GRTD Leadership - get the right things done

GRTD Leadership - get the right things done Secret to leardership is getting the right things done! Here you'll learn all about GRTD Leardership We are a free online Employment Agency.

We bring jobs to people of Myanmar without charging any fees.

𝟰𝗖𝘀 𝗼𝗳 𝗛𝗮𝗽𝗽𝗶𝗻𝗲𝘀𝘀 Zappos founder Tony Hsieh က သူအလုပ်ခန့်တဲ့အခါ ဘဝနဲ့အလုပ်မှာ ပျော်ရွှင်ပြီး စိတ်အားထက်သန်နေတဲ့ သူတွေကိုပ...
17/08/2026

𝟰𝗖𝘀 𝗼𝗳 𝗛𝗮𝗽𝗽𝗶𝗻𝗲𝘀𝘀

Zappos founder Tony Hsieh က သူအလုပ်ခန့်တဲ့အခါ ဘဝနဲ့အလုပ်မှာ ပျော်ရွှင်ပြီး စိတ်အားထက်သန်နေတဲ့ သူတွေကိုပဲ ရွေးပြီး အလုပ်ခန့်တယ်လို့ ဆိုပါတယ်။

လူတစ်ယောက်ပျော်ရွှင်ပြီး စိတ်အားထက်သန်မှုရှိတယ်/မရှိဘူး ဆိုတာကိုတော့ အချက် (၄) ချက်နဲ့ သုံးသပ်ပါတယ်။

(𝟭) 𝗖𝗼𝗻𝘁𝗿𝗼𝗹
(ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်တယ် ဆိုတဲ့ခံစားချက်)

ကိုယ့်ဘဝမှာ ဖြစ်ပျက်နေတာတွေကို ကိုယ်ထိန်းချုပ်နိုင်တယ်လို့ ခံစားနေရတဲ့ ခံစားချက်နဲ့ ဘဝရဲ့ အဖြစ် အပျက်တွေက ဆွဲခေါ်ရာ နောက်ကို လိုက်လုပ်ပေးနေရတဲ့သူရဲ့ ခံစားချက်ဖြစ်တဲ့ positive feeling နဲ့ negative feeling ဆန့်ကျင်ဘက် သဘောတရားကို မြင်အောင်ကြည့်ပါ။

(𝟮) 𝗖𝗼𝗻𝗻𝗲𝗰𝘁𝗲𝗱𝗻𝗲𝘀𝘀
(တစ်ခြားသူတွေနဲ့ နက်နဲတဲ့ ဆက်ဆံမှုမျိုးတွေရှိတဲ့ အခါမှာ ခံစားရတဲ့စိတ်ကျေနပ်မှု)

လူဆိုတာ ကိုယ့်ဘေးပတ်ဝန်းကျင်က နေ့စဥ် ဆက်ဆံနေရတဲ့ သူတွေနဲ့ ဆက်ဆံရေး အဆင်ပြေနေမှ ပျော်တာပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မတည့်တဲ့သူဟာ ပျော်မှာမဟုတ်ပါ။ လူဆိုသည်မှာ မိမိမပျော်သော ပတ်ဝန်းကျင်မှာ မနေလိုပါ။

(𝟯) 𝗖𝗮𝘂𝘀𝗲
(အများအကျိုးကို ဖြစ်စေသောကြီးမားတဲ့ အရာတစ်ခု အထမြောက်ဖို့ လုပ်ဆောင်ရာမှာ ငါပါတယ် ဆိုတဲ့ ယုံကြည်မှု)

ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့သူ တွေကိုကူညီပေးနေတဲ့ အဖွဲ့ထဲမှာ ကိုယ်ပါနေတဲ့ အခါ ရတဲ့ ခံစားချက်မျိုးလို့ နားလည်နိုင်ပါတယ်။ ငါအခု လုပ်နေတဲ့ အလုပ်ကြောင့် အများအကျိုးကျေးဇူး ရှိတယ်ဆိုတဲ့ ယုံကြည်မှု၊ မိဘ/ သားသမီး လုပ်ကျွေးခြင်း၊ နိုင်ငံတည်ဆောက်ရာမှာ ပါဝင်ကူညီခြင်း စသည်ဖြင့် ချဲ့တွေးနိုင်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ချပေးတဲ့ Telsa လိုလုပ်ငန်းမျိုးမှာ ဝင်ရောက်လုပ်ကိုင်နေမှ မဟုတ်ပဲ သာမန်လုပ်ငန်းတစ်ခုမှာ customer service လုပ်နေသူတွေလည်း အများအကျိုး အတွက်ဆောင်ရွက်နေတယ်လို့ခံယူမယ်ဆို ပျော်ရွင်နိုင်ပါတယ်။

(𝟰) 𝗖𝗼𝗻𝘁𝗶𝗻𝘂𝗮𝗹 𝗽𝗿𝗼𝗴𝗿𝗲𝘀𝘀
(ရည်မှန်းထားတာတွေကို ရနေတယ်၊ အလုပ်က ရှေ့ကို ရွေ့နေတယ်၊ အဆက်မပြတ်တိုးတက်နေတယ် ဆိုတဲ့ ခံစားချက်)

လူတိုင်းလူတိုင်းဟာ ငါဟာ တိုးတက်နေတယ်၊ အောင်နိုင်သူ တစ်ယောက် ဖြစ်တယ်လို့ ခံစားချင်ကြတယ်။ အဲ့လိုခံစားရတဲ့အခါမှာ ကျေနပ်ပျော်ရွှင်မှု ဖြစ်ကြပါတယ်။

အနှစ်ချုပ်အနေနဲ့ အောက်ပါအတိုင်း မှတ်သားနိုင်ပါတယ်။

• ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်တဲ့သူ၊

• ခင်မင်ရင်းနှီးသူတွေ များတဲ့သူ၊

• အများကောင်းစားရေး ဆောင်ရွက်ရာမှာ အုတ်တစ်ချပ်၊ သဲတစ်ပွင့် အဖြစ်ပါဝင်ရတယ်လို့ ခံစားရသူ၊

• အဆက်မပြတ် တိုးတက်နေတယ်လို့ ခံစားရသူ၊

လေးချက်လုံးသော် လည်းကောင်း၊ တစ်ချက်ထက်ပိုပြီးတော့သော်လည်းကောင်း ရရှိခံစားနေရတဲ့ သူတွေသာ ပျော်ရွှင်ပြီး စိတ်အားထက်သန်သူတွေ ဖြစ်ကြပါတယ်။

ပျော်ရွှင်ပြီး စိတ်အားထက်သန်နေတဲ့ သူကိုမှ Tony Hsieh က အလုပ်ခန့်တယ် ဆိုတော့ ပျော်ရွှင် နေတဲ့သူတွေသာ လျှင် စွမ်းဆောင်ရည်ကောင်းသော၊ ကောင်းမွန်သော ဝန်ဆောင်မှု များကို ပေးစွမ်းနိုင်သော သူများ ဖြစ်တယ်လို့ ယုံကြည်ထားတယ်ဆိုတာကို မှန်းဆလို့ရပါတယ်။

Soe Win Khine
GRTD Consulting

–----------------

CEO တစ်ဉီး/ လုပ်ငန်းရှင်တစ်ဉီး အနေနဲ့ လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို ရေးထားတဲ့စာအုပ် မရှိသလောက်ရှားပါတယ်။

လုပ်ငန်းရှင်တစ်ဦး လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို အသေးစိတ်ရေးသားဖော်ပြထားတဲ့ ပထမဆုံးစာအုပ်ထွက်ရှိလာပါပြီ...

#စီအီးအိုများအတွက် စီမံခန့်ခွဲမှုဆိုင်ရာ လက်စွဲစာအုပ် GRTD Leadership စာအုပ်ဝယ်ယူရန်

https://www.facebook.com/share/p/1K6Atq9sc9/


16/08/2026

#ရန်ကုန်စီးပွားရေးတက္ကသိုလ်_ဆရာမကြီးကိုယ်တိုင် ညွှန်းဆိုသည့် "စီအီးအိုများအတွက် လက်စွဲစာအုပ်"

Prof. Dr. Kalya Kyaing (ရန်ကုန်စီးပွားရေးတက္ကသိုလ် ဆရာမကြီးဟောင်း / ဂျပန်နိုင်ငံမှ Master ဘွဲ့ရရှိထားပြီး MBA, BBA သင်တန်းများတွင် စီးပွားရေးပညာရပ်များကို နှစ်ပေါင်းများစွာ စာသင်ကြားပေးနေသူ) က "𝗚𝗥𝗧𝗗 𝗟𝗲𝗮𝗱𝗲𝗿𝘀𝗵𝗶𝗽 𝗔𝗽𝗽𝗿𝗼𝗮𝗰𝗵" စာအုပ်အပေါ် ဘယ်လိုမြင်သလဲ?

_____________________

စီမံခန့်ခွဲမှုဆိုင်ရာ လက်စွဲစာအုပ်ဝယ်ယူရန် -

https://www.facebook.com/share/p/1Fts8xkMJD/

စာရေးသူ၏ ကိုယ်ရေးအကျဉ်း လေ့လာရန် -

https://www.facebook.com/share/p/182pnZ1o4f/

စာဖတ်သူတို့၏ Review ပေါင်းချုပ်များ -

https://www.facebook.com/share/p/1CkxkEdEzG/

ဒါဖတ်ပြီး GRTD Leadership စာအုပ်ဝယ်သင့် မဝယ်သင့် ဆုံးဖြတ်ပါ (၁) -

https://www.facebook.com/share/p/1AZUnPQ8bw/

ဒါဖတ်ပြီး GRTD Leadership စာအုပ်ဝယ်သင့် မဝယ်သင့် ဆုံးဖြတ်ပါ (၂) -

https://www.facebook.com/share/p/1EPKDRPrrT/



15/08/2026

"ကိုယ်နဲ့စရင် ကိုယ်နဲ့ဆုံး" သင့် ကြောင်းလေးကို ဒီ Video ထဲမှာ ရှင်းပြပေးထားပါတယ်...

Soe Win Khine
GRTD Consulting

–----------------

CEO တစ်ဉီး/ လုပ်ငန်းရှင်တစ်ဉီး အနေနဲ့ လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို ရေးထားတဲ့စာအုပ် မရှိသလောက်ရှားပါတယ်။

လုပ်ငန်းရှင်တစ်ဦး လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို အသေးစိတ်ရေးသားဖော်ပြထားတဲ့ ပထမဆုံးစာအုပ်ထွက်ရှိလာပါပြီ...

#စီအီးအိုများအတွက် စီမံခန့်ခွဲမှုဆိုင်ရာ လက်စွဲစာအုပ် GRTD Leadership စာအုပ်ဝယ်ယူရန်

https://www.facebook.com/share/p/1K6Atq9sc9/


 #ကြော်ငြာတွေမှာ_ဘာစာသားရေးကြမလဲ? ပစ္စည်းတစ်ခု/brand တစ်ခုကို ကြော်ငြာတဲ့ အခါကြော်ငြာမှာ ဘာစာသားရေးမလဲ ဆိုတာဆုံးဖြတ်ရခက်...
14/08/2026

#ကြော်ငြာတွေမှာ_ဘာစာသားရေးကြမလဲ?

ပစ္စည်းတစ်ခု/brand တစ်ခုကို ကြော်ငြာတဲ့ အခါကြော်ငြာမှာ ဘာစာသားရေးမလဲ ဆိုတာဆုံးဖြတ်ရခက်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။

ဘာရေးရမလဲလို့ ကျနော့်ကို မေးရင်တော့ ကိုယ့်ပစ္စည်းရဲ့ ထူးခြားချက်/အားသာချက်ကို ပြောရပါမယ်။

အားသာချက်တွေ (၁၀) ချက်လောက်ရှိရင် (၁၀) ချက်လုံးမပြောဘဲ (တကယ်တော့ ဆယ်ချက်ရှိဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါ) အကောင်းဆုံး ၂ ချက်၊ ၃ ချက်လောက်ကို ရွေးပြီးပြောရပါမယ်။ အကောင်းဆုံးနည်းလမ်းကတော့ အကြိုက်ဆုံးအားသာချက် တစ်ခုကိုသာ ရွေးပြီး ကြော်ငြာပါ။

#ဘာလို့လဲဆိုရင် အချက် (၃) ချက်ရှိပါတယ်။

_[1]_
တစ်ချက်က များများပြောရင် ဝယ်သူက မမှတ်မိနိုင်ပါဘူး။ message တစ်ခုတည်းကိုပဲ အမျိုးမျိုးသော ကြော်ငြာတွေမှာ သုံးခြင်းဖြင့် ဒီ message နဲ့ ကိုယ့် product ကို တွဲပြီး မှတ်မိနေမှာ ဖြစ်ပါတယ်။

_[2]_
နောက်တစ်ချက်က ကြော်ငြာတွေမှာ ကိုယ်က နေရာဝယ်ရမှာ ဖြစ်တဲ့အတွက် ဝယ်လိုက်တဲ့ နေရာမှာ ကိုယ်က message များများပေးရင် ကြော်ငြာစရိတ်တွေ ပိုပြီးကုန်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် offline marketing မှာ နေရာက ဈေးကြီးပါတယ်။

_[3]_
တတိယအချက်ကတော့ ကျနော်တို့ လက်ရှိရောက်ရှိနေတဲ့ ခေတ်မှာ ဝယ်ယူစားသုံးသူတစ်ဦးထံကို တစ်နေ့တစ်နေ့ ရောက်ရှိလာတဲ့ marketing message တွေဟာ အလွန်များတဲ့အတွက် မိမိရဲ့ message ဝယ်သူစိတ်ထဲ ဆွဲကျန်ရစ်ဖို့က ခက်လို့ပါ။

Telegram ကို install လုပ်တာနဲ့ ပထမဆုံးပေါ်တဲ့ message က

"Telegram: The world’s 𝗳𝗮𝘀𝘁𝗲𝘀𝘁 messaging app. It is 𝗳𝗿𝗲𝗲 & 𝘀𝗲𝗰𝘂𝗿𝗲."

ဆိုတဲ့ message ဖြစ်ပါတယ်။

Fastest, Free, Secure ဆိုတဲ့ စာလုံးသုံးလုံးကို Telegram က bold ထားပေးပါ သေးတယ်။ အမြန်ဆုံး app ဖြစ်တယ်... အခမဲ့သုံးနိုင်တယ်... လုံခြုံတယ်... ဒါဟာ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 ပါပဲ။ အဲဒီသုံးခုမှာ အဓိက message ကတော့ အမြန်ဆုံးဆိုတာပါပဲ။ အလုံခြုံဆုံးလို့ မပြောပါဘူး။ အမြန်ဆုံးလို့ပဲ ပြောပါတယ်။

အမြန်ဆုံးလို့ပြောရင် တကယ် အမြန်ဆုံး ဖြစ်ရပါမယ်။ မဟုတ်ဘဲနဲ့ ပြောလို့မရပါဘူး။ Telegram ဟာ တကယ် လည်း အမြန်ဆုံးဆိုတာကို app အမျိုးမျိုးသုံးဖူးတဲ့သူတွေဆို သိပါတယ်။

ဆိုလိုတာက မြန်တယ်လို့ ကြော်ငြာရင် တကယ်မြန်ရပါမယ်။ product နဲ့ advertising message နဲ့ ကိုက်ညီမှု ရှိရပါမယ်။ ကိုက်ညီမှု မရှိရင် ကြော်ငြာနေလည်း အလကားပါပဲ... ဘာမှ အဓိပ္ပာယ်မရှိပါဘူး။ ကြော်ငြာ စရိတ်ကုန်တာပဲ အဖတ်တင်မှာပါ။

product နဲ့ advertising message နဲ့ ကိုက်ညီမှုမရှိတဲ့ ဉပမာပေးရရင်တော့ AYA bank ဘဲဖြစ်ပါတယ်လောလောဆယ် AYA bank ရဲ့ ကြော်ငြာတွေကို ကြည့်ကြည့်ပါ။ AYA pay ကို အဓိကထားပြီး ကြော်ငြာပါတယ်။

သုံးတဲ့ message ကတော့ ‘AYA pay ပိုကောင်းတယ်.. ရှိးရှင်းလွယ်ကူတယ်... AYA pay သုံးပြီးသိန်း ၃၀၀၀ ရယူနိုင်’ ကြောင်း - Cherry FM မှာ ကြော်ငြာသလို billboard တွေမှာ လည်း ‘ရှိးရှင်းတယ်...လွယ်ကူတယ်’ ဆိုတဲ့ message ကိုတွေ့ရမှာ ဖြစ်ပြီး Sai Sai Kham Hlaing ကိုဠားပြီးလည်း ဒီ ‘ရှိးရှင်းတယ်...လွယ်ကူတယ်’ ဆိုတဲ့ message ကိုသုံးတာကို တွေ့ရပါတယ်။ ကြော်ငြာဖန်တီးထားတာ တွေကလည်း အတော်လေး ကောင်းပါတယ်။

ဒီ message တွေကို နေရာပေါင်းစုံမှာ တွေ့နေရတဲ့အတွက် 'ရိုးရှင်းတယ်.. လွယ်ကူတယ်' ဆိုတာ AYA bank ရဲ့ အဓိက marketing message ဆိုတာ ရှင်းနေပါတယ်။ ဘဏ်တစ်ခုလုံးအနေနဲ့ ဘယ်ဘက်ကို သွားချင်နေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။ သုံးစွဲသူတွေအနေနဲ့ သူ့ product တွေကို သုံးရတာ လွယ်စေချင်နေပါတယ်။ AYA product တွေရဲ့ ထူးခြားချက်/အားသာချက်ဟာ 'လွယ်ကူတယ်' လို့ သုံးစွဲသူတွေကို message ပေးချင်နေတယ်လို့ ယူဆရပါတယ်။

ကျနော့်ရဲ့ တစ်ကိုယ်ရည်သုံးစွဲတဲ့ အတွေ့အကြုံအရ ပြောရရင် AYA product က သူပြောသလို ရိုးရှင်းလွယ်ကူခြင်း မရှိသေးပါဘူး။ AYA advertising team ဘက်က မြန်နေပြီး product team ဘက်က နှေးနေတယ်လို့ ထင်ပါတယ်။ product team ဘက်က မလုပ်ဘဲနေတာတော့ မဟုတ်လောက်ပါဘူး။ လုပ်နေတယ်လို့ ယူဆရပါတယ်။ လိုချင်တဲ့နေရာကို မရောက်သေးတာ ဖြစ်မှာပါ။

ဘာလို့ဒီလိုပြောလဲဆိုရင် သူ့ရဲ့ အရင်က mobile app 2.0 ဆို အတော်ကို ရှုပ်ပါတယ်။ အခုအသစ်ထွက်ထားတဲ့ 3.0 က 2.0 ထက် သိသိသာသာ ကောင်းလာပေမဲ့ 'လွယ်ကူတယ်' ဆိုတဲ့ နေရာကိုတော့ မရောက်သေးဘူးလို့ ယူဆပါတယ်။

သုံးရတာ မလွယ်တဲ့ အချက်အချို့ကို အသုံးပြုသူတစ်ဦးအနေနဲ့ အနည်းငယ် သုံးသပ်ပြပါမယ်။

• AYA pay app နဲ့ AYA mobile app ဆိုပြီး နှစ်ခုသီးခြားစီထားတာ တွေ့ပါတယ်။ တစ်ခုတည်းလုပ်ပစ်ရမှာပါ။ YOMA, UAB, CB တို့ဆို တစ်ခုတည်း လုပ်ထားပါတယ်။ တစ်ခုသည် နှစ်ခုထက် အရှုပ်သက်သာပါတယ်။

• Mobile app က သုံးရတာ နှေးပါတယ်။

• တခြားဘဏ်ကို မပြောနဲ့ ကိုယ်ပိုင်တဲ့ AYA account နှစ်ခု own transfer လုပ်ရင်တောင် remark မဖြစ်မနေ ထည့်ပေးရပါတယ်။ fingerprint နဲ့ လုပ်လို့မရဘဲ password မဖြစ်မနေ ထည့်ရတဲ့အပြင် OTP ပါ ထည့်ရပါသေးတယ်။ UAB ဆို သိန်း ၁၀၀ အောက် remark ထည့်စရာမလိုသလို fingerprint တစ်ခုနဲ့တင် ပြီးပါတယ်။

• Credit card အတွက် လစဉ်ပြန်ဆပ်တဲ့အခါ direct debit (သူ့ဘာသာ အလိုအလျောက် အကောင့်ထဲက ယူသွားခြင်း) လုပ်တာကို ခွင့်မပြုပါ။ ဒါကြောင့် လစဉ်ပြန်ဆပ်ရမဲ့ရက်ကို ကျနော်က မှတ်ထားပြီး manual လစဉ်ကြေး ပြန်ဆပ်ပေးရပါတယ်။ UAB, KBZ တွေမှာဆို direct debit ပေးထားလို့ အဲဒီအတွက် ခေါင်းထဲထည့်ထားစရာ မလိုပါဘူး။

ပြောမယ်ဆို အများကြီး ရှိပါသေးတယ်။ အဓိကပြောချင်တာက product က သုံးရတာ မလွယ်ဘဲ လွယ်တယ်လို့ မပြောဘဲနေတာ အကောင်းဆုံးပါ။ ကျနော်သာဆို AYA ကိုသုံးပါဆိုတဲ့ message လောက်နဲ့ပဲ ကြော်ငြာပြီး product ကို ကိုယ်လိုချင်တဲ့ အနေအထားဖြစ်အောင် ဖိလုပ်မှာပါ။

ကုန်ပစ္စည်းတစ်ခု သုံးရတာ လွယ်ကူနေရင် လွယ်ကူပါတယ်လို့ ကြော်ငြာစရာမလိုဘဲ လူတွေက သူတို့ဘာသာသူတို့ လွယ်တယ်လို့ ကောက်ချက်ချသွားမှာပါ။ Telegram ဆိုရင် မြန်ပါတယ်လို့ မပြောရင်တောင် မြန်လိုက်တာလို့ ပြောကြမှာပါ။

Marketer တွေကို ပေးချင်တဲ့ message ကတော့ Product Features နဲ့ Advertising Message ဟာ ကိုက်ညီမှု ရှိနေရပါမယ်။

ကိုယ့် product က ကိုယ်လိုချင်တဲ့နေရာမှာ ရှိမနေဘဲ ရှိနေပါတယ်လို့ ပြောမဲ့အစား လက်ရှိ မိမိ product က ပေးနိုင်တဲ့အရာကိုသာ ကြော်ငြာသင့်ပါတယ်။ နောက် ပိုင်း ကိုယ့် product က ကိုယ်လိုချင်တဲ့ အနေအထားကို ရောက်တော့မှ advertising message ကို ပြန်ပြောင်းလို့ရပါတယ်။

ဆိုလိုတာက ပြောသလိုလုပ်၊ လုပ်သလိုပြောဖို့ဆိုတာ marketing မှာ အရမ်း အရေးကြီးပါတယ်။ ဒါဟာ ယုံကြည်မှုနဲ့ ဆိုင်နေလို့ပါ။

Soe Win Khine
GRTD Consulting

CEO တစ်ဦး/လုပ်ငန်းရှင်တစ်ဦး အနေနဲ့
လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို ရေးထားတဲ့စာအုပ်
မရှိသလောက်ရှားပါတယ်။

#လုပ်ငန်းရှင်တစ်ဦး_လုပ်ဆောင်ရမဲ့လုပ်ငန်းစဉ်
#တွေကိုအသေးစိတ်_ရေးသားဖော်ပြထားတဲ့ ပထမဆုံးစာအုပ်ထွက်ရှိလာပါပြီ...

စာအုပ်အကြောင်းအသေးစိတ်ကို အောက်ပါ link မှာဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/share/p/1K6Atq9sc9/


13/08/2026

စျေးကွက်ထဲမှာ ကုန်ပစ္စည်းတစ်ခုကို မတူညီတဲ့ စျေးနှုန်းနဲ့ ရောင်းလို့ရလား?

–----------------

CEO တစ်ဉီး/ လုပ်ငန်းရှင်တစ်ဉီး အနေနဲ့ လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို ရေးထားတဲ့စာအုပ် မရှိသလောက်ရှားပါတယ်။

လုပ်ငန်းရှင်တစ်ဦး လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို အသေးစိတ်ရေးသားဖော်ပြထားတဲ့ ပထမဆုံးစာအုပ်ထွက်ရှိလာပါပြီ...

#စီအီးအိုများအတွက် စီမံခန့်ခွဲမှုဆိုင်ရာ လက်စွဲစာအုပ် GRTD Leadership စာအုပ်ဝယ်ယူရန်

https://www.facebook.com/share/p/1K6Atq9sc9/


 #ပိုက်ဆံမရှိဘဲ_အင်္ဂလန်နိုင်ငံမှာ_ဘယ်လိုကျောင်းသွားတက်ခဲ့လဲ? (2)အင်္ဂလန်သွားဖို့ ဗီဇာရအောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ပြီးန...
12/08/2026

#ပိုက်ဆံမရှိဘဲ_အင်္ဂလန်နိုင်ငံမှာ_ဘယ်လိုကျောင်းသွားတက်ခဲ့လဲ? (2)

အင်္ဂလန်သွားဖို့ ဗီဇာရအောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ပြီးနောက် ထပ်မံဖြတ်သန်းရမဲ့ အခက်အခဲတွေ စောင့်နေလို့ မပျော်ရပါဘူး။ အခက်အခဲကတော့ အိမ်မှာရှိတဲ့ ပစ္စည်းတွေအကုန်ရောင်းပြီး ဗီဇာရဖို့ ကြိုးစားခဲ့တာမို့လို့ လေယာဉ်လက်မှတ်ဖိုးနဲ့ အနည်းဆုံး နေစားစရိတ် တစ်လစာလောက် ယူသွားဖို့ လိုပါတယ်။

ဒီပိုက်ဆံတွေရဖို့အတွက်က ပိုက်ဆံချေးမှ ရမှာပါ။ ဒီလိုနဲ့ ပိုက်ဆံလိုက်ချေးပါတယ်။ ချေးတယ်ဆိုတာ အလကားချေးတာ မဟုတ်ပါဘူး... အတိုးနဲ့ချေးတာပါ။ ထူးဆန်းတာ ပြောချင်တာက သွားဖို့ကြိုးစားတုန်းက ပိုခင်တဲ့သူက မကူညီဘဲ သိပ်မသိတဲ့ အကိုက ကူညီသလိုပဲ အခုလည်း ရင်းနှီးတဲ့သူတွေ လိုက်ချေးတာ အများစုက ငြင်းပါတယ်။

အခုမှသိတဲ့ အမတစ်ယောက်က ချေးလိုက်ပါတယ်။ ကျန်တာလိုတာကိုတော့ ဟိုနည်းနည်း ဒီနည်းနည်း လိုက်ချေးရပါတယ်။ ချေးတယ်ဆိုတာမှာ သူများကို တစ်ဆင့်ချေးခိုင်းတာကိုပါ လုပ်ရတာပါ။ ကိုယ်တိုင်ကျ သိပ်များသွားရင် မယုံမှာစိုးလို့ သူများကို တစ်ဆင့်ချေးခိုင်းရတာပါ။ အကိုတစ်ဝမ်းကွဲ၊ အမ၊ အဖေ စသည်ဖြင့် လိုက်ပြီး ဖြန့်ပြီးချေးတဲ့ နည်းနဲ့ အဆင်ပြေသွားပါတယ်။

အဆင်ပြေတယ်ဆိုတာ အများကြီးရတာ မဟုတ်ပါဘူး။ လေယာဉ်လက်မှတ်ဝယ်ပြီး မြန်မာငွေ (၁၆) သိန်းနဲ့ တစ်ထောင်ခြောက်ရာ (၁,၆၀၁,၆၀၀) ကျန်ပါတယ်။ ၁၆၀၀ အကြောင်းကို ခဏနေ ရှင်းပြပါမယ်။

ချေးလို့ရတဲ့ပိုက်ဆံ အကုန်ယူပြီး သူငယ်ချင်းတစ်ယောက်ခေါ်ပြီး ဒေါ်လာသွားလဲပါတယ်။ တစ်ဒေါ်လာကို ၁၆၀၀ ဖြစ်တဲ့အတွက် ဒေါ်လာ ၁၀၀၀ ရပါတယ်။ ပြန်မယ်လုပ်တုန်း အကြံတစ်ခုပေါ်တာနဲ့ အကိုကျတော့ကို တစ်ဒေါ်လာ လဲပေးလို့ ရလားလို့ မေးတော့ရတယ်ဆိုလို့ လက်ထဲကျန်တဲ့ ၁၆၀၀ ကို တစ်ဒေါ်လာ လဲလိုက်ပါတယ်။

ဒါကြောင့် ၁၀၀၁ ဒေါ်လာ ရပါတယ်။ ပါလာတဲ့သူငယ်ချင်းက "၁၆၀၀ ဘာလို့လဲလိုက်တာလဲ၊ ငါတို့ လက်ဖက်ရည်သောက်လို့ ရတဲ့ဟာကို" လို့ ပြောပါတယ်။ လက်ဖက်ရည် မပြောနဲ့ bus ကားခတောင် မကျန်ဘဲ လဲလိုက်တာပါ။ ၁၆၀၀ က တစ်ဒေါ်လာနဲ့ ကွက်တိဖြစ်နေလို့ပါ။ သူငယ်ချင်းနှစ်ယောက် ဆူးလေကနေ (၆) မိုင်ခွဲကို လမ်းလျှောက်ပြီး ပြန်လာခဲ့ပါတယ်။

ကျနော်တွေးတဲ့ ပုံစံက ပါသွားတဲ့ (၁၀၀၀) ကုန်သွားရင် ဒီတစ်ဒေါ်လာက ငါ့ကို သုံးရက်လောက် ရေသောက်ပြီး ကြိုးစားခွင့်ပေးလိမ့်မယ်။ သက်စောင့်ပိုက်ဆံလို့ ပြောရပါမယ်။

ပိုက်ဆံက အရမ်းနည်းတော့ ကျနော် စိုးရိမ်ပါတယ်။ ဒေါ်လာတစ်ထောင်ကို ပေါင်အဖြစ်လဲလိုက်ရင် ပေါင်ဘယ်လောက်ရမယ်ဆိုတာ သိခဲ့ရင် ပိုကြောက်မှာ ဖြစ်ပါတယ်။

ဒါနဲ့ ပိုက်ဆံရအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး မသွားခင် နေ့စဉ် စဉ်းစားပါတယ်။ တစ်နေ့ကျ စဉ်းစားမိတာက Marlboro တို့ 555 တို့ ဆေးလိပ်တွေက နိုင်ငံတကာတံဆိပ်တွေ ဖြစ်တယ်။ မြန်မာပြည်မှာ ရှိသလို အင်္ဂလန်မှာလည်း ရှိလိမ့်မယ်။ ပစ္စည်းချင်း တူပေမဲ့ မြန်မာပြည်လို နိုင်ငံမျိုးကို ရောင်းတဲ့ဈေးနဲ့ အင်္ဂလန်မှာ ရောင်းတဲ့ဈေး တူမှာမဟုတ်ဘူး... မြန်မာပြည်မှာ ဈေးပေါပြီး အင်္ဂလန်မှာ ဈေးကြီးမယ်... ဆိုပြီး ဟိုမှာပြန်ရောင်းဖို့ ဆေးလိပ် (၁၀) တောင့်၊ တစ်တောင့်ကို (၆၀၀၀) နဲ့ ဝယ်သွားပါတယ်။

ဟိုရောက်တော့ သူငယ်ချင်း လာကြိုပါတယ်။ သူ့အိမ်မှာ နေရပါတယ်။ သူ့အိမ်ဆိုတာကတော့ မြန်မာတွေပေါင်းပြီး နေတဲ့အိမ် ဖြစ်ပါတယ်။ အခန်းပိုမရှိလို့ သူ့အခခန်းမှာ နေရပါတယ်။ ကုတင်တစ်လုံးသာ ရှိတဲ့အတွက် သူက ကုတင်ပေါ်မှာအိပ်ပြီး ကျနော်က ကြမ်းပြင်ပေါ် အိပ်ရပါတယ်။

ဒေါ်လာတစ်ထောင်ကို လဲလိုက်တာ ပေါင် (၄၀၀) ကျော်လောက် ရပါတယ်... ဒေါ်လာက အကြွေတွေမို့လို့ လဲအနှိမ့်ခံရပါတယ်။ ယူလာတဲ့ (၁) ဒေါ်လာကိုတော့ မလဲပါဘူး။ အိမ်လခက deposit (၁၈၀)၊ တစ်လစာ (၁၈၀) စုစုပေါင်း (၃၆၀) ချက်ချင်း ကုန်ပါတယ်။ (၁၈၀) ဆိုတာက မြန်မာတွေပေါင်းနေလို့ သက်သာတာပါ။

ထမင်းပေါင်းအိုးနဲ့ အခြားလိုတာ ဝယ်လိုက်တာ လက်ထဲ ဘာမှမကျန်တော့ပါဘူး။ နေ့တိုင်း ဟင်းမချက်ဘဲ ထမင်းပဲ ချက်စားမယ်ဆိုရင်တောင် (၂) ပတ်စာလောက်သာ သုံးလို့ရပါမယ်။ သေချာတာတော့ အလုပ်ကို နှစ်ပတ်အတွင်း ရအောင်မရှာနိုင်ရင် ဘယ်လိုမှ အဆင်မပြေနိုင်ပါ။ ဒီနေရာမှာ ဝယ်သွားတဲ့ ဆေးလိပ်က အသက်ဆက်ပေးမှာပါ။

ပါသွားတဲ့ ဆေးလိပ်တွေ အမြန်ရောင်းထွက်ဖို့ ကြိုးစားရပါတယ်။ တစ်တောင့်ကို (၁၅) ပေါင်နဲ့ ရောင်းစားလိုက်တာ ပေါင် (၁၅၀) ရလာပါတယ်။ အင်္ဂလန်မှာ ဆေးလိပ်ဘူးသေး တစ်ဘူးတောင် (၅) ပေါင်လောက်ရှိတာ တစ်တောင့်လုံးကို (၁၅) ပေါင်ဆိုတော့ အရမ်းကို တန်ပါတယ်။ အင်္ဂလိပ်တွေက ကျနော့်ဆေးလိပ်က ပြင်းတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သောက်လို့ကောင်းတယ်ဆိုပြီး ပြန်လာဝယ်ကြပါတယ်။

ဒီနေရာမှာ ပြောချင်တာက ၂၀၀၃ လောက်က လူငယ်နဲ့ ၂၀၂၆ လူငယ် မတူပါဘူး။ ၂၀၀၃ လောက်မှာ အင်္ဂလန်နဲ့ မြန်မာ လူနေမှုအဆင့်အတန်း ကွာခြားချက်က အရမ်းကြီးပါတယ်။ လက်ကိုင်ဖုန်းဆို ကိုင်ဖို့မပြောနဲ့ သွားရင်းလာရင်း သူများကိုင်သွားတာကိုတောင် အရေအတွက် များများမမြင်ဖူးပါ။

အင်တာနက်ဆိုတာ ကြားဖူးရုံသာ... ကားကောင်းကောင်းတွေဆို များများ မမြင်ဖူးပါ။ ယခု ၂၀၂၆ မှာ အင်္ဂလန်မှာ ရတဲ့အရာအားလုံး မြန်မာပြည်မှာ အကုန်ရပါတယ်။ Apple က နောက်ဆုံးပေါ် iPhone ထွက်ပြီဆိုတာနဲ့ မြန်မာပြည်မှာ ချက်ချင်းဝယ်လို့ရတဲ့ ခေတ်ပါ။ ၂၀၀၃ လောက်မှာ တီရှပ်ဝယ်မယ်ဆိုရင်တောင် တစ်မြို့လုံးပတ် ရှာရတာပါ။

ဆိုလိုတာက ၂၀၀၃ လောက်က မြန်မာလူမျိုး အင်္ဂလန်ရောက်တယ်ဆိုတာ တောသားမြို့ရောက်တာနဲ့ အလားတူပါတယ်။ မသိတာ၊ မတတ်တာ၊ မမြင်ဖူးတာတွေဟာ အဆမတန် များပါတယ်။ ဆိုလိုတာက ရောက်စမှာ အသစ်တွေကို သင်ယူရတာက အခက်အခဲတစ်ခု ပိုစေပါတယ်။

ဆေးလိပ်ရောင်းတာနဲ့ ပေါင်းရင် (၃) ပတ်စာလောက် လက်ထဲ ပိုက်ဆံကိုင်ထားနိုင်ပါပြီ... သုံးပတ်ဆိုတာက ခဏလေးပါ။ စိတ်ဖိစီးမှုတွေ အရမ်းများနေပါတယ်။ ရောက်ရောက်ခြင်း ကြားရတဲ့သတင်းက အဲဒီအိမ်မှာရှိတဲ့ သူတွေအားလုံးက အလုပ်ရှာရခက်တယ်၊ အလုပ်မရှိဘူး... ဒါကြောင့် သူတို့ စက်ရုံတစ်ခုမှာ နေ့စား လုပ်နေရတာ နှစ်နဲ့ချီနေပြီလို့ ဆိုပါတယ်။ အဲဒီစက်ရုံအလုပ်ကလည်း အလုပ်ရှိလို့ ခေါ်ရင်သွားရပြီး မခေါ်ရင် အိမ်မှာနေရတယ်လို့ ပြောပါတယ်။

အဲဒီမှာ ကျနော် အရမ်းကြောက်သွားပါတယ်။ ပိုက်ဆံမပါလာပါဘူးဆိုမှ အလုပ်ရှာရခက်တယ်ဆိုတဲ့အကြောင်း စကြားလိုက်ရတော့ ညဆို အိပ်မပျော်ပါဘူး။ ပါလာတဲ့ ပိုက်ဆံကို ချွေတာရပါတယ်။ အင်္ဂလန်ကို လုံခြုံစွာ ရောက်ရှိနေပြီဆိုတာကိုတောင် အိမ်ကို ဖုန်းဆက်မပြောဘဲ အီးမေးလ်သာ ပို့လိုက်ပါတယ်။ ဖုန်းဆက်ခ ကုန်မှာစိုးလို့ပါ။ အင်္ဂလန်မှာ ကြက်သားတစ်ကောင်မှ (၁) ပေါင်သာ ပေးရပါတယ်။ ဒါပေမဲ့ အဲဒီ (၁) ပေါင်တောင် ဝယ်မစားပါဘူး။

ကျနော့်အသိနှစ်ယောက်မှာ အကူအညီမရတဲ့ သူငယ်ချင်းက ကျနော်လာဖို့ ကြိုးစားတုန်းကသာ ဘာမှမကူညီတာ၊ ကျနော် ဗီဇာရတယ်လို့ ကြားတာနဲ့ သူ့အတွက် အစားအသောက်တွေ လှမ်းမှာပါတယ်။ သူ့အတွက် ယူပေးဖို့ ကျနော့်အတွက် အစားအသောက်တွေကို လျှော့ပြီး အိမ်မှာထားခဲ့တာကို ပြန်သတိရပါတယ်။ အစားအသောက်တွေကို မထားခဲ့မိရင် ကောင်းမှာပဲဆိုပြီး တွေးမိပါတယ်။

ကျနော့်ကို အစစအရာရာ ကူညီပေးပြီး အခု တစ်ခန်းတည်း အတူနေတဲ့ အကိုကတော့ အလုပ်အကိုင် အဆင်ပြေနေပါတယ်။ သူက ကျနော် စိတ်ဖိစီးမှုတွေ များနေတာတွေ့တော့ ကျနော့်ကို ပြောတဲ့စကားကို ယနေ့တိုင် မှတ်မိပါတယ်။

‘စိုးလေး မင်းဘာမှမပူနဲ့၊ မင်းငတ်ရင် ငါကျွေးထားမယ်’

လို့ ပြောပါတယ်။ကျနော် အလွန်စိတ်သောကရောက်နေလို့ စိတ်သက်သာအောင် ပြောတာမျိုးမဟုတ်ဘဲ တကယ်ကူညီဖို့ ပြောတာလို့ ကျနော် ယုံကြည်ပါတယ်။ နောင်နှစ်ပေါင်းများစွာ ပေါင်းသင်းခဲ့သော အတွေ့အကြုံအရ သူပြောတာ တကယ်ပြောတာလို့ ကျနော် ယုံကြည်ပါတယ်။

ဒါနဲ့ တစ်ရက်နှစ်ရက်လောက် ကြာတော့ အဲဒီအိမ်မှာနေတဲ့ ပုတီး ဆိုတဲ့လူနဲ့ စရင်းနှီးလာပါတယ်။ သူ့မှာ နာမည်အရင်း ရှိပါတယ်... သူ့လက်မှာ ပုတီးအမြဲကိုင်ထားပြီး အလုပ်ရအောင် ပုတီးကြီး လှိမ့်စိတ်နေလို့ ‘ပုတီး’ ဆိုပြီး နာမည်ပြောင် ပေးထားတာပါ။

သူက သူလုပ်နေတဲ့ မြန်မာတွေ နေ့စားလုပ်နေတဲ့ အပေါ်မှာ ပြောခဲ့တဲ့ စက်ရုံ (Park House လို့ခေါ်ပါတယ်) မှာ အလုပ်ပြောပေးမယ်ဆိုပြီး manager Andy ကို ဖုန်းဆက်ပေးပါတယ်။ ဒီမကောင်းတဲ့ အလုပ်တောင် ပြောပေးမှ ရတာပါ။ Andy က ခေါ်ခဲ့ဆိုပြီး ခွင့်ပြုလို့ နောက်နေ့ လိုက်သွားပြီး လုပ်ပါတယ်။

အင်မတန် ဆိုးရွားတဲ့နေရာ ဖြစ်ပါတယ်။ DVD တွေကို ပါကင်ထုတ်ရတဲ့ စက်ရုံပါ။ အဲဒီဆိုးတဲ့ အလုပ်ကိုပဲ လုနေကြတာ တွေ့ရပါတယ်။ Andy ခေါ်ခံရတဲ့သူတွေဟာ စက်ရုံရှေ့မှာ မနက်အစောကြီး သွားစောင့်ရပါတယ်။ အဲဒီထဲကမှ Andy က သူခေါ်ချင်တဲ့သူကို ခေါ်ပါတယ်။ Andy မခေါ်တဲ့သူ အိမ်ပြန်ရပါတယ်။

Andy က ဘယ်လိုလူတွေကို ခေါ်လဲဆိုရင် သူခေါ်တိုင်း လာတဲ့သူကို ဦးစားပေး ခေါ်ပါတယ်။ တစ်ခါတစ်ရံ အလုပ်ကျရင် စက်ရုံက တစ်ပတ် (၇) ရက်၊ လနဲ့ချီပြီး အလုပ်ရှိပါတယ်။ တစ်ပတ် (၇) ရက် Andy က ခေါ်ပေမဲ့ တစ်ရက်လောက် နားချင်လို့ ငြင်းလိုက်ရင် နောက်နေ့ အဲဒီလူကို မခေါ်တော့ပါဘူး။ ဒါကြောင့် လူတွေက နားချင်ရင်တောင် မနားရဲကြပါဘူး။

တစ်အိမ်တည်း အတူနေတဲ့ ကောင်မလေးဆို မငြင်းရဲလို့ တောက်လျှောက်လုပ်တာ အိမ်သာမသွားတာ ကြာတော့ အိမ်သာ မသွားနိုင်တော့လို့ ဆေးရုံကားခေါ်ပြီး ဆေးရုံတင်ရပါတယ်။ အလုပ်ချိန်က တစ်ရက်ကို (၁၂) နာရီပါ။ ညဆိုင်းဆက်ဆင်းပြီး (၂၄) နာရီ လုပ်တဲ့သူတွေလည်း ရှိပါတယ်။ အထဲမှာ (၁၂) နာရီလုံးလုံးကို မရပ်မနား conveyor belt ပေါ်မှာ လည်ပြီးရောက်လာတဲ့ DVD တွေ ပါကင်ထုတ်ရတာပါ။

Line In-charge တွေရှိပါတယ်။ အမဲမတွေဖြစ်ပြီး တစ်ချိန်လုံး မြန်မြန်လုပ်ဖို့ တွန်းအားပေးနေပါတယ်။ ဒီမိုကရေစီနိုင်ငံမှာ ထိပ်ဆုံးကပါတဲ့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့လယ်ခေါင်မှာ ဒီလိုအလုပ်ရုံမျိုး ရှိတာ မယုံနိုင်စရာပါ။ အင်မတန် ပင်ပန်းပါတယ်။ စက်ရုံတစ်ရုံလုံးနီးပါး မြန်မာတွေချည်းပါ။ ဒါနဲ့ "မဖြစ်ဘူး၊ အလုပ်ရအောင် ရှာမှဖြစ်မယ်" ဆိုပြီး Park House အလုပ်နားတဲ့ ရက်တွေမှာ အလုပ်ရှာပါတယ်။

ရှာတဲ့ပုံစံကတော့ မြန်မာပြည်မှာ သံရုံးအဝမှာ စောင့်တဲ့နည်းကိုပဲ သုံးပါတယ်။ အလုပ်ရှာတဲ့နေရာကို Job Centre လို့ ခေါ်ပါတယ်။ Job Centre ကို နေ့တိုင်း ထမင်းချိုင့်နဲ့ သွားပါတယ်။ ကြာတော့ Job Centre က ဝန်ထမ်းတွေပါ ကိုကို့ကို သိလာပါတယ်။ "အလုပ်မရသေးဘူးလား" ဆိုပြီး မေးတဲ့အထိကို သွားတာပါ။ Job Centre က ဝန်ထမ်းတွေ Job Centre ဖွင့်တဲ့အချိန် သူတို့နဲ့အတူ ကျနော် ရောက်နေပါပြီ။

အဲလိုလုပ်လိုက်တာ မကြာခင် အလုပ်တွေ ရကုန်ပါတယ်။ အလုပ်တွေလို့ ပြောတာက အလုပ် (၃) ခု လုပ်ရတာကို ပြောတာပါ။ အလုပ်ရှာတဲ့အခါ တနင်္လာကနေ သောကြာကို ပုံမှန်ရုံးချိန် အလုပ်တစ်ခု၊ စနေ၊ တနင်္ဂနွေ တစ်ခု၊ ညနေပိုင်း အလုပ်တစ်ခုပါ။ အားချိန်မရှိအောင် အလုပ်တွေနဲ့ ဖြည့်တာပါ။ ဒါမှ ပိုက်ဆံ အိမ်ပို့နိုင်မှာပါ။

အိမ်မှာ အတူနေတဲ့သူတွေအကုန် အံ့ဩကုန်ပြီး "ဘယ်လိုလုပ်လဲ" လို့ မေးကြပါတော့တယ်။ သူတို့နဲ့ ကျနော် ကွာတာ နှစ်ခုသာ ရှိပါတယ်။ တစ်ခုက သူတို့က တစ်ပတ်ကို တစ်ရက်လောက်သာ အလုပ်ထွက်ရှာပြီး ကျနော်က အလုပ်မရမချင်း နေ့စဉ် ထွက်ရှာတာပါ။

နောက်တစ်ခုကတော့ သူတို့က Park House လို မကောင်းတဲ့နေရာကတောင် ရုံးမထွက်ချင်ပါဘူး... ကျနော်က လွတ်မြောက်ချင်ပါတယ်။ ကျနော်က ပိုတော်လို့ လုံးဝမဟုတ်ပါဘူး။ အဲဒီနေ့ကစလို့ ကျနော့်ကို သူတို့ နာမည်ပြောင်းပြီး ခေါ်ပါတယ်။ ‘ခိုင်’ လို့ ဆိုပြီး ‘မောင်ခိုင်’ ဆိုပြီး စခေါ်ကြပါတယ်။

မြန်မာပြည်မှာ နေတုန်းက ကျနော်ဟာ တစ်လတစ်ကြိမ် အာသီးရောင်ပြီး ဖျားတဲ့သူပါ။ ကျန်းမာရေး သိပ်မကောင်းပါဘူး။ အိမ်က မချမ်းသာသော်လည်း မိဘနဲ့ အမများက ခြေမွေးမီးမလောင် လက်မွေးမီးမလောင်အောင် စောင့်ရှောက်ထားတာပါ။ ထမင်းစားပြီးတောင် ပန်းကန် ဆေးစရာမလိုပါဘူး။

အင်္ဂလန်ရောက်ပြီး တစ်ပတ် (၇) ရက် အလုပ်လုပ်တဲ့အခါ ခက်ခဲခဲ့ပေမဲ့ နေမကောင်း လုံးဝ မဖြစ်တော့ပါဘူး။ ကျန်းမာရေးဟာ သာမန်လူငယ်တစ်ယောက်လို ဖြစ်သွားပါတယ်။ အလုပ်လုပ်ရင် ကျန်းမာရေးကောင်းစေမယ်လို့ စောစောက မသိခဲ့ပါဘူး။ သူများတွေပြောတာ "အလုပ်သိပ်မလုပ်နဲ့၊ ကျန်းမာရေးထိခိုက်မယ်" လို့ပဲ ကြားဖူးပါတယ်။ အခုတော့ ပြောင်းပြန်ဖြစ်နေတာကို တွေ့ရပါတယ်။

အမှန်တော့ အလုပ်က လူကို ကျန်းမာရေးထိခိုက်စေတာ မဟုတ်ပါဘူး။ စိတ်ဖိစီးမှုကသာ လူကို ကျန်းမာရေးထိခိုက်စေတာပါ။ ဒါကြောင့် မြန်မာပြည်ပြန်လာပြီးလည်း တစ်ပတ် (၇) ရက် အလုပ်လုပ်တာကို မရပ်ပါဘူး။ သူများတွေကိုလည်း ‘အလုပ်က လူကို ကျန်းမာရေးထိခိုက်စေတယ်’ ဆိုတဲ့ မှားယွင်းတဲ့ အယူအဆကို မယုံဖို့ အမြဲပြောဖြစ်ပါတယ်။ သို့သော် ယုံသူတော့ နည်းပါတယ်။

တော်တဲ့သူ၊ ဉာဏ်ကောင်းတဲ့သူနဲ့ သာမန်ဉာဏ်လောက်ရှိတဲ့သူ နှစ်ဦး ဘယ်သူအောင်မြင်မလဲလို့ မေးရင် တော်တဲ့သူ၊ ဉာဏ်ကောင်းတဲ့သူက အောင်မြင်မယ်လို့ ဖြေကြမှာပါ။ မှန်ပါတယ်။ တော်တော့တော်တယ်၊ အခက်အခဲတွေ့ရင် နောက်ဆုတ်တတ်တဲ့သူဆိုရင်ရော၊ တော်ပြီး ရည်မှန်းချက်မရှိတဲ့သူဆိုရင်ရော၊ တော်ပြီး ဇွဲမရှိတဲ့သူဆိုရင်ရော အောင်မြင်နိုင်ပါ့မလား?

အောင်မြင်ဖို့အတွက် အရေးကြီးတာက လုပ်ရင်ဖြစ်တယ်ဆိုတဲ့ အကောင်းမြင်တဲ့စိတ်၊ အောင်မြင်ချင်တဲ့စိတ်၊ အခက်အခဲရှိပေမဲ့ ဇွဲမလျှော့ဘဲ ကြိုးစားတဲ့စိတ်တွေသာ ဖြစ်ပါတယ်။ ဒီစိတ်တွေလည်း ရှိတယ်၊ ဉာဏ်လည်းကောင်းတယ်၊ တော်လည်းတော်တယ်ဆိုရင်တော့ ပိုကောင်းတာပေါ့ဗျာ...

ပါသွားတဲ့ ပိုက်ဆံမကုန်ခင်မှာပဲ အားလုံးအဆင်ပြေခဲ့ပြီး သက်စောင့်ယူသွားတဲ့ တစ်ဒေါ်လာကိုလည်း ဘယ်တော့မှ သုံးစရာမလိုခဲ့ပါဘူး... မြန်မာပြည် အပြီးပြန်လာတဲ့အခါ ပြန်ယူလာခဲ့ပြီး အမှတ်တရအဖြစ် ဘောင်ခတ်ပြီး သိမ်းထားပါတယ်။ တစ်ဒေါ်လာ ဇာတ်လမ်းလေး ဒီမှာပဲ အဆုံးသတ်လိုက်ပါမယ်။

အင်္ဂလန်မှာ အပြီးနေလို့ရပါရက်နဲ့ ဘာလို့ မြန်မာပြည် ပြန်လာရလဲဆိုတာကို အလျင်းသင့်ရင် နိုင်ငံနှစ်ခု နှိုင်းယှဉ်သုံးသပ်ပြီး ရေးသားမျှဝေပေးပါဦးမယ်။

Soe Win Khine
GTRD Consulting

ဒီလိုမျိုး ထိရောက်တဲ့ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှု အယူအဆတွေကို အသေးစိတ် လေ့လာချင်တယ်ဆိုရင်တော့ "GRTD Leadership Approach" စာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်။

#စီအီးအိုများအတွက်_စီမံခန့်ခွဲမှုဆိုင်ရာ_လက်စွဲစာအုပ်
GRTD_Leadeleadership_စာအုပ်ဝယ်ယူရန် -

https://www.facebook.com/share/p/18nFZFtHCV/


 #ပိုက်ဆံမရှိဘဲ_အင်္ဂလန်နိုင်ငံမှာ_ဘယ်လို_ကျောင်းသွားတက်ခဲ့လဲ? (၁)ပိုက်ဆံမရှိဘဲ အင်္ဂလန်နိုင်ငံ သွားခဲ့တဲ့အကြောင်း ပြန်ပ...
11/08/2026

#ပိုက်ဆံမရှိဘဲ_အင်္ဂလန်နိုင်ငံမှာ_ဘယ်လို_ကျောင်းသွားတက်ခဲ့လဲ? (၁)

ပိုက်ဆံမရှိဘဲ အင်္ဂလန်နိုင်ငံ သွားခဲ့တဲ့အကြောင်း ပြန်ပြောတဲ့အခါ ကြားရတဲ့သူ အချို့က “ဟင်ခနဲ ဟာခနဲ” ဖြစ်တတ်ကြပါတယ်... အချို့လည်း အတော် မိုက်ရူးရဲဆန်တာပဲဆိုပြီး ပြောတဲ့သူတွေလည်း ရှိပါတယ်။

“ဟင်ခနဲ ဟာခနဲ” ဖြစ်တဲ့သူတွေက "ငါတို့တောင် မန္တလေးလိုနေရာမျိုး အိတ်ကပ်ထဲ သုံးလေးသိန်းမပါဘဲ မသွားရဲဘူး... သူက အင်္ဂလန်နိုင်ငံကို ဒီလိုသွားရဲတာ သိပ်တော်တာပဲ" လို့ ချီးကျူးကြပါတယ်။မိုက်ရူးရဲဆန်တယ်လို့ ပြောတဲ့သူတွေကလည်း "ကံကောင်းလို့၊ မဟုတ်ရင် သူများနိုင်ငံမှာ ခွေးဖြစ်မှာ" ဆိုပြီး ပြောကြပါတယ်။

ဟုတ်ပါတယ်... သူဌေးဖြစ်၊ ခွေးဖြစ် လုပ်ခဲ့ပုံလေး ပြန်ပြီးပြောပြပေးချင်ပါတယ်။ လေ့လာသင်ယူစရာ သင်ခန်းစာတွေ အများကြီး ပါဝင်နေပါတယ်။

အရင် post တွေမှာ ကျနော်ရေးခဲ့သလို ဆယ်တန်းအောင်ပြီး ဆရာဦးမြကြိုင်ဆီမှာ အင်္ဂလိပ်စာ တက်ပါတယ်။ ဆရာက အင်္ဂလိပ်စာသင်တယ်ဆိုပေမဲ့ motivation တွေလည်း ထည့်ထည့်ပေးပါတယ်… သူကြိုးစားခဲ့ပုံတွေကိုလည်း ပြောပြလေ့ရှိတော့ confidence တွေ တိုးလာပါတယ်။

မကြာခင်မှာပဲ ကြီးပွားချင်တဲ့စိတ်တွေဟာ အမြင့်ဆုံးအနေအထားကို ရောက်ရှိနေပါပြီ။ ဒါနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုပြီး ထင်းအစားထိုး လောင်စာတောင့်စက်ရုံထောင်ပြီး စလုပ်ပါတယ်။ ဒါနဲ့ပတ်သက်တဲ့ အတွေ့အကြုံကို post (၃) ခု ရေးထားတာရှိပါတယ်... အောက်ဘက်မှာ link ထည့်ပေးထားပါတယ်။တစ်ချိန်တည်းမှာပဲ LCCI အိမ်လိုက်သင်ပါတယ်။

တကယ်ဆို LCCI အိမ်လိုက်သင်တာဟာ တစ်နေကုန် နေရာပေါင်းစုံကို bus ကားစီးပြီး သွားရတာမို့လို့ အရမ်းပင်ပန်းပါတယ်။ ၂၀၀၃ လောက်က bus ကားဆိုတာက အသက်ရှူရကျပ်လောက်အောင် တိုးကြိတ်စီး/တွယ်စီးရတာပါ။ စာသင်ကပြန်လာရင် စက်ရုံထဲဝင်အလုပ်လုပ်၊ လောင်စာတောင့်ကို စက်ဘီးနင်းပို့နဲ့ အတော်ကို ပင်ပန်းနေပါပြီ... သို့သော် ဒီနှစ်လုပ်နဲ့ မတင်းတိမ်နိုင်ပါ... တခြားဘာလုပ်လို့ရဦးမလဲဆိုပြီး အမြဲ စုံစမ်းမေးမြန်းနေပါသေးတယ်။

တစ်နေ့မှာ သတင်းတစ်ခု ကြားပါတယ်။ အဲဒါကတော့ ကျနော်တို့ သင်တန်းအတူတက်ခဲ့တဲ့ အသိနှစ်ယောက် အင်္ဂလန်နိုင်ငံ သွားဖို့လုပ်နေတယ်ဆိုပြီး သတင်းကြားပါတယ်။ အခွင့်အရေးကို အမြဲချောင်းနေတဲ့ ကျနော်က ဒီလိုစဉ်းစားပါတယ်။

"ထိုင်းလိုနေရာကိုတော့ ပိုက်ဆံမရှိဘဲ သွားလို့ရတယ်... အင်္ဂလန်နိုင်ငံလို နိုင်ငံကိုသွားရင် ပိုက်ဆံ အရမ်းကုန်တယ်... အင်္ဂလန်ဆိုတာ ချမ်းသာတဲ့သူတွေ သူတို့ရဲ့ သားသမီးတွေကို ပို့တဲ့နေရာပဲ... အခုသွားဖို့ လုပ်နေတဲ့ ငါ့အသိနှစ်ယောက်က ငါလိုပဲ သူတို့မိဘတွေ မချမ်းသာကြဘူး... သူတို့ ပိုက်ဆံမရှိတာ သေချာတယ်... သူတို့ အခုသွားဖို့လုပ်နေတယ်ဆိုရင် ပိုက်ဆံမကုန်ဘဲ သွားလို့ရတဲ့ နည်းလမ်းရှိလို့ပဲနေမှာ... ငါ သူတို့နဲ့ သွားတွေ့မယ်... ဘယ်လိုလုပ်လဲလို့ မေးမယ်"

တစ်ယောက်က သက်တူရွယ်တူပါ... ခင်ပါတယ်... တစ်တွဲတွဲနေတဲ့သူပါ... တစ်ယောက်ကတော့ ကျနော့်ထက် (၁၀) နှစ်လောက် ကြီးပါတယ်။ ကျနော့်အကို တစ်ဝမ်းကွဲနဲ့က တစ်တွဲတွဲနေတဲ့သူပါ။ ကျနော်နဲ့က မေးတူးခေါ်ပြောလောက်သာ ရှိပါတယ်။

သို့သော် ကိုယ်သိချင်တာ သိရဖို့အတွက် အတင်းလိုက်ခေါ်ပြီး မေးရမယ်ဆိုတာ နားလည်ထားပါတယ်။ ကိုယ်နဲ့ ရွယ်တူတစ်ယောက်ကို အရင်မေးတော့ သူ့ဦးလေးက ဆောက်လုပ်ရေးလုပ်တော့ ချမ်းသာတယ်... သူ့ဦးလေး sponsor လုပ်ပေးတာလို့ ခပ်ပြတ်ပြတ်ပဲ ပြောပါတယ်။

သူ့ဦးလေး sponsor လုပ်ပေးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သူက ကျနော့်ကို သူသိတာ ကျနော်သိသွားမှာ စိုးရိမ်တဲ့ပုံ ပေါက်ပါတယ်... ဒီကိစ္စနဲ့ပတ်သက်ပြီး စကားသိပ်ပြောချင်ပုံ မပေါ်ပါဘူး။ သူဟာ မိတ်ဆွေကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာ နောက်ပိုင်း နှစ်ပေါင်းများစွာ ဆက်ဆံပြီးမှ သိခဲ့ရပါတယ်။

ဒါပေမဲ့ သူပြောတဲ့စကားကို နားထောင်ပြီး နောက်ဆုတ်သွားတာမျိုး မရှိပါဘူး။ သိပ်မရင်းနှီးတဲ့ အကိုကြီးကို သွားမေးပါတယ်။ အဲဒီအကိုက ပထမတော့ အင်တင်တင် လုပ်နေပါတယ်။ နယ်က သူ့အမေက ပိုက်ဆံပို့ပေးလို့ သွားရသလိုလို ပြောပါတယ်။ ဒါပေမဲ့ သူ စကားပြောပုံကြည့်ပြီး "ငါ့ကို အကုန်မပြောချင်လို့နေမယ်... သူ့မှာ ပိုက်ဆံမကုန်ဘဲ သွားလို့ရတဲ့ နည်းလမ်း သေချာပေါက်ရှိတယ်" လို့ ယုံကြည်လာပါတယ်။

ဒါကြောင့်မို့ ကျနော် အလျှော့မပေးပါဘူး။ မေးခွန်းအမျိုးမျိုး မေးပါတယ်။ မိမိဘက်က စိတ်အားထက်သန်မှု၊ သူ့အပေါ် ကျေးဇူးသိတတ်မှု၊ လေးစားမှု ပြပါတယ်။ တကယ်လည်း လေးစားပါတယ်။ သူဟာ အလွန်တော်တဲ့သူတစ်ယောက်ဖြစ်ပြီး အင်္ဂလိပ်စာတောင် ပြန်သင်နေတဲ့သူပါ။ ကျနော် အင်္ဂလန်ရောက်ဖို့ အဓိက ကျေးဇူးတင်ရမဲ့သူထဲမှာ သူပါပါတယ်။ စိတ်ထားကောင်းပြီး အင်မတန် ကူညီတတ်တဲ့သူဆိုတာ နောက်ပိုင်း အင်္ဂလန်ရောက်ပြီး အဖြစ်အပျက်တွေအရ သိရပါတယ်။

သူ့အနေနဲ့ ကျနော့်ရဲ့ ရိုးသားကြိုးစားမှုကို သဘောကျတယ်ထင်ပါတယ်... "ပိုက်ဆံမရှိဘဲ သွားလို့ရတယ်" လို့ စပြောပါတော့တယ်။ ကိုယ့်နားတောင် ကိုယ်မယုံနိုင် ဖြစ်ရပါတယ်။ အဲဒီအချိန်က ကျနော်ဟာ အင်္ဂလိပ်စာပေအပေါ် ရူးသွပ်နေပြီး အင်္ဂလန်နိုင်ငံကြီးကို အထင်ကြီးနေတာပါ... ဒါနဲ့ အသေးစိတ် ပြောပြပေးဖို့နဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြပေးဖို့ သူနဲ့ ချိန်းပါတယ်။

ချိန်းတဲ့နေ့မှာ ကျနော် သူငှားနေတဲ့ တိုက်ခန်းကို သွားပါတယ်။ ဒါပေမဲ့ သော့ခတ်ထားတာကိုသာ တွေ့ပြီး ပြန်လာခဲ့ရပါတယ်။ သူ ချိန်းထားတာမေ့ပြီး တစ်နေရာ သွားနေတာများလားလို့ တွေးမိပါတယ်။ ဒါပေမဲ့ သူရှိတဲ့နေရာကို ကျနော် သိပါတယ်။ Go Show Store အနောက်မှာရှိတဲ့ ဆရာဦးမြကြိုင်ကျောင်းမှာ သူ စာသင်ပေးရတဲ့ အချိန်ရှိပါတယ်။ နောက်နေ့ အဲဒီမှာ သွားရှာပါတယ်။ တွေ့တော့ ထပ်ချိန်းပါတယ်။

ချိန်းတဲ့နေ့မှာ သွားတွေ့ပါတယ်။ ဒါပေမဲ့ အရင်တစ်ခေါက်လိုပဲ အခန်းသော့ခတ်ထားတာကို တွေ့ရပါတယ်။ နှစ်ခါရှိပြီဖြစ်လို့ "သူ အသေးစိတ် မပြောပြချင်လို့ ငါ့ကို ရှောင်နေတာလား" လို့ တွေးလာပါတယ်။ ဒါပေမဲ့ ကျနော့်ဘက်က စိတ်လည်းမဆိုးသလို ဇွဲလည်းမလျှော့ပါဘူး... အရင်တစ်ခေါက်လိုပဲ သွားတွေ့ပြီး ထပ်ချိန်းပါတယ်။

(၃) ခါလောက်ဆိုတော့ သူ အားနာလာပါတယ်။ သုံးခေါက်မြောက်မှာ သူ ကျနော့်ကို လက်ခံတွေ့ဆုံပါတယ်။ သူ ကျနော့်ကို သူ့ရဲ့ စာရွက်စာတမ်းတွေနဲ့ လုပ်နည်းအချို့ ပြောပြလိုက်ပါတယ်။ ဒီလောက် လုပ်ပေးတာနဲ့တင် ကျေးဇူးများနေပါပြီ။

နိုင်ငံခြားသွားဖို့ လုပ်ရတဲ့ အဆင့်ဆင့်နဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေဟာ အလွန်ရှုပ်ထွေးတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် ပွဲစားနဲ့ လုပ်ကြတာ များပါတယ်။ ၂၀၀၃/၄ ဝန်းကျင်ဆိုတာ ဖုန်းဆက်ချင်ရင် လမ်းဘေးက ဖုန်းကို ဆက်ရတဲ့ခေတ်ပါ။

Email စပေါ်နေပြီဖြစ်ပေမဲ့ အခုခေတ်လို Facebook group တွေကနေလည်း မေးလို့မရပါဘူး၊ YouTube ဆိုတာလည်း မရှိပါဘူး။ အင်္ဂလန်နိုင်ငံဆိုတာကို James Bond ကားထဲမှာသာ မြင်ဖူးတာပါ။

အင်္ဂလန်သွားချင်ရင် လုပ်ပေးတဲ့ ပွဲစားတွေ ရှိပါတယ်။ ပွဲစားကိုအပ်ရင် သိန်း (၆၀) ဝန်ဆောင်ခ ပေးရပါတယ်။ ဘာတွေလုပ်ပေးလဲဆိုရင် ကျောင်းအပ်ပေးတယ်၊ စာရွက်စာတမ်းတွေ ပြပေးတယ်၊ ဟိုဘက်မှာ လာကြိုပေးတယ်၊ ဟိုဘက်မှာ နေစရာ ရှာပေးတယ်၊ အချို့လည်း အလုပ်ရှာပေးတယ်၊ လုပ်လို့မရတာတွေကို ခွကျော်တဲ့နည်း ပြပေးတယ် စသည်ဖြင့် လုပ်ပေးပါတယ်။

လုပ်ငန်းလိုင်စင် ပြရတယ်။ အခွန်စာရွက်တွေ ပြရတယ်။ အိမ်၊ ကား စတဲ့ ပိုင်ဆိုင်မှုတွေ ပြရတယ်။ အင်္ဂလန်မှာနေရင် နေစရိတ်စားစရိတ် တတ်နိုင်ပါတယ်ဆိုတာကို ပြဖို့အတွက် ဘဏ်ထဲမှာ ပိုက်ဆံ သိန်းရာချီ ထည့်ပြရပါတယ်။ ဆိုလိုတာက သူဌေးကြီးက သူ့သားကို ကျောင်းသွားတက်ဖို့ sponsor လုပ်ပေးတယ်ဆိုတဲ့ ရုပ်ပေါက်အောင် စာရွက်စာတမ်း တင်ရပါတယ်။

ကျနော်က ပွဲစားခ မတတ်နိုင်တဲ့သူပါ။ အဲတော့ အထက်ကပြောတာတွေအကုန် ဘယ်လိုလုပ်ရပါ့မလဲ... အခု သူပြောလို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ သိတယ်ဆိုရင်တောင် ကျနော့်မှာ အဲဒါတွေ မရှိပါဘူး။ ပြစရာ လုပ်ငန်းလည်း မရှိပါဘူး။ အခွန်ဆောင်တယ်ဆိုတာ ဘာလဲဆိုတာလည်း မသိပါဘူး။

ပြစရာ အိမ်တွေ၊ ကားတွေလည်း မရှိပါဘူး။ ဘဏ်ထဲမှာ သိန်းရာချီလည်း မရှိပါဘူး... ကျနော့်အဖေ တစ်သက်လုံး စုဆောင်းထားတဲ့ ငွေ သိန်း (၃၀) လောက်သာ ရှိပါတယ်။ ဒါဟာလည်း ငွေသား မဟုတ်ပါဘူး။ ရှိသမျှ ပစ္စည်းတွေ အကုန်ရောင်းရမှာပါ။

ဗီဇာဝင်ဖို့လိုတဲ့ စာရွက်စာတမ်းတွေဟာ များပြားလှပါတယ်။ ဘေးဥ အစရှာမရ... ဘယ်ကနေ စလုပ်ရမလဲ၊ ဘယ်သူ့ဆီ သွားရမလဲဆိုတာ မသိပါဘူး။ ကျနော့်အတွက်တော့ တကယ့်ကို ရှုပ်ထွေးလှတဲ့ ဝန်ထုတ်ဝန်ပိုးကြီးပါ။

ကျနော့်အသိအကို ကျနော့်ကို မပြောပြချင်ရတဲ့ အကြောင်းကတော့ သူက ပွဲစားနဲ့ လုပ်ထားတာပါ။ ကျနော်က သူ့ဦးနှောက်ကို ဖောက်စားသလို ပွဲစားခ မကုန်ဘဲ သိသွားမှာဆိုတော့ သူသူကိုယ်ကိုယ် ဘယ်ပြချင်မလဲ... ကျေးဇူးတောင် မတင်တဲ့သူတွေ အများကြီးရှိတယ် မဟုတ်လား... သူ့ဘက်ကကြည့်ရင် မမှားပါဘူး။

တစ်ဖက်မှာက ကျနော်က ပွဲစားခ မတတ်နိုင်ပါဘူး။ ပွဲစားမရှိဘဲ ပွဲစားလုပ်ပေးမဲ့ ဝန်ဆောင်မှုတွေ ဘယ်သူက လုပ်ပေးမလဲဆိုတဲ့ မေးခွန်းက ကျနော် ဖြေရမှာပါ။ ဒါတွေက ကျနော် တက်ရမဲ့ တောင်တွေပါ... တက်ရမဲ့တောင်တွေက များလွန်းတော့ စိတ်တွေမောရပါတယ်။

မကြာခင်မှာ အသိအကိုလည်း အင်္ဂလန် ထွက်သွားပါပြီ... ထပ်မေးလို့ မရတော့ပါဘူး။ ဒါပေမဲ့ သူနဲ့ အဆက်အသွယ် မဖြတ်ပါဘူး။ စာရေးပါတယ်။ ဖုန်းဆက်ပါတယ်။ နိုင်ငံခြားကို ဖုန်းဆက်ရင် ဒေါ်လာနဲ့ ပေးရလို့ ဈေးကြီးပါတယ်။

#ဒါနဲ့အမျိုးမျိုး_ကြံဆရပါတယ်။

ကျနော့်စိတ်ထဲမှာ သူပြတဲ့ စာရွက်စာတမ်းတွေ သိပ်မစုံသေးဘူးလို့ ခံစားရပါတယ်။ နောက်ထပ် အရေးကြီးတာတစ်ခုလည်း ကျန်ပါသေးတယ်.. အဲဒါက visa interview ပါ.. interview မှာ မဖြေတတ်ရင် စာရွက်စာတမ်း ပြည့်စုံပေမဲ့ ဗီဇာ ငြင်းခံရမှာပါ။ ပိုက်ဆံတွေအကုန် သုံးပြီးမှ ဗီဇာ ငြင်းခံရရင် ကျနော်တင်မက တစ်မိသားစုလုံး ဒုက္ခရောက်မှာပါ။ လွဲချော်လို့ လုံးဝမရပါဘူး။

Interview မှာ မေးမဲ့မေးခွန်းကို ကြိုသိထားရင် အဖြေကို ကြိုစဉ်းစားထားလို့ရမှာ ဖြစ်တဲ့အတွက် interview မှာ မေးမဲ့မေးခွန်းကို သိအောင် လုပ်ရမှာဖြစ်ပါတယ်။

စာရွက်စာတမ်း အပြည့်အစုံ သိရဖို့နဲ့ interview မှာ မေးမဲ့မေးခွန်းကို သိအောင်လုပ်ဖို့အတွက် အသိ ၄/၅ ယောက်ကို လိုက်မေးတာထက် လူပေါင်းများစွာက ပြောတာကို သိမှ ပိုပြီး မှန်ကန်မှာလို့ စဉ်းစားပါတယ်။ အကုန်လုံး စွန့်ပြီး သွားရမှာမို့လို့ ဘယ်လိုမှ လွဲချော်လို့ မရပါဘူး။

ဒါနဲ့ အင်္ဂလန်သံရုံးမှာ သွားမေးမယ်ဆိုပြီး သံရုံး ဗီဇာဌာနထဲ ဝင်မေးပါတယ်။ ကောင်တာမှာ အလုပ်လုပ်နေတဲ့ ကောင်မလေးတွေက ‘ကြောင်’ နေလားဆိုပြီး မောင်းထုတ်လိုက်ပါတယ်။ ဒါနဲ့ နောက်တစ်မျိုး ကြံပါတယ်။

နောက်နေ့မှာ အိမ်ကို ထမင်းချိုင့် ထည့်ခိုင်းပြီး မနက်အစော သံရုံး ဗီဇာဌာနရှေ့ကို လာပါတယ်။ ဗီဇာဌာန ဝင်ပေါက်က ကမ်းနားလမ်းပေါ်မှာ ရှိပါတယ်။ သံရုံးရှေ့ လမ်းပေါ်မှာ သစ်ပင်ရှိပါတယ်။ အဲဒီသစ်ပင်မှာ အထိုင်ချပါတယ်။

အဲဒီနားမှာ နေ့စဉ် လူတွေရှိပါတယ်။ မိမိတို့ရဲ့ သား/သမီး ဗီဇာဝင်တာ လာစောင့်နေတဲ့ အမေတွေပါ။ အများစုက သူဌေးတွေပါ။ သူတို့တွေနဲ့ မိတ်ဖွဲ့ပါတယ်… ခင်အောင် လုပ်ပါတယ်... သိလိုတာ အကုန်မေးပါတယ်.. သူတို့သမီး interview က ထွက်လာတာနဲ့ အမေကြီးကပဲ "သမီးရေ၊ တစ်မနက်လုံး ဒီသားလေးက အဖော်လုပ်ပေးနေတာ" ဆိုပြီး မိတ်ဆက်ပေးပါတယ်။

အဲဒီမှာ ကျနော်က တင်တဲ့ စာရွက်စာတမ်းလေးတွေ ကြည့်ချင်လို့ပါ... interview မှာ မေးတဲ့ မေးခွန်းလေးတွေလည်း သိချင်ပါတယ် စသည်ဖြင့် မေးရပါတယ်။ သူတစ်ပါး ကိုယ်ရေးကိုယ်တာ/ပိုင်ဆိုင်မှု စာရွက်တွေ ကြည့်ဖို့ဆိုတာ မလွယ်ပါဘူး... အမေကြီးက "ပြပေးလိုက်ပါ သမီးရယ်" ဆိုတဲ့ ထောက်ခံမှုနဲ့ အများစုက ပြပေးပါတယ်။

သို့သော် သူဌေးတွေသာ ဖုန်း (smart phone မပေါ်သေး) ကိုင်တဲ့ခေတ်မှာ အခုခေတ်လို ပုံရိုက်လို့၊ အသံဖမ်းလို့ မရပါဘူး။ အားလုံးကို မျက်စိနဲ့ကြည့်ပြီး မှတ်ရပါတယ်။ ဘယ်နှစ်ယောက်ကို အဲလိုလုပ်သလဲဆိုတော့ တစ်နေကုန် လုပ်ပါတယ်။ ညနေမှ ပြန်တာပါ။

အဲဒီနေရာကို နေ့စဉ်နေ့တိုင်း သွားပြီး ဒါကိုပဲ နေ့တိုင်း လုပ်ပါတယ်။ တစ်လလောက် ကြာတော့ သံရုံးလုံခြုံရေးက ကျနော့်ကို "သား လာဦး" ဆိုပြီး ခေါ်ပြီး "မင်းကို ငါကြည့်နေတာ ကြာပြီ၊ ဒီနားမှာ နေလို့မရဘူး၊ နောက်နေ့လာရင် ရဲခေါ်မယ်" လို့ ပြောပါတယ်။

ကျနော်လည်း ဒေါသထွက်သွားပါတယ်။ ကျနော် နေတာဟာ ကမ်းနားလမ်းမပေါ်မှာပါ။ လမ်းပေါ်မှာ လူတိုင်း နေလို့ရပါတယ်။ ဒါပေမဲ့ ပြန်မငြင်းပါဘူး။ ဘာလို့ဆို "ငါ ဒီမှာ interview လာဝင်ရမှာ၊ စကားများလို့ မဖြစ်ဘူး" ဆိုပြီး ဘာမှ ပြန်မပြောခဲ့ပါဘူး။

အဲဒီတုန်းက UK က အီရတ်ကို အမေရိကန်နဲ့ပေါင်းပြီး သိမ်းပိုက်နေတဲ့ အချိန်ပါ။ အမှန်တော့ သံရုံးတစ်ခုကို ၎င်းနိုင်ငံကဲ့သို့ သဘောထားရမယ်ဆိုတဲ့ UN ဥပဒေအရ သူ့သံရုံးနေရာလေးကို အချုပ်အချာအာဏာ ပိုင်ဆိုင်တဲ့နေရာအဖြစ် သတ်မှတ်ပေးထားတဲ့အတွက် သံရုံးက ကျနော့်ကို ရဲခေါ်ပြီး ဖယ်ရှားလို့ ရပါတယ်။ အဲဒီတုန်းကတော့ မသိပါဘူး။ အခုမှ သိတာပါ။

ဒါပေမဲ့ နောက်နေ့မှာ ကျနော် လာပါတယ်။ အရင်နေရာမှာ မနေတော့ဘဲ အောက်ဘက် နှစ်လမ်းကျော်လောက်မှာ ကျနော် နေပါတယ်။ ဗီဇာဌာနက ထွက်လာပြီး စာတိုက်ဘက်သွားတဲ့ သူတွေကိုတော့ လွတ်သွားပါတယ်။ ကိုယ်ရှိတဲ့ဘက်ကို ဆင်းလာတဲ့သူတွေကိုတော့ မေးလို့ရပါတယ်။

မကြာပါဘူး... လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ interview မှာ မေးမဲ့ မေးခွန်းတွေ အကုန်သိပါပြီ.. အဲဒီနောက်မှာ စာရွက်စာတမ်းတွေ အကုန် လိုက်လုပ်ပါတယ်။ ရှည်မှာစိုးလို့ ခက်တဲ့ စာရွက်စာတမ်းတွေ ဘယ်လိုလုပ်သလဲဆိုတာကိုသာ ကွက်ပြောပြပါမယ်။

၂၀၀၃ မှာ လူတိုင်း ကားမပိုင်ပါဘူး... ကားဈေး အရမ်းကြီးပါတယ်။ အမေ့သူငယ်ချင်းဆီက owner book ခဏ ငှားလိုက်ပါတယ်။ ကျနော်တို့အိမ်က ဘာမှ တန်ဖိုးမရှိပါဘူး။ ဒါပေမဲ့ ရပ်ကွက်လူကြီးကို ဒီရပ်ကွက်မှာ ဒီအိမ်ရှိတယ်ဆိုတဲ့ ထောက်ခံစာ ရေးခိုင်းပြီး အိမ်တန်ဖိုးကိုပါ ကျနော်လိုချင်တဲ့ ပမာဏကို ထည့်ရေးခိုင်းလိုက်ပါတယ်။

အမှန်တော့ အိမ်တန်ဖိုးက ရပ်ကွက်လူကြီးနဲ့ မဆိုင်ပါဘူး... ရာဖြတ်ကို ငှားပြီး စာထုတ်ခိုင်းရတာပါ။ ရာဖြတ်ခေါ်ရင် ပိုက်ဆံကုန်မှာဖြစ်ပြီး တန်ဖိုးအမှန်ရရင် ကျနော့်အတွက် အဆင်မပြေပါဘူး။ ရပ်ကွက်လူကြီးကတော့ ကျနော် ထည့်ခိုင်းတဲ့ ပမာဏကို ထည့်ပေးပါတယ်။ ပမာဏကြီးကြီး ထည့်ခိုင်းတာ လုပ်ပေးပါတယ်။

အခွန်ကိုတော့ ကြိုတင်ခွန်ဆိုပြီး ဆောင်လိုက်ပါတယ်။ ကြိုတင်ခွန်ဆိုတာ အလုပ်အခုမှ စတဲ့သူတွေ ဆောင်တဲ့အခွန်ပါ.. သို့သော် သံရုံးအရာရှိက ဒါကို မသိလောက်ဘူးလို့ မှန်းဆပြီး လုပ်တာပါ။ အခက်ဆုံး စာရွက်စာတမ်းကတော့ ဘဏ်စာအုပ်ပါ။

ဘဏ်ကိစ္စကို ကျနော့်အသိအကို ပြောခဲ့တာပါ။ ဘဏ်ထဲကို ပိုက်ဆံ ဘယ်လိုထည့်ပြရမလဲဆိုတာကို သူ လွယ်လွယ် မပြောပါဘူး။ သို့သော် ကျနော်က ဇွဲကောင်းတာမို့ သူ ပြောပြပါတယ်။

သူ ပြောပြလို့သာ ယုံတောင် မယုံချင်ပါဘူး။ Myanmar Universal Bank က ဝန်ဆောင်မှု ပေးတယ်ဆိုပြီး မြို့ထဲက ဘဏ်ကို လွှတ်လိုက်ပါတယ်။ ဒါက တရားဝင်လား၊ မဝင်လားတော့ မသိပါဘူး။ ဘဏ်ကတော့ ပေါ်တင်ပဲ လုပ်တာပါ။ လုပ်ပုံလုပ်နည်းက ဒီလိုပါ။

ဘဏ်က ကျနော် ပြချင်တဲ့ ပိုက်ဆံကို ကျနော့်ဘဏ်မှာ ပြပေးပါတယ်။ စာအုပ်ပေါ်မှာ အဝင်ပြပေးပါတယ်။ ဒါပေမဲ့ ထုတ်သုံးလို့ မရပါဘူး။ ပြီးတော့ အဲဒီထည့်ပေးတဲ့ ငွေပေါ်မှာ ကျနော့်ကို စုငွေအဖြစ် အတိုးပေးပါတယ်။ "တယ်ဟုတ်ပါလား၊ ဘဏ်က ပိုက်ဆံလည်း ထည့်ပေးတယ်... အဲဒီအပေါ်မှာ အတိုးလည်း ပေးတယ်" ဆိုတော့ သိပ်ကို ဟန်ကျတာပဲ....

လောကမှာ ကျနော်တို့၊ ခင်ဗျားတို့ မသိသေးတာတွေ အများကြီး ရှိပါတယ်။ လူအတော်များများက သူတို့ရဲ့ ကမ္ဘာကျဉ်းကျဉ်းလေးတွေမှာ နေနေတာပါ.... ဒါကြောင့် ကိုယ့်ကမ္ဘာကို ကျယ်အောင် ချဲ့ဖို့ လိုပါတယ်။ ကိုယ့်ကမ္ဘာကို ကျယ်အောင် ချဲ့ချင်ရင် အလုပ်များများလုပ်ပါ။ လူများများနဲ့ တွေ့ပါ။

ဒီလိုပါ... ဘဏ်က ထည့်ပေးတဲ့ ပိုက်ဆံက ချေးငွေသဘောမျိုး ထုတ်ပေးတာဖြစ်ပြီး အဲဒီချေးငွေပေါ်မှာ ကျနော်က အတိုးပေးရပါတယ်။ ဆိုလိုတာက ကျနော်က အတိုး 8% ပေးရပြီး ပိုက်ဆံကို မသုံးဘဲ စုထားလို့ ဘဏ်က ကျနော့်ကို 5% အတိုးပေးတာမို့လို့ ကျနော်က ပိုက်ဆံပြပေးတဲ့ ပမာဏအပေါ်မှာ အသားတင် 3% သာ အတိုးပေးရပါတယ်။ အရမ်း အဆင်ပြေခဲ့ပါတယ်။ သံရုံးက လှမ်းမေးရင်လည်း ကျနော့်ငွေဖြစ်ကြောင်း ဖြေပေးမှာ ဖြစ်ပါတယ်။ မေးလည်း မေးတတ်ပါတယ်။

ဗီဇာရပြီးတော့ ဘဏ်မှာ ယူထားတဲ့ service သွားရပ်ပါတယ်။ သွားရပ်တော့ account ပါ တစ်ခါတည်းပိတ်ဖို့ လုပ်ပါတယ်။ အဲဒီမှာ ဘဏ်က မန်နေဂျာက မပိတ်ဘဲ ထားခဲ့ဖို့ အတင်းဆွယ်ပါတယ် (ဘဏ်ဘက်က account အရေအတွက် မလျော့ချင်တာပါ)။ ဒါပေမဲ့ ကျနော်က အတင်းပိတ်ပါတယ်။

အကြောင်းကတော့ ကျနော်ပြထားတဲ့ ပိုက်ဆံပေါ်မှာ ကျနော်က ဘဏ်ကို ၈% နဲ့ အတိုးပေးလိုက်ရပြီး ကျနော့်ကို ဘဏ်က ပေးရမဲ့ ၅% အတိုးကိုတော့ (၃) လပြည့်မှ ထည့်ပေးမှာဖြစ်လို့ပါ။ ကျနော်က ငွေလိုနေတဲ့သူပါ... အခုချက်ချင်းရမှ ဖြစ်မှာပါ။ ချက်ချင်းရချင်ရင် လုပ်လို့ရတာကတော့ စာရင်းပိတ်တဲ့ နည်းတစ်ခုသာ ရှိပါတယ်။ နိုင်ငံခြားသွားဖို့ ရှိသမျှငွေအကုန် သုံးဖို့လိုတဲ့ အတွက်ပါ။

ဗီဇာရဖို့အထိ လိုအပ်တဲ့ စာရွက်စာတမ်းလုပ်ခနဲ့ ကျောင်းလခသာ ကုန်ပါတယ်။ ကျောင်းလခက ၁၃၅၀ ပေါင်ပါ။ တစ်ပေါင်ကို ၂၁၀၀ လောက်ရှိတာမို့ (၂၈) သိန်း ကျောင်းလခသာ ကုန်ပါတယ်။ ကိုယ့်ဘာသာ အကုန်လိုက်လုပ်လို့ ဒီလောက်သာ ကုန်တာပါ။

(၂၈) သိန်း ဆိုပေမဲ့ အိမ်မှာရှိတာ အကုန်ရောင်းပြီး ပေးရတာပါ.... ဗီဇာသာ မရခဲ့ရင် တစ်အိမ်လုံး ဒုက္ခရောက်ဖို့ ရှိပါတယ်။ ဒီအတွက် မဖြစ်မနေ ဗီဇာရမှဖြစ်မယ်ဆိုတာကို ကျနော် နားလည်ထားပါတယ်။

စာရွက်စာတမ်း စုံအောင်လုပ်ပြီး သံရုံးတင်တဲ့အခါ ဘယ်သူမှ ဘယ်တုန်းကမှ မလုပ်ဖူးတဲ့ လုပ်ရပ်တစ်ခုကို ကျနော် လုပ်ပါတယ်။ အဲဒါကတော့ မိမိကို အင်တာဗျူးမဲ့ ကောင်စစ်ဝန် (counsellor) ကို လိပ်မူပြီးတော့ အင်တာဗျူးမှာ သူ မေးမဲ့ မေးခွန်းတွေ (သံရုံးရှေ့သွားနေထားလို့ သိပြီးသား) အားလုံးကို ဖြေထားတဲ့ covering letter တစ်စောင်ကို စီကာပတ်ကုံး ရေးသားပြီး လျှောက်လွှာနဲ့အတူ ထည့်ပေးလိုက်ပါတယ်။

ဒီစာဟာ ကောင်စစ်ဝန်ရဲ့ နှလုံးသားကို တိုက်ရိုက်ထိမှန်တယ်လို့ ကျနော် ထင်ပါတယ်။ အင်တာဗျူးမှာ တွေ့တဲ့အခါ ကျနော့်ကို အလွန်ချစ်ခင်စွာ ဆက်ဆံပါတယ်။ မေးခွန်းဆိုလို့ ဘယ်သူဘယ်ဝါဆိုတာ checking လိုက်တဲ့ မေးခွန်းကလွဲလို့ ကျန်တာ တစ်ခုပဲ မေးပါတယ်။ "ကျန်းမာရေးကောင်းလား" လို့ မေးပါတယ်။ ဘာလို့ဆို ကျနော်ဟာ ပိန်ပိန်သေးသေးလေးပါ.. ဖြူဖတ်ဖြူရောင်နဲ့ ကျန်းမာရေး သိပ်မကောင်းတဲ့သူပါ။

ဗီဇာပေးတဲ့အခါမှာ ဗီဇာသက်တမ်း ဘယ်လောက်ပေးမလဲဆိုတာကို ကောင်စစ်ဝန် ဆုံးဖြတ်တဲ့ပုံစံက သင်တန်းကာလက (၁) နှစ်ဆိုရင် ဗီဇာကို (၁) နှစ်နဲ့ (၂) လ ပေးပါတယ်။ (၂) လကတော့ အိမ်ပြန်ဖို့ ပြင်ဆင်ချိန်ပါ။ ဒါက လုပ်ရိုးလုပ်စဉ်ပါ။

အံ့ဩဖို့ကောင်းတာက ကောင်စစ်ဝန်က ကျနော့်ကို (၃) နှစ်နဲ့ (၆) လ ပေးလိုက်ပါတယ်။ "ဟိုရောက်လို့ တစ်နှစ်တစ်ခါ ဗီဇာတိုးရရင် ကျနော် အလုပ်ရှုပ်ရမှာစိုးလို့" လို့ ပြောလိုက်ပါတယ်။ ကျနော့်ကို လမ်းပြပေးတဲ့ အကိုဆို တစ်နှစ်နဲ့ နှစ်လပဲ ရပါတယ်။ (၃) နှစ်ကျော် ရဖူးတာ ဘယ်သူမှ မရှိပါဘူး။ လူတွေဟာ (၃) နှစ်နဲ့ (၆) လ ပေးတာကို ဘယ်လိုမှ မယုံနိုင် ဖြစ်ကြပါတယ်။

သူ ဖြစ်ချင်တဲ့ အိမ်မက်တွေကို ရိုးရိုးသားသားနဲ့ ရေးသားဖော်ပြထားတယ်၊ ငါ မေးမဲ့ မေးခွန်းတွေကိုလည်း မေးစရာမလိုအောင် ပြည့်စုံအောင် အကောင်းဆုံး ကြိုတင်ဖြေပေးထားတယ်... ကျန်းမာရေး သိပ်မကောင်းတဲ့ လူငယ်တစ်ယောက်ကို အရမ်းချစ်ခင်ပြီး အားပေးအားမြှောက် လုပ်ပေးချင်တဲ့ စိတ်နဲ့ ပေးတယ်လို့ ထင်ပါတယ်။ သူဟာ ပြုံးရွှင်နေပါတယ်။ သူဟာ အပေါက်ဆိုးတဲ့ ကောင်စစ်ဝန်ဆိုပြီး လူတွေသိထားတဲ့ အင်္ဂလိပ် အမျိုးသမီးကြီး တစ်ဦးဖြစ်ပါတယ်။

အခုအချိန်မှာ နိုင်ငံခြား အင်တာဗျူးဝင်မဲ့သူတွေကို ဒီလို cover letter ရေးဖို့အတွက် အကြံဉာဏ် ပေးကြပေမဲ့ အဲဒီအချိန်တုန်းက ဘယ်သူမှ မလုပ်ကြသေးတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။

ပထမသူငယ်ချင်းက သူ့ဦးလေး sponsor လုပ်ပေးတယ်လို့ ပြောတုန်းက "ငါ့မှာ သူ့လိုမှ sponsor မရှိတာ" ဆိုပြီး လက်လျှော့လိုက်ရင် နောက်တစ်ဆင့်ဖြစ်တဲ့ အသိအကိုကြီးကို သွားမေးတဲ့ အဆင့်ကို မရောက်တော့ပါ။

အကိုကြီးနဲ့ ချိန်းပြီး နှစ်ကြိမ် မတွေ့ရတာကို "သူ မပြောချင်လည်းနေ" ဆိုပြီး ‘မရှိမာန’ တက်ပြီး ထပ်သွားမတွေ့ခဲ့ရင် စာရွက်စာတမ်း လိုအပ်ချက်တွေ သိတဲ့အဆင့်ကို မရောက်ပါဘူး။

စာရွက်စာတမ်းတွေ မြင်ပြီး "အများကြီးပဲ၊ ငါ့မှာ ဘာစာရွက်စာတမ်းမှ မရှိဘူး... လုပ်လည်း မလုပ်တတ်ဘူး" ဆိုပြီး လက်လျှော့ခဲ့ရင်... လက်မလျှော့ရင်တောင် "ဘဏ်ထဲမှာ သိန်းရာချီပြီး ဘယ်သူက ပြပေးမလဲ" ဆိုပြီး လက်လျှော့ခဲ့ရင်....

"အိမ်တွေ၊ ကားတွေ ငါ့မှာမှ မရှိတာ ဘယ်လိုလုပ် သွားမလဲ" ဆိုပြီး လက်လျှော့ခဲ့ရင်...

စာရွက်စာတမ်းတွေ ပြည့်စုံအောင်သိရဖို့နဲ့ အင်တာဗျူးမေးခွန်းတွေကို ပြည့်စုံအောင်သိဖို့ သံရုံးရှေ့ နေ့စဉ် မသွားခဲ့ရင်...

သံရုံးကောင်တာက ဝန်ထမ်းနဲ့ လုံခြုံရေးက မောင်းထုတ်လို့ဆိုပြီး လက်လျှော့ခဲ့ရင်....

ဗီဇာရခဲ့ရင်တောင် "ငါ့မှာ ပိုက်ဆံမှ မရှိတာပဲ" လို့ တွေးခဲ့ရင်...

"အင်္ဂလန်နိုင်ငံဆိုတာ ပိုက်ဆံရှိတဲ့သူတွေသာ သွားတဲ့နေရာဖြစ်တယ်" လို့ စိတ်ကို ပိတ်ထားခဲ့ရင်...

အင်္ဂလန်နိုင်ငံဆိုတဲ့ နေရာကို ရောက်မှာ မဟုတ်ဘူးဆိုတာ စာဖတ်သူ မြင်နိုင်နေပြီလို့ ထင်ပါတယ်။

အခက်အခဲတွေက လူတွေကို တားဆီးထားပြီး အခက်အခဲတစ်ခုတွေ့တိုင်း တီးဆားနဲ့တို့သလို တွန့်ပြီး နောက်ဆုတ်ခဲ့ရင် အောင်မြင်မှာ မဟုတ်ပါဘူး။ အောင်မြင်ချင်တဲ့စိတ် ရှိတဲ့သူဟာ 'No' ကို လက်မခံပါဘူး။ 'No' ကို လက်မခံတဲ့သူတွေကို လူအများက လေးစားကြလို့ ကူညီတတ်ကြပါတယ်။

အရာအားလုံး ‘ရေကန်အသင့် ကြာအသင့်’ အဆင်သင့်ဆိုတာ ဘယ်မှာမှ မရှိဘူး။ လိုချင်တာရဖို့အတွက် အခက်အခဲကို ကြောက်လို့မရဘူး.. ရင်ဆိုင်ဖြတ်ကျော်ရပါမယ်။ ဒီလိုမရရင် ဟိုလို.. ဟိုလိုမရရင် ဒီလို ဉာဏ်နီဉာဏ်နက် သုံးပြီး လုပ်ဆောင်ရမယ်။ ဒါဟာ လိုချင်တာရအောင်လုပ်တဲ့ လျှို့ဝှက်ချက်ပါပဲ။

ခက်ခက်ခဲခဲ ကြိုးစားပြီး ဗီဇာရထားပေမဲ့ ထီပေါက်ပြီး ထီလက်မှတ် ပျောက်သလို လေယာဉ်လက်မှတ်ဖိုးနဲ့ သွားရင် ယူသွားဖို့ ပိုက်ဆံမရှိလို့ ဘယ်လို ကြံဆပြီး လုပ်ခဲ့ရပုံ.... တနည်းပြောရရင် ပုံထဲမှာတွေ့ရတဲ့ တစ်ဒေါ်လာ ဇာတ်လမ်းကို အပိုင်း (၂) မှာ ဆက်လက် ပြောပြပေးပါမယ်။

Soe Win Khine
GRTD Consulting

ဒီလိုမျိုး ထိရောက်တဲ့ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှု အယူအဆတွေကို အသေးစိတ် လေ့လာချင်တယ်ဆိုရင်တော့ "GRTD Leadership Approach" စာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်။

#စီအီးအိုများအတွက်_စီမံခန့်ခွဲမှုဆိုင်ရာ_လက်စွဲစာအုပ်
GRTD_Leadeleadership_စာအုပ်ဝယ်ယူရန် -

https://www.facebook.com/share/p/18nFZFtHCV/


Address

No (15/17), 8th Floor/B, Yangon/Insein Road, Hledan, Yangon
Yangon
11041

Telephone

+959740907838

Website

Alerts

Be the first to know and let us send you an email when GRTD Leadership - get the right things done posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to GRTD Leadership - get the right things done:

Shortcuts

Share