11/05/2025
"မင်းပြားမြို့နယ်၊ ဖားပြိုရွာတွင် ဖြစ်ပျက်ခသည့် ရက်စက်ကြမ်းကြုတ်သော သက်ငယ်မုဒိမ်းမှုနန့် လူသတ်မှုကျူးလွန်ခံရသူ အချေအတွက် တရားမျှတမှုကို တောင်းဆိုခြင်း"
အရပ်ဖက်အဖွဲ့အစည်းများ၏ ပူးတွဲထုတ်ပြန်ချက်
နိ့ရက်- မေလ ၁၁ရက်နိ့၊ ၂၀၂၅ခုနှစ်။
ဧပြီလ(၆)ရက်နိ့တွင် မင်းပြားမြို့နယ်၊ ဖားပြိုရွာ၌ ဖြစ်ပွားခသော အသက်(၉)နှစ်အရွယ် အမျိုးသမီးအချေတဦး ရက်စက်ကြမ်းကြုတ်စွာ မုဒိမ်းကျင့်သတ်ဖြတ်ခံရမှုဖြစ်စိုင်အား အကျွန်ရို့ အရပ်ဖက်အဖွဲ့အစည်းများအနိန်ဖြင့် အင်မတန်မှ ဝမ်းနည်းကြေကွဲတုန်လှုန်မိပါသည်။ လူမဆန်သော ဤကြောက်စရာကောင်းသောလုပ်ရပ်သည် ကျူးလွန်ခံရသူ အပြစ်မဲ့အမျိုးသမီးအချေနန့် မိသားစုဝင်များအပေါ် သာမက၊ လူ့အဖွဲ့အစည်းတခုလုံးကို ခြိမ်းခြောက်နိန်သည့် ကြီးလေးသော ရာဇဝတ်မှုတခု ဖြစ်သည့်အပြင် အာရက္ခဒေသနိန် ပြည်သူလူထုတရပ်လုံးအား အင်မတန်မှ တုန်လှုပ်ခြောက်ခြားလားစီသော၊ ကိုယ်ကျင့်တရားဆိုင်ရာအားဖြင့် များစွာဆိုးရွားပြင်းထန်သော ဒဏ်ရာတခုအဖြစ် မှတ်တမ်းတင်ကျန်ခပါသည်။
အာရက္ခဒေသ၏ အီးချမ်းလုံခြုံသည့် လူ့အသိုင်းအဝိုင်းအတွက် မည်သည့်အချေသူငယ်မှ အဂုကဲ့သို့ ဆိုးရွားပြင်းထန်ကြောက်မက်ဖွယ်ကောင်းသော အကြမ်းဖက်မှုမျိုးကို ရင်ဆိုင် မကြုံတွိ့သင့်ပါ။ မည်သည့်မိဖမှလည်း မိမိ၏ အရွယ်မရောက်သိမ့်သော သားသမီးများအပေါ် အဂုကဲ့သို့ ဖြစ်ရပ်ဆိုးများ ကြုံတွိ့ခံစားရပြီး ရင်ကွဲပက်လက်ဖြင့် သဂြိုဟ်မြှပ်နှံရမည့် အခြီအနီမျိုး မကြုံတွိ့သင့်ပါ။ အဂုကဲ့သို့ အရုပ်ဆိုး အကျဥ်းတန်သည့် ကိစ္စအား တရားမျှတမှု ရရှိရီးအတွက် တိတ်ဆိတ်ခြင်း၊ နှောင့်နှေးခြင်း သို့မဟုတ် လျစ်လျူရှုခြင်းများ မဖြစ်စီသင့်ဟု မိမိရို့ အရပ်ဖက်အဖွဲ့အစည်းများ အနိန်ဖြင့် ရှုမြင်ပါသည်။
ယင်းအတွက်ကြောင့် အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ၊ တရားစီရင်ရီးမှ တာဝန်ရှိသူများနန့် အစိုးရအဖွဲ့ဝင်များအား အကျွန်ရို့အနိန့်ဖြင့် အောက်ပါအတိုင်း အားကိုးတကြီး တောင်းဆိုအပ်ပါသည်။
(၁) ဖားပြိုရွာ သက်ငယ်မုဒိန်းမှု၊ လူသတ်မှုနန့်ပတ်သက်၍ စေ့စေ့စပ်စပ် ဘက်မလိုက်ဘဲ အချိန်နန့်တပြေးညီ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ကာ ပြစ်မှုလျော့ပေါ့လွတ်ငြိမ်းခွင့် မရှိဘဲ ဥပဒေအောက်တွင် အကြီးမားဆုံး ပြစ်ဒဏ်များဖြင့် အရီးယူပီးရန်။
(၂) ကျူးလွန်ခံရသူနန့် ၄င်း၏ကျန်ရစ်ခသော မိသားစုဝင်များအတွက် လူမှုတရားမျှတမှုရရှိရီးကို အာမခံလျက် စီရင်ချက် ချမှတ်ပီးရန်။
(၃) အာရက္ခဒေသနိန် အမျိုးသမီးများနန့် အချေသူငယ်များအပေါ် အကြမ်းဖက်မှုများ ကျူးလွန်ခြင်းများ နောက်နောင် အဖြစ်ပွားရအောင် ထိရောက်စွာ ကာကွယ်တားဆီးပီးသည့် လုပ်ငန်းစိုင်များ ချမှတ်ပီးရန်။
တရားမျှတမှု နှောင့်နှေးခြင်းသည် တရားမျှတမှုကို ငြင်းပယ်ခြင်းဖြစ်သည်ဟု ဆိုရိုးဟိပါသည်။ အကျွန်ရို့သည် အကြမ်းဖက်ခံရသူ၏ မိသားစုနန့်အတူ၊ အကြမ်းဖက်မှုအမျိုးမျိုးမှ လွတ်မြောက်လာသူများနန့် အမျိုးသမီး၊ အချေသူငယ်တိုင်း၏ လုံခြုံအီးချမ်းခြင်းနန့်အတူ ရပ်တည်ပါသည်။ အဂုအဖြစ်ဆိုးကို လျစ်လျူမရှုဘဲ စစ်မှန်သော တာဝန်ခံမှု၊ တရားစီရင်မှုနန့် တရားမျှတမှုများကို အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရမှ ယူဆောင်ပီးနိုင်မည်ဟု မျှော်လင့်ယုံကြည်ထားပါသည်။
ဝမ်းနည်းမှုများစွာဖြင့်
- Rakhaing Women’s Initiative Organization (RWIO)
- Women Generation (WG)
- Purple World
- Ann Women Generation
- We Are One
- Center for Social Research and Development (CSRD)
- Arakkha Foundation
- All Arakan Youth Organizations Network (AAYON)
- Mrauk-U Youths Association (MUYA)
- Generation
- Indigenous Social Development Organization (ISDO)
- Mongbra Youth Association
03/03/2025
03/03/2025
03/03/2025
29/07/2022
21/05/2022
20/05/2022
18/05/2022
15/05/2022