15/09/2021
-နားလည်တာကနားလည်တာပဲ၊ ဝမ်းနည်းတာကဝမ်းနည်းတာပဲ-
မြို့ထဲမှာ ငါတစ်ယောက်တည်း လမ်းလျှောက်တယ်
စိတ်ထဲကအသံဆိုတာကလည်း မြေအောက်မြောင်းထဲမှာစီးနေတဲ့ရေလိုပဲ
မင်းကိုတစ္ဆေခြောက်လို့မရ အိပ်မက်ပေးလို့မရ
မြို့ထဲမှာ ငါတစ်ယောက်တည်း လမ်းလျှောက်ဖြစ်တယ်
တစ်ယောက်ယောက်ကို တိုင်တည်လိုက်တိုင်း
ဝရန်တာဟာ ချောက်ချားစရာဖြစ်လာ
နားလည်တာက နားလည်တာပဲ
ဝမ်းနည်းတာက ဝမ်းနည်းတာပဲ
ဒီစကားကို ပြီးခဲ့တဲ့နှစ်ပတ်လောက်က
တစ်ယောက်ယောက်ကို လှမ်းပြောခဲ့မိလားမသိ
ညဘက်ရောက်ရင် ဝရန်တာတွေက ကြောက်စရာကောင်းလာ
ငါစကားဆယ်ခွန်းပြောလို့ ငါ့ကိုစကားတခွန်းပြန်မပြောလည်း
ငါနားလည်ပါတယ်
ဒါပေမယ့် နားလည်တာက နားလည်တာပဲ
ဝမ်းနည်းတာက ဝမ်းနည်းတာပဲ ဆိုပြီး
တိုက်ရှေ့က ဗာဒံပင်ကြီးရဲ့ရင်ခွင်ထဲ တိုးဝင်ပြီးသာ ငိုချင်လာ
ဆိုင်ဆိုင်မဆိုင်ဆိုင်
တစ်ယောက်ယောက်ကို တိုင်တည်ပြီး
တစ်ယောက်တည်း လမ်းလျှောက်ထွက်ရင်ကောင်းမလား
*တစ်ယောက်တည်းနေတဲ့အချိန် မိုးတွေရွာတော့ ပျင်းဖို့ကောင်းတာပေါ့
နားလည်တာက နားလည်တာပဲ
ဝမ်းနည်းတာက ဝမ်းနည်းတာပဲ
ဆိုင်ဆိုင်မဆိုင်ဆိုင်
တစ်ယောက်ယောက်ကို တိုင်တည်လိုက်ပြီး
ပန်းခြံထဲမှာ တစ်ယောက်တည်းပဲ ထိုင်နေရတာ ဝမ်းနည်းစရာကောင်းတယ်
ဒါပေမယ့် ဝမ်းနည်းတာက ဝမ်းနည်းတာပဲ
နားလည်တာက နားလည်တာပဲလို့
တစ်ယောက်ယောက်ကို တိုင်တည်လိုက်ပြီး
ပြောလို့ရရင်ကောင်းမယ်
အောင်ဆန်းဖုန်းဇော်