30/09/2025
◾ သတင်းထုတ်ပြန်ချက်
ဒဂုံတက္ကသိုလ်တွင်းရှိ CDM စာရင်းများနှင့် ကိုယ်ရေးအချက်အလက်များကို အကြမ်းဖက်စစ်ကောင်စီမှ ပြန်လည် ကောက်ယူသွားသည်ဖြစ်ကြောင်း သိရှိရသည်။
ကျွန်ုပ်တို့ ဒဂုံတက္ကသိုလ်ယာယီကောင်စီသည်လည်း ရန်သူ့၏အမျိုးမျိုးသောဖိနှိပ်မှုတို့ကို တွန်းလှန်ကာ ပြည်သူ့တော်လှန်ရေးဘက်မှ ရပ်တည်နေကြပါသော ဆရာဆရာမများ၊ ဝန်ထမ်းများအားလုံးနှင့်အတူ တော်လှန်ရေးပန်းတိုင် ခရီးဆုံးအောင်ပွဲသို့ မမှိတ်မသုန် တိုက်ပွဲဝင်သွားမည်ဖြစ်သည်။
ဒဂုံတက္ကသိုလ်ယာယီကောင်စီ
20/08/2025
ဒဂုံတက္ကသိုလ်ရှိ "တော်ဝင်လမ်း "အား "ဝတ်ရည်လမ်း"ဟု ပြောင်းလဲခေါ်ဆို သတ်မှတ်ခြင်း
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဟောင်း(တွဲဖက်အတွင်းရေးမှူး) မဝတ်ရည်အောင် သည် စစ်ဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနှင့် နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် စစ်အာဏာရှင် နှင့် ၎င်း၏လက်ပါးစေ ယန္တယား၏ မတရားဖိနှိပ်ညှင်းပန်းမှုများကြောင့် ၂၀၂၅ခုနှစ် ဇွန်လ ၂၀ရက်နေ့တွင် အင်းစိန်အကျဥ်းထောင်အတွင်း၌ မြင့်မြတ်စွာ ကျဆုံးခဲ့သည်။
မဝတ်ရည်အောင်၏ တော်လှန်သောစိတ်ဓာတ်နှင့် ခံယူချက်၊ ကျောင်းသားထု ပြည်သူလူထုနှင့်တကွ စစ်အာဏာရှင်ကို သမဂ္ဂအလံတော်ကိုင်စွဲကာ ရဲဝင့်စွာတိုက်ပွဲခဲ့သည်။
ထို့သို့ရဲဝင့်စွာ အသက်ပေးသွားခဲ့သော မဝတ်ရည်အောင်အား ကျွန်ုပ်တို့ ဒဂုံတက္ကသိုလ်ကြားကာလကောင်စီမှ အစဥ်အမြဲအမှတ်ရအောက်မေ့လျက်ရှိသည်။
မဝတ်ရည်အောင်၏ မြင့်မြတ်စွာ အသက်ပေးခဲ့မှုနှင့် တော်လှန်ရေးခံယူချက် စိတ်ဓာတ်တို့အား လေးစားဂုဏ်ပြုသောအားဖြင့် ဒဂုံတက္ကသိုလ်ရှိ "တော်ဝင်လမ်း "အား "ဝတ်ရည်လမ်း"ဟု ပြောင်းလဲခေါ်ဆို သတ်မှတ်လိုက်သည်။
22/07/2025
◾ လူထုလွတ်မြောက်ရေးတိုက်ပွဲတွင်း အသက်ပေးလှူခဲ့ပါသော မဝတ်ရည်အောင်၏ နောက်ဆုံးခရီး။
အာဏာရှင်စနစ် အမြစ်ပြတ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တွဲဖက်အတွင်းရေးမှူးဟောင်း မဝတ်ရည်အောင်သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု တိုက်ပွဲဝင်ရင်း အတင်းအဓမ္မ ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးအတွင်း စစ်ကောင်စီ၏ နှိပ်စက်ဒဏ်များကြောင့် လေးနှစ်နီးပါးအကြာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် အကျဉ်းထောင်အတွင်း၌ အသက်ပေးလှူသွားခဲ့ရပါသည်။
အာဏာရှင် စစ်ကောင်စီ၏ စစ်ကြောရေးအတွင်း နှိပ်စက်မှုများကြောင့် သေဆုံးခဲ့သော မဝတ်ရည်အောင်အား ကျွန်တော်တို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဂုဏ်ယူဦးညွှန်အပ်သည်။ မဝတ်ရည်အောင်၏ သေဆုံးမှုသည် စစ်ကောင်စီ၏ ဖက်ဆစ်ဆန်ဆန် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်း၊ထောင်တွင်းဆေးကုသခွင့် လုံလောက်စွာမရရှိခြင်းနှင့် အကျဥ်းထောင်တွင်းဖိနှိပ်များကြောင့် ဖြစ်သည်။
လူထုလွတ်မြောက်ရေးနှင့် အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် အသက်ပေးလှူကာ တော်လှန်ခဲ့သည့် မဝတ်ရည်အောင်၏ ရဲရင့်နီဆွေးသော သမဂ္ဂစိတ်ဓာတ်နှင့် ယုံကြည်ချက်တော်လှန်ရေး သစ္စာတရားအား ကိုင်စွဲကာ ကျောင်းသားအပေါင်း အာဏာရှင်စနစ်တိုက်ပွဲကို ရရာနေရာကနေ တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းအပ်ပါသည်။
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
22/07/2025
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း
မဝတ်ရည်အောင် ကျဆုံးခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ
ရက်စွဲ။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်
၁။ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သော မဝတ်ရည်အောင် သည် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်တွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရဲဘော် (၅) ဦးနှင့်အတူ စစ်တပ်၏ မတရား ဖမ်းဆီးခြင်းခံခဲ့ရသည်။ စစ်ကြောရေးတွင် ပြင်းထန်စွာနှိပ်စက်ခံရပြီး ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၅၂(က) ဖြင့် စုစုပေါင်း ထောင်ဒဏ် (၇) နှစ်သတ်မှတ်ခံရပြီး ဒိုက်ဦးအကျဉ်းထောင်နှင့် အင်းစိန်အကျဉ်းထောင်များအတွင်း ဆိုးရွားသော အကျဉ်းထောင် စနစ်များနှင့် ဆေးကုသမှုလုံလောက်စွာမရရှိဘဲ ဒဏ်ရာအခံများကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက် နံနက် (၃) နာရီတွင် အင်းစိန်အကျဉ်းထောင်အတွင်း၌ ကျဆုံးခဲ့သည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် မဝတ်ရည်အောင်အား အာဇာနည်သူရဲကောင်းတစ်ဦး အဖြစ် အသိအမှတ်ပြုပြီး မိသားစုနှင့်ထပ်တူ၊ ဒဂုံတက္ကသိုလ် ကြားကာလတက္ကသိုလ် အုပ်ချုပ်ရေးကောင်စီတို့နှင့် ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်။
၃။ ဝန်ကြီးဌာနအနေဖြင့် မဝတ်ရည်အောင် ကဲ့သို့သော အာဇာနည်လူငယ်များ နှင့် ခေတ်အဆက်ဆက် အာဏာရှင်ကို အသက်၊ ဘဝ၊ ခန္ဓာများပေးဆပ်၍ တိုက်ပွဲဝင်နေကြသည့် တော်လှန်ပြည်သူများအား လေးစားဂုဏ်ပြုပြီး မြန်မာနိုင်ငံတွင် ကျောင်းသားများ နှင့် ရဟန်းရှင်လူ ပြည်သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်နေသည့် စစ်အာဏာရှင် စနစ်နှင့် အာဏာရှင်စနစ်များ အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည် အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆတက်ထမ်းပိုး ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
21/07/2025
◾ Student activist Ma Wut Yi Aung, 26, dies in Insein Prison
July 21, 2025
Ma Wut Yi Aung, a member of the Central Executive Committee of the Dagon University Students’ Union (DUSU), died Saturday night at Insein Prison, where she was serving a two-year sentence, said Ko Thaik Htun Oo, spokesperson for the Political Prisoners Network of Myanmar (PPNM).
Ma Wut Yi Aung, 26, was arrested by the military council in Yangon on Sept. 14, 2021 and later sentenced to seven years in prison: three years under Section 505-A of the Penal Code and four years under Section 52(a) of the Anti-Terrorism Act.
In a statement, DUSU said Ma Wut Yi Aung suffered head injuries while being tortured during interrogation, and experienced frequent fainting spells, seizures and cardiac arrest, adding that prison authorities only provide treatment in emergencies.
DUSU General Secretary Ko Shai Thura told The Irrawaddy on Monday, “We learned from the family that she died at the prison hospital at around 9.30 last night. Ma Wut Yi was being treated in and out of the prison hospital due to the injuries she received during interrogation when she was arrested. In the end, there was [inadequate] medicine [to treat] the injuries she suffered during interrogation.”
Due to Ma Wut Yi Aung's poor health and lack of adequate medical care, her family members requested that she be treated at a hospital outside the prison, but the prison authorities refused the request.
According to PPNM's records, 14 political prisoners died from January to July 8 this year due to lack of adequate medical care in prison.
Political prisoners continue to be subjected to torture and threats to their lives. Those working to help political prisoners have called for in-prison medical treatment and adequate supplies of medicine, and for those with health concerns to be treated in hospitals outside prisons in a timely manner.
Photo: CJ
Copy From The Irrawaddy - Burmese Edition
21/07/2025
❐ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဗဟိုအမှုဆောင်ဟောင်း မဝတ်ရည်အောင်ထောင်တွင်း၌ မြင့်မြတ်စွာ ကျဆုံး
ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဗဟိုအမှုဆောင်ဟောင်း မဝတ်ရည်အောင် ( ဒုတိယနှစ် ၊ သတ္တဗေဒ) သည် စစ်ကောင်စီ၏ မတရား ညှဥ်းပန်းနှိပ်စက် စစ်ဆေးမှု များကြောင့် လေးနှစ်အကြာ(19.7.2025 ရက်၌) ထောင်တွင်း၌ပင် မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။
ကျောင်းသားသမဂ္ဂတာဝနိများကို လည်းကောင်း၊ အများပြည်သူ အကျိုး လူမှုရေးလုပ်ငန်းများတွင်လည်းကောင်း၊အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးတွင်အသက်ကိုပဓါန မထားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သည့် မဝတ်ရည်အောင်ကို ဒဂုံတက္ကသိုလ် ကြားကာလကောငိစီမှ ဝမ်းနည်းကြေကွဲမှုများဖြင့် အလေးနီပြုပါသည်။အကြမ်းဖက်စစ်တပ်အပါအဝင် စစ်တပ်လက်ပါးစေတစ်ခုဖြစ်တဲ့ အကျဥ်းဦးစီးသည်လည်း မဝတ်ရည်အောင် သေဆုံးမှု၏ တရားခံများဖြစ်သည့်အလျောက် လူမဆန်တဲ့ စစ်တပ်အပြင် လက်ပါးစေထောက်တိုင်များကို ဆုံးခန်းတိုင် တော်လှန်သွားမည်ဟု ကတိသစ္စာပြုအပ်ပါသည်။
20/07/2025
❐ စစ်ကြောရေးအတွင်း နှိပ်စက်ဒဏ်ရာများဖြင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင် မဝတ်ရည်အောင် ထောင်တွင်း၌ ကျဆုံး။
ဇူလိုင် ၂၀၊ ၂၀၂၅။
ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မ၀တ်ရည်အောင်သည် စစ်ကြောရေးအတွင်း စစ်ကောင်စီတပ်၏ နှိပ်စက်ဒဏ်ရာများကြောင့် လေးနှစ်နီးပါးအကြာ၌ အကျဉ်းထောင်တွင်း ကျဆုံးသွားခဲ့ပြီဖြစ်သည်။
မ၀တ်ရည်အောင်သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် ဖမ်းဆီးခံရပြီး မတရား ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် (၃) နှစ်၊ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် (၄) နှစ် ချမှတ်ခံထားရပြီး စစ်ကြောရေးအတွင်းလည်း ပြင်းထန်စွာ နှိပ်စက်ခံခဲ့ရသည်။
၂၀၂၂၊ ဧပြီလ (၂၄) ရက်နေ့တွင် အင်းစိန်ထောင်မှ ဒိုက်ဦးထောင်သို့လည်းကောင်း၊ ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့တွင် ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ လည်းကောင်း ရွှေ့ပြောင်းခံခဲ့ရသည်။
ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခံရပြီးနောက် စစ်ကြောရေးတွင်း နှိပ်စက်ခံရသည့် ဒဏ်ရာများကြောင့် ဦးနှောင်အကျိတ်တည်ဒဏ်ရာဖြင့် (၂၂) နာရီကြာခန့် သတိလစ်သွားခဲ့သေးသည်။
ထို့နောက် မဝတ်ရည်အောင်ကို အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ကုသခဲ့သော်လည်း ဒဏ်ရာအခံကြောင့် မကြာခဏ တက်ခြင်း၊ သတိလစ်ခြင်း၊ နှလုံးရပ်ခြင်းများ ဖြစ်ပေါ်ကာ အရေးပေါ်အခြေအနေအထိ ဖြစ်ပေါ်ခံစားခဲ့ရသည်။
ထို့နောက် ယနေ့ ဇူလိုင်လ (၂၀) ရက်တွင် အဆိုပါဒဏ်ရာများဖြင့်ပင် အင်းစိန်ထောင်တွင်း၌ ကျဆုံးသွားပြီဖြစ်ကြောင်း နီးစပ်သူများက အတည်ပြုထားပြီး မဝတ်ရည်အောင်သည် ကျဆုံးချိန်တွင် အသက် (၂၅) နှစ်သာ ရှိသေးသည်။
- မင်းဘုန်း (စာတည်း - မောင်ဘိုး)
#စစ်ကြောရေးအတွင်းနှိပ်စက်ဒဏ်ရာများ #မဝတ်ရည်အောင် #ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ #အလုပ်အမှုဆောင် #မဝတ်ရည်အောင် #ထောင်တွင်းကျဆုံး
#ဆီသို့
-----
Subscribe to us on;
Telegram >>> https://t.me/towardsweeklynews
SoundCloud >>> https://soundcloud.com/towards-podcast
YouTube >>> https://www.youtube.com/-Towards-Media
Website >>> http://towardsmedia.info
11/02/2025
■ ၁၉၉၆မျိုးဆက် ဒဂုံတက္ကသိုလ် ကျောင်းသူဟောင်း မနိုဘယ်အေး နိုင်ငံရေး ဘဝဖြတ်သန်းမှု။
မနိုဘယ်အေး ခေါ် နှင်းမေအောင်ကို ၁၉၇၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ ၌ မွေးဖွားခဲ့သည်။ မနိုဘယ်အေးသည် မွေးချင်းမောင်နှမ ၄ ယောက်အနက် အကြီးဆုံးသမီးဖြစ်သည်။
နိုဘယ်အေးဆိုသော အမည်မှာ “မွေးပြီးကတည်းက ကျမ အဖေ အဓိပ္ပါယ် ပြည့်ဝစွာနဲ့ အမြတ်တနိုး ပေးထားတဲ့ အမည်လေးပါ....” ဟု မနိုဘယ်အေးမှ ပြောခဲ့ဖူးသည်။
သူ့အမေ ဒေါ်အေးမြင့်သန်းက ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ရှေ့တန်းကနေ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပြီး စစ်အုပ်စုရဲ့ ဖမ်းဆီးထောင်ချမှုကို အကြိမ်ကြိမ်ခံခဲ့ရသူလည်း ဖြစ်သည်။ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။
ဒဂုံတက္ကသိုလ် ရူပဗေဒဘာသာအဓိကနဲ့ ကျောင်းတက်ခဲ့တဲ့နှစ်များအတွင်း နိုဘယ်လ်အေးဟာ ဗကသများ အဖွဲ့ချုပ်ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှာ ဦးဆောင်ပါဝင်ခဲ့သည်။ တတိယနှစ် ကျောင်းတက်နေစဉ် ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုဖြစ်ပေါ်လာသောအခါ ဒဂုံတက္ကသိုလ်ကျောင်းသားသပိတ်ကို စည်းရုံးလှုံ့ဆော်ခဲ့သူတစ်ဦး ဖြစ်သည်။
ထို့အတွက်ကြောင့် သူမသည် စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးခြင်းမှလွတ်မြောက်အောင် ထွက်ပြေး တမ်းရှောင်ခဲ့ရသည်။ ၁၉၉၈ ခုနှစ် သြဂုတ်လရောက်သောအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်ခေါ်ယူပေးရေး တောင်းဆိုမှုကိုထောက်ခံသော ကျောင်းသားလှုပ်ရှားမှု ပေါ်ပေါက်လာခဲ့သည်။ ထိုလှုပ်ရှားမှုတွင် မနိုဘယ်အေးသည် တတ်ကြွစွာ ဦးဆောင်ပါဝင်ခဲ့သည်။
ယခုတစ်ကြိမ်တွင်တော့ စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးမှုမှ မနိုဘယ်အေး မလွတ်မြောက်နိုင်ခဲ့တော့ပါ။ စစ်အာဏာရှင်တို့သည် မနိုဘယ်အေးအပါအဝင် မိခင်ဖြစ်သူနှင့် ညီမဖြစ်သူ မနိုက်တင်ဂေးတို့ကိုပါ တစ်ပါးထဲ ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တို့သည် မနိုဘယ်အေးအား နှစ်ရှည်ထောင်ဒဏ် ၄၂ နှစ် ချမှတ်ခဲ့ပြီး အင်းစိန် အကျဉ်းထောင်မှ နယ်ဝေး မြင်းခြံအကျဉ်းထောင်သို့ ပို့ခဲ့သည်။
မနိုဘယ်အေးသည် အကျဉ်းထောင်တွင် ၇ နှစ်ခန့်ကြာအောင် အကျဉ်းကျခံရပြီးနောက် ၂၀၀၅ ခုနှစ် ၇ လပိုင်းတွင် လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ အကျဉ်းစံဘဝမှ လွတ်မြောက်လာသော မနိုဘယ်အေးသည် တက္ကသိုလ်ပြင်ပပညာရေးဖြင့် ပညာဆက်လက် ဆည်းပူးလေ့လာခဲ့သလို တဖက်မှာလည်း နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ စုဖွဲ့လှုပ်ရှားမှုများတွင်လည်း ပါဝင်ခဲ့သည်။
၈၈ မျိုးဆက်ကျောင်းသားများ၏ အဖြူရောင်လှုပ်ရှားမှု၊ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များအား သွားရောက်အားပေးသော လှုပ်ရှားမှုများတွင် မနိုဘယ်အေးသည် တတ်ကြွစွာပါဝင်ခဲ့သည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မဖြစ်ပေါ်မှီ ၈၈ မျိုးဆက်ကျောင်းသားများ၏ လောင်စာဆီစျေးကြီးမြင့်မှုအပေါ် လမ်းလျှောက်ချီတတ်လှုပ်ရှားမှု ပြုလုပ်ရာတွင် မနိုဘယ်အေးလည်း ပါဝင်ခဲ့သည်။
ထို့ကြောင့် ၈၈ မျိုးဆက်ကျောင်းသားများနှင့်အတူ မနိုဘယ်အေးသည် ဒုတိယအကြိမ်မြောက် ဖမ်းဆီးထိန်း သိမ်းခံရသည်။ စစ်အာဏာရှင်တို့သည် မနိုဘယ်အေးအား ထောင်ဒဏ်နှစ်ရှည်နှစ်ရှည် ချမှတ်ခဲ့ပြီး မုံရွာအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။
ယခု တစ်ကြိမ်တွင်လည်း အကျဉ်းထောင်အတွင်း၌ ၅ နှစ်ကြာနေခဲ့ရပြီးနောက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာခဲ့ရာတွင် မနိုဘယ်အေးလည်း လွတ်မြောက်လာခဲ့သည်။ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ၂ ကြိမ် ထောင်သွင်း အကျဉ်းချခံရသော မနိုဘယ်အေးသည် အကျဉ်းထောင် အတွင်း၌ စုစုပေါင်း ၁၂ နှစ်ကျော် နေထိုင် ဖြတ်သန်းခဲ့ရသည်။ မနိုဘယ်အေးသည် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် အဖြူရောင် တွဲလက်များအဖွဲ့ဖြင့် ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် ဒေသများသို့ သွားရောက်ကူညီဆောင်ရွက်ပေးရာတွင် ပါဝင်ခဲ့သည်။
ထောင်အတွင်း ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်ထိုး တောင်းဆိုမှု ပြုလုပ်ရာတွင် မနိုဘယ်အေးသည် ဦးဆောင်ပါဝင်ခဲ့သည်။ လက်မှတ်ထိုးတောင်းဆိုစာကို နေပြည်တော်ရှိ သမ္မတရုံး၊ လွတ်တော်ရုံး၊ ပြည်ထဲရေးရုံးများသို့ ကိုယ်တိုင် သွားရောက်ပေးပို့ခဲ့သည်။
၂၀၁၂ ခုနှစ်တွင် မနိုဘယ်အေးသည် မဲဆောက်မြို့ရှိ သူမ၏ ချစ်သူ ကိုတင်အေးဆီသို့ သွားရောက်ခဲ့သည်။ ကာလရှည်ကြာခွဲခွာခဲ့ကြရသော မပြည့်မစုံနိုင်ငံရေးအကျဉ်းသားဟောင်း မောင်နှံနှစ်ဦး၏ မင်္ဂလာဆွမ်းကျွေး လက်ထပ်ပွဲကို နိုင်ငံရေးအသိုင်းအဝိုင်း ရဲဘော်ရဲဘက်များဖြင့် ပျော်ရွှင်ဖွယ်ရာ ကျင်းပခဲ့ကြသည်။
ကိုတင်အေးဆိုတာတော့ ၁၉၈၈ ခုနှစ် ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦးဖြစ်ပြီးတော့ ၁၉၈၉ ခုနှစ်၊ ဗကသများအဖွဲ့ချုပ်မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ယူခဲ့သူတစ်ဦး ဖြစ်သည်။ စစ်အုပ်စုမှ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရသူဖြစ်သည်။ ကိုတင်အေးသည် အကျဉ်း ထောင်ထဲမှာ ၁၆ နှစ်ကျော် နေထိုင်ဖြတ်သန်းခဲ့ရပြီး ၂၀၀၅ ခုနှစ် အကျဉ်းထောင်မှ ပြန်လည်လွှတ်မြောက် သောအခါ ရန်ကုန်အခြေစိုက်မဂ္ဂဇင်းတစ်ခုမှာ ပါဝင်ဆောင်ရွက်ရင်း သူ့လိုပဲ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်တဲ့ မနိုဘယ်အေးနှင့် တွေ့ဆုံချစ်ကြိုက်ခဲ့ခြင်းဖြစ်သည်။
သို့ပေမယ့် အဲဒီ အချစ်ဇာတ်လမ်းလေးဟာ အချိန်မကြာခင်မှာပဲ ခွဲခွာရဖို့ဖြစ်လာခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်၊ ဩဂုတ်လမှာ နိုဘယ်လ်အေး ထပ်မံအဖမ်းခံရပြီး ကိုတင်အေးလည်း ထိုင်း-မြန်မာ နယ်စပ်ဒေသကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ အဲဒီ နယ်စပ်တစ်နေရာကနေ ကိုတင်အေးက သူ့ချစ်သူကို စောင့်ဆိုင်းခဲ့ပါတယ်။ သူ စောင့်ဆိုင်းရကျိုးနပ်ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ အကျဉ်းထောင်ကနေ ဒုတိယအကြိမ် လွတ်မြောက်ခဲ့ပြီးတဲ့နောက် ဇွန်လမှာ မနိုဘယ်လ်အေးတစ်ယောက် ထိုင်း-မြန်မာနယ်စပ်မှာ စောင့်ဆိုင်းနေတဲ့ သူ့ချစ်သူ ကိုတင်အေးဆီ ရောက်ရှိလာခဲ့ပါတယ်။ မပြည့်မစုံနဲ့ အကျဉ်းရုံးကျင်းပခဲ့ရတဲ့ နိုဘယ်လ်အေးနဲ့ ကိုတင်အေးတို့ရဲ့ မင်္ဂလာပွဲကလေးဟာ ပျော်စရာ ရှားပါးလှတဲ့ ကျနော်တို့အတွက် ရှားရှားပါးပါး ပျော်ရွှင်ကြည်နူးစရာ တစ်ခု ဖြစ်ခဲ့ပါတယ်။
မနိုဘယ်အေးသည် ၂၀၁၂ ခုနှစ်တွင် မဲဆောက်မြို့သို့ရောက်ရှိပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီလုပ်ငန်း များတွင် ကူညီပါဝင်ဆောင်ရွက်ခဲ့ပြီး ပါတီဝင်တစ်ဦးဖြစ်လာခဲ့သည်။ ထို့နောက် လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ ပြည်တွင်းခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါ ပါဝင်ဆောင်ရွက်ခဲ့သည်။
၂၀၁၃ ခုနှစ် ပြည်တွင်းသို့ မနိုဘယ်အေး ပြန်လည်ရောက်ရှိလာချိန်မှစ၍ မနိုဘယ်အေးသည် ပြည်တွင်းနိုင်ငံရေး၊ လူမှုရေးအသင်းအဖွဲ့များ၏ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လှုပ်ရှားမှုများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သည်။
မနိုဘယ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု နှစ် ၂၀ ပြည့်အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦး အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ နှစ်(၃၀)ပြည့် အခမ်းအနားတွင်လည်း မနိုဘယ်အေးသည် စာတမ်းဖတ်ပွဲများ၏ moderator တစ်ဦးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
၂၀၁၇ ခုနှစ် သြဂုတ်လ၌ ပြုလုပ်သော ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသ အဆောက်အဦ ဆိုင်ရာ ဆွေးနွေးပွဲတွင်လည်း စေ့စပ်ညှိနှိုင်းဆွေးနွေးပေးသူတစ်ဦးအနေဖြင့် တတ်ကြွစွာပါဝင်ဆောင်ရွက်ပေးခဲ့ သည်။
၂၀၁၃ ခုနှစ်မှစတင်၍ ၉၆/၉၈ မျိုးဆက်ကျောင်းသားများ စုစည်းတည်ထောင်သော Myanmar Institute For Democracy (MID) တွင် မနိုဘယ်အေး ပါဝင်ခဲ့ပြီး ၂၀၁၉ခုနှစ်တွင် Board Of Director အဖွဲ့ဝင်တစ်ဦးအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခြင်း ခံရသည်။
၂၀၂၀ ခုနှစ်တွင် ကျင်းပသော စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ တွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးအဖြစ် မနိုဘယ်အေး ပါဝင်တက်ရောက်ခဲ့သည်။
2019 ခုနှစ် ဒီဇင်ဘာလတွင် Covid - 19 ကပ်ရောဂါ မြန်မာပြည်သို့ ကူးစက်ပျံ့ပွားလာသောအခါ မနိုဘယ်အေး သည် Covid တိုက်ဖျက်ရေးလုပ်ငန်းများတွင် တတ်ကြွစွာပါဝင်လှုပ်ရှားခဲ့သည်။ မနိုဘယ်အေးသည် တာမွေ Fever Clinic တွင် တာဝန်ယူလှုပ်ရှားဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်ဒုတိယလှိုင်းတွင် လူနာများ အောက်ဆီဂျင် ရရှိရေးအတွက် အပင်ပန်းခံ အသက်စွန့်ကြိုးစားဆောင်ရွက်ပေးခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးသည်မှစ၍ မနိုဘယ်အေးသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တတ်ကြွစွာပါဝင်ခဲ့သည်။ မနိုဘယ်အေးသည် GSCC အဖွဲ့တွင် ပူးပေါင်းပါဝင် ဆောက်ရွက်ခဲ့ပါသည်။ ထို့ပြင် GSCB တွင် GSCC ကိုယ်စားလှယ်အဖြစ်လည်းကောင်း သပိတ်လှုပ်ရှားမှုများ တွင် တစိုက်မတ်မတ် တက်ကြွစွာပါဝင်ခဲ့ပြီး NUCC ၏ JCC Gender တွင်လည်းကောင်း JCC HA တွင် လည်းကောင်း GSCC ကိုယ်စားလှယ်အဖြစ် တက်ကြစွာပါ ဝင်ဆောင်ရွက်ခဲ့ပါသည်။
ပြည်တွင်းသပိတ်လှုပ်ရှားမှုများ ရက်ရက်စက်စက်ဖြိုခွင်းခံရပြီးနောက် မနိုဘယ်အေးသည် လွတ်မြောက်နယ်မြေ သို့ ရောက်ရှိသွားခဲ့သည်။ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း စသည့် လွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်ရောက်ရှိခဲ့ပြီး လူငယ်များအား နိုင်ငံရေးအတွေ့အကြုံ သဘောတရားများ မျှဝေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့အပြင် နေအိမ်မီးရှို့ခံရသော ဒေသခံများအတွက် စားနပ်ရိက္ခာများကူညီထောက်ပံ့ပေးရေးတွင် တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးခြင်းဖြင့် စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သည်။ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင်ပါဝင်ဆောင်ရွက်နေစဉ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မနိုဘယ်အေးသည် ရဲဘော်တစ်ဦးဖြစ်သူ ကိုအောင်ကိုဟိန်းနှင့်အတူ ပဲခူးတိုင်း ဝေါမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။
ထို့နောက် အကြမ်းဖက်စစ်တပ်၏ Telegram သတင်းများတွင် သူတို့နှစ်ဦး၏ ဖမ်းဆီးခံသတင်းများ တွေ့ရပြီးနောက် မကြာမှီ ဖေဖော်ဝါရီလ လအလယ်တွင် မနိုဘယ်အေးနှင့် ကိုအောင်ကိုဟိန်းတို့အား ဥပဒေမဲ့ သတ်ဖြတ်လိုက်ကြပြီဖြစ်ကြောင်း သတင်းများပေါ်ထွက်လာခဲ့သည်။ စုံစမ်းမှုအရ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မနိုဘယ်အေးနှင့် ကိုအောင်ကိုဟိန်းတို့အား အကြမ်းဖက်စစ်တပ်မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း တော်လှန်ရေး အင်အားစုများမှ မိသားစုအား အတည်ပြုပေးခဲ့သည်။
နွေဦးတော်လှန်ရေးကာလအတွင်း အသက်ပေးစွန့်လွှတ်သွားသော ရဲဘော်တစ်ဦးအတွက် မနိုဘယ်အေး ရေးသားခဲ့သည့် -
တခဏတာ စကားပြောခဲ့ရချိန်မှာ
မင်းရဲ့စေတနာ
မင်းရဲ့ထက်မြက်မှု
မင်းရဲ့ရိုးသားမှု
မင်းရဲ့စွန့်လွှတ်မှုတွေ ကို
ခံစားနားလည်သိခဲ့ရတယ်
ခုတော့ မင်းက အနိုင်နဲ့ပိုင်းသွားခဲ့တာလား…….
ကျန်ခဲ့တဲ့.. မင်းညီကိုတွေ.. ဒီခရီးရှည်ကြီးကို ဆက်လျှောက်ကြပါလိမ့်မယ်
အသွေးအသားထဲက မင်းရဲ့တော်လှန်ရေး စိတ်က ရောက်ရာဘုံဌာနမှာ
အေးချမ်းနိုင်ပါ့ မလားလို့ စိတ်ပူမိတယ်
ခေတ််ကြီးကပေးတဲ့ တာဝန်ကျေထဲ့ပြီမို့
ငြိမ်းချမ်းပါစေ……. (.........)
၁၁.၂၇.၂၃
မနိုဘယ်လ်အေးလို၊ ကိုဂျင်မီလို၊ ကိုဖြိုးဇေယျာသော်လို တော်လှန်ရေး ခရီးအစမှနေ၍ ခရီးအဆုံးအထိ မပြောင်းမလဲ အတူတကွ ရပ်တည်ခဲ့ကြတဲ့၊ ရပ်တည်နေကြတဲ့ သူရဲကောင်းများကို စစ်တပ်ရဲ့ အကြမ်းဖက်မှုအောက်မှာ ဆုံးရှုံးနေရခြင်းဟာ ဝမ်းနည်းကြေကွဲစရာပါဖြစ်ခဲ့သည်။ ထိုကဲ့သို့ နွေဦးတော်လှန်ရေး အတွင်း အသက်ပေးစွန့်လွှတ်ခဲ့ကြရသော သူရဲကောင်းများကို မနိုဘယ်အေး၊ ကိုအောင်ကိုဟိန်းတို့နှင့်အတူ ဂုဏ်ပြုဦးညွတ်အလေးပြုလိုက်ရပါသည်။
"ခေတ််ကြီးကပေးတဲ့ တာဝန်ကျေခဲ့ပြီမို့ ငြိမ်းချမ်းပါစေ မနိုဘယ်အေး။"
Nobel Aye Foundation မှ သမိုင်းမှတ်တမ်းနှင့် ဓာတ်ပုံအား ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
04/01/2025
◾အီးမေးလ်စစ်ပေးပါ။Spam Message ပါ စစ်ပေးပါ။
“Informal Online Course"
Program 5 Batch 2 - General English Four Skill
Program 11 - Human Resource Management
Program 12 - Basic Legal Studies Course
လျှောက်ထားသူများအတွက် ရွေးချယ်ခံရသော သင်တန်းသားများအား အီးမေးလ် ပေးပို့ပြီးဖြစ်ပါသည်။
Mail စစ်ဆေးပြီး Mail မရောက်ရှိခြင်း၊ Mail Error ဖြစ်ခြင်း၊ Mail Account များပြောင်းလဲခြင်းများကြောင့် ရွေးချယ်ခံရခြင်းကို အကြောင်းအမျိုးမျိုးကြောင့် မသိရှိသူများအနေဖြင့် “Page Message Box” သို့ ဆက်သွယ်မေးမြန်းရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။
ဒဂုံတက္ကသိုလ်ယာယီကောင်စီ
02/01/2025
| Basic Legal Studies Course သင်တန်း။
ဒဂုံတက္ကသိုလ် စီဒီအမ်ကျောင်းသားများအတွက် Informal Online Course - IOC အစီအစဥ်များမှ Program - 12 အနေဖြင့်
“Basic Legal Studies Course ”သင်တန်း ကိုလှစ်မည်ဖြစ်သည်။ အဆိုပါ သင်တန်း နှင့် Informal Online Course - IOC များသည် အတန်းတင်ပညာရေး၊ သင်ရိုးပညာရေးများကို ဦးတည်ခြင်းမဟုတ်ဘဲ စီဒီအမ်ကျောင်းသားများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် အသိပညာ တိုးတက်စေရန် အထူးရည်ရွယ်သည်။စိတ်ဝင်စားပြီး အခြေခံကနေ လေ့လာချင်သောကျောင်းသားများ သင်ကြားတက်ရောက်နိုင်မည်။
▪️ ဥပဒေပညာကို အခြေခံကျကျလေ့လာသင်ကြားလိုသောကျောင်းသားများအနေဖြင့် ဥပဒေဌာနတွင်သင်ကြားနေသော CDM ဆရာ၊ဆရာမများကိုယ်တိုင်သင်ကြားသွားမည်ဖြစ်သည်။ ဖြည့်စွက်ထားသော အချက်အလက်များကို စီစစ်ရွေးရွယ်သွားမည်ဖြစ်သည်။
▪️တက်ရောက်ခွင့်ရှိသူများ။
စစ်ကျွန်ပညာရေးအား သပိတ်မှောက်ထားသော ဒဂုံတက္ကသိုလ် စီဒီအမ်ကျောင်းသားများ အခမဲ့ တက်ရောက်နိုင်သည်။
▪️သင်တန်းကာလနှင့် အချိန်။
သင်တန်းသည် ၆ ပတ် ကြာမြင့်မည်ဖြစ်ပြီး အပတ်စဥ်
ကြာသပတေးနေ့ ည (၆:၃၀)နာရီ မှ ည (၇:၃၀)နာရီ
သောကြာနေ့ ည (၇:၀၀)နာရီ မှ ည (၈:၀၀)နာရီ
တက်ရောက်ရမည်ဖြစ်သည်။
▪️သင်တန်းပေးမည့် Platform
Zoom Application ဖြင့် သင်တန်းပေးမည်ဖြစ်သည်။
▪️သင်တန်းပြီးမြောက်ခြင်း။
သင်တန်းတက်ရောက်ပြီးစီးပါက Attendance ပြည့်မီမှု၊ Test များ ဖြေဆိုနိုင်မှုပေါ်မူတည်၍ ဒဂုံတက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီမှ တရားဝင်အသိအမှတ်ပြုသင်တန်းပြီးစီးကြောင်းလက်မှတ်များ ပေးအပ်သွားမည်ဖြစ်သည်။
▪️သင်တန်းစတင်ဖွင့်လှစ်မည့်ရက်။
ဇန်နဝါရီလ (၁၆)ရက်နေ့၊ ၂၀၂၅ ခုနှစ်။
▪️သင်တန်းတက်ရောက်ခွင့် လျှောက်ထားရန်။
အောက်ပါ Google form မှတဆင့် သင်တန်းတက်ရောက်ခွင့် လျှောက်ထားရမည်ဖြစ်ပြီး တက်ရောက်ခွင့်ရသူများအား ပြန်လည်၍ E mail ပို့ထားမည်ဖြစ်သည်။
https://edu.nugmyanmar.org/BasicLegalCourse
အသေးစိတ်ထပ်မံသိရှိလိုပါက Page Chat Box တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Informal Online Course အစီအစဥ်များ။
ဒဂုံတက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီ။