26/08/2026
"တစ်နေ့လုံး ရုံးမှာထိုင်နေတာပဲ..."သို့မဟုတ်�"တစ်နေ့လုံး စာသင်ခန်းမှာပဲ ထိုင်ပြီး စာသင်ယူနေတာပဲ..."ဒါပေမယ့်... ဘာလို့ ဒီလောက် ပင်ပန်းနေရတာလဲ?
တချို့လူတွေအတွက် အဖြေက မမြင်ရတဲ့ "ဦးနှောက်အလုပ်" ဖြစ်နိုင်ပါတယ်။
တစ်ခါတလေ...တစ်နေ့လုံး အုတ်မသယ်ခဲ့ဘူး။
ပြေးလည်း မပြေးခဲ့ဘူး။ သူများလို ကိုယ်ကာယခွန်အားကို အားပြုပြီး အလုပ်မလုပ်ရပေမယ့်...
ညနေရောက်လာတဲ့အခါ လူက အရမ်းပင်ပန်းနေတယ်။
အရင်ကတော့ ကျွန်မက...
"ငါ Fitness မကောင်းလို့လား?"
"ငါ စိတ်ဓာတ်ပျော့လို့လား?"
"ငါ ကိုယ်ခံအားမကောင်းလို့လား?"
လို့ပဲ တွေးခဲ့ဖူးပါတယ်။
နောက်ပိုင်းမှ သိလာတာက...
ကျွန်မ ပင်ပန်းတာက ကိုယ်ကာယအလုပ်လုပ်လို့ မဟုတ်ဘဲ၊ ဦးနှောက်က တစ်နေ့လုံး အလုပ်ပိုလုပ်နေရလို့ ဖြစ်နိုင်တယ် ဆိုတာပါ။
စာတစ်ပိုဒ်ဖတ်ရင်...
အဓိပ္ပာယ်နားလည်ဖို့ ပိုကြိုးစားရတယ်။
စာရေးရင်...
အတွေးတွေကို စီရတယ်။
စကားလုံးရွေးရတယ်။
Grammar စစ်ရတယ်။
စာလုံးပေါင်း ပြန်စစ်ရတယ်။
Meeting တက်ရင်...ပြောတာကို နားထောင်ရင်း မှတ်ထားရတယ်။ တက္ကသိုလ်တက်ရင်...
Lecture ကို နားထောင်ရင်း Note ရေးရတယ်။
အတန်းဖော်တွေနဲ့ သင်ခန်းစာဆွေးနွေးတဲ့အပိုင်းမှာလည်း လိုက်ပါဆွေးနွေးရတယ်။
တခြားသူတွေအတွက် သာမန်လို့ ထင်ရတဲ့ အလုပ်တစ်ခုကို ပြီးမြောက်ဖို့၊ တချို့လူတွေအတွက်တော့ မမြင်ရတဲ့ စိတ်အားထုတ်မှုတွေ အများကြီး လိုအပ်နေနိုင်ပါတယ်။
သုတေသနတွေအရလည်း dyslexia ရှိသူအများစုဟာ စာဖတ်ခြင်း၊ စာရေးခြင်းနဲ့ ဘာသာစကားဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်တဲ့အခါ သာမန်ထက် သိမြင်မှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှု (cognitive effort) ပိုလိုအပ်နိုင်ပြီး၊ အဲဒီကြောင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ပိုမိုခံစားရနိုင်တယ် လို့ ဖော်ပြထားပါတယ်။
ဒါကြောင့်... တစ်ယောက်ယောက်က...
"ဒီလောက်လေးလုပ်တာပဲ၊ ဘာလို့ ဒီလောက်ပင်ပန်းနေတာလဲ?"
"အပိုတွေ သိပ်ပြောတာပဲ။"
"ပုံကြီးချဲ့ပြောလွန်းတယ်။"
လို့ ပြောတာ၊ မြင်တာတွေ ကြုံလာရရင်...
သူတို့ မမြင်ရတဲ့ အလုပ်တွေကို သင့်ဦးနှောက်က အချိန်ပိုယူပြီး လုပ်ဆောင်နေရတာ ဖြစ်နိုင်တယ်ဆိုတာကို သတိရပါ။
သူများရဲ့ အမြင်၊ အပြောတွေကြောင့် ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။
စိတ်ဓာတ်မကျပါနဲ့။
ကျွန်မအတွက်တော့..."Dyslexia ကို နားလည်လာတာ" ဆိုတာ အခက်အခဲတွေ ပျောက်သွားတာ မဟုတ်ပါဘူး။ ဒါပေမယ့်...ပင်ပန်းနေတဲ့ ကိုယ့်ကိုယ်ကို အပြစ်မတင်တော့တာ ဖြစ်ပါတယ်။
တစ်ခါတလေ...အနားယူတာက ပျင်းတာ မဟုတ်ပါဘူး။ နောက်တစ်လှမ်း ဆက်လျှောက်နိုင်ဖို့ လိုအပ်တဲ့ အားပြန်ဖြည့်ချိန် ဖြစ်ပါတယ်။
Sources:
1. Snowling, M. J. (2019). Dyslexia (2nd ed.). Wiley-Blackwell.
2. British Dyslexia Association (BDA).
3. International Dyslexia Association (IDA).