20/12/2021
သခင်ပြောခဲ့သော ပုံဥပမာများ
************************
အပိုင်း(၁)
ခရစ်တော်၌ တည်နေခြင်း
**********************
ယော ၊ ၁၅း ၁ - ၅
ငါသည်မှန်သောစပျစ်နွယ်ပင်ဖြစ်၏ ။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏ ။ ငါ၌အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏ ။ အသီးသီးသောအခက်ရှိသမျှတို့ကို သာ၍သီးစေခြင်းငှာ သုတ်သင်ရှင်းလင်းတော်မူ၏ ။ သင်တို့သည် ငါဟောပြောသောစကားအားဖြင့် ယခုပင်ရှင်းလင်းလျက်ရှိ၏ ။ ငါ၌တည်နေကြလော့ ။ ငါသည်လည်းသင်တို့၌တည်နေမည် ။ စပျစ်ခက်သည် အပင်၌မတည်လျှင် ကိုယ်အလိုအလျှောက်အသီးမသီးနိုင်သကဲ့သို့ သက်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ ။ ငါသည်စပျစ်နွယ်ပင်ဖြစ်၏ ။ သင်တို့သည်အခက်များဖြစ်ကြ၏ ။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း ထိုသူ၌တည်၏ ။ ထိုသူသည် များစွာသောအသီးကို သီးတတ်၏ ။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ ။
ထိုပုံဥပမာအားနားလည်ရန် စပျစ်ပင်တို့၏သဘောသဘာဝကို ကောင်းစွာနားလည်ရလိုသည် ။ အရှေ့အလယ်ပိုင်းဒေသ၌ ရှေးခေတ်ကာလကပင် စပျစ်သီးပင်များကို တွင်တွင်ကျယ်ကျယ်စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည် ။ ဣသရေလလူမျိုးတို့မရောက်မီကပင် ခါနန်ပြည်တွင် စပျစ်ပင်စိုက်ပျိုးခြင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သမ္မာကျမ်းစာ၌ မှတ်တမ်းတင်ထားသည် ( တော ၊ ၁၃း ၂၀ - ၂၄ ) ။ ထို့နောက် ဣသရေလလူမျိုးတို့ ခါနန်ပြည်သို့ ရောက်ရှိလာသောအခါ၌လည်း ဣသရေလလူမျိုးတို့သည်လည်း မိမိတို့၏အဓိကစိုက်ပျိုးရေးလုပ်ငန်းအဖြစ် စပျစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့သည် ( သူကြီး ၊ ၉း ၂၇ ။ ၁၄း ၅ ။ ၂၁း ၂၀ ) ။ ထို့ကြောင့် သခင်ယေရှုသည် လူအများသိရှနားလည်ပြီးဖြစ်သော စပျစ်ပင်ကို နမူဏာထား၍ ဤပုံဥပမာကို ဟောပြောခဲ့ခြင်းဖြစ်သည် ။
လူ့သမိုင်းတလျှောက်ကို လေ့လာကြည့်မည်ဆိုလျှင် ကမ္ဘာဦးအစ၌ပင်လျှင် စပျစ်သီးကိုစားယုံမက ၊ စပျစ်ရည်လုပ်နည်းကို ကောင်းစွာသိရှိနားလည်ကြပြီး ဖြစ်သည် ။ ရေလွှမ်းမိုးပြီးနောက် သင်္ဘောထဲမှထွက်ဆင်းလာပြီး နောဧသည်စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်သောအခါ စပျစ်ဥယျာဉ်စိုက်ပျိုးခြင်းဖြစ်ကြောင်း သမာကျမ်းစာ၌တွေ့ရမည်ဖြစ်သည် ( က ၊ ၉း ၂၀ ) ။ လူတို့သည် စပျစ်သီးကို အစိမ်းအဖြစ်၎င်း ၊ အခြောက်လှန်း၍၎င်း စားသောက်ယုံမက စပျစ်သီးများကိုနင်းချေလျက် စပျစ်ရည်အဖြစ် ရှေးမစွကပင် စားသောက်ခဲ့ကြသောကြောင့် ၊ လူတို့အတွက်အရေးပါသော စားသောက်ကုန်အဖြစ်တည်ရှိနေသည် ။
စပျစ်ရည်သည် ဓမ္မဟောင်းကာလနှင့် ဓမ္မသစ်ကာလများတွင် ဣသရေလလူအများသောက်သုံးသည့်အပြင် ဘုရားသခင်အားနေ့စဉ်ပူဇော်သက္ကာပြုသော အစားအသောက်တခုအဖြစ်တွေ့ရသည် ( ထွက် ၊ ၂၉း ၄၀ ။ ဝတ် ၊ ၂၃း ၁၃ ။ တရား ၊ ၁၈း ၃ - ၄ ။ သူကြီး ၊ ၁၉း ၁၉ ။ ယေ ၊ ၄၀း ၁၀ ။ မ ၊ ၁၁း ၁၉ ) ။
စပျစ်ရည် အလောက်အငရှိခြင်းနှင့် နေ့စဉ်စားသော အခြားအစားအစာများမှာ ဘုရားသခင်ပေးသနားတော်မူသော ကောင်းချီးဖြစ်သည်ဟု မှတ်ယူကြသည် ။ တစုံတဦးအပေါ် ဆုတောင်းကောင်းချီးပေးသည့်အခါ၌လည်း အစာအသောက်များ၌ စပျစ်ရည်ပေါကြွယ်ဝစေရန် ဆုတောင်းကောင်းချီးပေးလေ့ရှိသည် ။ ထို့ကြောင့် စပျစ်သီး သီးခြင်းသည် ကောင်းချီးမင်္ဂလာ ၊ စပျစ်သီး သီခြင်းသည် ဘုရားသခင်၏ကျေးဇူးတရားကိုပုံဆောင်ခြင်းဖြစ်သည် ။
ထိုပုံဥပမာကို နားလည်ရန် စပျစ်ပင်တို့၏သဘောသဘာကိုလည်း နားလည်ရန်လိုသည် ။ စပျစ်ပင်စိုက်ပျိုးရာ၌ အရိုင်းပင်နှစ် အယျဉ်ပင်နှစ်မျိုးရှိရာ၌ အယျဉ်ပင်များ၏အကိုင်ကိုယူ၍ ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အရိုင်ပင်အားပျိုးထောင်ထားပြီး တနှစ် (သို့) နှစ် နှစ်ကြာသောအပင်ရင့်၌ အယျဉ်ပင်၏အကိုင်းကို ကူးဆက်၍ စိုက်ပျိုးသောနည်းစနစ်ဟူ၍ နှစ်မျိုးရှိသည် ။ စပျစ်သီး၏အစေ့ကိုယူ၍ ပျိုးထောင်စိုက်ပျိုးပါက အသီးမသီးသော အရိုင်းပင်အဖြစ်သာ ရရှိတက်သည်မှာ စပျစ်ပင်၏ အဓိကထူးခြားမှုတခုပင်ဖြစ်သည် ။ သခင်ခရစ်တော်ပြောသောပုံဥပမာသည် အရိုင်းပင်ဖြစ်သော ( main tree ) အပင်၌ အယျဉ်ပင် ( Yrue Vain ) ၏အကိုင်းအား ကူးဆက်စိုက်ပျိုးသော သဘောသဘာကို ဆိုလိုခြင်းဖြစ်သည် ။ စပျစ်ရိုင်းပင်တို့၏ သဘောသဘာဝနှင့် ဂုဏ်သတ္တိအား သမ္မာကျမ်းစာ၌ မှတ်တမ်းတင်ထားသည်မှာ
ယ်ဇေက်လ ၊ ၁၅း ၂ - ၃
အချင်းလူသား သစ်တော၌သာမညဖြစ်သော ၊ စပျစ်နွယ်သားသည် အခြားသောသစ်သားထက်မြတ်သောအရာ တစုံတခုရှိသလော ။ တစ်စုံတခုကိုလုပ်အံ့သောငှာ ၊ စပျစ်နွယ်သားကို ယူတတ်သလော ။ တစုံတခုကို ဆွဲထားစရာတံစို့ကို စပျစ်နွယ်သားနှင့်လုပ်တတ်သလော ။
သခင်ခရစ်တော်ပြောသောပုံဥပမာ၌ ငါသည်မှန်သောစပျစ်နွယ်ပင်ဟူ၍၎င်း ၊ ငါသည်စပျစ်နွယ်ပင်ဟူ၍၎င်း ဖော်ပြပါရှိခဲ့သော်လည်း ၊ ယျေဇကျေလအနာဂတ္တိကျမ်း၌ဖော်ပြထားသော စပျစ်နွယ်ပင်နှင့် လုံးဝခြားနားနေသည် ။ ယျေဇကျေလဖော်ပြခဲ့သော စပျစ်နွယ်ပင်သည် ၊ စပျစ်ပင် အရိုင်းဖြစ်သည် ။ စပျစ်ပင်အရိုင်းသည် အသီးမသီးသကဲ့သို့ သူ၏အသားကိုယူ၍ တစုံတခုသောလူ့အသုံးအဆောင် ပြုလုပ်ရန်မူ သီတံ ၊ တံစို့တခုသော်မျှ ပြုလုပ်၍မရ ၊ အသုံးဝင်ခြင်းမရှိပေ ။
ပုံဥပမာ၏ဆိုလိုရင်းကို နားလည်ရန် ၊ ယျေဇကျေလအနာဂတ္တိကျမ်း၌ ဖော်ပြထားသော စပျစ်ပင်ရိုင်းတို့၏ သဘာဝ ၊ ဂုဏ်သတ္တိကို နားလည်ထားရပေမည် ။ တော၌သာမညဖြစ်သော စပျစ်နွယ်သားသည် ၊ သစ်ပင်ဖြစ်ခွင့်ရသော်လည်း အခြားသောသစ်ပင်တို့ထက် ၊ သာ၍ကောင်းမြတ်သောအရာ ဘာမျှမရှိပေ ။ အခြားသောအပင်တို့ထက် သာ၍မြတ်ရန် သူ၌အသီး သီးရန်လိုအပ်ပေသည် ။ အခြားသောအပင်တို့ထက် မမြတ်ရခြင်း၏ပြသနာသည် အသီး မသီးခြင်းပင်ဖြစ်သည် ။ ထိုနည်းတူ ကျဆုံးသွားသောလူသားသည်လည်း စပျစ်ပင်ရိုင်းနှင့်သဏ္ဍာန်တူသည် ။ သစ်ပင်ချင်းတူလျှင် စပျစ်ရိုင်းပင်သည် မည်သို့မျှအသုံးမဝင် ၊ တစုံတခုမျှအသုံးမတည့်သကဲ့သို့ ၊ ဖန်ဆင်းခံရသောသတ္တဝါများအဝင်ဖြစ်သော ကျဆုံးလူသားဖြစ်သော အပြစ်သားတယောက်အနေနှင့် ထူး၍မြတ်စရာအကြောင်းမရှိပေ ။ အခြားသောတိရိစ္ဆာန်များထက် သာ၍ဆိုးညစ်မှုများနှင့် လောကကောင်းကျိုးအတွက် အသုံးမဝင်မှုများသာ သာ၍ရှိနိုင်ပေလိမ့်မည် ။ ဤသည်မှာ ကျဆုံးသွားသောလူဖြစ်သည့်အပြစ်သားနှင့် စပျစ်ရိုင်းပင်တို့၏တူညီသော သဘောသဘာဝပင်ဖြစ်သည် ။
သို့သော်လည်း ဘာမျှအသုံးမဝင်သော စပျစ်ရိုင်းပင်အား ဖျက်ဆီးပစ်ရန်သက်သက်မဟုတ်ပဲ ၊ ဥယျာဉ်မှူးးသည် စပျစ်ရိုင်းပင်းအား လက်ခံပင်အဖြစ်ထားရှိကာ ၊ စပျစ်အယျဉ်ပင်နှင့် ကိုင်းဆက်စေခြင်းဖြင့် သစ်ပင်တကာတို့ထက် သာ၍ထူးမြတ်သော ၊ အသီး သီးသောစပျစ်ပင်ကို ရရှိစေသည် ။ ထို့အတူ အပြစ်သားဖြစ်သော လောကီသားတို့တို့အား အချဉ်းအနှီး ပျက်ဆီးဆုံးရှုံးနေခြင်းမှ အသက်တာသစ်ဖြင့် အသက်ရှင်နိုင်ရန် ၊ ဘုရားသခင်သည် သားတော်ကိုစေလွှတ်တော်မူခဲ့ခြင်းဖြစ်သည် ။
ယော ၊ ၃း ၁၇
လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ် ။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည့်အကြောပ်း စေလွှတ်တော်မူ၏ ။
ထို့ကြောင့် ယခုဖော်ပြသောပုံဥပမာ၌ ငါသည် မှန်သောစပျစ်နွယ်ဖြစ်၏ဟု ရှင်းစွာဖော်ပြခဲ့ခြင်းဖြစ်သည် ။ စပျစ်ရိုင်းပင်သည် လက်ခံပင်အဖြစ်နှင့် မိမိ၏အကိုင်းအခက်တို့ကို ဖျက်တောက်ခံခါ ၊ စပျစ်ယျဉ်အပင်၏အကိုင်းနှင့် အကိုင်းဆက်ခြင်းအားဖြင့် အဖိုးတန်သော စပျစ်ပင်အဖြစ်သို့ ရောက်ရှိနိုင်သည် ။ ထို့အတူ အပြစ်သားဖြစ်နေသောလူသည် မိမိ၏ဗီဇအားဖြင့် အသီးမသီးနိုင်သောဘဝမှသည် သခင်ယေရှုအား မိမိကိုယ်စားအသက်ရှင်ပေးရန် လက်ခံပေးခြင်းဖြင့် သခင်ယေရှုအားဖြင့်အသက်တာသစ်ကို ရရှိမည်ဖြစ်သည် ။ သို့သော်လည်း ပုံဥပမာအတိုင်းပင် စပျစ်ပင် အောင်မြင်သော ၊ အသီးများစွာသီးသည့် စပျစ်ပင်တပင်ဖြစ်ရန် လွယ်ကူလှသည်တော့မဟုတ် ၊ များစွာသောပြုပြင်ခြင်းကိုခံရသည် ။ အကိုင်းကူးဆက်ထားသော စပျစ်အယျဉ်ကိုင်းမှတဆင့် အခက်အလက်များ ကြီးထွားလာသောအခါ ၊ အသီးသီးရန်အလို့ငှာ အကိုင်းဖြတ်ခြင်းများကို ဆောင်ရွက်ရသည် ။ အသီးမသီးနိုင်သော အကိုင်းအခက်များကို ပယ်ရှင်းရသည် ။ ထို့နောက် သီးကင်းများထွက်လာသောအခါ ၊ အသီးများအောင်မြင်စေရန် အားအလုံအလောက်ရရန်၎င်း ၊ နေရောင်ခြည်ရ၍ ပိုးမွှားအဖျက်ကင်းရန်၎င်း အရွက်များကိုရှင်းလင်းရပြန်သည် ။
ထို့ကြောင့်သခင်ယေရှုသည်
ငါ၌အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏ ။ အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍သီစေခြင်းငှာ သုတ်သင်ရှင်းလင်းတော်မူ၏ ( ယော ၊ ၁၅း ၂ ) ။
ဟု မိန့်ကြားခဲ့သည် ။
အမှန်ပင်ယုံကြည်သူတို့၏မသက်တာ၌ ဝိညာဉ်အသီးများ သီးနိုင်ရန်အလို့ငှာ၎င်း ၊ ဝိညာဉ်အသီးများ အောင်မြင်ကြီးထွားရန်၎င်း ဥယျာဉ်မှူးဖြစ်သော ဘုရားသခင်၏ ပြုပြင်ခြင်းများကို ခံကြရသည် ။ ထိုနေရာ၌ ဘုရားသခင်၏အလေ့အလာနှင့် စိတ်တော်ကို သိနားလည်းပြီး ၊ ခံယူတတ်ရန်လွန်စွာအရေးကြီးသည် ။ ဘုရားသခင်၏အလေ့အလာကို သိနားလည်းပြီး ၊ ဘုရားသခင်၏ပြုပြင်မှုအား ခံယူတတ်သူသည် ခုတ်ထွင်ရှင်းခြင်းအခံရ သက်သာသော စပျစ်ခက်ကဲ့သို့ပင်ဖြစ်ပေမည် ။
စပျစ်အရိုင်းပင်၏သဏ္ဍာန်ဆောင်သော ဇာတိခန္ဓာ၌ မှန်သောစပျစ်နွယ်ဖြစ်သော သခင်ခရစ်တော်၏ဝိညာဉ် ကိန်းဝပ်ရှင်သန်ခြင်းအားဖြင့် အသက်တာသစ်ဖြစ်သော စပျစ်ခက်သည် ကျေးဇူးတော်သက်သက်ဖြင့် ကယ်တင်ခြင်းသို့ရောက်စေကာမူ ၊ ခြောက်ပစ်ကင်း သဲလည်းစင်တော့မဟုတ်ပေ ။
အထက်၌ စပျစ်သီးအားကောင်းချီးမင်္ဂလာအဖြစ် ခံယူကြကြောင်းကို ဖော်ပြပြီးဖြစ်သည် ။ ထို့ကြောင့် သစ်ပင်တကာတို့ထက်မြတ်ခြင်း ၊ မမြတ်ခြင်းသည်၎င်း ၊ ကောင်းချီးမင်္ဂလာခံစားခြင်း ၊ မခံစားရခြင်းသည်၎င်း ၊ စပျစ်ခက်ဖြစ်သော အသက်တာသစ်၌ အသီး သီးခြင်း ၊ မသီးခြင်းအပေါ်၌ မူတည်နေတော့သည် ။ စပျစ်ခက်သည် သီးလိုသောအခါ၌ အကိုင်းဖျက်ခြင်းကိုပြုလုပ်ပေးရသည် ။ ထို့နောက် အရွက်၏အရင်း အဖူးထွက်မည့်နေရာမှ အဖူးထွက်လာစေရန် အရွက်အား ခြွေပေးရသည် ။ အရွက်မခြွေသမျှကာလပတ်လုံး အရွက်၏အရင်းဘက် အဖူးထွက်မည့်နေရာမှ အဖူးမထွက်ပေ ။ ထို့ကြောင့် စိုက်ပျိုးသူတို့မှ ရာသီဥတု ၊ ဈေးကွက်အခြေအနေတို့ကိုစောင့်ကြည့်ပြီးမှ အကိုင်းဖြတ်ခြင်း ၊ အရွက်ခြွေခြင်းများကို ပြုလုပ်ကြသည် ။
ထိုသဘောတရားတိုင်းပင် ခရစ်တော်အားဖြင့် ဖြစ်ပွါးစေသော အသက်တာသစ်ဖြစ်စေကာမူ စိတ်နှလုံးသား၌ ဇာတိဆန္ဒများကို ငြင်းပယ်ချိုးနှိမ်ခြင်း ၊ ဘုရားသခင်ပြုပြင်သောအမှုအရာများကို သမ္မာသတိရှိစွာ ခံယူတည်ဆောက်ခြင်းအားဖြင့် ၊ စိတ်နှလုံးသား၌ ဇာတိအကတိစိတ်များကို စွန့်ပယ်နိုင်ပြီး ၊ ဝိညာဉ်ပကတိစိတ်များ ရှင်သန်ကြီးထွားလာကာ ဝိညာဉ်အသီးများ သီးလာနိုင်မည်ဖြစ်သည် ။ ထို့ကြောင့် သမ္မာကျမ်းစာ၌ ဆုံးမထားသည်မှာ
ငါပညတ်သည်ကား ၊ ဝိညာဉ်ပကတိအတိုင်းကျင့်ကြလော့ ။ ထိုသို့ကျင့်လျှင် ဇာတိပကတိအလိုသို့မလိုက်ဘဲ နေကြလိမ့်မည် ။ အကြောင်းမူကား ၊ ဇာတိပကတိနှင့် ဝိညာဉ်ပကတိသည် တပါးနင့်တပါး ဆန့်ကျင်သောအလိုရှိကြ၏ ။ တပါးနှင့်တပါး ဆန့်ကျင်ဘက်ဖြစ်၍ သင်တို့သည် ကျင့်ချင်သောအကျင့်ကို မကျင့်နိုင်ကြ ( ဂလ ၊ ၅း ၁၆ - ၁၇ ) ။ ဟု ဖော်ပြထားရာ
သမ္မာတရား၏အဆုံးအမအတိုင်းပင် ဇာတိသဘောဆောင်သော အရွက်များအား ပယ်ရှင်းဖြင်းမပြုဘဲ ၊ ဝိညာဉ်သဘောဆောင်သော စပျစ်သီး မသီးနိုင်ပေ ။ သမ္မာတရား၌ဖော်ပြထားသည်ကို ဆက်လက်လေ့လာမည်ဆိုလျှင်
ဇာတိပကတိအကျင့်တို့သည်ထင်ရှားကြ၏ ။ ထိုအကျင့်တို့မူကား ၊ သူ့မယားကိုပြစ်မှားခြင်း ၊ မတရားသောမေထုန်၌ မှီဝဲခြင်း ၊ ညစ်ညူးးစွာကျင့်ခြင်း ၊ ကိလေသာလွန်ကျူးခြင်း ၊ ရုပ်ထုကိုးကွယ်ခြင်း ၊သူတပါးကိုပြုစားခြင်း ၊ ရန်ငြိုးဖွဲ့ခြင်း ၊ ရန်တွေ့ခြင်း ၊ ဂုဏ်ပြိုင်ခြင်း ၊ အမျက်ထွက်ခြင်း ၊ ငြင်းခုံခြင်း ၊ အချင်းချင်းကွဲပြားခြင်း ၊ သင်းခွဲခြင်း ၊ သူ့အကျိုးကို ငြူ စူခြင်း ၊ လူ့အသက်ကို သတ်ခြင်း ၊ ယဇ်မျိုးကိုသောက်ကြူးခြင်း ၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သောအကျင့်ပေတည်း ။ ထို့သို့သောအကျင့်ကို ကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံကြရဟု အထက်က ငါပြောခဲ့ပြီးသည့်အတိုင်း ၊ ယခုပင်လည်း ငါပြောနှင့်၏ ။ ဝိညာဉ်ပကတိ၏အကျိုးမူကား ၊ ချစ်ခြင်း ၊ ဝမ်းမြောက်ခြင်း ၊ ငြိမ်သက်ခြင်း ၊ စိတ်ရှည်ခြင်း ၊ ကျေးဇူးပြုခြင်း ၊ ကောင်းမြတ်ခြင်း ၊ သစ္စာစောင့်ခြင်း ၊ နူးညံ့သိမ်မွေ့ခြင်း ၊ ကာမဂုဏ်ချုပ်တည်းခြင်း ပေတည်း ။ ထိုသို့သောအကျင့်ကို အဘယ်တရားမျှ မမြစ်တား ( ဂလ ၊ ၅း ၁၉ - ၂၃ ) ၌ ဖော်ပြထားသည် ။
ထိုနေရာ၌ ဇာတိပကတိအကျင့် ၊ ဝိညာဉ်ပကတိအကျင့်ဟူ၍ အကျင့်တရားများကိုဖော်ပြထားပြီး ကျင့်ဆောင်ရန်တိုက်တွန်းထားခြင်းကြောင့် ၊ တချို့သောသူတို့သည် ငါတို့ကျင့်ဆောင်ကြရမည်ဟု ၊ မိမိကိုယ်တိုင်ကျိုးစားအားထုတ်လိုကြသည် ။ တစုံတခုသောဝိညာဉ်အသီးများ သီးလာသည်အခါ၌လည်း ငါ သီးနိုင်ပြီဟု ထင်တတ်ကြပြန်သည် ။ ဆက်လက်လေ့လာမည်ဆိုလျှင်
ခရစ်တော်နှင့်ဆက်ဆိုင်သောသူတို့သည် ဇာတိပကတိကို၎င်း ၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများကို၎င်း ၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြပြီ ( ဂလ ၊ ၅း ၂၄ ) ။ ဖော်ပြထားသည် ။
မိမိတို့မနေနှင့် ဇာတိပကတိအကျင့်ကို စွန့်ပယ်နိုင်ဖို့ရန်၎င်း ၊ ဇာတိပကတိအကျင့်အားဖြင့် လွန်ကျူးသော အပြစ်၏အဖိုးအခကိုပေးဆပ်နိုင်၎င်း မစွမ်းဆောင်နိုင်ပေ ။ ထို့ကြောင့် ဇာတိပကတိအကျင့် ၊ ဇာတိပကတိစိတ်ဆန္ဒများနှင့် အသက်ရှင်ခဲ့မှုအပေါ် နောင်တရခြင်း ၊ သခင်ရစ်တော်အသေခံခြင်းသည် ဇာတိပကတိအလိုဆန္ဒများနှင့် ကျင့်ဆောင်ခဲ့မိသော လောကီသားတို့၏ အပြစ်တရားအတွက် ပေးဆပ်ခြင်းဖြစ်သည်ဟု ရှင်းလင်းစွာနားလည်ပြီး ၊ အသက်တာဟောင်းကို ဆပ်ကပ်အပ်နှံခြင်းသည် ၊ ဇာတိပကတိ၏အလိုဆန္ဒများကို ကားတိုင်မှာ ရိုက်ထားခြင်းပင်ဖြစ်ပေသည် ။
ထို့ကြောင့် အသက်တာသစ်၌ ဝိညာဉ်ပကတိအကျင့်များကို ကျင့်ဆောင်နိုင်ခြင်း ၊ ဝိညာဉ်အသီးများသီးခြင်းသည် မိမိတို့အနေနှင့်သီးခြင်းမဟုတ်သည်ကို နားလည်ရမည် ။ ဥယျဉ်မှုးဖြစ်သော ခမည်းတော်ဘုရား၏ စပျစ်ရိုင်းပင်ပေါ်ထားသောချစ်ခြင်းမေတ္တာ ၊ မှန်သောစပျစ်နွယ်ဖြစ်သော သခင်ခရစ်တော်၏ ကျေးဇူးပြုခြင်းနှင့် ဝိညာဉ်တော်ဘုရား၏ ပို့ဆောင်မှုတို့အားဖြင့် အသက်တာသစ်ဖြစ်သော စပျစ်ခက်၌ အသီး သီးခြင်းဖြစ်သည် ။ အသက်တာဟောင်းနှင့် အသက်တာသစ်ကြား ကျေးဇူးပြုသောသူသည် မှန်သောစပျစ်နွယ်ဖြစ်သော သခင်ခရစ်တော်ပင်ဖြစ်သည် ။ ( main tree ) အဖြစ်လက်ခံသော စပျစ်ရိုင်းပင်မှ ထွက်သောအခက်နှင့် အသီး သီးခြင်းမဟုတ် ။ True Vain ဖြစ်သော မှန်သော စပျစ်နွယ်မှ ထွက်သောအခက်မှ အသီးသီးခြင်းဖြစ်သည် ။ ထို့ကြောင့် သခင်ခရစ်တော်သည်
ငါသည်စပျစ်နွယ်ပင်ဖြစ်၏ ။ သင်တို့သည် အခက်များဖြစ်ကြ၏ ။ အကြင်သူသည် ငါ၌တည်၍ ၊ ငါသည်လည်း သူ၌တည်၏ ။ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏ ။ ငါနှင့်ကွာလျှင် သင်တိ့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ ( ယော ၊ ၁၅း ၅ ) ။ ဟု ဆုံးမခဲ့ခြင်းဖြစ်သည် ။
မိမိတို့၏ဇာတိပကိသည် အသီးမသီးနိုင်သော အသုံးမဝင်သည့် စပျစ်ရိုင်းပင်သာဖြစ်ကြောင်းမမေ့အပ်ပေ ။ အသက်တာသစ်သို့ဝင်စားရခြင်းသည်၎င်း ၊ ဝိညာဉ်အသက်တာ သီးပွင့်ရခြင်းသည်၎င်း ကျေးဇူးတော်သက်သက်ဖြင့် ကောင်းချီးမင်္ဂလာခံစားရခြင်းများပင်ဖြစ်သည် ။ ထို့ကြောင့် သမ္မာတရား၌ဖော်ပြထားသည်အတိုင်း ၊
ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲက၎င်း ၊ ကိုယ်တော်အားဖြင့်၎င်း ၊ ကိုယ်တော်အဖို့အလို့ငှာ၎င်း ဖြစ်ကြ၏ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း ။ အာမင် ( ရော ၊ ၁၁း ၃၆ ) ။ ဟု
ဝန်ခံလျှက် ၊ သခင်ခရစ်တော်နှင့် မကွာစေဘဲ အသက်တာအားဆပ်ကပ်အပ်နှံရင်း ဘုရားသခင်ဘုရားအဖို့အလို့ငှာ ဆက်လက်အသက်ရှင်ကြပါစို့ဟု ခွန်အားပေးရပေသည် ။
အသက်တာသစ်၌ ဝိညာဉ်အသီးများစွာ
သီးနိုင်ကြပါစေ
K K K
19 . 12 . 2020