06/05/2026
နိုင်ငံခြားသားအလုပ်သမားတွေအတွက် ဒုတိယမိခင်နိုင်ငံသဖွယ် ဖြစ်တည်နေတဲ့ စင်ကာပူ..
နိုင်ငံရပ်ခြားမှာ သွားရောက်အလုပ်လုပ်ကိုင်ကြတဲ့အခါ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာငွေရရှိမှုက အဓိကကျသလိုပဲ ..
မိမိနေထိုင်တဲ့နိုင်ငံရဲ့ အဝင်အထွက် လွယ်ကူချောမွေ့မှု ကလည်း အလွန်အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ နိုင်ငံခြားသားအလုပ်သမားတစ်ယောက်အတွက် အဝင်အထွက် အလွယ်ကူဆုံးနဲ့ စိတ်အအေးရဆုံးနိုင်ငံကို ပြပါဆိုရင်တော့ စင်ကာပူနိုင်ငံကိုပဲ ပြရမှာပါ။
စင်ကာပူနိုင်ငံရဲ့ ထူးခြားချက်ကတော့ မိမိမှာတရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့် Work Permit တစ်ခုခု (သို့မဟုတ်) pass တစ်ခုခု ( သို့မဟုတ် )S Pass, E Pass , student pass စတာတွေ ရှိနေသရွေ့ အဆိုပါ Permit သက်တမ်းအတွင်းမှာ အခြားဘယ်နိုင်ငံကိုမဆို လွတ်လပ်စွာသွားလာနိုင်တာပဲ ဖြစ်ပါတယ်။ အားလပ်ရက်မှာ မိခင်နိုင်ငံကို ပြန်တာပဲဖြစ်ဖြစ်၊ အပျော်တမ်းခရီးထွက်တာပဲဖြစ်ဖြစ် ပြန်လာတဲ့အခါမှာလည်း ဘာအခက်အခဲမှမရှိဘဲ အချိန်မရွေး ပြန်လည်ဝင်ရောက်နိုင်ပါတယ်။
အခြားသော နိုင်ငံအချို့မှာ အလုပ်သမားတစ်ယောက် ပြည်ပထွက်မယ်ဆိုရင် အလုပ်ရှင်ရဲ့ ခွင့်ပြုချက်အပြင် အစိုးရဌာနတွေဆီက အဝင်အထွက်ဗီဇာ (Re-entry Permit) တွေကို သီးသန့်ပြန်လျှောက်ရတာမျိုး၊ ရှုပ်ထွေးတဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ရတာမျိုး ရှိတတ်ပေမယ့် စင်ကာပူမှာတော့ အဲဒီလို အတားအဆီးတွေ မရှိပါဘူး။
မိမိရဲ့ ပါမစ်သက်တမ်းရှိနေဖို့နဲ့ နိုင်ငံကူးလက်မှတ် (Passport) မူရင်းရှိနေဖို့ပဲ လိုအပ်တာပါ။
စင်ကာပူဟာ နည်းပညာထွန်းကားတဲ့နိုင်ငံဖြစ်တာနဲ့အညီ လူဝင်မှုကြီးကြပ်ရေးစနစ်ကလည်း အလွန်မြန်ဆန်ပါတယ်။ ပါမစ်ကိုင်ဆောင်ထားသူတွေအတွက် Automated Lanes တွေကတစ်ဆင့် စက္ကန့်ပိုင်းအတွင်း ဝင်ထွက်သွားလာနိုင်အောင် စနစ်တကျ စီမံပေးထားပါတယ်။ ဒီလိုမျိုး "တံခါးမရှိ ဓားမရှိ" ဆိုသလို လွယ်ကူချောမွေ့လွန်းတဲ့အတွက်ကြောင့်လည်း စင်ကာပူကို ရောက်နေကြတဲ့ နိုင်ငံခြားသားအလုပ်သမား အများစုဟာ ဒီနိုင်ငံကို သူတို့ရဲ့ "ဒုတိယမိခင်နိုင်ငံ" လို့ တင်စားခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။
မိခင်နိုင်ငံလို ခံစားရတယ်ဆိုတဲ့နေရာမှာအဝင်အထွက်လွယ်ကူတာတင်မကဘဲ ဥပဒေစိုးမိုးမှုနဲ့ ဘေးကင်းလုံခြုံမှုကလည်း အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်။ စင်ကာပူမှာ နေထိုင်ရတာဟာ ကိုယ့်အိမ်ကိုယ့်ယာမှာ နေရသလိုမျိုး စိတ်အေးလက်အေး ရှိလှပါတယ်။ ပါမစ်တစ်ခုရှိထားရုံနဲ့ အချိန်မရွေး ကြိုဆိုနေတဲ့ (Welcome ဖြစ်နေတဲ့) ပတ်ဝန်းကျင်မျိုးဖြစ်တာကြောင့် အနေကြာလာတဲ့အခါမှာ မိခင်နိုင်ငံမှာ နေရသလိုမျိုး သံယောဇဉ်တွေ တွယ်လာကြတာ မဆန်းပါဘူး။
ခြုံငုံပြောရရင်တော့ စင်ကာပူနိုင်ငံဟာ နိုင်ငံခြားသားတွေအပေါ် ခွဲခြားမှုမရှိဘဲ စနစ်တကျနဲ့ လွတ်လပ်စွာ သွားလာခွင့်ပေးထားတဲ့အတွက် အလုပ်လုပ်ကိုင်ဖို့ရော၊ နေထိုင်ဖို့ပါ ကမ္ဘာ့အကောင်းဆုံး နိုင်ငံစာရင်းမှာ ထိပ်ဆုံးက ပါဝင်နေရခြင်း ဖြစ်တာပါ။
တစ်ခါတစ်လေကြတော့လည်း တွေးမိပါတယ်။
သူနိုင်ငံရဲ့ နေထိုင်လုပ်ကိုင်ခွင့် pass လေးတစ်ခုရှိတာနဲ့ အချိန်မရွေး သူ့နိုင်ငံကို ဝင်ထွက်နေရတာ လွယ်ကူနေပြီး။
နိုင်ငံသားကဒ် ရှိတဲ့ ကိုယ့်နိုင်ငံကိုကြ ဘာလို့ ဝင်ရထွက်ရ အရမ်းခက်ခဲနေရတာလဲပေါ့။
Learning Hub