12/02/2026
“ကိုယ့်စိတ်ကို သက်သောင့်သက်သာ ဖြစ်စေတဲ့သူ”
🔳 မိဘ၊ ဆရာသမား၊ လုပ်ငန်းခွင်၊ သူငယ်ချင်း၊ နောက်ဆုံးနဲ့ အရေးကြီးတယ်လည်း ပြောလို့ရတဲ့ ချစ်သူရည်းစား၊ အိမ်ထောင်ရေးအထိပေါ့။
အဓိကအကျဆုံးက ဘာလဲလို့မေးရင် "သူနဲ့အတူရှိရတာ သက်သောင့်သက်သာဖြစ်တယ် ခံစားနေရဖို့" လို့ပဲ မြင်မိတယ်။
🔳 ဟုတ်တယ်။ Comfortable ဖြစ်ဖို့ သိပ်လိုတယ်။ ဒီစကားလုံးတစ်လုံးတည်းမှာတင် တော်တော်များများ ခြုံငုံမိသွားတယ်။
ဖြစ်ဖူးကြလားတော့ မသိဘူး။ တစ်ယောက်ယောက်နဲ့ အတူရှိနေရရင် စိတ်တွေ လေးလံနေပြီး၊ တစ်ယောက်ယောက်နဲ့ အတူတူ ရှိနေရရင်တော့ စိတ်တွေ ပေါ့ပါးလွတ်လပ်နေတာမျိုး။
🔳 အပြစ်တင်ခံရမှာ ပူနေရတယ်။ တစ်ခုခုဆို အမှားမခံဘူး။ အတိမ်းအစောင်း မခံဘူး။ ဒါမှမဟုတ်လည်း နင် ဘယ်လိုဖြစ်သင့်တယ်၊ ဘယ်လိုမဖြစ်သင့်ဘူး ဆိုပြီး Judge လုပ်နေမယ်။ ကိုယ့်ရဲ့ ဖြစ်တည်မှုအတိုင်း လက်သင့်မခံပေးဘူး။ သူ့ရှေ့ဆို ဟန်ဆောင်နေရမယ်။
ဒါမှမဟုတ် ကိုယ့်နောက်ကွယ်မှာ သူ တစ်ခုခုများ လုပ်နေမလား၊ ကိုယ့်ကွယ်ရာကျ ကိုယ့်မကောင်းကြောင်းတွေ ပြန်ဖောက်သည်ချပြီး ဟားတိုက်ရယ်မောနေမလား၊ နောက်ကျော ဓါးနဲ့ထိုးမလား စိုးရိမ်နေရမယ်။
ဒီထဲက တစ်ခုခုနဲ့ ငြိတာနဲ့ ဒီလူဟာ အမိ၊ အဖဖြစ်ပါစေ၊ သူငယ်ချင်း ဖြစ်ပါစေ၊ လုပ်ဖော်ကိုင်ဖက် ဖြစ်ပါစေ၊ ချစ်သူရည်းစား ဖြစ်ပါစေ၊ ကိုယ့်အတွက် သက်သောင့်သက်သာ ဖြစ်စေတဲ့သူ မဟုတ်တော့ဘူး။
ဒါကြောင့် Comfortable ဖြစ်စေခြင်း ဆိုတာရဲ့အောက်မှာ အပြစ်တင်ခံရမှာ စိုးရိမ်နေစရာ မလိုတာကစလို့၊ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှု၊ စိတ်ခံစားချက်တွေကို အရှိအရှိအတိုင်း လက်သင့်ခံပေးတာအလယ်၊ နောက်ကျောလုံစေတာအထိ အကုန်ပါသွားတယ်လို့ ပြောတာ။
🔳 အဲဒီလိုလူရဲ့ ကိုယ်ရည်ကိုယ်သွေး စရိုက်လက္ခဏာတွေကို အသေးစိတ် ရေးကြည့်ရင်လည်း -
Calm, Emotionally Intelligent, Supportive, Loyal, Trustworthy, Accepting, Empathetic, Patient, Kind-hearted, Humble, Warm - ဒီစကားလုံးတွေ အကုန်အကြုံးဝင်နေတာကို တွေ့ရလိမ့်မယ်။
တည်ငြိမ်တယ်။ သူ့စိတ်ခံစားချက်တွေကို ထိန်းသိမ်းနိုင်တယ်။ ကိုယ့်အတွက် အားဖြစ်စေတယ်။ သစ္စာရှိတယ်။ ယုံကြည်ရတယ်။ ကိုယ့်ကို လက်ခံပေးတယ်။ နားလည်တယ်။ စိတ်ရှည်တယ်။ စိတ်ထားနူးညံ့တယ်။ နှိမ့်ချတတ်တယ်။ နွေးထွေးတယ်။
🔳 ကိုယ့်ကို မွေးထုတ်ထားတဲ့ မိဘဖြစ်တိုင်းလည်း Comfortable ဖြစ်စေတာ မဟုတ်ဘူး။ လုပ်ငန်းခွင်တိုင်းကလည်း Comfortable မဖြစ်စေသလို၊ ကိုယ်ချစ်လို့ လက်တွဲထားတဲ့သူကလည်း အခါခပ်သိမ်းမှာ Comfortable ဖြစ်စေနိုင်တာ မဟုတ်ဘူး။
ဒါကြောင့် အဲဒီလိုလူတစ်ယောက် ကိုယ့်ဘဝထဲ ရှိနေတယ်ဆို ကိုယ်ဟာ သိပ်ကံကောင်းတဲ့ လူတစ်ယောက်လို့လည်း ဆိုနိုင်တယ်။
🔳 ဒီနေ့ခေတ်ကတော့ ရုပ်ဝတ္ထုပစ္စည်းတွေကို ရှေ့တန်းသိပ်တင်လာကြတဲ့ခေတ်။ မိဘဆိုလည်း သားသမီးကို ဘယ်လိုကျောင်းမှာ ထားနိုင်တယ်၊ ဘယ်လိုပစ္စည်းတွေ ဝယ်ထားပေးနိုင်တယ်၊ ဒါဆို တာဝန်ကျေပြီလို့ ထင်ကြတယ်။ အချိန်ပေးဖို့၊ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ဖို့၊ နွေးထွေးဖို့၊ ကလေးခံစားချက်တွေကို နားထောင်ပေးဖို့ကျ မေ့လျော့နေကြတယ်။
တနည်းအားဖြင့်တော့ ကလေးကို ငါတို့ ဘယ်လိုထားနိုင်တယ်၊ ဒီကလေးက ဘယ်လောက်တော်တယ်၊ ပညာရေး ထူးချွန်တယ် ဆိုတဲ့အပေါ် မူတည်ပြီး သူတို့ဂုဏ်သိက္ခာကို တည်ဆောက်နေတာလို့တောင် ပြောလို့ရတယ်။
🔳 သူငယ်ချင်းဆိုလည်း ဘယ်သူ့သားသမီးမှ၊ ဘယ်လိုအနေအထားရှိမှ၊ ပိုက်ဆံသုံးနိုင်မှ ပေါင်းကြသင်းကြတယ်။
အိမ်ထောင်ပြုမယ်ဆိုလည်း ဒီလိုပဲ။ Pre-wedding ကို ဘယ်လိုလုပ်ပေးနိုင်တယ်၊ ဘယ်ဟိုတယ်မှာ မင်္ဂလာဆောင်ပေးနိုင်တယ်၊ လက်ထပ်ပြီးရင် ဘယ်မှာနေရမယ် ဆိုတာတွေက အဓိကပိုကျနေကြတယ်။ အိမ်ထဲမှာ ဘယ်လောက်ပဲ စိတ်ဆင်းရဲနေရပါစေ၊ အိမ်အပြင်က လူတွေရဲ့မျက်စိထဲ Idol Couple ဖြစ်နေဖို့၊ အားကျစရာ ဖြစ်နေဖို့ကသာ ပိုအရေးကြီးနေကြတယ်။
🔳 ရုပ်ဝတ္ထုတွေ မလိုအပ်ဘူး မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခုတည်းသော လိုအပ်ချက်တော့ မဟုတ်ဘူး။
ကလေးကို ဘယ်လိုပဲ အလျှံပယ်ပြည့်စုံနေအောင် ထားထားပါစေ၊ သူက ကိုယ်နဲ့အတူရှိရတာ သက်သောင့်သက်သာ ဖြစ်မနေရင် ပျော်စရာကောင်းတဲ့ ကလေးဘဝကို သူ ရမှာမဟုတ်ဘူး။
သူငယ်ချင်းတွေကြားထဲက သံယောဇဉ်ကြိုးဆိုတာ Instagram မှာ ချည်နှောင်ရတာ မဟုတ်ဘူး။ ဘယ်သူ့မှ ချပြလို့မရတဲ့ မျက်နှာတွေ သူတို့ရှေ့ ပြရဲရမယ်။ ငါတစ်ခုခုဖြစ်ရင် သူတို့ကတော့ ကျိန်းသေရောက်လာမှာပဲ ဆိုတဲ့ ယုံကြည်စိတ်ချမှုမျိုး ရှိရမယ်။ ကိုယ့်ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေဟာ သူတို့နဲ့ တွေ့လိုက်တိုင်း ပြေပျောက်သွားတာမျိုး ဖြစ်ရမယ်။ ဒါကိုမှ တကယ့်အစစ်အမှန် Quality Friendship လို့ ခေါ်တာ။
🔳 ဘယ်သူနဲ့ လက်တွဲခွင့်ရလို့ ဂုဏ်ယူတယ် ဆိုတာ ယောက်ျားလေးဘက်မှာရော၊ မိန်းကလေးဘက်မှာပါ ရှိတယ်။ ဂုဏ် ဂုဏ်ချင်းထပ်ကြတယ် ဆိုတဲ့စကားတောင် ရှိသေးတယ် မဟုတ်လား။
ဒါပေမဲ့ အဆုံးတစ်နေ့မှာ ဒီလူနဲ့ အတူရှိရမှာ ကိုယ်ကိုယ်တိုင်ပါ။ ဆိုရှယ်မီဒီယာပေါ်က အားကျနေတဲ့သူတွေ မဟုတ်ဘူး။ ဒါကြောင့် ကိုယ့်စိတ်လွတ်လပ်ပျော်ရွှင်နေဖို့က ပိုအရေးကြီးတယ်။
ဒီလိုပဲ၊ ဆက်လက်တွဲလို့ မဖြစ်နိုင်တော့တာမို့ ကွဲကြ၊ ကွာကြမယ်ဆိုလည်း လွတ်မြောက်သွားမှာက ကိုယ်ကိုယ်တိုင်ပါ။ စဉ်းစားခိုင်းနေတဲ့၊ ကလေးတွေမျက်နှာ ကြည့်ခိုင်းနေတဲ့ လူတွေ မဟုတ်ဘူး။
ပြောချင်တာက ဘဝဆိုတာ တိုတိုလေးပါ။ လူမှုအသိုင်းအဝိုင်းကနေ သတ်မှတ်ထားတဲ့ ရုပ်ဝတ္ထု စံနှုန်းတွေအတိုင်းပဲ ရှင်သန်မနေဘဲ ကိုယ့်စိတ်ရဲ့ ပေါ့ပါးလွတ်လပ်မှုကို ပိုဦးစားပေးကြဖို့ပါပဲ။
🔳 ကျွန်တော့်အတွက်တော့ စိတ်ငြိမ်းချမ်းနေဖို့ဟာ ဘဝမှာ တန်ဖိုးအထားရဆုံးအချက်ပါ။ ပိုက်ဆံမလိုချင်ဘူး မဟုတ်ဘူး။ လိုချင်ပါတယ်။ ဒါပေမဲ့ Inner peace နဲ့ယှဉ်လာရင် ပိုက်ဆံက နောက်ရောက်သွားပါတယ်။ နာမည်ကျော်ကြားမှုတွေ၊ လူအထင်ကြီးခံရခြင်းတွေ၊ ဂုဏ်တွေ ဒြပ်တွေရော မလိုချင်ဘူးလားဆို မညာပါဘူး။ လိုချင်တာပါပဲ။ သို့သော် အဲဒါတွေကလည်း စိတ်ပေါ့ပါးလွတ်လပ်မှုနဲ့ ယှဉ်ရင် နောက်ရောက်သွားပြန်ပါတယ်။
ဒါကြောင့် ကိုယ့်စိတ်ကို သက်သောင့်သက်သာ ဖြစ်စေသူတွေနားပဲ နေပါတယ်။ ကိုယ်တိုင်လည်း ဘယ်သူ့အတွက်မဆို သက်သောင့်သက်သာ ဖြစ်စေသူတစ်ယောက်ပဲ ဖြစ်ချင်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၁၀.၂.၂၀၂၆
04/02/2026
04/02/2026
04/02/2026
29/01/2026
29/01/2026
29/01/2026