21/07/2024
" #ဝေဒနာပစ္စယာ #တဏှာ " တရားရှုမှတ်တဲ့အခါမှာ တချို့ကပြောကြတာ ကြားဖူးတယ်၊ "ဝေဒနာကျော်အောင် ရှုပါတဲ့" ဝေဒနာကျော်တော့ ဘာလုပ်မှာလဲ...? ဝေဒနာကျော်ပြီဆိုရင် သဘောကျနေတာ မဟုတ်လား။ သဘောကျနေတာက တခြားလား၊ ကိလေသာလား? " ကိလေသာပါ ဘုရား " ငရဲလမ်းကို လျှောက်နေကြတာပဲ၊ မဟုတ်ဘူးလား? ဝေဒနာကျော်အောင်ရှုရင် ရတာပေါ့၊ ဝေဒနာကျော်တော့ ဘာလုပ်မှာလဲ၊ ကောင်းတာပေါ့တဲ့၊ ကောင်းတယ်ဆိုတာ သုခဝေဒနာနော်၊ အဲဒီ သုခဝေဒနာကို ဖြစ်ပျက်မရှုနိုင်ရင် " ဝေဒနာ ပစ္စယာ တဏှာ " " တဏှာ ပစ္စယာ ဥပါဒါနံ " အဲဒါလေးကို စွဲလန်းသာယာ သွားပြီ၊ ဟန်ကျသွားပြီ၊ အခုမှ ငါတရားတွေ့တယ်လို့ဆိုရင် " ဥပါဒါန ပစ္စယာ ဘဝေါ " " ဘဝ ပစ္စယာ ဇာတိ " နောက်ဘဝမှာ ပဋိသန္ဓေပြန်ရသွားပြီ၊ အို နာ သေနဲ့ပြန်တွေ့ပြီ။ တရားရှုမှတ်နေတယ်ဆိုတာ အို နာ သေကို တွေ့ဖို့ ရှုနေတာလား? အို နာ သေက လွတ်ဖို့ ရှုနေတာလား? " အို နာ သေကလွတ်ဖို့ပါ ဘုရား" အဲဒါကြောင့် ဘုန်းကြီးတို့ယောဂီတွေ သူများက ဝေဒနာကျော်အောင်ရှုဆိုတိုင်း ရမ်းပြီး လိုက်လုပ်မနေကြနဲ့၊ ဝေဒနာကျော်တိုင်း ကောင်းတာမဟုတ်ဘူး။ ဝေဒနာကျော်ဖို့က အဓိကလား? ဖြစ်ပျက်မြင်ဖို့က အဓိကလား? "ဖြစ်ပျက်မြင်ဖို့က အဓိကပါ ဘုရား" ဖြစ်ပျက်မမြင်ပဲ ဝေဒနာကျော်တော့ တဏှာဖြစ်ယုံပဲ ရှိမှာပေါ့။ တရားထိုင်ရင် တစ်နာရီ ထိုင်နိုင်တယ်၊ နှစ်နာရီ ထိုင်နိုင်တယ်၊ပြီးတော့ ဟာ..ငါလုံးဝမနာတော့ပါလားပြောကြတယ်၊ အနာပျောက်အောင် ထိုင်တာလား? သိဖို့ ထိုင်တာလား? " သိဖို့ထိုင်တာပါ ဘုရား " ဘာမှမသိပဲ အနာပျောက်နေတော့ သမထပဲ ဖြစ်မှာပေါ့၊ သမထနဲ့ငြိမ်နေရင် တော်သေးတာပေါ့၊ အဲဒါလေးကို သဘောကျပြီး ဘိန်းမှိန်းသလိုမှိန်းပြီး ထိုင်နေရင်တော့ " ဝေဒနာ ပစ္စယာ တဏှာ "ပဲဖြစ်မှာပါ။
ကျိုက္ကလော့ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ ထေရဝါဒမိုးကုတ်ဓမ္မရိပ်သာ
သဗျဗဒါနံ ဓမျမဒါနံ ဇိနာတိ)