18/08/2023
ကလေးငယ်လေးများအား လေးစားမှုနှင့် ပြုစုပျိုးထောင်ခြင်း
အခြေခံမူ(၁၀)ချက်
၁. ကလေးဖွံ့ဖြိုးမှုကိုအာရုံစိုက်ပါ။
အိမ်အလုပ်လုပ်ရင်းစကားပြောပေးတာ၊ သီချင်းဆိုတာတွေ လုပ်ပါ။ အိမ်အသုံးအဆောင်လေးတွေနဲ့ကစားခွင့်ပြုပါ။ ကလေးတွေ စိတ်ကူးယဉ်ပြီး ကစားနိုင်စွမ်းကို မြင်တွေ့ရပါလိမ့်မယ်။ ရောင်စုံပစ္စည်းတွေနဲ့ကစားတာထက် ကလေးစိတ်ကူးနဲ့ ကစားတာ ပိုထိရောက်ပါတယ်။ ကလေးကတစ်ခုခုကိုသင်ယူနေချိန်/ တစ်ခုခုကို စိတ်ဝင်စားနေချိန်မှာ အနှောင့်အယှက်ပေးတာ အမြန်သိမ်းခိုင်းတာတွေ မလုပ်ပါနဲ့။ ပြီးစီးအောင် လုပ်ခွင့်၊ သင်ယူခွင့်ပြုပါ။
၂. ကလေးတွေအတွက်အချိန်ကိုရင်းနှီးမြုပ်နှံပါ။
မိဘချီပိုးနိုင်တဲ့အရွယ်ဟာတိုတိုလေးပါ။ ဖခင်တွေ အလုပ်ကပြန်လာရင် ကလေးနဲ့ ကစားပေးတာ၊ အနီးအနား ပတ်၀န်းကျင်ကို လမ်းလျှောက်ထွက်ပြီး လူအများနဲ့ထိတွေ့ ပြောဆိုနှုတ်ဆက်တာ၊ အိမ်ပတ်၀န်းကျင်က အကောင်လေးတွေကို အော်သံတွေနဲ့ မိတ်ဆက်ပေးတာတွေ လုပ်ပေးနိုင်ပါတယ်။ ကလေးတစ်ဦးချင်းစီကို သီးသန့်အချိန်ပေးပါ။
၃. ကလေးတစ်ဦးချင်းစီကို နည်းလမ်းပေါင်းစုံနဲ့ပြောဆိုဆက်သွယ်ပါ။ ငိုနေရင်းက မျက်နှာအမူအရာ၊ ကိုယ်နေဟန်ထား အမျိုးမျိုး စကားသံအမျိုးမျိုး ပြောကြည့်ပါ။ သူတို့ စကားအများကြီးမပြောတတ်သေးပေမယ့်လည်း ပြန်လည် တုံ့ပြန်နိုင်စွမ်း ရှိကြပါတယ်။ လူသေးသေး လေးတွေကို လျှော့မတွက်ပါနဲ့။
၄. သင့်ရဲ့အချိန်နဲ့အင်အားတွေကို ကလေးဘက်စုံဖွံ့ဖြိုးမှုအတွက်ရင်းနှီးမြုပ်နှံပါ။ အသိဉာဏ်ဖွံ့ဖြိုးဖို့တစ်ခုတည်းအတွက်မဟုတ်ဘဲ ဖွံဖြိုးမှုနယ်ပယ် ငါးရပ်လုံး ဖွံဖြိုးအောင် ကူညီပံ့ပိုးပေးပါ။
၅. ကလေးတိုင်းကို လူသားတစ်ဦးအဖြစ်လေးလေးစားစားဆက်ဆံပါ။ သူတို့ဟာ ချစ်စရာအရုပ်ကလေးတွေ မဟုတ်သလို ကစားစရာ၊ စနောက်စရာကလေးတွေလည်း မဟုတ်ပါ
၆. ကလေးတွေနဲ့ပတ်သက်လို့ မိမိရဲ့ခံစားချက်ကို ရိုးသားပါ၊ ဟန်ဆောင်စရာမလို အစစ်အမှန်သာပေးပါ။
၇. ကိုယ်တိုင်စံနမူနာကောင်းအဖြစ်အသက်ရှင်ပါ။
၈. အခက်အခဲတွေကိုသင်ယူစရာအခွင့်အလမ်းတွေလို့မြင်စေပါ။ ကလေးကိုယ်တိုင်ဖြေရှင်းခွင့်ပေးပါ။ အခက်အခဲကနေ ကယ်ထုတ်တာ၊ အခက်အခဲမရှိတဲ့ ပတ်၀န်းကျင်ဖန်တီးပေးတာမျိုး မလုပ်ပါနဲ့။ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ စဉ်းစားခိုင်းပြီး သူတို့ကိုယ်တိုင်ဖြေရှင်းခွင့်ပြုပါ။
၉. ကလေးအတွက်ယုံကြည်စိတ်ချနိုင်တဲ့သူ၊ စိတ်လုံခြုံမှုပေးနိုင်သူတစ်ယောက်အဖြစ် ရပ်တည်ပေးပါ။ ကတိတည်ပါ။ တစ်သတ်မှတ်တည်း စည်းကမ်းချမှတ် လိုက်နာစေပါ။ ကိုယ်တိုင်လည်း ချမှတ်ထားတဲ့စည်းကမ်းကို လိုက်နာပါ။
၁၀ ဖွံဖြိုးမှုမိုင်တိုင်များအတိုင်း ဖွံ့ဖြိုးမှုအဆင့်တစ်ခုချင်းစီမှာ အရည်အသွေးရှိရှိ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပါ။ အလျင်စလိုမလုပ်ပါနဲ့။ ပံ့ပိုး ကူညီသူကောင်းအဖြစ် နောက်တစ်ဆင့်ဖွံ့ဖြိုးအောင် ကူညီပေးပါ။