A M - Canvas

A M - Canvas

Share

Mind Canvas 💛

17/04/2026

A Puzzling Experience 🤔

It happened to me when I started taking my first posting as a former school teacher on the outskirts of the city, which is almost two-hour drive by bus. So I used to wake up early, prepare for work and walk to the bus stop every weekday. One morning, around 5 a.m, my dad sent me to the stop because sometimes the light went out in our country at that time, even in the city. On the way to the bus stop, I came across a man walking towards us, then he passed by me and my dad. I was checking him if he was the man living in our street, who passed away the day before. So l looked into his face and his body, but nothing was different like the real him except his new hair cut. His outfit was also the usual wearing style: patterned shirt and longyi and the whole thing looked like the real person, not like a ghost (the ones I have seen in the movies 😂). That made me unclear that the news he left the world was a truth or fake. After watching him pass, I asked my dad if he also saw him. He said, "Yes, I did. Exactly like him." My dad's answer made me shocked. I was curious to know about him and so I kept on asking my dad. "Does he have a twin?" Because I just wanted to have an evidence for his new hairstyle to relieve my suspicion. (Maybe this man is his twin.) But my dad was also unsure about that. When I reached the corner of the street, I looked back at him and saw he was peeping one of his friend's houses, probably to say 'Good Morning' because he was such a sociable person.

Then, we also hurried to the bus stop and I took the bus to work. On my return home, the news I heard puzzled me! The truth was that he had no twin and he really passed away the day before. And he did a hair-cut the other day before his death.

If so, whom did I meet this morning? Ghost or who else?

....

AM
17.4.2026

29/03/2026

ပင်ပန်းနေပြီ
လောကကြီးရေ...

စိတ်ရော ... ခန္ဓာရော...
နားပစ်လိုက်ချင်ပြီ...❄️☃️

28/12/2025

Day 21 - Final Day of the 2025 Challenge: A Boost for 2026 🪴

Yayyy.... I could do it!

ကိုယ်က ကောက်ရိုးမီးဆိုတော့ ဒီနှစ်မှာ consistency လေ့ကျင့်တဲ့အနေနဲ့ Small Challenge လေးတွေ လုပ်ဖြစ်ခဲ့ပါတယ်။ ကိုယ့်အားနည်းချက်ကို ပြန်ရှာတွေ့ပြီး ပြုပြင်ရမယ်ဆိုတဲ့စိတ်ကြောင့်ပဲ တစ်ဆင့်ချင်း စိတ်ကိုနိုင်အောင် လေ့ကျင့်ယူရတာပါ။

ဒီနှစ်ရဲ့အစမှာပဲ အင်္ဂလိပ်စာလေ့လာနေတဲ့သူတွေအတွက် 10-Day English Writing Challenge လုပ်ပေးဖြစ်ခဲ့တယ်။ ဒါကတော့ ကိုယ့်အတွက်ဆိုတာထက် ကြိုးစားနေတဲ့လူငယ်လေးတွေကို တစ်ရက်ကို ခေါင်းစဉ်တစ်ခုစီနဲ့ guideline ဆွဲပေးပြီး ၁၀ ရက်ဆက်တိုက် အင်္ဂလိပ်လိုရေးဖို့ တွန်းအားပေးတာပါ။ ထင်မထားလောက်အောင် နောက်ဆုံးနေ့ ၁၀ ရက်ပြီးတဲ့အချိန်ထိ လူ ၄၀ ကျော် ရေးနိုင်ခဲ့ကြပါတယ်။ သူတို့ရဲ့အားစိုက်ထုတ်မှုအတွက် တကယ့်ကို၀မ်းသာပြီး အသိအမှတ်ပြုရပါတယ်။ အဆုံးထိပါ၀င်ခဲ့ကြတဲ့သူတွေအားလုံးကိုလည်း ကိုယ်ဖွင့်ထားတဲ့ Grammar & Writing အတန်းကို တက်ချင်တယ်ဆိုရင် 20% သင်တန်းကြေးလျှော့ပေးခဲ့ပါတယ်။ 2025 ကို စိတ်ကျေနပ်မှုတစ်ခုနဲ့ စတင်ဖြစ်ခဲ့တယ်။

April 10 မှာတော့ YouTube channel ပြန်လုပ်ဖြစ်ခဲ့တယ်။ အင်္ဂလိပ်စာသင်ယူသူတွေအတွက် ရည်ရွယ်ပြီး The Little Prince စာအုပ်လေးကို video ၁၈ ပုဒ်နဲ့ ရှင်းပြနိုင်ခဲ့တယ်။ Sep 28 မှာ ပြီးသွားခဲ့ပြီး နည်းနည်းအားလျော့တာကြောင့် နှစ်ကုန်တဲ့အထိ သုံးလလုံးလုံး ဘာမှဆက်မတင်ဖြစ်ဘူး။ ဒါပေမယ့်လည်း စာအုပ်တစ်အုပ်ကို အဆုံးထိပြီးအောင်ရှင်းပြပေးနိုင်ခဲ့လို့ ကျေနပ်ပါတယ်။ နောက်နှစ်မှာ နောက်ထပ် အင်္ဂလိပ်၀တ္ထုတိုလေးတွေ၊ ဆောင်းပါးလေးတွေကို ဖတ်ပြ၊ ရှင်းပြမယ်လို့ ဆုံးဖြတ်ထားတယ်။ ဖန်တီးမျှဝေချင်စိတ်ကို လောင်စာထည့်ပေးခဲ့ဖို့ပဲရည်ရွယ်ခဲ့တာမို့ ရည်ရွယ်ချက်ပေါက်မြောက်ပါတယ်။

The Brothers Karamazov ရုရှားဂန္ထ၀င်၀တ္ထုရှည်ကြီးကို August 18 ရက်မှာ ဒီနှစ်မကုန်ခင်အပြီးဖတ်မယ်လို့ declare လုပ်ခဲ့တဲ့အတိုင်း ပြီးအောင်ဖတ်နိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် ပိုပြီးအားပြည့်လာတယ်ခံစားရတယ်။ တရားစခန်း၀င်ဖြစ်ခဲ့တဲ့အပြင် ကျန်းမာရေးအတွက်လည်း Yoga နဲ့ လမ်းလျှောက်တာကို သတိတရကြိုးစားပြီး ပုံမှန်လုပ်နိုင်ခဲ့တယ်။ အစားအသောက်ပိုင်းကိုပါ အသီးအရွက်ကို ကိုယ်တိုင်ပြင်ဆင်ပြီး စားဖြစ်အောင် အချိန်ပေးဖြစ်ခဲ့တယ်။ ခြုံကြည့်ရင်တော့ စိတ်ရောကိုယ်ပါကျန်းမာဖို့ အရင်ထက် အများကြီး သတိပိုကောင်းခဲ့တဲ့နှစ်ပါပဲ။

နောက်ဆုံး 21-Day Writing Challenge လေးကတော့ ဒီနေ့ အဆုံးသတ်နိုင်ခဲ့ပါပြီ။ ၉ ရက်မြောက်နေ့က လုံး၀ဆက်မရေးချင်လောက်အောင် အဖျက်စိတ်၀င်ခဲ့ပါသေးတယ်။ ခရီးတစ်၀က်မှာ ဒီလိုပဲဖြစ်တတ်တယ်လို့ Gemini AI ကတောင် အားပေးခဲ့ရတယ်။ စိတ်ကိုတင်းပြီး ရေးလိုက်တော့လည်း လက်က သူ့အလုပ် သူလုပ်သွားတာပါပဲ။ ဒီနေ့တော့ ဒီ Challenge အတွက်တင်မကဘဲ တစ်နှစ်လုံးစာအတွက် ကျေနပ်ပါတယ်။

အောင်မြင်မှုဆိုတာ လူတွေအများကြီးက အသိအမှတ်ပြုပြီး အားပေးချီးမြှောက်ခံနေရမှ မဟုတ်ပါဘူး။ ကိုယ့်အတိုင်းအထွာလေးနဲ့ ကိုယ်သတ်မှတ်ထားတဲ့အတိုင်း တစ်ခုချင်းကျော်ဖြတ်နိုင်တယ်ဆိုရင်လည်း ဒါ 'အောင်မြင်မှု' လို့ ခေါ်လို့ရပါတယ်။ စိတ်ကျေနပ်နေရင် ရပါပြီ။

2026 ရေ...
"A Year of Well-being, Prosperity and Productivity" အဖြစ်နဲ့ ငါတို့အတူတူဖြတ်သန်းကြပါစို့ 💛
🎄

Aye Moh
28th Dec, 2025
Sunday

27/12/2025

Day 20 - Many thanks, 2025 🎁

🎄အသက်တစ်နှစ်ကြီးခဲ့တာနဲ့အတူ ပြောင်းလဲရမယ့်အရာတချို့ကို တဖြည်းဖြည်းပြောင်းလဲယူနိုင်ခဲ့လို့ ကျေးဇူးပါ။

🎄တချို့အရာတွေက မျှော်လင့်လို့မရမှန်း၊ အချိန်နဲ့စိတ်ခွန်အားကို ဖြုန်းတီးသလိုဖြစ်မှန်း သိတာနဲ့တပြိုင်နက် မမျှော်လင့်ဖို့၊ ရပ်တံ့ဖို့၊ လွှတ်ချဖို့ သတိထားနိုင်ခဲ့လို့ ကျေးဇူးပါ။

🎄self-boundary ကို အရင်ကထက် ပိုပြီး သတိထား ကန့်သတ်နိုင်ခဲ့သလို၊ အားနာတတ်တဲ့စိတ်ကို လွှတ်မပေးဘဲ ကြိုးစားထိန်းချုပ်နိုင်ခဲ့တဲ့အတွက် ကျေးဇူးပါ။

🎄small goals လေးတွေကို တတ်နိုင်သလောက် ပြီးအောင်လုပ်နိုင်ခဲ့ပြီး consistency challenge တွေ အောင်မြင်ခဲ့လို့ ကျေးဇူးအထူးပါ။

🎄ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ်ရတဲ့ ၀င်ငွေလေးတစ်ခုနဲ့ စနစ်တကျ ခွဲဝေသုံးစွဲနိုင်ခဲ့သလို ကိုယ်နိုင်သလောက် ကူညီအားပေး၊ မျှဝေလှူဒါန်းနိုင်ခဲ့လို့ကျေးဇူးပါ။

🎄ဂန္ထ၀င်၀တ္ထုတစ်အုပ် ပြီးအောင်ဖတ်ခဲ့တဲ့အပြင် တခြားစာအုပ်တွေ၊ လေ့လာမှုတွေ အချိန်ရသလောက်လုပ်နိုင်ခဲ့လို့ ကျေးဇူးပါ။

🎄တရားစခန်း၀င်နိုင်ခဲ့ပြီး ဘာသာရေးရဲ့အနှစ်သာရကို တဖြည်းဖြည်း ပုံမှန်လေ့လာ၊ ကြိုးစားဆင်ခြင်နိုင်ခဲ့လို့ ကျေးဇူးပါ။

🎄စိတ်ရောကိုယ်ပါ ‌ကျန်းမာ‌နေဖို့ သတိထားဆင်ခြင်ပြီး တတ်နိုင်သလောက် လေ့ကျင့်ခန်းလုပ်၊ လမ်းလျှောက်၊ အစားအသောက် သတိထား၊ အိပ်ရေး၀၀အိပ်ခဲ့လို့ ကျေးဇူးပါ။

⚠️ တချို့အရာတွေကို စိတ်မြန်လက်မြန်လုပ်ခဲ့တာ၊ မဆင်ခြင်ဘဲ ခံစားချက်ကို ဦးစားပေးခဲ့တာ၊ ပြီးမှ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး နောင်တရသလိုဖြစ်ခဲ့တာတွေကိုတော့ နောက်နှစ်တွေကို သယ်မသွားဖို့ သင်ခန်းစာအဖြစ် သတိထားမိခဲ့လို့ ကျေးဇူး အထူးတင်ပါတယ်။

⚠️ တချို့အချိန်တွေမှာ အလုပ်လောဘကြီးခဲ့ပြီး စိတ်ဖိအားများအောင် နေခဲ့မိတာတွေ၊ သင်ယူချင်စိတ်လောဘကြောင့် စိတ်ပူလောင်ခဲ့ရတာတွေအတွက် slow down လုပ်ဖို့ သတိပေးသလိုဖြစ်ခဲ့လို့ ကျေးဇူး အထူးတင်ပါတယ်။

THANKS 2️⃣0️⃣2️⃣5️⃣

🍀

Aye Moh
27th Dec, 2025
Saturday

26/12/2025

Day 19 - အနာဂတ်ကသင့်ကို ဘာပြောချင်လဲ 🌿

အနာဂတ်လို့ပြောရင် လူတွေက ဟိုးအဝေးကြီးက နေ့ရက်တွေလို့ သတ်မှတ်ကြတယ်။ တကယ်တော့ 'အနာဂတ်' ဆိုတာ ဆုပ်ကိုင်လို့ရတဲ့အရာမှ မဟုတ်တာပဲ။ ဘယ်‌တော့မှန်းမသိတဲ့အချိန်တစ်ခုဆီမှာ ရောက်နေမလား၊ မရောက်နေဘူးလား မသေချာတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အထွေအထူး ဘာမှပြောစရာစကားတော့ ရှိမနေပါဘူး။

ကာလတစ်ခုကို ဖြတ်သန်းပြီးတဲ့အချိန်မှာ အရင်လို အနာဂတ်ကို အမျိုးမျိုးပုံဖော်ပြီး လေထဲတိုက်အိမ်လည်း မဆောက်တော့ဘူး။ အနာဂတ်မှာနေရတာ သိပ်သဘောကျတဲ့ ကိုယ့်အကျင့်ကိုလည်း တကယ်မရှိတဲ့အနာဂတ်ကို မြင်အောင်ကြည့်ပြီး လက်ခံနိုင်အောင်ကြိုးစားရတယ်။ ပြန်မရတော့မယ့် အတိတ်ဆီကအရာတွေကိုလည်း သတိရမယ်ကြံတိုင်း မသိချင်ယောင်ဆောင်ပြီး နေတတ်ခဲ့တာ ကျင့်သားရခဲ့ပြီ။ အတိတ်ကို ဖြတ်ခနဲပြန်ရောက်သွားတိုင်း အတွေးမရှည်အောင် ဖြတ်ချပစ်တယ်။ တွေးနေလည်း ဘာမှထူးမလာမယ့်အရာတွေအတွက် စိတ်အပင်ပန်းမခံသင့်ဘူးဆိုတာ နားလည်သွားတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ပဲ ကျေးဇူးတင်တယ်။ အကောင်းဆုံးအချိန်က အခုပဲဆိုတာ သေ‌သေချာချာ သဘောပေါက်အောင် မှတ်သားနာယူ၊ လက်တွေ့လေ့ကျင့်ရင်း အမှန်တရားကို လက်ခံနိုင်လာတယ်။

အနာဂတ်အကြောင်းကို သိပ်မတွေးဖြစ်‌တော့ပေမယ့် အသက်ရှင်သရွေ့ကာလပတ်လုံး အနာဂတ်အစီအစဉ်ကိုတော့ သေချာစနစ်တကျဆွဲပြီး နေထိုင်ဖို့ကြိုးစားပါတယ်။ အတွေးနဲ့မနေဘဲ လက်တွေ့ဆန်ဆန်နေဖို့ပါ။ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလ၊ နောက်ဆုံးအပတ်မှာ နောက်တစ်နှစ်စာအစီအစဉ်ကို သေချာစဉ်းစားဆုံးဖြတ်ပြီး လုပ်ရမယ့်အရာ သုံးခုသတ်မှတ်တယ်။ ဥပမာ - main intention အနေနဲ့ 'Health, Money, Learning' ဆိုပါစို့။ Yearly plan အနေနဲ့ အဲ့ဒီ သုံးခုကိုအခြေခံပြီး Monthly plan ဆွဲတယ်။ တစ်လစာအစီအစဉ်ကိုကြည့်ပြီး တစ်ပတ်ချင်းစီ ပြန်ဆွဲတယ်။ ပြီးရင်တော့ တစ်ရက်ချင်းစီ သတ်မှတ်ထားတဲ့အတိုင်း နေထိုင်နိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားတယ်။ မနက်ဖြန်တွေအကြောင်း၊ နောက်အပတ် နောက်လတွေအကြောင်း လာမေးရင် ခေါင်းထဲမှာ ဘာမှရှိမနေဘူး။ overall သိချင်ရင် စာအုပ်ထဲပြန်ကြည့်ရုံပေါ့။ ကိုယ်ကတော့ တစ်ရက်ချင်းစီပဲ အသက်ရှင်ရတာ ပိုကြိုက်လာတယ်။ နေရတာလည်း ပိုပြီးပေါ့ပါးတယ်။ တစ်လကုန်သွားရင် စာရင်းပိတ်၊ ပြန်သုံးသပ်၊ နောက်လအသစ်နဲ့ ပြန်စ။ အရင်လအကြောင်း ဘာမှမမေးနဲ့၊ စာအုပ်ထဲတော့ တချို့တလေရှိမယ်။ စာရင်းတွေ၊ သုံးသပ်ချက်တွေလောက်ပါပဲ။ ပျော်စရာ အမှတ်တရတွေကိုတော့ တစ်ခါတည်း enjoy လုပ်ခဲ့တယ်။ စိတ်မကောင်းစရာတွေကိုတော့ လွှတ်ချတတ်တာ အကျင့်ရလာ‌လို့ ပြန်တွေးရင်တောင် သိပ်လည်းမမှတ်မိတော့ပါဘူး။ သုံးလ တစ်ခါလောက်တော့ ကိုယ်ဘာတွေလုပ်ပြီး၊ ဘယ်လမ်းဦးတည်နေလဲ ပြန်ကြည့်ရတာတော့ရှိပါတယ်။

ကိုယ်တိုင်က သိပ်မထက်မြက်တော့ ဒီလိုပဲ စာအုပ်ကြီးနဲ့တော့ နေရသေးတယ်။ အချိန်နည်းနည်းလေးရတဲ့ လူ့ဘ၀ကို လမ်းတွေချော်မသွားချင်ဘူးလေ။ လူပဲ... မှားတတ်တာပေါ့။ လူပဲ ...အမှန်ဆီရောက်အောင်လည်း ကြိုးစားရမှာပေါ့။ အနာဂတ်ကကိုယ့်ကိုထက် အခုကိုယ့်ကိုပဲ သတိပေးစကားပြောချင်ပါတယ်။

"စစ်မှန်တဲ့လွတ်လပ်ခြင်းကိုရဖို့ လေ့လာမှတ်သားပါ၊ လက်တွေ့ပြုပြင် လေ့ကျင့်ပါ။ စာသိနဲ့တင်ရပ်မနေပါနဲ့။ ကိုယ်တိုင်ကြိုးစားဖို့ အခွင့်အလမ်းဖန်တီးယူပါ"

🌱

Aye Moh
26th Dec, 2025
Friday

25/12/2025

Day 18 - ငယ်ဘ၀ အပျော်ဆုံးအချိန် 💝💛

သူများတွေက ဆယ်တန်းကို စာတွေများလို့ စိတ်ပျက်ကြပေမယ့် ကိုယ့်အတွက်တော့ အပျော်ဆုံးအချိန်က ဆယ်တန်းပါ။ စာကလွဲရင် ဘာအပူအပင်မှ မရှိခဲ့တဲ့ အလွတ်လပ်ဆုံးအချိန်ပါပဲ။

ဆယ်တန်းနှစ်မှာ ကိုယ့်ကိုချစ်တဲ့၊ အရေးတယူရှိတဲ့ဆရာတွေ၊ သိပ်ကောင်းပေးခဲ့တဲ့ ဆရာတို့မိသားစုနဲ့ ဘာအရောင်မှမရှိတဲ့ သူငယ်ချင်းတွေရှိခဲ့တယ်။ ပညာရေးကိုပဲ အာရုံစိုက်နိုင်အောင် ကျောင်းထားပေးတဲ့၊ စိတ်ခွန်အားပေးတဲ့ မိသားစုရယ်၊ မိသားစု၀င်တွေရဲ့ဂရုစိုက်မှုတွေရယ်ကြောင့် ဘာဖိအားမှမရှိဘဲ စာတစ်ခုကိုပဲ သေချာဦးစားပေးနိုင်ခဲ့တယ်။

အပျော်ဆုံးအချိန်တွေက ဆရာ‌တွေမလာတဲ့အချိန်‌ တွေရယ်၊ နောက်ကျတဲ့အချိန်တွေရယ်ပေါ့။ အဲ့ဒီအချိန်တွေဆို စကားတွေပြောကြ၊ ကစားကြ၊ တစ်ခါက ကျူရှင်နားကဈေးမှာ လက်ဖက်တွေသွား၀ယ်ပြီး သုပ်စားကြတာ ‌တကယ်ပျော်စရာပါပဲ။ ဆရာတစ်ယောက်ယောက်က မုန့်၀ယ်ကျွေးတယ်ဆိုရင် သိပ်ပျော်ကြတာပေါ့။ မှတ်မှတ်ရရ ချိတ်တိတ်တိတ်ဖြစ်နေတဲ့ ကောင်လေးနဲ့ကောင်မလေးကို "ဆရာ မသိစေချင်ရင် ငါတို့ကို ထောပတ်သီးဖျော်ရည်၀ယ်တိုက်" ဆိုပြီး နောက်တာကို သူတို့က ကြောက်ကြောက်လန့်လန့်နဲ့ သုံးခါလောက် ၀ယ်တိုက်လိုက်ရတယ်။ ပြီးတော့ ဆရာသိသွားပြီး ဆူခံထိတာပေါ့..."နင်တို့တွေ သူများဆီကနော်" ဆိုပြီး မျက်လုံးပြူးပြရုံပဲမို့ တော်ပါသေးတယ်။ Chemistry ဆရာဆို အကုန်လုံးက အသေကြောက်တာ။ မျက်လုံးနဲ့ပဲတစ်ချက်ကြည့်ရုံနဲ့ နေစရာမရှိကြဘူး။ စာမေးပွဲဖြေလို့ အရင်စာမေးပွဲထက် အမှတ်နည်းရင်လည်း ရိုက်ခံထိတာပဲ။ ဒါပေမယ့် ဆရာ့ကိုချစ်ကြတာပါပဲ။ ဆရာတွေက ဘယ်လောက်ဆူဆူဆဲဆဲ အကုန်လုံးက ခဏငြိမ်ပြီးတာနဲ့ ဟီးဟီးဟားဟားပါပဲ။ ဒီဘက်ခေတ်လိုသာဆို ဆရာတော့ ကြိမ်လုံးကျွေးလို့ အင်တာနက်ပေါ်မှာ ဆယ်လီဖြစ်နေလောက်ပါပြီ။ (ဒီပိုစ့်ကို ဆရာ မမြင်ပါစေနဲ့ 😂)

ဆယ်တန်းအမှတ်တရတွေက ရေးမယ်ဆိုအများကြီးရယ်...။ ကိုယ်တို့ကျူရှင်လေးမှာ Bio ယူတာ သုံးယောက်ပဲရှိလို့ founder ဆရာက Bio ဆရာမ သီးသန့်မခေါ်ပေးခဲ့ပါဘူး။ အပြင်က Bio သီးသန့်သင်တဲ့ ဆရာတစ်ယောက်ဆီမှာ သွားတတ်ရတယ်။ သင်္ချာကလည်း ကိုယ်အကြောက်ဆုံးဘာသာမို့ ဆရာကြီးတစ်ယောက်ဆီမှာ နွေရာသီ သုံးလပြတ်တက်ရတယ်။ အဲ့ဒီတုန်းက ကိုယ်ကစက်ဘီးမစီးတတ်တော့ သူငယ်ချင်းနှစ်ယောက်ရဲ့စက်ဘီးအနောက်ကနေ တစ်လှည့်စီလိုက်တာပေါ့။ ကျူရှင်က မနက် ၆နာရီက‌‌နေ ၈နာရီထင်တယ်။ တစ်မနက်တော့ သူငယ်ချင်းက မနက်စာမစားခဲ့ရသေးလို့ ကျူရှင်အပြန် အကြော်ထုပ်လေး၀ယ်ပြီး စက်ဘီးက တစ်ဖက်နင်း၊ လက်တစ်ဖက်က အကြော်စားပေါ့။ လမ်းကတော့ရှင်းနေပေမယ့် စက်ဘီးလေးတွေတော့ရှိတယ်။ မုန့်စားရင်းဆိုတော့ ဘရိတ်က သေချာမမိဘဲ အရှေ့ကလာတဲ့စက်ဘီးကို ၀င်တိုးပါလေရော။ ဖြည်းဖြည်းလေးနင်းနေတာမို့ လူတွေဘာမှမဖြစ်ပေမယ့် အ‌ကြော်လေးတွေကျေကုန်လို့ စိတ်မကောင်းလည်းဖြစ် ရယ်လည်းရယ်ချင်ပေါ့။ နောက်ထပ်ကျူရှင်ချိန်အမီ ပြန်၀င်ရမှာဆိုတော့ မုန့်ကလည်း မစားလို့မရဘူးလေ။ ‌ကိုယ့်ဘက်ကမှားတာမို့ စက်ဘီးနဲ့လာတိုက်မိတဲ့လူကိုလည်း ဘာမှပြောလို့မရ၊ ရယ်ကျဲကျဲလုပ်ခဲ့ရတာပေါ့။

မုန့်ဖိုး ၅၀ ရှိရင်ပဲ ကျူရှင်အိမ်လမ်းထိပ်မှာ ဘိန်းမုန့် ၂ ခု ၀ယ်စားလို့ရတယ်။ သူငယ်ချင်းနဲ့ တစ်ယောက်တစ်ခုစားကြတာ ဗိုက်ဆာနေတော့ အကုန်စားကောင်းတာပါပဲ။ နာရီ၀က်၊ မိနစ် ၄၀ လောက်ဝေးတဲ့ သင်္ချာကျူရှင်တစ်ခုကိုသွားရင် ပုံမှန်ဆို လမ်းလျှောက်နေကြ၊ အဲ့ဒီနေ့ကနောက်ကျလို့ ဒိုင်နာကားကို လူကြီးတွေမပါဘဲ သ်ူချင်းတွေနဲ့ ပထမဆုံးစီးဖူးတယ်။ ရှေ့ပေါက်က ကားပေါ်တက်ပြီး လူတွေကြပ်လို့တိုးရင်းနဲ့ စပါယ်ယာကို ကားခ ၅ကျပ်ထင်တယ်... လူအုပ်ကြားထဲညပ်ပြီး မပေးခဲ့ရပါဘူး။ အဲ့ဒီတုန်းက ကားအကြီးမှ ကားခ ၂၀ပဲရှိတယ်။ တက္ကသိုလ်တက်တော့တောင် ၂၀ ကားတွေ မီသေးတယ်။ နောက်မှ ၅၀ ဖြစ်လာတယ်။ နောက်တော့ ၁၀၀၊ ၂၀၀....။ ခုန ကားခ ၅ကျပ် မပေးခဲ့ရတာကို သူငယ်ချင်းတွေပြောပြီး ပျော်နေကြတယ်။ မနေနိုင်မထိုင်နိုင် founder ဆရာကိုပါ ပြန်ပြောပြသေးတာ။ ဆရာက ဆူပါလေရော... သူများပိုက်ဆံကို ဘာလို့မပေးရတာလဲပေါ့။ သူမှ လာမတောင်းတာဆိုတော့ "မတောင်းလို့ဆိုပြီး မပေးဘဲမနေရဘူး" တဲ့။ ဆရာအတည်ပြောနေတာမို့ ကိုယ်တွေက အပျော်သဘောတွေးနေတာကို စိတ်မကောင်းဖြစ်သွားတယ်။ နောက်တစ်ခါ ဘယ်တော့မှ ၅ ကျပ်ဖြစ်ဖြစ်၊ ၁၀ ဖြစ်ဖြစ် သူများကိုပေးရမယ့်အရာကို ပေးကိုပေးရမယ်ဆိုတဲ့အသိ ရိုက်သွင်းခံလိုက်ရပါတယ်။ တကယ်တော့ တမင်မပေးခဲ့တာမဟုတ်ပါဘူး။ ၃ မှတ်တိုင်‌လောက်စီးရတဲ့ ဒိုင်နာကားပေါ်မှာ ဘယ်လိုမှကို လှုပ်လို့မရတဲ့အနေအထားမို့ ရှေ့ကတက်၊ ‌တိုးရင်းတိုးရင်း နောက်ပေါက်ရောက်ချိန် ဆင်းလိုက်ရတာပါ။ ကား‌ပေါ်ကဆင်းဆင်းချင်း ရှေ့က စပါယ်ယာကို ကားခ သွားပေးဖို့ဆိုတာကလည်း ဒိုင်နာကားစီးဖူးတဲ့သူတွေ သိမှာပါ။ ကိုယ်တောင် အောက်ရောက်အောင် အမြန်ခုန်ချရတာလေ 😅။

တော်ပြီ...(လက်ညောင်း 🥲)။ ရေးရင်း ရေးရင်း တစ်ခုပြီးတစ်ခုပေါ်လာတဲ့ အမှတ်တရတွေပါပဲ။ ဘယ်တော့ပြန်ခေါ်ခေါ် ပေါ်လာတဲ့ ပျော်စရာအခိုက်အတံ့တွေမို့ နောက်များမှ သတိတရထပ်ရေး‌သေးတာပေါ့။

💝

Aye Moh
25th Dec, 2025
Thursday

24/12/2025

Day 17 - ၂၀၂၅ မှာ လုပ်နိုင်ခဲ့တဲ့ အခက်ဆုံးအရာတစ်ခု 🫶

ကိုယ့်ကိုအသုံးချဖို့ ရောက်လာတဲ့သူတွေ၊ အားနာတတ်တဲ့စိတ်ကို အခွင့်ကောင်းယူပြီး အကျိုးအမြတ်ယူချင်တဲ့သူတွေကို မပတ်သက်ဖို့၊ ကင်းအောင်နေဖို့ boundary ထားတတ်လာတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်တယ်။

အရင်ကဆို သူများအကူအညီတောင်းသမျှ No လို့ ပြောရမှာ အားနာတဲ့စိတ်နဲ့ ကြိတ်မှတ်ပြီး အကုန်လုပ်ပေးခဲ့ဖူးတယ်။ ကိုယ့်ကိုယုံကြည်လို့၊ အားကိုးလို့ အကူအညီတောင်းတာပဲလေဆိုပြီး အိပ်ချိန် စားချိန်တွေထဲကဖဲ့ပြီး ကူညီပေးတယ်။ အပြင်လူကို တန်ဖိုးတစ်ခုသတ်မှတ်ပြီးမှ လုပ်ပေးရတဲ့ စာသင်တာ၊ ဘာသာပြန်တာတွေကိုတောင် ကိုယ့်အသိဆိုပြီး အားနာစိတ်နဲ့ အဖိုးအခမယူဘဲ ကူညီပေးတာတွေ၊ လျှော့ယူပေးတာတွေ အများကြီးလုပ်ပေးခဲ့တယ်။ မလုပ်ပေးဘူးလို့ငြင်းရင် အခင်အမင်ပျက်မှာစိုးတာရယ်၊ ဒီတစ်ခါတော့ လုပ်ပေးလိုက်ပါမယ်လေဆိုတဲ့ အားနာစိတ်ရယ်နဲ့ ဒီ cycle ထဲက မထွက်နိုင်ခဲ့ဘူး။ ဒါပေမယ့် မကြာသေးခင် ဒီနှစ်ထဲမှာတော့ ကိုယ့်ကိုယ်ကိုယ် သတိထားမိလာတယ်။ self-boundary ထားဖို့ စပြီးလေ့ကျင့်တယ်။ အယူပဲရှိပြီး အပြန်အလှန်မရှိတဲ့သူတွေ၊ တစ်ဘက်သတ်ပဲ စီးဆင်းနေရတဲ့ မြစ်‌ရေလိုဆက်ဆံရေးတွေ၊ လိုမှသုံးဖို့ ရောက်လာတတ်တဲ့ လိုသုံးတွေကို ဝေးဝေးရှောင်ပြီး ကိုယ်ရောစိတ်ပါ ပင်ပန်းစေမယ့် ထိုသူတွေရဲ့ ဘယ်လိုကမ်းလှမ်းချက်တွေကိုမှ လက်မခံဖို့၊ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ ပြတ်ပြတ်သားသားလုပ်နိုင်ခဲ့တယ်။

ဒီနှစ်မှာ အကူအညီလိုမှ ရောက်လာတတ်တဲ့သူတစ်ယောက်ကို 'No' လို့ ငြင်းလိုက်တဲ့အတွက် ကိုယ့်ကို unfriend လုပ်သွားတယ်။ ကျေနပ်တယ်။ No ဆိုတဲ့ အခက်ဆုံးစကားကို သတ္တိမွေးပြီး ပြောချလိုက်နိုင်တဲ့အတွက်ပေါ့...။ ၂၀၂၅ မှာ ကိုယ့်ကိုယ်ကိုယ်ဦးစားပေးနိုင်ခဲ့လို့ ကျေးဇူးတင်ပါတယ်။

🫶

Aye Moh
24th Dec, 2025
Wednesday

23/12/2025

Day 16 - ကိုယ့်ကို ကံကောင်းစေတဲ့အလုပ် 🍀

ကိုယ့်ကို ကံကောင်းစေတဲ့အလုပ်က ကိုယ့်ကိုပျော်နေစေတဲ့အလုပ်ပေါ့။ အလုပ်လုပ်နေတယ်လို့မထင်ဘဲ သင်ယူနေတယ်၊ မျှဝေနေတယ်လို့ခံစားရရင် ပျော်စရာပဲမဟုတ်လား....။

ကိုယ့်ဘ၀ကို ပြန်ကြည့်ရင် ဆယ်တန်းအောင်ပြီးကတည်းက အလုပ်စလုပ်ခဲ့တယ်။ တက္ကသိုလ်တက်ရင်း study guide လုပ်ပြီး ကိုယ်ပိုင်၀င်ငွေရှာ၊ မိဘတွေကိုပါ ထောက်ပံ့ပေးနိုင်ခဲ့တယ်။ ကျောင်းပြီးတော့ အလုပ်၀င်၊ အချိန်ပြည့်ရော အချိန်ပိုင်းရောလုပ်ရင်း ကိုယ့်မိသားစုက အရင်ကထက်ပိုအဆင်ပြေလာခဲ့တယ်။ ရောက်တဲ့နေရာတိုင်း၊ အလုပ်တိုင်းမှာလည်း ကိုယ်လုပ်ချင်တဲ့အတိုင်း လုပ်ခွင့်ရတာမျိုး၊ ကိုယ်တောင်းတဲ့လစာ ရတာမျိုးတွေကြောင့် ကံကောင်းခဲ့သလို ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် လုပ်ပိုင်ခွင့်တွေရခဲ့တာကလည်း စိတ်ဖိစီးမှုကို သက်သာစေခဲ့ပါတယ်။

ကိုယ်ကလည်း နည်းနည်းလေးတောင် စိတ်ဖိစီးမှုမခံနိုင်တဲ့သူမို့ ကိုယ်ပျော်ရွှင်ရတဲ့အလုပ်တွေကိုပဲ ရွေးချယ်ခဲ့လို့ ကံကောင်းခဲ့တာလည်းဖြစ်ပါလိမ့်မယ်။ full time ကို စွန့်လွှတ်ပြီး freelancer စလုပ်တုန်းကဆို သူငယ်ချင်းတစ်ယောက်က ကိုယ့်ကို စိတ်ပူသလိုပြောတာ မှတ်မိသေးတယ်။ တချို့ကလည်း အားကျကြတယ်။ ကိုယ်ကတော့ ကိုယ့်စိတ်ပေါ့ပါးမယ့်၊ ကျေနပ်မှုရမယ့်အရာကိုပဲ ရွေးချယ်တာမို့ အလုပ်လက်မဲ့ဖြစ်မှာမျိုး၊ ရာထူး နေရာ မရမှာမျိုး၊ အနာဂတ်မသေချာမှာမျိုးဆိုတာတွေကို တွေးမပူခဲ့ဖူးဘူး။ ကိုယ့်ဘက်က အကောင်းဆုံးကြိုးစားပေးရင်၊ တာ၀န်ကျေအောင် လုပ်ပေးရင် ကိုယ်ကံကောင်းမယ်၊ အဆင်ပြေမယ်ဆိုတာ လုံး၀ယုံကြည်တယ်။ စေတနာကောင်းရင် ကံကောင်းတာပါပဲ။

ကိုယ့်အလုပ်တိုင်းက ကိုယ့်ကိုကံကောင်းစေတဲ့၊ စိတ်ကျေနပ်မှုရစေတဲ့အကြောင်းတွေထဲက တစ်ခုကတော့ ပိုက်ဆံလိုချင်တဲ့လောဘတစ်ခုတည်းကြောင့် အဲ့ဒီအလုပ်ကိုလက်ခံတာ မဟုတ်လို့ပဲ။ ရလာတဲ့လစာတိုင်းကို ကိုယ့်အတွက်ဆိုတာထက် မိသားစုကို အစစအရာအဆင်ပြေဖို့၊ ဆွေမျိုးညီကိုမောင်နှမတွေကို ကူညီပေးကမ်းနိုင်ဖို့၊ လစဉ် သတ်မှတ်ထားတဲ့ပမာဏကို လှူဒါန်းပေးနိုင်ဖို့၊ အနည်းငယ်စုဖို့ဆိုပြီး သူ့အကန့်နဲ့သူထားတော့ ပိုက်ဆံလိုနေတာမျိုးလည်း မရှိသလို၊ အများကြီးသုံးပစ်ဖို့လည်း မရှိပါဘူး။ ကိုယ်တိုင်ကလည်း ပိုက်ဆံသုံးရတာမကြိုက်သလို မလိုအပ်တဲ့အပိုပစ္စည်းတွေကို တော်ရုံမ၀ယ်တတ်ဘူး။ အဲ့တော့ ကိုယ့်အလုပ်တိုင်းမှာလည်း ပျော်သလို ရတဲ့၀င်ငွေပေါ်မှာလည်း လောဘသိပ်မရှိတဲ့အတွက် အဆင်ပြေတယ်။

သေချာတာတစ်ခုကတော့ ဘယ်အလုပ်ပဲလုပ်လုပ် "အလုပ်လုပ်ဖို့တစ်ခုတည်းနဲ့ အသက်ရှင်နေတာ မဟုတ်ဘူး" ဆိုတဲ့အတွေးကို အမြဲသတိရှိတယ်။ အလုပ်လုပ်ရတာ ပျော်တဲ့လူတွေထဲမှာ ကိုယ်ပါပါတယ်။ ဒါပေမယ့် ပိုက်ဆံအတွက်က ၄၀ ရာခိုင်နှုန်းပဲပါမယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းက ကိုယ့်ကိုယ်စိတ်ပျော်စေလို့ပဲ အဲ့ဒီအလုပ်ကို လုပ်ပါတယ်။

Learning လုပ်ရတာကို သဘောကျလို့ကို Teaching career ကို ရွေးထားပါတယ်။ Creating လုပ်ရတာကို သဘောကျလို့ စာရေးချင်တဲ့အခါ စာရေးပါတယ်။ လူတွေသိဖို့၊ နာမည်ကြီးဖို့၊ ချမ်းသာဖို့ ဘာမှ တကူးတက မလုပ်ချင်ပါဘူး။ ကိုယ်လုပ်ချင်တာ လုပ်နေရရင်၊ ကိုယ့်စိတ်ကျေနပ်နေရင် ရပါပြီ။ ဒါဆိုရင် ဒီအလုပ်က ကိုယ့်ကို ကံကောင်းစေတဲ့အလုပ်ပဲပေါ့....။

🍀

Aye Moh
23rd Dec, 2025
Tuesday

22/12/2025

Day 15 - ပျော်ရွှင်‌စေတဲ့အရာ ၁၀ ခု 😺

အစကတော့ ဒီခေါင်းစဉ်ကိုရေးဖို့ စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် မပျော်တဲ့အခါမှာ ဒီစာကိုပြန်ဖတ်ရင် အကူအညီဖြစ်မလားဆိုတဲ့ရည်ရွယ်ချက်နဲ့ ၁၀ ခု ပြည့်အောင်ရေးကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

၁။ ယောဂဆရာမက လေ့ကျင့်ခန်းလုပ်နေရင်း 'မျက်နှာလေးကို ပြုံးထားပါ' လို့ ပြောတဲ့အချိန်။ ပြုံးလိုက်တဲ့ခဏလေးမှာတောင် စိတ်ကအေးချမ်းပြီး ပျော်လာပါတယ်။

၂။ ယောဂလုပ်ရင်း child pose လေးနဲ့ ခန္ဓာကိုယ်နဲ့စိတ်ကို အနားပေးရတဲ့အချိန်မှာလည်း စိတ်က ကလေးတစ်ယောက်လို အပူအပင်ကင်းသွားပြီး ပေါ့ပါးသွားပါတယ်။

၃။ မုန့်တီ နဲ့ ဟော့ပေါ့ စားရတဲ့အချိန်။ စိတ်က တက်ကြွလာပြီး ပြီးပြည့်စုံသွားသလို ခံစားရတယ်။

၄။ To-do-list တွေကို ✓ လုပ်ပြီးတဲ့အချိန်။ stress တစ်ခုစီ လျော့သွားလို့ ပေါ့ပါးတယ်။ ကိုယ်လုပ်နိုင်ခဲ့ပြီဆိုပြီး ကျေနပ်တယ်။

၅။ ခေါင်းလျှော်ပြီးတဲ့အချိန်။ လန်းဆန်းပြီး အသစ်ဖြစ်သွားတယ်လို့ ခံစားရတယ်။ အသက်ပိုငယ်သွားသလိုပဲ။

၆။ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အချိန် နဲ့ ဆွေမျိုးတွေ အိမ်လာလည်တဲ့အချိန်။ အမြဲလိုလို တစ်ယောက်တည်းအနေများတော့ အဲ့ဒီလို quality time လေးတွေကို တန်ဖိုးထားတယ်။ ကျေနပ်ပျော်ရွှင်တယ်။

၇။ ‌စာတစ်ပုဒ်ရေးပြီးတဲ့အချိန်။ ကိုယ့်ကိုယ်ကိုယ် appreciate ဖြစ်တယ်။ ကိုယ့်မှာ ဒီလိုဝါသနာလေးနဲ့ စာတစ်ပုဒ်ပြီး‌အောင်ရေးနိုင်တဲ့ အရည်အချင်းလေးရှိပါလားလို့ ဂုဏ်ယူမိတယ်။

၈။ ကျောင်းသားတွေရဲ့ ကြိုးစားမှု နဲ့ တိုးတက်မှုကို မြင်ရတဲ့အချိန်။ ဒါကတော့ ကိုယ်စိုက်ထားတဲ့အပင်လေးတွေ လှလှပပပွင့်လာရင် ဥယျာဉ်မှူးတိုင်း ပျော်ရပါတယ်။ သူတို့တက်လမ်းအတွက် တတ်နိုင်တဲ့ဘက်က ကိုယ်လုပ်ပေးနိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ်ကျေနပ်မိတယ်။

၉။ ကျောင်းသားတွေ ခွင့်ယူတဲ့အချိန် နဲ့ အတန်းပိတ်လို့ရတဲ့ သီတင်းကျွတ်၊ ဒီဇင်ဘာ နဲ့ သင်္ကြန်အချိန်။ ပျော်တာပေါ့...ဒီအချိန်လေးပဲ နားရတာလေ။ အဲ့ဒါ ဆရာမတိုင်း ပျော်တာသိလား 😄။

၁၀။ လစာရတဲ့အချိန်။ ပြောနေစရာတောင် မလိုဘူး။ ဒါက လူတိုင်းပျော်ကြတဲ့အချိန်လေးပေါ့ 😂။

***

စိတ်မပျော်ရင် ပြန်ဖတ်ဖို့ရေးတဲ့ ၁၀ချက်ပါ။ ဒီထက်ပိုစဉ်းစားကြည့်ရင်လည်း ပျော်စရာတွေ ထွက်လာအုံးမှာပဲမဟုတ်လား။ ၀မ်းနည်းစေမယ့်အရာတွေထက် ပျော်ရတဲ့အရာတွေကိုပဲ ပိုတွေးကြည့်ကြပါစို့...🍀🤍

Aye Moh
22nd Dec, 2025
Monday

21/12/2025

Day 14 - အကြိုက်ဆုံးစကားစု 🪴

"အရာရာတိုင်းက ကောင်းဖို့ဖြစ်လာတာပါ"

ဒီစကားစုလေး ကိုယ့်ခေါင်းထဲကို ဘယ်ကဘယ်လိုရောက်ခဲ့မှန်း မမှတ်မိပေမယ့် ခက်ခဲတဲ့ကာလတွေမှာတော့ တကယ်ကိုထိရောက်ခဲ့ပါတယ်။

တချို့ကထင်မယ်... ဒါ လက်လျှော့တဲ့စကား၊ အရှုံးပေးတဲ့စကားလို့ပေါ့။ ကိုယ့်အတွက်တော့ ဒီစကားလေးကြောင့် အများကြီး စိတ်အေးချမ်းခဲ့ရတယ်။ ဖြစ်လာတဲ့အခြေအနေတိုင်းမှာ စိတ်ကိုဘယ်လိုထားရမလဲဆိုတာ သတိပေးနေသလိုပါပဲ။ တချို့ကိစ္စတွေက ကိုယ့်အတွေးတွေကိုပြောင်းတွေးလိုက်တာနဲ့ လုံး၀ကိုပြောင်းသွားတာပါ။

ဥပမာ - ကိုဗစ်ကာလမှာ အလုပ်တွေရပ်လိုက်ရတယ်။ ဒါကို စိတ်ညစ်ပြီး ငြီးငြူနေရင်လည်း သဘာ၀အလျောက်ဖြစ်တဲ့ အခြေအနေတွေက ပြောင်းလဲသွားမှာမှမဟုတ်တာပဲ။ အဲ့ဒီတော့ ကိုယ့်အတွေးတွေကိုပဲ ပြောင်းရတာပေါ့။ အလုပ်တွေနားရလို့ ငွေကြေးအခက်အခဲရှိပေမယ့် တစ်ဘက်မှာတော့ အားလပ်ချိန်တွေ အများကြီးရသွားလို့ ကိုယ်အရင်က မလုပ်နိုင်ခဲ့တဲ့ ကိုယ်စိတ်၀င်စားတဲ့အရာတွေကို စိတ်ဖြောင့်ဖြောင့်သင်ယူနိုင်တယ်။ online learning တွေ ပေါ်လာလို့ အလွယ်တကူ အိမ်မှာနေရင်း သိချင်တာတွေ၊ လေ့လာချင်တာတွေ လေ့လာလို့ရခဲ့တယ်။ အရင်က အချိန်မရလို့ အပြေးအလွှားစားခဲ့ရတဲ့ မနက်စာတွေ၊ နေ့လည်စာတွေကို စိတ်ပါလက်ပါ သေချာချက်ပြုတ်ပြီး ကိုယ်စားချင်တာလေးတွေ ကိုယ်တိုင်ချက်နိုင်ခဲ့တယ်။ သင်ယူမှုအသစ်တွေ အများကြီးလုပ်နိုင်ခဲ့တယ်။ စိတ်ကို ပိုပြီးအေးချမ်းအောင် လေ့ကျင့်ပျိုးထောင်နိုင်ခဲ့တယ်။ ဒါတွေဟာ အဆိုးတစ်ခုကို အဆိုးလို့မယူဆဘဲ အဆိုးထဲက ရအောင်ယူလိုက်နိုင်တဲ့ အကောင်းတွေပါပဲ...။

ကိုယ့်ထက်အများကြီး ခက်ခဲကြမ်းတမ်းတဲ့အခြေအနေမှာ ကြုံခဲ့ရတဲ့သူတွေကိုလည်း သူတို့ရဲ့ ရဲရင့်ပြတ်သားမှုတွေအတွက် အားကျဂုဏ်ယူရပါတယ်။ ဘ၀ဆီကနေ သူတို့ အများကြီးသင်ယူနိုင်ခဲ့ကြတယ်။ သတ္တိတွေပိုရှိလာကြတယ်။ အရည်အချင်းတွေပိုမြင့်လာကြတာပါပဲ။ ပိုပြီးသန်မာလာကြတယ်။ ဒါတွေကလည်း အဆိုးဆီကနေရလိုက်တဲ့ အကောင်းတွေပါပဲ။

အခက်အခဲပုံစံနဲ့ ၀င်ရောက်လာတဲ့ အခြေအနေတိုင်းကို ကိုယ်က ပြုပြင်ပေးလို့မရပေမယ့် ကိုယ့်အတွေးကိုတော့ ကိုယ်တိုင်ပြုပြင်လို့ရပါတယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အရာရာတိုင်းမှာ အကောင်းနဲ့အဆိုးက ဒွန်တွဲနေပြီးသားပါ။ ဘယ်အရာအတွက်မှ ထူးပြီးတွေးပူမနေပါနဲ့။ "အရာရာတိုင်းက ကောင်းဖို့ဖြစ်လာတာပါ" လို့ လက်ခံပြီး အတွေးတွေကို ပြောင်းလိုက်ပါ။ အလုပ်ကောင်းတွေလည်း တပြိုင်တည်းလုပ်ဖြစ်သွားပါလိမ့်မယ်။ ။

🍀

Aye Moh
21st Dec, 2025
Sunday

20/12/2025

Day 13 - ပြုပြင်‌နေဆဲ အကျင့်ဆိုးတစ်ခု 🪐

ကိုယ့်ရဲ့ပြုပြင်ဖို့အခက်ဆုံးအကျင့်ဆိုးက Multitasking လုပ်ချင်တာနဲ့ Consistency အားနည်းတာပါပဲ။ ဒီအကျင့်ကိုပျောက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပါတယ်။ အခုထိလည်း အမြဲသတိထားပြီး ကြိုးစားနေရတုန်းပါပဲ။

စာအုပ်တစ်အုပ်ဖတ်နေဆဲမှာပဲ မဖတ်ရသေးတဲ့ စာအုပ်အသစ်လေးတွေမြင်ရင် ပြောင်းဖတ်ချင်တာမျိုး၊ အလုပ်တစ်ခုလုပ်နေရင်းနဲ့ နောက်ထပ်တစ်ခုဆီကို စိတ်ရောက်ပြီး လက်ရှိအလုပ်ကို အမြန်ပြီးချင်နေတာမျိုးတွေပေါ့။ ကိုယ့်အတွက်တော့ အဲ့ဒီအကျင့်က လုံး၀မကောင်းဘူးလို့မြင်ပါတယ်။ တစ်ခုခုကို အစကနေအဆုံးထိ စိတ်ဖြောင့်ဖြောင့်မလုပ်နိုင်တာဟာ အဲ့ဒီလက်ရှိလုပ်နေတဲ့အလုပ်ကို မလေးစားရာရောက်ပါတယ်။ အလုပ်ကို အပြိုင်တွေလုပ်ချင်တဲ့အခါ အာရုံတွေများပြီး စိတ်ဖိစီးလာပါတယ်။ ကိုယ်သင်ယူတဲ့အရာဆိုရင်လည်း ဘယ်အရာကိုမှ သေသေချာချာ အပြည့်အ၀ မသင်ယူနိုင်တော့ပါဘူး။ ကိုယ်လုပ်ပေးရတဲ့အရာတွေကိုလည်း တာ၀န်အပြည့်မကျေနိုင်တော့ပါဘူး။

ဒီအကျင့်ကိုဖျောက်ပစ်မယ်လို့ စပြီးသတိကပ်တဲ့အချိန်မှာ "One at a time" ဆိုတဲ့ စာသားလေးကို ကိုယ်မြင်သာတဲ့နေရာတိုင်းမှာ လိုက်ကပ်ပါတယ်။ တစ်ခုလုပ်နေရင်း စိတ်ဂဏာမငြိမ်ဖြစ်လာတာနဲ့ သတိတရရှိပြီး ဗျာမများရအောင်လို့ပါ။ ဒီလိုလုပ်တာ အတိုင်းအတာတစ်ခုအထိ အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် အကျင့်ဆိုးတွေဆိုတာ တော်ရုံဖျောက်ပစ်ဖို့မလွယ်ပါဘူး။ တစ်နှစ်လောက် ဒီလိုစာတွေနဲ့သတိပေးပြီးနေတာတောင် အကျင့်ဆိုးက သတိလစ်တာနဲ့ နေရာ၀င်ယူဖို့ ချောင်းနေတော့တာပါ။

ဒီနှစ် နှစ်ကုန်ခါနီးမှာလည်း လုပ်ချင်တဲ့အရာတွေအများကြီးဆီကို စိတ်ရောက်နေပြီး လုပ်လက်စအလုပ်မှာ အာရုံအပြည့်အ၀မစိုက်နိုင်တဲ့အကျင့်က တစ်ချက်တစ်ချက်ပေါ်လာသေးပါတယ်။ ဒါကြောင့် စာအုပ်အထူကြီးတစ်အုပ်ကို သုံးလနဲ့အပြီးဖတ်ဖို့ ကတိပေးပြီး အဲ့ဒီစာအုပ်ဖတ်‌နေတုန်း ငြီးငွေ့ပြီး တခြားအရာတွေပြောင်းလုပ်ချင်တာ၊ စာအုပ်အသစ်တွေဖတ်ချင်တာမျိုးဖြစ်လာတိုင်း ဟိုစာအုပ်ကြီးပြီးမှ ကျန်တာတွေလုပ်မယ်ဆိုတဲ့ကတိနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး challenge လုပ်ခဲ့ပါတယ်။ အဲ့ဒီစာအုပ်ကြီးလည်း မနက်ဖြန်ဆို လုံး၀ပြီးပါပြီ။ Mission completed! ဖြစ်သွားလို့ ကျေနပ်မိပါတယ်။

နောက်တစ်ခုထပ်ပြီး challenge လုပ်ထားတာက ၂၁ ရက် စာရေးနေတာပါ။ ၉ ရက်မြောက်နေ့မှာ လုံး၀ဆက်မရေးချင်တော့အောင် စိတ်မပါတာမျိုးဖြစ်ခဲ့ပါတယ်။ အဲ့ဒီစိတ်ကို ရအောင်ကျော်ဖြတ်ပြီး အခု ၁၃ရက်နေ့ထိ ရောက်လာခဲ့ပါပြီ။ နောက်ထပ် mission တစ်ခုပြီးမြောက်ဖို့ မဖြစ်မနေဆက်လုပ်ရပါမယ်။ ဒါမှပဲ တစ်ခုခုကို အဆုံးထိပြီးအောင် တစိုက်မတ်မတ်လုပ်တတ်တဲ့ အကျင့်ကောင်းလေး စွဲမြဲလာမှာလို့ ယုံကြည်ပါတယ်။ လေးပုံသုံးပုံအထိ ဘာသာပြန်ထားပြီး ဆက်မရေးဖြစ်တဲ့စာအုပ်တစ်အုပ်လည်း ရှိနေပါသေးတယ်။ အဲ့တာလည်း အကြွေးတစ်ခုတင်နေသလိုပါပဲ။ နောက်နှစ်မှာတော့ အဲ့တာကို ပြီးအောင်ရေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။

တကယ်တော့ လူ့လောကဆိုတာ သင်ယူစရာတွေ မကုန်နိုင်သလို လုပ်စရာတွေကလည်း ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ သံသရာပဲမဟုတ်လား။ လောဘဆိုတာ ကိုယ်ကသတိထားပြီး မရပ်တံ့နိုင်ရင် သူခေါ်ရာ မျောပါနေရမှာပါပဲ။ မျောလို့မျောမှန်းတောင် သိမှာမဟုတ်ပါဘူး။ အခုနောက်ပိုင်း နားလည်လာတာက မဆုံးနိုင်တဲ့အရာတွေနောက်ကို လိုက်နေမယ့်အစား ကိုယ်လုပ်နေတဲ့အရာ၊ လုပ်သင့်တဲ့အရာကိုပဲ သေသေချာချာ ပြည့်ပြည့်၀၀ အာရုံစိုက်ဖို့ပါပဲ။ သေချာတာတစ်ခုကတော့ အလုပ်တစ်ခုပြီးသွားတိုင်း စိတ်ကျေနပ်မှုလည်း အပြည့်အ၀ရနိုင်ပါတယ်။ အဓိပ္ပာယ်လည်း ပိုရှိလာပါတယ်။ ကိုယ့်အတွက် တကယ်အရေးပါတဲ့အလုပ်တွေကိုပဲ ဦးစားပေးလုပ်ဖြစ်သွားပါလိမ့်မယ်။ ။

🎄

Aye Moh
20th Dec, 2025
Saturday

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon