01/08/2026
ဂန္ဓဝင်စာပေ Odyssey ကို အနှစ်ချုပ်ဖတ်လိုက်ရလို့ ကျေနပ်
https://www.facebook.com/share/17dW9PEDX8/
‘Homer ၏ Odyssey ကို ယနေ့တိုင် လေ့လာသင်ကြားနေရခြင်း’
စာပေ၊ ဒဿနနှင့် လူသားဗေဒ (Humanities) ဘာသာရပ်များကို လေ့လာရာတွင် ဂန္ဓဝင်စာပေများမှာ ခေတ်ဟောင်းအနုပညာများသပ်သပ် မဟုတ်ကြပါ။
လွန်ခဲ့သော နှစ်ပေါင်း ၂၇၀၀ ခန့်က ဂရိကဗျာဆရာ Homer သည် Iliad နှင့် Odyssey ဟူသော Epic Poems - ကဗျာရှည် နှစ်ပုဒ်ကို ရေးသားခဲ့သည်။ အဆိုပါ ကဗျာရှည် ၂ ပုဒ်ထဲမှ The Odyssey သည် Trojan စစ်ပွဲကို အောင်နိုင်ပြီးနောက်သူရဲကောင်း Odysseus ၏ ဆယ်နှစ်ကြာ အိမ်ပြန်ခရီးအကြောင်း ရေးဖွဲ့ထားခြင်းဖြစ်၏။
Odysseus သည် စစ်ပွဲအပြီး အိမ်ပြန်သည့် ရေလမ်းခရီးတလျှောက် ဒဏ္ဍာရီလာ သတ္တဝါများ၊ စုန်း၊ ဝိညာဉ်နှင့် နတ်ဘုရားများကို ရင်ဆိုင်ရပြီး လူသားဘဝ၏ အဓိပ္ပါယ်ကို ရှာဖွေရသည့် ခရီးစဉ်ကြီးတခုဖြစ်လာခဲ့သည်။
အဆိုပါ ကဗျာရှည်ကို ယနေ့တိုင် တက္ကသိုလ်များနှင့် စာသင်ကျောင်းများ၏ Humanities, literature, Liberal Arts သင်ရိုးများတွင် ဆက်လက်သင်ကြားလေ့လာလျက်ရှိကြသည်။ အကြောင်းမှာ Odyssey သည် Trojan စစ်ပွဲအပြီး ၁၀ နှစ်ကြာ အိမ်ပြန်ခဲ့ရသည့် Odysseus ရဲ့ စွန့်စားခန်းမျှ မဟုတ်ဘဲ လူသားတို့၏ ဖြစ်တည်မှုနှင့် ဘဝမေးခွန်းများကို တူးဖော်ပြထားသည့် လက်ရာတခု ဖြစ်၏။
(၁) ဇာတ်လမ်းတည်ဆောက်ပုံနှင့် လူသားဆန်သော ဇာတ်ကောင် (Narrative & Characterization)
စစ်ပွဲပြီးလျှင် ဒုက္ခငြိမ်းပြီဟု လူတို့က ထင်မှတ်ကြ၏။ သို့သော် Odyssey သည် စစ်ပွဲအနိုင်ရပြီး နောက်ဆက်တွဲ ရင်ဆိုင်ရသည့် အသက်ဘေးတို့ကို ဇာတ်လမ်းရေးဖွဲ့ထားခြင်းဖြစ်သည်။ အလုံးစုံကို အောင်နိုင်သော သူရဲကောင်းတဦး၏ ဘဝဇာတ်ကြောင်းမဟုတ်ဘဲ စစ်အပြီး ခက်ခက်ခဲခဲ ရှင်သန်ရသည့် Odysseus ဆိုသော လူတဦး၏ အတွေ့အကြုံဖြစ်လာခဲ့သည်။
Odysseus သည် အပြစ်ကင်းသော၊ စင်းလုံးချော သူရဲကောင်းမဟုတ်။ အများတကာကဲ့သို့ပင် အမှားလုပ်တတ်သူ၊ လွဲမှားသော ဆုံးဖြတ်ချက်များ ချတတ်သူ၊ ရံဖန်ရံခါ ဝံ့လွှားတတ်သူ တဦးအဖြစ် ပုံဖော်ထားခြင်းကလည်း သူ့ကို လူသားဆန်သော ဇာတ်ကောင်တခုဖြစ်လာစေခဲ့သည်။
ထို့အပြင် Homer သည် အချိန်မျဉ်းဖြောင့်အတိုင်း မဟုတ်သော (Non-linear Narrative) ဇာတ်လမ်းတည်ဆောက်ပုံ ကို လွန်ခဲ့သော နှစ်ပေါင်း ၂၇၀၀ ကျော်ကတည်းက Odyssey တွင် အသုံးပြုခဲ့၏။ ယနေ့ခေတ်ကြည့်ရှုရသော ရုပ်သံဇာတ်လမ်းများ၊ ဝတ္ထုများတွင် ဇာတ်အိမ် ရှေ့၊ နောက် သွားလျက်ရှိသော ဇာတ်လမ်းများကို အလွယ်တကူ မြင်တွေ့ရသော်လည်း ဂန္ဓဝင်စာပေအတွက်မူ Odyssey သည် အစောဆုံးလက်ရာတခုဖြစ်သည်။
အမျိုးသားများကြီးစိုးသော ရှေးဂရိလူ့အဖွဲ့အစည်းတွင် Penelope၊ Athena နှင့် Circe ကဲ့သို့ ဉာဏ်ပညာ၊ နိုင်ငံရေးနှင့် အာဏာ ရှိသော အမျိုးသမီးဇာတ်ကောင်များကို ထည့်သွင်းရေးသားထားခြင်းသည် Feminist Studies အတွက်လည်း အရေးပါသော ဂန္ဓဝင်စာပေလက်ရာတခု ဖြစ်လာခဲ့သည်။
(၂) မည်သူမည်ဝါဖြစ်ကြောင်း ရှာဖွေခြင်း (Identity & Relationships)
Odysseus သည် Ithaca တိုင်း၏ ဘုရင်၊ Trojan စစ်ပွဲကို အောင်နိုင်သူ၊ နာမည်ကြီး သူရဲကောင်းဖြစ်သည်။ သို့သော် Odysseus ဘယ်သူ၊ ဘယ်ဝှါမသိသော အရပ်ဒေသများသို့ ရောက်ရှိသည့်အခါ သူ၏ ကျော်ကြားမှု၊ အာဏာနှင့်လူမှုအဆင့်အတန်းတို့သည် အဓိပ္ပာယ်မရှိတော့။
ထိုဖြစ်စဉ်တွင် Identity သည် ကိုယ်တိုင် သတ်မှတ်ထားခြင်းတခု မဟုတ်ဘဲ လူမှုဆက်ဆံရေးများအပေါ် မူတည်ကြောင်းကို ဖော်ပြနေသည်။ လူတစ်ဦး၏ Identity သည် သူ၏ မိသားစု၊ မိတ်ဆွေများ၊ လူမှုအသိုင်းအဝိုင်းနှင့် ဆက်ဆံရေးများမှတဆင့် တည်ဆောက်လာခြင်းဖြစ်သည်။ Odysseus အတွက် သူ၏ Identity ကို ဖော်ပြပေးသော အရာများတွင် သူ၏ မိဖုရား Penelope၊ သူ၏တိုင်းပြည် နှင့် ရဲဘော်များ ပါဝင်နေကြသည်။
(၃) စစ်ပွဲ
နာမည်ကျော် စစ်သူရဲကောင်းများဖြစ်ကြသည့် Achilles နှင့် Ajax တို့သည် Trojan စစ်ပွဲတွင် တိုက်ပွဲကျခဲ့ကြသည်။ ထို့အတူ မြောက်များစွာသော ရဲဘော်များလည်း ကျဆုံးခဲ့ရ၏။
Odysseus သည် အိမ်ပြန်လမ်း၌ ‘သေလွန်သူတို့၏ အရပ်’ ( Land of the Dead) သို့ရောက်သောအခါ သူ၏ ရဲဘော်များနှင့် ပြန်လည်တွေ့ဆုံရ၏။ ရဲဘော်တို့၏ ဝိညာဉ်များသည် Odysseus ကို အမှာစကားပြုကြသည်။ Achilles သည် အဆိုပါ အရပ်တွင် သေသူတို့၏ ဝိညာဉ်ကို အုပ်ချုပ်ရသူ ဘုရင်အဖြစ် ဆက်လက်ရှင်သန်လျက်ရှိသည်။ Odysseus အတွက် သူ၏ အမှာစကားမှာ ‘ ကျတော်မျိုးသည် ဤအရပ်အတွင် ဘုရင်ပြုမည့်အစား လူ့ပြည်က သူဆင်းရဲ လယ်သမားတဦး၏ ဘဝကိုသာ ယခုအခါ မက်မောပါ၏’ ဟု ဆိုခဲ့သည်။
ထိုဖြစ်ရပ်သည် စစ်ပွဲကြောင့် ဆုံးရှုံးခဲ့ရသော အချိန်နှင့် အသက်တို့ကို မည်သည့်အရာနှင့်မှ ပြန်လည်အစားထိုးမရနိုင်ကြောင်း ဖော်ပြနေသည်။ ထို့ကြောင့် War Studies နှင့် Trauma Studies အစရှိသည့် ဘာသာရပ်များတွင် စစ်အပြီး စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး (Post-war Recovery) အတွက် Odyssey ကို အရေးပါသော စာပေလက်ရာအဖြစ် သင်ကြားလေ့လာကြရသည်။
(၄) အိမ်၏သင်္ကေတ ( Symbolism of Home )
ဂရိဘာသာစကားတွင် အိမ်ပြန်ခြင်းကို Nostos ဟု ခေါ်ဝေါ်ကြပြီး Nostalgia (အတိတ်ကိုလွမ်းဆွတ်ခြင်း) ဆိုသော စကားလုံးသည်လည်း ထိုမှ ဆင်းသက်လာခဲ့သည်။ Odysseus သည် အိန်ပြန်လမ်းတလျှောက် မေ့မျောကြာပွင့်များကို စားမိခြင်း၊ ပြုစားခံရခြင်း၊ ပကာသနတို့၏ ဖျားယောင်းမှုခံရခြင်း တို့ကြောင့် မိမိ၏ အတိတ်ကို မေ့လျော့သွားခဲ့ပြီး ပြန်ရမည့်’အိမ်’ ကိုပါ မှတ်ဥာဏ်ထဲမှ ပျောက်ပျက်သွားခဲ့ရသည်။
ယနေ့ခေတ်အခါတွင်လည်း အခြေအနေအမျိုးမျိုးတို့ကြောင့် မိမိနေအိမ်၊ မွေးရပ်မြေမှ စွန့်ခွါခဲ့ရသူတို့ နေရာအနှံ့ရှိနေကြ၏။ နေရာအသစ်တွင် အချိန်ကြာလာသည်နှင့်အမျှ အဖြစ်အပျက်အသစ်တို့ကို ရင်ဆိုင်ရင်း အတိတ်ကို ပြန်တွေးသောအခါ လူများ၊ လမ်းများ၊ ရပ်ကွက်များ၊ အထိမ်းအမှတ်ပွဲတော်များ၏ ပုံရိပ်တို့သည် မှတ်ဥာဏ်ထဲတွင် တဖြည်းဖြည်း ဝေဝါးလာတတ်သည်။ ပြန်ရမည့်လမ်းကိုလည်း မေ့လျော့ခဲ့ကြ၏။
ဤသို့ဖြင့် Odysseus ၏ ခရီးစဉ်သည် ယနေ့ကမ္ဘာ၌ ဖြစ်ပျက်နေသော လူတို့၏ ရွှေ့ပြောင်းနေထိုင်ရခြင်း အတွေ့အကြုံကိုလည်း ထင်ဟပ်စေခဲ့သည်။
(၅) Scylla & Charybdis
Odysseus ၏ အိမ်ပြန်လမ်းတွင် ရင်ဆိုင်ရသော သတ္တဝါများထဲမှ အထင်ရှားဆုံးမှာ Scylla နှင့် Charybdis တို့ကို ဆုံတွေ့ရခြင်းဖြစ်၏။
Charybdis ဟူသည် သင်္ဘောတစ်စီးလုံးကို ဝါးမျိုနိုင်သော ‘ဧရာမရေဝဲကြီး’ဖြစ်ပြီး Scylla သည် လူ ၆ ယောက်ကို စားသောက်မည့် ‘ခေါင်းခြောက်လုံးပါ သတ္တဝါကြီး’ ဖြစ်သည်။ ၎င်းတို့သည် Odysseus တို့ သင်္ဘောဖြတ်သန်းမည့် လမ်းကြောင်းတွင် မျက်နှာချင်းဆိုင် ရှိနေပြီး သင်္ဘောသည် တခုမဟုတ် တခုကို မဖြစ်မနေ ဖြတ်သန်းရမည့် အခြေအနေဖြစ်၏။
Odysseus သည် ခေါင်းခြောက်လုံးပါ သတ္တဝါ Scylla ကို ရွေးချယ်ခဲ့သဖြင့် သူ၏ ရဲဘော် ၆ ဦးကို ဆုံးရှုံးခဲ့ရသည်။ ရေဝဲကို ရွေးချယ်ခဲ့ပါက သင်္ဘောတစီးလုံး သေဆုံးကြမည်ဖြစ်၏ သက်သာသော ဆုံးရှုံးမှုကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဇာတ်ကြောင်းသည် နိုင်ငံရေးသီအိုရီများတွင် ‘Lesser Evil’ ဟု ခေါ်သည့် အယူအဆအတွက် ဥပမာကောင်းဖြစ်စေခဲ့သည်။ လူတို့သည် တခါတရံ၌ ကောင်းခြင်းနှင့် ဆိုးခြင်း ဆန့်ကျင်ဘက်တို့ကြား ရွေးချယ်ရခြင်းမဟုတ်ဘဲ ထပ်တူဆိုးသော အခြေအနေ၊ နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းတို့ကို ရွေးချယ်ရလေ့ရှိပြီး ထိုထဲမှ ထိခိုက်မှုနည်းသော ဆိုးရွားခြင်းကို ရွေးချယ်မှုသည် မှန်ကန်သည့် အဖြေဖြစ်လာ၏။
x x x x
Odyssey ကို ယနေ့တိုင် လေ့လာနေရခြင်းမှာ ၎င်းသည် လွန်ခဲ့သော နှစ်ပေါင်း ၂၇၀၀ က ရေးသားခဲ့သော်လည်း လူသားတို့၏ ဖြစ်တည်မှု၊ စစ်ပွဲ၏ ဒဏ်ရာ၊ အိမ်၏ ပြယုဂ်၊ ရဲဘော်ရဲဘက် သစ္စာတရားနှင့် နိုင်ငံရေး/လူမှုရေး ပရိယာယ်များ အပေါ် သုံးသပ်နိုင်စွမ်းရှိသော စာပေအမွေအနှစ် ဖြစ်ခြင်းကြောင့်ဟု သုံးသပ်ကြ၏။ ထို့ကြောင့်ပင် Philosophy, Literature, Psychology, Political Theory, Gender Studies နှင့် Humanities ဘာသာရပ်များတွင် Homer ၏ Odyssey ကို ယနေ့တိုင် သင်ကြားနေကြရခြင်း ဖြစ်သည်။