26/08/2026
"သူမတို့ရဲ့🌍ကမ္ဘာ" အစီအစဉ်ကနေ နွေးထွေးစွာ ပြန်လည်ကြိုဆိုလိုက်ပါတယ်...
ကျွန်မကတော့ အစီအစဉ်တင်ဆက်သူ ဇူလိုင်မိုး ဖြစ်ပါတယ်....
ကျွန်မတို့ အိမ်ထောင်ရှင်မတွေဟာ အိမ်သားတွေရဲ့ ထမင်းဝိုင်းကို ပြင်ဆင်ပေးတဲ့အခါ "သားက ဘာကြိုက်လဲ၊ အမျိုး သားက ဘာဟင်းနဲ့မှ ထမင်းမြိန်တာလဲ" ဆိုပြီး အာဟာရပြည့်ဖို့ အမြဲတမ်း ဂရုတစိုက် ချက်ပြုတ်ပေးတတ်ကြတယ်မဟုတ်လား... ဒါပေမဲ့ အားလုံးစားသောက်လို့ ပြီးသွားတဲ့အခါမှာတော့ ကိုယ်တိုင်က ပန်းကန်ထဲကျန်တဲ့ ဟင်းအကျန်လေးတွေနဲ့ဖြစ် ဖြစ်၊ ဒါမှမဟုတ် အဆင်ပြေရုံလောက်ပဲ ကမန်းကတန်း စားပစ်လိုက်တာမျိုး ကြုံဖူးကြလား...
ဒီနေ့ စကားဝိုင်းမှာတော့ အိမ်တစ်အိမ်ရဲ့ ကျန်းမာရေးဗိသုကာဖြစ်တဲ့ အိမ်ထောင်ရှင်မကိုယ်တိုင် "သက်လတ်ပိုင်းအရွယ်မှာ ကြံ့ခိုင်လန်းဆန်းတဲ့ ခန္ဓာကိုယ်ရှိစေဖို့ ကိုယ့်ရဲ့အာဟာရကို ဘယ်လို စမတ်ကျကျ ပြန်လည်ဖြည့်တင်းမလဲ" ဆိုတာ ရင်းရင်းနှီး နှီး တိုင်ပင်ဆွေးနွေးသွားချင်ပါတယ်...
🍀 အိမ်သားတွေအတွက် အပြည့်၊ ကိုယ့်အတွက်တော့ အကျန်
ချစ်ရတဲ့ ညီအစ်မ ပရိသတ်တို့ရေ... အသက် ၄၀ ကျော်၊ ၅၀ ဝန်းကျင် ရောက်လာတဲ့အခါ အရင်ကလို အလုပ်နည်းနည်း လုပ်ရုံနဲ့ မောတာ၊ အဆစ်အမြစ်တွေ ကိုက်ခဲတာ၊ အသားအရေတွေ ခြောက်သွေ့လာတာမျိုးတွေ ပိုပြီး သတိထားမိလာတတ် ပါတယ်...
"တစ်ခါတလေကျရင် ကလေးတွေကို ဝယ်ကျွေးတဲ့ အချိုမုန့်အကျန်တွေကို 'နှမြောလို့' ဆိုပြီး ကိုယ်ကပဲ လိုက်စားမိရင်း... ဝမ်းဗိုက်နဲ့ ခါးဝန်းကျင်မှာ အဆီတွေ စုလာတတ်ပါရော။ တစ်ဖက်မှာလည်း ခန္ဓာကိုယ်အတွက် တကယ်လိုအပ်တဲ့ ပရိုတင်း (Protein) နဲ့ ကယ်လ်စီယမ် (Calcium) ဓာတ်တွေကျတော့ ချို့တဲ့နေတတ်ကြပြန်ပါတယ်..."
"ငါက အသက်ကြီးပါပြီ၊ ဒီလိုပဲ ဖြစ်မှာပေါ့" လို့ လွယ်လွယ်ကူကူ လက်မခံလိုက်ပါနဲ့။ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်တာဟာ အသက်ကြီးလို့ သက်သက်တင်မဟုတ်ဘဲ ကိုယ့်ကိုကိုယ် အာဟာရပြန်မကျွေးမိတဲ့အတွက် ကြွက်သားတွေ လျော့နည်းလာ လို့ပဲ ဖြစ်ပါတယ်...
🍀 "အငတ်ခံ ဝိတ်ချခြင်း" မဟုတ်ဘဲ "ကြံ့ခိုင်ကျန်းမာခြင်း (Lean & Fit)" ကို ရွေးချယ်ပါ
အိမ်ထောင်ရှင်မတို့ရေ... သက်လတ်ပိုင်း အမျိုးသမီးတွေအတွက် ခန္ဓာကိုယ်အချိုးအစား ထိန်းသိမ်းတယ်ဆိုတာ အပျိုဘ ဝတုန်းကလို အဝတ်အစားလှလှ ဝတ်နိုင်ဖို့တင် မဟုတ်တော့ပါဘူးရှင်။ အဓိကကတော့ ရေရှည်မှာ အရိုးပွရောဂါ ကာကွယ်ဖို့နဲ့ သွက်လက်ပေါ့ပါးတဲ့ ကိုယ်ခံစွမ်းအား ရှိနေဖို့အတွက် ဖြစ်ပါတယ်။
ဒါကြောင့် အစားအသောက်ကို အစွန်းရောက် ဖြတ်တောက်တာမျိုး လုံးဝမလုပ်ဘဲ၊ ကိုယ့်ရဲ့ နေ့စဉ်ထမင်းဝိုင်းမှာ အာဟာရကို မျှတအောင် ဉာဏ်ပညာရှိရှိ ပြောင်းလဲဖို့ လိုအပ်ပါတယ်... ဥပမာ - ထမင်းဖြူ ပမာဏကို လျှော့ချပြီး ချက်ပြုတ်ရလွယ်ကူတဲ့ ပဲအမျိုးမျိုး၊ ရင်ပုံသားနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ပိုမိုတိုးမြှင့် စားသုံးတာမျိုးပေါ့ရှင်... ကိုယ်တိုင် ကျန်းမာကြံ့ခိုင်နေမှသာ မိသားစုကိုလည်း ရေရှည် စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်...
🍀အိမ်တွင်းမှာတင် လက်တွေ့ကျကျ လုပ်ဆောင်နိုင်မည့် အာဟာရဗျူဟာများ
ဒါဆိုရင် ကျွန်မတို့ အိမ်ထောင်ရှင်မတွေအနေနဲ့ အလုပ်တွေရှုပ်နေတဲ့ ကြားထဲကနေ ကိုယ့်ရဲ့ ကျန်းမာရေးကို ဘယ်လို စမတ်ကျကျ ဂရုစိုက်ကြမလဲ။
🌺 အိမ်လုပ် "အဆီထုတ်နို့နှင့် ဒိန်ခဲနု" ကို စမ်းသပ်ပါ
အသက်အရွယ်အရ အရိုးအဆစ်တွေ သန်မာဖို့ ကယ်လ်စီယမ်က မရှိမဖြစ်ပါပဲ။ အပြင်က ဝယ်ရတဲ့ အသင့်စားပစ္စည်းတွေအစား... အိမ်မှာတင် နွားနို့ကို သံပရာရည် သို့မဟုတ် ရှာလကာရည်လေးခတ်ပြီး အလွယ်တကူ လုပ်လို့ရတဲ့ အိမ်လုပ်ဒိန်ခဲနု နဲ့ အဆီထုတ်နို့လေးတွေကို ကိုယ်တိုင်ဖန်တီး စားသုံးကြည့်ပါ။ အဆီပါဝင်မှုနည်းပြီး အရည်အသွေးမြင့် ပရိုတင်းဓာတ်ကို အပြည့်အဝ ရရှိစေပါတယ်။
🌺ရေသောက်ခြင်းကို အလေ့အထလုပ်ပါ
အိမ်အလုပ်တွေကြား ယောက်ယက်ခတ်နေရင်း 🫗ရေသောက်ဖို့မေ့နေတတ်တာ ကျွန်မတို့ရဲ့ အကျင့်တစ်ခုလို ဖြစ်နေတတ်ပါတယ်ဟုတ်... အိမ်ရဲ့ မြင်သာတဲ့နေရာ (ဥပမာ - မီးဖိုချောင်၊ ဧည့်ခန်း) တွေမှာ ရေဗူးအလှလေးတွေ အမြဲချထားပြီး တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာပြည့်အောင် သောက်ပေးပါ... ဒါဟာ အသားအရေ ကြည်လင်ဖို့နဲ့ ခန္ဓာကိုယ်တွင်း အဆိပ်အတောက် ပြေစေဖို့ အလွယ်ကူဆုံး နည်းလမ်းပါပဲ....
🌺အိမ်အလုပ်ကို လေ့ကျင့်ခန်းအဖြစ် ပြောင်းလဲပါ
အပြင်ထွက်ပြီး ဂျင် (Gym) သွားဖို့ အချိန်မရှိရင်တောင်... အိမ်မှာ slow morning လေးတွေမှာ မိနစ် ၂၀ လောက် ယောဂကျင့်တာ၊ ဒါမှမဟုတ် သီချင်းအေးအေးလေး ဖွင့်ပြီး ခန္ဓာကိုယ်အကြောဆန့် လေ့ကျင့်ခန်းလုပ်တာမျိုးကို ကိုယ့်အတွက် သီးသန့်အချိန်ပေးပြီး လုပ်ဆောင်ကြည့်ပါ...
ချစ်ရတဲ့ ညီအစ်မ ပရိသတ်တို့ရှင်... အိမ်တစ်အိမ်ရဲ့ မီးဖိုဆောင်မီးတောက်ဟာ အမြဲတမ်း လောင် ကျွမ်း နေဖို့ဆိုရင် ဆီနဲ့ထင်းကို အမြဲ ဖြည့်တင်းပေးရပါတယ်... ကျွန်မတို့ အိမ်ထောင်ရှင်မတွေရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ဟာလည်း မိသားစုအတွက် မီးတောက်တစ်ခုလိုပဲ ဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အာဟာရကောင်းတွေ၊ ကျန်းမာတဲ့ အလေ့အထတွေနဲ့ အမြဲ ပြန်လည်အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။ မိသားစုကို ချစ်သလို ကိုယ့်ရဲ့ ခန္ဓာကိုယ်လေးကိုလည်း ကြင်နာတန်ဖိုးထားပြီး ကျန်းမာလန်းဆန်းတဲ့ ခေတ်သစ်အိမ်ထောင်ရှင်မများ ဖြစ်ကြပါစို့နော်...
ဒီနေ့ "သူမတို့ရဲ့ကမ္ဘာ" အစီအစဉ်ကနေ အိမ်ထောင်ရှင်မ မေမေများအားလုံး စမတ်ကျကျနဲ့ ကျန်းမာကြံ့ခိုင်ပြီး ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းရင်း ရပ်နားခွင့်ပြုပါရှင်... နောက်အပတ်တွေမှာလည်း စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာသစ်တွေကို ဆက်လက်တင်ဆက်ပေးသွားဦးမှာမို့ စောင့်မျှော်အားပေးကြပါဦးနော...
သူမတို့ရဲ့ကမ္ဘာမှ အမျိုးသမီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလန်းဆန်းနိုင်ကြပါစေရှင်...
ဘုရားသခင်ကောင်းချီးပေးပါစေ...