22/03/2026
*အပိန်နှင့်အပဲ့တို့၏သမိုင်း *(ဝတ္ထုတို)
မစန္ဒာ
ဦးကြီးဦးဘတူ မျက်မှောင်ကြီးကုတ်ထားတာကို လှမ်းတွေ့လိုက် တော့ တစ်စုံတစ်ခု အလိုမကျဖြစ်နေပြီဆိုသည်ကို မောင်ကိတ် ချက်ချင်းသိလိုက်သည်။ သူ့ ဦးကြီးက အငြိမ်းစားယူထားပြီဖြစ်သော်လည်း တစ်သက် လုံး ကျောင်းဆရာလုပ်လာသူဆိုတော့ တွေ့သည့်လူတိုင်းကို သူ့တပည့်ဟု ထင်နေတတ်သူဖြစ်သည်။ ထို့ကြောင့် သူစိတ်တိုင်းမကျလျှင် မကျသလို၊ အမြင် မတော်လျှင်လည်းမတော်သလို အချိန်အခါ နေရာမရွေး လူမရွေးဘဲ ဆူတတ်၊ ပူတတ်၊ အော်တတ်၊ ငေါက်တတ်သူဖြစ်သည်။ တစ်ခါတစ်ရံ လည်း ဘာမှမဆိုင်သော ဘေးလူကိုပါ အဖျားခတ်တတ်သေးသည်။
“နှုတ်ခမ်းလည်းမကွဲ သွားလည်းမကျဲ လျှာလည်းမပြဲဘဲနဲ့ မြန်မာ စကားကို မြန်မာက ဘာလို့ပီအောင်မပြောနိုင်ရတာလဲကွ..ဟေ.."
ဦးကြီး၏အသံက ဟိန်းထွက်လာတော့ မောင်ကိတ်ခြေလှမ်းတုံ့ သွားသည်။ အိမ်ထဲမဝင်တော့ဘဲ အသာလေးလှည့်ပြန်ရရင် ကောင်းမလား ဟု စဉ်းစားမိသည်။ သို့သော် သူ့အကြံက အတန်ငယ်နောက်ကျသွားတော့ မျက်စိလျင်လှသောဦးကြီးက သူ့ ကိုလှမ်းမြင်ပြီးဖြစ်သွားသည်။
“ဒီခေတ်ကလေးတွေက ဘာဖြစ်နေကြတာလဲကွဟေ။ စလုံးနဲ့ ဆလိမ်မကွဲတော့ဘူးလား”
“ဘာမကွဲလို့လဲဦးကြီး”
မောင်ကိတ် ဦးကြီးရှေ့က ကုလားထိုင်တွင် ခပ်ယို့ယို့ဝင်ထိုင် သည်။ ဦးကြီးဘေးတွင်ထိုင်နေသော ဒေါ်ကြီးကတော့ ကွမ်းလေးတမြုံ့မြုံ့ဝါးရင်း မောင်ကိတ်ကိုပြုံးပြသည်။
“ဆလိမ်အသံထွက်တွေကို စလုံးအသံတွေ ထည့်ပြောနေတာ လေ။ စွဲစောင်တဲ့၊ စောင်ရွက်တဲ့၊ စုံးမတဲ့၊ စောက်လုပ်တဲ့၊ လုပ်စောင် တဲ့..ကဲ"
ဒေါ်ကြီးက နားနည်းနည်းလေးတော့ တော်ရုံတန်ရုံအသံကို မကြားချေ။ သို့သော် ဦးကြီးပြောသမျှကိုတော့ မကြားမရှိ အကုန်ကြား သည်။ ဒေါ်ကြီး၏နား ချက်ချင်းကောင်းသွားသောကြောင့်တော့ မဟုတ်၊ ဦးကြီး၏အသံက ကျယ်လွန်းသောကြောင့်ဖြစ်လေသည်။
“သူ့ဟာသူ ဆောက်လုပ်ချင်လုပ်၊ စောက်လုပ်ချင်လည်းလုပ်၊ နားလည်တာကတော့ နားလည်နေတာပဲမဟုတ်လား ကိုတူကြီးရယ်…”
ဒေါ်ကြီးက ဦးကြီးဘတူကို ကိုတူကြီးဟုခေါ်လေ့ရှိသည်။ ဦးဘတူ ဟူသောအမည်မှ နောက်ဆုံးအလုံးကိုဆွတ်ပြီး ခေါ်ခြင်းမဟုတ်။ ဟိုလူ့ကိုထု ဒီလူ့ကိုထုနှင့် ထုရန်နှက်ရန်ဝါသနာပါလွန်းသောကြောင့် ကိုတူကြီးဟု ခေါ် ခြင်းဖြစ်လေသည်။
ဒေါ်ကြီးက နာမည်အပေးကောင်းသည်။ ငယ်စဉ်က ကိတ်မုန့် အလွန်ကြိုက်သောသူ့ကို “မောင်ကိတ်”ဟု အမည်ပေးခဲ့သည်မှာလည်း ဒေါ်ကြီးပင်ဖြစ်သည်။ ဒေါ်ကြီး၏ ကျေးဇူးကြောင့် ဆွေတော်အပေါင်း မျိုးတော်တစ်သောင်းသည် သူ၏အမည်ရင်း“မျိုးမင်းနိုင်”ဟူသည်ကို မည်သူမျှမခေါ်။ အချို့ဆိုလျှင် သိပင်မသိ။ ကြီးသူတွေက မောင်ကိတ်၊ ငယ်သူတွေက အစ်ကိုကိတ်၊ ချာတိတ်တွေက လေးလေးကိတ်နှင့် တစ်ကိတ်တည်းကိတ်နေကြလေသည်။
“ဟေ့...ဒီမှာမောင်ကိတ်”
"ဗျာ..ဦးကြီး"
"မြန်မာစကားနဲ့မြန်မာစာကို ဘယ်သူတွေ ဖျက်ဆီးနေတာလဲ သိလား"
“နိုင်ငံခြားသားတွေ”
မောင်ကိတ်က ပစ်၍မလွဲနိုင်ဟုယူဆသောအဖြေကို လျှာသွက် အာသွက်နှင့် အလျင်စလိုဖြေလိုက်သည်။ ဦးကြီးခမျာ မျက်ခုံးမွေးဖြူဖြူကြီး နှစ်ဖက်ကုပ်ရုံသာမက မျက်နှာကြီးပါရှုံ့သွားသည်။
“မင်းအမေ နိုင်ငံခြားသားလားကွ။ မြန်မာစာမြန်မာစကားကို ဖျက် နေတာ မြန်မာတွေပဲ...ဟကောင်ရ”
ဦးကြီးက အားရပါးရအော်လိုက်သည်မှာ နားလေးနေသော ဒေါ်ကြီးကပင် “တိုးတိုးပြောစမ်းပါတော်”ဟု ပြောယူရသည်။
“ပြောပြန်ရင်လည်း အသံမမှန်၊ ရေးပြန်တော့လည်း သဒ္ဒါမမှန်၊ တာတေကိုလန်နေကြတာပဲ။ ခုနတုန်းက မင်းရဲ့ဒေါ်ကြီးကပြောတယ်။ နား လည်တာကတော့ နားလည်နေတာပဲ...တဲ့။ မင်းဘယ်လိုသဘောရလဲ။ ဆောက်လုပ်ဆိုတာကို စောက်လုပ်လို့ပြောနေတာကို ဘယ်လိုလုပ်ပြီး နား လည်ရမှာလဲ။ အဲဒီစကားနှစ်ခွန်းဟာ အများကြီးလွဲတယ်။ အများကြီးကွဲသွား တယ် အဓိပ္ပာယ်မတူဘူး။ အသံထွက်လည်းမတူဘူး"
“ဟုတ်တာပေါ့”
မောင်ကိတ်က ခေါင်းညိတ်သည်။ ဟုတ်ပါသည်။ မှန်ပါသည်။
“ပြောချင်သလိုပြောကြ...ပြင်မယ့်သူလည်းမရှိ”
“ရှိပါတယ်တော်..မြန်မာ့ရုပ်သံမှာ မြန်မာစာ မြန်မာစကား၊ မြန်မာ သဒ္ဒါတွေအကြောင်း ညနေပိုင်းလာတာတွေလေ။ မှားလေ့ရှိတာ မှားနေကြ တာတွေကို ဇာတ်လမ်းလေးတွေဆင်ပြီးပြနေတာ ဘယ်လောက်ကောင်း
“အေး..ဟုတ်တယ်။ အဲဒီကဏ္ဍသိပ်ကောင်းတယ်”
ဦးကြီးက ချက်ချင်းထောက်ခံသည်။ ထို့နောက် မောင်ကိတ်ဘက်သို့လှည့်ပြီး...
“မင်းကြည့်ဖြစ်ရဲ့လားမောင်ကိတ်။ သိပ်ကောင်းတယ်နော်”ဟု ပြောသည်။ မောင်ကိတ်က သွားလေးဖြီးကာငြိမ်နေသည်။ အမှန်အတိုင်း ဝန်ခံရလျှင် သူမကြည့်ဖြစ်။
“အဲဒါတွေခက်တာပေါ့ကွ။ မင်းတို့လူငယ်တွေဟာ ငှက်ပျောသီး ကို အသားလွှင့်ပစ်ပြီး အခွံသာစားတတ်ကြတာမျိုးတွေ။ ကိုရီးယားကားကျ တော့မှ တီဗွီရှေ့ကို တဝုန်းဝုန်းပြေးလာတတ်ကြတဲ့ဟာတွေ”
ဦးကြီးက မကျေမနပ်ပြောသည်။ ဒီလိုပုံစံနှင့်ဆိုလျှင် ဦးကြီးဆီက ဇိနတ္ထပကာသနီစာအုပ်ငှားဖို့ပင် လွယ်ကူလိမ့်မည်မဟုတ်။ အမေက သူ၏ အစ်ကိုကြီးအကြောင်း အတွင်းသိမို့……….
“အမေလည်း မျက်မှန်အသစ်လုပ်ပြီးမှ စာဖတ်လို့ကောင်းနေ တာ။ အစ်ကိုကြီးဆီက စာအုပ်ငှားရမှာလည်း ခပ်ကြောက်ကြောက်ရယ်။ သူက သူ့စာအုပ်တွေကိုသိပ်နှမြောတာ။ ငါ့သား အခြေအနေကိုကြည့်။ မင်း ဦးကြီး စိတ်ကြည်ကြည်လင်လင်ရှိမှပြော”ဟု မှာလိုက်ရှာသည်။ အမေမမှာ လိုက်လျှင်လည်း မောင်ကိတ်ကတော့ ဦးကြီးကိုဆိုလျှင် ကြောက်ပြီးသားဖြစ် သည်။ သူငယ်ငယ် ကျောင်းနေခါစ လက်ရေးဆိုးလွန်းတုန်းက လက်ဆစ် ကို ပေတံနှင့်ခေါက်ပြီး လက်ရေးလှသင်ခဲ့သူမို့ ငယ်ကြောက်ဖြစ်သည်။ ဦးကြီးကိုဆိုလျှင် အသံကြားရုံနှင့်ပင် လက်ဆစ်ကလေးတွေက ယခုတိုင် နာချင်ချင်နှင့်ကျင်နေဆဲဖြစ်သည်။
“မနေ့တုန်းကပဲ လုံးချင်းစာအုပ်ကောက်ဖတ်မိပါတယ်။ စာရေး ဆရာက အရေးအသားလေးမဆိုးပါဘူး။ ဦးတည်ချက်လည်းရှိပါရဲ့၊ ဒါပေမဲ့ သဒ္ဒါတွေမှားလိုက်တာ သောက်သောက်ကိုလဲလို့"
ဦးကြီးက သူ၏ဘေးမှ ရေနွေးကြမ်းခွက်ကိုကောက်ယူ၍တကွတ်ကွတ်နှင့်မော့ချသည်။ ဦးကြီး၏ရေနွေးကြမ်းခွက်မှာ တစ်ငုံစာ လောက်သာဆန့်သော သမားရိုးကျခွက်မဟုတ်ချေ။ ထိုခွက်မျိုး ငါးလုံးစာ ဆန့်သော ဟင်းသောက်ပန်းကန်လုံးဖြစ်သည်။ အနားတွင် ရွှေရေးသုံးရစ်ရှိသော ကြွေပန်းကန်ပါးပါးလည်းဖြစ်သည်။ ထိုလှလှပပ ပန်းကန်လေးနှင့် မလိုက်ဖက်သည်က ဒန်ရေနွေးကြမ်းအိုးဖြစ်သည်။ ဦးကြီး၏ရေနွေးကြမ်းအိုး သည်ကား ဦးကြီး၏စိတ်ကြိုက်အတိုင်း ရေနွေးများများဆန့်သော်လည်း ဒန်အညှိတက်ကာ မလှပသည်ကားအမှန်ပင်။ ခွက်ကို ကြွေခွက်မှကြိုက် သော်လည်း အိုးကိုတော့ဦးကြီးက ကြွေအိုးမကြိုက်ပြန်။
“အထဲမှာရေနွေးတွေနဲ့မို့ လေးရတဲ့အထဲ ကြွေအိုးဆိုပြန်တော့ ပိုလေးတာပေါ့။ ဒန်ကတော့ပေါ့တယ်။ ဒီအိုးကိုခဏခဏမပြီး မှဲ့နေရတာ ပေါ့ပေါ့ပါးပါးပဲကောင်းတယ်”ဟု ပြောတတ်သည်။
“ဥပမာကွာ….ငါပြောပြမယ်။”“ကိုကိုကြီးသည် ဒေါသတကြီးနှင့် သင်းသင်းကိုလှမ်းကြည့်လိုက်သည်”တဲ့ “ကဲ…မှန်လား မှားလား”
မောင်ကိတ်က ခေါင်းကုတ်ရင်း“မှန်သားပဲဟာ”တွေးသည်။ ထို့ နောက်”မှားတယ်ထင်တယ်”ဟု ချက်ချင်းပြန်တွေးသည်။ ဒီလိုအရေး အသားမျိုးတွေက ခဏခဏတွေ့နေရတော့ မှန်လားမှားလားပင် ချက်ချင်း စဉ်းစား၍မရချေ။
“မင်းတို့လည်း ငယ်ငယ်ကတည်းကသင်ခဲ့ရတာပဲ။ နာမဝိသေ သနဆိုရင် နာမ်ရဲ့ရှေ့မှာကပ်နေရတယ်၊ ကြိယာဝိသေသနဆိုရင် ကြိယာရှေ့ မှာကပ်နေရတယ်ဆိုတာလေ”
“ဟုတ်”
!အဲဒီမှာ ဒေါသတကြီးက သင်းသင်းရဲ့ရှေ့မှာကပ်နေတော့ ဒေါသ ကြီးတာက သင်းသင်းဖြစ်မနေဘူးလား”
မောင်ကိတ်ခေါင်းညိတ်သည်။ ဒေါ်ကြီးကတော့မညိတ်။
"ဒီနေရာမှာ သင်းသင်းက ဒေါသကြီးတာမဟုတ်ဘူးဆိုတာကို ရှင်လည်းနားလည် ကျုပ်လည်းနားလည် မောင်ကိတ်လည်း နားလည်နေတာပဲ ကိုတူကြီးရယ်”
“ဟ….နားလည်ပေမယ့် မှားနေတယ်ဟ”
“အမှန်က ကိုကိုကြီးသည် သင်းသင်းကို ဒေါသတကြီးနှင့် လှမ်း ကြည့်လိုက်သည်။ အဲဒီလိုရေးရမှာနော် ဦးကြီး”
“အေးပေါ့ကွာ….ရေးထုံးပျက်နေတာတွေကိုပြောတာပါ။ မြမြ သည် မျက်စောင်းလေးတဝဲဝဲနှင့် မောင်မောင့်ကို မခို့တရို့ကြည့်သည်။ ရွှံ့ တွေ ပေနေသောကျားဘိုသည် ပါးစပ်ထဲတွင်အမဲရိုးကြီးနှင့် မောင်မောင့်ဆီ သို့ပြေးလာသည်” ဆိုတာမျိုးလေးတွေလေ။ အမှန်က မောင်မောင့်ကို မျက် စောင်းလေးတဝဲဝဲနှင့်မခို့တရို့ကြည့်သည်။ မောင်မောင့်ဆီသို့ ပါးစပ်ထဲတွင် အမဲရိုးကြီးနှင့်ပြေးလာသည်လို့ ဖြစ်ရမှာပေါ့။ အခုတော့ ကြိယာကို အထူးပြု တဲ့ ကြိယာဝိသေသနကို နာမ်ရှေ့မှာ သွားကပ်ထားတတ်တာမျိုးတွေလေ။ မှားလို့တောင် မှားမှန်းမသိတော့ဘူး”
ဦးကြီး၏လေရှည်ကြီးအဆုံးတွင် ဒေါ်ကြီးက တဟင်းဟင်းရယ် သည်။ ဒေါ်ကြီးရယ်သံက သိပ်မကျယ်သော်လည်း နားမလေးသောဦးကြီး က ကောင်းစွာကြားလေသည်။ ဒီကမ္ဘာ ဒီလောကတွင် ဦးကြီးမနိုင်သောသူ ဟူ၍လည်း ဒေါ်ကြီးတစ်ယောက်သာရှိလေသည်။
“မင်းက ဘာရယ်တာလဲ”
"ဒီနေရာမှာမောင်မောင်က မျက်စောင်းလည်းမဝဲဘူး။ အမဲရိုးကြီး ကိုလည်း ကိုက်မထားဘူးဆိုတာ ရှင်းနေတာပဲဟာ…ဖတ်တဲ့လူက သိပါ တယ် ကိုတူကြီးရဲ့”
“အေး….သိတာပေါ့။ သိတာက ဉာဏ်နဲ့ယှဉ်ပြီးသိရတာ။ သဒ္ဒါ မှားတာကတော့ မှားနေတာပဲ”
"မှားရင်လည်း သက်ဆိုင်ရာလူတွေရှိတယ်။ ပြင်ကြလိမ့်မယ်၊ ရှင် က အနေသာကြီးပါနော်”
“ငါလည်းမနေသာဘူး၊ မင်းလည်းမနေသာဘူး၊ ဒါဟာအားလုံး နဲ့ဆိုင်တယ်”
မောင်ကိတ်က စိတ်ထဲမှနေပြီး “ဟုတ်တာပေါ့”ဟု ထောက်ခံ လိုက်မိသည်။ တစ်ဖက်မှလည်း ငါ့အမေတော့ ဇိနတ္ထပကာသနီနှင့်ဝေးပါပြီ ဟု တွေးလိုက်မိသေးသည်။ ဦးကြီးနှင့်ဒေါ်ကြီး နှစ်ဦးစလုံးက အငြင်းသန်ကြ သည်။ ငြင်းမိပြီဆိုလျှင် ဘယ်သူမှမလျော့တတ်။ နှစ်ဦးစလုံးကလည်း ကော် တော်တော် ကပ်တပ်တပ်များဖြစ်ကြသည်မို့ သူတို့၏သမီး မဘူးသီးက ကြားထဲမှမောင်ကိတ်ကို အားနားသလိုကြည့်နေရင်း….
“အစ်ကိုကိတ် ကော်ဖီသောက်ဦးလေ”ဟု ဧည့်ဝတ်ပြုရှာသည်။ “တစ်နေ့တုန်းက ဈေးထဲမှာ ဒန့်သလွန်နဲ့တောင် တွေ့ခဲ့သေး တယ်”ဟု ဝင်ပြီးစကားဖြတ်ရှာသည်။
ဘူးသီးနှင့်ဒန့်သလွန်တို့ကြောင့် ကြားရသူများ အာရုံရှုပ်၊ နားရှပ် သွားလေ့ရှိသည်။ စင်စစ်သူတို့နှစ်ဦးမှာ လူသားစင်စစ်များ ဖြစ်ကြသည်။ အမည်ပေးကောင်းသူ ဒေါ်ကြီး၏လက်ချက်နှင့် အသီးအနှံဘဝသို့ ပြောင်း သွားကြရရှာခြင်းဖြစ်သည်။ ဒေါ်ကြီး၏သမီးအရင်း မောင်ကိတ်၏ညီမ ဝမ်းကွဲဖြစ်သူ မဘူးသီးမှာ ခါးသေးပြီး ခန္ဓာကိုယ်အောက်ပိုင်း ကြီးလေသည်။ မောင်ကိတ်၏ညီမအရင်းဖြစ်သူ ဒန့်သလွန်ကတော့ ကိုယ်ဟန်နွဲ့နွဲ့နှင့် ပိန်ပိန်ရှည်ရှည်ဖြစ်သည်။
သို့သော် မဘူးသီးဘယ်လိုပင်ဖြတ်ဖြတ် ဦးကြီး၏လေကြောက မပြတ်ရေးချ မပြတ်ထဲကဖြစ်သည်။
"ဒီနေ့မနက်လမ်းလျှောက်တုန်းကတောင် တွေ့ခဲ့ရတာလေ။ ဟို သွပ်ပြားကြီးတွေ ကာထားတဲ့ နေရာမှာပေါ့ “စည်းကမ်းမဲ့အမှိုက်မစွန့်ရ တဲ့။ကဲ...ဒီတော့ “စည်းကမ်းရှိတဲ့အမှိုက်ဆိုရင်တော့ စွန့်လို့ရတယ်ပေါ့ ဟုတ် လား”
သူက တစ်သက်တာလုံး စာသင်လာသော ကျောင်းဆရာကြီး ဆိုတော့လည်း ဒါမျိုးတွေ အတွေ့များလာတော့ အူယားရှာပေလိမ့်မယ်ဟု မောင်ကိတ်တွေးမိသည်။
“ဒီလိုဆိုရင် စည်းကမ်းမဲ့စွာ အမှိုက်မစွန့်ရ”လို့ ရေးရမှာလား ဦးကြီး။ ဒါမှမဟုတ်ရင်လည်း အမှိုက်ကို စည်းကမ်းမဲ့မစွန့်ရ” လို့ရေးရင်ရော"
ဒီတစ်ခါတော့ ဦးကြီးကဘာမှမပြောမီ ဒေါ်ကြီးက အမှိုက်မစွန့်ရ ဆိုရင်ပြီးပြီဟေ့ လိုရင်းတိုရှင်းပဲ”ဟုဦးအောင်ဝင်ပြောသည်။ ထို့နောက် “ဘယ်လိုပဲရေးထားထား အဲဒီနေရာမှာ အမှိုက်မပစ်ဖို့ တားမြစ်ထားတယ်ဆို တာကိုတော့ လူတိုင်းနားလည်ပါတယ်” ဟု ခပ်တင်းတင်းပြောကာ ဆိုက် နေကျဘူတာကို ကမန်းကတန်း ဝင်ဆိုက်ပစ်လိုက်လေသည်။
“ရော့….အစ်ကိုကိတ်…အစ်ကိုကိတ်အကြိုက်ကိတ်မုန့်”
ဘူးသီးက တင်းမာတော့မည့် အခြေအနေကို ကိတ်မုန့်နှင့်ဝင်ထိန်းသည်။ သပျစ်သီး ခြောက်နှင့်သီဟိုစေ့လေးများ မြှုပ်ထားသောသစ်သီးကိတ်လေးက စားချင် စဖွယ်မို့ မောင်ကိတ် တစ်ခြမ်းလှမ်းယူလိုက်သည်။
“ကောင်းသားပဲနော်”
“ညီမသူငယ်ချင်းမိုးကေသွယ်ဦး'ပေးတာလေ”
“စကားမပီတဲ့ ကောင်မလေးလား”
ဦးကြီးက မျက်မှောင်ကြီးကုပ်လျက်ပင် မေးပြန်သည်။ ဘူးသီးက သက်ပြင်းလေး မသိမသာချရင်း မောင်ကိတ်အားလှမ်းကြည့်သည်။ သူ့ အဖေရော၊ သူ့အမေရော ဒီဘူတာထဲက ထွက်ကြတော့မည်မထင်။
“အဲဒီကိတ်မုန့်ဘူးကို နင့်အမေကိုလှမ်းပေးရင်း ဒီမှာ အံတို့အသွက် ကိတ်မုန့် တဲ့”
သူ့အဖေစကားကြားတော့ ဘူးသီးခမျာ ရယ်လည်းရယ်ချင် စိတ်လည်းညစ်သွားသည်။ အမှန်စင်စစ် မိုးကေသွယ်ဦးမှာ စကားမပီသူ မဟုတ်။ သို့ပါသော်လည်း အတွက်ဟူသောစကားကိုတော့ “အသွက်” “အသွက်”ဟု ခပ်ဆွဲဆွဲလေး မခို့တရို့ပြောတတ်သည်ကတော့ အမှန်ပင်။
“နောက်ပြီး သူကပြောသွားသေးတယ်၊ မြန်မာ့အသံမှာ အလုပ် လျှောက်မလို့တဲ့..သိလား..မောင်ကိတ်"
“သူက တော်တော်လှတယ် အစ်ကိုရဲ့”
“ဟ..ဒီမှာဘူးသီး..ငါ့သမီးရဲ့၊ လူလှဖို့ထက် အသံလှဖို့ အရေးကြီး တာဟ…နင့်သူငယ်ချင်းက စလုံးနဲ့ ဆလိမ်ရောကွဲရဲ့လား”
“အဖေကလည်း ကွဲပါတယ်”
ကွဲပါတယ်ဟု ချက်ချင်းပြန်ဖြေလိုက်သော်လည်း ဘူးသီး၏ စိတ်ထဲတွင် သိပ်ပြီးတော့မသေချာချင်။ သူ၏သူငယ်ချင်းအချို့က ဆောင် ရွက်နှင့်စောင်ရွက်တွင် စောင်ရွက်ကသာ အမှန်ဟုထင်ပြီး တွင်တွင်အသုံးပြု ကာ“သိပါဘူးဟယ်၊ ကူညီစောင်မတယ်ဆိုတာရှိတော့ စောင်ရွက်တယ်ဆို တာလည်း ရှိတယ်မှန်တယ်ထင်တာပေါ့”ဟု ပြောဖူးလေသည်။ အချို့က မှား၍ မှားမှန်းမသိသည်များက ရှိနေသည်။
“ဒီ့ပြင်လူမျိုးတွေတော့မသိဘူး။ ငါတို့မြန်မာလူမျိုးတွေကတော့ အသံကို အရောင်အမျိုးမျိုးနဲ့ သရုပ်ဖော်တတ်ကြတာအမှန်ပဲ၊ ကြည့်...အသံ နက်ကြီးတဲ့၊ အသံဝါကြီးတဲ့၊ အသံပြာပြာတဲ့၊ ဒါ့အပြင်ရှိသေးတယ်။ အသံပြဲ၊ အသံကွဲ၊ အသံအက်၊ အသံကြောင်တဲ့၊ နောက်ပြီး ရှိသေးတယ် အသံပြား ကြီး၊ လျှာပြားကြီးနဲ့ပြောတယ်ဆိုတာက တစ်မျိုး၊ အသံကိုက ပေါ့လျှပ်လျှပ် နဲ့လို့လဲ ပြောတတ်ကြသေးတယ်၊ တို့မြန်မာအချင်းချင်းတော့ အဆင်ကိုချော လို့၊ ဘယ်လိုအသံဟာဘယ်လိုဆိုတာ ချက်ချင်းသိပြီး ချက်ချင်းကြားယောင် လာတယ်”
ဒီတစ်ခါတော့ ဒေါ်ကြီးခေါင်းညိတ်သည်။ “ကိုယ့်အသံကိုလည်း ကိုယ်ဘာသံလည်းသိအောင်လုပ်ဦး”ဟုပြောသည်။ ဦးကြီးက မကြားချင် ဟန်ဆောင်နေသည်။ မောင်ကိတ်နှင့်ဘူးသီးတို့ခမျာမှာလည်း ပြုံးချင်ပါ လျက် မပြုံးရဲချေ။
“သမီးသူငယ်ချင်းကိုလည်း အေးအေးဆေးဆေးပဲနေပါ။ မြန်မာ့ အသံမှာတော့ အလုပ်မလျှောက်ပါနဲ့လို့ ပြောလိုက်စမ်းပါ”
“အဖေကလည်း သူက သတင်းကြေညာချင်တာ”
“သတင်းကြေညာတဲ့လူရဲ့အသံက ထူရမယ်၊ လုံရမယ်၊ ပီရမယ် သမီးရဲ့၊ အခုတော့ သူ့အသံက ပါးလျှပ်လျှပ်ကလေးနဲ့ စောက်လုပ်ရေး လုပ်သားကြီးအသွက် စန်တစ်အိတ်၊ စီတစ်ပုံးပေးအပ်ခဲ့သည်”လို့ ကြေညာ မလို့လား၊ ကျောင်းအုပ်စရာမကြီးက စုံးမစကားများ ပြောကြားခဲ့သည်။ နောက်ပြီး မြန်မာ့အတံမှ အတံလွှင့်နေပါသည် ဆိုတာမျိုးတွေ ကြေညာ နေရင် အခက်”
ဒီတစ်ခါတော့ မောင်ကိတ် မရယ်ဘဲမနေနိုင်၊ မောင်ကိတ် ရယ် တော့ ဘူးသီးနှင့်ဒေါ်ကြီးကပါ လိုက်ရယ်ကြသည်။ သူတို့ရယ်တော့ ဦးကြီး ၏မျက်မှောင်ကုပ်ကြီးလည်း အတန်ငယ်ပြေသွားသည်။
မောင်ကိတ်ကတော့ နာရီကြည့်သည်။ သူ၏ကွန်ပျူတာ သင် တန်းက နေ့ခင်းနှစ်နာရီစမည်ဖြစ်၍ ပြန်ရန်သင့်ပြီဖြစ်သည်။ မပြန်မီ အမေ မှာလိုက်သော ဇိနတ္ထပကာသနီစာအုပ်ကို ငှားရကောင်းမလား မငှားဘဲနေ လိုက်ရကောင်းမလား စဉ်းစားနေမိသည်။ ရယ်ရယ်မောမောဖြစ်လာကြပြီဆို တော့ ရာသီဥတုကောင်းလာပြီမို့ ငှားလိုက်ရင်ကောင်းမလားဟု ချီတုံချတုံ ဖြစ်နေစဉ် လေပြင်းပြန်တိုက်သည်။
တရားခံကတော့ နှင်းဆီမွှေးဖြစ်သည်။ နှင်းဆီမွှေးသည် ဦးကြီး တို့အိမ်မှ အိမ်ဖော်ကောင်မလေးဖြစ်သည်။ သူက ဒေါ်ကြီး၏နောက်နားတွင်ခပ်ရို့ရို့လေးရပ်ကာ 'အမေကြီး စီကုန်ခါနီးပြီ”ဟု ပြောသည်။
သူ၏အသံကြားတော့ ဦးကြီး၏မျက်ခုံးမွေးကြီးနှစ်ဖက် ချက်ချင်းပြန်ကုပ်သွားသည်။
“ဆန်ရောရှိသေးလား”
ဒေါ်ကြီးက မေးခြင်းမဟုတ်။ ဦးကြီးက မေးခြင်းဖြစ်သည်။ နှင်းဆီ မွှေးကလည်း တရိုတသေဖြေရှာပါသည်။
“စန်ကတော့ ရှိပါသေးတယ် ဘဘကြီး”
“ဆား...ရော"
“စားလည်းရှိပါတယ်”
“ဆေးရော ရှိသေးရဲ့လား”
“စေး….အဲ စေးတော့ ကျွန်မ မသိ”
“ကဲ…ဆပ်ပြာရော”
“စပ်ပြာ..အင်း...စပ်ပြာတော့ကုန်ခါနီး”
သူတစ်ခါ ဖြေတိုင်း ဦးကြီး၏မျက်နှာက တစ်ခါရှုံ့သွားရာ ငါးခါ လောက်ဖြေပြီးသွားပြီမို့ ဦးကြီး၏မျက်နှာကြီးမှာ လေပေါက်သွားသော ကြက်ပေါင်ဘောလုံးလို ရှုံ့ရှုံ့တွတွကြီးဖြစ်နေသည်။
“နင်…ဆန်လို့မခေါ်တတ်ဘူးလား”
“ခေါ်တတ်ပါတယ်..ဘဘကြီး”
“ကဲ..ခေါ်ကြည့်စမ်း...ဆန်.."
"စန်..အဲ..ဆန်"
"ဆီ"
"စီ..စီ..အဲ..ဆီ"
"ဆေး"
"စေး..အဲ..ဆေး"
နှင်းဆီမွှေးက အယောင်ယောင်အမှားမှား ဖြစ်နေသည်။ မောင် ကိတ်ကတော့ အံ့သြနေသည်။ နှင်းဆီမွှေးသည် ဆန်၊ ဆီ၊ စသည်များကို ပီပီသသမခေါ်တတ်ခြင်းမဟုတ်။ မပြောတတ်ခြင်းမဟုတ်။ သတိထားပြော လျှင် ပီသပါလျက်နှင့် သတိမထားဘဲ မပီမသပြောနေခြင်းဖြစ်သည်ကို တော့ သိလိုက်ရသည်။ နှင်းဆီမွှေးသာမဟုတ် အချို့သောလူငယ်များသည် လည်း စန်တွေ၊ စီတွေ၊ လုပ်စောင်တွေ ဖြစ်နေကြသည်ကို သူသတိထားမိသည်မှာ ကြာပြီ။
“ကဲ..ကဲ…သွားတော့၊ နောက်ကို ပီပီသသပြော…ဟုတ်လား”
ဦးကြီးက သွားခိုင်းတော့ နှင်းဆီမွှေး လှည့်ထွက်သွားလေသည်။ ဒီတော့မှ ဒေါ်ကြီးကတစ်စခန်းထသည်။
“ကိုတူကြီးရယ်….ရှင့်မလဲ ပြဿနာမရှိပြဿနာကိုရှာ။ စန်ပြောပြော၊ စီပြောပြော…သူပြောတာသူ့ဟာသူနားလည်နေသားပဲဟာ”
“ဟ…ဒါပြဿနာမဟုတ်လို့ ဘာကပြဿနာဖြစ်ဦးမှာလဲ။ ဒီ အတိုင်းကြည့်နေရင် ဆလိမ်သံတွေပျောက်ပြီး စလုံးသံတွေအစားဝင်လာ လိမ့်မယ်။ ဒါဟာအရေးမကြီးဘူးလား”
“အရေးမကြီးပါဘူး။ အရေးကြီးရင်လည်း သက်ဆိုင်ရာလူတွေ က ပြုပြင်ကြလိမ့်မယ်။ ရှင် အနေသာကြီး”
“မင်း အတော်တာဝန်မဲ့တဲ့မိန်းမ”
“ကျုပ်မှာဘာတာဝန်ရှိလို့ ဘာတာဝန်မဲ့တာလဲ ပြောစမ်းပါဦး၊ မဟာပညာရှိ တာဝန်သိကြီးရဲ့ ”
မောင်ကိတ်ကခေါင်းကုတ်နေစဉ် ဘူးသီးက သက်ပြင်းကြီးချ သည်။ အမေ့အတွက်ကတော့ ပဲပြုတ်တစ်ဆယ်သား တစ်ရာလေးဆယ် ဖြစ်သွားခြင်းသည် စလုံးဆလိမ်ပြဿနာထက် အရေးကြီးကြောင်း သူသိသည်။
“မင်း...အလကားမိန်းမ”
ဒီစကားကိုကြားတော့ ဒေါ်ကြီး၏မျက်နှာသည်ဖြူသွားသည်။ ထို့နောက် တဖြည်းဖြည်းနီလာသည်။
“ဟုတ်တယ်…ကျုပ်က အလကားမိန်းမ။ အလကားမိန်းမဆိုတာ အလကားအလုပ်တွေကိုပဲလုပ်တတ်တယ်၊ အလကားစကားတွေကိုပဲ ပြော တတ်တယ် သိရဲ့လား”
ပထမအသံမှန်မှန်နဲ့ပြောနေရာမှ ဒေါ်ကြီးက'သိရဲ့လား'ဟု ဆောင့်အော်လိုက်သည်။ ထို့နောက် အိမ်နောက်ဖေးသို့လှည့်ကာ “နှင်းစီ မွှေး”ဟု လှမ်းအော်ခေါ်သည်။
"ရှန်..အမေကြီး"
နှင်းဆီမွှေးလည်း ချက်ချင်းရောက်လာသည်။
“လာ…နင်နဲ့ ငါနဲ့ဈေးသွားကြမယ်၊ စန်ရယ်၊ စီရယ်၊ စားရယ်၊ စေးရယ်၊ စပ်ပြာရယ်ဝယ်ကြရအောင်။ နှေးတာကို ငါမကြိုက်ဘူးလို့ စုံးမ ထားတယ်မဟုတ်လား၊ ငါပြောတာကို အလျင်အမြန်စောင်ရွက်၊ သွား.. ခြင်းတောင်းအမြန်ယူခဲ့”
ဒေါ်ကြီးက နေရာမှဆတ်ခနဲထကာ ခပ်မော့မော့ ခပ်ကျော့ကျော့ နှင့်လှည့်ထွက်သွားသည်။ အခါတိုင်း ဒူးနာသည်ဟုဆိုကာ ခပ်ဖြည်းဖြည်း ခပ်ဆဆသာ ထောက်တတ်သော ခြေထောက်နှစ်ချောင်းမှာ ဟန်အပြည့် မာန်အပြည့်နှင့် သွက်နေသည်။
“ကဲ..အဲဒါစန်လို့ခေါ်တယ်ဟ”
ဦးကြီးက သူ့ဘေးမှ ရေနွေးကြမ်းအိုးကြီးကိုကောက်ကာ စားပွဲ ပေါ်ထုချလိုက်သည်။ ရေနွေးကြမ်းတွေ ဗွမ်းခနဲစင်ထွက်လာသည်။
“အဲဒါကတော့ စီနဲ့ စားဟ၊ အဲဒါက စေးဟ၊ အဲဒါက စပ်ပြာဟ၊ အဲဒါ အဲဒါက စောင်ရွက်ဟ၊ အဲဒါက စုံးမဟ..."
ရေနွေးက သိပ်မပူတော့၍သာ တော်တော့သည်။ ဦးကြီး၏အင်္ကျီတွင် လက်ဖက်ခြောက်ဖတ်တွေစင်ကာ ရေတွေရွဲကုန်သည်၊ သူ့ဟာသူ ငြိမ်ငြိမ်ကလေးရပ်နေသော ရွှေနားရစ်ကြွေပန်းကန်လေးခမျာလည်း ဂလွမ် ခနဲအော်ကာ ကြမ်းပေါ်သို့ကျသွားသည်။ ထို့နောက် တလိမ့်တလိမ့်နှင့် လိမ့်သွားသည့်အတွက် မောင်ကိတ်က ကမန်းကတန်းလိုက်ကောက်ရင်း စားပွဲစွန်းနှင့် နဖူးဆောင့်မိသွားသည်။
“ဟာ..ပဲ့သွားပြီ”
နာသွားသော နဖူးကိုပင်မပွတ်အားပေ။ အနားပဲ့သွားသော ခွက် ကလေးကို ကြည့်၍ မောင်ကိတ်အတော်နှမြောသွားသည်။
“ဟင်..ပိန်သွားပြီ”
ဦးကြီးထုထားသော ဒန်ရေနွေးကရားလေးကိုကြည့်ရင်း ဘူးသီး ကလည်း စိတ်ညစ်သွားရှာသည်။ ရေနွေးအိုးလေးခမျာ သနားစရာ၊ ပိန်ရုံပင် မက ချိုင့်ပင်ချိုင့်နေရှာသည်။
“ပိန်ပိန်..ပဲ့ပဲ့ဟာ။ ဘာဖြစ်သေးလဲ”
ဦးကြီးကလည်းဒေါသတကြီးအော်လေသည်။
***
နောက်တစ်လလောက်နေတော့မှ မောင်ကိတ်ခမျာ ဦးကြီးတို့အိမ် သို့ရောက်ဖြစ်တော့သည်။ “အိမ်မှာတော့ မုန်တိုင်းစဲသွားပြီအစ်ကို။ သူတို့ အချင်းအချင်းလည်း စလုံးဆလိမ်အကြောင်း မပြောကြေးဆိုပြီး သဘောတူ ထားကြတယ်”ဟု ဘူးသီးကသတင်းပို့သည်။
သူရောက်သောအချိန်တွင် ဦးကြီးနှင့်ဒေါ်ကြီးက ထုံးစံအတိုင်း ယှဉ်တွဲပြီးထိုင်နေကြသည်။ လက်ဖက်သုပ်ကိုလည်း အတူစားနေကြသည်။ ဦးကြီး၏ ဘေးကစားပွဲပေါ်တွင်တော့ ပိန်နေသောရေနွေးကရား နှင့် ပဲ့နေသောပန်းကန်လုံးတို့ ရှိနေကြသည်။
ဦးကြီးက ခပ်ပိန်ပိန်အိုးကိုသတိနှင့်ကိုင်ပြီး ခွက်ပဲ့ပဲ့ထဲသို့ ဂရုတစိုက် လောင်းထည့်တတ်သည်။ နှုတ်ခမ်းပဲ့နေသောနေရာလေးကိုရှောင်ကာ ခပ်ဖြည်းဖြည်းမှုတ်၍ သောက် တတ်သည်။ ထို့နောက် ပင့်သက်ကို မသိမသာကျိတ်ပြီး ရှိုက်နေတတ်လေသည်။
** ***
မစန္ဒာ
(နှစ် ၆ဝ ပြည့် မြန်မာ့အသံမဂ္ဂဇင်း)
( ဝတ္ထုတိုများ ၇ စာမျက်နှာ ၁၁၇-၁၃၁)
* ဘယ်လောက်ပြင်ပြင် အခုတော့လည်း ဆလိမ်နေရာစလုံးဝင်ယူရင်း တကယ့်ဆရာကြီးတွေကအစ သည်လိုရေးနေကြတာ တို့မြန်မာစာ ဝါကျအထားအသိုမှန်အောင် ၁၉၉၅ကာလထိတော့ ဆယ်တန်းမြန်မာစာမေးခွန်းမှာကို ၅မှတ်လား၁၀မှတ်လားပေးပြီး ပြင်ရေးခဲ့ရတဲ့မြန်မာစာ ခုတော့မေးသေးရဲ့လားမသိ ပိန်ယုံပဲ့ယုံမက အခုတော့ရွဲ့စောင်းစောင်းနဲ့ မှန်မှန်ကြီးချီတက်နေကြလေသော မြန်မာစာ *
11/03/2026
05/03/2026
02/03/2026
26/02/2026
25/02/2026