20/06/2019
မေး - မိဘတွေအနေနဲ့ သားသမီးတွေအပေါ်မှာ မှန်ကန်တဲ့ ဆုံးမပဲ့ပြင်မှုရှိဖို့အတွက် ကိုယ်တိုင်ကရော ဘယ်လို အသိပညာ ဗဟုသုတတွေ၊ အပြုအမူတွေနဲ့ ပြည့်စုံဖို့ လိုအပ်ပါသလဲ ဆရာ . . .
ဖြေ - လှေကလေးတစ်စင်းကိုတောင် လမ်းမှားကို ရောက်မသွားအောင်၊ ကျောက်ဆောင်တွေနဲ့ မတိုက်မိအောင် ထိန်းကျောင်းမယ်၊ ပဲ့ကိုင်မယ်ဆိုရင် အဲဒီထိန်းကျောင်းပဲ့ကိုင်မယ့်သူဟာ ဖြစ်သလို ပဲ့ကိုင်လို့မရပါဘူး။ နည်းလမ်းတွေ ပညာတွေ လိုအပ်ပါတယ်။ အဲဒီလိုပဲ လူသားတစ်ယောက်ကို ထိန်းကျောင်းပဲ့ကိုင်ပေးရပြီဆိုမှတော့ ပိုပြီးသိမ်မွေ့နက်နဲပါတယ်။
ဥပမာ - ကလေးတစ်ယောက် မွေးဖွားလာပြီဆိုရင် အင်္ကျီလည်းမပါ၊ ကိုယ်တုံးလုံးလေးပဲ။ အဲဒီ ဘာစကားမှ မပြောတတ်သေး၊ ဘာမှ မသိနားမလည်တတ်သေးတဲ့ ကလေးလေး ကြီးပြင်းလာတဲ့အခါမှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ အနုပညာရှင် စသဖြင့် ဖြစ်မြောက်အောင် ထိန်းကျောင်းပေးဖို့ဆိုတာ တကယ့် အတတ်ပညာတွေ၊ အနုပညာတွေ ပေါင်းစုံလိုအပ်နေတာ တွေ့ရပါတယ်။ ပြောရမယ်ဆိုရင် သစ်သားတုံးတစ်တုံးကို အရိုင်းတုံးဘ၀ကနေ အင်မတန် ချောမောလှပတဲ့ မင်းသမီးရုပ်လေး ဖြစ်သွားအောင် ပြုပြင်ပေးလိုက်သလိုမျိုးပေါ့။ အဲဒီလိုပဲ မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးလေးတွေကို လူတော်လူကောင်းလေးတွေဖြစ်အောင် ဆုံးမပဲ့ပြင်ပေးဖို့ ဘာလိုအပ်သလဲဆိုရင် တကယ့်ကို မှန်ကန်တဲ့ အသိပညာ ဗဟုသုတတွေ၊ အတတ်ပညာတွေ၊ အနုပညာတွေ စတာတွေ လိုအပ်ပါတယ်။
အဲဒီလိုအပ်ချက်လေးတွေကို K, A, P လို့ အတိုကောက် ပြောလေ့ရှိပါတယ်။ K ဆိုတာ Knowledge ပါ။ သိပ်ကိုအရေးကြီးတဲ့ အသိဥာဏ်ပညာ ဗဟုသုတတွေ လိုအပ်ပါတယ်။ အတတ်ပညာ အနုပညာတွေနဲ့လည်း ပြည့်စုံရပါမယ်။ A ဆိုတာ Attitude ပါ။ စိတ်ထားသဘောထားကို ပြောတာပါ။ မိဘတစ်ယောက် ပဲ့ကိုင်ရှင်တစ်ယောက်အနေနဲ့ ကလေးတစ်ယောက်ကို လူတော်လူကောင်းဖြစ်လာအောင် ဘယ်လိုစိတ်ထားသဘောထားမျိုးနဲ့ ထိန်းကျောင်းပဲ့ပြင်ပေးမလဲဆိုတာကလည်း သိပ်ကိုအရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ မိဘတိုင်းက ကိုယ့်သားသမီးတိုင်းကို ချစ်တာချည်းပါပဲ။ အဲဒီချစ်တယ်ဆိုတာကို ထုတ်ဖော်ပြသတဲ့နေရာမှာ စိတ်ထားသဘောထားတွေသာ လွဲမှားသွားလို့ရှိရင် ဆိုရိုးစကားတောင် ရှိသေးတယ် . . . “စေတနာကနေ ဝေဒနာဖြစ်တယ်” တဲ့။ မိဘတွေရဲ့ ချစ်တာက တစ်ခါတလေမှာ ချစ်ရာမရောက်ဘဲ နှစ်ရာရောက်သွားတတ်တယ်။ သူတို့ချစ်တာက မချစ်တတ်ရင် ပိုဆိုးတာတွေ ဖြစ်သွားစေတတ်တယ်။ သူတို့ကတော့ စေတနာနဲ့ လုပ်တာပေါ့။ အဲဒီစေတနာအမှားက ပိုကြောက်စရာကောင်းတယ်။ ဒါကြောင့် စိတ်ထားသဘောထား မှန်မှန်ကန်ကန် ထားတတ်ဖို့ကလည်း အရေးကြီးပါတယ်။ အဲဒီနှစ်ခုပြီးရင် P ဆိုတဲ့ Practice ဆိုတာက တကယ်လက်တွေ့လုပ်တဲ့ အလုပ်တွေ၊ အမူအကျင့်တွေကို ပြောတာပါ။
မိဘက ကလေးကို ဆုံးမပဲ့ပြင်တဲ့အခါမှာ အသိဥာဏ်ပညာ ပြည့်စုံမှုကနေ စတာပဲ။ ပြီးရင် သူ့ခေါင်းထဲမှာ ကလေးကို ဆုံးမသွန်သင်ဖို့ ဘယ်လိုစိတ်ထားသဘောထားမျိုး ရှိလဲဆိုတာကနေပြီးတော့မှ တကယ့်လက်တွေ့ ဆုံးမပြုမူပုံတွေ ကွဲပြားသွားတာပါပဲ။ အဲဒီမှာမှ တကယ်ကောင်းတဲ့၊ မှန်ကန်တဲ့ ဆုံးမသွန်သင်ပေးမှုကို ရသွားပြီဆိုရင်တော့ ဒီကလေးဟာ လူတော်လူကောင်းလေး ဖြစ်သွားမယ်။ အဲဒီလိုမဟုတ်ဘဲ မှားယွင်းတဲ့ ဆုံးမသွန်သင်မှုကို ပေးမိသွားမယ်ဆိုရင်တော့ ကလေးကို လမ်းမှားကို တွန်းပို့ပေးလိုက်သလိုတောင် ဖြစ်သွားနိုင်တယ်။
ဥပမာဇာတ်လမ်းလေးတောင် ရှိသေးတယ် . . .
ကလေး ငယ်ငယ်တုန်းက ကျောင်းကနေပြီးတော့ ခဲတံတို့၊ ခဲဖျက်တို့ စသဖြင့် ပစ္စည်းလေးတွေ ခိုးလာတယ်။ အဲဒါကို အမေကလည်း သိတယ်။ ဒါပေမဲ့ ချစ်လွန်းတော့ မဆူရက်၊ မပြောရက်ဘဲ မတားဘူး။ ကိစ္စမရှိပါဘူးဆိုပြီး နေလိုက်တာ ကလေးကတော့ ဘယ်သိပါ့မလဲ။ အမေက ဘာမှမဆုံးမတော့ ဆက်လုပ်တော့တာပေါ့။ ကြီးတဲ့အထိ ခိုးတဲ့အလုပ်ကို ဆက်လုပ်ရာကနေ နောက်ဆုံး သူခိုးကြီးလုံးလုံး ဖြစ်သွားတယ်။ အဲဒီအခါမှာတော့ ဘုရင်က ရဲမက်တွေနဲ့ဖမ်းခိုင်းပြီး သေဒဏ်ပေးလိုက်တယ်။ သေဒဏ်ပေးပြီး လူသတ်ကုန်းမှာ နေကွယ်ရင်သတ်ဖို့ တံကျင်သျှိုထားတာပေါ့။ အဲဒီမှာ သားက အမေဖြစ်သူကို စကားလေးတစ်ခွန်း တိုးတိုးပြောပါရစေဆိုပြီး အနားရောက်တော့ အမေ့နားရွက်ကို ကိုက်ဖြတ်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငယ်ငယ်တုန်းက အမေ မဆုံးမခဲ့လို့ သား ဒီလိုဖြစ်ရတာဆိုပြီး အဲဒီလိုဖြစ်ရပ်တောင် ဖြစ်သွားတာ ဥပမာရှိတယ်။ တစ်ခါတလေကျရင် မိဘက ချစ်တဲ့အခါမှာ မဆူရက်၊ မဆုံးမရက်၊ မပြောရက်ဘဲ အလိုလိုက်လွန်းအားကြီးတော့ ဒီလိုဖြစ်ရပ်တွေတောင် ဖြစ်သွားတတ်တယ်။
တချို့မိဘတွေကျတော့လည်း အရမ်းဆုံးမလွန်းအားကြီးတော့ ကလေးက ရှက်တာတွေ၊ ကြောက်တာတွေနဲ့ လူတောထဲ မတိုးရဲလောက်အောင် ဖြစ်သွားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးသွားတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပဲ့ကိုင်ရှင်ဖြစ်တဲ့ မိဘတွေအနေနဲ့ ဘာကိုနားလည်ထားဖို့ လိုသလဲဆိုတော့ သူတို့က ဥယျာဉ်မှူးတစ်ယောက်လိုပဲဆိုတာ သိထားရမယ်။ ဥယျာဉ်မှူးတစ်ယောက်က သူ့ရဲ့ဥယျာဉ်ထဲမှာ ပန်းပင်လေးတွေကို ပြုစုပျိုးထောင်တဲ့အခါ အတတ်ပညာတွေ၊ ဗဟုသုတတွေ၊ အနုပညာတွေပါ အများကြီးလိုအပ်တယ်။ ပန်းပင်လေးတွေရဲ့ သဘာဝကို သိထားရမယ်။ နောက်ပြီး လောကရဲ့ သဘာဝတို့၊ ဥတုတို့ကိုလည်း နားလည်ထားပြီးတော့မှ ပန်းပင်လေးတွေ လိုအပ်တဲ့ဟာတွေကို ဖြည့်စွက်ပေးရမယ်။ အခြေအနေနဲ့ အချိန်အခါကို မူတည်ပြီးတော့ တချို့ပန်းပင်လေးတွေက ရေကြိုက်တယ်။ တချို့ကျတော့ ရေအများကြီး လောင်းလို့မရဘူး။ သေသွားနိုင်တယ်။ တချို့ပန်းပင်လေးတွေကျတော့ နေရောင်ခြည် ကြိုက်တယ်။ ပေါင်းသင်မြက်နုတ် ရှင်းလင်းပေးရတယ်။ ပန်းပင်လေးတွေရဲ့ သဘာဝက တစ်ခုနဲ့တစ်ခု မတူညီကြဘူး။ အဲဒီလိုပဲ ကလေးတွေမှာလည်း တစ်ယောက်နဲ့တစ်ယောက် သဘာဝချင်း မတူညီကြဘူး။ အဲဒီလို မတူညီကြတဲ့ ကိုယ့်ရဲ့ သားသမီးတွေက ဘယ်လိုစိတ်သဘောထားလေးတွေရှိလဲ၊ သူတို့ရဲ့ ၀ါသနာက ဘယ်လိုရှိလဲ၊ နောက် သူတို့ရဲ့ပါရမီဆိုတာကလည်း ရှိသေးတယ်။ ကျောင်းစာမှာ မထူးချွန်ဘဲ ပန်းချီတို့၊ ဘောလုံးတို့ဘက်မှာ သွားတော်နေတာ ရှိတတ်တယ်။ အဲဒီတော့ သူတော်တဲ့အရာ၊ သူဝါသနာပါတဲ့အရာက ဘာလဲဆိုတာကို ဥယျာဉ်မှူးက သူ့ရဲ့ ပန်းပင်လေးတွေအကြောင်း သိသလိုမျိုး မိဘက သားသမီးတွေအကြောင်းကို သိဖို့ သိပ်အရေးကြီးတယ်။
နောက်ပြီး မှားနိုင်တာတစ်ခု ရှိသေးတယ် . . .
အဲဒါ ဘာလဲဆိုတော့ ဆရာတို့ လူကြီးတွေအကုန်လုံးက မိဘတွေ၊ ဆရာတွေဟာ ကလေးတွေရဲ့ ဘ၀ကို ထိန်းကျောင်းပေးနိုင်တဲ့ အမြဲတမ်းပဲ့ကိုင်ရှင်တွေလို့ ထင်ကြတယ်။ ထင်ရုံတင်မကဘူး . . . ယုံလည်းယုံကြည်ကြတယ်။ အဲဒီလို ယုံကြည်ကြလို့လည်း အတင်းအဓမ္မ ထိန်းကျောင်းကြတာပဲ။ ကလေးတွေကို ဟိုဟာလုပ်ရမယ်၊ ဒီဟာလုပ်ရမယ် ဆိုတာမျိုးတွေ၊ ကလေးတွေ လိမ္မာစေချင်လို့ဆိုပြီးတော့ တကယ့်ကို စေတနာအပြည့်နဲ့တော့ လုပ်ကြတာပဲ။ အဲဒီလိုလုပ်တဲ့အခါမှာ သတိထားရမယ့် အချက်တစ်ခုရှိသေးတယ် . . . ဘာလဲဆိုတော့ မြတ်စွာဘုရား ဟောသွားခဲ့တဲ့ တကယ့်မှန်ကန်တဲ့ စကားလေးတစ်ခွန်းရှိတယ်။ “အတ္တာဟိ အတ္တနော နာထော” “မိမိကိုယ်သာ ကိုးကွယ်ရာ” တဲ့။ တကယ်တော့ သူတို့ဘ၀ရဲ့ ပဲ့ကိုင်ရှင်က သူတို့ကိုယ်တိုင်ပဲဖြစ်တယ်။ အဲဒါကို မိဘတွေ၊ ဆရာတွေကလည်း နားလည်ရမယ်။ မိဘတွေက ကလေးကို ချစ်တဲ့အခါကျတော့ အကုန်လုံးကို အဆင်သင့် အလိုက်သင့် လိုက်လုပ်ပေးတတ်ကြတယ်။ ဒီလိုလုပ်ပေးတဲ့အပြင် ကလေးရဲ့ဘ၀ကို ဆင်စီးပြီးမြင်းရံတာ ကြည့်ချင်တယ်ဆိုပြီးတော့ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း အတင်းအဓမ္မ ပုံသွင်းတတ်ကြတယ်။ တကယ်တမ်း ဘယ်လိုလုပ်ရမလဲဆိုတော့ ကလေးတစ်ယောက်က သူ့ရဲ့ပန်းတိုင်ကို သူကိုယ်တိုင် ရှာဖွေတတ်အောင်၊ သူကိုယ်တိုင် အဲဒီပန်းတိုင်ကို သူ့ခြေလှမ်းနဲ့သူ သွားနိုင်အောင် လူကြီးမိဘတွေက ဘေးကနေပြီးတော့ပဲ ထိန်းကျောင်းလမ်းညွှန်ကူညီပေးရမှာ။ အတင်းကြီးသွားပြီးတော့ ကိုယ်သွားစေချင်တဲ့ဆီ သူ့ကိုအတင်းတွန်းပို့တာတွေ၊ ဆွဲခေါ်တာမျိုးတွေ မလုပ်ရဘူး။ သူ ဘယ်နေရာသွားချင်လဲဆိုတာ ရှိသေးတယ်။ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း သူက ဖြစ်ချင်မှဖြစ်မှာ။ သူဖြစ်ချင်တာနဲ့ တူချင်မှတူမှာပေါ့။
တစ်ခါတလေကျရင် မိဘက ကလေးကို ဆရာဝန် တအားဖြစ်စေချင်တယ်။ ဆယ်တန်းကို တအားကြိုးစားခိုင်းပြီးတော့ ဆေးကျောင်းတက်ခိုင်းတယ်။ ဒါပေမဲ့ ကလေးက ဆရာဝန် မဖြစ်ချင်ဘူး။ သူ့ဝါသနာက နောက်တစ်ခုပေါ့။ အင်ဂျင်နီယာတို့၊ ကျောင်းဆရာတို့ တစ်ခုခုဖြစ်ချင်တာ။ အဲဒါကို မိဘက မရဘူး၊ ဆရာဝန်ပဲ လုပ်ရမယ်ဆိုပြီး အတင်းသွားလုပ်ရင် ကလေးမှာ အလွဲတွေပဲ ဖြစ်သွားနိုင်တယ်။ ဆရာတို့ ဆေးကျောင်းမှာဆိုရင် အဲဒီလိုမျိုးတွေ အများကြီးကြုံရတယ်။ ဆေးကျောင်းလည်း တကယ်မတက်ချင်ဘူး။ ၀ါသနာလည်း မပါဘူး။ ဆရာဝန်လည်း ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ အဲဒါကို မိဘက အတင်းလာတက်ခိုင်းတော့ သူတို့ဘ၀မှာ အချိန်တွေအများကြီး အလဟဿကုန်ဆုံးပြီးတော့ သူတို့လည်း နစ်နာတယ်။ သူတို့မိသားစုလည်း နစ်နာတယ်။ တိုင်းပြည်ကလည်း နစ်နာရတယ်။ တကယ်ကောင်းတဲ့အချိန်တွေ ကုန်သွားပြီး ကံကောင်းလို့၊ တိုက်ဆိုင်လို့ အောင်ခဲ့ရင်တောင် ဆရာဝန်မလုပ်ချင်ဘဲ လုပ်ရင်လည်း အောင်မြင်မှာမဟုတ်ဘူး။ သူမှ မလုပ်ချင်တာကိုး။ အခု ဆရာတို့နိုင်ငံမှာ အများကြီးရှိတယ်။ ဆေးကျောင်းက အောင်တယ်၊ ဘွဲ့ရတယ်၊ ဆရာဝန်မလုပ်ဘူး။ ဆေးကျောင်းတက်ရတဲ့အချိန်တွေ၊ ငွေကြေးတွေဆိုတာ သူတို့ပဲနစ်နာတာမဟုတ်ဘူး၊ တိုင်းပြည်ကလည်း နစ်နာရတာပဲ။ သူ့နေရာမှာ တကယ် ဆရာဝန်လုပ်ချင်တဲ့ သူတစ်ယောက်သာ တက်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။
တကယ်တမ်းကျတော့ မိဘတွေက စေတနာနဲ့လုပ်တာပဲ၊ လုပ်ပေးတာပဲ။ ဒါပေမဲ့ မြတ်စွာဘုရားရဲ့ ဆုံးမစကားလေးကိုတော့ မမေ့ဖို့လိုတယ်။ တကယ်တမ်းမှာ လူတိုင်းလူတိုင်းရဲ့ ပဲ့ကိုင်ရှင်က သူတို့ကိုယ်တိုင်ပဲဖြစ်တယ်။ သူတို့ကိုယ်တိုင် မှန်ကန်တဲ့လမ်းကို သူတို့ဘာသာ သူတို့ဥာဏ်နဲ့၊ ဦးနှောက်နဲ့၊ နှလုံးသားနဲ့ ရှာဖွေပြီးတော့ တွေ့ရှိသွားနိုင်အောင် မိဘတွေက မှန်ကန်တဲ့ ဆုံးမပဲ့ပြင်မှုတွေနဲ့ လမ်းညွှန်ကူညီပေးရမှာ ဖြစ်ပါတယ်။