11/04/2024
◾ပဇီကြီး လူသတ်ပွဲ တစ်နှစ်ပြည့်ပြီ။
ပဇီကြီး လူသတ်ပွဲဟာ အကြမ်းဖက်စစ်တပ်အနေနဲ့ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းကို မျက်ဝါးထင်ထင် ဖော်ပြတဲ့ လူသတ်ပွဲကြီးဖြစ်တယ်။ စစ်တပ်အနေနဲ့ နိုင်ငံတကာမျက်နှာစာတွေနဲ့ မြို့ပြနေလူထုအပေါ် တိုင်းပြည်ကိုကာကွယ်နေတာပါလို့ လိမ်လည်ထားပြီး မြေပြင်မှာ အာဏာရှင်ဆန်ဆန် ပြည်သူလူထုကိုသတ်ဖြတ်နေတာပဲဖြစ်တယ်။
လွန်ခဲ့တဲ့တစ်နှစ် ဒီလိုအချိန် ပဇီကြီးမှာ ကလေးသူငယ် ၄၀နီးပါးနဲ့ အရပ်သားပြည်သူ ၁၇၀ကျော် သေဆုံးခဲ့ရပါတယ်။ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရုံသာမကဘဲ အသက်ရှင်ကျန်ရစ်တဲ့အရပ်သားပြည်သူတွေကိုပါ စစ်သုံးရဟတ်ယာဉ်တွေနဲ့ လိုက်လံပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်။
ပဇီကြီး အစုလိုက်အပြုံလိုက်လူသတ်မှုအပေါ် နိုင်ငံတကာအနေနဲ့ ကန့်ကွက်ရှုတ်ချတာကလွဲလို့ ထိရောက်တဲ့ အရေးယူမှု၊ ပိတ်ဆို့မှု တစ်ခုမှလုပ်ထားတာမရှိပါဘူး။ ဒီတော့ ကျွန်မတို့ပြည်သူတွေအတွက် တရားမျှတမှုကို ကျွန်မတို့ပြည်သူတွေထဲက ပြည်သူတွေကိုယ်တိုင်ပဲ ရှာဖွေပေးရပါလိမ့်မယ်။
စစ်တပ်အနေနဲ့ လက်ရှိအဘက်ဘက်ကရှုံးနိမ့်လာတဲ့အခါမှာ သူတို့ကိုယ်တိုင် ညှင်းပန်းခဲ့တဲ့ပြည်သူလူထုဆီကနေပဲ လူ့စွမ်းအားအရင်းအမြစ်ကိုဂုတ်သွေးစုပ်တဲ့ စစ်မှုထမ်းဥပဒေဆိုတာကိုထုတ်ပြန်တယ်။ စစ်တပ်ဟာ လူထုကိုကာကွယ်မဲ့အစား သူတို့အာဏာတည်မြဲဖို့အတွက် လူထုကို လိုသလိုအသုံးချ လူသားဒိုင်းအနေနဲ့အသုံးပြုဖို့ ဖန်တီးနေပြန်တယ်။
ဒီလိုအခြေအနေတွေမှာ ပတ်ဝန်းကျင်နဲ့သတင်းကိုနားစွင့်ပြီး တော်လှန်ရေးမှာလိုအပ်သလို ပူးပေါင်းပါဝင်ကြပါ။ တိုင်းပြည်က အသက်တွေစျေးမပေါအောင် ကျွန်မတို့ကိုယ်တိုင်ပဲ ကြိုးစားကြရပါလိမ့်မယ်။
မခရစ္စတင်း
ပြောရေးဆိုခွင့်ရှိသူ(တကသများ-ရန်ကုန်)
#ပဇီကြီးမှာစီးတဲ့သွေးတွေမခြောက်သေးဘူး