26/11/2021
Road နဲ့ Street ဘာကွာသလဲ
★★★★★★★★★★★★★★★★★
ကျွန်တော်ဟာအင်္ဂလိပ်စာကိုအရမ်းကျွမ်းကျင်သူတစ်ယောက်မဟုတ်ပေမယ့် ဆရာဦးသာနိုးရဲ့ကျေးဇူးကြောင့် အင်္ဂလိပ်အသုံးအနှုန်း Road နဲ့ Street ကိုတော့ ကွဲကွဲ ပြားပြားသိခဲ့ရပါတယ်။ အင်္ဂလိပ်စာကို ၁၂နှစ်ကျော် သင်ကြားခဲ့ရတဲ့ ကျွန်တော်အပါအဝင် ၁၉၈၀နောက်ပိုင်း ဘွဲ့ရအများစုကို Road နဲ့ Street ဘာကွာသလဲလို့မေး ရင် Road ကလမ်းကျယ်ကြီးတွေကိုခေါ်ပြီး Street က တော့ လမ်းကျဉ်းတွေကိုခေါ်တယ်လို့အများစုကဖြေကြ မှာပါ။
ဥပမာပြောရရင်တော့ ရန်ကုန်မြို့လယ်က နံပါတ်နဲ့ လမ်းများဟာ Street များဖြစ်ပြီး အမည်တစ်ခုခုနဲ့ လမ်းများကတေ့ Road ဆိုပြီးအများစုကထင်မှတ် နားလည်ကြပါတယ်။
ကျွန်တော်ဆရာဦးသာနိုးဆီမှာသင်တန်းတက်ချိန် ၁၉၉၄-၉၅ ဝန်းကျင်ကဖြစ်ပြီး တတိယနှစ် နဲ့ စတုတ္ထနှစ် ကျောင်းသားဘဝပါ။ ဆရာ့ရဲ့ရှင်းပြမှုကြောင့် Road နဲ့ Street ကိုသေချာနားလည်ခဲ့ပြီး အဲဒီအချိန် ကျွန်တော် တွေ့မိသမျှရန်ကုန်မြို့ရဲ့အင်္ဂလိပ်လိုရေးထားတဲ့လမ်းနာမည်အများစုဟာ Road နဲ့ Street မှန်ကန်ခဲ့ပါတယ်။
ဒါပေမယ့် ယခုနောက်ပိုင်း(၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ကစတယ်လို့ထင်ပါတယ်။)လမ်းအမည်ဆိုင်းဘုတ်တွေ၊ လမ်းညွှန်ပြဆိုင်းဘုတ်ကြီးတွေ အသစ်ပြန်လည် ရေးသားတပ်ဆင်လာချိန်မှာတော့ Street အတော် များများကို Road လို့ရေးလာတာကိုတွေ့ရပါတယ်။
သာမန်လူတွေအတွက် Road နဲ့ Street မကွဲပြားတာ ဘာပြဿနာမှမရှိပေမယ့်၊ ရန်ကုန်မြို့တော်စည်ပင်လို အဖွဲ့အစည်းကြီးတစ်ခုအတွက်တော့ မမှားသင့်ဘူးလို့ ထင်ပါတယ်။ပိုပြီးအံ့သြစရာကောင်းတာ နဂိုဆိုင်းဘုတ် အဟောင်းတွေက Street လို့သုံးထားတာရှိနေပါသေး လျက်နဲ့ Road လို့အသစ်တပ်ဆင်သုံးစွဲတာပါပဲ။ဒီတော့ နဂိုဆိုင်းဘုတ်တွေကို မှားတယ်လို့သတ်မှတ်တယ် လို့ပဲ ယူဆရမှာပါ။
မဆလ နဝတ ခေတ်က တိုက်နံရံတွေမှာကပ်ထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်အဟောင်းအတော်များများဟာ အဆောက်အအုံအသစ်ဆောက်လုပ်စဉ်မှာပျောက်ပျက် သွားရပါတယ်။ မဖျက်ဆောက်သေးတဲ့အဆောက်အအုံ တွေမှာတော့ တချို့တဝက် ကျန်ရှိနေပါသေးတယ်။ (မှတ်တမ်းအနေနဲ့ဓာတ်ပုံရိုက်ထားကြပါ။)
အရှင်းဆုံးနဲ့အလွယ်ဆုံးကတော့…
ဆိုတာ တစ်နေရာရာကို ဦးတည်ပြီးဖောက်လုပ် ထားတဲ့လမ်း ကိုခေါ်ပြီး
ကတော့ လူနေအိမ်တွေကြားဖောက်လုပ်ထား တဲ့ လမ်းကိုခေါ်ပါတယ်။
ဆူးလေဘုရားလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ကမ်းနားလမ်း၊ ပြည်လမ်း စတဲ့ဟာတွေဟာ Roadပါ။
အနော်ရထာလမ်း၊ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ကုန်သည် လမ်း၊ ပန်းဆိုးတန်းလမ်းစတဲ့ ဦးတည်ချက်မရှိပဲ အမည် ပေးထားတဲ့လမ်းတွေက Street တွေပါ။ ဘယ်လောက် ကျယ်ကျယ် Street ပါပဲ။
ဗိုလ်ချုပ်နေစဉ်က တာဝါလိန်းလမ်းဟာ Street ဖြစ်ပေ မယ့် ယခု ဗိုလ်ချုပ်ပြတိုက်လမ်းလို့ အမည်ပြောင်းလိုက် တဲ့အတွက် Road ပါ။
နဂိုဆိုင်းဘုတ်အဟောင်းမှာလည်း BogyokeMuseum Road လို့ပဲ ရေးထားပြီး ယခုအသစ်ရေးထားတဲ့ ဆိုင်းဘုတ်မှာတော့ Street လို့သုံးပါတယ်။ ဆိုင်းဘုတ် အဟောင်းလည်း ရှိနေပါသေးတယ်။(အောက်မှာ ဓာတ်ပုံတွေပါပါတယ်။)
ဘယ်လောက်ကျဉ်းကျဉ်း ဦးတည်ရာရှိလို့ Roadပါ။ ယခင်ကင်းဘဲလ်လမ်းက Street ဖြစ်ချင်ဖြစ်ခဲ့ပေမယ့် ယခုငါးထပ်ကြီးဘုရားသွားရာလမ်းလို့ ဆိုလိုချင်ရင် တော့ Road ဖြစ်သွားပါ့မယ်။ နဝတ ခေတ်က Road နဲ့Street ကွဲသေးတာဘာလို့ပြောနိုင်လဲဆိုတော့ မောင်ထော်လေးလမ်း၊လွစ္စလမ်းကနေဗိုလ်ဆွန်ပက် လမ်း၊ဆိပ်ကမ်းသာလမ်းဖြစ်သွားပေမယ့် Street လို့ပဲ သုံးထားပါတယ်။
ပိုစိတ်ပျက်ဖို့ကောင်းတာက တစ်လမ်းတည်းကို တစ်နေရာမှာ Road လို့သုံးပြီး နောက်တစ်နေရာ ကျပြန်တော့ Street လို့သုံးထားပြန်တယ်။(ဥပမာ မြန်မာ့ဂုဏ်ရည်လမ်း)။
ဆိုင်းဘုတ်အဟောင်းတွေမှာ Street လို့ဘာကြောင့် သုံးထားသလဲဆိုတာလေးကို သတိမူမိပြီး မိမိဌာနမှာ နားလည်တတ်ကျွမ်းသူမရှိခဲ့ရင်လည်း ဆရာ ဦးသာနိုး တို့လို နားလည်တတ်ကျွမ်းသူတွေကို မေးမြန်း သင့်ပါကြောင်းအကြံပြုလိုက်ပါတယ်။
(ဆရာဦးသာနိုးအား ဤနေရာမှဂါရဝပြုလိုက်ပါတယ်။)
#မူရင်းရေးသားသူ_ကိုစိန်ထွန်း_SeinTun