17/10/2025
ဘယ်ဆယ်ဟီး၊ "I Want To Die But I Want To Eat Tteokbokki" စာအုပ် ရေးသားသူ အသက် ၃၅ နှစ်၌ ကွယ်လွန်
"I Want to Die but I Want To Eat Tteokbokki" ဟူသော အရောင်းရဆုံး ကိုယ်ရေးအတ္ထုပတ္တိစာအုပ်ကို ရေးသားခဲ့သူ တောင်ကိုရီးယား စာရေးဆရာမ ဘယ်ဆယ်ဟီး (Baek Se-hee) သည် အသက် ၃၅ နှစ်တွင် ကွယ်လွန်သွားခဲ့သည်။
သူမ၏ ၂၀၁၈ ခုနှစ်ထုတ် စာအုပ်တွင် စိတ်ကျန်းမာရေးနှင့်ပတ်သက်သော အကြောင်းအရာများ ပါဝင်သည့်အတွက် တစ်ကမ္ဘာလုံးရှိ စာဖတ်သူများအကြား ပဲ့တင်ထပ်ခဲ့ပြီး ယဉ်ကျေးမှုဆိုင်ရာ ဖြစ်ရပ်ဆန်းတစ်ခုသဖွယ် ဖြစ်ခဲ့သည်။ ၎င်းစာအုပ်သည် စာရေးသူ၏ စိတ်ကျရောဂါနှင့်ပတ်သက်၍ စိတ်ရောဂါကုဆရာဝန်နှင့် ပြောဆိုခဲ့သော စကားဝိုင်းများ စုစည်းမှုဖြစ်သည်။
မူလက ကိုရီးယားဘာသာဖြင့် ရေးသားခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် အင်္ဂလိပ်ဘာသာပြန် ထွက်ရှိပြီးနောက် နိုင်ငံတကာတွင် ကျော်ကြားလာခဲ့သည်။
သူမ ကွယ်လွန်ခြင်းနှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များမှာမူ ရှင်းလင်းမှုမရှိသေးပေ။
Source - BBC
14/10/2025
ထိုင်း-ကမ္ဘောဒီးယား 'ငြိမ်းချမ်းရေးသဘောတူညီချက်' လက်မှတ်ရေးထိုးပွဲကို ထရန့် တက်ရောက်မည်
အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့် သည် လာမည့် ဒေသတွင်း အရှေ့တောင်အာရှ ထိပ်သီးအစည်းအဝေးတွင် ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို တက်ရောက်မည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့ (အောက်တိုဘာ ၁၄ ရက်) တွင် ပြောကြားခဲ့သည်။
ထရန့် သည် "ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေးသဘောတူညီချက်ကို မျက်မြင်ကိုယ်တွေ့ တက်ရောက်ရန် မျှော်လင့်နေသည်" ဟု မိုဟာမက် ဟာဆန် (Mohamad Hasan) က ကွာလာလမ်ပူမြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
အဆိုပါ သဘောတူညီချက်ကို အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်တွင် ကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်များ အစည်းအဝေးအတွင်း လက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောသည်။
13/10/2025
ဆိုးလ်မြို့ မြို့ပြလူနေအိမ်ရာအောက်မှာ နျူကလီးယားဒဏ်ခံနိုင်တဲ့ အရပ်သား ခိုလှုံရာ မြေအောက်ခံတပ် (bunker) တည်ဆောက်မည်
အာဏာပိုင်တွေက မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့အတွက် ဆိုးလ်မြို့တော်ရဲ့ ပထမဆုံးသော အရပ်သား နျူကလီးယားဒဏ်ခံနိုင်တဲ့ ခိုလှုံရာ မြေအောက်ခံတပ်ကို ၂၀၂၈ ခုနှစ်အရောက်မှာ အစိုးရပိုင် လူနေအိမ်ရာ အဆောက်အအုံတစ်ခုရဲ့အောက်မှာ တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ မြို့တော်အစိုးရအရာရှိတစ်ဦးက တနင်္လာနေ့ (အောက်တိုဘာ ၁၃ ရက်) မှာ ပြောကြားခဲ့ပါတယ်။
မြို့တော်အစိုးရနဲ့ ဆိုးလ် အိမ်ရာနှင့် လူမှုအသိုက်အဝန်း ကော်ပိုရေးရှင်း (Seoul Housing and Communities Corp) တို့ဟာ အိမ်ထောင်စု ၉၉၉ စုအတွက် နျူကလီးယား၊ ဇီဝ သို့မဟုတ် ဓာတုလက်နက် တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိအောင် ဒီဇိုင်းထုတ်ထားတဲ့ ခိုလှုံရာကို စီစဉ်နေတယ်လို့ အဲဒီအရာရှိက ပြောပါတယ်။
အိမ်ရာဝင်းရဲ့ မြေအောက်ခန်းထဲမှာရှိတဲ့ ဒီမြေအောက်ခံတပ်ဟာ ၂,၁၄၇ စတုရန်းမီတာ ကျယ်ဝန်းပြီး လူ ၁,၀၂၀ အထိ တစ်ချိန်တည်း ဝင်ရောက်ဆံ့ကာ ရက်ပေါင်း ၁၄ ရက်ကြာ အသက်ရှင်ရပ်တည်နိုင်ဖို့ အထောက်အကူပြု ပစ္စည်းတွေ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။
Source - Reuters
13/10/2025
ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်တိုက်ပွဲတွင် ဒါဇင်ပေါင်းများစွာ သေဆုံး၊ နယ်စပ်ပိတ်
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နှစ်နိုင်ငံအကြား တနင်္ဂနွေနေ့ (အောက်တိုဘာ ၁၂) က ဖြစ်ပွားခဲ့သော နယ်စပ်တိုက်ပွဲများတွင် တိုက်ခိုက်ရေးသမား ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ကြောင်း နှစ်ဖက်စလုံးက ပြောကြားခဲ့သည်။
ယင်းတိုက်ပွဲသည် တာလီဘန်တို့ ကဘူးလ်တွင် အာဏာရရှိပြီးနောက်ပိုင်း အိမ်နီးချင်းနှစ်နိုင်ငံအကြား အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်သည်။
ပါကစ္စတန်စစ်တပ်က ၎င်းတို့၏ စစ်သား ၂၃ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ တာလီဘန်ဘက်ကမူ ၎င်းတို့ဘက်မှ ၉ ဦး သေဆုံးခဲ့သည်ဟု ပြောဆိုခဲ့သည်။
ပါကစ္စတန်တွင် တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေသော စစ်သွေးကြွများသည် အာဖဂန်နစ္စတန်ရှိ လုံခြုံရာစခန်းများမှ လှုပ်ရှားနေသည်ဟု ဆိုကာ တာလီဘန်အစိုးရအား အရေးယူဆောင်ရွက်ရန် အစ္စလာမာဘတ်က တောင်းဆိုခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်လာခဲ့သည်။
၂၀၂၁ ခုနှစ်တွင် အာဏာရရှိခဲ့သော တာလီဘန်ကမူ ပါကစ္စတန်စစ်သွေးကြွများ ၎င်းတို့၏မြေပေါ်တွင် ရှိနေသည်ကို ငြင်းဆိုခဲ့သည်။
Source - Reuters
12/10/2025
ယူကရိန်းစစ်ပွဲကိုလည်း အရှေ့အလယ်ပိုင်းမှာလို အဆုံးသတ်သွားအောင် လုပ်ပေးဖို့ ထရမ့်ကို ဇယ်လန်းစကီး တိုက်တွန်း
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး (Volodymyr Zelenskyy) က စနေနေ့ ဖုန်းပြောဆိုမှုတစ်ခုတွင် ဒေါ်နယ်လ် ထရမ့်အား "အရှေ့အလယ်ပိုင်း" ၌ လုပ်ခဲ့သကဲ့သို့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ပေးရန် တိုက်တွန်းခဲ့ပြီး၊ ထရမ့်အနေဖြင့် စစ်ပွဲတစ်ခုကို ရပ်တန့်နိုင်လျှင် "အခြားစစ်ပွဲများကိုလည်း ရပ်တန့်နိုင်သည်" ဟု ပြောကြားခဲ့သည်။
ရုရှားက ယူကရိန်း၏ စွမ်းအင်ကွန်ယက်ကို ကြီးမားသည့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မြို့တော် ကိယက်ဗ် (Kyiv) နှင့် အခြား ယူကရိန်းဒေသ ကိုးခု၏ အချို့နေရာများတွင် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်သွားခဲ့သည့် တစ်ရက်အကြာတွင် ယခု ဖုန်းခေါ်ဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
10/10/2025
လူ ၆ ဦး သေဆုံးခဲ့သည့် ငလျင်လှုပ်ပြီးနောက် ဖိလစ်ပိုင်တောင်ပိုင်းတွင် ပြင်းအား ၆.၉ အဆင့်ရှိ နောက်ဆက်တွဲငလျင် လှုပ်ခတ်
သောကြာနေ့ (အောက်တိုဘာ ၁၀ ရက်) ညနေပိုင်းတွင် ပြင်းအား ၆.၉ အဆင့်ရှိ နောက်ဆက်တွဲငလျင်တစ်ခုသည် ငလျင်ဒဏ်သင့်နေသော ဖိလစ်ပိုင်တောင်ပိုင်းဒေသတွင် ထပ်မံလှုပ်ခတ်ပြန်သဖြင့် ဆူနာမီသတိပေးချက်အသစ် ထုတ်ပြန်ထားသည်။
ဒေသစံတော်ချိန် ည ၇ နာရီ ၁၂ မိနစ်တွင် ငလျင်လှုပ်ခတ်ခဲ့ရာ ဖိလစ်ပိုင် မြေငလျင်တိုင်းတာရေးရုံးမှ "အသက်အန္တရာယ်ရှိသော ဆူနာမီ ရေလှိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း" သတိပေးခဲ့ပြီး ကမ်းရိုးတန်းနေထိုင်သူများကို "မြင့်မားသည့်နေရာများသို့ ချက်ချင်းရွှေ့ပြောင်းရန် သို့မဟုတ် ကုန်းတွင်းပိုင်းသို့ ထပ်မံရွှေ့ပြောင်းရန်" တိုက်တွန်းခဲ့သည်။
ယခုအချိန်အထိ မှတ်တမ်းတင်ထားသော နောက်ဆက်တွဲငလျင် အနည်းဆုံး ၃၀၀ ထဲတွင် အကြီးဆုံးဖြစ်သည့် ယခုနောက်ဆက်တွဲငလျင်သည် တောင်ပိုင်းရှိ အဓိကကျွန်းဖြစ်သော မင်ဒါနာအို၏ ပစိဖိတ်ကမ်းရိုးတန်းကို ပြင်းအား ၇.၄ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ၁၀ နာရီမပြည့်မီအချိန်တွင် ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုငလျင်ကြီးကြောင့် လူခြောက်ဦးသေဆုံးထားသည်။
Source - AFP
10/10/2025
ဗင်နီဇွဲလား ဒီမိုကရေစီလှုပ်ရှားသူ မာရီယာ ကိုရီနာ မာချာဒို ၂၀၂၅ ခုနှစ် နိုဘယ် ငြိမ်းချမ်းရေးဆု ရရှိ
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို သည် ၎င်း၏နိုင်ငံ၌ ဒီမိုကရေစီအခွင့်အရေးများ မြှင့်တင်ပေးမှုနှင့် ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေး ကြိုးပမ်းအားထုတ်မှုများအတွက် သောကြာနေ့ (အောက်တိုဘာလ ၁၀ ရက်) တွင် နိုဘယ် ငြိမ်းချမ်းရေးဆု ကို ရရှိခဲ့သည်။
10/10/2025
ဖိလစ်ပိုင်တောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်၌ ပြင်းအား ၇.၄ ငလျင်လှုပ်ခတ်ပြီး ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထား
သောကြာနေ့ (အောက်တိုဘာလ ၁၀ ရက်) တွင် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းကမ်းလွန်ပင်လယ်ပြင်၌ အင်အား ၇.၄ ရှိသော ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း နိုင်ငံ၏ ငလျင်တိုင်းတာရေး အေဂျင်စီက ပြောကြားခဲ့ပြီး၊ နိုင်ငံများစွာတွင် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားကာ အနီးနားရှိ ကမ်းရိုးတန်းဒေသများမှ လူများကို ကုန်းတွင်းပိုင်း သို့မဟုတ် ပိုမိုမြင့်မားသော နေရာများသို့ ရွှေ့ပြောင်းရန် သတိပေးထားသည်။
ငလျင်သည် မင်ဒါနာအိုဒေသရှိ ဒါဗာအို အရှေ့ပိုင်း (Davao Oriental) ရှိ မာနေး (Manay) မြို့ ကမ်းလွန်ပင်လယ်ပြင်၌ လှုပ်ခတ်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ် 'မီးကွင်း' ပေါ်တွင် တည်ရှိပြီး နှစ်စဉ် ငလျင်ပေါင်း ၈၀၀ ကျော် ကြုံတွေ့နေရကာ ဤငလျင်သည် မကြာသေးမီနှစ်များအတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်များထဲတွင် အပြင်းထန်ဆုံးထဲမှ တစ်ခုဖြစ်သည်။
Source - Reuters
09/10/2025
ဟန်ဂေရီစာရေးဆရာ Laszlo Krasznahorkai စာပေဆိုင်ရာ နိုဘယ်လ်ဆု ဆွတ်ခူး
"သူ့ရဲ့ စွဲမက်ဖွယ်ကောင်းပြီး အမြင်ကျယ်တဲ့ လက်ရာတွေက ကမ္ဘာပျက်သကဲ့သို့ ထိတ်လန့်စရာများကြားမှာတောင်မှ အနုပညာရဲ့ စွမ်းအားကို အခိုင်အမာ ပြန်လည် အတည်ပြုပေးနိုင်လို့" ဒီဆုကို ချီးမြှင့်တာဖြစ်တယ်လို့ နိုဘယ်လ်ဆု ရွေးချယ်ရေးအဖွဲ့က ဆိုပါတယ်။
အသက် ၇၁ နှစ်အရွယ် Krasznahorkai ကို လူအများက ဟန်ဂေရီရဲ့ အရေးအပါဆုံးသော စာရေးဆရာ အဖြစ် သတ်မှတ်ကြပြီး၊ သူရဲ့လက်ရာတွေက ခေတ်လွန်ပျက်သုဉ်းကမ္ဘာ (postmodern dystopia) နဲ့ ဝမ်းနည်းကြေကွဲမှု (melancholy) အကြောင်းအရာတွေကို စူးစမ်းဖော်ထုတ်လေ့ရှိပါတယ်။
နိုဘယ်လ်ဆု ရွေးချယ်ရေးအဖွဲ့က Krasznahorkai ရဲ့ ၁၉၈၅ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ပထမဆုံး ဝတ္ထုဖြစ်တဲ့ "Satantango" ကို အထူးပေါ်လွင်အောင် မီးမောင်းထိုးပြခဲ့ပါတယ်။ အဲဒီဝတ္ထုက သူ့ကို ဟန်ဂေရီမှာ ထင်ရှားလာစေခဲ့ပြီး သူရဲ့ အကောင်းဆုံး လူသိများတဲ့ လက်ရာ အဖြစ် တည်ရှိပါတယ်။
အဲဒီဝတ္ထုကို "စာပေဆိုင်ရာ ခံစားမှု လှုံ့ဆော်မှုတစ်ခု (a literary sensation)" လို့ နိုဘယ်လ်ဆု ရွေးချယ်ရေးအဖွဲ့က ချီးကျူးခေါ်ဝေါ်ခဲ့ပါတယ်။
နိုဘယ်လ်ဆုနဲ့အတူ ဒီပလိုမာတစ်ခု၊ ရွှေတံဆိပ်တစ်ခုနဲ့ အမေရိကန်ဒေါ်လာ ၁.၂ သန်း ဆုကြေးငွေတို့ ပါဝင်ပါတယ်။
Source - AFP
09/10/2025
ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များကို ဘတ်ဂျက်အခက်အခဲကြောင့် ၂၅% လျှော့ချမည်
ရန်ပုံငွေ မလုံလောက်မှုကြောင့်၊ အထူးသဖြင့် အမေရိကန်၏ အကူအညီဖြတ်တောက်မှုများနှင့် ဆက်နွှယ်နေသောကြောင့်၊ ကုလသမဂ္ဂသည် ၎င်း၏ ကမ္ဘာတစ်ဝန်းရှိ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များကို ၂၅ ရာခိုင်နှုန်းခန့် လျှော့ချရတော့မည်ဟု ကုလသမဂ္ဂ အဆင့်မြင့် အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၈ ရက်) တွင် ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့များ၏ စစ်ဘက်နှင့် ရဲတပ်ဖွဲ့ဝင် ၁၃,၀၀၀ မှ ၁၄,၀၀၀ ခန့်ကို လျှော့ချရမည်ဖြစ်သလို အရပ်ဘက်ဆိုင်ရာဝန်ထမ်း အများအပြားလည်း အလုပ်အကိုင် ထိခိုက်မှုရှိလာမည်ဟု အမည်မဖော်လိုသော အဆိုပါတာဝန်ရှိသူက ပြောသည်။
ကုလသမဂ္ဂသည် ၎င်း၏ စုစုပေါင်း ဘတ်ဂျက်အနက် လက်ရှိ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ဘတ်ဂျက်တွင် ၁၆ မှ ၁၇ ရာခိုင်နှုန်းအထိ လိုငွေပြနိုင်သည်ဟု ခန့်မှန်းထားသည်။
Source - AFP
08/10/2025
ရွှေဈေးနှုန်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄,၀၀၀ ကျော်လွန်ကာ သမိုင်းတလျှောက် စံချိန်သစ်တင်
စီးပွားရေးနှင့် ပထဝီနိုင်ငံရေး မရေရာမှုများ မြင့်တက်လာခြင်းနှင့်အတူ အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ် (Federal Reserve) မှ နောက်ထပ်အတိုးနှုန်းများ လျှော့ချမည်ဟု မျှော်မှန်းထားခြင်းတို့ကြောင့် ရွှေဈေးနှုန်းသည် ဗုဒ္ဓဟူးနေ့ (အောက်တိုဘာလ ၈ ရက်) တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄,၀၀၀ ကို ကျော်လွန်ကာ စံချိန်သစ် တင်ခဲ့သည်။
ဂရင်းနစ်စံတော်ချိန် နံနက် ၃ နာရီတွင် (Spot Gold) ဈေးနှုန်းသည် ၀.၇ ရာခိုင်နှုန်း မြင့်တက်ကာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄,၀၁၁.၁၈ သို့ ရောက်ရှိခဲ့သည်။
ရွှေကို မတည်ငြိမ်မှုများအတွင်း တန်ဖိုးကို ထိန်းသိမ်းထားနိုင်သည့် အရာအဖြစ် သမိုင်းစဉ်ဆက် ရှုမြင်ခဲ့ကြသည်။
Spot Gold ရွှေဈေးနှုန်းသည် ၂၀၂၄ ခုနှစ်တွင် ၂၇ ရာခိုင်နှုန်း တက်ခဲ့ပြီးနောက် ယခုနှစ် အစောပိုင်းမှစ၍ စုစုပေါင်း ၅၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
Source - Reuters
07/10/2025
အမေရိကန်-ဂျပန် ပညာရှင်သုံးဦး ကိုယ်ခံအားစနစ် သုတေသနဖြင့် ဆေးပညာနိုဘယ်ဆု ရရှိ
အမေရိကန် သိပ္ပံပညာရှင်များဖြစ်ကြသော Mary Brunkow, Fred Ramsdell နှင့် ဂျပန်နိုင်ငံမှ Shimon Sakaguchi တို့သည် ကိုယ်ခံအားစနစ်၏ ခံနိုင်ရည် (immune tolerance) ဆိုင်ရာ ရှာဖွေတွေ့ရှိချက်များအတွက် ၂၀၂၅ ခုနှစ်၊ ဆေးပညာ နိုဘယ်ဆုကို ဆွတ်ခူးရရှိခဲ့ကြသည်။
၎င်းတို့၏ ရှာဖွေတွေ့ရှိချက်များသည် ကိုယ်ခံအားဖောက်ပြန်သောရောဂါ (autoimmune disease) နှင့် ကင်ဆာရောဂါများကို ကုသရာတွင် ဖြစ်နိုင်ခြေရှိသော နည်းလမ်းသစ်များအတွက် လမ်းဖွင့်ပေးခဲ့ကြောင်း နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့က ပြောသည်။
ဆေးပညာဆိုင်ရာ ဆုရှင်များကို ဆွီဒင်နိုင်ငံရှိ ကာရိုလင်စကာ အင်စတီကျူ ဆေးတက္ကသိုလ်၏ နိုဘယ်အဖွဲ့မှ ရွေးချယ်ပြီး ဆုငွေ ဆွီဒင်ခရိုနာ ၁၁ သန်း (အမေရိကန်ဒေါ်လာ ၁.၂ သန်း) နှင့် ဆွီဒင်ဘုရင်က ချီးမြှင့်သော ရွှေတံဆိပ်တစ်ခုကိုပါ ရရှိမည်ဖြစ်သည်။
Source - Reuters