19/01/2019
စာစီစာကုံးရေးတတ်ချင်သလား (၄)
စာစီစာကုံးစာအုပ်တွေ ဝယ်ထားပါ
🍀🌹🍀🌹🍀🌹
"ကျွန်တော် စမေးခဲ့တဲ့
'စာစီစာကုံး ရေးတတ်ချင်ရင်
ဘယ်လိုလုပ်ရမလဲ' ဆိုတဲ့ မေးခွန်းကို
အခုထိ မဖြေသေးပါလား"
"ဖြေသင့်သလောက်တော့ ဖြေပြီးပြီလားလို့"
"ဖြေတာတွေက တကယ်ရေးရင်
သတိပြုရမဲ့ဟာတွေလို့ ဆိုချင်ပါတယ်။
အဲသည်လို တကယ်ရေးတတ်အောင်
ဘယ်လို လေ့လာ သင်ယူရမယ် ဆိုတာကို
ကျွန်တော်က သိချင်တာပါ"
"ကိုယ့်ကျောင်းသားတွေကို
အမြဲပြောပြနေခဲ့တဲ့ အချက်တစ်ခုကို
စပြောမယ်။ စာစီစာကုံးကောင်း
ရေးတတ်ချင်သူဟာ ပထမဆုံးကတော့
စာစီစာကုံးစာအုပ် ဆယ်အုပ်ထက် မနဲ
ကိုယ်ပိုင် ရှိရမယ်။
များများ ရှိလေ ကောင်းလေပဲ"
"လမ်းညွှန်ချက်ကလဲ မသက်သာပါကလား။
စာစီစာကုံးစာအုပ် တစ်အုပ်ရဲ့ တန်ဖိုးက
အထက်တန်းအဆင့်ဆို နှစ်ထောင်ကနေ
ငါးထောင်ကျော်အထိ ရှိတယ်ဗျာ"
"အေး..တို့ ညွှန်းချင်တာလဲ
အဲသည်စာအုပ်တွေပဲ။
ကိုယ့်အတန်းအဆင့်နဲ့ ကိုယ်ပေါ့ကွာ။
အခုတော့ အထက်တန်းအဆင့်ပဲ ပြောမယ်။
"အဲသည်လို ဝယ်တဲ့အခါ အထူးသဖြင့်
တက္ကသိုလ်က ဆရာကြီးတွေ စုပေါင်းရေးတဲ့၊ စာစီစာကုံး အပုဒ်တစ်ရာလောက်ပါတဲ့
စာအုပ်တွေကို ဦးစားပေး ဝယ်စေချင်တယ်။
ပြီးတော့မှ မြန်မာစာ သင်ကြားရေးမှာ
နာမည်ရ၊ ဝါရင့်နေတဲ့ ဆရာကြီးတွေရဲ့
စာအုပ်တွေကို ဝယ်စေချင်တယ်၊
နောက် မြန်မာစာ ဂုဏ်ထူးရ ကျောင်းသားတွေ
ရေးတဲ့ စာအုပ်တွေ ဝယ်စေချင်တယ်။
"မိဘတွေ၊ ကျောင်းသားတွေက
နဲနဲတော့ ခွကျသဗျ။
ဆရာတစ်ယောက်ကို
တစ်လ တစ်သိန်း တစ်သိန်းခွဲ၊
စာစီစာကုံးသင်တန်းကြေး
တစ်သိန်း တစ်သိန်းခွဲ ပေးရတာကျ
မတွန့်တိုဘဲနဲ့
ဆရာတစ်ယောက်ထက်မက
အရေးပါတယ် ဆိုနိုင်တဲ့၊
သင်တန်းတက်တာထက်တောင်
ပိုထိရောက်နိုင်တဲ့ စာစီစာကုံးစာအုပ်တွေကို
တစ်သိန်းဖိုးလောက် ဝယ်ဖို့ကျ
လက်တွန့်နေတတ်ကြတယ်။
"ကဲ..ဝယ်ပြီးပါပြီတဲ့။
ဒါဆို စာစီစာကုံး ရေးတတ်ကရောလား"
"စာစီစာကုံးရေးတတ်ဖို့ တစ်ဝက်တော့
နီးစပ်လာပြီ မှတ်ပေတော့"
"စာစီစာကုံးစာအုပ်တွေ ဝယ်ထားတာနဲ့ပဲ
စာစီစာကုံးက ရေးတတ်ရော ဆိုတာ
ဟုတ်ရောဟုတ်ပါ့မလား"
"ရေးတတ်ရော မပြောပါဘူး။
ရေးတတ်ဖို့ တစ်ဝက်နီးစပ်လာပြီ ပြောတာ။
ဘာ့ကြောင့်လဲဆိုတော့ စာစီစာကုံး
သင်ပေးမဲ့ အကောင်းဆုံးဆရာတွေက
ကိုယ့်အနားမှာ ဝန်းရံနေပြီလေ"
"စာအုပ်တွေက ဆရာလား.."
"အေးလေ သမ္ဘာရင့် ဝါရင့်ဆရာကြီးတွေရဲ့
ဗဟုသုတ အတတ်ပညာတွေ စီးဝင်နေတဲ့
စာစီစာကုံး မှော်ပစ္စည်းတွေ
ပိုင်ဆိုင်ထားမှတော့ မင်းမှ စာစီစာကုံး
မရေးတတ်ရင် ဘယ်သူရေးတတ်တော့မလဲ"
"သည်စကားက ရယ်စရာများ
ဖြစ်နေသလားလို့ စာစီစာကုံး စာအုပ်တွေ
ပိုင်တာနဲ့ပဲ စာစီစာကုံးရေးတတ်ပြီ ဆိုတာကို
စာအုပ်ရောင်းတဲ့ ဆိုင်ကလူတွေ ကြားရင်
ဟားတိုက်နေပါ့မယ်"
"သူတို့က ရောင်းသူလေ၊ မင်းက ဝယ်သူလေ။
ဘယ်သူက စာအုပ်ကို သုံးမှာလဲ။
ထမင်းဆိုင်က စားပွဲထိုးက
ဟင်းကောင်းတွေ ရောင်းနေရပေမဲ့
သူစားရတာက ငါးပိရည်
ဖြစ်နေတတ်သလိုပေါ့။
မင်းက စားဖို့ ဝယ်တာ၊
သူတို့က ရောင်းဖို့ ချက်တာ။
ဝယ်နိုင်သူပဲ ဟင်းကောင်းစားရမှာလေ"
"ဟုတ်ပါပြီ။
သည်စာအုပ်တွေနဲ့ ဗိုက်ဝအောင်
ကျွန်တော် ဘယ်လိုစားရမလဲ။
အဲလေ.. စာစီစာကုံးရေးတတ်အောင်
ဘယ်လို လုပ်ရမလဲ"
"နောက်တစ်ခါမှ ပြောမယ်ကွယ်။
အခုတော့ ထွက်ဝယ်လိုက်စမ်းပါဦး"
ဦးမြင့်ဇော် (ရွှေတံခါး)