ ရွာက သူငယ်ချင်း တစ်ယောက်နဲ့ ရန်ကုန်မှာဆုံပြီး ကျွန်‌တော်ကွန်ပါဆူးနဲ့ ထိုးခဲ့တဲ့ကောင်က မသေမှန်းသိတာကြောင့် ပျော်သွားတယ်။ ဒါပေမဲ့ အမေနေမကောင်းဘူးဆိုတာသိလို့ ကျွန်တော် ရွာကို ချက်ချင်းပြန်ခဲ့တယ်။

ကျွန်တော် ရွာကို ပြန်ရောက်တဲ့နေ့က အမေ့ အသုဘချတဲ့နေ့ဆရာ။ ကျွန်တော် မငိုပါဘူး။ တကယ် မျက်ရည်ကို မကျမိတာ။ ကျွန်တော့်အမေက နေစရာလည်း မရှိဘူး။ အိမ်ကို ရောင်းစားပြီးတော့ ကျွန်တော့်အဒေါ်နဲ့ သွားကပ်နေရတယ်။ အမေသေတော့ ဘာမှလည်း မကျန်ခဲ့ဘူး။ အိုးစုတ်ခွက်စုတ်လောက်ပဲ ကျန်ခဲ့တာ။

ကျွန်တော်က အမေ့အခေါင်းပေါ်မှာ လွှမ်းထားတဲ့ ထဘီလေးတစ်ထည်ပဲရလိုက်တယ်။ အဲဒီထဘီကိုတောင် သုဘရာဇာဆီကပြန်တောင်းပြီး အမှတ်တရအနေနဲ့ ကျွန်တော် ရန်ကုန်ကို ပြန်ယူလာတာ။

ကျွန်တော်ရန်ကုန်ပြန်ရောက်တော့ လက်ဖက်ရည်ဆိုင်ကဆိုင်ရှင်က ကျွန်တော့်ကို လက်မခံတော့ဘူး။ စားပွဲထိုး အသစ်ရပြီဆိုပြီးတော့ မောင်းထုတ်လိုက်တယ်။ ကျွန်တော့်ဗျာ အိတ်လေးတစ်လုံးနဲ့ အဝတ် အစားလေး နှစ်စုံပဲကျန်တယ်။

ကျွန်တော်ယူလာတဲ့ အမေ့ထဘီလေးက ဘရိုကိတ်ထဘီလေးဗျ။ အမေအမြတ်တနိုးဝတ်တာ။ ကျွန်တော် တစ်ပတ်လောက်ကြာတော့ အလုပ်လည်းမရှိဘူး။ ဘုန်းကြီးကျောင်းမှာ တောင်းပန်ပြီး ညအိပ်ရတယ်။ နေ့ခင်း ထမင်းဆိုင်တွေမှာ ပန်ကန်ဆေး ပေးတာယူ ကျွေးတာစားပြီး တစ်လလောက် ယောင်လည်လည် ဖြစ်နေသေး တယ်။

အလုပ်မရှိတဲ့နေ့မှာ ကျွန်တော် ထမင်းလည်းဆာ ဘာလုပ်ရမှန်းလည်း မသိဘူး။ နောက်ဆုံးတော့ဗျာ အမေ့ထဘီလေးကို သွားပေါင်ဖို့ ဆုံးဖြတ်လိုက်တာ။ အပေါင်ဆိုင်ရှေ့ရောက်နေပြီ။ အပေါင်ဆိုင်ကို အထုပ်ထဲက ထဘီလေး ထုတ်ပေးဖို့အလုပ်မှာ အထက်ဆင့်နားကို ကျွန်တော်လက်နဲ့စမ်းမိလိုက်တယ်။ မာမာလေး အကြောင်းလိုက်၊ ဘာမှန်းမသိဘူး။ ဒါနဲ့ ထဘီကိုဖြန့်ပြီး အထက်ဆင့်အပေါ်နားကို လုံးပြီး သီထားတဲ့ အပ်ချည် စတွေကို ပါးစပ်နဲ့ကိုက်ဖြေကြည့်လိုက်တယ်။

ဆရာရေ … အထဲမှာ ရွှေဆွဲကြိုးလေး တစ်ကုံးဗျာ။ အံ့တာပဲ။ ကျွန်တော် စားစရာမရှိလို့ ထဘီလာပေါင်တာ အဲဒီ နေရာကိုသာ လက်နဲ့ မထိမိရင်သွားပြီပေါ့ဗျာ။

ပေါင်လိုက်ရင်လည်း ကျွန်တော် အဲဒီထဘီကို ပြန်ရွေးနိုင်မှာ မဟုတ်ပါဘူး။ ခုတော့ ဆွဲကြိုးလေးတစ်ကုံး ရလိုက်တော့ ဝမ်းသာလိုက်တာ။ ဘာဖြစ်ဖြစ် ထဘီထဲထည့်ချုပ်ထားတာ အမေ့ဆွဲကြိုးဖြစ်မှာ ကျိန်းသေ ပါတယ်။

ကျွန်တော် အဲဒီဆွဲကြိုးကိုရောင်းလိုက်တယ်။ အဲဒီအချိန်က ငွေ နှစ်သောင်းခြောက်ထောင်ရတယ်။ ကျွန်တော် ဘာလုပ်သလဲသိလား။ အရင်းအနှီးရလာတော့ ဈေးထိပ်မှာ လမ်းဘေး လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင် စဖွင့် တယ်။ ကျွန်တော် လက်ဖက်ရည်အကြောင်း ကောင်းကောင်းသိတယ်။ ကောင်းကောင်းလည်း ဖျော်တတ် တယ်။

စေတနာရယ်၊ လူချစ်လူခင်အောင် ပြောတတ်၊ နေတတ်တာရယ်က ကျွန်တော့်ဘဝကို တိုးတက်စေဖို့ အခွင့် အလမ်းကောင်းတွေပဲဆရာ။ လမ်းဘေး လက်ဖက်ရည်ဆိုင်လေးကနေ နောက်ထပ် နှစ်ပေါင်း ၂၀ လောက်ကြာတော့ ဆိုင်နဲ့ဘာနဲ့ ဖြစ်လာတယ်။ ခုဈေးထဲက “မိဘမေတ္တာ” လက်ဖက်ရည်ဆိုင်က ကျွန်တော့် သားနဲ့ ချွေးမဦးစီးနေတာ။ အဲဒါ သားကြီးဆိုင်။ သမီးလတ်ဆိုင်က စမ်းချောင်းထဲမှာ မိဘမေတ္တာဆိုင် ၂ ပေါ့။

မထင်မှတ်ပဲ ရလိုက်တဲ့ အခွင့်အရေးလေးတစ်ခုကြောင့် ကျွန်တော့်ဘဝ ပြောင်းလဲသွားရတာဆရာ။ အမေ့ ထဘီလေးကြောင့်ပေါ့။ ဒါကြောင့် ကျွန်တော်က အဲဒီထဘီလေးကို အမြတ်တနိုးနဲ့ သားစဉ်မြေးဆက် ထိန်းသိမ်း နိုင်ဖို့ ဒီလို ဂုဏ်ယူစွာ ချိတ်ဆွဲပြထားတာ။

(၃)

ကိုဆန်းလွင်က ကျွန်တော့်ကို သူ့အကြောင်းအသေးစိတ်ပြောပြနေသည်။ မုန့်တွေ ကော်ဖီတွေလည်းချပြီး ဧည့်ခံသည်။

ကျွန်တော်က သူ့အမေထဘီလေးကိုကြည့်ပြီး ပီတိဖြစ်နေမိသည်။

ကိုဆန်းလွင်လိုလူမျိုး တစ်ရာတွင် တစ်ယောက် မရှိနိုင်ပါ။

သူ့ကံမျိုးလည်း မရှိနိုင်။

သူ့အလုပ်မျိုးလည်း မရှိနိုင်။

သူသည် ရလိုက်သည့် အခွင့်အလမ်းတစ်ခုကို ပိုင်နိုင်စွာဆုပ်ကိုင်နိုင်ခဲ့သူတစ်ဦးဖြစ်သည်။

ကျွန်တော်ထိုနေ့က ကိုဆန်းလွင်ထံသွားရခြင်းအကြောင်းမှာ ကျောင်းထဲတွင် သူဆောက်လှူထားသည့် စာကြည့်တိုက်လေးအတွက်ဖြစ်သည်။

ကျွန်တော်က သူ့ကို စာကြည့်တိုက်အဆောက်အအုံတွင် တပ်ဆင်ရန် ဆိုင်းဘုတ်ကို ပန်းချီဆရာထံကယူပြီး လာပြခြင်းဖြစ်သည်။

သူကကျောင်းအတွက်ဆောက်လှူထားသည့် စာကြည့်တိုက်လေးကို ပေးထားသည့် နာမည်ကလည်း

“မိဘမေတ္တာစာကြည့်တိုက်” ဟူ၏။

တင်ညွန့်

၁၉.၁.၂၀၂၆

Want your school to be the top-listed School/college in Kamayut?

Click here to claim your Sponsored Listing.

Location

Culinary Team

Attire

Website

Address


Singapore
Kamayut