14/07/2024
ရဟန်းတစ်ပါးနှင့် ဘာသာမဲ့ အင်ဂျင်နီယာ အမေးအဖြေ
************************
''တစ်ပါးတည်းနေရတာ မပျင်းဘူးလား အရှင်''
''ပျင်းလို့ တစ်ပါးတည်းလာနေတာပါ ဒကာ''
''တပည့်တော်သာ အရှင့်နေရာမှာဆို အလွန်ပျင်းရိနေမှာပဲ''
''ဘုန်းကြီးလည်း ဒကာတို့နေခဲ့တဲ့
လူ့ အဖွဲ့အစည်းတွင်းက လာခဲ့တာပါ
ပျော်တယ် ပျင်းတယ်ဆိုတာ
ခံယူတဲ့စိတ်အပေါ်သာ မူတည်တယ်
ဒကာ သိပ်ရိုးအီသွားတဲ့အခါ အရာရာဟာ ပျင်းစရာပဲ''
''အခုလိုထိုင်နေရတာရော မပျင်းဘူးလား''
''ဒကာအမြင်မှာတော့ ထိုင်နေတာပေါ့
တကယ်တော့ ဘုန်းကြီးက game ကစားနေတာ
အခုမှ စကစားကာစမို့ ပျော်တောင် ပျော်နေသေးရဲ့''
''ဘာ game များလဲ အရှင်''
''အင်မတန်လှုပ်ရှားတတ်တဲ့စိတ်ကို
ငြိမ်အောင်ဖမ်းတဲ့ game ပေါ့''
''ဘယ်လိုပိုက်မျိုးနဲ့ ဖမ်းလဲ''
''သတိတရားနဲ့ ဖမ်းပါတယ်''
''ဒါသမထ Game လား''
''ဆိုပါတော့ သမာဓိထူတဲ့ game တစ်ခုပါပဲ''
''ပျော်ဖို့ကောင်းရဲ့လား''
''စာအုပ်ဖတ်နေတဲ့သူဟာ ရှေ့က ရုပ်ရှင်ကို စိတ်မဝင်စားဘူး
ရှေ့ကရုပ်ရှင်ကို စိတ်ဝင်စားရင်
လက်ထဲက စာအုပ်ကို စိတ်မဝင်စားဘူး...
အာရုံစုစည်းမှု မရှိရင် ဘာကိုမှလုပ်မရဘူးလေ
အလုပ်တစ်ခုမှာ concentraction ရဖို့
အခြားတစ်ခုကို neglect လုပ်ရတယ်...
ဒကာက အခြားကိစ္စတွေကို လျစ်လျူ မရှုနိုင်ပဲ
ဒီ game ကို လာဆော့မယ် ဆိုရင်ပျော်လိမ့်မယ်မထင်ဘူး''
''ဒီ game ကို ဆော့တဲ့အကျိုးကျေးဇူးက ဘာဖြစ်မလဲ''
''အကျိုးကျေးဇူးမဲ့တဲ့ game ဆိုတာ မရှိသလို
side effect ကင်းတဲ့ ဆေးဆိုတာ မရှိဘူး...
အကောင်းအဆိုးဟာ သိပ်ဒွန်တွဲတယ်....
ဘယ်သူအနေနဲ့လဲ လို့ မေးရလိမ့်မယ်...
ဆယ်တန်းကျောင်းသားတစ်ယောက်က
စာမကျက်ပဲ တရားထိုင်နေမယ်ဆို
ဘုန်းကြီး အပြစ်ဆိုရလိမ့်မယ်...
minor သဘောနဲ့ အချိန်အနည်းငယ်ပေးပြီး
လေ့ကျင့်တာမျိုးကိုတော့ အားမပေး မတားမြစ်လိုဘူး...''
''အရှင်ဘုရားအတွက်ဆိုရင်ရော''
''သတ္တဝါတွေဟာ ကိုယ်ပျော်ရာကို ကိုယ် ရွေးချယ်ကြတယ်...
မြင့်မြတ်ခြင်း ယုတ်ညံ့ခြင်းကိုတော့
ဓမ္မဓိဋ္ဌာန်ပေတံနဲ့ တိုင်းမှသာ သင့်မယ်ထင်ရဲ့...
ဘုန်းကြီးအတွက်တော့ ဒီ game ဟာ
သိပ်ကို ပျော်ဖို့ကောင်းတဲ့ game ပေါ့''
''အကြောင်းပြချက်ရှိမလား ''
''အကြောင်းပြချက် ဆိုတာထက် ရည်ရွယ်ချက်ရှိသလား
လို့ မေးစေချင်တယ် ဒကာ
အကြောင်းပြဖို့ လုပ်နေတာ မဟုတ်ဘူး
ရည်ရွယ်ချက်နဲ့ လုပ်နေတာ
စိတ်ကို ခိုင်မြဲသန်မာအောင် လေ့ကျင့်နေတာပါ...
သင် ရွှေထုပ်ကောက်ရတဲ့အခါ သိပ်ကိုပျော်ရွှင်လိမ့်မယ်...
စိတ်ကို အလှုပ်တစ်ခုဖြစ်စေမယ်
သင်တို့ကတော့ positive ဘက်ကို ရွေ့တဲ့ feeling
လို့မြင်တယ်....
ဘုန်းကြီးကတော့ မငြိမ်သက်တဲ့ စိတ်သဘော လို့မြင်တယ်.
သမ္မာသတိနဲ့ တွဲမချည်ထားတဲ့စိတ်ဟာ
လောကဓံတစ်ခုနဲ့ ကြုံတိုင်း လှုပ်နေရတယ်
ဒါဟာ အခြေမခိုင်မှုကြောင့်...
ဘယ်လောက်အားနဲ့ ထိုးထိုး
အချိန်တစ်ခုမှာ ခေါင်းလောင်းသံဟာ
တဖန်တိတ်ဆိတ်သွားရသလိုမျိုး
ထီပေါက်ပြီး အချိန်တစ်ခုမှာ ပျော်ရွှင်မှုအသံတွေဟာ
တဖန် ပြန်တိတ်ဆိတ်သွားမှာပါ...
ထီပေါက်တဲ့သတင်းနဲ့ သံစူးတဲ့ဖြစ်စဉ်
တစ်ပြိုင်တည်း ဖြစ်ခဲ့မယ်ဆိုရင်
သံစူးတဲ့ဝေဒနာကို သင်ဂရုတောင် စိုက်မှာမဟုတ်ဘူး
အကယ်၍များ ထီပေါက်ပြီးတစ်နှစ်အကြာမှာ သံစူးခဲ့မယ်
ဆိုရင်တော့ ထီပေါက်ခဲ့တာကို မေ့ပြီး
သံစူးတာကိုပဲ သင် ခံစားရမှာပါ...
ပြောခဲ့သလို သမ္မာသတိနဲ့သာတွဲ မချည်ထားဘူးဆိုရင်
ဆူးကြုံနိမ့်မြင့် လောကဓံရဲ့ ချယ်လှယ်မှုအတိုင်း
ပျော်ရွှင်ရ ဝမ်းနည်းရနဲ့... သင့်စိတ်တွေ ပင်ပန်းနေရော့မှာ...
ဒါက ဘုန်းကြီးရဲ့အမြင်ပါ...
သင်တို့ကတော့ လောကဓံအတွန်းအတိုက်မှာ
ရှေ့တိုး နောက်ဆုတ်ဖြစ်နေရတာကိုက ဘဝ
လို့ ယူဆထားတာကိုး
''တပည့်တော်တို့က မှားနေသလား''
''ဒါဟာ အမှန်အမှားသဘော မဟုတ်ဘူး
ဒါဟာ သဘာဝသဘော သစ္စာသဘောပါပဲ
လောကီနယ်မှာ ကျင်လည်လိုသူအတွက်
လောကသစ္စာက အမှန်ပေါ့
လောကီက လွန်မြောက်လိုသူအတွက်
လောကုတ္တရာ သစ္စာက အမှန်ပေါ့''
''လောကုတ္တရာဆိုတာ''
''လောက ဥတ္တရ လောကကိုလွန်မြောက်ခြင်းပေါ့''
''ဘာလို့များ လောကကို လွန်မြောက်ချင်ရတာလဲ''
''ပျင်းလာလို့ပါ''
''နားမရှင်းဘူးဘုရား ပြောင်းပြန်ကြီး ဖြစ်နေသလားလို့
တကယ်ဆို အရှင်တို့ ဘဝက ပိုပျင်းစရာ မကောင်းဘူး''
''သင်ရေကူးဖူးသလားဒကာ''
''ကူးဖူးတယ်ဘုရား''
''ရေကူးနေကြသူတွေဟာ
ရေကူးကန်ပေါ်ကလူတွေကို ပြောတယ်
ရေကူးရတာ ပျော်စရာပဲတဲ့...
ရေမကူးရသေးသူတွေက ရေကူးချင်စိတ်တဖွားဖွားပေါ့...
ရေကူးလို့ ပျင်းလာသူတွေက ရေကန်ပေါ်ပြန်တတ်တယ်...
မြူးထူးစွာ ကူးနေဆဲသူတွေကို မြင်တယ်...
ဒါပေမယ့် သူ့ကို မဆွဲဆောင်နိုင်တော့ဘူး
သူရေကူးရတာပျင်းသွားပြီ...
ပျော်ဖို့အတွက် ရေဆင်းကူးပြီး
ပျင်းလို့ ပြန်တတ်လာတဲ့လူတွေလိုပဲ
ဘုန်းကြီးက ပြန်တတ်လာသူပါ
သင်တို့က ကူးနေဆဲသူတွေပါ
ဘယ်သူမှ မမှားကြပါဘူး
ဒါက ကိုယ့်စိတ်ရဲ့သဘာဝပါပဲ''
''တကယ်ဆို တပည့်တော်တို့လည်း
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပျော်ရွှင်မှုကို ရှာနေကြတာပဲ
အရှင်ဘုရားကလည်း
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပျော်ရွှင်မှုကို ရှာဖွေနေတာပဲ...
ဘာလို့များ အရှင်တို့က ပိုမြင့်မြတ်တယ် လို့ယူဆကြတာလဲ''
''မာန်နည်းသူကို လက်အုပ်ချီတာနဲ့
မာန်ကြီးသူကို လက်အုပ်ချီရတာ မတူဘူးဒကာ
အက်ဒီဆင်ဟာ သံဃာတွေထက်
ဗဟိဒ္ဓအလင်းရောင်ပေးမှုမှာ
ပိုမြင့်မြတ်သူပါ ပိုအကျိုးပြုသူပါ...
သူ့ကို လက်အုပ်ချီလည်း ရသလို
လက်အုပ်မချီလည်း ရတယ်
သင်ဘယ်လိုပုံစံနဲ့ လေးစားမှုကို ပြလိုသလဲ
တို့ရဟန်းတွေကို လူတွေက လက်အုပ်ချီတယ်...
အနည်းဆုံးတော့ တို့စောင့်ထိန်းတဲ့သီလကို လေးစားလို့
လေးစားမှု ပြတဲ့သဘောပါ
လက်အုပ်မချီသူကိုလည်း တို့က အပြစ်လည်း မမြင်သလို
အပြစ်လည်း မတင်ပါဘူး...
စစ်တပ်မှာ အထက်အရာရှိကို အလေးပြုတာဟာ
လေးစားမှုကို ပြတာဖြစ်သလို
တို့ရဟန်းတော်ကို လက်အုပ်ချီတာဟာလည်း
လေးစားမှုကို ပြတာပဲ ဖြစ်ပါတယ်....
ပိုမြင့်မြတ်တယ် ပိုနိမ့်ကျတယ်ဆိုတာ
ဘယ်ကဏ္ဍမှာလဲလို့ ပြန်မေးရလိမ့်မယ်...
မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ
ဗိုလ်ချုပ်ထက် မြင့်တဲ့ မြတ်တဲ့ ဘုန်းကြီး မရှိပါဘူး''
''တကယ်ဆို အရှင်ဘုရားတို့က တာဝန်မဲ့သူများဖြစ်နေမလား
လူဆိုတာ လောကအတွက် အလုပ်လုပ်ကြတယ်...
တစ်ကမ္ဘာ လုံးသား ဘုန်းကြီးတွေဖြစ်နေမယ်ဆိုရင်
ဘယ်သူက စပါးစိုက်မလဲ ဘယ်သူက အိမ်တွေဆောက်မလဲ''
''သင်ဘာအလုပ်လုပ်လဲ ဒကာ''
''စက်မှုအင်ဂျင်နီယာပါ''
''တစ်ကမ္ဘာလုံးသာ စက်မှုအင်ဂျင်နီယာတွေချည်းဆို
ဘယ်သူတွေစပါးစိုက်မလဲ
ဘယ်သူတွေအိမ်ဆောက်မလဲ ဒကာ''
''တပည့်တော်တို့မှာ ကိုယ့်တာဝန်နဲ့ ကိုယ်ရှိတယ်
ကိုယ့်ပေးဆပ်မှုနဲ့ ကိုယ်ရှိတယ်
ကိုယ့်ထမင်းကို ကိုယ်ရှာစားတယ်''
''လောကမှာ အလုပ်နှစ်မျိုးရှိတယ်ဒကာ
product နဲ့ service ပေါ့
ကုန်ထုတ်မလား ဝန်ဆောင်မှုပေးမလား
ဘုန်းကြီးတို့က လူ့လောကအတွက်
ဝန်ဆောင်မှုပြန်ပေးရတယ်ဒကာ
ပြည်သူတွေကျွေးတာ စားပြီး
ကိုယ့်လွတ်လမ်း ကိုယ်ရှာနေတာဆိုရင်
သင်ပြောသလို ဘုန်းကြီးတို့ဟာ တာဝန်မဲ့လူတန်းစားတွေပါ...
ဒါပေမယ့် ဘုန်းကြီးတို့မှာ တာဝန်တွေ ရှိတယ်...
ကိုယ့်တရား ကိုယ်ရှာရုံသက်သက်ဆို
ဘုန်းကြီးဝတ်စရာ မလိုဘူးလေ
ကိုယ့်ဘာသာဝင်တွေကို
အေးချမ်းစိမ့်သောငှာ ဆုံးမစိမ့်သောငှာ
ကိုယ်ပြောတဲ့စကား ကိုယ်ဟောတဲ့တရားကို
လေးစားနာယူစေဖို့ သီလ သမာဓိ ပညာအရာမှာ
စံနမူနာဖြစ်အောင် ရဟန်းအသွင်ယူရတယ်ဒကာ
တစ်ကျပ်သားခန့် စံနမူနာပြခြင်းဟာ
တစ်ပိဿာခန့် ဆုံးမခြင်းနဲ့ညီသတဲ့
ဘုန်းကြီးတို့က ဆုံးမခွင့်ရဖို့ စံနမူနာပြနေရခြင်းပါဒကာ
uniform တစ်ခုဟာ အရည်အချင်းကိုလည်း ပြသလို
တာဝန်ကိုလည်း ပြတယ်
ဘုန်းကြီးတို့ဟာလည်း တာဝန်ရှိလူတန်းစားပါပဲ
တာဝန်တွေ မတူတာက လွဲရင်ပေါ့''
''မိန့်ကြည့်ပါဘုရား ယူရတဲ့တာဝန်ကို ရှင်းလင်းအောင်''
''ဒကာ အဆင်ပြေသလို ခေါ်ပြောပါ
မင်းနဲ့ငါ ပြောလည်း ဘုန်းကြီးစိတ်မဆိုးဘူး
လေးစားမှုဟာ တောင်းယူရတာ မဟုတ်ဘူး
ငါ့ကို လေးစားကြပါစေတော့ရယ်လို့
ဘုန်းကြီးမှာ ဆန္ဒမရှိဘူး
ကိုယ့်ကိုယ်ကို ကောင်းအောင်
တည်ဆောက်နေတာကလွဲရင်ပေါ့
ဒါက စကားဖြတ်ပြောတာပါ''
''မှန်ပါ့အရှင်ဘုရား ...
တပည့်တော်ဟာ ဘာသာမဲ့ဆိုသော်လည်း
ယဉ်ကျေးမှု မမဲ့သူပါ...
အများသူငါ လေးစားဂါရဝထားရာကို
တပည့်တော်လည်း ရင့်သီးဖို့ ဆန္ဒမရှိပါဘူး...
အရှင်ဘုရားပြောသလို မာန်နည်းသူကို လက်အုပ်ချီရတာ
အန္တရာယ်မရှိဘူးလေ ဆက်မိန့်ပါဘုရား''
''ဘုန်းကြီးတို့တာဝန်ဟာ ဝေါဟာရအားဖြင့်
တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတယ်
လို့ဆိုတယ်...
ဒေါသ လောဘ မောဟကြောင့် ပူတဲ့အပူကို
ဘုန်းကြီးတို့ တတ်ထားတဲ့ငြှိမ်းသတ်နည်းနဲ့
ကူငြှိမ်းပေးတဲ့တာဝန်ပါ
ဒါဟာလည်း ဝန်ဆောင်မှုမဟုတ်လားဒကာရယ်''
''ရဟန်းကို စော်ကားတာ အပြစ်ဖြစ်သလား ဘုရား''
''စော်ကားပြီဆိုမှတော့ ရဟန်းရယ်လို့ မဟုတ်
ဘယ်သူ့ကို စော်ကားစော်ကား အပြစ်ပါပဲ''
''အဲ့သဘောမဟုတ်ဘူးလေ ဝေဖန်ထောက်ပြရင်ရော''
''မေတ္တာနဲ့ ဝေဖန်ခြင်းဟာလည်း ရဟန်းရယ်လို့မဟုတ်
မှားနေသူ ဘယ်သူ့ကိုမဆို ဝေဖန်ထောက်ပြအပ်ပါတယ်''
''ရဟန်းတိုင်း မြတ်သလားဘုရား''
''စုံးပြူးဆိုတာ ရှိတတ်စမြဲပါဒကာ
အလုပ်တာဝန်မကျေတဲ့ စစ်သား
အလုပ်အပေါ်သစ္စာမဲ့တဲ့ စစ်သား
အလားတူ ဆရာဝန် ကျောင်းဆရာ ဝန်ထမ်းတွေလည်း
ရှိကြသလို
ဘုန်းကြီးတွေမှာလည်း ရှိနိုင်တာပဲလေ''
''စိတ်ရှည်လက်ရှည်ဖြေပေးလို့ ကျေးဇူးပါဘုရား''
''မလိုဘူးဒကာ ဒါဘုန်းကြီးရဲ့ တာဝန်ပါပဲ
Credit:Error(Sithu)
Credit Ashin Zawana
ယောပန ဘိက္ခု
ပြန်လည်မျှဝေသည်BH😍
🙏🙏🙏
မေတ္တာဖြင့်
သုတဂဝေသီဗန်းမော်