25/04/2023
ဆရာ၊ ဆရာမများအတွက် TEA ၏ ရုပ်ရှင်အညွှန်း
---------------------------------------------
ရုပ်ရှင်အမည် - Teacher's Diary
TEAကနေ အပတ်စဥ်တင်ဆက်ပေးနေတဲ့ ဆရာ၊ဆရာမများအတွက် movie review ကဏ္ဍကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ခါမှာတော့ 2014ခုနှစ်ကထွက်ရှိခဲ့တဲ့ Teacher's Diaryဆိုတဲ့ ထိုင်းရုပ်ရှင်ကားကောင်းလေးကို ညွှန်းပေးချင်ပါတယ်။
ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ သမားရိုးကျပုံစံခွက် သင်ကြားရေးကိုမနှစ်သက်တဲ့ ဆရာမအန်တစ်ယောက် ဝေးလံခေါင်ဖျားရေပေါ်ကျောင်းလေးကို အပို့ခံလိုက်ရတာကနေ အစပြုထားပါတယ်။
ဖွံဖြိုးတိုးတက်မှုမရှိသေးတဲ့ဒေသက စာသင်ကျောင်းလေးမှာ စာသင်ကြားခဲ့စဥ် နေ့စဥ်ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရတယ်၊ စာသင်ခန်းထဲမှာ ဘယ်လိုမျိုးစီမံခန့်ခွဲရတယ်ဆိုတာတွေကို သူမရဲ့diaryစာအုပ်လေးထဲမှာ ရင်ဖွင့်ရေးသားလေ့ရှိပါတယ်။ ဒီဇာတ်ကားမှာဆိုရင် အထူးသဖြင့် Young learnersတွေကို သင်ကြားနေရတဲ့ ဆရာ၊ဆရာမတွေအနေနဲ့ အတုယူသင်တဲ့အကြောင်းအရာတွေ အများကြီးတွေ့ရမှာပါ။
Teacher's Diaryဇာတ်ကားကနေ ချန်ရစ်ခဲ့တဲ့အတုယူစရာတွေနဲ့ ဆရာ၊ဆရာမတို့အနေနဲ့ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်စေနိုင်မယ့် အကြောင်းအရာတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။
1. Authority
ဆရာ၊ဆရာမတို့အနေနဲ့ အထူးသဖြင့် မိမိရဲ့စာသင်ခန်းထဲမှာ authority( ဆရာတစ်ယောက်ရဲ့ သြဇာအာဏာ)ကို နည်းမှန်လမ်းမှန်အသုံးပြုနိုင်ဖို့ အရေးကြီးပါတယ်။
အထူးသဖြင့် Young learnersတွေကို သင်ကြားတဲ့အခါမှာ ပိုပြီးသတိထားသင့်ပါတယ်။ ကလေးသူငယ်တွေကိုစာသင်ကြားတဲ့အခါမှာ မိမိရဲ့ဆရာမဆိုတဲ့ရာထူးpositionကရတဲ့ Position authority ကိုပဲ အသုံးပြုနေလို့မရပါဘူး။
ဒီလုပ်ပိုင်ခွင့်အာဏာကိုသုံးပြီးကလေးငယ်တွေကို စေခိုင်းတဲ့အခါမှာ ငယ်ရွယ်နုနယ်သေးတဲ့Young learnersတွေအနေနဲ့ သူတို့ရဲ့စိတ်ထဲမှာ စာသင်ခန်းဆိုတာကြောက်စရာနေရာတစ်ခုဆိုတဲ့ အတွေးတွေနဲ့အတူ စိတ်ဒဏ်ရာအချို့ ဖြစ်ပေါ်လာစေပါတယ်။ ဒီလိုကလေးငယ်တွေကို သင်ကြားတဲ့အခါမှာ ဆရာ၊ဆရာမတစ်ယောက်အနေနဲ့ စိတ်ရှည်ဖို့လိုအပ်သလို့ Position authority ထက် ဆရာ့အပေါ်ထားတဲ့ ချစ်ကြောက်ရိုသေမှုကနေလာတဲ့ Natural Authority ကို ပိုပြီးအသုံးချသင်ပါတယ်။
2. Teaching Aids
Teaching Aids (သင်ကြားရေးအထောက်အကူပြုပစ္စည်း)တွေလို့ ပြောလိုက်တာနဲ့ အများစုပြေးမြင်ကြတာက စာအုပ်တွေ၊သင်ထောက်ကူရောင်စုံကားချပ်တွေ၊ laptop, power pointအစရွိတဲ့ physical teaching aids တွေ အသုံးပြုတာ၊ facilitiesတွေ ပြည့်ပြည့်စုံစုံရှိတာလို့ ထင်ကြပါလိမ့်မယ်။ တကယ္ကေတာ့ မိမိရဲ့စာသင်ခန်းပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေ ဒါမှမဟုတ် မိမိရဲ့အတွေ့အကြုံတွေကို သင်ကြားရေးမှာ ပြန်လည်အသုံးချတာကလည်း သင်ထောက်ကူ တစ်မျိုးပဲ ဖြစ်ပါတယ်။
3.Responsibility (တာဝန်ယူမှု၊တာဝန်ခံမှု)
ဆရာတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့အခါမှာ မိမိဟာ စာသင်ခန်းထဲမှာစာသင်ကြားရုံနဲ့တင် မပြီးသွားပါဘူး။ ဒီကလေးတွေရဲ့ Mental Development ( စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု )၊ Physical Development ( ရုပ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက်မှု)၊ Classroom Safety ( စာသင်ခန်းတွင်းဘေးကင်းလုံခြုံမှု) အစရှိတာတွေအတွက်လည်း သက်ဆိုင်နေပါတယ်။ စာသင်ခန်းအတွင်းမှာ ဖြစ်ပွားတဲ့ပြဿနာအသေးအဖွဲ့ကအစ ဆရာတစ်ယောက်အနေနဲ့ တာဝန်ယူဖြေရှင်းနိုင်စွမ်း ရှိနေရမှာ ဖြစ်ပါတယ်။
4.Pragmatism ( လက်တွေ့မူဝါဒ )
ဆရာ၊ဆရာမတို့အနေနဲ့ တစ်ခါတစ်လေမှာ မိမိရဲ့ကျောင်းသားက သင်ခန်းစာကို စိတ်မဝင်စားတာ၊နားမလည်တာ၊လိုက်လံသင်ယူတဲ့အခါ အခက်တွေ့နေတာမျိုးတွေကို ကြုံကောင်းကြုံရပါလိမ့်မယ်။
ဒါဟာ မိမိကပေးနေတဲ့ သင်ခန်းစာနဲ့ ကျောင်းသားရဲ့လိုအပ်ချက်နဲ့က ကိုက်ညီမှုမရှိတဲ့အတွက် ဖြစ်ပါတယ်။ ဥပမာ ကျောင်းသားAဟာ ဝလုံး ကို ကောင်းကောင်းမဆွဲတတ်သေးတဲ့အချိန်မှာ ဆရာ၊ဆရာမတို့အနေနဲ့ အခြားအက္ခရာတွေကို သင်ကြားပေးမယ်ဆိုရင် ကျောင်းသားAအနေနဲ့လည်း သင်ယူမှုမှာ အခက်အခဲရှိနေမှာဖြစ်ပြီး ဆရာ၊ဆရာမတို့အနေနဲ့လည်း သင်ကြားရေးရည်ရွယ်ချက်ကို ဘယ်လိုမှမရောက်ရှိနိုင်ပါဘူး။ ဒါကြောင့်သင်ကြားရေးကိုချဉ်းကပ်ရာမှာ လက်တွေ့ကျတဲ့မူဝါဒကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။
အချုပ်အားဖြင့်ဆိုရင်တော့ ဒီဇာတ်ကားဟာဆိုရင်
ဆရာ၊ဆရာမတို့အနေနဲ့ မိမိရဲ့သင်ကြားရေးမှာ ဘာတွေလိုအပ်နေသေးသလဲ၊မိမိရဲ့အားနည်းချက်က ဘာလဲဆိုတဲ့ မိမိကိုယ်ကို ပြန်လည်လေ့လာစမ်းစစ်စေမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
ဤရုပ်ရှင်ကို မြန်မာဘာသာဖြင့် ကြည့်ရှုလိုပါက TEA ၏ Facebook Messenger က တဆင့် TD ဟု ပေးပို့ကာ ရယူကြည့်ရှုနိုင်ကြပါတယ်။