15/04/2024
မြန်မာနိုင်ငံ စီးပွားရေးနဲ့ပတ်သက်လို့ ဒီနေ့ EIUရဲ့ အချက်အလက်တွေကိုဖတ်ကြည့်တော့
၂၀၂၄ မှ၂၀၂၈အထိ နိုင်ငံရေးကြောင့် လုပ်ငန်းလည်ပတ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုကိစ္စတွေအတွက် အမြဲတမ်းသတိထားဖို့အကြံပြုထားတယ်။
စစ်အစိုးရရဲ့ နယ်မြေထိန်းချုပ်မှုအနေနဲ့လည်း ၃၀%ကနေ ၄၀% ထက်မကျနိုင်ဘူးလည်း ခန်းမှန်းထားကြတယ်။
စီးပွားရေးပြန် အဆင်ပြေဖို့ဆိုရင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အပေးအယူလုပ်ရုံကလွဲပြီးမရှိဘူး။
နိုင်ငံရဲ့ GDPကလည်း 2024မှာ 0.9%အထိေလျာ့နည်းသွားမှာဖြစ်တယ်။
စီးပွားရေးအခြေအနေဟာဆိုရင် 2028အထိ pre-pandemic level အခြေအနေလောက်တောင် ရောက်ဖို့အခြေအနေမရှိဘူးပြောထားတယ်။
World Bank ရဲ့ သုံးသပ်ချက်အရဆိုရင် မြန်မာနိုင်ငံရဲ့ GDPဟာဆိုရင် Laos နဲ့ Cambodia ထက်တောင် နိမ့်ကျသွားပြီလို့ဆိုထားတယ်။
26/02/2024
Profit (အမြတ်) နှင့် Loss (အရှုံး) နှင့်ပတ်သက်သော formula
🔗CP (cost price) = ကုန်ပစ္စည်းတစ်ခုစီ၏ ရင်းရငွေနှုန်းထား
🔗SP (sales price) = ကုန်ပစ္စည်းတစ်ခုစီ၏ ရောင်းဈေး
Profit = SP - CP
Loss = CP - SP
Profit × 100
Profit % = --------------
CP
Loss × 100
Loss % = --------------
CP
🔗 Net Profit (အသားတင် အမြတ်ငွေ)
🔗 Expenses (အသုံးကုန်ကျစရိတ်များ)
🔗 Total Revenue (ရောင်းရငွေ)
🔗 Quantity (Qty) (အရေအတွက်)
Net Profit = Profit - Expenses
Total Revenue = SP × Qty
Net Profit × 100
Net Profit Margin % = ----------------
Total Revenue
🛑သင့်လုပ်ငန်း Net Profit Margin %
ဘယ်လောက်ရနေလဲ ?
25/02/2024
အရင်းကြေမှတ် (သို့)
Break Even Point
စီးပွားရေးလုပ်ငန်းလုပ်တဲ့အခါမှာ အရင်းကြေမှတ် Break Even Point ( BEP) ကို သိထားရပါမယ် ။ BEPဟာ စီးပွားရေးလုပ်ငန်းမှာ အလွန်လည်း အရေးပါပါတယ် ။ လုပ်ငန်းတခုဟာ BEPအောက်နိမ့်ကျနေရင် အဲ့ဒီလုပ်ငန်းဟာ အရှုံးနဲ့ လည်ပတ်နေတာဖြစ်ပါတယ် ။ အပြန်အလှန်အားဖြင့် BEPထက် မြင့်နေရင် အဲ့ဒီလုပ်ငန်းဟာ အမြတ်ရပြီး လည်ပတ်နေတာဖြစ်ပါတယ် ။ ဒါကြောင့် လုပ်ငန်းတခုဟာ ရှုံးနေတာလား ၊ မြတ်နေတာလား သိဖို့ BEPကို သိထားရပါမယ် ။ ထို့အတူ လုပ်ငန်းသစ် စတင်မယ်ဆိုရင်လည်း ဘယ်လောက်ထုတ်လုပ်မှ ၊ ဘယ်လောက်ရောင်းရမှ ၊ ဘယ်အချိန်ကျမှ အရင်းကြေမယ် ၊ အမြတ်ရမယ်ဆိုတာ BEPဟာ မသိမဖြစ်သိထားရပါမယ် ။
အရင်းကြေမှတ် BEPတွက်တဲ့နည်း ၂ နည်းရှိပါတယ် ။ ပထမနည်းက ထုတ်လုပ်ရမယ့် (သို့) ရောင်းရမယ့် အရေအတွက် ပမာဏကို ပြတဲ့နည်း ဖြစ်ပါတယ် ။ ဒုတိယနည်းက ရောင်းရမယ့် ငွေပမာဏကို ပြတဲ့နည်း ဖြစ်ပါတယ် ။
ပထမနည်းဖော်မြူလာက
Break even point ( unit) = fixed costs ÷ (sales price per unit - variable costs per unit) ဖြစ်ပါတယ် ။
BEP (unit) ဆိုတာ အရင်းကြေမှတ်ရောက်အောင် ထုတ်လုပ်ရမယ့် (သို့) ရောင်းချရမယ့် ပမာဏ ဖြစ်ပါတယ် ။
Fixed costs ဆိုတာ ပြောင်းလဲမရတဲ့ မူသေကုန်ကျစရိတ်ဖြစ်ပါတယ် ။ ဥပမာ လုပ်ငန်းအတွက် ဝယ်ထားတဲ့ ၊ ငှားထားတဲ့မြေ ၊ ဆိုင်ခန်း စက်ကိရိယာ ၊ ဝန်ထမ်းလစာ ၊ ကား စတဲ့ အရာတွေဖြစ်ပါတယ် ။ လစဥ် ၊ နှစ်စဥ် မပြောင်းလဲပဲ လုပ်ငန်းအတွက် ကုန်ကျစရိတ်တွေကို Fixed cost လို သတ်မှတ်ရပါတယ် ။
Sale price per unit ဆိုတာ ထုတ်လုပ်ထားတဲ့ပစ္စည်းကို စျေးကွက်ထဲမှာ စားသုံးသူထံရောင်းချပေးမယ့် အမြတ်တင်ပြီးတခုခြင်းစီရဲ့တန်ဖိုးဖြစ်ပါတယ် ။
Variable costs per unit ဆိုတာ မိမိထုတ်ကုန်ထုတ်လုပ်ရာမှာ ပါဝင်ပတ်သက်နေတဲ့ ကုန်ကျစရိတ်တွေဖြစ်ပါတယ် ။ ဒီစရိတ်က ကုန်ထုတ်လုပ်မူ့ လုပ်နေရင် ကုန်ကျမှာဖြစ်ပြီး ရပ်နေရင် မကုန်ကျနိုင်ပါဘူး ။ ဥပမာ ကုန်ကြမ်းပစ္စည်းများ ၊ လုပ်အားခ ၊ သယ်ယူပို့ဆောင်စရိတ် စသဖြင့်ဖြစ်ပါတယ် ။ စုစုပေါင်းကုန်ကျစရိတ်ကို စုစုပေါင်း ထုတ်လုပ်မူ့အရေအတွက်နဲ့ စားလိုက်ရင် ထုတ်ကုန်တခုအတွက်ကုန်ကျစရိတ်ရပါတယ် ။ ဒါကြောင့် variable cost per unit = total variable costs ÷ total unit produced ဖြစ်ပါတယ် ။
ဥပမာ ၁
A ဆိုတဲ့ကုမ္ပဏီ ကနေ အချိုရည်တမျိုးထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေပါတယ် ။ ဒီလိုရောင်းချရင် ကုမ္ပဏီ ရဲ့ ငွေကြေးအခြေအနေနဲ့ ထုတ်ကုန်ရဲ့ ထုတ်လုပ်ရမယ့် အခြေအနေကိုတွက်ကြည့်တဲ့အခါ fixed costs က လစဥ် ၂၀၀၀၀၀ ကျပ် ၊ total variable costs က ၅၀၀၀၀၀ ကျပ် ၊ ထုတ်လုပ်နိုင်တဲ့ အရေအတွက် total unit produced က ၁၀၀၀၀ ၊ အမြတ်တင်ရောင်းချမယ့်စျေးနုန်းက ၁၅၀ကျပ် ၊ ဒါဆိုရင် အရင်ကြေမှတ်ကဘယ်လောက်လဲ?
Fixed costs က ၂၀၀၀၀၀ ကျပ် ။
Variable cost per unit = total variable costs ÷ total units produced ဖြစ်တဲ့အတွက် ၅၀၀၀၀၀ ÷ ၁၀၀၀၀ = ၅၀ ကျပ်
Sale price per unit က ၁၅၀ကျပ် ။
ဖော်မြူလာ
BEP (unit) = fixed cost ÷ ( sale price per unit - variable cost per unit)
ဒါကြောင့်
BEP (unit)= ၂၀၀၀၀၀ ÷ ( ၁၅၀ - ၅၀)
= ၂၀၀၀
အရင်းကြေမှတ် BEP က ၂၀၀၀ ဖြစ်ပါတယ် ။
ဒီကနေဘာကိုပြပါသလဲဆိုရင်
၁ ။ လစဥ် အချိုရည် ၁၀၀၀၀ ထုတ်ရပါမယ် ။ မထုတ်နိုင်ရင် တဗူးကုန်ကျစရိတ်ပိုတက်လာပါမယ် ။
၂ ။ လစဥ် အရေအတွက် ၂၀၀၀ ရောင်းနိုင်ရင် အရင်းကြေပါမယ် ။
၃ ။ ၂၀၀၀ ထက်ပိုရောင်းနိုင်ရင်မြတ်မှာဖြစ်ပြီး ၂၀၀၀ ပြည့်အောင် မရောင်းနိုင်ရင် ရှုံးမှာဖြစ်ပါတယ် ။
ဥပမာ ၂
အရောင်းစျေးဆိုင်တခု က A ကုမ္ပဏီ ထုတ်တဲ့ အချိုရည်ကို ယူရောင်းပါတယ် ။ အချိုရည်မူလစျေး ၁၅၀ ကျပ် ၊ သယ်ယူစရိတ်စတဲ့ အထွေထွေကုန်ကျမူ့ က ၅၀ ကျပ် ။ ဒါကြောင့် variable costs per uint က ၂၀၀ ကျပ် ။ အရောင်းစာရေး ၊ ဆိုင်ခန်း စတဲ့ fixed cost က ၅၀၀၀၀၀ ကျပ် ။ အချိုရည်တဗူး ရောင်းစျေး sale preice per unit က ၃၀၀ ကျပ် ။ ဒါဆို အရင်းကြေမှတ် ဘယ်လောက်ပါလဲ?
BEP (uint)= Fixed cost ÷ ( sale price per unit - variable cost per unit)
= ၅၀၀၀၀၀ ÷ ( ၃၀၀ - ၂၀၀)
= ၅၀၀၀
အရင်းကြေအမှတ် ၅၀၀၀ ဖြစ်ပါတယ် ။
ဒါကြောင့် ဒီအရောင်းဆိုင်ဟာ
၁ ။ အရင်းကြေဖို့အတွက် လစဥ် အချိုရည်ဗူး ၅၀၀၀ ပြည့်အောင် ရောင်းရပါမယ် ။
၂ ။ ၅၀၀၀ မပြည့်ရင် ရှုံးပါမယ် ။
၃ ။ ၅၀၀၀ ကျော်ရင် မြတ်ပါမယ် ။
၄ ။ ၅၀၀၀ ပြည့်ဖို အခက်အခဲရှိရင် ဝန်ထမ်းလျော့မလား? အချိုရည်စျေးတင်ရောင်းမလား? သယ်ယူစရိတ်လျော့အောင်လုပ်မလား? အခြားအချိုရည်ပြောင်းရောင်းမလား? စသဖြင့် လုပ်ငန်းကို စီစစ်ပါမယ် ။
17/10/2023
Business လုပ်ငန်းတစ်ခုစတင်ရတာ မလွယ်ကူဘူးဆိုပေမယ့် နှစ်စဉ်နှစ်တိုင်းမှာ အောင်မြင်တဲ့ လုပ်ငန်းပေါင်းများစွာကို အကောင်အထည်ဖော်နိုင်တဲ့ လူတွေအများကြီးရှိကြတယ်ဆိုတာ တွေ့ရမှာပါ။ ဒီလူတွေဟာ ပုံမှန်အားဖြင့် လိုအပ်တဲ့အရင်းအနှီးတစ်ခုကိုရှာဖွေခြင်း၊ စျေးကွက်သုတေသနပြုလုပ်ခြင်းနှင့် သူတို့ရဲ့ Business လုပ်ငန်း အသစ်မစတင်မီမှာ လက်တွေ့ကျတဲ့ Business Planတစ်ခုရေးဆွဲခြင်းစတာတွေကို သိသိသာသာ အချိန်ပေးလေ့ရှိကြတယ်ဆိုတာကိုတွေ့ရှိရမှာပါ။ ဒီလိုဂရုတစိုက် ပြင်ဆင်ခြင်းတွေဟာ အောင်ကိုအောင်မြင်ရမယ်လို့ အာမခံချက်မရှိပေမယ့် တခြားလုပ်ငန်းတွေထက် အောင်မြင်ဖို့အခွင့်အရေးပိုများပါတယ်။
ဒါကြောင့် အခွင့်ရေးရတာနဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်ဖို့ အောင်မြင်တဲ့ လုပ်ငန်းတစ်ခုစတင်ဖို့လိုအပ်တဲ့ အခြေခံအရင်းအမြစ် (၅)ခုကို စတင်ပြင်ဆင်လိုက်ပါ။
(၁) Finanical Resources (ငွေကြေးအရင်းအမြစ်)
ငွေကြေးအရင်းအမြစ်က လုပ်ငန်းတစ်ခုစတင်ဖို့ ပထမဦးဆုံးအခြေခံလိုအပ်ချက်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါဆိုရင် ကျွန်တော်တို့ ဒီငွေကြေးရအောင် ဘာတွေလုပ်ဆောင်မလဲ? ပထမဦးဆုံး ကိုယ်လုပ်မယ့်လုပ်ငန်းအတွက် စတင်ဖို့ ဖြစ်နိုင်တဲ့ ငွေကြေးပမာဏတစ်ခုကို သတ်မှတ်ထားဖို့လိုအပ်ပါတယ်။ ကိုယ်တိုင် ငွေစုတာ၊ အသိမိတ်ဆွေ များကို အရင်းအနှီးထည့်ဝင်စေတာ၊ ဘဏ်(သို့) အစိုးရဆီမှ ချေးငွေရယူတာတွေ ကနေတဆင့် Financial Resources ရရှိနိုင်ပါတယ်။ (ကိုယ်တိုင်ငွေစုမယ်ဆိုရင် ပိုက်ဆံဘယ်လောက်အများကြီးရမှလုပ်မယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ ငွေကြေးပမဏကို မသတ်မှတ်သင့်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။)
(၂) Human Resources (လူသားအရင်းအမြစ်)
စတင်နိုင်တဲ့ ငွေကြေးအလုံအလောက် ရရှိပြီဆိုရင် ဒီတချက်ကလုပ်ငန်းအောင်မြင်ဖို့အတွက် အလွန်အရေးကြီးပါတယ်။ ကိုယ်တစ်ဦးတယောက်တည်းက တော်နေ တတ်ကျွမ်းနေ ရုံနဲ့မပြီးသလို ကိုယ့်ကိုဝန်းရံနေတဲ့ လူတွေကလည်း လူမှန်နေရာမှန်နဲ့ လိုအပ်တဲ့ အရည်အချင်းပြည့်မှီနေဖို့လိုအပ်ပါတယ်။ ဒီလို လူမှန်နေရာမှန်ဖြစ်ဖို့အတွက်ဆိုရင် အသေချာစီစစ် ခန့်အပ်ရပါမယ်။ ဒီလိုလူတွေကိုဘယ်လိုရရှိနိုင်လဲ? Recruitment Agencies တွေကနေတဆင့်ရှာနိုင်သလို ယုံကြည်စိတ်ချရတဲ့သူတွေရဲ့ ထောက်ခံပေးမှုတွေကနေတဆင့်လည်း ရရှိနိုင်ပါတယ်။ Recruitment Agencies တွေကနေတဆင့်ရှာမယ်ဆိုရင် ကိုယ်လိုအပ်တဲ့ အချက်အလက်တွေကို အသေအချာ ပြောပြပေးဖို့လိုအပ်ပါတယ်။ အိမ်တွင်းတနိုင်တပိုင်လုပ်ငန်းဆိုရင်တောင် ကိုယ့်ကို အကူအညီပေးဖို့ လူအလုံအလောက်ရှိလား။ မရှိခဲ့ရင် လူငှားဖို့လိုအပ်လားဆိုတဲ့ လုပ်ငန်းရဲ့ Work Loadအပေါ်မူတည်ပြီး အသေအချာ စီစဉ်ထားဖို့လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်နေမကောင်းတာ(သို့) ထပ်ပြီးလုပ်ငန်းတိုးတက်အောင်လုပ်တဲ့အခါ အထောက်အပံ့ဖြစ်စေမှာပါ။ ၉၀%သောလုပ်ငန်းတွေရဲ့ကျရှုံးခြင်းက လူမှန်နေရာမှန် မရှိတာ၊ အစားထိုးလူမရှိတာရယ်ကြောင့်ဘဲဖြစ်ပါတယ်။ (တစ်ယောက်တည်းလုပ်ရင်လည်းဖြစ်တာဘဲဆိုတဲ့အတွေးက ကျရှုံးစေတတ်တယ်ဆိုတာ သတိချပ်ပါ။)
(၃) Educational Resources (အသိပညာ အရင်းအမြစ်)
လုပ်ငန်းတစ်ခုကို စတင်တဲ့ Entrepreneur လုပ်ငန်းရှင်တွေ အနေနဲ့ မိမိ Industry ရဲ့ အကြောင်းအရာ၊ အသိပညာ၊ အတတ်ပညာတို့ကို ထဲထဲဝင်ဝင်သိရှိနေဖို့လိုအပ်ပါတယ်။ ဒါမှသာ လုပ်ငန်းရဲ့ ဦးတည်ချက်နဲ့ပတ်သက်ပြီး ပိုမိုကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေလုပ်ဆောင်နိုင်မှာဘဲဖြစ်ပါတယ်။ ဒီလို Educational Resources တွေကိုဘယ်ကနေရနိုင်လဲ? သင်တန်းတွေကနေတဆင့်၊ လုပ်ငန်း စီနီယာတွေကနေတဆင့်၊ ဟောပြောပွဲတွေကနေတဆင့် သက်ဆိုင်ရာနေရာအသီးသီးကနေ ရနိုင်သလို ဘယ်ကနေရနိုင်မလဲ သိနိုင်မလဲဆိုတာကို အမြဲတမ်းတွေးတော နေဖို့လိုအပ်ပါတယ်။ (အသိပညာ အရင်းအမြစ်က လုပ်ငန်း ပိုမိုတိုးတက်ဖို့အတွက်အရေးပါတယ်ဆိုတာ သတိချပ်ပါ။)
(၄) Physical Resources (ရုပ်ပိုင်းဆိုင်ရာ အရင်းအမြစ်များ)
Physical Resources လို့ဆိုလိုက်ရင် အိမ်တွင်းလုပ်ငန်းဘဲဖြစ်ဖြစ်၊ လက်လီရောင်းချတဲ့လုပ်ငန်းဖြစ်ဖြစ် သင့်လျော်တဲ့ နေရာထိုင်ခင်းရှိကို ရှိဖို့လိုအပ်ပါတယ်။ လုပ်ငန်းသုံးဖုန်း၊ ထိုင်ခုံ၊ စားပွဲတွေအပြင် လုပ်ငန်းအလိုက်လိုအပ်တာတွေအများကြီးရှိတာကြောင့် Physical Resources က တချို့လုပ်ငန်းတွေမှာဆိုရင် အလွန်ကုန်ကျစရိတ်များတဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ ဥပမာ - စားသောက်ဆိုင်။ ဒါကြောင့် လုပ်ငန်းစတင်တဲ့အခါမှာ အလိုအပ်ဆုံး၊ အသက်သာဆုံးနဲ့ အဆင်အပြေဆုံး တွေနဲ့သာ စတင်ဖို့အကြံပြုပါတယ်။ (တခြားလုပ်ငန်းတွေ ဘယ်လို ပုံစံနဲ့ စတင်လဲဆိုတာ လေ့လာပါ။ ဒါရှိမှဖြစ်မယ်ဆိုတဲ့အတွေး မတွေးမိဖို့သတိချပ်ပါ။)
(၅) Emotional Resources (စိတ်ခံစားမှုဆိုင်ရာအရင်းအမြစ်များ)
Business လုပ်ငန်းတစ်ခုကို စတင်တာက အလွန်စိတ်ဖိစီးမှုဖြစ်တဲ့ ကြိုးပမ်းမှုတစ်ခုဖြစ်တာကြောင့် စိတ်ဓါတ်ကြံခိုင်နေဖို့နဲ့ စိတ်အားထက်သန်နေဖို့ အလွန်အရေးကြီးပါတယ်။ ဒီလို Emotional Resources တွေကိုဘယ်လိုရနိုင်လဲ? လေးစားအားကျရတဲ့ သူတွေဆီက၊ လိုအပ်ရင်လိုအပ်သလို လှုံ့ဆော်မှုနဲ့ လမ်းညွန်မှုပေးနိုင်တဲ့ ဆရာသမားတွေဆီကနေတဆင့် ရနိုင်ပါတယ်။ ဒါ့အပြင် မိသားစု၊ သူငယ်ချင်းတွေဆီကေနတဆင့်လည်း ရနိုင်ပါတယ်။ ၉၉.၉၉%သော အောင်မြင်တဲ့လုပ်ငန်းရှင်တွေဟာ ကောင်းမွန်တဲ့ Emotional Resources တွေရှိကြပါတယ်။ (Emotional Resourcesဆိုတာ ကိုယ်၏စိတ်ခံစားချက်သာဖြစ်တယ်ဆိုတာကိုလည်း သတိချပ်ပါ။)
ဒီအရင်းအမြစ် (၅)ခုကို ပိုင်ဆိုင်ထားတယ်ဆိုရင် ပထမဦးဆုံး လုပ်ငန်း စတင်ရပ်တည်နိုင်ပြီဆိုတာ သေချာနေပါပြီ။ လုပ်ငန်းတစ်ခုကို စတင်ဖို့ကြိုးစားနေတဲ့သူတွေအနေနဲ့ ဒီအချက်တွေသာပြည့်စုံနေပြီဆိုရင် ရဲရဲကြီးသာစတင်လိုက်ပါ။
🧩 If you are interested in business & success, please follow & like my page.