24/10/2020
ဆိုးလ်ကျောင်း vs နယ်ကျောင်း ဘာကိုရွေးချယ်ကြမလဲ?
===================================
⁃ ခုတလော ကိုရီးယားပညာရေးကို စိတ်ဝင်စားလာကြတဲ့သူတွေ တော်တော်များများ တွေ့မိတာကြောင့် ကျနော်လည်း စာတွေ ပုံမှန် ပြန်ရေးဖြစ်အောင် ကြိုးစားနေပါတယ်။ ဒီနေ့မှာတော့ ကိုရီးယားတက္ကသိုလ်တွေအနက် ဆိုးလ်မြို့ပေါ်ကကျောင်းတွေနဲ့ နယ်ဘက်ကကျောင်းတွေရဲ့ အားသာချက်နဲ့ အားနည်းချက်တွေအကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ဒါဆို နယ်ကျောင်းကနေ စပြောကြရအောင်!
⁃ နယ်ကျောင်းရဲ့ အားသာချက်တွေကတော့ အဓိကကတော့ စရိတ်စကပါပဲ။ ကျောင်းလခ သက်သာတယ်။ တက္ကသိုလ်တွေက စကော်လာများများပေးလေ့ရှိတယ်။ နေစားစရိတ် သက်သာတယ်။ အဲ့တာတွေကတော့ ကျနော်တို့ မြန်မာကျောင်းသားတွေအတွက် အဓိကထည့်စဉ်းစားရမယ့် အချက်တွေပါ။ ဒါပေမယ့် တခုရှိတာက နယ်ဆိုပေမယ့် အချိန်ပိုင်းလေးလုပ်ရင်း ကျောင်းတက်ချင်ရင်တော့ ဘူဆန်၊ ဒယ်ဂူ၊ အူလ်ဆန်၊ အင်ချွန်း စတဲ့ ဒေသတွေက ကျောင်းတွေကို ပိုရွေးချယ်သင့်တယ်။ မြန်မာအခံရှိတဲ့ကျောင်းတွေဆို အလုပ်အကိုင်အခွင့်အလမ်းနဲ့ အကူအညီ (ရကောင်း)ရနိုင်တယ်။ အေဂျင်စီကို စွတ်ယုံမိလို့ ကိုရီးယားရဲ့ တကယ့်ချောင်ကြိုချောင်ကြား မကောင်းမကန်း ကျောင်းတွေရောက်သွားလို့ overstay ဖြစ်ကုန်တဲ့သူတွေ၊ ပြန်လာရတဲ့သူတွေလည်း မနည်းဘူး။ အဲ့တော့ နယ်ကျောင်းကို တက်မယ်ဆိုတဲ့ ကျောင်းသားတွေအနေနဲ့လည်း ကိုယ်တက်မယ့်ကျောင်းက ဘယ်မြို့မှာရှိသလဲနဲ့ Ranking ဘယ်လောက်မှာ ရှိနေလဲဆိုတယလောက်ကတော့ တီးခေါက်ထားကြည့်သင့်ပါတယ်။ နယ်ကျောင်းတွေရဲ့ အားနည်းချက်ကတော့ Ranking က ဆိုးလ်ပေါ်က ကျောင်းတွေထက် စာရင် နိမ့်ပါတယ်။ ကိုရီးယားတွေရဲ့အမြင်မှာလည်း နယ်ကျောင်းနဲ့ မြို့ကျောင်းမှာဆို မြို့ကျောင်းမှာတက်တဲ့သူတွေက စာတော်ကြတယ်ဆိုတဲ့ အယူရှိကြပါတယ်။ ကျောင်းပြီးလို့ အလုပ်အကိုင် အခွင့်အရေး ကျပြန်တော့လည်း ဆိုးလ်ကျောင်းက ဘွဲ့ရနဲ့ နယ်ကျောင်းက ဘွဲ့ရ ကြားမှာ ကွာဟချက်လေးတွေ ရှိတတ်ပြန်ပါတယ်။ ပြီးတော့ နယ်ကျောင်းတွေမှာ International Students ဆိုတာထက် တရုတ်ကျောင်းသားတွေနဲ့ (နားငြီးတဲ့) ဗီယက်နမ်လူမျိုးတွေပဲ များလေ့များထ ရှိပါတယ်။
ဒါဆို ဆိုးလ်ပေါ်က ကျောင်းတွေ ဆိုပြန်တော့?
- ဆိုးလ်ပေါ်က ကျောင်းတွေကတော့ အစိုးရကျောင်းတခုနှစ်ခုက လွဲလို့ ကျောင်းလခဈေးကြီးပါတယ်။ Scholarship ကလည်း မစို့မပို့ပဲ ပေးကြတာများပါတယ်။ Korea University, Yonsei, Hanyang, Sogang, Kyunghee, HUFS, Sungkyunkwan တို့လို ထိပ်သီးကျောင်းတွေဆို ကျောင်းလခလည်း ဈေးကြီးလှသလို Scholarship များများစားစား ရဖို့ကလည်း တော်တော်ခဲယဉ်းပါတယ်။
[ တခုရှိတာက SKY ကတော့ ဝင်ခွင့် တော်တော်ကို ခက်တယ်။ ကျနော်လည်း လက်လျှော့လိုက်ရတယ် ]
ဒါပေမယ့် ကောင်းတာကတော့ အဆိုပါကျောင်းတွေဟာ ကိုရီးယားရဲ့ ထိပ်သီးကျောင်းတွေ ဖြစ်တာနဲ့အညီ Ranking ကောင်းသလို စာအသင်အပြလည်း ပုံမှန်တက္ကသိုလ်တွေထက်စာရင် ကွာခြားမှုတွေရှိပါတယ်။ နိုင်ငံတကာကျောင်းသားတွေ များတာနဲ့အညီ English လို သင်တဲ့ အတန်းတွေလည်း နယ်ကျောင်းတွေထက် စာရင် များပါတယ်။ မကောင်းတာကတော့ ဈေးကြီးတဲ့ ကျောင်းစရိတ်နဲ့ နေစားစရိတ်ပါပဲ။ ဆိုးလ်မှာက နယ်ထက်စာရင် အဆောင်မှာနေနေ အပြင်မှာထွက်နေနေ ဘယ်လိုနေနေ ဘယ်လိုစားစား ပိုက်ဆံကို ပိုကုန်ပါတယ်။ ကောင်းတာကတော့ အချိန်ပိုင်းအလုပ်နဲ့ ကျောင်းပြီးရင် အလုပ်အကိုင်အခွင့်အလမ်း ပိုများပါတယ်။
( နေစားစရိတ်နဲ့ ပတ်သက်တဲ့ ကိစ္စကတော့ နောက်ကျရင် ပြည့်ပြည့်စုံစုံ ထပ်ရှင်းပြပေးပါမယ် )
Language တက်မယ်ဆိုတဲ့ လူတွေအတွက်လည်း Language ကို နယ်မှာ အရင်တက်ပြီး Uni စ join တော့မှ ဆိုးလ်ကို ပြောင်းတာက ပိုစရိတ်စက သက်သာပါတယ်။
ကျနော့်တုန်းကလည်း နယ်မှာ အရင်တက် ပြီးမှ ဆိုးလ်ကို ပြောင်းပါတယ်။
အဲ့တော့ အကျဉ်းချုန်းအနေနဲ့ အကြံပေးချင်တာကတော့ စရိတ်စက တတ်နိုင်သလောက် ခြွေတာပြီး ကျောင်းတက်ချင်တယ်ဆိုရင်တော့ နယ်ကျောင်းတွေကို ရွေးကြပါ။ Ranking မြင့်တဲ့ တက္ကသိုလ်တွေ၊ နာမည်ကြီးတက္ကသိုလ်တွေမှာပဲ တက်လိုတဲ့သူတွေကတော့ ဆိုးလ်က အသင့်တော်ဆုံးပါပဲခင်ဗျာ။
studyinkorea.go.kr