04/09/2024
https://www.facebook.com/share/v/zcSnEjxWJn91X8k2/?mibextid=oFDknk
ကွန်ပျူတာမှာ မြန်မာစာ သုံးခွင့်ရအောင် မြန်မာစာဖောင့်ကို ပထမဆုံး တီထွင်ခဲ့သူ ဂျွန် အိုကယ် ( John Okell )
==================
ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ ကွန်ပျူတာမှာ မြန်မာစာ သုံးခွင့်ရအောင်မြန်မာစာဖောင့်ကို ပထမဆုံး တီထွင်ခဲ့သူက မြန်မာလူမျိုး မဟုတ်ပါဘူး။
ကွန်ပျူတာမှာ မြန်မာလို ရိုက်နိုင်တဲ့ ပထမဦးဆုံး မြန်မာဖောင့် ဖြစ်တဲ့ "Ava font" ကို တီထွင်ခဲ့ သူဟာ လန်ဒန်တက္ကသိုလ် မြန်မာစာဌာနမှူး (ငြိမ်း) ဆရာကြီး ဂျွန် အိုကယ် (John Okell) ဖြစ်ပါတယ်။
ဆရာကြီးရဲ့မြန်မာအမည်က ဦးလှသိန်းဖြစ်ပေမယ့် ရင်းနှီးသူတွေက ဆရာကြီးရဲ့အမည် Okell (အိုကယ်) ကို အသံဖလှယ်ပြီး " ဆရာ အုတ်ခဲ" လို့လည်း ခေါ်လေ့ ရှိပါသည်။
Apple ကွန်ပျူတာတွေမှာ အသုံးပြုဖို့ Ava Laser Font (အားဗားလေဆာဖောင့်) ကို ၁၉၈၉ ခုနှစ်မှာ ပြုစုပေးခဲ့ပါသည်။
မြန်မာဘာသာ စကား သင်ကြားရေးကိုလည်း တောက်လျောက် လုပ်ကိုင်လာခဲ့သူ ဂျွန် အိုကယ်ကို အင်္ဂလန်တောင်ပိုင်း၊ ဘရိုက်တန် ကမ်းခြေမြို့၌ ၁၉၃၄ခုနှစ်က မွေးဖွားခဲ့ပြီး အောက်စဖို့ဒ် တက္ကသိုလ် ဘုရင်မကောလိပ်တွင် ရောမနဲ့ ဂရိ ဂန္ထဝင်စာပေများ သင်ကြားခဲ့ပါသည်။
ထို့နောက် ၁၉၅၉ ခုနှစ်တွင် လန်ဒန် တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိက ပညာရပ်များကျောင်း၌ မြန်မာစာ ပါမောက္ခ ဒေါက်တာ လှဘေထံတွင် မြန်မာစာကို တစ်နှစ်ခွဲ သင်ယူခဲ့ပါသည်။
ဂန္ထဝင်စာပေ၊ အတွေးအခေါ်၊ ရှေးဟောင်း သမိုင်းဘာသာတွဲနဲ့ သူဟာ Oxford တက္ကသိုလ်က ဂုဏ်ပြုတန်း အောင်မြင်ခဲ့ပြီးနောက် ၁၉၅၉ ခုနှစ်ကစလို့ SOAS လို့ခေါ်တဲ့ လန်ဒန်တက္ကသိုလ်ရဲ့ အရှေ့တိုင်းနဲ့ အာဖရိက လေ့လာရေးကျောင်းမှာ အလုပ်သင် ကထိကအဖြစ် ဝင်ရောက်ထမ်းဆောင်ခဲ့ပါသည်။
အဲဒီမှာပဲ ဘာသာဗေဒ နဲ့ သဒ္ဒဗေဒ (phonetics / phonology) တို့ကို ဆည်းပူးရင်း ထိုစဉ်က မြန်မာဌာန ပါမောက္ခဖြစ်တဲ့ ဒေါက်တာ လှဖေနဲ့ ဆရာမ Anna Allott(ခေါ်) ဒေါ်ခင်ခင်ချောတို့ဆီမှာ မြန်မာစကား၊ မြန်မာစာပေကို သင်ယူခဲ့သည်။
၁၉၆၀-၆၁ ခုနှစ်မှာ မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် သွားရောက်ပြီး မြန်မာမိသားစု တွေနဲ့ မြန်မာ အသိုင်း အဝိုင်း ကြားမှာနေထိုင်ပြီးတော့ မြန်မာမှု၊ မြန်မာစကားကို လေ့လာခဲ့သည်။
ပါမောက္ခ ဒေါက်တာလှဖေနဲ့ ဆရာမ Anna Allott တို့နဲ့အတူ မြန်မာ-အင်္ဂလိပ် အဘိဓာန် ပြုစုရာမှာ ပါဝင်ခဲ့သလို သူကိုယ်တိုင်လည်း မြန်မာ သဒ္ဒကျမ်း ၊ မြန်မာစာပေ ၊ ဂီတ မြန်မာ ဒေသိယ စကားနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ စာအုပ်တွေအများအပြား ရေးသားခဲ့သည်။
လန်ဒန် တက္ကသိုလ် မြန်မာစာဌာနမှူးအဖြစ် ဆောင်ရွက်ခဲ့သော ဂျွန် အိုကယ်သည် မြန်မာမှု၊ မြန်မာစာ၊ မြန်မာစကား သင်ကြားရေးမှာ အထူးစွမ်းဆောင်ခဲ့ပြီး ၂၀၂၀ခုနှစ်၊ သြဂုတ်လ ၃ရက်နေ့ လန်ဒန်မြို့မှာပဲ ကွယ်လွန်ခဲ့ပါသည်။
ဂျွန်အိုကယ်သည် အသက် ၈၆နှစ် အရွယ် မကွယ်လွန်မီ တလခန့်အထိ ကျောင်းသားများအား မြန်မာစာ သင်ကြားပေးသွားခဲ့သည်။
ဗြိတိန်-မြန်မာ ဆက်ဆံရေးလုပ်ဆောင်ချက်တွေကို အသိအမှတ် ပြုတဲ့အားဖြင့် ဗြိတိန် ဘုရင်မကြီးက OBE ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့သည်။
#ဂျွန်အိုကယ်