20/10/2025
✨ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော Deepavali ဖြစ်ပါစေ ✨
Deepavali ပွဲတော်ကို ဆင်နွှဲကြတဲ့ ချစ်ရတဲ့ မိတ်ဆွေများနဲ့ learners များအားလုံး မင်္ဂလာပါရှင်။ 🙏
💛 ဒီပွဲတော်ဟာ အမှောင်ကို အလင်းက အောင်နိုင်ခြင်း၊ မကောင်းမှုကို ကောင်းမှုက အောင်နိုင်ခြင်း၊ အဝိဇ္ဇာကို ပညာဉာဏ်က အောင်နိုင်ခြင်းတို့ကို ဂုဏ်ပြုတဲ့ မင်္ဂလာရှိတဲ့ "မီးထွန်းပွဲတော်" တစ်ခုဖြစ်ပါတယ်။
💚 ဒီလိုအချိန်အခါသမယမှာ ရန်ဂိုလီ (Rangoli) အရောင်အသွေးတွေလို ဘဝက သက်ဝင်လှပပြီး၊ ချိုမြိန်တဲ့ မုန့်လက်ရာတွေလိုပဲ ချိုမြိန်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
မိသားစု၊ သူငယ်ချင်းတွေရဲ့ ရယ်မောသံတွေနဲ့အတူ ပျော်ရွှင်စရာ အခိုက်အတန့်လေးတွေကို ဖန်တီးနိုင်ကြပါစေ။
❤️ ထွန်းညှိလိုက်တဲ့ ဆီမီးခွက် (Diya) လေးတွေရဲ့ နွေးထွေးတဲ့အလင်းရောင်က မိတ်ဆွေတို့ရဲ့ နှလုံးသားကို ငြိမ်းချမ်းမှု၊ အိမ်ကို သာယာဝပြောမှု၊ ဘဝကို ပျော်ရွှင်မှုတွေနဲ့ ကျန်းမာခြင်းတရားတို့ကိုပါ သယ်ဆောင်လာပေးနိုင်ပါစေကြောင်း လေးစားချစ်ခင်စွာဖြင့် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။ 🙏
13/10/2025
🤔 English စကားပြောတဲ့အခါ ခေါင်းထဲမှာ စာတွေ အများကြီးရှိပြီး ပါးစပ်က ထွက်မလာတာမျိုး ဖြစ်ဖူးလား?
မင်္ဂလာပါရှင်။
ကျွန်မတို့လို ESL learners တွေ အားလုံးမှာရှိကြတဲ့ တူညီတဲ့ အခက်အခဲတစ်ခုက၊ ကျွန်မတို့တွေ Grammar တွေလည်းကောင်းကောင်း လေ့လာထားတယ်၊ Vocab တွေလည်း အများကြီးသိထားတယ်။ ဒါပေမဲ့ တကယ်တမ်း နိုင်ငံခြားသားတစ်ယောက်ယောက်နဲ့ စကားပြောရတော့မယ်ဆိုရင်... ရင်တွေတုန်ပြီး ခေါင်းထဲမှာ ရှိသမျှ စာတွေ အကုန်ပျောက်ကုန်ရော။
ဒါက ဘာလို့ဖြစ်တာလဲ?
ဘာလို့လဲဆိုတော့ ကျွန်မတို့မှာ Speaking Skill ဆိုတဲ့ "သော့" လေးတစ်ချောင်း လိုနေလို့ပါ။
Speaking Skill ဆိုတာက ကိုယ့်ခေါင်းထဲမှာရှိတဲ့ အတွေးတွေ၊ အိုင်ဒီယာတွေကို အပြင်ကို ထုတ်ပြပေးတဲ့ တံခါးပေါက်တစ်ခုပါပဲ။
.................................................................
💡 ဒါဆို ဘယ်ကစလုပ်ရမလဲ? အခက်ကြီးလား?
လုံးဝမခက်ပါဘူး။ အရေးကြီးဆုံးက အမှားလုပ်ရမှာမကြောက်ဖို့ပါပဲ။ အခုပြောပြမယ့် အလွယ်လေးတွေကိုပဲ နေ့တိုင်းလုပ်ကြည့်ပါ။
1. Copycat လုပ်ပါ။
English ဇာတ်ကားတွေ၊ သီချင်းတွေ၊ Podcast တွေ နားထောင်ပြီး သူတို့ပြောတဲ့အတိုင်း လိုက်ပြောကြည့်ပါ။ အသံနေအသံထားကအစ အကုန် copycat လုပ်ပါ။ ဒါက အရမ်းထိရောက်ပါတယ်။
2. ကိုယ့်ဘာသာကိုယ် စကားပြောပါ။
မှန်ရှေ့မှာဖြစ်ဖြစ်၊ ဖုန်းထဲမှာဖြစ်ဖြစ် ကိုယ့်အသံကိုယ် record လုပ်ပြီး ပြန်နားထောင်ပါ။ ကိုယ့်အသံထွက် ဘယ်လိုနေလဲဆိုတာ သိလာပါလိမ့်မယ်။
3. ရိုးရှင်းတာက အကောင်းဆုံးပါ။
အစပိုင်းမှာ ခက်ခဲတဲ့ စကားလုံးကြီးတွေ လိုက်သုံးဖို့မကြိုးစားပါနဲ့။ ကိုယ်သိပြီးသား လွယ်လွယ်ကူကူ စကားလုံးတွေနဲ့ ဝါကျတိုလေးတွေကိုပဲ သုံးပြီး ပြောပါ။ ရှင်းလင်းဖို့က အရေးကြီးဆုံးဆိုတာလေး မမေ့နဲ့နော်။
.................................................................
အားလုံးကို ပြောချင်တာကတော့... နေ့တိုင်း နည်းနည်းချင်းစီနဲ့ ပုံမှန် ကြိုးစားသွားဖို့ပါပဲ။ 💪
06/10/2025
✨ သီတင်းကျွတ်မင်္ဂလာ အခါသမယမှာ စိတ်နှလုံးရွှင်လန်းကြပါစေ ✨
🙏 ချစ်ရတဲ့ Learners များအားလုံး မင်္ဂလာပါရှင်။
မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်တဲ့ မီးထွန်းပွဲတော်၊ သီတင်းကျွတ်အခါသမယသို့ ရောက်ရှိလာပါပြီ။ 🎇
💚 မိဘဘိုးဘွား၊ ဆရာသမားများနဲ့ သက်ကြီးဝါကြီးသူတို့ရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့ပြီး လေးလေးစားစား ကန်တော့ကြတဲ့ ဒီလိုအချိန်အခါသမယမှာ အားလုံးအတွက် မေတ္တာပို့သပြီး ဆုတောင်းပေးလိုက်ပါတယ်။ 🙏
သီတင်းကျွတ်ရဲ့ ရောင်စုံမီးအလင်းတန်းလေးတွေက အားလုံးရဲ့ နှလုံးသားထဲကို အေးချမ်းတဲ့ မေတ္တာတရားတွေ သယ်ဆောင်လာပေးသလို၊ ရှေ့ဆက်လျှောက်လှမ်းရမယ့် ဘဝခရီးလမ်းတွေကိုလည်း အလင်းရောင်ပေးနိုင်ပါစေ။
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေ။ မြန်မာပြည်ကြီးလည်း အမြန်ဆုံးတိုးတက် ကောင်းမွန်လာပြီး အေးချမ်းသာယာပါစေ။
မိသားစုဝင်တွေနဲ့အတူ ပျော်ရွှင်ကြည်နူးစရာ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ လေးစားချစ်ခင်စွာဖြင့် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။ ☺
#သီတင်းကျွတ်
23/09/2025
☝🏻 "မျိုးဆက်သစ်တိုင်းအတွက် ကျွန်မတို့လို လူကြီးတွေမှာ တာဝန်ရှိကြပါတယ်။"
ဒီစာကို ရေးရခြင်းကတော့ မိမိ ပတ်ဝန်းကျင်မှဖြစ်စေ စာသင်ကျောင်း အလုပ်ခွင်နေရာ အသီးသီးမှ ငယ်ရွယ်သူ ကျောင်းသူကျောင်းသား လူငယ်များအတွက် အကျိုးရှိစေရန် ရည်ညွှန်းပါသည်။
🌟"ပညာပြည့်စုံကြွယ်ဝခြင်း"
(၁) စည်းကမ်း
(၂) အချိန်
(၃) မှန်ကန်သော ဝီရိယ
“ပညာပြည့်စုံကြွယ်ဝခြင်း” ဆိုတဲ့ခေါင်းစဉ်အတွက်ဘာတွေလိုအပ်လည်းဆိုရင် အထက်ကဖော်ပြထားတဲ့ အချက် (၃) ကို မမေ့ထားသင့်ပါ။မြောက်မြားစွာသော အကြောင်းအချက်တွေထဲကမှ ခြုံငုံရေးသားရမည်ဖြစ်သောကြောင့် လိုရင်း တိုရှင်းနည်းနဲ့သာ ဖော်ပြပေးပါရစေ။
------------------------------------------------
✅ (၁) "စည်းကမ်း"
ပညာရေးသာမက အခြားအခြားသော အရေးအရာများအတွက် "စည်းကမ်း" ဟူသည့်ဝေါဟာရမှာ အလွန်အရေးကြီးပါသည်။
မိမိကတဆင့် လက်ဆင့်ကမ်း ပညာမျိုးဆက်ပေးရမည်ဆိုပါလျှင် "စည်းကမ်း" ရှိခြင်းနှင့် "စည်းကမ်း" တန်ဖိုးကိုအလေးထားတတ်ရန် အထူးအလေးထားသွန်သင်ညွှန်ပြသင့်ပါသည်။
"စည်းကမ်းဟူသည် လူ့တန်ဖိုး"
စည်းကမ်းဟုဆိုရာတွင် လူ့စည်းကမ်း၊ နှုတ်စည်းကမ်း၊ အလုပ်စည်းကမ်း များစွာရှိသောကြောင့် သွန်သင်ပြသပေးလိုသည့် ကလေးအသက်အရွယ်ပေါ်မူတည်ပြီး ရွေးချယ်ပြောပြတတ်ရပါမည်။
ထိုနည်းတူစွာ "စည်းကမ်းမဲ့ခြင်း" ၏ အကျိုးအပြစ်များကိုပါထောက်ပြ ဆွေးနွေးတိုင်ပင်ပေးနိုင်မည်ဆိုရင် ပို၍ပင် အကျိုးရှိသော ရလာဒ်ကိုရမှာမလွဲပါ။
✅ (၂) "အချိန်"
နောက်ပြန်လှည့်ပြီး ပြန်ယူနိုင်ခွင့်မရှိတဲ့ထဲတွင် "အချိန်" ဆိုသည့်အရာ ထိပ်ဆုံးကပါဝင်ပါသည်။
စနစ်တကျ ဂရုတစိုက် အံဝင်ဂွင်ကျ အသုံးချတတ်ရန်သိပ်ကိုလိုအပ်ပါသည်။
လုပ်သည့်သင့်အရာကို လုပ်နိုင်ချိန်မျိုးမှ ရွေးချယ်လုပ်ကိုင်တတ်ဖို့လည်း အရေးကြီးပါသည်။
Right Time ဆိုတဲ့စကားစုအတိုင်း မှန်ကန်သောအချိန်တွေကိုရနိုင်ဖို့လည်း လိုအပ်ပါသေးသည်။
ထိုကြောင့် ဆရာ ဆရာမ မိဘ အုပ်ထိန်းသူတွေအနေနဲ့ မိမိလမ်းညွှန်ပြသပေးရမည့် ငယ်ရွယ်သူများအပေါ် ကောင်းမွန်သော အချိန်မှန်များကို ရွေးချယ်ပေးနိုင်ရန် တိုက်တွန်းပါရစေ။
✅ (၃) "မှန်ကန်သော ဝီရိယ"
မလိုအပ်တဲ့နေရာ ၊ အခြေအနေတစ်ခုအတွက် မထားသင့်တဲ့ ဝီရိယမျိုးတွေကိုလည်း မရှိနိုင်အောင် မြင်သာအောင် ပြောပြသွန်သင်ပြနိုင်ရပါမည်။ ထိုမှသာ နည်းမှန်လမ်းမှန်နဲ့ လိုရာပန်းတိုင်တွေဆီသို့ လျှောက်လှမ်းနိုင်ကြမည်မဟုတ်ပါလား။
ကိုယ်ပိုင်အားထုတ်မှုတိုင်းအတွက် လိုအပ်တဲ့ အချိန် နှင့် ခွန်အားများသုံးသင့်တတ်စေရန် မှန်ကန်သော ဝီရိယ ထားတတ်ဖို့ရာလည်း ညွှန်ပြပြောဆိုနိုင်ကြပါစေ။