24/01/2026
@ သာသနာတော်နှစ် - ၂၅၆၉ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တပိုတွဲလဆန်း (၇)ရက်၊ ၂၄ - ၁ - ၂၀၂၆ ၊ စနေနေ့၊ နေ့လည် (၂း၀၀) နာရီအချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ သာသနာ့မာရ်အောင်ကျောင်းတိုက်၌ ကျင်းပအပ်သော ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို) (Grade 10/ 11/ 12/) သင်ရိုးညွှန်းတမ်း ဖြစ်မြောက်ရေးအတွက် ပရိယတ္တိပညာရှင်များနှင့် နည်းပညာရှင်အဖွဲ့ အစည်းအဝေးကို မြေပြင် online နှစ်မျိုးလုံးဖြင့် ဆွေးနွေးခဲ့ကြပါသည်။
၁॥ နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခြင်း။
၂။ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌ သမဏအာဇာနည်ဆရာတော်က အဖွင့်ဩဝါဒ စကား လျှောက်ထား မိန့်ကြားခြင်း။
၃။ ကြွရောက်တော်မူလာကြသော ပရိယတ္တိပညာရှင်များနှင့် နည်းပညာရှင်အဖွဲ့အားလုံးတို့က
(က) (Grade 10/ 11/ 12/) သင်ရိုးညွှန်းတမ်း ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အဖြေရှာခြင်း၊
(ခ) မာတိကာပါ သင်္ခန်းစာများကို တာဝန်အသီးအသီး ခွဲယူခြင်း။
၄။ ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌ သမဏအာဇာနည်ဆရာတော်က ဓမ္မစကူးလ်ဖောင်ဒေးရှင်း@ (ဗဟို)၏ (၁၄)နှစ်ပြည့် နှစ်ပတ်လည် အခန်းအနားဆောင်ရွက်ရန် အကြောင်းနှင့် စပ်လျဉ်း၍ တင်ပြလျှောက်ထား မိန့်ကြားခြင်း။
၅။ ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) နာယက လေးအိမ်စုဆရာတော်က နိဂုံချုပ်ဩဝါဒ စကား မိန့်ကြားခြင်း။
၆။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို အဓိဋ္ဌာန်၍ အခမ်းအနား ရုပ်သိမ်းခြင်း- ဟူသော အစီအစဉ်
(၆)ရပ်ဖြင့် ဆွေးနွေခဲ့ကြပါသည်။
12/01/2026
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရွှေနံသာရွာမ ရွေတကဲကုန်းကျောင်း၌ ကျင်းပသော - (နဝမ) အကြိိမ် သင်တန်းဆင်းအောင်ပွဲ ၁၁- ၁ -၂၀၂၆ နေ့ အခမ်းအနား၌ - ----
ဓမ္မစကူးလ်ဖောင်းဒေးရှင်း (ဗဟို) ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသိရီကဉ္စနာဘိဝံသ သမဏအာဇာနည်ဆရာတော်ကြီးက ဝမ်မြောက်ကြောင်း သဝဏ်လွှာပေးပို့ခြင်းနှင့်၊
ဓမ္မစကူးလ်ဖောင်းဒေးရှင်း (ဗဟို) အတွင်းရေးမှူးဆရာတော် ဒေါက်တာ ဘဒ္ဒန္တကိတ္တိသာရက
ဓမ္မစကူးလ်ဖောင်းဒေးရှင်း (ဗဟို) ကိုယ်စားပြု၍ ကြွရောက် ချီးမြှင့်ခဲ့ပါသည်။
12/01/2026
@ #ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို)ဥက္ကဋ္ဌဆရာတော် မြစ်ကြီးနား ဓမ္မစကူးလ်မိသားစုများထံ ကြွရောက်ချီးမြှောက်ခြင်း...
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့တွဲဖက်အကျိုးတော်ဆောင်၊ ဓမ္မစကူးလ်ဖေါင်ဒေးရှင်းဗဟိုဥက္ကဌဆရာတော်ဘုရားကြီးသည် ၁၀ ၊ ၁၊၂၀၂၆ နေ့တွင်
မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်ရှိ
ဓမ္မစကူးလ်ဆရာဆရာမများနှင့် ဓမ္မစကူးလ် မိသားစုတို့အား ဩဝါဒ ဓမ္မလက်ဆောင်များ ကြွရောက် ချီးမြှင့်ခဲ့ပါသည်။
မြစ်ကြီးနားယုဇနရပ်ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း အောင်ဇေယျမြစ်ကြီးနား
08/01/2026
# ဩဝါဒကထာ
*ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို) နာယက - ဒေါက်တာဘဒ္ဒန္တထေရာသဘ တွဲဖက်ပါမောက္ခ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)
------------------------------------------------------------
အတွဲ - ၁ အမှတ် - ၆ ဓမ္မစကူးလ်ဂျာနယ်တွင် ရေးသားချီးမြှင့်ခဲ့သော ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို) နာယက - ဒေါက်တာဘဒ္ဒန္တထေရာသဘ တွဲဖက်ပါမောက္ခ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ၏ "ဩဝါဒကထာ" ကို ပြန်လည် မျှဝေလိုက်ရပါတယ်။
04/01/2026
# ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဗဟို ဥက္ကဋ္ဌ သမဏအာဇာနည်ဆရာတော် ဘဒ္ဒန္တသိရီကဉ္စနာဘိဝံသ အား နိုင်ငံတော်မှ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရကြောင်း ကြားသိရ၍ ဓမ္မစကူးလ်းဖောင်ဒေးရှင်း ဗဟို မိသားစုများနှင့် နိုင်ငံတစ်ဝှမ်းရှိ ဓမ္မစကူးလ် မိသားစုအားလုံးက ~~~
ဂုဏ်ယူဝမ်းမြောက် ချီးမြှောက်ထောပနာ အစဉ်ပူဇော်ပါ၏ ဆရာတော် အရှင်သူမြတ်ဘုရား••••••
02/01/2026
# နှစ်ဦးမေတ္တာ ပိုသလွှာ
*သမဏ အာဇာနည်-အရှင်သိရီကဥ္စနာဘိဝံသ
---------------------------------------------------
ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို) ဥက္ကဋ္ဌသမဏ အာဇာနည် - အရှင်သိရီကဥ္စနာဘိဝံသ၏" နှစ်ဦးမေတ္တာ ပို့သလွှာ"
31/12/2025
# စကားလက်ဆောင်
*သမဏ အာဇာနည်-အရှင်သိရီကဥ္စနာဘိဝံသ
------------------------------------------------------------
အတွဲ - ၂ အမှတ် - ၄ ဓမ္မစကူးလ်ဂျာနယ်တွင် ရေးသားချီးမြှင့်ခဲ့သော ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို) ဥက္ကဋ္ဌသမဏ အာဇာနည် - အရှင်သိရီကဥ္စနာဘိဝံသ ၏ "ဓမ္မစကူလ်းပန်းကို ရိုးသားမြတ်နိုး တန်ဖိုးထားမှသာ ပန်ဆင်သင့်ပါသည်" အမည်ရှိ စကားလက်ဆောင် ကို ပြန်လည် မျှဝေလိုက်ရပါတယ်။
23/12/2025
#ဩဝါဒကထာ, ဓမ္မစကူလ်းဖောင်ဒေးရှင် ဗဟို နာယက
*ဒေါက်တာဝဏ္ဏသိရီ (လင်္ကာ)၏
------------------------------------------------------------
အတွဲ - ၂ အမှတ် - ၄ ဓမ္မစကူးလ်ဂျာနယ်တွင် ရေးသားချီးမြှင့်ခဲ့သော - ဓမ္မစကူလ်းဖောင်ဒေးရှင် ဗဟို နာယကဒေါက်တာဝဏ္ဏသိရီ (လင်္ကာ)၏ " ဩဝါဒကထာ'' ကို ပြန်လည် မျှဝေလိုက်ရပါတယ်။
22/12/2025
ဓမ္မစကူးလ်ပစ္စည်းများ ဝယ်ယူနိုင်ကြောင်း အသိပေးကြေညာခြင်း
-----------------------------------------------
17/12/2025
#မကူညီရင်နေပါ မနှောင့်ယှက်ပါနဲ့
*သမဏ အာဇာနည်-အရှင်သိရီကဥ္စနာဘိဝံသ
------------------------------------------------------------
အတွဲ - ၂ အမှတ် - ၄ ဓမ္မစကူးလ်ဂျာနယ်တွင် ရေးသားချီးမြှင့်ခဲ့သော သမဏ အာဇာနည် - အရှင်သိရီကဥ္စနာဘိဝံသ ၏ "မကူညီရင်မနပါ မနှောင့်ယှက်ပါနဲ့" အမည်ရှိ ဆောင်းပါးကို ပြန်လည် မျှဝေလိုက်ရပါတယ်။
31/10/2025
#တောင်းပန်ကန်တော့ရင် ကျေနပ်မှာလား ကျေနပ်ရင် ဘာအကျိုးရမှာလဲ
*သမဏ အာဇာနည်-အရှင်သိရီကဥ္စနာဘိဝံသ
------------------------------------------------------------
အတွဲ - ၂ အမှတ် - ၅ ဓမ္မစကူးလ်ဂျာနယ်တွင် ရေးသားချီးမြှင့်ခဲ့သော သမဏ အာဇာနည် - အရှင်သိရီကဥ္စနာဘိဝံသ ၏ "တောင်းပန်ကန်တော့ရင် ကျေနပ်မှာလား ကျေနပ်ရင် ဘာအကျိုးရမှာလဲ" အမည်ရှိ ဆောင်းပါးကို ပြန်လည် မျှဝေလိုက်ရပါတယ်။
04/10/2025
ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌဆရာတော်
ဘဒ်ဒန်တသိရီကဉ်စနာဘိဝံသ (သမဏ အာဇာနညျ) ၏
"သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ နှင့်
အားလေးပါးစုံ၊ဘေး ၅ လုံ၊ ဂုဏ်ရည်ပြည့်ဝ
ဓမ္မစကူးလ်အလှ အမှတ်တရစကား"
------------------------------------------------------------
ဗုဒ္ဓမြတ်စွာက အင်္ဂုတ္တိုရ် နဝကနိပါတ်တွင် ဗလ ခေါ် စွမ်းအား၊ ခွန်အား အစွမ်းသတ္တိလေးမျိုးတို့နှင့် ပြည့်စုံသူသည် ဘေးရန်ငါးမျိုး တို့ကို လွန်မြောက်သူဖြစ်ကြောင်း ဟောကြားထားပါသည်။
စွမ်းအားလေးရပ်ကား (၁) အသိအလိမ္မာ ပညာအား၊ (၂) အားထုတ်မှု ဝီရိယအား၊ (၃) အပြစ်ကင်းမှု အနဝဇ္ဇအား၊ (၄) ချီးမြှောက်မှု သင်္ဂဟအား တို့ ဖြစ်သည်။
၁။ ကုသိုလ် အကုသိုလ်၊ အပြစ်ရှိ မရှိ၊ မည်းညစ် ဖြူစင်၊ မှီဝဲအပ် မမှီဝဲအပ်သောတရားတို့ကို ပညာဖြင့် ကောင်းစွာမြင်သိသူသည် အသိအလိမ္မာ ပညာအားရှိသူ ဖြစ်ပါသည်။
၂။ ကုသိုလ် အကုသိုလ် စသောတရားတို့ရှိရာ အကုသိုလ်တို့ကို ပယ်ရန် အားထုတ်သူ၊ ကုသိုလ်တရားတို့ကို ရရန် အားထုတ်သူသည် ဝီရိယအားရှိသူ ဖြစ်ပါသည်။
၃။ အပြစ်ကင်းသော ကာယကံ၊ ဝစီကံ၊ မနောကံနှင့် ပြည့်စုံသူသည် အနဝဇ္ဇအားရှိသူ ဖြစ်ပါသည်။
၄။ ပေးလှူမှု ဒါန၊ ချစ်ဖွယ်ပြောဆိုမှု ပေယျဝဇ္ဇ၊ အကျိုးစီးပွားကို ပြုကျင့်မှု အတ္ထစရိယ၊ ကိုယ်တူထားမှု သမာနတ္တတာ - ဤလေးပါးကို ချီးမြှောက်ကြောင်း သင်္ဂဟဝတ္ထုဟု ခေါ်ပါသည်။
ပေးလှူမှု ဒါနတို့တွင် တရားကို ပေးလှူမှု ဓမ္မဒါနသည် အမြတ်ဆုံး ဖြစ်သည်။ ချစ်ဖွယ်ပြောဆိုမှု ပေယျဝဇ္ဇတို့တွင် အလိုရှိ၍ နားထောင်သူအား ထပ်ကာ ထပ်ကာ တရားဟောမှုသည် အမြတ်ဆုံးတည်း။ အကျိုးစီးပွားကို ပြုကျင့်မှုတို့တွင် သဒ္ဓါတရား မရှိသူကို သဒ္ဓါတရားနှင့် ပြည့်စုံစေရန်၊ သီလမရှိသူကို သီလနှင့် ပြည့်စုံစေရန်၊ ဝန်တိုနှမြောသူကို စွန့်ကြဲမှု စာဂနှင့် ပြည့်စုံစေရန်၊ ပညာမရှိသူကို ပညာနှင့်ပြည့်စုံ စေရန် ဆောက်တည်စေမှုသည် အမြတ်ဆုံးတည်း။
ကိုယ်တူထားမှုတို့တွင် သောတာပန်အရိယာသည် သောတာပန် အရိယာအား၊ သကဒါဂါမ်သည် သကဒါဂါမ်အား၊ အနာဂါမ်သည် အနာဂါမ်အား၊ ရဟန္တာသည် ရဟန္တာအား ကိုယ်တူထားမှုသည် အမြတ်ဆုံးတည်း။ ထိုချီးမြှောက်မှုတို့နှင့် ပြည့်စုံသူကို သင်္ဂဟ အားရှိသူဟု ဆိုရပါသည်။
အထက်ပါ ပညာအား၊ ဝီရိယအား၊ အနဝဇ္ဇအား၊ သင်္ဂဟအား လေးရပ်တို့နှင့် ပြည့်စုံသူသည် ဘေးရန်ငါးမျိုးတို့ကို ကြောက်စရာ မလိုရုံမျှမက ဘေးရန်ငါးမျိုးတို့ကို လွန်မြောက်နိုင်ပါသည်။
ဘေးရန်ငါးမျိုးကား - အသက်မွေးမှုဘေး၊ ကျော်စောမဲ့ဘေး၊ ပရိသတ်ကြောက်ရွံ့မှုဘေး၊ သေဘေး၊ မကောင်းရာသို့ လာရောက်မှု ဘေးတို့တည်း။
ပညာမဲ့သူ၊ ပျင်းရိသူ၊ ကာယကံ ဝစီကံ မနောကံ အပြစ်ရှိသူ၊ ချီးမြှောက်မှုမရှိသူသည်သာ အဆိုပါ ဘေးငါးမျိုးတို့ကို ကြောက်ရမည်။ ပညာအား၊ ဝီရိယအား၊ အနဝဇ္ဇအား၊ သင်္ဂဟဝတ္ထုအားရှိသူတို့ကား အထက်ပါ ဘေးငါးမျိုးတို့ကို မကြောက်ပါ။ မကြောက်ရုံမျှမက ကောင်းစွာလွန်မြောက် အေးချမ်းကြပါသည်။
အထက်ပါ ဒေသနာ စကားကို ဓမ္မစကူးလ်ဖောင်ဒေးရှင်းမိသားစု တို့၏ သင်ရိုးညွှန်းတမ်း သင်ခန်းစာများ ဖွဲ့စည်းထားမှု၊ သင်ကြား သင်ယူမှု၊ လေ့ကျင့်ပေးမှုများနှင့် ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ မူဝါဒ, ရည်မှန်းချက်, ရည်ရွယ်ချက်,အဓိကလုပ်ငန်း, ဆောင်ပုဒ်များနှင့် တိုက်ဆိုင်ကြည့်လိုက်သောအခါ ဓမ္မစကူးလ်ဖောင်ဒေးရှင်း မိသားစုကြီးသည် အားလေးပါးစုံ၊ ဘေး ၅ - ပါး လုံခြုံနေသည်ဖြစ်၍ ဂုဏ်ရည်ပြည့်ဝ ဓမ္မစကူးလ်အလှ ဟု ချီးကျူးဂုဏ်ပြုထိုက်နေကြောင်း ထင်ရှားစွာ တွေ့မြင်နေရပါသည်။
ယနေ့ကား သီတင်းကျွတ်လပြည့်နေ့တည်း။ ဗုဒ္ဓဒေသနာ အရ အဘိဓမ္မာအခါတော်နေ့၊ မဟာ ပဝါရဏာနေ့၊ မြတ်ဗုဒ္ဓ၏ မိဘကျေးဇူး အကျေဆပ်ပြသောနေ့၊ သားကောင်း(သမီးကောင်း) စံပြ ဖော်ညွှန်း ပြသောနေ့ စသည်ဖြင့် ဂုဏ်ယူချီးကျူးရသောနေ့ ဖြစ်ပါသည်။ သီတင်းကျွတ်လပြည့်နှင့် သီတင်း ကျွတ်ကာလဆင်နွှဲ ရိုးရာဓလေ့ ကုသိုလ်ယူပွဲများနှင့်စပ်ပြီး ဓမ္မစကူးလ်သင်ရိုး ပထမတန်း၌ သင်ခန်းစာ (၄၀) တွင် သီတင်းကျွတ်လပြည့်နေ့၊ တတိယတန်း၌ သင်ခန်းစာ (၄၀) တွင် ဆယ့်နှစ်လရာသီပွဲ တော်များ၊ ပဉ္စမတန်း သင်ခန်းစာ (၃၉) အဘိဓမ္မာအခါတော်နေ့ ဟု သင်ခန်းစာများ ပြဋ္ဌာန်းပြီး ကျောင်းသား/သူ၊ ဆရာ/မများအားလုံး သိကျင့်လိုက်နာနိုင်အောင် စီမံပေးထားပါ သည်။ ဆဋ္ဌမတန်း သင်ခန်းစာ (၃၅) အဘိဓမ္မာမိတ်ဆက်၊ သတ္တမတန်း တွင် အဘိဓမ္မာ ဆိုင်ရာ သင်ခန်းစာ (၄)ခု၊ အဋ္ဌမတန်း၌ (၇)ခု ပြဋ္ဌာန်းပေးထား ပါသည်။ ကျောင်းသားကိုင်မရှိသော သူငယ်တန်း (KG) ၌ပင် သင်ခန်းစာ (၃၉)၌ လူကြီးမိဘ ကန်တော့ကြမယ် ဟူသော ဝါကျွတ်ကာလ ရိုးရာကုသိုလ်ဓလေ့ကို သိမြင်စေမည့် သခန်းစာ ထည့်သွင်း ပြဋ္ဌာန်းထားပါသည်။
အဘိဓမ္မာအခါတော်နေ့ သင်ခန်းစာ၌
“အဘိဓမ္မာအခါတော်”
အဘိဓမ္မာ ဒေသနာ
ဘုရားမြတ်စွာ ဟောပေရာ
တာဝတိံသာ နတ်ပြည်မှာ။
တပြိုင်တည်းမှာ ဟောဖော်ကြား
သာရိပုတ္တရာမထေရ်အား
တဆင့်နာကြား သူငါများ။
သီတင်းကျွတ်ည လပြည့်ခါ
တရားမြတ်ကို ဟောပြီးရာ
သက်ဆင်းကြွမြန်း လူ့ပြည်ရွာ။
ပူဇာဖြာဖြာ မြတ်ဆီမီး
စောင်းတန်းသွယ်မှာ ရှုမငြီး
အဘိဓမ္မာ အခါတော်ကြီး - ဟု ပါရှိရာ ထိုကဗျာ ဖတ်လိုက်ရုံဖြင့်ပင် အဘိဓမ္မာအခါတော်နေ့ အကြောင်းနှင့် ဆီမီးပူဇော်ကြခြင်းတို့ကို သိရှိသွားရပါသည်။
သီတင်းကျွတ်လပြည့် သင်ခန်းစာ၌
သီတင်းကျွတ်ပြီ မီးထွန်းမည်၊
မီးပူဇော်ပွဲ နွှဲကြမည်၊
လမြတ်ရာသီ ချိန်ခါပဲ၊
ဘိုးဘွား မိဘ ကန်တော့ပွဲ။
မီးရောင်စုံထဲ အလှပြိုင်၊
ဖြူ နီဝါပြာ ဘယ်သူနိုင်။
မြိုင်မြိုင်ဆိုင်ဆိုင် ကူညီလို့၊
မီးပုံးပျံကြီး လွှတ်ကြစို့ - ဟု ပါရှိရာ သင်ကြားသူ ကျောင်းသား ကျောင်းသူများအတွက် သီတင်းကျွတ်ကာလ၏ ရိုးရာ ကုသိုလ်ပွဲများကို တိကျစွာ သိရှိခွင့် ရသွားကြပါသည်။
အဘိဓမ္မာအခါတော်နေ့ သင်ခန်းစာ၌ ရဟန်းသံဃာတော်များ အချင်းချင်း အပြစ်ရှိက ထောက်ပြ ပြောဆိုကြရန်(ဖိတ်ကြား) တောင်းပန်ကြသည့် မဟာပဝါရဏာနေ့လည်း ဖြစ်သည် - ဟု ဖော်ပြထားရာ သီတင်းကျွတ်ကာလ ရတနာသုံးပါးကို ဦးထိပ်ထားပြီး နေကြသော ရဟန်းသံဃာများ၊ လူကြီးမိဘများ၊လူငယ် လူရွယ်၊ကျောင်းသား ကျောင်းသူများအားလုံးလိုက်နာပြုကျင့်ကြရမည့် ကျင့်ဝတ်များကိုပါ သိရှိစေခဲ့ပါသည်။
စာပေအရ ဖော်ပြရလျှင် အသက်အရွယ် ငယ်သူများကသာ ဖိတ်ကြားရမှာမဟုတ်၊ ကြီးသူတို့က လည်း ဖိတ်ကြားကြရပါမည်။ မြတ်စွာဘုရားကိုယ်တိုင်ပင် မိမိအပေါ် ကာယကံ ဝစီကံ အပြစ်ရှိ၏ဟု မြင်ကြားယုံမှားပါက ထုတ်ဖော်ပြောကြားဘို့ရန် ဖိတ်ကြားခဲ့ဖူးပါသည်။
သို့ဖြစ်ရာ ကြီးသူ ငယ်သူ အားလုံး ပဝါရဏာ ဖိတ်ကြားမှု ပြုထားသင့်ကြသလို ပြောကြားလာပါက လည်း မျက်နှာကြည်သာ လေးစားစွာဖြင့် အရှင်သာရိပုတြာထုံး နှလုံးမူပြီး ပြုပြင်နေထိုင်သင့် ပါသည်။ အပြစ်ရှိပါကလည်း ငယ်သူကသာ ကြီးသူကို တောင်းပန် ရသည်မဟုတ်၊ ကြီးသူကလည်း တောင်း ပန်ကြရပါမည်။
ပါရာဇိကဏ် အဋ္ဌကထာ၌ ပြစ်မှားသူက ကြီးလျှင် ရှိခိုးကန်တော့ စရာမလိုဘဲ တောင်းပန်ပုံ စသည် အကျယ် ဖော်ပြထားပါသည်။ ပြစ်မှားမိက တောင်းပန်ကန်တော့ခြင်းသည် ကံကြီး (၅)ပါး ကျူးလွန်သူကဲ့သို့ပင် အပြစ်ကြီး လှသော အရိယာကို စွပ်စွဲမိခြင်း အပြစ်ကြီးကိုပင် ပျောက်ကင်းခြင်း ငြိမ်းစေခြင်း အကျိုးရနိုင်ပါ သည်။
မြတ်ဗုဒ္ဓသည် ၇ ဝါမြောက် ဝါကို နတ်ပြည်၌ ဝါကပ်ရင်း မယ်တော်မိ ဖြစ်ခဲ့ဖူးသော နတ်သားကို အမှူးထားပြီး အဘိဓမ္မ (၇) ကျမ်းကို ပကတိဘုရား နိမ္မိတဘုရား ဘုရား (၂)ဆူဖြင့် ရက်ပေါင်း ကိုးဆယ်တိုင်တိုင် အကျယ်ဆုံး ဟောကြားခဲ့ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း (၂၆၀၃)နှစ်က သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရားတော်ကြီး ဟောကြားမှု ပြီးဆုံး အောင်မြင်ခဲ့ပုံကို လေ့လာ ကြည်ညိုကြရင်း
၁။ မယ်တော်မိနတ်သားကို သောတာပန် အရိယာဖြစ်အောင် ကျေးဇူးအကျေ ဆပ်သလို မိဘကျေးဇူး ဆပ်ကြပါစို့။
၂။ သားကောင်း သမီးမြတ် စံပြနေကြပါစို့။
၃။ ပညာ ဝီရိယ အနဝဇ္ဇ သင်္ဂဟဝတ္ထု အားလေးပါး ဖြည့်ကျင့်ထားကြပါစို့။
၄။ အပြစ်ရှိပါကလည်း ကြီးငယ်မရွေး ဝန်ချတောင်းပန် ကန်တော့ကြပါစို့။
၅။ ဆီမီးပူဇော်ကြခြင်း ကုသိုလ်ထူး ဆည်းပူးကြပါစို့ - ဟု တိုက်တွန်းရင်း သီတင်းကျွတ်လပြည့် အမှတ်တရစကားကို နိဂုံးချုပ်လိုက်ရပါသတည်း…။
အားလုံးကျန်းမာချမ်းသာကြပါစေ…