18/12/2025
တော်လှန်ရေးထိန်းချုပ်နယ်မြေရှိ CDM ဆရာမ ဒေါ်အေသီအောင် (ခ) မပန်ထွာနှင့် ခင်ပွန်းဖြစ်သူတို့ ရက်ရက် စက်စက် သ-တ်ဖြ-တ်ခံရမှုနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်
ရက်စွဲ။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်
၁။ တော်လှန်ရေးထိန်းချုပ်နယ်မြေဖြစ်သော တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဒူးရင်းပင်ရှောင်ကျေးရွာအုပ်စု၊ ဆားခဲရွာတွင် နေထိုင်သည့် CDM ဆရာမ ဒေါ်အေသီအောင် (ခ) မပန်ထွာနှင့် ခင်ပွန်းဖြစ်သူတို့ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်၊ နံနက်အရုဏ်(၁)နာရီခန့်၌ ၎င်းတို့၏ နေအိမ်၌ပင် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသွင်း လှီးဖြ-တ်၍ ရက်ရက်စက်စက် သ-တ်ဖြ-တ်ခံခဲ့ရကြောင်း ကြားသိရသည့်အတွက် လွန်စွာဝမ်းနည်းကြေကွဲ အံ့ဩတုန်လှုပ်ရသည်။
၂။ CDM ဆရာမ ဒေါ်အေသီအောင် (ခ) မပန်ထွာသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် ပုလောမြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင် တာဝန်ခံတစ်ဦး ဖြစ်ပြီး ဒေသတွင်းရှိ ကလေးသူငယ်များ ပညာသင်ကြားသင်ယူရေး ကိစ္စရပ်များကို ဦးဆောင်ကြိုးပမ်းလျက်ရှိသူ တဦးဖြစ်သည်။
၃။ ထိုသို့ နွေဦးတော်လှန်ရေး၏ ပညာရေးတပ်သားကောင်းတဦးဖြစ်သူ CDM ဆရာမ ဒေါ်အေသီအောင် (ခ) မပန်ထွာနှင့် ခင်ပွန်းတို့အား ဥပဒေမဲ့ ရက်ရက်စက်စက် လူမဆန်စွာ သ-တ်ဖြ-တ်ခံရခြင်းအပေါ် ကျွန်ုပ်တို့အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ အဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။
၄။ ထို့အပြင် တော်လှန်ရေးထိန်းချုပ်နယ်မြေများ၌ပင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသော အရပ်ဖက် CDM ပညာရေးဝန်ထမ်းများအား ဥပဒေမဲ့ သ-တ်ဖြ-တ်ခံရခြင်းများမှာ ရှေ့ယခင်ကလည်း ဖြစ်ပွားခဲ့ပြီး ယခုလည်း ထပ်မံဖြစ်ပွားနေခြင်းမှာ CDM ပညာရေးဝန်ထမ်းထုတခုလုံး၏ အသက်န္တရာယ်ကို ပိုမိုဆိုးဝါးစွာ ခြိမ်းခြောက်လာနေခြင်းဖြစ်ပြီး သက်ဆိုင်ရာနယ်မြေရှိ တာဝန်ရှိသူ တော်လှန်ရေးအဖွဲ့အစည်းများ၏ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရေး ပေါ့လျော့မှုလည်း ဖြစ်သည်ဟု ကျွန်ုပ်တို့က ရှုမြင်သည်။
၅။ ထို့ကြောင့် သက်ဆိုင်ရာနယ်မြေရှိ တော်လှန်ရေးအင်အားစု အသီးသီးက CDM ဆရာမ ဒေါ်အေသီအောင် (ခ) မပန်ထွာနှင့် ခင်ပွန်းတို့အား ရက်စက်စွာ သ-တ်ဖြ-တ်ကျူးလွန်ခဲ့သူများကို မှန်ကန်စွာ ဖမ်းဆီး၍ ဥပဒေအတိုင်း အမှုမှန် ပေါ်ပေါက်ရေးနှင့် တရားစီရင်နိုင်ရေးကို အမြန်ဆုံးလုပ်ဆောင်ရန် အလေးအနက် တိုက်တွန်းတောင်းဆိုလိုက်သည်။ တဆက်တည်း မြန်မာပြည်အဝှမ်းရှိ တော်လှန်ရေးအင်အားစု အသီးသီးအနေဖြင့်လည်း မိမိတို့ စိုးမိုးထိန်းချုပ် နယ်မြေများတွင် ယခုကဲ့သို့ ဥပဒေမဲ့ သ-တ်ဖြ-တ်မှုများ ထပ်မံမပေါ်ပေါက်ရေးနှင့် CDM ပညာရေးဝန်ထမ်းများ၏ အသက်အန္တရာယ်ကို အထူးအလေးထား စောင့်ရှောက် ကာကွယ်ပေးကြရန် လေးလေးနက်နက် တိုက်တွန်းတောင်းဆို အပ်သည်။
တိုက်ပွဲဦးဆောင် ကော်မတီ
အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ အဖွဲ့ချုပ်
(FBEWU-SC)
13/12/2025
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန NUG - MOE နှင့်ပတ်သက်၍ ဆရာသမဂ္ဂများမှ အိတ်ဖွင့်ပေးစာ
16/11/2025
KNU/KNLA ကော့ကရိတ် စစ်ရေးနယ်မြေတွင် ပျောက်ဆုံးနေသော ရဲဘော်ကာချုပ် (ခ) တပ်စုမှူးတိုက်မောင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်
21/10/2025
အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံသင်တန်း အပတ်စဉ် (၄)အား အောင်မြင်စွာဖွင့်လှစ်
အောက်တိုဘာ ၂၁
အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေရေး(TJ)နှင့် လူ့အခွင့်အရေးဆိုင်ရာ(Rights-Based) အခြေခံသင်တန်း အပတ်စဉ် (၁)အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့တွင်လည်းကောင်း၊ အပတ်စဉ်(၂)အား စက်တင်ဘာလ (၂၇)ရက်နေ့တွင်လည်းကောင်း၊ အပတ်စဉ်(၃)အား အောက်တိုဘာလ (၇)ရက်နေ့တွင်လည်းကောင်း အောင်မြင်စွာ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် အပတ်စဉ်(၄)အား FBEWU နှင့် WGN တို့ပူးပေါင်း၍ အောင်မြင်စွာ ထပ်မံဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။
ခေတ်အဆက်ဆက်တွင် အာဏာရှင်များ၏ ပြည်သူလူထုအပေါ်ကျူးလွန်ခဲ့မှုများနှင့် ပတ်သက်၍ နစ်နာခဲ့ရသူများအတွက် တရားမျှတမှု ပြန်လည်ရှာဖွေပေးရေး လုပ်ငန်းစဉ်၏ အရေးကြီးမှုနှင့် အသွင်ကူးပြောင်းရေးကာလကို ရောက်သည့်အချိန်တွင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေခြင်း လုပ်ငန်းစဉ်များကို ကိုယ်တိုင်သိရှိနားလည်စေရန်နှင့် မြန်မာနိုင်ငံ၏ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပြန်လည်တည်ဆောက်ရေးတို့တွင် မိမိတို့ကျရာအခန်းကဏ္ဍများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရာ၌ လူ့အခွင့်အရေးနှင့် Transitional justice ကို ပြည့်ဝစွာနားလည်သိရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပညာရေးCDM ဆရာ၊ဆရာမများအား အဓိကထား၍ သင်တန်းဖွင့်လှစ်ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါသည်။
ဤသင်တန်းအား အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများအဖွဲ့ချုပ်(FBEWU)နှင့် တို့မျိုးဆက်ကွန်ယက် (WGN) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး သင်တန်းအပတ်စဉ်(၄)အထိ ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။
အခြေခံပညာပညာရေးလုပ်သားသမဂ္ဂများအဖွဲ့ချုပ်နှင့် တို့မျိုးဆက်ကွန်ယက်တို့ ပူးပေါင်းစီစဉ်မှုဖြင့် စွမ်းရည်မြှင့်တင်ရေး သင်တန်း အပတ်စဉ်(၉)အထိ ဆောင်ရွက်နိုင်ခဲ့ပြီး ဆရာဖြစ်သင်တန်း(၁)ခုကိုလည်း ပြည့်ဝစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သလို ယခု" အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံသင်တန်း"များအား အပတ်စဉ်(၄)အထိ စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
#သတင်းနှင့်ပြန်ကြားရေး
#အခြေခံပညာ_ပညာရေးလုပ်သားသမဂ္ဂများအဖွဲ့ချုပ်
07/10/2025
အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံသင်တန်း အပတ်စဉ် (၃)အား အောင်မြင်စွာဖွင့်လှစ်
အောက်တိုဘာ ၇
အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေရေး(TJ)နှင့် လူ့အခွင့်အရေးဆိုင်ရာ(Rights-Based) အခြေခံသင်တန်း အပတ်စဉ် (၁)အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့တွင်လည်းကောင်း၊ အပတ်စဉ်(၂)အား စက်တင်ဘာလ (၂၇)ရက်နေ့လည်းကောင်း အောင်မြင်စွာ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် အပတ်စဉ်(၃)အား FBEWU နှင့် WGN တို့ပူးပေါင်း၍ အောင်မြင်စွာ ထပ်မံဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။
ခေတ်အဆက်ဆက်တွင် အာဏာရှင်များ၏ ပြည်သူလူထုအပေါ်ကျူးလွန်ခဲ့မှုများနှင့် ပတ်သက်၍ နစ်နာခဲ့ရသူများအတွက် တရားမျှတမှု ပြန်လည်ရှာဖွေပေးရေး လုပ်ငန်းစဉ်၏ အရေးကြီးမှုနှင့် အသွင်ကူးပြောင်းရေးကာလကို ရောက်သည့်အချိန်တွင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေခြင်း လုပ်ငန်းစဉ်များကို ကိုယ်တိုင်သိရှိနားလည်စေရန်နှင့် မြန်မာနိုင်ငံ၏ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပြန်လည်တည်ဆောက်ရေးတို့တွင် မိမိတို့ကျရာအခန်းကဏ္ဍများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရာ၌ လူ့အခွင့်အရေးနှင့် Transitional justice ကို ပြည့်ဝစွာနားလည်သိရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပညာရေးCDM ဆရာ၊ဆရာမများအား အဓိကထား၍ သင်တန်းဖွင့်လှစ်ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါသည်။
ဤသင်တန်းအား အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများအဖွဲ့ချုပ်(FBEWU)နှင့် တို့မျိုးဆက်ကွန်ယက် (WGN) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး သင်တန်းအပတ်စဉ်(၄)အထိ ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အခြေခံပညာပညာရေးလုပ်သားသမဂ္ဂများအဖွဲ့ချုပ်နှင့် တို့မျိုးဆက်ကွန်ယက်တို့ ပူးပေါင်းစီစဉ်မှုဖြင့် စွမ်းရည်မြှင့်တင်ရေး သင်တန်း အပတ်စဉ်(၉)အထိ ဆောင်ရွက်နိုင်ခဲ့ပြီး ဆရာဖြစ်သင်တန်း(၁)ခုကိုလည်း ပြည့်ဝစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သလို ယခု" အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံသင်တန်း"များအား အပတ်စဉ်(၄)အထိ စဉ်ဆက်မပြတ်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
#သတင်းနှင့်ပြန်ကြားရေး
#အခြေခံပညာ_ပညာရေးလုပ်သားသမဂ္ဂများအဖွဲ့ချုပ်
05/10/2025
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သဝဏ်လွှာ
ရက်စွဲ။ ။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်
နှစ်စဉ် အောက်တိုဘာလ(၅)ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် ကမ္ဘာ့နှင့်အဝန်း၌ အခမ်းအနားများ ကျင်းပကြလေ့ရှိသည်။ ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်မှာ 'Recasting teaching as a collaborative profession' ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက 'ဆန်းသစ် သင်ကြား လက်တွဲထား၊ အနာဂတ် နိုင်ငံ့စွမ်းအား' ဟု ဗမာမှုပြုထားသည်။ ပညာသင်ကြား၊ သင်ယူရာတွင် ဆရာ/မများ နှင့် ကျောင်းသား/သူများမှာ အမြဲဆန်းသစ်ဖန်တီး၍ အတူတကွ လက်တွဲဆောင်ရွက်ရန် အမှန်ပင် လိုအပ်သည်။
သို့သော် ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ လက်ရှိပကတိအခြေအနေသည် အကြမ်းဖက်စစ်ကော်မရှင်၏ ရက်စက် ယုတ်မာမှုများကြောင့် ပညာသင်ကြား၊ သင်ယူခြင်း ပြုလုပ်လျက်ရှိသော တော်လှန်ရေးနယ်မြေရှိ စာသင်ကျောင်းများ၊ ဆရာ/မများနှင့် ကျောင်သား/သူများမှာ နေ့စဉ်နှင့်အမျှ ဗုံးကြဲသတ်ဖြတ်ခြင်းခံနေရသည်။ Online ကျောင်းရှိ ဆရာ/မများ၊ ကျောင်းသူ/သားများမှာ နေ့စဉ်နှင့်အမျှ လုံခြုံရေးစိုးရိမ်နေရပြီး ဖမ်းဆီးခံနေရသည်။ ပြည်ပရောက် ဆရာ/မများနှင့် ကျောင်းသား/သူများမှာလည်း ပညာသင်ကြား၊ သင်ယူခွင့် အပြည့်အဝ မရရှိဘဲ ဆုံးရှုံးလျက်ရှိသည်။
ထိုသို့ ဆရာ/မများ၊ ကျောင်းသား/သူများ၏ ပညာရပ်ဝန်း၊ လူသားအခွင့်အရေး၊ အသက်ခန္ဓာနှင့် လုံခြုံရေး တို့ကို နွေဦးတော်လှန်ရေး (၄)နှစ်ကျော်သည်အထိ ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်မှု၊ ဖန်တီးဖော်ဆောင်မှု မပြုလုပ်နိုင်သေးသည့်အတွက် ကျွန်ုပ်တို့ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ အဖွဲ့ချုပ်အနေဖြင့် CDM ဆရာ/မများအပါအဝင် တော်လှန်ရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ပညာရေးဝန်ထမ်းထုတရပ်လုံးအား ဝန်ချတောင်းပန်အပ်ပါသည်။
တဆက်တည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအပါအဝင် ပညာရေးအဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် တော်လှန်ရေးကို အမှန်တကယ်ရှေးရှုပါက ကျွန်ုပ်တို့ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု၏ စွမ်းအားအစစ်အမှန်ဖြစ်သော ဆရာ/မများနှင့် ကျောင်းသား/သူများကို ဘေးကင်းလုံခြုံ၍ အရည် အသွေး ပြည့်ဝသော ပညာရပ်ဝန်းအဖြစ် လက်တွဲညီညာစွာ ဝိုင်းဝန်းဖော်ဆောင်ပေးကြရန် လေးလေးနက်နက် တိုက်တွန်းလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ အဖွဲ့ချုပ် တိုက်ပွဲဦးဆောင်ကော်မတီ (FBEWU-SC)
27/09/2025
အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံသင်တန်း အပတ်စဉ် (၂) အား ထပ်မံဖွင့်လှစ်
စက်တင်ဘာ ၂၇
အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများအဖွဲ့ချုပ်နှင့် တို့မျိုးဆက်ကွန်ယက်၏ ပူးပေါင်းစီစဉ်မှုဖြင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေရေး(TJ)နှင့် လူ့အခွင့်အရေးဆိုင်ရာ(Rights-Based) အခြေခံသင်တန်း အပတ်စဉ် (၁)ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့စက်တင်ဘာလ (၂၇)ရက်နေ့တွင် သင်တန်းအပတ်စဉ်(၂)အား ထပ်မံဖွင့်လှစ်ကာ ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
သင်တန်း အပတ်စဉ်တစ်ခုလျှင် (၇) ရက်တာပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်းသား (၄၀) ဦးနှုန်းဖြင့် အခြေခံပညာရေး CDM ဆရာ၊ ဆရာမများ၊ Volunteer ဆရာ၊ ဆရာမများအား အဓိကထား၍
ပို့ချပေးနေခြင်းဖြစ်ပါသည်။
ခေတ်အဆက်ဆက်တွင် အာဏာရှင်များ၏ ပြည်သူလူထုအပေါ်ကျူးလွန်ခဲ့မှုများနှင့် ပတ်သက်၍ နစ်နာခဲ့ရသူများအတွက် တရားမျှတမှု ပြန်လည်ရှာဖွေပေးရေး လုပ်ငန်းစဉ်၏ အရေးကြီးမှုနှင့် အသွင်ကူးပြောင်းရေးကာလကို ရောက်သည့်အချိန်တွင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေခြင်း လုပ်ငန်းစဉ်များကို ကိုယ်တိုင်သိရှိနားလည်ရန်။
ထပ်ဆင့် ပြန်လည်မျှဝေနိုင်သော ပညာရေးရပ်ဝန်းတခုပေါ်ထွန်းရန်။
ပညာရေးရပ်ဝန်းမှ တဆင့် နိုင်ငံတဝှမ်းတွင် (TJ)ဆိုင်ရာ နားလည်မှုပိုမိုကျယ်ပြန့်လာစေရန်။
လူ့အခွင့်အရေးဆိုင်ရာ အခြေခံများ ပေါ်ပေါက်လာမှု သမိုင်းနောက်ခံနှင့်
ယန္တရားများကို သိရှိနားလည်စေရန် ရည်ရွယ်ချက်များဖြင့် WGN နှင့် FBEWU အဖွဲ့တို့ပူးပေါင်းကာ စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများအဖွဲ့ချုပ်နှင့် တို့မျိုးဆက်ကွန်ယက်၏ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံပညာ CDM ဆရာ၊ ဆရာမ ၄၅၀ ဦးကို စွမ်းရည်မြှင့်တင်ရေး သင်တန်းအပတ်စဉ် (၉)ခုနှင့်
ဆရာဖြစ်သင်တန်း (၁) ခုကိုလည်း လုပ်ဆောင်ခဲ့ပြီး ယခုသင်တန်း “အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံသင်တန်း”ကိုလည်း အပတ်စဉ် (၄) ခုအထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။
#သတင်းနှင့်ပြန်ကြားရေး
#အခြေခံပညာ_ပညာရေးလုပ်သားသမဂ္ဂများအဖွဲ့ချုပ်
04/09/2025
အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများအဖွဲ့ချုပ် တိုက်ပွဲဦးဆောင်ကော်မတီ၏ လွတ်လပ်သောနိုင်ငံဝန်ထမ်းCDMအဖွဲ့အစည်းပေါ်ပေါက်ရေးအလုပ်ကော်မတီဝင်
ဆရာမိုးခါး ပါဝင်ဆွေးနွေးသွားမည့်
"စစ်ကောင်စီကြိုးပမ်းနေသည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ”စကားဝိုင်း
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့၊ မြန်မာစံတော်ချိန် ည (၆:၀၀) နာရီ အချိန်တွင် စစ်ကောင်စီက နိုင်ငံတကာတွင် တရားဝင်ရေးကြိုးပမ်းနေမှု၊ အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်မှုများ၊ တရားမဝင် ငြိမ်းချမ်းရေးစကားဝိုင်း၊ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကျင်းပမည့် အချက်အလက်များ နှင့် ဖြစ်ပေါ်လာနိုင်သည့် အလားအလာများ၊ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများနှင့်အတူ အရှိန်အဟုန်မြှင့်တင်ကာ ဆန့်ကျင်တော်လှန်သွားမည့်ကိစ္စရပ်များအပေါ် ဆွေးနွေးမည့်စကားသံများအား တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။

🎙️တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွင် ဆွေးနွေးမည့်သူများမှာ
- မြင့်မြတ်
LGBT Alliance Myanmar
- မလင်းလက်ဆူး
အမျိုးသမီးတက်ကြွလှုပ်ရှားသူ
Generation Wave
- ကိုမိုးခါး
လွတ်လပ်သောနိုင်ငံဝန်ထမ်းCDMအဖွဲ့အစည်းပေါ်ပေါက်ရေးအလုပ်ကော်မတီ
- မခိုင်သဉ္ဇာအေး@ဖောင်ရိုး
မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု MLA
နိုင်ငံရေးအကျဉ်းသူဟောင်း
📡Live ကို တိုက်ရိုက် ကြည့်ရှုနိုင်မည့် တော်လှန်ရေးအင်အားစုများ၊ သတင်းမီဒီယာများ၏ FB စာမျက်နှာများမှာ
- National Unity Consultative Council အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ
- Public Voice Television
- Ctum Myanmar
- Khit Thit Media
- Federal FM
- Ayeyarwaddy Times
- Anti-junta Forces Coordination Committee - Mandalay
- General Strike Coordination Body - GSCB
- Mizzima - News in Burmese - မဇ္ဈိမ
- Interim Chin National Consultative Council
- Myanmar Labour News
- Justice Wave
- Pen47
- ConnectBurma
- Youths Union - Center လူငယ်များသမဂ္ဂ- ဗဟို
- Red Peacock
- နွေဦးအောင်လံ
Live Talk Show: Reject the Military Junta’s Illegal Sham Election
Date & Time: September 4, 2025 (Thursday) 6:00 PM (Myanmar Time)
As the military junta continues its attempts to gain international legitimacy through sham peace processes and preparations for an illegal Sham election, this live talk show will confront these efforts head-on. The discussion will explore the regime’s deceptive narratives, expose the risks and consequences of its illegal electoral plan, and amplify revolutionary voices calling for resistance. Together with the people, we aim to accelerate the momentum of the revolution through truth, dialogue, and collective action.
🎙️ Featured Speakers:
- Myint Myat
LGBT Alliance Myanmar
- Ma Linn Latt Sue
General Secretary
Generation Wave
- Ko Moekhar
Working Committee Member for the Establishment of an Independent Civil Servants’ CDM Organization
- Ma Khiang Thinzar Aye @ Poung Yoe
Myanmar Labour Alliance (MLA)
Former Political Prisoner
📡Watch Live On:
- National Unity Consultative Council – NUCC
- Public Voice Television
- CTUM Myanmar
- Khit Thit Media
- Federal FM
- Ayeyarwaddy Times
- Anti-Junta Forces Coordination Committee – Mandalay
- General Strike Coordination Body – GSCB
- Mizzima (Burmese News)
- Interim Chin National Consultative Council
- Myanmar Labour News
- Justice Wave
- Pen47
- ConnectBurma
- Youths Union – Center
- Red Peacock
- NwayOo AungLan
04/09/2025
အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံသင်တန်း အပတ်စဉ် (၁) စတင်
စက်တင်ဘာ၊ ၂၀၂၅
အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများအဖွဲ့ချုပ်နှင့် တို့မျိုးဆက်ကွန်ယက်၏ ပူးပေါင်းစီစဉ်မှုဖြင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေရေး(TJ)နှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံသင်တန်း အပတ်စဉ် (၁)ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့တွင် စတင်ဖွင့်လစ်ပို့ချနေပြီဖြစ်ပါသည်။
အဆိုပါသင်တန်းကို စုစုပေါင်း (၇) ရက်တာပြုလုပ်သွားမှာဖြစ်ပြီး သင်တန်းအပတ်စဉ် (၁) ခုလျှင် သင်တန်းသား (၄၀) ဦးနှုန်းဖြင့် အခြေခံပညာရေး CDM ဆရာ၊ ဆရာမများ၊ Volunteer ဆရာ၊ ဆရာမများကို အဓိကထား
ပို့ချပေးနေခြင်းဖြစ်ပါသည်။
သင်တန်းပြုလုပ်ရတဲ့ ရည်ရွယ်ချက်များအနေဖြင့်
ခေတ်အဆက်ဆက်တွင် အာဏာရှင်များ၏ ပြည်သူလူထုအပေါ်ကျူးလွန်ခဲ့မှုများနှင့် ပတ်သက်၍ နစ်နာခဲ့ရသူများအတွက် တရားမျှတမှု ပြန်လည်ရှာဖွေပေးရေး လုပ်ငန်းစဉ်၏ အရေးကြီးမှုနှင့် အသွင်ကူးပြောင်းရေးကာလကို ရောက်သည့်အချိန်တွင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေခြင်း လုပ်ငန်းစဉ်များကို ကိုယ်တိုင်သိရှိနားလည်ရန်။
ထပ်ဆင့် ပြန်လည်မျှဝေနိုင်သော ပညာရေးရပ်ဝန်းတခုပေါ်ထွန်းရန်။
ပညာရေးရပ်ဝန်းမှ တဆင့် နိုင်ငံတဝှမ်းတွင် (TJ)ဆိုင်ရာ နားလည်မှုပိုမိုကျယ်ပြန့်လာစေရန်။
လူ့အခွင့်အရေးဆိုင်ရာ အခြေခံများ ပေါ်ပေါက်လာမှု သမိုင်းနောက်ခံနှင့်
ယန္တရားများကို သိရှိနားလည်စေရန် ရည်ရွယ်ချက်များဖြင့် ပြုလုပ်နေခြင်း
ဖြစ်ပါသည်။
အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများအဖွဲ့ချုပ်နှင့် တို့မျိုးဆက်ကွန်ယက်၏ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံပညာ CDM ဆရာ၊ ဆရာမ ၄၅၀ ဦးကို စွမ်းရည်မြှင့်တင်ရေး သင်တန်းအပတ်စဉ် (၉)ခုနှင့်
ဆရာဖြစ်သင်တန်း (၁) ခုကိုလည်း လုပ်ဆောင်ခဲ့ပြီး ယခုသင်တန်း “အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံသင်တန်း”ကိုလည်း အပတ်စဉ် (၄) ခုအထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။
#သတင်းနှင့်ပြန်ကြားရေး
#အခြေခံပညာ_ပညာရေးလုပ်သားသမဂ္ဂများအဖွဲ့ချုပ်
02/08/2025
အမိန့်ပြန်တမ်း
(၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂ ရက်)
သို့/
CDM ကျောင်းဆရာ ကိုတေဇာဦး (ခ) ကိုအာနိုး
နွေဦးခေါင်းလောင်းသံ တော်လှန်သံချပ်အဖွဲ့ဝင်
၁။ သင်သည် နွေဦးခေါင်းလောင်းသံ တော်လှန်သံချပ်အဖွဲ့တွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ပြီး အရေးပါသော အခန်းကဏ္ဍများတွင် တာဝန်ကျေပွန်စွာ လုပ်ဆောင်ပေးခဲ့ပါသည်။
၂။ နွေဦးတော်လှန်ရေးတွင် CDM ကျောင်းဆရာတဦးအဖြစ် သင်သည် ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သူ တဦးအဖြစ် ဂုဏ်ပြုအပ်ပါသည်။
၃။ သင်သည် တော်လှန်ရေး၏ လမ်းခုလတ်တနေရာတွင် ကျရာတာဝန်များကို ထမ်းဆောင်ရင်း ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁) ရက်၊ ညနေ (၆) နာရီဝန်းကျင်ခန့်တွင် ကွယ်လွန်ခဲ့ပြီဖြစ်ပါသည်။
၄။ ယခုအခါ ကွယ်လွန်ခဲ့ပြီဖြစ်ပါ၍ CDM ကျောင်းဆရာ ကိုတေဇာဦး (ခ) ကိုအာနိုးအား ပေးအပ်ထားသော နွေဦးခေါင်းလောင်းသံ တော်လှန်သံချပ်၏ တာဝန်များနှင့် အဖွဲ့ဝင်အဖြစ်မှ ဝမ်းနည်းစွာရုတ်သိမ်းကြောင်း အမိန့်ပြန်အပ်ပါသည်။
၅။ ဤအမိန့်ပြန်တမ်းအား တရားဝင်ထုတ်ပြန်ကြေညာပြီးချိန်မှစ၍ သင်သွားလိုရာသွားနိုင်ပါပြီ။
အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများအဖွဲ့ချုပ်
တိုက်ပွဲဦးဆောင်ကော်မတီ
နွေဦးခေါင်းလောင်းသံ တော်လှန်သံချပ်