07/02/2025
စင်ကာပူရောက် မြန်မာနိုင်ငံသားများ မလေးရှားနိုင်ငံသို့ နယ်စပ်ဂိတ်မှတဆင့် ဝင်ရောက်မည်ဆိုပါက အဝင်တံဆိပ်တုံး ရိုက်နှိပ် ပြီး/မပြီး စိစစ်ရန်တိုက်တွန်း
စင်ကာပူနိုင်ငံတွင် နေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် မလေးရှားနိုင်ငံသို့ စင်ကာပူနိုင်ငံ၏ နယ်စပ်စစ်ဆေးရေးဂိတ်များမှတဆင့် ဖြတ်သန်းသွားလာမည်ဆိုပါက မလေးရှားနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဌာန အဝင်တံဆိပ်တုံး ရိုက်နှိပ် ပြီး/မပြီး စိစစ်ရန် စင်ကာပူ နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ထို့ကဲ့သို့ သတိပေးရသည့် အကြောင်းရင်းမှာ စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသား အမျိုးသမီး တစ်ဦးသည် ဇန်နဝါရီလ (၂၅) ရက်တွင် Woodland Checkpoint အားဖြတ်သန်း၍ မလေးရှားနိုင်ငံ Johor Bahr u သို့ သွားရောက်လည်ပတ်ခဲ့ကြောင်း၊ ဇန်နဝါရီ (၂၆) ရက်တွင် စင်ကာပူနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် မလေးရှားဘ က် Johor Bahru Immigration ဂိတ်အရောက်တွင် ၎င်း၏ နိုင်ငံကူးလက်မှတ်ပေါ်၌ ဝင်ရောက်ခဲ့စဉ်က မလေးရှားဘက် တံဆိပ်တုံးရိုက်နှိပ် ထားခြင်းမရှိသည်ကို အကြောင်းပြလျ က် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ခေတ္တထိ န်းသိမ်းခံခဲ့ရကြောင်း သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းကြောင့် စင်ကာပူမြို့၊ မြန်မာသံရုံးနှင့် ကွာလာလမ်ပူမြို့ မြန်မာသံရုံး တို့ပူးပေါင်း၍ သက်ဆိုင်ရာ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေးခြင်းများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်၌ မြန်မာနိုင်ငံသားအမျိုးသမီးမှာ စင်ကာပူမှတဆင့် တရားဝင်လမ်းကြောင်းမှ သွားရောက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသော်လည်း တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်များနှင့် ကြုံသဖြင့် (၇)ရက်ခန့် ထိန်းသိမ်းခံခဲ့ရပြီး မလေးရှားဘက်မှ ၎င်းကိုပြန်လည်လွှတ်ပေးသော်လည်း မလေးရှားရင်းဂစ် (၁၀၀၀)ဒဏ်ကြေးကို ပေးဆောင်ခဲ့စေသည့်အပြင် မလေးရှားနိုင်ငံသို့ ဝင်ထွက်ခွင့် (၃)နှစ် ပိတ်ပင်ခြင်းခံခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် စင်ကာပူနိုင်ငံတွင် နေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် မလေးရှားနိုင်ငံသို့ စင်ကာပူနိုင်ငံ၏ နယ်စပ်စစ်ဆေးရေးဂိတ်များမှတဆင့် ဖြတ်သန်းသွားလာမည်ဆိုပါက မလေးရှားနိုင်ငံသို့ဆိုက်ရောက်ကြောင်း ပုံစံအား မဖြစ်မနေ ဖြည့်စွက်ပြီး မှတ်တမ်းထားရှိကြရန်၊ အထူးသဖြင့် မလေးရှားဘက် စစ်ဆေးရေးဂိတ်မှ ထွက်ခွာခြင်းမပြုမီ မိမိတို့၏ နိုင်ငံကူးလက်မှတ်ပေါ်တွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန အဝင်တံဆိပ်တုံး ရိုက်နှိပ် ပြီး/မပြီး စိစစ်ကြပါရန်နှင့် တံဆိပ်တုံးရိုက်နှိပ်ပြီးမှသာလျင် မလေးရှားနိုင်ငံသို့ ဝင်ရောက်ကြရန် သံရုံးမှ အသိပေးထားသည်။