13/08/2024
တော်ကူးဆရာတော်နှင့် စုန်းပူးနတ်ပူး ဖြစ်ရပ်များ
ပယောဂဆရာတစ်ဖြစ်လဲ - “ဘုန်းကြီး…လူဝတ်ကြောင် ဘဝနဲ့တုန်းက ပယောဂဆရာလည်း
လုပ်ခဲ့ရသေးတယ်ကွဲ့။ နတ်ပူး, စုန်းပူး, သရဲတစ္ဆေပူးခံရတဲ့ လူတွေကိုလည်း တော်တော်များများ ကယ်ချွတ်ပေးခဲ့ရတယ်”
🌷 “ဟုတ်လားဘုရား... ဘယ်လို ကယ်ချွတ်ပါသလဲ”
🌷 “မေတ္တာဓာတ်နဲ့ပဲ။ ဘုန်းကြီးက မေတ္တာလက်နက်ကိုသာ သုံးတယ်။ ဆေးကြိမ်လုံးတို့, အင်းအိုင် မန္တရားတို့ကို မသုံးပါဘူး”
🌷 “တပည့်တော်တို့ မှတ်သားရအောင် အမိန့်ရှိပါဘုရား”
🌷 “ လူ့ဘဝဦးထွန်းရီအနေနဲ့ အိမ်မှာပဲ နေပါတယ်။ လာခေါ်မှ လိုက်ပြီး ကုသပေး ပါတယ်။ ဘယ်လောက်ဝေးဝေး.…. ဘယ်အချိန် လာခေါ်ခေါ်.…သန်းခေါင်ချိန် လာခေါ်ရင်လည်း လိုက်သွားတာပဲ။ အိမ်ပေါ်က ဆင်းသွားတယ် ဆိုရင်ပဲ အိမ်စောင့်နတ်, ရွာစောင့်နတ်, တောစောင့်နတ်, တောင်စောင့်နတ်တို့ကို မေတ္တာပို့ပေးတယ်။ ပြုထားခဲ့သမျှ ဒါနကုသိုလ်, သီလကုသိုလ်, ဘာဝနာကုသိုလ်တို့ကို အမျှပေးဝေတယ်။
🌷 ဝေဒနာရှင်အိမ်ရောက်တဲ့အခါ ဝင်ပူးနေတဲ့နတ် သို့မဟုတ် ပယောဂကို မေတ္တာပို့ပြီး အမျှပေးဝေတယ်။ (နင့်ကို.…. ငါ့တူသား အရင်းလိုသဘော ထားတယ်။ ငါမေတ္တာ ပို့ပေးနေတာကို ကြားတယ် မဟုတ်လား။ အခု... ငါ့ကုသိုလ်တွေကို အမျှပေးနေတယ်၊ နင်ရအောင် သာဓုခေါ်စမ်း) အဲသလို တစ်ကြိမ်ပြောလို့ သာဓုမခေါ်သေးရင် တစ်ဖန်ထပ်ပြီး (စဉ်းစားကြည့်စမ်း၊ နင်ဘယ်လောက် ဝမ်းသာဖို့ ကောင်းသလဲ။ ငါပေးတဲ့ကုသိုလ်ကို နင်သာဓုခေါ်ရင် အင်မတန် ကြီးကျယ်တဲ့ အကျိုးကျေးဇူးတွေကို နင်ရလိမ့်မယ်၊ ကဲ.… သာဓုခေါ်) အဲ ဝေဒနာရှင်က သာဓုခေါ်ရင် ပျောက်ပြီလို့သာမှတ်ပေတော့”
🌷 “ဝင်ပူးတဲ့ သရဲတစ္ဆေက လွယ်လွယ်မထွက်ရင်ကော ဘုရား”
🌷 “ဟုတ်တယ်၊ တချို့တလေက မျက်နှာလွှဲနေတယ်၊ ဦးထွန်းရီကို မကြည့်ဘူး။ တချို့က မျက်စိကို အတင်းမှိတ်ထားတယ်။ (ဟဲ့...ငါဘယ်သူလဲ၊ နင်သိရဲ့လား၊ ငါ့ကို ကြည့်စမ်း၊ ငါပြောနေတာ မကြားဘူးလား၊ မျက်စိဖွင့်စမ်း) အဲသလို အမိန့်ပေးလို့မှ မျက်စိမဖွင့်ရင် ရေမန်းပက်ပေးရတယ်ကွဲ့”
🌷 “ရေကို ဘယ်လို မန်းရသလဲဘုရား”
🌷 “ရေမန်းမန်းတာ ဥုံဖွလုပ်ဖို့ မလိုပါဘူး၊ သမ္ဗုဒ္ဓေ ဂါထာရယ်၊ ဘုရားဂုဏ်, တရားဂုဏ်, သံဃာဂုဏ်တော်တို့ရယ် ရွတ်ဆိုပြီး သစ္စာဆိုရတယ်။ (ကျွန်ုပ်သည် ဘုရား, တရား, သံဃာတို့ကို မမှိတ်မသုန် အလေးအနက် ယုံကြည်ပါ၏။ ဤမှန်သော သစ္စာစကားကြောင့် ကျွန်ုပ်မျက်မှောက်၌ ရှိသော ဝေဒနာရှင်သည် ပျောက်ကင်းပါ စေသတည်း) အဲသလို ရေကိုမန်းမှုတ်ပြီးတော့ ဝေဒနာရှင်ရဲ့ မျက်နှာပေါ် နည်းနည်းဖျန်းပေးလိုက်၊ တစ်ခါတည်း မျက်စိပွင့်လာပြီး ပြန်ပိတ်လို့ မရတော့ဘူး။ အဲဒီအခါ ကုသိုလ် အကုသိုလ်သဘောကို ဟောပြော ပေးရတယ်။ သူနားထောင်နေရင် အမျှပေးဝေလိုက်တာနဲ့ သာဓုခေါ်ပြီး ထွက်သွားတော့တာပဲ”
🌷 “ဆရာတော်... ဘုန်းကြီး ဖြစ်ပြီးတော့ကော ပယောဂအစွဲတွေကို ချွတ်ပေး ရသေးလား”
🌷 “တစ်ခါ ချွတ်ပေးရတယ်ကွဲ့၊ တံခွန်တိုင်ရွာက ငထွန်းတို့ အိမ်သစ်တက်မယ့် မင်္ဂလာ အဖြစ်နဲ့ ဆွမ်းကျွေးတာကို တို့ကြွသွား ကြရတယ်။ ပရိတ် ရွတ်၊ အနုမောဒနာ တရားဟော၊ ဆွမ်းစားပြီးတော့ တို့ဘုန်းကြီးတွေ ပြန်ကြွကြတာပေါ့၊ ဘုန်းကြီးကျောင်းတောင် ကောင်းကောင်း ပြန်မရောက်သေးဘူး၊ ဒကာတစ်ယောက် ပြေးလာပြီး လျှောက်ထားတယ် ...
🌷 “ဦးပဉ္ဇင်းဘုရား၊ ငထွန်းမိန်းမကို နတ်ဝင်ပူးနေတယ်။ ကြမ်းကြမ်းတမ်းတမ်းစကားတွေနဲ့ ဆဲဆိုကြိမ်းမောင်းတယ်။ အခု ငထွန်းမိန်းမ မေ့မြောနေပြီ။ ဦးပဉ္စင်း ကယ်ချွတ်ပေးမှ ငထွန်းမိန်းမ အသက်ချမ်းသာရာ ရပါလိမ့်မယ်ဘုရား”
🌷 “အလှူရှင်ဒကာမ အသည်းအသန် ဖြစ်နေရင် ကယ်ချွတ်ရတာပေါ့ကွယ်” လို့ဆိုပြီး ဘုန်းကြီး လိုက်သွားတယ်။ အမှန်က စိုးရိမ်စရာကြီးပဲ။ အဲသည်အိမ်ကို ပထမပိုင်တဲ့လူက သရဲဝင်ပူးပြီး သေဆုံးသွားခဲ့တာ။ ငထွန်းတို့က အဲဒီအိမ်ကိုဝယ်ပြီးတော့ အိမ်သစ်တက် မင်္ဂလာ လုပ်တာ။ ပရိတ်ရွတ်ထားလျက်သားနဲ့ ငထွန်းမိန်းမကို ဝင်ပူးတာ ထောက်ရင် သည်သရဲက သာမညသရဲ မဟုတ်ဘူးဆိုတာ သိနိုင်တယ်။
🌷 “ငထွန်းအိမ်ကို ဘုန်းကြီးရောက်သွားတော့´ မေ့မြောနေတဲ့ လူနာကို အလှူပွဲလာ ပရိသတ်များက ဝိုင်းအုံ နေကြတယ်။ သူတို့အားလုံးကို ဘုန်းကြီး ဖယ်ခိုင်းလိုက်တယ်။ လူနာစောင့်ဖို့ လူတစ်ယောက်ကိုသာ နေရစ်စေတယ်။ ဘုန်းကြီးက လူနာကို စူးစူးစိုက်စိုက် ကြည့်ပြီး မေတ္တာပို့ အမျှဝေတယ်။ ရတနာသုံးပါးရဲ့ ဂုဏ်တော်များကို ရွတ်ဆိုပြီးတော့ တစ်ခါ အမျှပေးဝေပြန်တယ်။
🌷 နင် သူများကို ထိခိုက်နှစ်နာအောင် မလုပ်နဲ့။ အင်မတန်အပြစ်ကြီးတယ်။ နင်ငရဲကျလိမ့်မယ်။ ငါအမျှပေးဝေတဲ့ ကုသိုလ်အဖို့ကို သာဓုခေါ်ပါ။ အဲဒါက နင့်အတွက် အလွန် အကျိုးကျေးဇူး များတယ်၊ တန်ဖိုး မဖြတ်နိုင်ဘူး၊ နင်ငါနဲ့ တွေ့ဆုံရတာ အင်မတန် ကုသိုလ်ကောင်းတယ်၊ ငါနင့်ကို မေတ္တာထားပြီး ပြောနေတာ။ ကဲ... ငါမေတ္တာပို့ပြီး အမျှဝေပေးမယ်…. သာဓုခေါ်”
🌷 “တော်တော်ကြာတော့ လူနာက နည်းနည်းလှုပ်လာပြီး မွန်လို “အဲ အားရ”(ငါသွားတော့မယ်) လို့ပြောလိုက်တယ်။ လူနာစောင့်ဆွေမျိုးတို့က ငထွန်းမိန်းမ သေတော့မယ်ထင်ပြီး ငိုကြလေရော။ သူတို့ကို ဘုန်းကြီးက တစ်ဖန်မာန်မဲ ရပြန်တယ်။ (ဟဲ့... နင်တို့တစ်တွေ ဘာမှ မသိနားမလည်ဘဲ ငိုမနေကြနဲ့။ ငထွန်းမိန်းမက သွားမှာမဟုတ်ဘူး။ ဝင်ပူးနေတဲ့နတ်က သွားမှာ) သည်တော့မှ အငိုတိတ် သွားကြတယ်။ ပယောဂလည်း သူ့ကတိအတိုင်း ထွက်သွားတော့ လူနာက တစ်ခါတည်း လူကောင်းဖြစ်ပြီး ထထိုင်ပါလေရောပဲ”
🌷 “သိပ်မှတ်သားစရာကောင်းပါတယ် ဘုရား”
🌷 “ဘုန်းကြီးက ဘယ်တော့မှ မခြိမ်းခြောက်ဘူး။ မေတ္တာစကားကိုပဲ ပြောတယ်။ ဒကာ မှတ်ထားဖို့ တစ်ခု ပြောရဦးမယ်။ အဲဒါက ဗလိနတ်စာ ကျွေးတယ်ဆိုတာ ကြက်, ဘဲ, ဆိတ်တွေကိုသတ်ပြီး ပူဇော်ပ,သရတယ်လို့ လူအများက ထင်မှတ်မှား နေကြတာ။ နတ်တွေကို တကယ်ဆိုတော့ ကိုယ်ပြုဖူးတဲ့ ကုသိုလ်ကောင်းမှုတွေကို အမျှ ပေးဝေတာဟာ အကောင်းဆုံး ဗလိနတ်စာ ကျွေးခြင်းပဲကွဲ့ ။ ကုသိုလ်ကောင်းမှုကမှ သူတို့ကို အများဆုံးအကျိုးပြုနိုင်မှာ။ သူတို့ကလည်း ကုသိုလ်ဆိုတဲ့ ဗလိနတ်စာကို အကြိုက်ဆုံးပဲ။ ဒါကို ဒကာ ကောင်းကောင်း မှတ်ထားပေတော့”
🌷 “တင်ပါ့ဘုရား... အခုလိုသိရတာ အလွန်အကျိုးရှိပါတယ်”
🌷 မေတ္တာ၏ အစွမ်းသတ္တိကား အလွန် ကြီးမားလှပေစွ။ မေတ္တာသည် လောက၏ အလှဆုံး ရတနာတစ်ခု ဖြစ်၏။ မေတ္တာဖြင့် တစ်လောကလုံးကို အလှဆုံးဖြစ်အောင် ခြယ်မှုန်းနိုင်၏။ မေတ္တာ၏ သဘာဝသည် ခပ်သိမ်း သော သတ္တဝါတို့အား ဘေးရန်ကင်းဝေးပြီး အေးချမ်း စေလို၏။ တိုးတက်ကြီးပွားပြီး ကောင်းစား စေလို၏။ ကျောသားရင်သား မခွဲခြားဘဲ သတ္တဝါအားလုံးတို့အား စိုးရိမ်ကြောင့်ကြ ကင်းဝေးစေပြီးလျှင် မိမိတို့၏ ခန္ဓာဝန်အသီးသီးကို ကောင်းစွာ ထမ်းရွက်နိုင်စွမ်း ရှိစေလို၏။
🌷 မေတ္တာကို ရှေ့သွားပြုလျှင် မည်သည့်အရာကို ဆောင်ရွက်သည် ဖြစ်စေ အောင်မြင်မှုကို ရမည်သာတည်း။ တော်ကူးဆရာတော်သည် ဗုဒ္ဓမြတ်စွာ၏ သာဝကတစ်ပါး ပီသစွာပင် မေတ္တာရှင်ကြီး ဖြစ်ပါပေ၏။
🙏🙏🙏 ဒေါက်တာမင်းတင်မွန်၏ "ဝိပဿနာ ဂုဏ်ထူးဆောင် တော်ကူးဆရာတော်နှင့် ထူးဆန်းစွာ ရောဂါ ပျောက်ခြင်းများ" စာအုပ် စာမျက်နှာ (၃၃) မှ (၃၇) ထိ ကူးယူ၍ ဓမ္မဒါန ပြုပါသည်။
ဦးမာနိတ (ကျုံကဒတ်)
21 June 2022, 7:10 am