05/05/2020
သူမင်းကို ဘယ်တော့မှ
ဆရာမဂျူးရဲ့ လက်ရာ တစ်ပုဒ်ပါ။ သေရေးရှင်ရေး ဖြစ်နေတာတောင် ဆုံးဖြတ်ပြီးသားအလုပ်တစ်ခုအတွက် မလျော့သောဇွဲနဲ့ ကြိုးစားခဲ့တဲ့ အေးငြိမ်းမေဆိုတဲ့ ဇာတ်ကောင်ကို ကျွန်မ သိပ်လေးစားခဲ့ရပါတယ်။ အင်တာဗျူး အမေးအဖြေတွေကတစ်ဆင့် ဝတ္ထုတစ်ပုဒ်လုံးကို ရုပ်လုံးကြွအောင် ဖန်တီးသွားတဲ့ ဆရာမဂျူးကိုလည်း မချီးကျူးပဲ မနေနိုင်ပါဘူး။ အမေးအဖြေတွေကတစ်ဆင့် ခေတ်ရဲ့အလို၊ ငွေကြေးနောက်ခံမရှိတဲ့ အမျိုးသမီးတွေရဲ့ ဘဝအကြောင်း၊ ဘဝကို အရှုံးမပေးဘဲ ကြိုးစားခဲ့တဲ့ အေးငြိမ်းမေရဲ့ အကြောင်းတွေကို ဖတ်ရတဲ့အခါ ဇာတ်ကောင်ကိုရော၊ ဆရာမကိုရော အကြိမ်ကြိမ်လေးစားရပါတယ်။ ချစ်စရာကောင်းတဲ့ သူငယ်ချင်း သံယောဇဉ်ကို အရင်းတည်ပြီး စွန့်စားခဲ့ကြပုံတွေ၊ နောက်ပြီး ဆထက်ထမ်းပိုး တိုးပွားလာတဲ့ ချစ်ခြင်းမေတ္တာ နှောင်ဖွဲ့မှုတွေကို ကြည်နူးစရာ မြင်တွေ့ရပါတယ်။ ဒါပေမဲ့ ဇာတ်သိမ်းပိုင်းမှာ တွေ့ရတဲ့ အေးငြိမ်းမေရဲ့ သရုပ်ကိုတော့ ကျွန်မ မမျှော်လင့်ခဲ့ပါဘူး။ ဘယ်လောက်ပဲ ထက်မြတ်တဲ့ မိန်းမ ဖြစ်နေပါစေ။ ပျော့ကွက်တွေ၊ အားနည်းချက်တွေ ရှိနေတယ်ဆိုတာကိုလည်း လှစ်ဟပြခဲ့ပါတယ်။ လျှို့ဝှက်ချက်တွေနဲ့ ဇာတ်ရှိန် အတက်အကျတွေကြောင့် စာအုပ်ကို လက်ထဲကမချနိုင်ဘဲ အငမ်းမရ ဖတ်ခဲ့မိပါတယ်။ ခေတ်ရေစီးကြောင်းနှင့်မလွတ်စေဘဲ လူ့သဘာဝကို အပီပြင်ဆုံးဖော်ကျူးထားတဲ့ ဝတ္ထုတစ်ပုဒ်။ ယောက်ျားနှစ်ယောက်ရဲ့ မတူညီတဲ့ လေးစားဖွယ် သစ္စာထားရှိမှုတွေ၊ ချစ်ခြင်းမေတ္တာတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။ ရိုးအီမသွားစေတဲ့ အမြဲဆန်းသစ်နေမယ့် ဆရာမဂျူးရဲ့ လက်ရာကောင်းမို့ ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။
စကြာမေ(ဥဿာ ပဲခူး)
ပထမဆုံး review မို့ အမှားပါလျှင် သည်းခံ ခွင့်လွှတ်ပေးစေချင်ပါသည်။