15/05/2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဘောဂဗေဒဘာသာရပ်ကိုအခြေခံကျကျလေ့လာလိုသူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဘောဂဗေဒဘာသာရပ်ကို ဂုဏ်ထူးမှတ်ရလိုသူများ ….ဆရာဦးသိန်းနိူင် တွဲဖက်ပါမောက္ခ (ငြိမ်း) အသုံးချဘောဂ
ဗေဒဌာန၊ရန်ကုန်စီးပွါးရေးတက္ကသိုလ်၏ အခြေခံပညာ
အထက်တန်းအဆင့် ဘောဂဗေဒဘာသာရပ် သင်ရိုးကုန်
ကို Memory Stick, Facebook Group ,Telegram များဖြင့်လေ့လာသင်ယူပါ။
ယခင်စာသင်နှစ် ၃ နှစ် တွင်G 12 Exam ၌ဘောဂဗေဒဘာသာရပ်ကို
သင်ကြားသူဆရာများရော ဖြေဆိုသူကျောင်းသားများ
ရော အထူးတလည်ကောင်းမွန်စွာ ဖြေဆိုနိူင်ကြပါသည်။
သင်ရိုးကုန်ကိုသာ ကျေညက်စွာလေ့လာထားပါက
အနီးကပ်မေးခွန်းများကိုပင် မလိုအပ် ဂုဏ်ထူးမှတ်ရနိူင်ပါသည်။
မြန်မာနိူင်ငံဘောဂဗေဒအသင်းမှစီစဉ်ထုတ်ဝေသည့်
ဆရာဦးသိန်းနိူင်၏ ပို့ချချက်ဗွီဒီယိုများမှာ ဆရာမှ သီအိုရီ
သဘောတရားများကို နားလည်အောင်ရှင်းပြ ဆရာနှင့်အတူ
တွဲကျက်ပေး ၊အခန်းတခုပြီးတိုင်း တမှတ်တန်မေးခွန်းများ
ကျင့်ပေး ၊တွက်စာများ၊လေ့လာသုံးသပ်ချက်များကျင့်ပေးသည့်အပြင် နောက်ဆုံး၌ မေးနိူင်သည့်မေးခွန်းပုံစံများ
ဓမ္မဓိဌာန်များအခန်းသီးသန့် ထည့်ပေးထားပါသည်။
Video သင်ခန်းစာများကို
လေ့လာလိုသူများ အောက်ပါအတိုင်း ဖြန့်ချီပေးနေပါသည်။
Memory Stick
Grade. 10. သင်ရိုးကုန်။ Ks 40000
Grade. 11. သင်ရိုးကုန်။ Ks 40000
Grade 12. သင်ရိုးကုန်။ Ks 60000
(Computer နှင့်သာသုံးလို့ရသည် ၊အားသာချက်မှာ
အင်တာနက်လိုင်းမရလည်း သင်ကြား၍ရသည် )
Facebook Close Group
Grade. 10. Member Fees. Ks 5000
Grade. 11. Member Fees. Ks 5000
Grade. 12. Member Fees. Ks 30000
Telegram ဖြင့်လေ့လာလို့ရအောင်လည်းစီစဉ်ထားပါသည်
Fb group ဝင်ပြီးသားသူများအနေဖြင့် ပေးထားသော
Telegram Ac သို့ဆက်သွယ်ပါ အခမဲ့ထည့်ပေးပါမည်။
(အားသာချက် ဖုန်းနှင့်လေ့လာ၍ရသည် ။မေးမြန်း
ဆွေးနွေးချက်များ(ဆရာကြီးဦးသိန်းနိူင်အပါအဝင်)ပြုလုပ်
နိူင်သည်၊ အားနဲချက်မှာ အင်တာနက်လိုင်းရမှအသုံးပြု
နိူင်သည်)
Note. Stick ဝယ်ယူသူများကို Facebook group ၃ ခု
အတွင်းသို့ အခမဲ့ထည့်သွင်းပေးပါမည်။
ဝယ်ယူလေ့လာလိုသူများ ဒေါ်အေးအေးလှိုင်
(၀၉.၅၀၄၀၈၂၃)ထံသို့ K pay, Wave pay,AYA pay တို့ဖြင့်
ငွေလွှဲနိူင်ပါသည်။ငွေလွဲပြီးကြောင်း Screenshot နှင့်
မိမိ၏ fb profile ကို 09.5040823 Viber သို့ပို့ပေးလျင်
Group link ချပေး လက်ခံပါမည်။
Stick ဝယ်ယူလိုသူများ လိပ်စာ၊ဖုန်းနံပါတ်သာပေးပါ
ပစ္စည်းရောက်ပြီးမှသာ ငွေလွှဲပေးပါ
(Note -သင်ရိုးတွင် ဖြည့်စွက်၊ပြင်ဆင်စရာများရှိလာသဖြင့် ဆရာဦးသိန်းနိူင်၏ယခုနှစ်ထုတ် သင်ရိုးစာအုပ်နှင့်
တိုက်ကြည့်နိူင်ပါသည်။)
09/05/2026
လူတိုင်းအတွက် ဘောဂဗေဒ (၁၄)
အသိဥာဏ်တုနည်းပညာ(Artificial Intelligence, AI)ကြောင့် ပျောက်ဆုံးတော့မဲ့ အလုပ်အကိုင်(၁၂) မျိုး
အောင်ထူး
ကျွန်တော့ရဲ့ ဘောဂဗေဒ၏ယုတ္တိအလွဲများ ဆောင်းပါးကို မြန်မာနိုင်ငံဘောဂဗေဒအသင်းရဲ့ ဖေ့ဘုတ်ရဲ့ ဒီဂျစ် တယ်ထုတ်ဝေမှုမှာ မေလ(၃) ရက်နေ့မှာ ပါလာတဲ့အခါ စာဖတ်သူတစ်ဦး ဖြစ်တဲ့ ဦးကိုကိုကြီးက “ဘောဂဗေဒ ကို နားမလည်ပါဘူး ဒါပေမဲ့ စာမှာပါတဲ့ AI ကြောင့် အလုပ်လက်မဲ့ ပြသနာက ယာယီသာ ဖြစ်ပါလိမ့်မယ် နောင် မှ အလုပ်အကိုင်အသစ်တွေ ပေါ်ထွန်းလာပါလိမ့်မယ်ဆိုတဲ့ Argument ကတော့ အားပျော့နေတယ်လို့ ထင်တယ်။ AI Revolution အစ ၂၀၂၃ မှာ ဘေလ်ဂိတ် အပါအဝင် ပညာရှင် အတော်များများ က ဒီစကားကို ပြော ခဲ့ဖူးတယ်။ အခုတော့ အားလုံးရဲ့ အမြင်က AI ကြောင့် လူထုဘဝ ရပ်တည်ရေးကို ကြီးစွာ ဒုက္ခပေးတော့မှာကို လက်ခံသွားကြပါပြီ။ အကယ်၍ ဘောဂဗေဒ အရ လက်ခံထားတဲ့ အလုပ်အကိုင်အသစ်တွေ ပေါ်လာမယ် ဆိုရင် လည်း အချိန်ကာလ ကို မပြောနိုင်ပါဘူး” လို့မှတ်ချက်ပြုခဲ့ပါတယ်။
“ကျွန်တော်ရေးတဲ့ ဆောင်းပါးကို ဖတ်ပေးတဲ့အတွက် နဲ့ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။” လို့ကျွန် တော်က အကြောင်းပြန်ကြား ခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တဲ့ ကျွန်တော်ကတော့ ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ ဖြစ်ပြီးသွားတဲ့ အတိတ်ကိုလဲ တမ်းတမ နေ ပါနဲ့၊ မဖြစ်သေးတဲ့ အနာဂတ်အပေါ်မှာလဲ တွေးပူပြီး စိုးရိမ်မ နေပါနဲ့၊ ပစ္စုပ္ပန်ကိုဘဲ တဲ့တဲ့ ရှုပါလို့ ဟောကြား ချက် နဲ့ အညီ တိတ်တိတ်လေးနေခဲ့ပါတယ်။
ဒါပေမဲ့ ဘောဂဗေဒပညာရှင်တစ်ယောက်အနေနဲ့ အတိတ်ကို လေ့လာပြီး အနာဂတ်ကို ခန့်မှန်းတဲ့ အကျိုးနဲ့ အကြောင်းဆက်စပ်ကောက်ချက်ချမှု(correlation) ပြုတာကတော့ အကျင့်လို ဖြစ်နေပါတယ်။ ဦးကိုကိုကြီး ပြောသလို ကြိုတွေးတတ်သူအတွက် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားရမှာကတော့ အမှန်တရားပါဘဲ။
(၆-၅-၂၀၂၆) ရက်နေ့က ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum)မှာ ဂျော့မစ်ချယ်(George Michael) ရေးတဲ့ “မကြာခင် ပျောက်သွားတော့မဲ့ အလုပ်အကိုင် ၁၂ ခု (12 jobs that may soon vanish)”ဆိုတဲ့ ဆောင်းပါးကို ဖတ်ရတော့ ကျွန်တော်လဲ အနာဂတ်ကို စိုးရိမ်သူ(alarmist) တစ်ဦး ဖြစ်လာပါတယ်။ ဂျော့မစ်ချယ် က အနာဂတ်ရဲ့ အလုပ်အကိုင် ဖန်တီးမှုများဟာ အများသိနေကြတာထက်ကို ပိုမိုလျှင်မြန်စွာပြောင်းလဲလာ နေ တယ် လို့ ဆိုပါတယ်။
ကမ္ဘာစီးပွားရေးဖိုရမ်ရဲ့ ခန့်မှန်းချက်အရ အသိဉာဏ်တုနည်းပညာ နဲ့ အလိုအလျောက် နည်းပညာ များဟာ ၂၀၃၀ ခုနှစ်များမှာ သန်းနဲ့ချီတဲ့ လူတွေကို အလုပ်လက်မဲ့တွေ ဖြစ်ပေါ်စေ နိုင်တယ်လို့ ဆိုပါ တယ်။ အထူးသဖြင့်တော့ စာရေးစာချီအလုပ်နဲ့ စီမံခန့်ခွဲမှုအလုပ်များမှာ ပေါ့။
၂၀၃၀ဆိုတာ နောက်(၄) နှစ်ပဲလိုတော့တဲ့အချိန်ပါ။ ဒီအချိန်မှ မစိုးရိမ်ရင်ဘယ်အချိန်သွား စိုးရိမ်မလဲလို့ ပြောရ မလိုပါဘဲ။
ဒါပေမဲ့ ပြီးခဲ့တဲ့ဆောင်းပါးမှာ ဖော်ပြခဲ့သလို လူတွေမှာ အတွင်းစိတ်ရဲ့ စေ့ဆော် တိုက်တွန်းမှု (inner-motivation) တွေရှိတယ်။ တီထွင်ဖန်တီးနိုင်စွမ်း(creativity) ရှိတယ်။ မိမိအကျိုး(self-interest)အတွက် ဆောင် ရွက်လိုတဲ့ စိတ်တွေရှိတယ်ဆိုတဲ့အချက်တွေကိုတော့ လျော့တွက်လို့မရဘူးပေါ့။
နိုင်ငံပေါင်း (၁၈၀) မှာ အဖွဲ့ဝင် ၃ သိန်းလေးသောင်းကျော်ရှိတဲ့ လူစွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု အသင်း (SHRM) ရဲ့ ၂၀၂၅ခုနှစ် SHRM အစီရင်ခံစာအရ အလိုလျောက်စက်တွေကြောင့် အလုပ်အကိုင်ပေါင်း (၁၉.၂) သန်း ထိခိုက်နိုင်တယ်လို့ဆိုပါတယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ်ကလဲ အလုပ်အသစ်တွေပေါ်လာရင်တောင် ၂၀၂၅ခုနှစ်မှာ အလုပ်အကိုင်ပေါင်း (၈၅) သန်းထိခိုက်မယ်လို့ ဟောကိန်းထုတ်ထားခဲ့ပါတယ်။
အသိဉာဏ်တုနည်းပညာ ကျွမ်းကျင်သူတွေရဲ့ စစ်တမ်းများအရ အချို့သောအလုပ်အကိုင်တွေဟာ အလုပ် လက် မဲ့ဖြစ်ဖို့အလားအလာပိုများတယ်လို့ဆိုပါတယ်။ အထူးသဖြင့် ထပ်ခါထပ်ခါလုပ်ရပြီး စက်က ကြိုတင်ခန့်မှန်း လို့ရတဲ့ အလုပ်မျိုးတွေမှာပေါ့။ အလုပ်ပြုတ်တာတွေက ရေတိုအတွင်း ဖြစ်လာမှာ မဟုတ်ပေမဲ့၊ အချို့အလုပ် အကိုင်တွေက တစ်ဖြေးဖြေး ကျဆင်းလာနေတယ်လို့ဆိုပါတယ်။
ဒီအလုပ်တွေထဲမှာ ခေတ်သစ်ထိန်းချုပ်ခန်းတွေမှာ ထိုင်ပြီး ထိန်းချုပ်ရတဲ့ အလုပ် (Switchboard Operators)၊ ခရီးသွားကိုယ်စားလှယ် (Travel Agents)၊ ငွေရှင်းကောင်တာဝန်ထမ်း(Cashier)၊ သတင်းစာနဲ့ စာနယ်ဇင်းပို့တဲ့ အလုပ်(newspaper boys)၊ ဘဏ်ကောင်တာထိုင်တဲ့ ဝန်ထမ်း(bank tellers)၊ ဥပဒေရေးရာလက်ထောက် များ (legal assistant) ၊ ကွန်ပြူတာအတွင်းအချက်အလက်ထည့်သွင်းသူ(data entry clerks)၊ တယ်လီဖုန်းဖြင့် ဆက် သွယ်စျေးရောင်းသူ( telemarketers )၊ စာတိုက်လုပ်ငန်းစာရွေးသူ(Postal Service Mail Sorters)၊ လမ်းဘေး အစား အသောက်ပြင်ဆင်ရောင်းချသူများ(Fast food cooks)၊ အရေးပေါ် ကယ်ဆယ်ရေး ဆက်သွယ် ပေးသူ (dispatchers)နဲ့ စာကြည့်တိုက်မှူး(librarians) စတာတွေပါဝင်ပါတယ်။
ဒီအထဲက အလုပ်အကိုင်အချို့အကြောင်း ပြောပြချင်ပါတယ် -
ခရီးသွားအေးဂျင့်(Travel Agents)၊
အရင်က အားလပ်ရက်ခရီးသွားမယ်ဆိုရင် ခရီးသွားကိုယ်စားလှယ်(travel agents)တွေရှိတဲ့ ရုံးကိုသွားပြီး သူတို့ အကူအညီနဲ့ ခရီးစဥ်ကို စီစဥ်ရတာပေါ့။ သူတို့က ခရီးသွားအစီအစဥ် တွေ(travel packages)ကို ရှင်းပြပြီး နှစ် သက်ရာရွေးရတာပေါ့။ အခုတော့ ခရီးသွားတွေဟာ အွန်လိုင်းကနေ စျေးသက်သာတဲ့ လေယာဥ်လက်မှတ် တွေ ကိုဝယ်လာကြပြီး အပန်းဖြေကမ်းခြေနဲ့ အနီးဆုံးအဆင်ပြေမဲ့ နေရာတွေကို ရှာဖွေလာကြတယ်။ အရင်က ခရီး သွားကိုယ်စားလှယ်တွေနေရာမှာ ကွန်ပြူတာအစီအစဥ် apps တွေနဲ့ အစားထိုးလာကြတယ်။ ဒီကွန်ပြူတာ အစီ အစဥ်တွေကလဲ ခရီးသွားကိုယ်စားလှယ်တွေလို့ ရုံးမဖွင့်သေးတာ၊ နေလည်စာစားဖို့ပိတ် တာတွေရှိမနေတော့ ဘဲ (၂၄) နာရီအလုပ်လုပ်ပေးနိုင်ကြပါတယ်။ ဒီလို ခရီးသွားတွေက မိမိတို့ဖာသာ တိုက်ရိုက် ခရီးစဥ်တွေကို စီစဥ် လာ နိုင်တာကြောင့် စားသုံးသူများအနေနဲ့ မိမိရဲ့ အားလပ်ရဲ့ခရီးသွားစီစဥ်မှုတွေ မိမိဖာသာလုပ်ဆောင် လာနိုင်ကြ တယ်။ ဒါကြောင့်ခရီးသွားကိုယ်စားလှယ်ရုံးတွေဆိုတာ အချိန်မရှိတဲ့ ချမ်းသာကြွယ်ဝသူတွေ အတွက် ပဲ ဖြစ် လာကြတယ်။
ငွေရှင်းကောင်တာဝန်ထမ်းများ
ခေတ်မီဆူပါမတ်ကက်ကြီးတွေမှာ မိမိဖာသာ ငွေရှင်းနိုင်တဲ့ (Self-checkout kiosks) ကောင်တာတွေ ပုံမှန်ရှိလာ တာကြောင့် ငွေရှင်းကောင်တာဝန်ထမ်းတွေနဲ့ ထိတွေ့စရာမလိုဘဲ မိမိဝယ်တဲ့ နွားနို့တို့၊ ပေါင်မုန့်တို့ကို ပေးချေလာ နိုင်ကြတယ်။ ဒီလို မိမိဖာသာငွေရှင်းနိုင်တဲ့ ကောင်တာများကြောင့် အရင်ကလို ငွေရှင်းကောင်တာဝန်ထမ်းတွေ ပင်ပန်းလို့ အနားပေးရတာ၊ နေမကောင်းလို့ခွင့်ယူရတာမျိုး မရှိတော့သလို ပိုငွေကို ပြန်အမ်းဖို့အခက်အခဲများ လဲမရှိတော့ ဘူး။ အမေရိကန်ပြည်ထောင်စုရဲ့ ခန့်မှန်းချက်တွေအရ ၂၀၂၄ခုနှစ်ကနေ ၂၀၃၄ ခုနှစ်အတွင်း ငွေရှင်း ကောင်တာ ဝန်ထမ်းလိုအပ်ချက်ဟာ (၁၀) ရာခိုင်နှုန်းလောက် ကျဆင်းသွားမယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာ တော့ အလို အလျောက် ငွေရှင်းနိုင်တဲ့ကောင်တာတွေ မပေါ်သေးပေမဲ့ ဒီဂျစ်တယ်ငွေပေးချေမှုတွေကြောင့် အရောင်းကောင် တာဝန်ထမ်းတွေဟာ ငွေအကြွေပြန်အမ်းရတဲ့ အလုပ်တွေ အတော်သက်သာသွားတာ တွေ့ရ ပါတယ်။
သတင်းစာနဲ့ စာနယ်ဇင်းပို့တဲ့အလုပ်
အရင်တုန်းက အမေရိကန်ပြည်ထောင်စုရဲ့ ရပ်ကွက်များရဲ့ နံနက်ခင်းတွေဟာ သတင်းစာပို့တဲ့ သူတွေနဲ့ စတင်ခဲ့ ကြပါတယ်။ အခုတော့ မိမိတို့ရဲ့ တယ်လီဖုန်းများမှာ သတင်းတွေ၊ အသိပေးချက်တွေဟာ မနက်ခင်း ကော်ဖီလေး မသောက်ရသေးခင်မှာတောင် အစဥ်မပြတ်ရောက်ရှိလို့လာနေပါတယ်။ အစဥ်အလာအရ မနက်ခင်း သတင်း စာပို့တဲ့ ကလေးတွေရဲ့ လှုပ်ရှားမှုဟာ အခုတော့ ရပ်ရွာတစ်ခုရဲ့ အသွင်လက္ခဏာမဟုတ်တော့ဘဲ ရှေး ဟောင်း ရုပ်ရှင်ဇာတ်ကားတွေထဲက ဇာတ်ကောင်တွေလိုဖြစ်လာပါတယ်။ လူဦးရေသန်း ၃၀၀ ခန့်ရှိတဲ့ အမေရိ ကန်ပြည် ထောင်စုမှာ နေ့စဥ်သတင်းစာတွေရဲ့ ထုတ်ဝေမှုဟာ ၂၁ သန်းအောက်အထိကို ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
ဘဏ်ငွေကောင်တာ စာရေးများ
တစ်ပါတ်တစ်ခါလခ(Paychecks)ရကြတဲ့ အမေရိကန်ပြည်ထောင်စုမှာ တစ်ပါတ်တစ်ခါဘဏ်ကို သွားပြီး ငွေသွင်းငွေ ထုတ်လုပ်တာဟာ အစဥ်အလာတစ်ခုလိုဖြစ်ခဲ့ပါတယ်။ အခုကျတော့ မိမိရဲ့ စမတ်ဖုန်းမှာ မိမိရဲ့ ငွေကြေးကိစ္စ တွေကို စီမံနေကြပါပြီ။ အမေရိကန် လုပ်သားစာရင်းအချက်အလက်ရုံးရဲ့ အဆိုအရ ဘဏ်ငွေ စာရင်းပိုင်ရှင်များ ဟာ အင်တာနက်နဲ့ ရွေ့လျားတယ်လီဖုန်းဘဏ်လုပ်ငန်းကို ပိုမိုအသုံးပြုလာတာကြောင့် အစဥ်အလာအရ ဘဏ်လုပ်ငန်းကောင်တာများမှာ ထားရှိရမယ် ဝန်ထမ်းအရေအတွက် ကျဆင်းလာတယ် လို့ဆိုပါတယ်။
ကွန်ပြူတာအတွင်းအချက်အလက်ထည့်သွင်းသူ(data entry clerks)
အချက်အလက်တွေကို ကွန်ပြူတာစနစ်အတွင်း ထည့်သွင်းသူများရဲ့အလုပ်ဟာ တစ်ချိန်က ကြီးကျယ်ခဲ့ပေမဲ့ အခုအခါမှာတော့ လမ်းဆုံးကို ရောက်နေပါပြီ။ ကွန်ပြူတာအစီအစဥ်များဟာ စာရွက်စာတမ်းများကို မိမိဖာသာ ဖတ်လာနိုင်ပြီး လိုအပ်တဲ့အချက်အလက်တွေကို ထုတ်ပေးလာနိုင်ကြပါတယ်။ အချက် အလက်စနစ်အတွင်း နောက်ဆုံးရရှိတဲ့အချက်အလက်များကို အချိန်တိုအတွင်း ဖြည့်သွင်းပေး(update) နိုင်ကြပါတယ်။ လုပ်သားစျေး ကွက်သရုပ်ခွဲမှုတွေရဲ့တွေ့ရှိချက်အရ ကွန်ပြူတာ အချက်အလက်ဖြည့်သွင်းသူတွေရဲ့ အလုပ်အကိုင်ဟာ လာ မယ့် (၁၀) စုနှစ်မှာ (၂၅) ရာခိုင်နှုန်းကျော်လောက်ကျဆင်းသွားမယ်လို့ခန့်မှန်းပါတယ်။ ဒါဟာ ကွန်ပြူတာခေတ် အတွင်းမှာဘဲ ကွန်ပြူတာ အေအိုင်ကြောင့် အလုပ်အကိုင်တွေကို အများဆုံးဝါးမျိုသွားမဲ့ လုပ်ငန်းတစ်ခုဖြစ် နေ တာ တွေ့ရပါတယ်။
နိဂုံးချုပ်ရရင်တော့ အေအိုင်ကြောင့် ပျောက်ဆုံးသွားတော့မဲ့အလုပ်အကိုင်တွေနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ထိတ်လန့်စရာတော့ မလိုပါဘူး၊ အနာဂတ်ဟာ အတိတ်နဲ့တူမှာ မဟုတ်တော့တဲ့အတွက် ကြိုတင်ပြင်ဆင် ထားဖို့တော့ လိုနေပါ ပြီ။ သိနေမြင်နေကျအလုပ်တွေ ပျောက်ဆုံးကုန်မှာဖြစ်ပေမဲ့ မိမိတို့မမျှော်မှန်းနိုင်ခဲ့တဲ့ အလုပ်သစ်တွေကတော့ ပေါ် လာဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့အနေနဲ့ တစ်ခုတည်းကို ပုံသေမထားဘဲ ပြောင်းလဲလာနေတဲ့ အလိုအလျောက်လုပ်ငန်းတွေနဲ့ ဒီဂျစ်တယ်ဆိုင်ရာ လုပ်ငန်းတွေအပေါ်မှာ မိမိကိုယ်ကိုယ် လိုက်ပါညှိနှိုင်းလုပ်ဆောင်နိုင်အောင် အသင့်ပြင် သင်ကြားမှုတွေပြုလုပ်နေဖို့လိုအပ်ပါတယ်။ စက်တွေက လူတွေကို လိုက်မတုနိုင်တဲ့ ရှုတ်ထွေး နက် နဲ တဲ့ ပြဿနာ အဖြေရှာမှုတွေ၊ တီထွင် ဖန်တီးမှုရှိတဲ့ တွေးခေါ်မှုတွေ၊ စာနာမျှဝေခံစားမှုရှိတဲ့ တွေးခေါ်မှု အပိုင်းတွေ မှာ မိမိရဲ့ ကျွမ်းကျင်မှုတွေကို သွေးထားဖို့ လိုအပ်ပါကြောင်း တင်ပြအပ်ပါတယ်။
မှီငြမ်း။ “12 jobs that may soon vanish”, George Michael, May 6, 2026.
“အသိဥာဏ်တုနည်းပညာ(Artificial Intelligence, AI) ကြောင့် ပျောက်ဆုံးတော့မဲ့ အလုပ်အကိုင်(၁၂) မျိုး” ခေါင်းစဉ်ဖြင့် ဆောင်းပါးကို ရေးသားပေးပို့ပေးပါသော ဆရာကြီး ဦးအောင်ထူးကို အသင်းကိုယ်စားအထူးကျေးဇူးတင်ပါတယ်။
ဒစ်ဂျစ်တယ်နှင့်ပုံနှိပ်ကော်မတီ
မြန်မာနိုင်ငံဘောဂဗေဒအသင်း
စာမူများဖိတ်ခေါ်ခြင်း
စီးပွားရေးဆိုင်ရာ ဘာသာပြန်နှင့်မူရင်းရေးသားထားသော ဆောင်းပါးများကို PDF/e-book ပုံစံဖြင့် အသင်းဝက်ဘ်ဆိုက်တွင် ထည့်သွင်းဖော်ပြခြင်း၊ အသင်း၏ ဆိုရှယ်မီဒီယာ (Facebook, YouTube) မှတစ်ဆင့် ဖြန့်ဝေခြင်း တို့ကို စီစဉ်ဆောင်ရွက်လျှက်ရှိပါသဖြင့် ဝိုင်းဝန်းရေးသားနိုင်ရန် ဖိတ်ခေါ််အပ်ပါသည် ...
08/05/2026
လိုအပ်ချက်၊ လိုအင်ဆန္ဒနှင့် အရင်းအမြစ် ကန့်သတ်ချက်များ
ဒေါက်တာတင်ထူးနိုင်
ဘောဂဗေဒဟူသည့် စကားလုံးကို ကြားလျှင် လူအများက စာရင်းဇယားများ၊ ငွေကြေးဈေးကွက်ဂရပ်ဖစ်များ၊ သို့မဟုတ် မူဝါဒချမှတ်သူများ၏ နားလည်ရခက်သော မိန့်ခွန်းများကိုသာ မြင်ယောင်တတ်ကြသည်။ သို့သော် အမှန်တကယ်တွင် ဘောဂဗေဒသည် လူသားတို့၏ နေ့စဉ်ဘဝကို လွှမ်းခြုံထားသည့် ဆုံးဖြတ်ရွေးချယ်မှုပညာရပ် တစ်ခုဖြစ်သည်။ ယင်း၏အခြေခံအနှစ်သာရမှာ အကန့်အသတ်ရှိသော အရင်းအမြစ်များဖြင့် အဆုံးမရှိသော လိုအင်ဆန္ဒများကို မည်သို့စီမံခန့်ခွဲမည် ဆိုသည့် ပြဿနာကို လေ့လာခြင်းဖြစ်သည်။
လူသားတို့၏ လိုအင်ဆန္ဒသည် သဘာဝအရ အဆုံးမရှိပေ။ တစ်ခုပြည့်စုံသွားပါက နောက်တစ်ခု ထပ်မံပေါ်ပေါက် လာတတ်သည်။ သို့သော် ထိုဆန္ဒများကို ဖြည့်ဆည်းရန် လိုအပ်သော အရင်းအမြစ်များ ဖြစ်သည့် ငွေကြေး၊ အချိန်၊ လုပ်အား၊ မြေယာ အားလုံးမှာ အကန့်အသတ်ဖြင့်သာရှိသည်။ ဤမညီမျှမှုမှတစ်ဆင့် ရှားပါးမှု (Scarcity) ဟူသော ကွာဟချက် ပေါ်ပေါက်လာသည်။ ရှားပါးမှု ဖြစ်ပေါ်ရခြင်း၏ အဓိက အကြောင်းရင်းမှာ နှစ်ချက်ရှိသည်။ တစ်ချက်မှာ အရင်းအမြစ်များ၏ သဘာဝ အကန့်အသတ် (Supply-Side Constraints) ဖြစ်ပြီး ကျန်တစ်ချက်မှာ လူသားတို့၏ အဆုံးမရှိ တိုးပွားနေသော လိုအင်ဆန္ဒများ (Demand-Side Limitlessness) ပင်ဖြစ်သည်။ သို့ရာတွင် ရှားပါးမှုကို နားလည်ရာ၌ အရင်းအမြစ် ခွဲဝေမှု (Allocation) ၏ အခန်းကဏ္ဍကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ရှားပါးမှုကို သဘောသဘာဝအရ သုံးမျိုးခွဲခြားနိုင်သည်။
ပထမအမျိုးအစားမှာ ပကတိရှားပါးမှု (Absolute Scarcity) ဖြစ်ပြီး အရင်းအမြစ်သည် လူတိုင်း၏ အခြေခံ လိုအပ်ချက်ကိုပင် ဖြည့်ဆည်းရန် လုံးဝမလုံလောက်သော အခြေအနေဖြစ်သည်။ ဥပမာအားဖြင့် မိုးခေါင်သည့် ဒေသတွင် သောက်သုံးရေသည် လူအားလုံးအတွက် လုံးဝမလုံလောက်ဘဲ မည်မျှပင် မျှမျှတတခွဲဝေစေကာမူ ရှားပါးမှုကို ပျောက်စေနိုင်ခြင်းမရှိပေ။ ဒုတိယအမျိုးအစားမှာ နှိုင်းယှဉ်ရှားပါးမှု (Relative Scarcity) ဖြစ်ပြီး အရင်းအမြစ်သည် လူတိုင်း၏အခြေခံလိုအပ်ချက်အတွက် လုံလောက်သော်လည်း လူတိုင်း၏ လိုအင်ဆန္ဒ အားလုံးကို ဖြည့်ဆည်းရန် မလုံလောက်သော အခြေအနေဖြစ်သည်။ တတိယအမျိုးအစားမှာမူ အတုအယောင် ရှားပါးမှု (Artificial Scarcity) ဖြစ်ပြီး အရင်းအမြစ်လုံလောက်စွာရှိနေသော်လည်း ခွဲဝေမှုစနစ်ညံ့ဖျင်းခြင်း သို့မဟုတ် ဈေးကွက်လက်ဝါးကြီးအုပ်ခြင်းတို့ကြောင့် လူသားတို့က တမင်ဖန်တီးထားသော ရှားပါးမှုဖြစ်သည်။
ရှေးရိုးစီးပွားရေးအမြင်အရ ရှားပါးမှု (Scarcity) ဆိုသည်မှာ မြေယာ၊ လုပ်အားနှင့် အရင်းအနှီး (Land, Labour, Capital) ဟူသော ထုတ်လုပ်မှု အရင်းအမြစ်များနှင့်သာ သက်ဆိုင်သည်ဟု မှတ်ယူခဲ့ကြသည်။ သို့သော် ယနေ့ခေတ်သစ်လူနေမှုဘဝတွင် ရှားပါးမှု၏ သဘောတရားသည် ရုပ်ဝတ္ထုနယ်ပယ်ထက် ကျော်လွန်၍ လူတို့၏ နေ့စဉ်ဘဝထဲသို့ ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ ဘောဂဗေဒပညာရပ်၏ နယ်ပယ်မှာလည်း များစွာကျယ်ပြန့်လာခဲ့ပြီး အောက်ပါအချက်များမှာ ခေတ်သစ်ရှားပါးမှု၏ အရေးကြီးသော ဥပမာများ ဖြစ်သည်။
ပထမဆုံးနှင့် အရေးအကြီးဆုံး ဥပမာမှာ ကျန်းမာရေး ရှားပါးမှု (Health Scarcity) ပင် ဖြစ်သည်။ လူသားတို့၏ ဘဝရပ်တည်မှုနှင့် တိုးတက်မှုဖြစ်စဉ်တွင် လူ့စွမ်းအား အရင်းအမြစ်များ၏ ပကတိရှားပါးမှု (Absolute Scarcity) ကို နားလည်သဘောပေါက်ရန်မှာ အလွန်အရေးကြီးပါသည်။ ကျန်းမာရေးကို ကောင်းခြင်း၊ မကောင်းခြင်း ဟူသော အရည်အသွေး (Quality) တစ်ခုအဖြစ်သာမကဘဲ တဖြည်းဖြည်း လျော့နည်းကုန်ဆုံးသွားနိုင်သည့် ပကတိအရင်းအမြစ်တစ်ခုအဖြစ် ရှုမြင်တတ်ရန်လိုအပ်ပါသည်။ ငွေကြေးမည်မျှပင် ရှိစေကာမူ ကုန်ဆုံးသွား သော ကျန်းမာရေးနှင့် လွန်လေပြီးသော အသက်အရွယ်ကို ပြန်လည်ဝယ်ယူ၍ မရနိုင်ပေ။ ထို့ကြောင့် မိမိပိုင်ဆိုင် ထားသော ဤတန်ဖိုးဖြတ်ရခက်သည့် ကျန်းမာသောလူသားရင်းမြစ်ကို မည်သို့ထိန်းသိမ်းအသုံးချမည် ဆိုသည်မှာ ဘဝ၏ အရေးကြီးဆုံး ရွေးချယ်ဆုံးဖြတ်ချက် ဖြစ်လာသည်။
ဒုတိယဥပမာတစ်ခုမှာ အချိန်နှင့် အာရုံစိုက်နိုင်စွမ်း ရှားပါးမှု (Time and Attention Scarcity) ဖြစ်သည်။ တစ်နေ့ ၂၄ နာရီဆိုသော အချိန်သည် စုဆောင်း၍မရသလို ကုန်ဆုံးသွားပါကလည်း ပြန်လည်ဖြည့်တင်း၍မရသော အရှားပါး ဆုံးသော ပကတိအရင်းအမြစ် ဖြစ်သည်။ ငွေကြေးနှင့် ပစ္စည်းဥစ္စာများကို ပြန်လည်ရှာဖွေနိုင်သော်လည်း ကုန်ဆုံး သွားသော မိနစ်တိုင်းမှာမူ ထာဝရပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။ ယနေ့ခေတ်တွင် YouTube၊ TikTok နှင့် Facebook ကဲ့သို့သော ပလက်ဖောင်းများက လူသားတို့၏ နေ့စဉ်ဘဝအချိန်များစွာကို အဆက်မပြတ် ဖဲ့ခြွေ ယူနေသကဲ့သို့ သတင်းမှားများကြားတွင် အမှန်တရားကို ရှာဖွေရသည့် စိန်ခေါ်မှုကလည်း လူသားတို့၏ အလေးထား အာရုံစိုက်နိုင်စွမ်းကို ပိုမိုကုန်ခမ်းစေသည်။ ထို့ကြောင့် ဤရှားပါးလှသော အချိန်နှင့် အာရုံစိုက်မှုကို မည်သည့် နေရာတွင် ခွဲဝေအသုံးချမည်နည်းဆိုသည်မှာ ခေတ်သစ်ဘဝ၏ အဓိက ရွေးချယ်မှုပြဿနာ ဖြစ်လာပြီး ၎င်းကို စနစ်တကျ မစီမံနိုင်ပါက အခွင့်အလမ်းစရိတ် (Opportunity Cost) မြင့်မားစွာဖြင့် ဘဝအတွက် အမှန်တကယ် အရေးကြီးသည်များကို လက်လွတ်ဆုံးရှုံးသွားနိုင်ပါသည်။
တတိယအချက်မှာ လူမှုအရင်းအနှီး ရှားပါးခြင်း (Social Capital Scarcity) ဖြစ်သည်။ ဘောဂဗေဒပညာအရ လူမှုအရင်းအနှီးဆိုသည်မှာ လူအချင်းချင်းကြားရှိ ယုံကြည်မှု၊ အပြန်အလှန်ကူညီမှုနှင့် ခိုင်မာသော လူမှုကွန်ရက် များကို ဆိုလိုပြီး ၎င်းတို့သည် မြေယာနှင့် ငွေကြေးကဲ့သို့ပင် တန်ဖိုးရှိသော အရင်းအမြစ်များ ဖြစ်ကြသည်။ သို့သော် ထိုအရင်းအနှီးကို တည်ဆောက်ရန်အတွက် အချိန်နှင့် စိတ်ခံစားမှုစွမ်းအင်ဟူသော ရှားပါးအရင်းအမြစ် များကို ရင်းနှီးမြှုပ်နှံရန် လိုအပ်သည်။ ယနေ့ခေတ်တွင် အလုပ်ချိန်ရှည်လျားမှုနှင့် အွန်လိုင်းပေါ်၌ အချိန် ကုန်ဆုံးမှုများကြောင့် လူသားတို့တွင် နက်ရှိုင်းသော ဆက်ဆံရေးများ တည်ဆောက်ရန် အခွင့်အရေး ရှားပါးလာ ခဲ့သည်။ မြို့ကြီးများတွင် အိမ်နီးချင်းနှင့် နှစ်နှင့်ချီ၍ စကားမပြောဖြစ်ဘဲ အရေးပေါ် အကူအညီလိုသည့်အခါ အားကိုးရမည့်သူမရှိခြင်း၊ လူမှုကွန်ရက်ပေါ်တွင် သူငယ်ချင်းထောင်ချီရှိသော်လည်း အမှန်တကယ် စိတ်ညစ်နွမ်း ချိန်တွင် ရင်ဖွင့်အားကိုးရမည့်သူ ရှာရခက်ခဲနေခြင်းတို့မှာ ဤလူမှုအရင်းအနှီး ကျဆင်းလာခြင်း၏ ရလဒ်ပင်ဖြစ် သည်။ ဤရှားပါးမှုကို မဖြေရှင်းနိုင်ပါက စိတ်ပိုင်းဆိုင်ရာ အထီးကျန်မှုများကို ခံစားရနိုင်သည့်အပြင် ဘဝ၏ အဖိုးတန်သော လူမှုစီးပွားအခွင့်အလမ်းများပါ ဆုံးရှုံးသွားနိုင်ပါသည်။
အနှစ်ချုပ်အားဖြင့် ဘောဂဗေဒသည် ငွေကြေးနှင့် ဥစ္စာဓနကိုသာ လေ့လာသော ပညာရပ်မဟုတ်ဘဲ လူသားတို့၏ ဘဝတစ်လျှောက် အကန့်အသတ်ရှိသော အရင်းအမြစ်များကို အဆုံးမရှိသော ဆန္ဒများအကြား မည်သို့ချင့်ချိန် ခွဲဝေရမည်ကို လေ့လာသော လမ်းညွှန်ပညာရပ်ဖြစ်သည်။ ဤရှားပါးမှုနှင့် ရွေးချယ်မှုတို့၏ အခြေခံ သဘော တရားကို နားလည်လိုက်သောအခါ ကုန်စုံဆိုင်တွင် ပစ္စည်းရွေးချယ်ခြင်းမှအစ အစိုးရ၏ ဘတ်ဂျက် မူဝါဒများ အထိ ဘဝ၏နယ်ပယ်အားလုံးကို ပိုမိုရှင်းလင်းစွာ နားလည်နိုင်မည် ဖြစ်ပေသည်။
ကိုးကား-
Gowdy, J. & Lee, R. B. (1997). Limited Wants, Unlimited Means. Island Books.
Grossman, M. (1972). "On the Concept of Health Capital and the Demand for Health." Journal of Political Economy, 80(2), 223-255.
Mullainathan, S. & Shafir, E. (2013). Scarcity: Why Having Too Little Means So Much. Times Books.
O'Boyle, E. J. (1993). "On Need, Wants, Resources and Limits." International Journal of Social Economics, 20(12), 13-26.
Robbins, L. (1932). An Essay on the Nature and Significance of Economic Science. Macmillan.
“လိုအပ်ချက်၊ လိုအင်ဆန္ဒနှင့် အရင်းအမြစ် ကန့်သတ်ချက်များ” ခေါင်းစဉ်ဖြင့် ဆောင်းပါးကို ရေးသားပေးပို့ပေးပါသော ဆရာဒေါက်တာတင်ထူးနိုင် ကို အသင်းကိုယ်စားအထူးကျေးဇူးတင်ပါတယ်။
ဒစ်ဂျစ်တယ်နှင့်ပုံနှိပ်ကော်မတီ
မြန်မာနိုင်ငံဘောဂဗေဒအသင်း
စာမူများဖိတ်ခေါ်ခြင်း
စီးပွားရေးဆိုင်ရာ ဘာသာပြန်နှင့်မူရင်းရေးသားထားသော ဆောင်းပါးများကို PDF/e-book ပုံစံဖြင့် အသင်းဝက်ဘ်ဆိုက်တွင် ထည့်သွင်းဖော်ပြခြင်း၊ အသင်း၏ ဆိုရှယ်မီဒီယာ (Facebook, YouTube) မှတစ်ဆင့် ဖြန့်ဝေခြင်း တို့ကို စီစဉ်ဆောင်ရွက်လျှက်ရှိပါသဖြင့် ဝိုင်းဝန်းရေးသားနိုင်ရန် ဖိတ်ခေါ််အပ်ပါသည် ...
07/05/2026
“ကြက်ဥနဲ့ ကြက်မ ဘယ်ကစ”
ကြက်ဥ ကြက်မ ဘယ်ကစတာလဲ ဆိုတာ အမြဲ မေးကြတဲ့ ကိစ္စ တစ်ခုဖြစ်ပါတယ်။ အမေးရှိရင် အဖြေ ရှိရမှာ ဖြစ်တဲ့အတွက် ဒီမေးခွန်းကို ဖြေဖို့လေ့လာဖြစ်ပါတယ်။ ဒါကို ဖြေဆိုဖို့ဆိုရင် စာတတ်မြှောက်ပြီး စဥ်းစားတွေးခေါ်နိုင်ဖို့လိုအပ်ပါတယ်။ ဒါအတွက် အာဟာရပြည့်ဝဖို့လိုပါတယ်။ ဒီအချက်ကို သဘောတူတယ်ဆိုရင် ဆက်လက်ဖတ်ရှုပြီး ဆွေးနွေးကြရအောင်ပါ။
"အစားအစာ ဝါးစားပါ၊ အသားပါသလား၊ ငါးပါသလား" လို့ ငယ်ငယ်က ကျယ်ကျယ်လောင်လောင် ရွတ်ဆိုခဲ့ကြပေမယ့်၊ တကယ့် လက်တွေ့ဘဝမှာ အသားနဲ့ ငါး မပါနိုင်တဲ့ ထမင်းဝိုင်းတွေ ကျွန်မတို့ ပတ်ဝန်းကျင် မှာ အများကြီး ရှိလာနေပါပြီ။
မိသားစု ဝင်ငွေ ကျဆင်းပြီး ကုန်ဈေးနှုန်းတွေ ထိုးတက်နေချိန်မှာ ငွေငါးထောင်၊ တစ်သောင်းတန်တဲ့ အသား၊ ငါးတွေဟာ အခြေခံလုပ်သားတွေအတွက် နေ့စဉ် ဝယ်ယူဖို့ မဖြစ်နိုင်တဲ့ အရာတွေပါ။ ဒီအခါမှာ ကလေးတွေ အာဟာရ ချို့တဲ့မှု (Malnutrition) မဖြစ်အောင် ကယ်တင်ပေးနိုင်တဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဟာ တန်ဖိုးနည်း ပရိုတင်း အရင်းအမြစ်ဖြစ်တဲ့ "ကြက်ဥ" သာလျှင် ဖြစ်ပါတယ်။ ဒါပေမဲ့... အဲဒီ ကြက်ဥဈေးကရော တကယ်ပဲ အခြေခံလူတန်းစားတွေ လက်လှမ်းမီတဲ့ အနေအထားမှာ ရှိနေပါရဲ့လား။ ကြက်ဥတစ်လုံးကို ဘာကြောင့် ဈေးပေါပေါနဲ့ မထုတ်လုပ်နိုင်ရတာလဲ။
ဒီဆောင်းပါးမှာတော့ မူလတန်း ဖတ်စာထဲကလို အသား၊ ငါး မစားနိုင်တော့တဲ့ ကလေးငယ်တွေအတွက် အရေးအကြီးဆုံး ဖြစ်တဲ့ "ကြက်ဥ" ဈေးနှုန်းတွေ ဘာကြောင့် ကြီးမြင့်နေရသလဲ ဆိုတာနဲ့၊ ဒီပြဿနာကို ဖြေရှင်းဖို့ “နိုင်ငံ့စီးပွား ဖွံ့ဖြိုး တိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေး။” လို့ဆိုတဲ့ ဦးတည်ချက်နဲ့ ဘယ်လို ချိတ်ဆက် တည်ဆောက်ရမလဲ ဆိုတာကို လေ့လာ တင်ပြသွားပါမယ်။
ပထမဦးဆုံး ဆွေးနွေးလိုတာက ဘာလို့ကြက်ဥဈေးနှုန်းတက်တာ က တိုင်းပြည် အနာဂတ်ကို ထိခိုက် နိုင်သလဲ ဆိုတာပါ။ ကလေးငယ်များ၏ အာဟာရပြည့်ဝမှုသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိက သော့ချက်ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ကလေးငယ်များ အာဟာရ ချို့တဲ့မှု (Malnutrition) နှင့် ပုညှက်ခြင်း (Stunting) ပြဿနာများ ကို ဖြေရှင်းရန် အတွက် အလွယ်တကူ ရနိုင်ပြီး တန်ဖိုးနည်းပါးသော အာဟာရ ရင်းမြစ်များ ကို ရှာဖွေရာမှာ "ကြက်ဥ" သည် အကောင်းဆုံးနှင့် အထိရောက်ဆုံး ရွေးချယ်မှုတစ်ခု ဖြစ်လာတယ်လို့ သိရှိရတယ်။
ကြက်ဥတစ်လုံးတွင် ကလေးငယ်များ၏ ခန္ဓာကိုယ်နှင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ် များစွာ ပါဝင်နေပါသည်။ ပထမဦးစွာ အရည်အသွေးမြင့် ပရိုတင်း (High-Quality Protein) ဖြစ်ပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု၊ ကြွက်သား တည်ဆောက်မှုနှင့် ဆဲလ်များ ပြုပြင်မွမ်းမံခြင်း တို့အတွက် အလွန် အရေးပါပါသည်။ ကိုလင်း (Choline) ဆိုသည်မှာ ဦးနှောက်နှင့် အာရုံကြောစနစ် ဖွံ့ဖြိုးမှု၊ မှတ်ဉာဏ် ကောင်းမွန်စေမှု အတွက် အထူးအရေးပါသော ဓာတ်ဖြစ်ပြီး ကလေးငယ်များ ၏ သင်ယူနိုင်စွမ်းကို မြှင့်တင် ပေးသည်။ ထို့အပြင် ဗီတာမင် A၊ ဗီတာမင် B12၊ ဗီတာမင် D နှင့် သံဓာတ်၊ ဇင့်ဓာတ်တို့ ပါဝင်သောကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး အရိုးအဆစ်များ သန်စွမ်းစေသည်။
အာဟာရချို့တဲ့ခြင်းသည် ဉာဏ်ရည်ရမှတ်များကို တိုက်ရိုက် ကျဆင်းစေသည်။ ပုညှက်သောကလေးငယ်များ (သို့မဟုတ်) မိခင်တွင် သွေးအားနည်း ရောဂါရှိခဲ့သော ကလေးငယ်များသည် ပုံမှန်ကလေးများထက် IQ ရမှတ် (၇ မှ ၁၅ မှတ်) ခန့် ပိုမို နည်းပါးလေ့ရှိပြီး စကားပြောခြင်း၊ ဂဏန်းရေတွက်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်းဆိုင်ရာ စွမ်းရည်များတွင်လည်း နောက်ကျ ကျန်ရစ်တတ်သည်။ ဤကွာဟချက်သည် မိသားစုဝင်ငွေ သို့မဟုတ် နိုင်ငံ၏ GDP ထက်စာလျှင် အာဟာရပြည့်ဝမှုနှင့် ပိုမိုတိုက်ရိုက် ဆက်စပ်နေသည် ကို တွေ့ရှိရသည်။
အာဟာရ ပြည့်ဝသော ကလေးငယ်များသည် ကျောင်းပညာရေးတွင် ပိုမို ထူးချွန်နိုင်ပြီး အနာဂတ် လုပ်ငန်းခွင်တွင် လည်း စွမ်းဆောင်ရည် ပိုမိုမြင့်မားနိုင်ပါသည်။ ထို့ကြောင့် ကြက်ဥစားသုံးမှု မြှင့်တင်ခြင်း သည် ကျန်းမာရေးကဏ္ဍ သာမက စီးပွားရေးနှင့် ပညာရေးကဏ္ဍများ အတွက်ပါ ရေရှည် ရင်းနှီးမြှုပ်နှံမှု တစ်ရပ် ဖြစ်သည်။
ကြက်ဥဈေးနှုန်း ကျဆင်းရေး၏ စီးပွားရေးနှင့် လူမှုရေး အရေးပါမှု (ရန်ကုန်မြို့ကို အခြေခံ၍ လေ့လာချက်)
၁။ ကြက်ဥဈေးနှုန်း ကျဆင်းရန် ဘာကြောင့် အရေးကြီးသလဲ
ကြက်ဥဈေးနှုန်း ကျဆင်းရေးသည် သာမန် စားဝတ်နေရေး ပြဿနာတစ်ခုတည်း မဟုတ်ဘဲ "လူ့စွမ်းအား အရင်းအမြစ် တည်ဆောက်ရေး (Human Capital Development)" နှင့် တိုက်ရိုက် သက်ဆိုင် နေပါသည်။ စီးပွားရေး ကျဆင်းမှုနှင့် ငွေကြေးဖောင်းပွမှု ဒဏ်ကို ခံရချိန်တွင် အခြေခံ လူတန်းစားများသည် အသား၊ ငါး ကဲ့သို့သော ဈေးကြီးသည့် ပရိုတင်းများကို လျှော့ချရသည်။ ထိုအခါ ကြက်ဥသည် အရေးပေါ် အာဟာရ ဖြည့်တင်းပေးနိုင်သည့် နောက်ဆုံးခံတပ် (Safety Net) ဖြစ်လာ ပါသည်။ ကြက်ဥဈေးပါ ကြီးမြင့်နေပါက ကလေးငယ်များ ပုညှက်ခြင်း (Stunting) နှင့် အာဟာရ ချို့တဲ့မှုတို့ကို ရှောင်လွှဲ၍ မရနိုင်တော့ဘဲ ရေရှည်တွင် နိုင်ငံ၏ အလုပ်သမား ကုန်ထုတ်စွမ်းအား (Labor Productivity) ကျဆင်းခြင်း အထိ အချိုးကျ သက်ရောက်မှု ရှိလာမည် ဖြစ်ပါသည်။
၂။ ရန်ကုန်မြို့၏ လူဦးရေနှင့် ကြက်ဥ စားသုံးနိုင်မှု အချိုးအစား
ခန့်မှန်းခြေ စာရင်းများအရ ၂၀၂၅-၂၀၂၆ ခုနှစ် ဝန်းကျင်တွင် ရန်ကုန်မြို့ပြ (Metro Area) လူဦးရေသည် ၅.၉ သန်း ဝန်းကျင်ရှိပြီး နှစ်စဉ် လူဦးရေ တိုးနှုန်း (Population Growth Rate) သည် ၁.၈% ခန့် ရှိပါသည်။ ထွက်ရှိမှုနှင့် စားသုံးမှု အခြေအနေကို လေ့လာကြည့်ပါက မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ရက်လျှင် ကြက်ဥအလုံးရေ ၈ သန်းခန့် ထွက်ရှိသည်ဟု (USDA ၏ ၂၀၂၅ ခန့်မှန်းချက်များအရ) ယူဆရပြီး၊ ရန်ကုန်ကဲ့သို့ မြို့ကြီးများ သည် အဓိက စားသုံးသည့် ဈေးကွက်ကြီးများ ဖြစ်ကြပါသည်။ ရန်ကုန်လူဦးရေ ၅.၉ သန်းအတွက် တစ်ရက်လျှင် ကြက်ဥ ၃ သန်းခန့် စားသုံးသည်ဟု တွက်ဆ ကြည့်ပါက၊ ပျမ်းမျှအားဖြင့် လူတစ်ဦးလျှင် နှစ်ရက်မှ ကြက်ဥတစ်လုံး (သို့မဟုတ်) တစ်နှစ်လျှင် အလုံး ၁၈၀ ခန့်သာ စားသုံးနိုင်သည့် အချိုးအစား ဖြစ်နေပါသည်။ သို့သော်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံတွင် တစ်ဦးလျှင် တစ်နှစ်ကို ကြက်ဥ အလုံး ၃၀၀ နီးပါး စားသုံးနိုင်သည်ဟု သိရှိရသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ ပျမ်းမျှစားသုံးမှု (Per Capita Consumption) သည် အလွန် နိမ့်ကျနေဆဲ ဖြစ်ပါသည်။ အကြောင်းမူကား ကိန်းဂဏန်းများအရ တစ်နှစ်လျှင် အလုံး ၁၀၀ ကျော် စားနေသည်ဟု ဆိုသော်လည်း၊ ထုတ်လုပ်မှု လျော့နည်းလာမှု၊ ဈေးနှုန်းမြင့်တက်လာမှု နှင့် ဝင်ငွေ မညီမျှမှု (Income Inequality) တို့ကြောင့် လက်တွေ့ မြေပြင်တွင် အခြေခံလူတန်းစားများက ကြက်ဥကို လုံလောက်စွာ မစားနိုင်ကြပါ။
လက်ရှိ ကာလများတွင် ကြက်ဥတစ်လုံးလျှင် အရွယ်အစားနှင့် ရောင်းချသည့် နေရာပေါ် မူတည်၍ ၄၀၀ မှ ၅၀၀ ကျပ် ဝန်းကျင် (တစ်ကတ်လျှင် ၅,၀၀၀ မှ ၆,၀၀၀ ကျပ် ဝန်းကျင်) ပေါက်ဈေး ရှိနေပါသည်။ အခြေခံ အလုပ်သမား တစ်ဦး၏ တစ်နေ့တာ တစ်ရက်လျှင် ၆,၈၀၀ ကျပ် (အလုပ်ချိန် ၈ နာရီအတွက် အခြေခံလစာ ၄,၈၀၀ ကျပ်နှင့် ထောက်ပံ့ကြေး ၂,၀၀၀ ကျပ်) စုစုပေါင်း နှိုင်းယှဉ်ပါက ကြက်ဥတစ်ကတ် ဝယ်ရန်အတွက် သူ၏ တစ်ရက်စာ လုပ်အားခကို သုံးရမည့် သဘော ဖြစ်နေပါသည်။ မိသားစုဝင် ၅ ယောက်ရှိသော အိမ်ထောင်စုတစ်ခုတွင်၊ လူနှစ်ယောက်အလုပ် လုပ်လျှင် တစ်နေ့ဝင်ငွေ မှာ ၁၃,၆၀၀ ကျပ်ဖြစ်သည်။ လူတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး စားမည်ဆိုလျှင်ပင် တစ်နေ့လျှင် ၂,၀၀၀ မှ ၂,၅၀၀ ကျပ်ခန့် ကုန်ကျမည် ဖြစ်ရာ၊ ၎င်းသည် အခြေခံ မိသားစုတစ်ခု ၏ နေ့စဉ်ဝင်ငွေ ၁၅% ၁၈% နီးပါးခန့် ဖြစ်နေပါသည်။ ထို့ကြောင့် လူဦးရေ တိုးတက်လာမှုနှင့်အတူ စားနပ်ရိက္ခာ လိုအပ်ချက် မြင့်တက်လာသော်လည်း၊ လုပ်ခလစာ ဝင်ငွေများ တိုးမလာဘဲ ငွေကြေးဖောင်းပွမှုကြောင့် ဝယ်ယူနိုင်စွမ်း (Purchasing Power) ကျဆင်းနေခြင်း က ပြည်သူအများစု ကို လိုအပ်သော အာဟာရ ပမာဏ ပြည့်ဝစွာ မစားသုံးနိုင်အောင် တားဆီး ထားသကဲ့သို့ ဖြစ်နေပါသည်။ ရန်ကုန် ဆင်ခြေဖုံးရှိ ကျူးကျော် ရပ်ကွက်များနှင့် စက်မှုဇုန် အလုပ်သမား မိသားစုများတွင် ကလေးငယ်များ အာဟာရ မပြည့်ဝမှုနှုန်းသည် ကျေးလက် ဒေသအချို့ထက်ပင် ပိုမို မြင့်မားနေသည်ကို တွေ့ရသည်။ ကုန်ဈေးနှုန်း ကြောင့် မိသားစုများက ကလေးငယ်များ ကို ထမင်းများများ ကျွေးပြီး၊ အသား၊ ငါး၊ ဥ နှင့် ဟင်းသီးဟင်းရွက် (Protein & Micronutrients) ကျွေးမွေးမှုကို လျှော့ချ လာကြသည်။
(မှတ်ချက် - အထက်ပါ ဈေးနှုန်းများသည် ကာလအလိုက် ပျမ်းမျှ လက်လီပေါက်ဈေးကို ပြုစုထားခြင်း ဖြစ်ပြီး ကြက်ဥ အရွယ်အစားနှင့် ဝယ်ယူသည့် နေရာပေါ်မူတည်၍ အနည်းငယ် ကွာဟနိုင်ပါသည်။)
မြန်မာနိုင်ငံတွင် ကြက်ဥဈေးနှုန်း မြင့်တက်ရခြင်း၏ အခြေခံ အကြောင်းရင်းများ ကို လေ့ာကြည့်ရာတွင် ပြည်တွင်း ကြက်ဥ ဈေးနှုန်း ကြီးမြင့်နေခြင်းသည် ဝယ်လိုအား (Demand) ကြောင့်ထက် ထုတ်လုပ်မှုနှင့် ပို့ဆောင်ရေး ကွင်းဆက် တလျှောက် ကြုံတွေ့ နေရသော ကန့်သတ်ချက်များ (Supply-side constraints) ကြောင့် ပိုမိုဖြစ်ပေါ်နေခြင်း ဖြစ်ပါသည်။ နံပါတ်တစ် အနေဖြင့် တိရစ္ဆာန်အစာ (Animal Feed) ဈေးနှုန်း ကြီးမြင့်မှု ပြဿနာ ဖြစ်သည်။
ကြက်မွေးမြူရေး ကုန်ကျစရိတ် စုစုပေါင်း၏ ၇၀% ခန့်သည် အစာဖိုးဖြစ်ရာ အစာဈေးနှုန်း အတက်အကျ သည် ကြက်ဥဈေး ကို တိုက်ရိုက် အဆုံးအဖြတ် ပေးနေပါသည်။ ပဲပုပ်ဖတ် (Soybean meal)၊ ဗီတာမင်နှင့် ကြက် ကာကွယ်ဆေးများ ကဲ့သို့သော မရှိမဖြစ် သွင်းအားစုများကို ပြည်ပမှ တင်သွင်းရသောကြောင့် ငွေလဲလှယ်နှုန်း (Exchange Rate) မတည်ငြိမ်မှုသည် အစာဈေးနှုန်းကို သိသိသာသာ မြင့်တက် စေပါသည်။ ပြည်တွင်း ကုန်ကြမ်းများကို အစားထိုး သုံးစွဲသော်လည်း မလုံလောက် သည့် အပြင် ပြည်တွင်း ထွက် ပြောင်းဆံ၊ ဆန်ကွဲ နှင့် ငါးခြောက်မှုန့် ဈေးနှုန်းများ သည်လည်း သွင်းအားစုစရိတ်နှင့် သယ်ယူ ပို့ဆောင်ရေး စရိတ်များကြောင့် ဆက်တိုက် မြင့်တက်လျက် ရှိရာ မွေးမြူရေးသမားများ အတွက် ကြီးမား သော ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါသည်။
နောက်တစ်ချက်မှာ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေး ကွင်းဆက် ဖြစ်သော Supply Chain တစ်လျှောက်တွင် ထုတ်လုပ်နိုင်စွမ်း ကျဆင်းစေသော အဟန့်အတားများ ဖြစ်သည်။ သွင်းအားစုများ ဝယ်ယူခြင်းမှစ၍ ဈေးကွက်သို့ တင်ပို့သည်အထိ အဆင့်ဆင့်သော ကြားခံ ပွဲစားစနစ်များ (Intermediaries) ရှိနေခြင်း၊ လုပ်ငန်း လိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ဆိုင်ရာ အဆင့်ဆင့် ကန့်သတ်ချက်များ ရှိနေခြင်းတို့က မွေးမြူရေးသမား အတွက် အမြတ် နည်းစေပြီး စားသုံးသူအတွက် ဈေးကြီးစေပါသည်။
ထို့အပြင် လျှပ်စစ်မီး ရရှိမှု အကန့်အသတ်များကြောင့် အအေးခန်းစနစ် (Cold Chain System) နှင့် စနစ်ကျ သော သိုလှောင်ရုံများ အားနည်းကာ ကြက်ဥများ ပျက်စီးဆုံးရှုံးမှု (Post-harvest loss) ရာခိုင်နှုန်း များပြားလာသည်ဟု သိရှိရသည်။ ထို့အပြင် ရာသီဥတုပြောင်းလဲမှုကြောင့် အပူချိန် စံချိန်တင် မြင့်မားသည့် အခါ ကြက်များ ဥထွက်နှုန်းကျခြင်း၊ သေဆုံးခြင်း များလည်း ဖြစ်သည်။ စက်သုံးဆီ အကန့်အသတ် ဖြစ်လာချိန်တွင် အအေးပေး စနစ်များ ကို သုံးစွဲနှိုင်မှု လျော့ကျ လာပြီး ဆုံးရှုံးမှု ပိုမို မြင့်လာခြင်းများ ဖြစ်ပေါ်လာသည်။
နောက်ဆုံး အချက်မှာ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ဖြစ်သည်။ မွေးမြူရေးခြံများ (အများအားဖြင့် နယ်မြို့များ) မှ အဓိက ဈေးကွက်ကြီးများသို့ ပို့ဆောင်ရာတွင် လမ်းပန်း ဆက်သွယ်ရေး အခြေအနေ (လမ်းတွင် ပိုမိုကြာမြင့်ခြင်း၊ လမ်းဂိတ်များ တွင် အခကြေးငွေ ပေးဆောင်ရခြင်း) နှင့် စက်သုံးဆီ ဈေးနှုန်း ကြီးမြင့်မှုများ ကြောင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် (Logistics Cost) သည် ယခင်ထက် အဆပေါင်းများစွာ မြင့်တက် လာပါသည်။
ကြက်ဥဈေးနှုန်းကို ရေရှည်ကျဆင်းစေရန် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချခြင်းနှင့် ထောက်ပံ့ ပို့ဆောင်ရေး ကွင်းဆက် ကို အချိန်တိုအတွင်း ကုန်ကျစရိတ်သာသာစွာ ပို့ဆောင်နိုင်စေရန် ပံ့ပိုးခြင်းတို့ သည် တမျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးဟူသော အမျိုးသားရေး ရည်မှန်းချက် ဖြစ်လာပါသည်။ သို့ဖြစ်ရာ ယခုကြက်ဥဈေးနှုန်းကျဆင်းရေး ကို မူဝါဒ တစ်ရပ်အနေဖြင့် ဘက်စုံ လေ့လာဖြေရှင်းရမည်ဖြစ်သည်။ ထိုသို့ဖြေရှင်းရာတွင် ဈေးကွက်အတွင်း ဈေးနှုန်းကို တိုက်ရိုက်ထိန်းချုပ်ခြင်း သည် ရေရှည်တွင် ရင်းနှီးမြှုပ်နှံလိုစိတ် ကို လျော့ကျစေပြီး ရောင်းလိုအားကို ပိုမိုကျဆင်းစေကာ ဈေးကွက် ယုံကြည်မှု ပျက်ပြား လာသည်ကိုသာ ဖြစ်ပေါ်စေပါသည်။ မြန်မာနိုင်ငံကဲ့သို့ သဘာဝအရင်းမြစ် ကြွယ်ဝပြီး ဈေးကွက်ကောင်းများကို ပိုင်ဆိုင် ထားသော နိုင်ငံအနေဖြင့် မိမိ စားနပ်ရိက္ခာ ဖူလုံရေးမှ တဆင့် ဒေသတွင်း အတွက်ပါ ရည်ရွယ်နိုင်သည်။ ထိုသို့ ရည်မှန်းရာတွင် အချိန်ကာလအလိုက် လုပ်ဆောင်ရန်များ ကို စနစ်တကျ ဆောင်ရွက်နိုင်သည်။
ကြက်ဥဈေးနှုန်း ကျဆင်း သက်သာရေးနှင့် စက်မှုမူဝါဒ
အထက်တွင် ဖော်ပြထားသကဲ့သို့ ကြက်ဥဈေးနှုန်း ကျဆင်းရေးမှာ ကုန်ကျစရိတ်၏ ၇၀% ဖြစ်သော အစာ သွင်းအားစု ဈေးနှုန်းများ တည်ငြိမ်စေရေး (Stabilizing Feed Costs)ပင်ဖြစ်သည်။ လက်ရှိတွင် ဥစားကြက်များအတွက် မရှိမဖြစ် လိုအပ်သော ပရိုတင်းဓာတ် မြင့်မားသည့် ပဲပုပ်ဖတ် (Soybean Meal) ကို ပြည်ပမှ တင်သွင်းနေရဆဲ ဖြစ်သည်။ ရေတိုတွင် အစာဈေး မတက်ရန် အခွန် သက်သာခွင့်ဖြင့် တင်သွင်းခွင့် ပြုရပါမည်။ တိရစ္ဆာန်အစာနှင့် ဆေးဝါးများ တင်သွင်းရာတွင် အခွန် ကင်းလွတ်ခွင့် (သို့မဟုတ်) သက်သာခွင့်များပေး၍ ငွေလဲလှယ်နှုန်း မတည်ငြိမ်မှု ဒဏ်ကို လျှော့ချပေးခြင်း၊ သွင်းကုန်လိုင်စင် ဖြင့် ထိန်းချုပ် ကန့်သတ်ထားသည်များ ကို ဖြေလျှော့ပေးခြင်းတို့ကို ပထမဦးစွာ ဆောင်ရွက်ရမည်ဖြစ်သည်။
အစာကုန်ကြမ်း ထုတ်လုပ်မှု (Raw Feed Materials) ကိုမြန်မာ့စက်မှုမူဝါဒ နှင့် စားရေရိက္ခာဖူလုံရေးရှုထောင့်မှ အားပေးရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရာသီဥတုနှင့် မြေဆီလွှာ အရ ပဲပုပ်၊ ပြောင်း၊ နေကြာ ကဲ့သို့သော တိရစ္ဆာန်အစာစပ် ကုန်ကြမ်းများ ကို အလုံအလောက် စိုက်ပျိုးနိုင်စွမ်း ရှိနိုင်ပါသည်။ သို့သော် ရေရှည်အောင်မြင်ရန် အထွက်နှုန်း ကောင်းသော မျိုးစေ့များ ဖြန့်ဝေခြင်း၊ တောင်သူများနှင့် အကျိုးတူ လယ်ယာစနစ် (Contract Farming) လုပ်ဆောင်ခြင်းနှင့် ပြည်တွင်း အစာကြိတ်ခွဲ စက်ရုံများ (Agro-processing Feed Mills) တည်ဆောက်ခြင်းတို့ကို မူဝါဒအရ အားပေးရပါမည်။
ဒုတိယအချက်အနေဖြင့် ဈေးကွက်ပြတ်လပ်မှုနှင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် ပြည်ပမှ မျိုးကြက် (Day-Old Chicks) နှင့် အစာကုန်ကြမ်းများကို အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ဖြင့် အရေးပေါ် တင်သွင်းခွင့် ပြုရပါမည်။ (ကာလတို) နိုင်ငံတကာမှ အရည်အသွေးကောင်း နာမည်ကြီး မွေးမြူရေး ကုမ္ပဏီများကို ပြည်တွင်း၌ မျိုးကြက်ခြံများနှင့် သားဖောက် စက်ရုံများ (Hatcheries) လာရောက် ရင်းနှီးမြှုပ်နှံရန် နည်းပညာ လွှဲပြောင်းရယူခြင်း (Technology Transfer) ဖြင့် ဆွဲဆောင်ရမည်။ ပြည်တွင်း၌ အစာကြိတ်စက်ရုံများနှင့် မျိုးကြက်ခြံများ စတင် လည်ပတ်လာနိုင်သည်နှင့်အမျှ ပြည်ပ သွင်းကုန်များအပေါ် အခွန်နှုန်းထားကို တဖြည်းဖြည်းချင်း ပြန်လည် မြှင့်တင်ရပါမည် (Tariff Adjustments)။ (ကာလလတ်)
ပြည်တွင်း မွေးမြူရေးသမားများသည် အစာကုန်ကြမ်း (အချက် ၁) နှင့် မျိုးကြက် (အချက် ၂) ကို ပြည်တွင်း၌ ဈေးနှုန်း သက်သာစွာနှင့် တည်ငြိမ်စွာ ရရှိ လာသောကြောင့် စီးပွားရေးအရ တွက်ခြေကိုက်လာကာ (Economies of Scale)၊ အရည်အသွေးကောင်း သော ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ထုတ်လုပ်လာနိုင်မည် ဖြစ်သည်။ (Long-term Self-reliance) (ကာလရှည်) ထိုအဆင့်တွင် အစိုးရက ဇီဝလုံခြုံရေး (Biosecurity) နှင့် ကြက်ငှက်တုပ်ကွေး ကဲ့သို့သော ရောဂါများ မကျရောက် စေရန် တိရစ္ဆာန် ဆေးကုသရေး ဝန်ဆောင်မှုများကိုသာ အားဖြည့်ပေးရန် လိုအပ်ပါသည်။
တတိယ အချက်အနေဖြင့် သယ်ယူ ပို့ဆောင်ရာတွင် အကန့်အသတ်များ (ဥပမာ - ဂိတ်ကြေးများ) ကို လျှော့ချပေးခြင်း၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးခြင်း နှင့် အရည်အသွေးပြည့်ဝသော လျှပ်စစ်မီး ရရှိရေး ဖြစ်သည်။ မွေးမြူရေးနှင့် ထုတ်လုပ်မှု ကွင်းဆက်တွင် လျှပ်စစ်မီး ရရှိရေးသည် အသက်သွေးကြော ဖြစ်သည်။ အစာကြိတ်စက်များ ပုံမှန်လည်ပတ်ရန်နှင့် အအေးခန်းစနစ်များဖြင့် ကြက်ဥအရည်အသွေးကို ထိန်းသိမ်းရန် စွမ်းအင် အလုံအလောက် လိုအပ်ပါသည်။ ထို့ပြင် ကျေးလက်ဒေသများနှင့် မြို့ပြဈေးကွက်သို့ ချောမွေ့စွာ စီးဆင်းနိုင်မည့် သယ်ယူ ပို့ဆောင်ရေး (Logistics) ကွန်ရက်များ တည်ဆောက်ပေးခြင်းဖြင့် ကုန်ကျစရိတ်များ ကို သိသိသာသာ လျှော့ချနိုင်မည် ဖြစ်သည်။ ယခုကဲ့သို့ စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာချိန်တွင် ကုန်ပစ္စည်းများကို များများနှင့် မြန်မြန် ပို့ဆောင်နိုင်ရေး က အလွန်အရေးကြီးလာမည်ဖြစ်သည်။
မဟာဗျုဟာအနေဖြင့် ကြက်ဥ ထုတ်လုပ်မှု တန်ဖိုးကွင်းဆက် ကို စက်မှုမူဝါဒနှင့် ချိတ်ဆက်ဆောင်ရွက်ရမည် ဖြစ်သည်။
မြန်မာ့တောင်သူ အများစုမှာ ကျေးလက်နေ အသေးစားနှင့် အငယ်စား (တစ်ပိုင်တစ်နိုင်လုပ်ငန်း)များဖြစ်ရာ ထိုလုပ်ငန်းများ ကို ဖော်ပြပါ မူဝါဒများနှင့် ချိတ်ဆက်ရမည်ဖြစ်သည်။ အငယ်စား၊ အသေးစားနှင့် အလတ်စား မွေးမြူရေးသမားများ (SMEs) ကို ကာကွယ်ပေးရေး အတွက် ဒေသတွင်း မွေးမြူရေးခြံငယ်များ ဆက်လက်ရပ်တည်နိုင်ရန် နိုင်ငံတော် (သို့) နိုင်ငံတကာ အဖွဲ့အစည်းများ မှ နည်းပညာနှင့် ချေးငွေများ ပံ့ပိုးပေးခြင်းကို ဆောင်ရွက်နိုင်သည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းကိုပါ ထိန်းသိမ်းရာ ရောက်ပါသည်။
သမားရိုးကျ လွှတ်ကျောင်းမွေးမြူခြင်း အဆင့်မှသည် တိကျသော အာဟာရတွက်ချက်မှု၊ ကာကွယ်ဆေး၊ မျိုးဗီဇ ထိန်းသိမ်းမှုနှင့် အပူချိန်ထိန်း စနစ်များ ပါဝင်သော တန်ဖိုးမြှင့် ဥစားကြက် မွေးမြူရေး (Commercial Layer Farming) သို့ ကူးပြောင်းနိုင်ရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းကာ နည်းပညာနှင့် မူဝါဒပတ်ဝန်းကျင်ကောင်း (Enabling Environment) ဖန်တီးပေးရပါမည်။
၁။ ပြည်ပမှ အစာကုန်ကြမ်း တင်သွင်းနေရခြင်းကို လျှော့ချရန် ပြည်တွင်း၌ စက်မှုကုန်ကြမ်းသီးနှံများ (ဥပမာ- ပဲပုပ်၊ နေကြာ၊ ပြောင်း) စိုက်ပျိုးခြင်းနှင့် ၎င်းတို့ကို အဆင့်မီ ကြိတ်ခွဲထုတ်လုပ်နိုင်သော လယ်ယာအခြေခံ စက်မှုလုပ်ငန်း (Agro-processing Industry) များကို အခွန်သက်သာခွင့်များဖြင့် ပံ့ပိုးပေးရမည်။ ဤလုပ်ငန်းစဉ်များ တွင် ပညာတတ်တောင်သူများ (Scholar Farmers) နှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ် ပေးနိုင်မည့် သက်မွေးဝမ်းကျောင်းပညာ (TVET) အခန်းကဏ္ဍသည်လည်း စွမ်းရည်တည်ဆောက်မှု၏ အဓိက အစိတ်အပိုင်း ဖြစ်လာပါသည်။
၂။ အရည်အသွေးကောင်းသော မျိုးကြက် ထုတ်လုပ်မှု (High-Quality Breeder/Parent Stock)
အရည်အသွေးမီ ဥစားကြက် (Day-Old Chicks - သက်တမ်းတစ်ရက်သား ကြက်ပေါက်) များကို ထိုင်း၊ မလေးရှား စသည့် အိမ်နီးချင်း နိုင်ငံများမှ သော်လည်းကောင်း၊ ၎င်းနိုင်ငံများ၏ ပြည်တွင်း အခြေစိုက် ကုမ္ပဏီခွဲများမှ သော်လည်းကောင်း မှီခိုနေရပါသည်။ အကြောင်းမှာ မျိုးဗီဇ (Genetics) ကောင်းမွန်သော မျိုးကြက် (Parent Stock / Grandparent Stock) ထုတ်လုပ်ရေးသည် သိပ္ပံနည်းကျ သုတေသနနှင့် နည်းပညာ အလွန်မြင့်မားစွာ (High Complexity) လိုအပ်သောကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် မျိုးဗီဇအသစ်ကို ကိုယ်တိုင်ဖန်တီးမည့်အစား နည်းပညာ လွှဲပြောင်းရယူခြင်း (Technology Transfer) ကို ပစ်မှတ်ထားရမည် ဖြစ်သည်။ နိုင်ငံတကာမှ နာမည်ကြီး မွေးမြူရေး ကုမ္ပဏီများကို မြန်မာနိုင်ငံ အတွင်း၌ "မျိုးကြက် မွေးမြူရေးခြံများနှင့် သားဖောက်စက်ရုံများ (Breeder Farms & Hatcheries)" လာရောက် ရင်းနှီးမြှုပ်နှံရန် (FDI) အထူးစီးပွားရေး ဇုန် အခွင့်အရေးများပေး၍ ဆွဲဆောင်ရပါမည်။ သို့မှသာ ပြည်ပမှ မျိုးကြက် တင်သွင်းရသည့် စရိတ်များကို ရေရှည်တွင် လျှော့ချလာနိုင်မည် ဖြစ်သည်။
၃။ မွေးမြူရေးခြံများ လည်ပတ်ရန်နှင့် အအေးခန်းစနစ်များအတွက် လျှပ်စစ်မီး ပုံမှန်ရရှိရေးသည် မရှိမဖြစ် လိုအပ်ပါသည်။ ဆိုလာစနစ် (Solar Energy) ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များ သုံးစွဲရန် အတိုးနှုန်း သက်သာသော ချေးငွေများ ပံ့ပိုးပေးခြင်း၊ ကုန်ပစ္စည်းများ ပို့ဆောင်ရာ လမ်းကြောင်းများ ကို တိုးတက် ကောင်းမွန်စေရန် အဆင့်မြှင့်တင်ခြင်း၊ လုံခြုံ သက်သာ၊ စိတ်ချရသော ထောက်ပံ့သယ်ယူ လမ်းကြောင်းများ ဆောက်လုပ်ခြင်း တို့ဖြစ်သည်။
အထက်ပါ စက်မှုမူဝါဒများ အောင်မြင်ရန်နှင့် စီးပွားရေးတိုးတက်မှု အထက်/အောက် အတက်အကျ (Above and below median growth) ဖြစ်ပေါ်နေချိန်များတွင်ပါ စားနပ်ရိက္ခာ ဖူလုံရေးကို ထိန်းသိမ်းနိုင်ရန် နိုင်ငံ၏ ကုန်ထုတ်လုပ်မှု တည်ဆောက်ပုံ ကို အခြေခံကျကျ ပြောင်းလဲစေမည့် "အဆင့်လိုက် သွင်းကုန်အစားထိုး မဟာဗျူဟာ" ကို ကျင့်သုံးရပါမည်။ ယင်းသည် နုနယ်သေးသော စက်မှုလုပ်ငန်းများအား အကာအကွယ်ပေးခြင်း (Infant Industry Protection) သဘောတရား အပေါ် အခြေခံပါသည်။ ရေတိုတွင် ဈေးကွက် ပြတ်လပ်မှုနှင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် ပြည်ပသွင်းကုန်ကို ခွင့်ပြုပြီး၊ ရေရှည်တွင် ပြည်တွင်း ထုတ်လုပ်နိုင်စွမ်း (Domestic Capacity) ကို တည်ဆောက်ခြင်းသည် လုံးဝဖြစ်နိုင်ခြေ ရှိရုံသာမက မဖြစ်မနေ သွားရမည့် လမ်းကြောင်းတစ်ခု ဖြစ်ပါသည်။ အသွင်ကူးပြောင်းရေးအတွက် အဓိကသော့ချက် (The Transition Key) အနေဖ့င့်လည်း ရှုမြင်နိုင်သည်။
မျိုးကြက်နှင့် အစာကုန်ကြမ်းများကို အခွန်လွတ် တင်သွင်းခွင့်ပြုမည်။ သို့သော် အချောထည် (ကြက်ဥအစစ်) တင်သွင်းခြင်းကိုမူ ပြည်တွင်း ဈေးကွက် မပျက်စေရန် အတိုင်းအတာ တစ်ခုအထိ ကန့်သတ်ထားမည်။ အလယ်အလတ် ကာလတွင်မူ ပြည်တွင်း၌ အစာကြိတ်စက်ရုံများနှင့် မျိုး ကြက်ခြံများ လည်ပတ်လာနိုင်သည်နှင့်အမျှ၊ ပြည်ပမှ ဝင်ရောက် လာသော ၎င်းကုန်ကြမ်းများအပေါ် အခွန်နှုန်းထား ကို တဖြည်းဖြည်း ပြန်လည် မြှင့်တင်မည် (Tariff adjustments)။ ထိုကာလအတွင်း ပြည်တွင်း အစာကြိတ်စက်ရုံများ၊ ပြည်တွင်း အစာကုန်ကြမ်းထုတ်လုပ်မှု နှုန်းထား၊ အချိန်ရာသီ နှင့် ဒေသအလိုက် ထွက်ရှိမှုတို့ကိုလည်း စနစ်တကျ မှတ်တမ်းတင်ထားသည့် Data base ကို တည်ဆောက် ထားရမည်။
ဤရေတို၊ ရေရှည် ချဉ်းကပ်မှုသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ရိုးရာအဆင့်မှသည် ခေတ်မီ တန်ဖိုးမြှင့် စက်မှုလုပ်ငန်း (Agro-based Industry) အဖြစ်သို့ ကူးပြောင်းစေမည့် အလွန် လက်တွေ့ကျပြီး ဖြစ်နိုင်ခြေရှိသော မူဝါဒလမ်းကြောင်း တစ်ခုဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် ကြက်ဥဈေးနှုန်း ကြီးမြင့်နေခြင်း ပြဿနာသည် ရိုးရှင်းသော ကုန်သွယ်မှု ကိစ္စရပ်တစ်ခု မဟုတ်ဘဲ လယ်ယာစိုက်ပျိုးရေး၊ ခေတ်မီ စက်မှုလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် စွမ်းအင်ကဏ္ဍတို့ အချိတ်အဆက် မိမိ မလည်ပတ်နိုင်ခြင်း ၏ ရောင်ပြန်ဟပ်မှုပင် ဖြစ်သည်။ ဤကွင်းဆက်များကို ခိုင်မာသော မဟာဗျူဟာမြောက် မူဝါဒများဖြင့် ရေရှည် ပြုပြင်တည်ဆောက်နိုင်မှသာ မြန်မာ့ကလေးငယ်များ၏ ထမင်းဝိုင်းတွင် "အသား၊ ငါး" နေရာ၌ အစားထိုးနိုင်မည့် "ကြက်ဥ" ကို ဈေးနှုန်းချိုသာစွာဖြင့် နေ့စဉ် မြင်တွေ့ရမည်ဖြစ်ပြီး၊ ကျန်းမာသန်စွမ်း၍ ဉာဏ်ရည် ထက်မြက်သော အနာဂတ် လူ့စွမ်းအား အရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးနိုင်မည် ဖြစ်ပါသည်။
နောက်ဆုံးမှာတော့ ဆောင်းပါး ခေါင်းစဥ်ဖြစ်တဲ့ ကြက်ဥနဲ့ ကြက်မ ဘယ်ကစသလဲ ဆိုတာ ကို စာရင်းအင်းပညာရှုထောင့် မှ လေ့လာထားချက် ရှိပါတယ်။ logic (ယုတ္တိဗေဒ) နဲ့ data ဆက်စပ်မှုအပေါ်မှာ ပိုပြီး အခြေခံပြီးတော့ လေ့လာထားဖြစ်ပါတယ်။ Walter Thurman နဲ့ Mark Fisher (1988) တို့ရဲ့ "Chickens, Eggs, and Causality" ဆိုတဲ့ စာတမ်းမှာ အမေရိကန်နိုင်ငံရဲ့ ၁၉၃၀ ကနေ ၁၉၈၃ အထိ data တွေကို သုံးပြီး စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
Granger Causality ရှုထောင့်အရဆိုရင်တောင် data တွေက "ကြက်ဉ" ဘက်ကို ပိုပြီး အလေးသာနေတာကို တွေ့ရပါတယ်။ ဆိုလိုတာက ကြက်ဉ data ရှိရင် ကြက်မ ဘယ်လောက်ရှိလာမလဲဆိုတာကို ပိုပြီး တိတိကျကျ ခန့်မှန်းနိုင်တဲ့ သဘောပါ။ ခန့်မှန်းနိုင်ဖို့ ဒီမေးခွန်းကို ဖြေဆိုနိုင်တဲ့ ပညာတတ် မျိုးဆက်တွေ ပေါ်ထွန်းလာဖို့ ကြက်ဥ ကို ဈေးချိုချိုနဲ့ များများ ထုတ်လုပ်ဖြန့်ဖြူးနိုင်ပါစေလို့ ဆန္ဒပြုရင်း နှုတ်ဆက်ပါတယ်။
ငုဝါဝင်း
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်
“ကြက်ဥနဲ့ ကြက်မ ဘယ်ကစ” ခေါင်းစဉ်ဖြင့် ဆောင်းပါးကို ရေးသားပေးပို့ပေးပါသော ဆရာမ ဒေါ်ငုဝါဝင်း ကို အသင်းကိုယ်စားအထူးကျေးဇူးတင်ပါတယ်။
ဒစ်ဂျစ်တယ်နှင့်ပုံနှိပ်ကော်မတီ
မြန်မာနိုင်ငံဘောဂဗေဒအသင်း
စာမူများဖိတ်ခေါ်ခြင်း
စီးပွားရေးဆိုင်ရာ ဘာသာပြန်နှင့်မူရင်းရေးသားထားသော ဆောင်းပါးများကို PDF/e-book ပုံစံဖြင့် အသင်းဝက်ဘ်ဆိုက်တွင် ထည့်သွင်းဖော်ပြခြင်း၊ အသင်း၏ ဆိုရှယ်မီဒီယာ (Facebook, YouTube) မှတစ်ဆင့် ဖြန့်ဝေခြင်း တို့ကို စီစဉ်ဆောင်ရွက်လျှက်ရှိပါသဖြင့် ဝိုင်းဝန်းရေးသားနိုင်ရန် ဖိတ်ခေါ််အပ်ပါသည် ...